"ကောင်းပြီလေ မင်းက တပည့်လေးယောက် လက်ခံခဲ့တယ်ဆိုရင် သူတို့ကို သွားခေါ်ခဲ့လေ။ အဲ့ဒါမှ ငါတို့ မင်းပြောတာအမှန်ဆိုတာ လက်ခံလို့ရမှာပေါ့။ ဒါမှမဟုတ်လဲ အခုပဲ ပါးရိုက်တာ ခံတော့မလား? "
ချန်ပြောင်းက အေးစက်စွာပြုံးရင်း ပြောလိုက်သည်။ သုညဆရာက လာကြွားနေသည်ကို သူတို့ မည်သို့သည်းခံနိုင်ပါလိမ့်မည်နည်း။
"ကျောင်းသားတွေကို ဒီခေါ်လာရမယ်? "
ကျန်းရွှမ် ခေါင်းယမ်းလိုက်သည်။
"ခင်ဗျားတို့က ထောက်ပံ့ရေးဌာနက ဆရာတွေဖြစ်နေပြီး ဒီကိစ္စကို လွယ်လွယ်လေးနဲ့ သိနိုင်တဲ့နည်းလမ်းကို မသိကြဘူးလား။ ကျုပ် ကျောင်းသားလေးယောက် လက်ခံလား လက်မခံဘူးလားဆိုတာ သိချင်ရင် လွယ်လွယ်လေးရယ်။ ကျောင်းသားတွေက ကျုပ်ဆီက ကျောက်စိမ်းပြားတွေ လက်ခံပြီး သွေးစက်ချလိုက်တာနဲ့ သင်ကြားရေးဌာနမှာ သူတို့အချက်အလက်တွေ ရောက်နေပြီးသားပဲ မဟုတ်လား။ သင်ကြားရေးဌာနကတော့ ကျုပ်နဲ့ပေါင်းပြီး ခင်ဗျားတို့ကို လိမ်မှာမဟုတ်ပါဘူး"
ကျောင်းသားများက ဆရာဖြစ်သူထံမှ ကျောက်စိမ်းပြားကို လက်ခံကာ ဆရာတပည့်အဖြစ် အသိအမှတ်ပြုလိုက်သည်နှင့် တပြိုင်နက် သင်ကြားရေးဌာနတွင် ကျောင်းသားများ၏ ကိုယ်ရေးအချက်အလက်များသည် အလိုအလျောက် ရောက်ရှိပြီးသားဖြစ်လေသည်။ မည်သူကမျှ အတုအယောင် လုပ်လို့မရပေ။
"လီယွမ် မင်းသွားကြည့်လိုက်။ အဖြေသိပြီးရင် ဒီကောင် ဆက်ပြုံးနေနိုင်မလားလို့ ငါစောင့်ကြည့်နေမယ်"
ကျန်းရွှမ်၏ ယုံကြည်မှုပြည့်ဝသော စကားများကို ကြားပြီးသောအခါ ချန်ပြောင်း အနည်းငယ် ထိတ်လန့်သွားပြီး လီယွမ်ကို သွားကြည့်ခိုင်းလိုက်သည်။ လီယွမ်သည် ခုနက ကျန်းရွှမ်ကို လှောင်ပြောင်နေသော ဆရာသုံးယောက်ထဲမှ တယောက်ဖြစ်သည်။ လီယွမ်က ချန်ပြောင်း၏ စကားကို ကြားပြီးသည်နှင့် ထောက်ပံရေးဌာနထဲမှ လျှင်မြန်စွာ ထွက်သွားတော့သည်။ သင်ကြားရေးဌာနနှင့် ထောက်ပံ့ရေးဌာန နှစ်ခုမှာ အုပ်ချုပ်မှုဌာန လက်အောက်တွင်ရှိကြလေရာ သိပ်မဝေးလှချေ။ သိပ်မကြာခင်မှာပင် လီယွမ် မည်းမှောင်နေသော မျက်နှာကြီးနှင့် ပြန်ရောက်လာလေသည်။
"ဘယ်လိုလဲ လီယွမ်"
လီယွမ် မျက်နှာကို မြင်လိုက်သော ချန်ပြောင်း ရင်တုန်သွားပြီး မကောင်းတာ တခုခုတော့ ဖြစ်တော့မည်ဟု ထင်လိုက်သည်။
