"လူလိမ် လူလိမ်ကြီး"
ဒေါသတကြီးအော်ဟစ်သံနှင့်အတူ လျင်မြန်စွာပြေးလွှားသွားသော ခြေသံများထွက်ပေါ်လာသည်။
"လူလိမ်? ဘာလူလိမ်လဲဟ။ မင်းကို ငါ့တပည့်ခံမလားပဲ မေးတာပါ။ မင်းအော်နေပုံက ငါက ရာဇဝင်လူဆိုးကျနေတာပဲ"
ကျန်းရွှမ် လက်နှစ်ဖက်ကို လေထဲမြှောက်ရင်း စိတ်ပျက်စွာ ညည်းညူကာ ကျန်ရစ်ခဲ့သည်။
"ဒီတယောက်က ၁၇ ယောက်မြောက်ပဲ ဒီနေ့မှ ငါတပည့်တယောက် ရအောင် မရှာနိုင်ရင် ငါတော့ အထုပ်ပြင်ပြီး လိမ့်ရတော့မယ် "
ကျန်းရွှမ် ယနေ့မှ တပည့်တယောက်ရအောင် မရှာနိုင်လျှင် ကျောင်းမှ သူ့အား ဆရာတယောက်အဖြစ် အသိအမှတ်ပြုတော့မည် မဟုတ်ပေ။
ကျန်းရွှမ်သည် ဤခေတ်ကာလမှ လူတယောက်မဟုတ်ချေ။ သူသည် အနာဂါတ်မှ အတိတ်သို့ရောက်ရှိလာသော လူတယောက်ဖြစ်သည်။ သူသည် အထက်တန်းကျောင်းမှ စာကြည့်တိုက်မှုးတယောက်ဖြစ်ပြီး အတိတ်သို့ရောက်မလာခင် နောက်ဆုံးမှတ်မိသည်မှာ မီးတောက်များလောင်ကျွမ်းနေခြင်းသာဖြစ်သည်။ သတိပြန်လည်လာသောအခါ သူသည် အတိတ်ကာလသို့ ရောက်ရှိနေနှင့်ပြီ။ ဤကာလသည်ကား သူဖတ်ခဲ့ဖူးသော သိုင်းဝတ္ထုများထဲကလိုပင် သိုင်းသမားများ ကြီးစိုးသောအချိန်ကာလဖြစ်သည်။
ပထမတော့ သူသိပ်မစိုးရိမ်မိပဲ စိတ်ကူးယဉ်နေလိုက်သေးသည်။ သိုင်းသင်မည်။ သို့တော် အနာဂါတ်မှ လာသူဖြစ်သောကြောင့် စစချင်း သိပ်ထူးချွန်လိမ့်မည်မဟုတ်။ ထိုအခါ စေ့စပ်ထားသော မိန်းကလေးရှိလျင် ထိုတယောက်က စိတ်ပျက်ပြီး စေ့စပ်ခြင်းဖျက်သိမ်းကြမည်။ သူက ထိုအခါမှ မခံချင်စိတ်ဖြင့် ကြိုးစားပြီး ထိပ်တန်းရောက်အောင်လုပ်မည်။ မိန်းကလေးမှာ နောင်တအကြီးအကျယ်ရမည်။ သူကတော့ အဖက်လုပ်တော့မည်မဟုတ်။ ဘဝကို သာသာယာယာ ဖြတ်သန်းမည် စသည်ဖြင့်။
သို့သော် စိတ်ကူးသည်စိတ်ကူးပင်ဖြစ်သည်။ တကယ့်ဘဝအမှန်ကား သူသည် သိုင်းသင်တန်းကျောင်းတခုမှ ဆရာတယောက်ဖြစ်နေသည်။ ပိုဆိုးသည်မှာ တကျောင်းလုံးမှ အညံ့ဆုံးဆရာဖြစ်နေချင်းပင်။ တခြားဆရာများ စာသင်ခန်းတွင် စာသင်သားများနှင့် ပြည့်လျှံနေသည်မှာ ထိုင်စရာပင် မလောက်ချေ။ သူ့စာသင်ခန်းကတော့ ခွေးတကောင်ကြောင်တကောင်ပင် မရှိ။ ခုလည်း တပည့်အသစ် ရှာဖို့ ကြိုးစားနေရာ အကုန်လုံးက သူ့ကို လူလိမ်ဟု အော်ပြီး ထွက်ပြေးသွားကြသည်ချည်းဖြစ်သည်။
