သိုင်းအဆင့် ၄ ပိကူးအဆင့်တွင် လူ၏ကြွက်သား၊ အရိုး နှင့် အရေပြားသည် ပြောင်းလဲတိုးတက်လာပြီး ခွန်အားအဆမတန် တိုးတက်လာသည်။ ထို့ကြောင့် ပိကူးအဆင့်နှင့် အဆင့် ၃ ကျန်းချီအဆင့်တို့ကြား မိုးနှင့်မြေလောက် ကွာခြားပေသည်။ သို့သော် သိုင်းအဆင့် ၃ ကျန်းချီအဆင့်သာ ရှိသေးသော ကျန်းရွှမ်သည် ပိကူးအဆင့်မှ လီယွမ်ကို ပါးတချက်ရိုက်လိုက်ရုံမျှနှင့် သွေးအန်သွားစေလေရာ လူတိုင်းက မယုံကြည်နိုင်ဖြစ်သွားလေသည်။ ထို့ပြင် ပြီးခဲ့သည့်နှစ်ကုန် ဆရာအကဲဖြတ်စာမေးပွဲအတွင်းမှ သိုင်းပြိုင်ပွဲတွင် ကျန်းရွှမ်မှာ နောက်ဆုံးအဆင့်သာ ရရှိခဲ့လေရာ အချိန်တိုအတွင်း မည်သို့မည်ပုံ အင်အားတိုးလာလေသနည်း။
"ဒီကောင် ကံကောင်းသွားတာပဲ ဖြစ်ရမယ်။ ကြောက်မနေကြနဲ့"
ချန်ပြောင်း ဒေါသတကြီး အော်လိုက်သည်။ အခြားဆရာတယောက်က ချန်ပြောင်း ပြောသည်ကို သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး ကျန်းရွှမ်ထံသို့ ပြေးဝင်သွားသည်။ လီယွမ်ကဲ့သို့ပင် သူသည်လည်း သိုင်းအဆင့် ၄ အထက်အဆင့်သို့ရောက်ရှိနေပြီးသူ တယောက်ဖြစ်လေသည်။ သူ၏ ကြွက်သားများ အကြောအရွတ်များ အရိုးများသည် သံကဲ့သို့ပင် မာကြောနေပြီး ဖျက်ဆီးမရနိုင်ဟု ထင်ရသည်။
"မင်းတော့ သေပြီသာမှတ်လိုက်တော့"
ထိုဆရာသည် ကျန်းရွှမ်ကို မျက်မှောင်ကြုပ်ကြည့်လိုက်ရင်း ကြုံးဝါးလိုက်သည်။ ထို့နောက် ကျန်းရွှမ်ကို လက်ဝါးနှင့် ရိုက်ရန် လက်တဖက်ကို မြှောက်လိုက်သည်။ ကျန်းရွှမ် အနားရှိ လေထုတခုလုံး ဖိအားများနှင့် ပြည့်နှက်သွားသည်။ ထိုမျှ ပြင်းထန်သော လက်ဝါးနှင့် ရင်ဆိုင်လိုက်ရသော်လည်း ကျန်းရွှမ် ပြာယာခတ်သွားခြင်း မရှိပဲ လက်ညှိုးနှင့်လက်ခလယ် နှစ်ချောင်းကို အသာအယာ တွန်းထုတ်လိုက်သည်။ သံမဏိလူသားတယောက်လို မာကြောသည်ဟု ယူဆထားရသော ထိုဆရာသည် သူ၏ ပခုံးအနီးအနားမှ နာကြင်မှုကို ခံစားလိုက်ရပြီး အမြင်အာရုံများ မည်းမှောင်သွားကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။
"ဘယ်လိုဖြစ်သွားတာလဲဟ? "