"အဲ့ကောင်ကို ဆရာတင်လိုက်တဲ့ ကျောင်းသားလေးယောက်ရှိတယ်။ ရော့ ဒီမှာ အဲ့ကျောင်းသားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ"
လီယွမ်မျက်နှာမှာ သွေးရောင်ပင် မရှိတော့ချေ။ သူ့ကြည့်ရသည်မှာ မယုံနိုင်စရာကောင်းသော အရာကို တွေ့ခဲ့ရသည်နှင့်မခြားလှ။
အဲ့ကျောင်းသားလေးယောက်က မျက်လုံးကန်းနေကြတာလားဟ။ ဒီကျောင်းမှာ ဆရာတွေ ဒီလောက်ပေါနေတာ ဒီလိုသုညဆရာကိုမှ ရှာပြီး ဆရာတင်ကြရလား
"ပေးစမ်း ငါကြည့်လိုက်ဦးမယ်။ အဲ့ကောင်ကျန်းရွှမ် တွေ့သမျှ အကျိုးအကန်းတွေကိုများ တပည့်အဖြစ် လက်ခံထားလိုက်တာလား? အဲ့လိုကျောင်းသားတွေဆိုရင်တော့ အဲ့ကျောင်းသားတွေ ကျောင်းထုတ်ခံရဖို့ ဘယ်လောက်မှ ကြာမှာမဟုတ်ဘူး"
ချန်ပြောင်းက လီယွမ် လှမ်းပေးသော စာရွက်ကို လှမ်းယူလိုက်သည်။ အခြားဆရာနှစ်ယောက်လဲ ချန်ပြောင်းနားသို့ရောက်လာကြသည်။
အချို့ဆရာများသည် ကျောင်းသားများများရှိလျှင် ပြီးရောဆိုသောသဘောနှင့် အရည်အချင်းမပြည့်မှီသော ကျောင်းသားများကို လက်ခံတတ်ကြသည်။ ထိုသို့သော ကျောင်းသားများသည် သိပ်မကြာခင်အချိန်အတွင်း ကျောင်းမှထုတ်ခံကြရလေ့ရှိသည်။ သူတို့အနေနှင့် ကျောင်းတွင် ခနတာ တက်နိုင်ကြသော်လည်း အများဆုံး လပိုင်းခန့်သာ ကျောင်းတွင် တက်နိုင်ကြသည်။ ချန်ပြောင်းအမြင်တွင် ကျန်းရွှမ်ကဲ့သို့ အောက်ဆုံးအဆင့်ဆရာတယောက်အနေနှင့် တပည့်လေးယောက် လက်ခံနိုင်လျှင်တောင် အညံ့ဆုံးသောတပည့်များ တခြားဘယ်ဆရာကမှ မလိုချင်သော တပည့်များသာ ဖြစ်လိမ့်မည်ဟု ယုံကြည်ထားသေးလေသည်။ ထိုသို့တပည့်များများရှိခြင်းသည် ဆရာတယောက်အတွက် ဂုဏ်မရှိသည့်အပြင် သိက္ခာပင် ကျသေးသည်။
"ဝမ်ယင်း.. မိန်းကလေးလား? နာမည်ကြည့်ရတာတော့ သိပ်ထူးချွန်မဲ့ ကျောင်းသူဖြစ်ပုံ မရပါဘူး။ သူ့ကြည့်ရတာ ကျောင်းဝင်ခွင့်စာမေးပွဲမှာ အောက်ဆုံးအဆင့်လောက်က အောင်လာတဲ့ပုံပဲ"
ချန်ပြောင်းက နာမည်စာရင်းကို ဖတ်နေရင်း နှာခေါင်းရှုံ့လိုက်သည်။