အကြောင်းမှာ သူအတိတ်သို့ မရောက်ရှိခင်က ရှိနှင့်သော အရင်ကျန်းရွှမ်သည် တကျောင်းလုံးတွင် အညံ့ဆုံးဆရာတယောက်ဖြစ်ကာ ကျောင်းသားများ၏ အရည်အချင်းကို အကဲဖြတ်ရာတွင်လည်း ညံ့လွန်းလှသောကြောင့်ပင်။ ပိုဆိုးသည်မှာ သူ့သင်ကြားမှုအောက်တွင် ကျောင်းသားတယောက် လေ့ကျင့်ရင်း ကျင့်စဉ်ဖောက်ပြန်သွားခြင်းကြောင့်ဖြစ်သည်။ ထိုအချိန်မှစပြီး ကျောင်းသားအသစ်များပင် ဝေးဝေးကရှောင်ကြသော ဆရာတဦးဖြစ်လာခြင်းပင်။ ထိုသို့ဆိုးဝါးလှသော မှတ်တမ်းနှင့် တပည့်တယောက်မှမရှိခြင်းက ပြီးခဲ့သည့်နှစ် ဆရာအကဲဖြတ်စာမေးပွဲတွင် ကျန်းရွှမ်ကို နောက်ဆုံးမှရေတွက်လျှင် ပထမအဆင့်ဆရာဟူသော ဂုဏ်ထူးကို ရရှိစေခဲ့လေသည်။ ထို့ထက်ဆိုးသည်မှာ ရမှတ်တမှတ်မှ မရလိုက်ခြင်းဖြစ်ကာ ကျောင်းသမိုင်းတလျှောက် စံချိန်သစ်ပင် တင်လိုက်သေးသည်။
ကျန်းရွှမ် စိတ်အကြီးအကျယ်ပျက်ကာ သေရင်လဲအေးတာပဲဟု နေ့ညမရှောင် အရက်သာသောက်နေတော့သည်။ နောက်ဆုံးတွင် သူဖြစ်ချင်သည့်အတိုင်းပင် သေမင်းနှင့်တွေ့ပြီး အနာဂါတ်မှ ကျန်းရွှမ်က သူ့အစားရောက်ရှိလာခြင်းဖြစ်သည်။
ကျန်းရွှမ် သေသွားသော်လည်း နောက်ကျန်းရွှမ်အတွက် ပြသနာများ ထားရစ်ခဲ့လေသည်။ စာသင်နှစ်အသစ် စသည်နှင့် ကျောင်းမှ သတိပေးစာ ထုတ်ပြန်လိုက်သည်။ ကျောင်းသားအသစ်များထဲတွင် တဦးတယောက်ကမှ ကျန်းရွှမ်ကို ဆရာအဖြစ် အသိအမှတ်ပြုခြင်းမရှိခဲ့လျင် ကျန်းရွှမ်၏ စာသင်ကြားခွင့်ကို ရုတ်သိမ်းတော့မည်ဖြစ်သည်။
ယနေ့ကား ကျောင်းသားသစ် လက်ခံသည့် နောက်ဆုံးနေ့ဖြစ်သည်။ ကျောင်းသားသစ် ၁၇ ယောက်တိတိပင် ကျန်းရွှမ်၏ စာသင်ခန်းရှေ့မှ ဖြတ်သွားကြပြီးလေပြီ။ သို့သော် တယောက်မှ ကျန်းရွှမ်အား ဆရာတင်လိုစိတ်မရှိကြချေ။ ကျန်းရွှမ်နာမည်ကို ကြားလိုက်ပြီးသည်နှင့် လူလိမ်ဟု အော်ကြကာ ထွက်ပြေးသွားကြသည်ချည်းပင်။
"ဒီတိုင်းတော့မဖြစ်ဘူး။ တနည်းနည်းနဲ့တော့ မရရအောင် ဆွဲဆောင်မှဖြစ်တော့မယ်"
ကျန်းရွှမ် တွေးနေစဉ်မှာပင် စာသင်ခန်းရှေ့တွင် မိန်းကလေးတယောက် ရောက်လာသည်။