သိုင်းကွက်နှစ်ကွက် ထုတ်သုံးလိုက်ရုံနှင့် အဆင့် ၄ သိုင်းဆရာနှစ်ယောက် ရှုံးနိမ့်သွားခဲ့လေပြီ။ ချန်ပြောင်းနှင့် ကျန်နေသော နောက်ဆရာတယောက်တို့သည် သူတို့အမြဲအထင်သေးခဲ့သော ကျန်းရွှမ်သည် သူတို့ထင်ထားသလောက် မရိုးရှင်းမှန်း နားလည်လိုက်ကြသည်။
"တပြိုင်တည်း ဝင်တိုက်မယ်! "
ချန်ပြောင်း ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး ကျန်းရွှမ်ကို တိုက်ခိုက်ရန် ပြေးဝင်လိုက်သည်။ သို့သော် သူဘာမှမလုပ်နိုင်သေးခင်မှာပင် ကျန်းရွှမ်က သူ့အနား ရုတ်တရက် ရောက်ရှိလာသည်။ ကျန်းရွှမ်၏ ဘယ်လက်က ချန်ပြောင်းမျက်နှာကို ဆုပ်ကိုင်လိုက်ပြီး ညာဘက်လက်ဖြင့် ချန်ပြောင်းကို အသာလေး တို့ထိလိုက်သည်။
ဒုန်း
ချန်ပြောင်း ဗိုက်မှ နာကျင်မှုကို ပြင်းထန်စွာ ခံစားလိုက်ရပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။ သူကြမ်းပြင်ပေါ်သို့ လဲကျသွားနေစဉ်မှာပင် ကျန်ရှိနေသေးသော ဆရာသည်လည်း ကြမ်းပြင်ပေါ်သို့ လဲကျလာပြီး ဝက်ရူးပြန်ရောဂါသည် တယောက်လို ပါးစပ်မှ အမြှုပ်တစီစီနှင့် တက်နေတော့သည်။
"မင်း.. ငါတို့ရဲ့ မင်းမန် ရှိနေတဲ့နေရာတွေကို ဘယ်လိုလုပ်ပြီး သိနေရတာလဲ? "
ချန်ပြောင်း သွေးအန်ရင်း သူ့ရှေ့တွင် ရပ်နေသော ကျန်းရွှမ်ကို မေးလိုက်သည်။ ကျန်းရွှမ်နှင့် သူတို့ သိုင်းအဆင့် ကွာခြားသော်လည်း ဘာကြောင့် ကျန်းရွှမ်က အလွယ်အကူ အနိုင်ယူလိုက်နိုင်သည်ကို ချန်ပြောင်း သဘောပေါက်သွားသည်။ ကျန်းရွှမ်သည် သူတို့၏ စွမ်းအင်ကျင့်စဉ်များမှ မင်းမန် နေရာများကို သိနေသောကြောင့် တိုက်ခိုက်လိုက်ရာ သူတို့အနေနှင့် မျှော်လင့်မထားမိသောကြောင့် ကာကွယ်နိုင်စွမ်း မရှိလိုက်ပေ။ သို့သော်လည်း မင်းမန် သည် ခန္ဓာကိုယ်၏ ဗဟိုချက်ဖြစ်ပြီး စွမ်းအင်ကျင့်သူတိုင်းသည် ဂရုတစိုက်ကာကွယ်လေ့ရှိကြလေသည်။ သူတို့၏ အရင်းနှီးဆုံး မိသားစုဝင်များပင် မင်းမန် တည်နေရာကို သိလေ့မရှိချေ။ ကျန်းရွှမ်သည် သိုင်းအဆင့် မြင့်ခြင်းမရှိသေးသော်လည်း သူတို့ မင်းမန် တည်နေရာများကို သိနေလေရာ သူတို့ ရှုံးလိုက်သည်မှာ မဆန်းချေ။