ဟုန်းထျင်ကျောင်းတော်တွင် တက်ခွင့်ရရန် လွယ်လှသည်မဟုတ်ပေ။ ကျောင်းသားတယောက်သည် ကျောင်းတော်ကြီးတွင် တက်ခွင့်ရရန်အတွက် ကျောင်းဝင်ခွင့် စာမေးပွဲကို အရင်ဆုံး ဖြေရသည်။ စာမေးပွဲရလဒ်များကို ကြည့်ပြီး အဆင့်သတ်မှတ်ပေးကာ ဝင်ခွင့်ဆုံးဖြတ်ခြင်းဖြစ်သည်။ ဝင်ခွင့်စာမေးပွဲတွင် ထိပ်ဆုံးမှအောင်သည့် ကျောင်းသားများသည် ကျော်ကြားသောဆရာများ၏ မျက်စိကျခြင်းကို ခံရလေ့ရှိပြီး တပည့်ဖြစ်ခွင့်များလေသည်။ ထိပ်ဆုံးကျောင်းသားများသည် ကျောင်းမတက်ခင်ကတည်းက ကျောင်းထဲတွင် လူသိများနေလေ့ရှိပြီး ထိုကျောင်းသားများ စာရင်းထဲတွင် ဝမ်ယင်းဆိုသော နာမည် မပါချေ။
"ဆရာချန် စာ ဆက်ဖက်ကြည့်လိုက်ပါဦး"
ချန်ပြောင်းစကားမဆုံးခင် သူ့ဘေးရှိ ဆရာတယောက်က တုန်လှုပ်နေသော လေသံဖြင့် ချန်ပြောင်းကို ပြောလိုက်သည်။
"ဘာလို့လဲ? သူက ငါပြောတာထက် ပိုညံ့နေလို့လား? "
ချန်ပြောင်းက အေးစက်စွာ ရယ်လိုက်ရင်း ဆက်ဖတ်လိုက်သည်။ ဝမ်ယင်းနာမည်အောက်ရှိ အသေးစိတ် အချက်အလက်များကို ဆက်ဖတ်လိုက်မိရာ ချန်ပြောင်းမျက်လုံးများ ပြူးကျယ်သွားလေသည်။
"ဝင်ခွင့်စာမေးပွဲ အဆင့် ၆၇။ ဟုန်းထျင်ကျောင်းမှ ဝါရင့်ဆရာကြီးတဦး၏ တပည့်ဖြစ်သော ဝမ်ထောင်၏ညီမ။ ထျန်းရွှမ်နိုင်ငံ၏ အဓိက မိသားစုကြီးလေးခုမှ တခုဖြစ်သော ဝမ်မျိုးနွယ်၏ သခင်မလေး"
ဝမ်ယင်းကဲ့သို့သော ကျောင်းသူမျိုးသည် ပုံမှန်အားဖြင့်ဆိုလျှင် လုရွှန်းဆရာဖြစ်ဖြစ် ဝမ်ချောင်ဆရာဖြစ်ဖြစ် တယောက်ယောက်ကို ရွေးလိမ့်မည်ဖြစ်သည်။ ဝမ်ယင်းမိသားစုနောက်ခံက ချန်ပြောင်းကို အံ့သြသွားအောင် လုပ်နိုင်သော်လည်း ချန်ပြောင်း တကယ်ထိတ်လန့်မိသည်မှာ ဝမ်ယင်းအကို ဝမ်ထောင်ကြောင့်ဖြစ်သည်။ ဝမ်ထောင်သည် ပြီးခဲ့သည့် နှစ်နှစ်ခန့်က စပြီး ဟုန်းထျင်ကျောင်းတွင် တက်နေခဲ့ခြင်းဖြစ်သည်။ ကျောင်းစတက်ခဲ့သည့် အချိန်မှစပြီး ဝမ်ထောင်သည် နှစ်ကုန်စာမေးပွဲများတွင် အမြဲအဆင့် ၁၀ အတွင်း ဝင်လေ့ရှိသည်။ ယခုနှစ်တွင်တော့ ကျောင်းမှ ဝါရင့်ဆရာကြီး တယောက်က ဝမ်ထောင်ကို သဘောကျကာ တပည့်အဖြစ်လက်ခံထားလိုက်သည်။ သူမအကိုက ထိုကဲ့သို့ ထူးချွန်လှသော ကျောင်းသားဖြစ်နေလျှင် ဝမ်ယင်းသည်လည်း ညံ့လိမ့်မည် မဟုတ်ချေ။ သြဇာကြီးသော မိသားစုနောက်ခံရှိသည့်အပြင် ဝမ်ထောင်ကဲ့သို့ ထူးချွန်သော အကိုတယောက်လဲ ရှိနေရာ ဝမ်ယင်းက အဘယ့်ကြောင့်များ သုညဆရာထံ တပည့်ခံရလေသနည်း။ ချန်ပြောင်း မိုးခြိမ်းသံများ နားထဲတွင် ကြားယောင်လိုက်ပြီး သတိလစ်လုလုဖြစ်သွားသည်။