"ဒီအခန်းက ဆရာ လုရွှန်းရဲ့ စာသင်ခန်းလားရှင့်"
သူမသည် လှပပြီး ချစ်စရာကောင်းသော မိန်းကလေးတဦးဖြစ်ကာ အသံကလဲ ဆွဲဆောင်မှုရှိလှသည်။ ဆရာလုရွှန်းသည် တကျောင်းလုံးတွင် အတော်ဆုံးဆရာတယောက်ဖြစ်သည်။ သူ့စာသင်ခန်းသည် ရေတွက်မရနိုင်သော ကျောင်းသားများနှင့် ပြည့်နေတတ်ကာ ကျောင်းသားအများစု ဒီကျောင်းကို လာရောက်ကြခြင်းမှာ ဆရာလုရွှန်း၏ ကျော်ကြားမှုကြောင့်ဖြစ်သည်။
"ဟုတ်ပြီ။ ဒီမိန်းကလေး ငါ့တပည့် ဖြစ်ကိုဖြစ်ရမယ်"
ကျန်းရွှမ်၏မျက်လုံးများ အရောင်တောက်လာတော့သည်။ ဖတ်ဖူးသမျှ သိုင်းဝတ္ထုများကို ပြန်လည်မြင်ယောင်လိုက်ရင်း ဝတ္ထုများထဲမှ အဆင့်လွန်ဆရာကြီးများ၏ ပုံစံအတိုင်း ထိုင်ခုံတွင် ထိုင်နေလိုက်သည်။
"မင်းက လုရွှန်းဆီ တပည့်ခံချင်လို့လား"
မိန်းကလေးက ခေါင်းကို သွက်သွက်ကလေး ညိတ်ပြလိုက်သည်။ သူမ၏မျက်ဝန်းများတွင် လေးစားမှုများအပြည့်နှင့်
""ဆရာလုရွှန်းက ဟုန်းထျင်ကျောင်းမှာ အတော်ဆုံးဆရာဆို? သူ့ဆီသင်ခွင့်ရတာ အင်မတန် ဂုဏ်ယူစရာကောင်းပြီး တိုးတက်မှုလဲ အင်မတန်မြန်တယ်လို့ ကြားရတာပဲ။""
"ကြားသမျှအကုန်လုံးက အမှန်ချည်းပဲတော့ ဘယ်ဟုတ်ပါ့မလဲ။ ဆရာဆိုတာ ဖိနပ်နဲ့တူတူပဲ။ ကိုယ်နဲ့ကိုက်မကိုက်က ပိုအရေးကြီးတယ်။ နာမည်ကြီးဆရာဆီမှာသင်လဲ ကိုယ်နဲ့မကိုက်ရင် အလကားပဲ။ အဲ့လိုပဲ ဆရာက နာမည်မကြီးပေမယ့် သူ့သင်ခန်းစာတွေက ကိုယ်နဲ့ကိုက်ရင် ကိုယ့်အတွက်အကျိုးရှိနိုင်တာပဲ"
"အော်။ ကျမအကိုလဲ အဲ့စကားမျိုးပြောဖူးတယ်"
မိန်းကလေးက တချက်စဉ်းစားကာ ပြောလိုက်သည်။ သူမ၏မျက်ဝန်းတွင် ဇဝေဇဝါဖြစ်ဟန်ဖြင့်
"ဒါပေမယ့် ကျမနဲ့ သင့်တော်မယ့် ဆရာကို ကျမက ဘယ်လိုသိနိုင်ပါ့မလဲ"
သူမ စိတ်ဝင်စားလာသည်ကို ရိပ်မိလိုက်သောကြောင့် ကျန်းရွှမ်၏မျက်လုံးများပိုပြီး အရောင်လက်လာသည်။ ဆရာကြီးများ၏ အမူအရာအတိုင်း တချက်တုံ့ဆိုင်းနေလိုက်ပြီးမှ ကျန်းရွှမ်က
"အင်း။။။ ငါတို့တွေ့ကြပြီဆိုမှတော့ ရေစက်ပါတယ်ဆိုရမှာပေါ့။ ဒီလိုလုပ်လေ ငါလဲ ဒီကျောင်းက ဆရာပဲ။ ငါ မင်းရဲ့ အရိုးအဆစ်အခြေအနေ ပါရမီ တို့ကို ကြည့်ပေးမယ် ပြီးတော့ သင့်တော်မယ့် ဆရာရွေးပေးမယ်"