ချန်ပြောင်း၏ အံသြတကြီး မေးလိုက်သည်ကို ကြားလိုက်သော်လည်း ကျန်းရွှမ်က အဖြေပေးခြင်းမရှိပဲ ပြုံးနေသည်။ ကျန်းရွှမ်အနိုင်ရလိုက်သည်မှာ ကောင်းကင်ဘုံစာကြည့်တိုက်၏ အစွမ်းကြောင့်ပင် ဖြစ်လေသည်။ ကောင်းကင်ဘုံစာကြည့်တိုက်သည် သူများ၏ စွမ်းအင်ကျင့်စဉ်များထဲမှ အားနည်းချက်များကို ဖော်ပြပေးရုံသာမကပဲ ထိုသူများ၏ ကိုယ်ရေးကိုယ်တာ ပြဿနာများ၊ မင်းမန် တည်နေရာများကိုပါ ဖော်ပြပေးနိုင်သည်။ စာအုပ်ထဲတွင် ရေးထားသည်မှာ အသေးစိတ်ကျလှပြီး ရှင်းလင်းလှသည်။ သူ့ပြိုင်ဘက်များ၏ မင်းမန် တည်နေရာများ၊ သိုင်းကွက်များ၏ အားနည်းချက်များကို သိပြီးနောက်မှတော့ ကျန်းရွှမ်လို အတိတ်သို့ရောက်လာပြီး သိုင်းကွက်များနှင့် မရင်းနှီးသေးသူပင် အနိုင်ရဖို့ မခက်လှပေ။
"ခင်ဗျားတို့က လောင်းတုန်းကလောင်းခဲ့ပြီးမှတော့ အရှုံးကိုလက်ခံမှပေါ့။ ခင်ဗျားတို့သာ လိမ်လိမ်မာမာနဲ့ ပါးရိုက်ခံရင် ဒီလောက်ဒုက္ခများပြီး အလုပ်ရှုပ်မှာ မဟုတ်ဘူး"
ကျန်းရွှမ် ရယ်ရင်း ပြောလိုက်သည်။
"ကျန်းရွှမ် မင်းက ဘာများဝမ်းသာပြနေတာလဲ။ မင်းဘယ်လို အောက်တန်းကျတဲ့နည်းသုံးပြီး ငါတို့ရဲ့ မင်းမန် တွေကို သိနေလဲတော့ မသိဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် မင်းက ကျောင်းမှာ အဆင့်အနိမ့်ဆုံး ဆရာပဲ။ မင်းလိုဆရာက လူရှေ့သူရှေ့မှာ ငါတို့တွေကို ဒဏ်ရာရအောင် လုပ်လိုက်တယ်ဆိုတာ ငါက ကျောင်းကို ပြန်တိုင်လိုက်ရင် မင်းဆရာဆက်လုပ်လို့ရမယ်လို့များ ထင်နေလား? "
ချန်ပြောင်း ဒေါသတကြီးဖြင့် အော်လိုက်သည်။
ကျောင်းတွင် ဆရာများကို အဆင့်အတန်း တိကျစွာ ခွဲထားပေးသည်။ အဆင့်နိမ့်ဆရာတယောက်က အဆင့်မြင့်ဆရာကို တိုက်ခိုက်ခြင်းသည် ခွင့်လွှတ်မရနိုင်သော အပြစ်ဖြစ်လေသည်။ကျန်းရွှမ်သည် ငယ်ရွယ်သေးပြီး ဆရာအကဲဖြတ်စာမေးပွဲတွင် သုညသာ ရရှိထားသော ဆရာဖြစ်လေရာ ကျောင်းတွင် အဆင့်အနိမ့်ဆုံး ဆရာဖြစ်လေသည်။ သူ့အနေနှင့် သူ့ထက်အဆင့်မြင့်သော ဆရာလေးယောက်ကို ဒဏ်ရာရရှိအောင် တိုက်ခိုက်လိုက်ရာ ကျောင်းမှသိလျှင် အုတ်အော်သောင်းနင်း ဖြစ်သွားပေလိမ့်မည်။ ထိုအခါ ကျန်းရွှမ်အနေဖြင့် စာသင်ကြားခွင့် ရုတ်သိမ်းခံရခြင်းသာမကပဲ ကျောင်းမှ ထုတ်ပယ်ခြင်းပင် ခံရနိုင်သေးသည်။