"အောက်က ကျောင်းသားတွေကို ဆက်ဖတ်လိုက်အုံး"
ချန်ပြောင်း မယုံနိုင် ဖြစ်နေစဉ်မှာပင် နောက်ဆရာတယောက်ထံမှ တုန်လှုပ်နေသော အသံထွက်လာပြန်သည်။
"ဒီကောင် ကံကောင်းလွန်းလို့ ဝမ်ယင်းလို ကျောင်းသူမျိုး ရလိုက်တာပါ။ ဒီ့ထက် ထူးချွန်တဲ့ ကျောင်းသားတွေ ဒီကောင် ရလိမ့်မယ်လို့ ငါမယုံဘူး"
ချန်ပြောင်း အံကြိတ်ရင်း ပြောလိုက်ကာ ကျောင်းသားစာရင်းကို ဆက်ဖတ်လိုက်သည်။ နောက်ထပ်နာမည်တခုဆီအရောက်တွင် သူ့မျက်လုံးများ ထိုနာမည်ထံမှ ခွါမရတော့ပဲ တကိုယ်လုံး တုန်လှုပ်လာကာ အမြင်အာရုံတခုလုံး မည်းမှောင်သွားတော့သည်။
"ကျောက်ရာ? ဝင်ခွင့်စာမေးပွဲမှာ အဆင့် ၇ ရတဲ့ ကျောက်ရာလား? ပိုင်ယုမြို့စားသမီးလား? "
ချန်ပြောင်း သူ့မျက်လုံးများမှ မျက်ရည်များ အချိန်မရွေး စီးကျလာတော့မည်ဟု ခံစားလိုက်ရသည်။ အခုလေးတင် ကျန်းရွှမ်အနေဖြင့် ဝမ်ယင်းထက် ပိုထူးချွန်မည့် တပည့်ရှာနိုင်လိမ့်မည်ကို မယုံနိုင်ဘူးဟု ပြောလိုက်ရုံရှိသေးသည်။ ကျောင်းမှ နာမည်ကျော်ဆရာများပင် ငမ်းငမ်းတက် လိုချင်နေကြသော ကျောက်ရာ ကဲ့သို့ ကျောင်းသူမျိုးကို ကျန်းရွှမ်က တပည့်အဖြစ် လက်ခံနိုင်လိမ့်မည်ဟု ချန်ပြောင်း အိပ်မက်ပင် မမက်ဖူးချေ။ ကျောက်ရာ ကျောင်းသို့ မရောက်ခင်ကပင် ချန်ပြောင်း သူမသတင်းများကို ကြားဖူးနေပြီးသားဖြစ်သည်။ သူမသည် ပိုင်ယုမြို့စားသမီးဖြစ်ပြီး ချောမောလှပရုံသာမက ပါရမီလဲ ထူးချွန်လှသည်။ ထိုသို့သော ကျောင်းသူမျိုးကို ကျောင်းမှ ထိပ်တန်းဆရာများပင် အပြိုင်အဆိုင် လုနေကြမည် ဖြစ်လေသည်။ မည်သို့များ ကျောက်ရာက အမှိုက်ကို ဆရာတင်လိုက်ရသနည်း။
မဖြစ်နိုင်ဘူး။ လုံးဝမဖြစ်နိုင်ဘူး