"အဲ့လိုဆို ဆရာ့ကိုပဲ အကူအညီတောင်းရတော့မှာပဲ"
မိန်းကလေးက စိတ်လှုပ်ရှားနေဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ယခုမှတွေ့ရသော ဆရာတယောက်က ဒီလောက်သဘောကောင်းလိမ့်မည်ဟု သူမ မထင်မိချေ။
"ကဲ ငါ့ကို မင်းလေ့ကျင့်ထားတာတွေ ကစားပြစမ်းပါ။"
ကျန်းရွှမ်က မျက်လုံးတဝက်ခန့်သာ ဖွင့်ကြည့်ရင်း သိပ်အရေးမထားလှသော အမူအရာဖြင့် ပြောလိုက်သည်။
"ဟုတ်ကဲ့"
ဟူးးးးးး
အချိန်ခနအတွင်းမှာပင် အခန်းတခုလုံး မိန်းကလေး၏ လက်သီးမှထွက်ပေါ်လာသော လေတိုးသံများဖြင့် ဆူညံသွားသည်။ မိန်းကလေး တကိုယ်လုံးတွင် အားလှိုင်းများဖြင့် ဖုံးလွှမ်းနေတော့သည်။ ဒီလောက် အားပြင်းထန်သည်ကို ကြည့်ရလျှင် မိန်းကလေးသည် အခြေခံအထူးကောင်းကြောင်း ထင်ရှားလေသည်။
"ကောင်းတယ်။ မင်းက တော်တော်ကြိုးစားပြီး လေ့ကျင့်ထားပြီးသားပဲ။ မင်းအခြေခံက တော်တော်ကောင်းတယ် ပြောရမယ်။ မင်းပါရမီကလဲ ထိပ်တန်းပဲ။ မင်းက တရာမှာ တယောက်တွေ့ရခဲတဲ့ လူတော်ပဲ"
ကျန်းရွှမ်က ကျေနပ်စွာ ခေါင်းညိတ်နေလိုက်သည်။
အမှန်တော့ သူသည် ဝတ္ထုများထဲမှ ဆရာကြီးများ ပြောလေ့ရှိသည့်အတိုင်း ပြောနေခြင်းသာဖြစ်လေသည်။
"အထူးသဖြင့် မင်းရဲ့ခြေထောက်တွေပဲ။ သူတို့ကြည့်ရတာ ခွေနေတဲ့ နဂါးတကောင်အတိုင်းပဲ။ လှုပ်ရှားမှုမှန်သမျှက အရှိန်နဲ့စီးဆင်းနေတဲ့ ရေစီးလိုပဲ။ အင်အားပြည့်ဝတယ်။ မင်းသာဆက်ကြိုးစားမယ်ဆိုရင် တချိန်မှာ ထိပ်တန်းအဆင့်ရောက်ဖို့ သေချာတယ်"
"ဆရာ ကျမ ခြေထောက်မှာ ဒဏ်ရာရထားတယ်။ သမားတော်က ပြောတာတော့ အကျိုးနဲ့ သိပ်မကွာလှဘူးတဲ့"
မိန်းကလေးက မယုံကြည်နိုင်စွာ ပြန်ပြောလိုက်သည်။
"ဒဏ်ရာရထားတယ်? "
ကျန်းရွှမ်မျက်နှာ နီရဲသွားလေသည်။ သို့သော် ကျန်းရွှမ်မှာ အရေထူသူဖြစ်သောကြောင့် တဖက်သူမှာ ရိပ်မိရန်မလွယ်ချေ။ သူက ပေါက်ကရသာ ဆက်ပြောတော့သည်။