"ဘာလဲ? ခင်ဗျားတို့က ကျုပ်ကို နိုင်အောင် မတိုက်နိုင်တော့ စည်းမျဉ်းတွေနဲ့ ကိုင်ပေါက်ချင်တာလား။"
ချန်ပြောင်းတို့၏ ခြိမ်းခြောက်စကားကို ကြားလိုက်သော်လည်း ကျန်းရွှမ် ဂရုစိုက်ပုံ မရပေ။
"ဒါပေါ့"
လီယွမ် သည်လည်း ချန်ပြောင်းကဲ့သို့ တွေးမိနေသည်။ စိတ်လှုပ်ရှားခြင်းများနှင့် သူ့မျက်လုံးများ အရောင်လက်နေကြသည်။
"မင်းသာ လိမ်လိမ်မာမာနဲ့ ငါတို့ကို ဒူးထောက်တောင်းပန်ပြီး အရိုက်ခံမယ်ဆိုရင် ငါတို့စိတ်ကြည်လာပြီး အခုဖြစ်ထားတာတွေကို မေ့ပေးလိုက်မယ်။ မဟုတ်လို့ကတော့ မင်း ကျောင်းထုတ်ခံရဖို့သာ ပြင်ထားလိုက်"
"ကျောင်းထုတ်ခံရပြီး ဆရာဆိုတဲ့ နာမည်သာ မင်းမှာ မကျန်တော့ရင် မင်းသေသွားရင်တောင် ဘယ်သူမှ မင်းဘက်က ပြောပေးကြမှာ မဟုတ်တော့ဘူး"
နောက်ဆရာတယောက်က ငေါက်လိုက်သည်။
ထျန်းရွှမ်နိုင်ငံတွင် ကျောင်းဆရာများသည် လူမှုအသိုင်းအဝိုင်းတွင် အထက်တန်းအဆင့်မှာ ရှိသည်။ ကျောင်းဆရာရာထူးသာ မရှိတော့လျှင် ထိုသူ၏ လူမှုအဆင့်အတန်းလည်း ကျသွားမည်ဖြစ်လေသည်။ ထိုအချိန်တွင် တယောက်ယောက်က လာသတ်သွားလျှင်လည်း မည်သူမျှ ဂရုစိုက်လိမ့်မည် မဟုတ်ချေ။
"ခင်ဗျားတို့က စည်းမျဉ်းတွေနဲ့မှ ဆော့ချင်တယ်ဆိုတော့လည်း ကျုပ်က စည်းမျဉ်းအတိုင်းလိုက်ဆော့ပေးရမှာပေါ့"
ကျန်းရွှမ်က ပြောလိုက်သည်။ ထို့နောက် သူက ချန်ပြောင်းရှိရာထံ သွားလိုက်ပြီး တည်ငြိမ်စွာ ကြည့်လိုက်ကာ
"ချန်ဆရာ။ ခင်ဗျားက ဆရာကြီး ချန်းမင်ရဲ့ ရတနာတွေကို ခင်ဗျားရဲ့ မယားငယ် စိတ်ကျေနပ်အောင် သုံးလိုက်တယ်။ လွန်ခဲ့တဲ့ သုံးလကလည်း ကျောင်းရံပုံငွေတွေကို သုံးပြီး ခင်ဗျားမယားငယ်အတွက် အိမ်ဝယ်ပေးသေးတယ်။ ပီးခဲ့တဲ့လမှာ ဆရာကြီးလျှိုချွမ်းရဲ့ အကြိုက်ဆုံး ကြွေအိုး ခင်ဗျားကြောင့် ကွဲသွားတယ်။ ဒါပေမယ့် ခင်ဗျားက ကျောင်းသားတယောက်ကို အပြစ်လွှဲချလိုက်ပြီး အဲ့ဒါကြောင့်ပဲ အဲ့ကျောင်းသား ကျောင်းကထွက်သွားရတယ်။ ဘယ်လိုလဲ? အဲ့အကြောင်းတွေကို ကျောင်းကဆရာကြီးတွေရှေ့မှာ သွားပြောပေးရမလား? "
"မင်း.. မင်း.. "