ချန်ပြောင်း စိတ်ခံစားမှုများကို ထိန်းချုပ်လိုက်ပြီး နောက်ထပ်ဆက်ဖတ်လိုက်ရာ လျှိုရန် နှင့် ကျန်းယန် ဆိုသော နာမည်နှစ်ခုကို ထပ်တွေ့လိုက်သည်။ ထိုနာမည်နှစ်ခုမှာ သိပ်လူသိမများသော်လည်း ဝင်ခွင့်စာမေးပွဲတွင် အဆင့် ရာဂဏန်းထဲတော့ ပါနေသေးသည်။ ထူးခြားသည်မှာ ကျန်းယန်ဖြစ်သည်။ စာရင်းထဲတွင် ကျန်းယန်သည် လှံသိုင်းထူးချွန်သူဟု ရေးထားသည်။ စာမေးပွဲ စည်းမျဉ်းအရ ဝင်ခွင့်စာမေးပွဲတွင် ကျောင်းသားများ အနေနှင့် လက်နက်သုံးခွင့် မရချေ။ ထို့ကြောင့် ကျန်းယန်အနေနှင့် အစွမ်းကုန် ထုတ်ပြခွင့် မရခဲ့ချေ။ လှံကိုသာ သုံးခွင့်ရခဲ့ပါလျှင် ကျန်းယန်အနေနှင့် ထိပ်ဆုံး ၂၀ ထဲတွင် ပါနိုင်လောက်သည်။ ကျောင်းသားလေးယောက် နာမည်စာရင်းကို အပြန်အလှန် ဖတ်နေရင်း ချန်ပြောင်းနှင့် အခြားဆရာများသည် ရူးသွပ်လုလု ဖြစ်နေကြတော့သည်။
"မင်း.. မင်းသူတို့ကို တခုခု လိမ်ညာပြီး တပည့်အဖြစ် လက်ခံထားတာပဲ ဖြစ်ရမယ်။ သူတို့ မင်းအကြောင်း ဘာမှမသိကြလို့ မင်းကို ဆရာတင်လိုက်တာပဲနေမှာ။ သူတို့သာ သိရင် မင်းအတန်းကနေ သေချာပေါက် ပြောင်းကုန်ကြမှာပဲ"
ချန်ပြောင်း ဒေါသကြီးစွာ အော်ဟစ်လိုက်သည်။ ဆရာအကဲဖြတ်စာမေးပွဲတွင် သုညရထားသော အမှိုက်ဆရာတယောက်အနေနှင့် ထိုကဲ့သို့ ထူးချွန်သော ကျောင်းသားများကို တပည့်အဖြစ်လက်ခံရန် အခွင့်အရေးမရှိပေ။ ကျန်းရွှမ်အနေနှင့် အောက်တန်းကျသော နည်းလမ်းများသုံးခြင်းသာ ဖြစ်ရပေမည်။ ထိုအကြောင်းများကို ကျောင်းသားများသာသိလျှင် ဒေါသထွက်ပီး ကျန်းရွှမ်ကို စွန့်ပစ်သွားမည်မှာ သေချာလှသည်။ ကျန်းရွှမ်အနေနှင့် လောလောဆယ် ကျောင်းသားလေးယောက်ရှိနေသော်လည်း ထိုကျောင်းသားများသည် သူ့ထံ အချိန်ကြာကြာ တပည့်ခံကြလိမ့်မည် မဟုတ်ပေ။ အချိန်တိုအတွင်းမှာပင် ကျန်းရွှမ်အတန်းထဲမှ နှုတ်ထွက်သွားကြလိမ့်မည်။
"သူတို့ အတန်းပြောင်းမပြောင်းက ခင်ဗျား ပြဿနာမဟုတ်ဘူး။ ကျုပ်တို့လောင်းတာက ကျုပ်မှာ ကျောင်းသားရှိမရှိ လောင်းတာလေ။ အခုကျုပ်မှာ ကျောင်းသားရှိကြောင်း အတည်ပြုပြီးပြီဆိုတော့ လောင်းကြေးအကြောင်းလေးပြောကြရအောင်"
ကျန်းရွှမ်က တဖက်လူ ဒေါသထွက်နေသည်ကို ဂရုမစိုက်ပဲ တည်ငြိမ်စွာပြောလိုက်သည်။ ချန်ပြောင်း လုယွမ် နှင့် အခြားဆရာနှစ်ယောက်တို့ မျက်နှာများမှာ အသုဘ လိုက်ပို့ရသည့် မျက်နှာမျိုးဖြစ်သွားကြသည်။ သူတို့လောင်းကြေးမှာ ကျန်းရွှမ်ပြောလိုက်သလို ကျောင်းသားရှိမရှိ လောင်းကြခြင်းသာဖြစ်ပြီး နောက်ဘာဖြစ်ဖြစ် လောင်းကြေးနှင့် မဆိုင်ပေ။ ထို့ကြောင့် သူတို့ရှုံးလေပြီ။