"မင်းက ငါမသိဘူးလို့ထင်လို့လား။ မင်းသိုင်းကစားပြလိုက်တာနဲ့ မင်းခြေထောက်မှာ ဒဏ်ရာရှိနေတာ ငါသိလိုက်ပြီးသား။ ငါဆိုလိုတာက ဒီလို။ အဆိုးလာပြီးရင် အကောင်းလာလိမ့်မယ်။ မင်းခြေထောက်မှာ ဒဏ်ရာရထားပေမယ့် မင်းခြေထောက်တွေက ပင်ကိုယ်သန်မာနေပြီးသား။မင်းမှာ အခွင့်အရေးရှိသေးတယ်။ မင်းသာ ဒဏ်ရာသက်သာလာပြီး ကြိုးစားလေ့ကျင့်ရင် ငါပြောရဲတယ် ဘယ်သူမှ မင်းကိုမှီမှာ မဟုတ်ဘူး"
ကျန်းရွှမ်ကား သူမကို နည်းမျိုးစုံဖြင့် ဆွဲဆောင်နေခြင်းသာ။ ပေါက်ကရပြောပြီး ဆွဲဆောင်နိုင်မည်ဆိုလျင် သူက ပေါက်ကရဆက်ပြောနေမည်ဖြစ်သည်။ အရေးကြီးသည်က တပည့်တယောက်ရဖို့မဟုတ်လား။
"အခွင့်အရေးရှိတယ်? ဆရာ ဘယ်လိုအခွင့်အရေးလဲ? "
မိန်းကလေးမျက်လုံးများ တောက်ပလာကြသည်။ ခြေထောက်ဒဏ်ရာရပြီးကတည်းက မိန်းကလေးသည် စိတ်ဓါတ်ကျနေခဲ့သည်။ သူမထံတွင် အခွင့်အရေးရှိနေသေးလိမ့်မည်ဟု မမျှော်လင့်မိခဲ့ပေ။
"ဒီအခွင့်အရေးသာ ဆုပ်ကိုင်နိုင်ရင် မင်းက ထိပ်တန်းရောက်မှာပဲ။ ဒီနှစ်ကျောင်းသားသစ်တွေထဲမှာ ထိပ်ဆုံးလောက်ထိ ပါနိုင်တယ်၊ မင်းရဲ့ ပါရမီတွေက တကယ့်ထိပ်တန်းပဲ။ သမိုင်းတလျှောက် တခါမှ မပေါ်ဖူးသေးတဲ့ ပါရမီပဲ။ ဒါပေမယ့်…."
ကျန်းရွှမ် ဆက်တိုက်ပင် ပြောနေတော့သည်။ ဗုဒ္ဓလက်ဝါးသိုင်းကျမ်းသာ ထုတ်ပေးလိုက်ဖို့ကျန်တော့သည်။ (TL- Kungfu Hustle)
"ဒါပေမယ့် ဘာဖြစ်လဲ ဆရာ"
ကျောင်းသားသစ်များထဲတွင် ထိပ်တန်းရောက်နိုင်သော ပါရမီရှင်ဆိုသော စကားကြားပြီးသောအခါ မိန်းကလေးမျက်နှာတွင် ရှက်သွေးရောင်များသန်းလာသည်။
"ဒါပေမယ့်"
ကျန်းရွှမ် သက်ပြင်းချလိုက်သည်။ ပုံစံကတော့ ပါရမီရှင်တယောက် တိမ်ကောသွားမှာ စိုးရိမ်နေသည့်ပုံ။
"ဒီလိုအခွင့်အရေး မင်းကို ပေးနိုင်မယ့် ဆရာက သိပ်မရှိလှဘူး။ ဒီတကျောင်းလုံးမှာ ငါ့ပါထည့်တွက်မှ သုံးယောက်ပဲရှိတယ်။ တခြားနှစ်ယောက်က တပည့်သစ် လက်မခံတာ သုံးနှစ်တောင်ရှိပြီ။ ငါက မင်းအတွက် ပြောပေးမယ်ဆိုရင်တောင် သူတို့ လက်ခံဖို့ မသေချာဘူး"
"တပည့်အသစ် လက်မခံတော့ဘူး? "
မိန်းကလေးမှာ မျှော်လင့်ချက်ကြီးစွာ နားထောင်နေရာမှ ကျန်းရွှမ်၏စကားများကို ကြားလိုက်သောအခါ စိတ်ပျက်သွားပုံ ပေါက်လေသည်။ သို့သော် တစုံတခုကို သတိရလိုက်ဟန်ဖြင့်
"သူတို့က တပည့်သစ် လက်မခံရင်၊ ဆရာကကော? လက်ခံသေးလားဟင်? "