ချန်ပြောင်း မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ၏ဆူဖြိုးလှသော ခန္ဓာကိုယ်ကြီးမှာ ထိန်းမနိုင်သိမ်းမရ တုန်လှုပ်နေတော့သည်။ သူ၏ တကိုယ်လုံးမှာလဲ ကြောက်လန့်ခြင်းများနှင့် ပြည့်နှက်သွားသည်။ သူ့ကြည့်ရသည်မှာ ကြောက်စရာကောင်းလှသော သရဲတကောင်ကို တွေ့လိုက်ရသလိုပင်။ ချန်ပြောင်းသည် ထိုကိစ္စများကို မည်သူမျှ မသိနိုင်အောင် ပိပိရိရိ လုပ်ထားခဲ့ခြင်းဖြစ်ပြီး သက်သေတခုတလေမှ ကျန်ခဲ့ခြင်း မရှိချေ။ သူ့သူငယ်ချင်းများ ဖြစ်ကြသည့် လီယွမ်နှင့် ကျန်ဆရာများလည်း မသိကြချေ။ သို့သော် ကျန်းရွှမ်က အသေးစိတ်ပင် သိနေလေသည်။
"ဆရာလီယွမ် လွန်ခဲ့တဲ့သုံးနှစ်တုံးက ခင်ဗျား စော်ကားလိုက်လို့ ကိုယ့်ကိုကိုယ် သတ်သေသွားတဲ့ ကျောင်းသူလေး သရဲအဖြစ်နဲ့ ခင်ဗျားကို လာခြောက်မနေဘူးလား? ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ခင်ဗျားနောက်ကျောမှာ ဝက်ခြံကြီးတလုံး ပေါက်လာတယ်မလား? အဲ့ဒါ သရဲမက ခင်ဗျားကို ပြန်လာပြီး လက်စားချေတာရဲ့ သက်သေပဲ"
ချန်ပြောင်းကြောက်လန့်တကြားဖြစ်နေသည်ကို ဂရုမစိုက်ပဲ ကျန်းရွှမ်က လီယွမ်ဘက်လှည့်ကာ ပြောလိုက်သည်။
"အာ.. "
လီယွမ် ကြောက်လန့်တကြားဖြစ်သွားကာ နောက်သို့ ခုန်ဆုတ်လိုက်သည်။ သူ့မျက်နှာတခုလုံး ဖြူဖြော့သွားလိုက်သည်မှာ သွေးရောင်ပင် မကျန်တော့ချေ။
လွန်ခဲ့သော သုံးနှစ်က လီယွမ် လှပသော ကျောင်းသူတယောက်ကို သဘောကျမိပြီး စော်ကားလိုက်ရာ ထိုကျောင်းသူ အရှက်ရပြီး ကိုယ့်ကိုကိုယ် သတ်သေသွားလေသည်။ ထိုအဖြစ်အပျက်မှာ လျှို့ဝှက်စွာဖြစ်ခဲ့ခြင်းဖြစ်ပြီး လီယွမ်မှ လွဲပြီး မည်သူမျှ မသိကြချေ။ ပြီးခဲ့သော သုံးနှစ်လုံး လီယွမ် နောင်တကြီးစွာ ရနေခဲ့ပြီး ညစဉ်ညတိုင်း ထိုကျောင်းသူလေး သရဲဖြစ်သွားကာ သူ့အသက်ကိုနှုတ်ယူပြီး လက်စားချေရန် ပြန်လာသည်ဟု အိပ်မက်မက်လေ့ရှိသည်။ ထို့ပြင် လွန်ခဲ့သော ဆယ့်ငါးရက်ခန့်က သူ့ကျောပြင်တွင် ကြီးမားလှသော လက်ဝါးပုံစံ ဝက်ခြံကြီးတလုံး ပေါက်လာသောကြောင့် လီယွမ် သေလုမတတ် ကြောက်လန့်နေရသည်။ ယခု ကျန်းရွှမ်ထံမှ အသေးစိတ်ပြောလိုက်သော စကားများကို ကြားအပြီးတွင်တော့ သူသည်လည်း ချန်ပြောင်းကဲ့သို့ပင် ကြောက်လန့်တကြီး တုန်လှုန်နေလေတော့သည်။
ဒုန်း...