သို့သော် သူတို့အနေဖြင့် အရှုံးကိုလက်ခံပြီး ကျောင်းမှ အညံ့ဆုံးဆရာ၏ ပါးရိုက်ခြင်းကို မခံနိုင်ကြလေရာ
"လောင်းကြေးဟုတ်လား? ကောင်လေး ငါတို့က ငြင်းတော့ကော မင်းဘာတတ်နိုင်လို့လဲ"
ချန်ပြောင်းက အေးစက်စွာ ပြုံးပြီး ပြန်ပြောလိုက်သည်။ သူ၏ ဆူဖြိုးလှသော မျက်နှာတွင် ကြောက်စရာအရိပ်အယောင်များ ပေါ်ထွက်လာသည်။
"ဒါပေါ့။ ငါတို့က စကားမတည်ရင်ကော မင်းက ဘာလုပ်နိုင်မှာမို့လို့လဲ။ ဟားဟား.. မင်းက ငါတို့ကို ပါးရိုက်ချင်တာလား? မင်းမှာ အစွမ်းအစရှိလို့လား? "
"ကျောင်းမှာ အညံ့ဆုံးဆရာ၊ စွမ်းအင်ကျင့်စဉ်မှာလဲ အနိမ့်ဆုံးဆရာကများ ငါတို့ရှေ့လာပြီးတော့ ကျောင်းသားလက်ခံနိုင်တာ ဂုဏ်ဖော်နေသေးတယ်။ ငါတို့က မင်းတကိုယ်လုံး ဖူးယောင်ပြီး ဝက်ခေါင်းလို ဖြစ်သွားအောင် ထုရိုက်လိုက်ရင်တောင် ဘယ်သူမှ မင်းဘက်က ဝင်ပြီးကူမှာမဟုတ်ဘူး"
"လူအထင်ကြီးအောင် လာလုပ်မနေနဲ့။ မင်းကျောင်းထဲမှာ ခနတော့ ဆရာလုပ်နိုင်ဦးမှာပေါ့။ ဒါပေမယ့် မင်းအရှက်ကွဲပြီး ကျောင်းက ထုတ်ခံရဖို့ ဘယ်လောက်မှ လိုတော့တာ မဟုတ်ဘူး"
လီယွမ်နှင့် အခြားဆရာများက ချန်ပြောင်းသဘောထားကို နားလည်လိုက်ရာ ကျန်းရွှမ်အား ဝိုင်းခြိမ်းခြောက်လိုက်ကြသည်။ ကျန်းရွှမ်သည် ဆရာအကဲဖြတ် စာမေးပွဲတွင် နောက်ဆုံးရခဲ့သည်သာမကပဲ စွမ်းအင်ကျင့်စဉ်အဆင့်တွင်လည်း ဆရာအများစုထက် နိမ့်ကျလေသည်။ အနိမ့်ဆုံး မဟုတ်လျှင်တောင် အနိမ့်ဆုံးထက် နည်းနည်းသာမြင့်ပေလိမ့်မည်။ ချန်ပြောင်းနှင့် အခြားဆရာများသည် ပါးရိုက်မခံနိုင်ကြောင်း ငြင်းနေလျှင် ကျန်းရွှမ် အတင်းအကျပ် ပါးရိုက်နိုင်ရန် အစွမ်းအစမရှိချေ။ ထို့ကြောင့် သူတို့အနေနှင့် စကားတည်ရန် မလိုချေ။
"အိုး.. ခင်ဗျားတို့က စကားမတည်တော့ဘူး ဆိုပါတော့? "
ကျန်းရွှမ် ဒေါသထွက်ခြင်းမရှိပဲ ပြုံးလျှက် ပြန်မေးလိုက်သည်။
"အေး ဟုတ်တယ် ကောင်စုတ်ကလေး။ မင်းကိုမင်း ဘာများအောက်မေ့နေလို့လဲ? မင်းကများ ငါတို့ကို ပါးရိုက်ချင်တယ် ဟုတ်လား? ငါတို့ကတောင် မင်းကို ဒီနေရာမှာတင် သေအောင် ရိုက်လွှတ်လိုက်ဦးမယ်"