"လက်ခံတာပေါ့။ တခုရှိတာက ငါက ကျော်ကြားမှုတွေ ငွေကြေးတွေ မမက်ဘူး။ ပြီးတော့ ငါ့မှာ အချိန်အပိုလဲမရှိဘူး"
ကျန်းရွှမ်က သိပ်လက်မခံချင်ပုံမျိုးဖမ်းကာ
"ငါက ကျောက်စိမ်းကောင်းမှ မဟုတ်ရင် လက်ခံလေ့မရှိဘူး။ ဒါတောင် ရေစက်ပါနေအုံးမှ လက်ခံတာ။"
ဒုန်း
ကျန်းရွှမ်စကား မဆုံးသေးခင်မှာပင် မိန်းကလေးသည် ကြမ်းပြင်ပေါ် ဒူးထောက်ပြီးနေလေပြီ။
"ဆရာက ထူးချွန်တဲ့သူဆိုတာ ကျမသိပါတယ်။ ဒါပေမယ့် ကျမကို တပည့်အဖြစ်လက်ခံပေးပါ။ ကျမ ကြိုးစားသင်ယူပါ့မယ်။ ဆရာ စိတ်မပျက်စေရပါဘူး"
ကျန်းရွှမ် စိတ်ထဲတွင် ကျိတ်ပျော်သွားလေသည်။ သို့သော် သိပ်လက်ခံချင်ပုံ မပေါက်သော အမူအရာမှာ မပျက်သေးပေ။
"ငါတို့က ရေစက်ပါပေမယ့် ငါက အေးအေးချမ်းချမ်း နေရတာ…"
"ဆရာ့တပည့်ဖြစ်ပြီးရင် အရေးကြီးကိစ္စကလွဲလို့ ဆရာ့ကို မနှောင့်ယှက်ပါဘူးလို့ ကတိပေးပါတယ်"
ကျန်းရွှမ် လက်မခံချင်မှန်း ရိပ်မိလိုက်သောကြောင့် မိန်းကလေးက စကားဖြတ်ကာ ပြောလိုက်သည်။
"အေးလေ ငါ့မှာလဲ တပည့်က သိပ်ရှိတာမဟုတ်ဘူး။ အဲ့တော့ ငါရတဲ့ အထောက်အကူပစ္စည်းက တခြားဆရာတွေနဲ့ ယှဉ်မယ်ဆိုရင် တော်တော်နည်းတယ်။ ပြီးတော့ ငါ့ဆီ တပည့်ခံတဲ့အတွက် တခြားကျောင်းသားတွေက မင်းကို ပြောင်ရင်ပြောင်ကြလိမ့်မယ်"
"အဲ့လိုလားဆရာ။ ကျမသိထားတာကတော့ သင်ထောက်ကူပစ္စည်းတွေက လေ့ကျင့်တဲ့နေရာမှာ အရေးကြီးတယ်ဆို"
မိန်းကလေးတွေဝေသွားသည်။ သင်ထောက်ကူပစ္စည်းများမှာ လေ့ကျင့်သည့်နေရာတွင် အသုံးဝင်လေသည်။ ဆရာတယောက်သည် ကျောင်းသားများများရှိလေ ပစ္စည်းများများရလေဖြစ်သည်။
"အဟမ်း အဟမ်း။ ငါက မင်းကို သက်သက် စိတ်စမ်းကြည့်တာပါ။ မင်းက ဆုံးဖြတ်ပြီးပြီဆိုမှတော့ ငါကလဲ မင်းကို တပည့်အဖြစ် လက်ခံလိုက်ပါ့မယ်"
မိန်းကလေးတွေဝေနေသည်ကို ကြည့်ပြီး ကျန်းရွှမ်က ခပ်သွက်သွက်ပြောလိုက်သည်။
"ရော့ မင်းအတွက် အသိအမှတ်ပြု ကျောက်စိမ်းပြား"
"မြန်… မြန်လှချည်လား"