လီယွမ် မတ်တတ်ဆက်ရပ်နေရန် အားမရှိတော့ပဲ ကြမ်းပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။ ဆိုးရွားလှသော အနံ့တခုကလည်း အခန်းထဲ ပြန့်နှံ့သွားသည်။ သိုင်းအဆင့် ၄ အထက်အဆင့်ရှိနေသော ပညာရှင်တယောက်က လူရှေ့သူရှေ့ သေးထွက်ကျသည့်အထိ ကြောက်လန့်လိမ့်မည်ဟု မည်သူထင်မှတ်ထားလိမ့်မည်နည်း။
"ဆရာတုချွန်း ခင်ဗျားက ခင်ဗျားအကိုကို အဆိပ်ခတ်သတ်လိုက်ပြီး သူ့ရဲ့ စည်းစိမ်တွေကို အပိုင်စီးခဲ့တယ်။ ဒီအဖြစ်အပျက်ကို အဲ့တုန်းက ဘယ်သူမှ မသိခဲ့ပေမယ့် ခုနေများ အဲ့သတင်း ပြန့်သွားရင် ခင်ဗျား ဆရာဆက်လုပ်လို့ ရလိမ့်မယ် ထင်လား? "
"ဆရာပိုင်လင်း ခင်ဗျားကတော့ သိပ်ပြီး ကြီးကြီးမားမား အပြစ်မရှိလှဘူး။ ဒါပေမယ့် ခင်ဗျားက ရှေးဟောင်းပစ္စည်းတွေ စိတ်ဝင်စားတယ်။ အဲ့တော့ ကျောင်းသားတွေဆီကနေ ရှေးဟောင်းပစ္စည်းတွေ လာဘ်ယူတယ်။ ကျုပ်ထင်တာ မမှားဘူးဆိုရင် ခင်ဗျားဝတ်ထားတဲ့ ရှေးဟောင်းကျောက်စိမ်းလက်စွပ်က ကျောင်းသားတယောက်ဆီကနေ သူ့တောင်းဆိုမှုကို လိုက်လျောပေးထားလို့ ရထားတာမလား။ ဘယ်ကျောင်းသားလဲ ဘာတောင်းဆိုတာလဲဆိုတာ အသေးစိတ် ဆက်ပြောဖို့လိုသေးလား? "
ကျန်းရွှမ် ကျန်နေသေးသော ဆရာနှစ်ယောက်ကို ပြောလိုက်သည်။
"မင်း.. မင်းက မကောင်းဆိုးဝါးပဲ"
"မင်း လူမဟုတ်ဘူး"
ကျန်နေသော ဆရာနှစ်ယောက်သည်လည်း ကျန်းရွှမ် စကားများကြောင့် ကြောက်လန့်တကြီး ဖြစ်သွားကြလေသည်။ သူတို့ ကျန်းရွှမ်ကို ကြောက်လန့်စွာ ကြည့်နေကြသည်။ သူတို့လုပ်ခဲ့သော ကိစ္စများသည် လုံခြုံလှသည်မဟုတ်သော်လည်း အပြင်လူ သိစရာအကြောင်းမရှိဟု သူတို့ထင်ထားခဲ့လေသည်။ သို့သော်လည်း ဒီကောင်လေးကတော့ သူကိုယ်တိုင် လိုက်ကြည့်ထားသလိုပင် အသေးစိတ်သိနေတော့သည်။ ကျန်းရွှမ် သူတို့ကို သိုင်းပညာဖြင့် အနိုင်ယူခဲ့စဉ်က သူတို့အနည်းငယ် ရှက်ရွံ့မိသော်လည်း ကြောက်လန့်မိခြင်းမရှိပေ။ သို့သော် သူတို့လျှို့ဝှက်ထားသော ကိစ္စများကို ထုတ်ပြောလိုက်သည့်အခါတွင်တော့ သူတို့အားလုံး ကြောက်လန့်တကြီး ဖြစ်သွားရတော့သည်။ သူတို့တကိုယ်လုံးရှိ အဝတ်အစားများ ရုတ်တရက်ပျောက်သွားကာ လူရှေ့သူရှေ့ မတ်တပ်ရပ်နေမိသလိုမျိုး ခံစားနေကြရသည်။ ထိုသတင်းများသာ ပြန့်နှံ့သွားပါလျှင် ဆရာအဖြစ် ဆက်လက်မရပ်တည်နိုင်သည်က အရေးမကြီးလှပေ။ သူတို့အနေဖြင့် ဆရာများခုံရုံးသို့ပင် အပို့ခံရပြီး သေဒဏ်အပေးခံရကာ နေရာတွင်ပင် အသတ်ခံရနိုင်လေသည်။
"ငါတို့မှားသွားပါတယ်"
"ဆရာကျန်း၊ ဆရာကျန်းက သဘောထားကြီးသူပီပီ ကျုပ်တို့ကို အငြှိုးမထားပဲ ခွင့်လွှတ်ပေးပါ"
......