ကျန်းရွှမ် အလျှော့ပေးခြင်းမရှိပဲ ပြန်မေးလိုက်သည်ကို ဒေါသထွက်သွားသော လီယွမ်က အော်ငေါက်လိုက်ပြီး ကျန်းရွှမ်ကို လက်ဝါးနှင့် ရိုက်ချလိုက်သည်။ သူ့လက်ဝါးရိုက်ချက် ကျန်းရွှမ်ဆီမရောက်ခင်မှာပင် လေထုထဲတွင် ဖိအားများ တက်လာပြီး ကျန်းရွှမ် အသက်ရှူနိုင်ရန်ပင် ခက်သွားသည်။ လီယွမ်သည် ထောက်ပံ့ရေးဌာနမှ ဆရာတဦးသာဖြစ်သော်လည်း သူ၏စွမ်းအင်ကျင့်စဉ်အဆင့်မှာ နိမ့်ကျခြင်းမရှိချေ။ လီယွမ်သည် သိုင်းအဆင့် ၄ ပိကူး အထက်အဆင့်သို့ ရောက်ရှိနေပြီးဖြစ်သည်။
သိုင်းအဆင့်တွင် အဆင့် ၉ ဆင့် ခွဲခြားထားလေသည်။ အဆင့် ၁ ကျုရှီ။ အဆင့် ၂ တန်းထျင်။ အဆင့် ၃ ကျန်းချီ။ အဆင့် ၄ ပိကူး။ အဆင့် ၅ တင်းလီ။ အဆင့် ၆ ပိရွှေ။ အဆင့် ၇ တုံးရွှမ်။ အဆင့် ၈ ကျုံးရှီ။ အဆင့် ၉ ကျိဇူး။ အဆင့်တဆင့်စီ မြင့်တက်လာတိုင်း ကမ္ဘာသစ်တခုသို့ ရောက်သွားသလို အင်အားများ တိုးတက်လာသည်။ ထို့အတူ သိုင်းအဆင့်မြင့်လာလေလေ ဆက်လက်တိုးတက်ရန် ခဲယဉ်းလာလေလေ ဖြစ်သည်။ အဆင့်တဆင့်စီတိုင်းတွင် အဆင့် ၄ ဆင့် ပြန်လည်ခွဲခြားထားသေးသည်။ အခြေခံအဆင့်။ အလယ်အဆင့်။ အထက်အဆင့်။ ထိပ်ဆုံးအဆင့်။
ကျန်းရွှမ်သည် ဟုန်းထျင်ကျောင်းတွင် အငယ်ဆုံးဆရာဖြစ်ပြီး အသက် ၁၉ နှစ်သာ ရှိသေးသည်။ သူ၏စွမ်းအင်အဆင့်မှာ ယခုမှ သိုင်းအဆင့် ၃ ကျန်းချီ ထိပ်ဆုံးအဆင့်သာ ရှိသေးသည်။ လီယွမ်သည် ကျန်းရွှမ်ထက် အဆင့်တဆင့် ပိုမြင့်လေသည်။ အဆင့်တခုနှင့်တခုကြား အင်အား ကွာခြားချက်မှာ လွန်စွာကြီးမားပြီး အနိုင်ရရှိရန် မလွယ်ချေ။
ဖြန်း..
လီယွမ်၏ လက်ဝါးမှာ ကျန်းရွှမ်၏ မျက်နှာပေါ် သေချာပေါက် ရောက်တော့မည်ဟု အားလုံးက ထင်ထားလိုက်ချိန်မှာပင် ပါးရိုက်ခံလိုက်ရသံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ သို့သော် ပါးရိုက်ခံလိုက်ရသူမှာ ကျန်းရွှမ် မဟုတ်ချေ။ လီယွမ်၏ မျက်နှာပေါ်တွင် အနီရောင် လက်ဝါးရာကြီးကို ထင်ထင်ရှားရှားတွေ့လိုက်ရပြီး သွားအချို့ပင် ကျွတ်သွားကာ ပါးစပ်မှ သွေးများစီးကျလာသည်။
"ဒါ.. ဒါ... ဘယ်လိုဖြစ်သွားတာလဲဟ? "
ကြည့်နေသူအားလုံးမှာ အံ့သြလွန်းပီး ရူးလုလုဖြစ်သွားတော့သည်။