တုန်လှုပ်နေကြသော ချန်ပြောင်းနှင့် ဆရာတသိုက်သည် ကျန်းရွှမ်ကို ဝိုင်ဝန်းတောင်းပန်နေကြတော့သည်။
"ခင်ဗျားတို့ အတိတ်က လုပ်ခဲ့တာတွေ ကျုပ်က စိတ်မဝင်စားပါဘူး။ ခင်ဗျားတို့ကသာ ကျုပ်ဒေါသထွက်အောင် နောက်ထပ်မလုပ်နဲ့။ ဒါပေမယ့် ခင်ဗျားတို့ကသာ အချိုးမပြင်ပဲ အဲ့ဒီလို မဟုတ်တာမကောင်းတာ ထပ်လုပ်မယ်ဆိုရင်တော့ ကျုပ်ဝင်ပါရလိမ့်မယ်။ အဲ့ကျရင် ခင်ဗျားတို့နဲ့ ထိုက်တန်တဲ့ အပြစ်ခံရလိမ့်မယ်လို့ ကျူပ်သတိပေးလိုက်မယ်"
ကျန်းရွှမ် လက်ကို ဟန်ပါပါ ဝှေ့ယမ်းကာ ပြောလိုက်သည်။
ထိုသူများကသာ ကျန်းရွှမ်ကို ဒေါသထွက်အောင် လာမစလျှင် ကျန်းရွှမ်အနေဖြင့် သူတို့ ဘာလုပ်နေနေ ဂရုစိုက်စရာ အကြောင်းမရှိပေ။ ကောင်းကင်ဘုံစာကြည့်တိုက်သည် လူများ၏ အားနည်းချက်များအမှားများကို ဖော်ပြပေးနိုင်သည်။ ထို့ပြင် သူတို့ စိတ်နေစိတ်ထား၊ အတိတ်မှလုပ်ဆောင်ခဲ့မှုများသည်လည်း ပါရှိလေသည်။ သူထုတ်ပြောခဲ့သည်မှာ စာအုပ်ထဲမှ အကြောင်းအရာအနည်းငယ်မျှသာ ဖြစ်လေသည်။ကျန်းရွှမ်သည် လောကကြီးကို ကယ်တင်ရန် ရည်ရွယ်ထားသူ မဟုတ်ချေ။ ထို့ကြောင့် ချန်ပြောင်းတို့တသိုက် လုပ်ခဲ့သော အတိတ်က ကိစ္စများသည် သူနှင့်မဆိုင်ချေ။ ထိုသူများကသာ လာမနှောင့်ယှက်လျှင် သူကလည်း ထိုကိစ္စများကို ထုတ်ပြောလိမ့်မည် မဟုတ်ပါ။ နောက်နောင် ချန်ပြောင်းတို့ကသာ သူနှင့် ကင်းကင်းနေပြီး သူ့ကို မနှောင့်ယှက်လျှင် သူကလဲ မသိချင်ယောင်ဆောင်နေပေးလိမ့်မည် ဖြစ်သည်။ အကယ်လို့ သူတို့ကသာ ကျန်းရွှမ်အား နောက်နောင်တွင် ထပ်မံနှောင့်ယှက်ရဲသေးလျှင် ထိုသူတို့အတွက် အခွင့်အရေး ထပ်မံရလိမ့်မည်မဟုတ်ပဲ သေလမ်းသာ ကျန်ပေလိမ့်မည်။
"ဆရာကျန်း ကျုပ်တို့ နောက်ကို အဲ့လိုကိစ္စတွေ မလုပ်တော့ပါဘူး။ ကျုပ်တို့အသက်နဲ့ရင်းပီး အာမခံပါ့မယ်"
"ဆရာကျန်း ဒီမှာ ဆရာကျန်း လာထုတ်တဲ့ ကျောက်စိမ်းပြားတွေ။ ဆရာလိုသလောက် ယူသွားပါ။"
........
ကျန်းရွှမ်က ထိုသတင်းများကို ဖြန့်ဖို့ စိတ်ကူးမရှိကြောင်း သိလိုက်ရသော ချန်ပြောင်းတို့သည် စိတ်အေးသွားပြီး ကျန်းရွှမ်ကို အလုအယက် ဖားကုန်ကြတော့သည်။