သူမ အနေဖြင့် ဆရာက ရုတ်တရက် တပည့်အဖြစ် လက်ခံလိုက်လိမ့်မည်ဟု မထင်လိုက်ချေ။ ကျန်းရွှမ်ပေးလိုက်သော ကျောက်စိမ်းပြားကို ကိုင်ရင်း အံ့သြစွာ ကြည့်နေမိလေသည်။ မိန်းကလေးသည် ကျန်းရွှမ်အား ဆရာအဖြစ် အသိအမှတ်ပြုသင့်မပြုသင့် နောက်တခေါက် ပြန်စဉ်းစားနေမိသည်။ ထိုအချိန်မှာပင် ကျန်းရွှမ်က မိန်းကလေးလက်ကို ဆွဲလိုက်ကာ အသင့်ပြင်ထားသော ဓါးမြှောင်ဖြင့် လက်ထိပ်ကို ဖောက်ပြီး ကျောက်စိမ်းပြားပေါ် သွေးတစက် ချလိုက်လေသည်။
ရွှမ်း။။။။ အလင်းတန်းတချက်။။။။ အ။။။။
မိန်းကလေး အံ့အားသင့်စွာ ကျန်ခဲ့လေသည်။
ဆရာက တပည့်အဖြစ်လက်ခံဖို့ သေချာစဉ်းစားနေတုန်းမဟုတ်လား။ ကျော်ကြားမှုတွေ ငွေကြေးတွေ ဂရုမစိုက်ဘူးဆို။ ခုကျ သူက ဓါးမြှောင်တောင် အသင့်ပြင်ထားပြီး အသိအမှတ်ပြုလိုက်တာကလဲ သွက်လိုက်တာ။
"ခုကစပြီး မင်းက ငါ့တပည့်ဖြစ်ပြီ"
သွေးဖြင့် အသိအမှတ်ပြုပြီးသည်နှင့် ကျန်းရွှမ်သည် စိတ်အေးသွားပြီး သက်ပြင်းချလိုက်သည်။ သူက ချက်ခြင်း ဝတ္ထုထဲက ဆရာကြီးဂိုဒ် ပြန်ဖမ်းလိုက်ပြီး
" မင်းနာမည် ဘယ်လိုခေါ်လဲ"
"ကျမနာမည် ဝမ်ယင်းပါဆရာ"
သူမဆုံးဖြတ်ချက် ပြန်ပြင်မရတော့မှန်း သိသောကြောင့် မိန်းကလေးက အတွန့်တက်မနေတော့ပဲ ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
"အင်း မင်းရဲ့ကျောက်စိမ်းပြားကို ယူသွားပြီးတော့ အိပ်ရာလိပ်နဲ့ စာအုပ်တွေ သွားထုတ်၊ နေရမယ့်နေရာလဲ တခါထဲကြည့်ခဲ့။ မနက်ဖြန် မနက် စာစသင်မယ်. ဒီကိုပဲ ပြန်လာခဲ့"
"ဟုတ်ကဲ့ဆရာ"
ဝမ်ယင်း ခေါင်းညိတ်ပြကာ ထွက်သွားသည်။
ကျန်းရွှမ် လက်ဖြောက်တချက်တီးလိုက်သည်။
"ဟူး… တယောက်တော့ရပြီ "
ကျောင်းသားတယောက်တော့ ရပြီဖြစ်ကြောင်း သေချာသွားသည်နှင့် ကျန်းရွှမ်စိတ်အေးသွားပြီး ပြုံးနိုင်လာသည်။ လွယ်လှသည်တော့ မဟုတ်။ သူသာ အရင်က အင်တာနက်ကနေ သိုင်းကားတွေ ဝတ္ထုတွေ မဖတ်ခဲ့လျှင် တပည့်တယောက်ရှာနိုင်ဖို့ မဖြစ်နိုင်ပေ။
တပည့်တယောက်ရလိုက်ခြင်းကြောင့် ကျောင်းမှ နှင်ထုတ်ခံရမည့် အရေးလည်း မရှိတော့ချေ။ သူ့စိတ်ထဲ လေးလံနေသလို ခံစားရမှုများ ပျောက်သွားကာ စိတ်လက်ပေါ့ပါးလာသလို ခံစားလိုက်ရသည်။ အရင်ကျန်းရွှမ်ကား သေသာသွားသော်လည်း တပည့်တယောက်မှ မရှိခြင်းကို မကျေနပ်နိုင်သေးရာ ခန္ဓာကိုယ်မှ အပြီးအပိုင် မထွက်သွားသေးချေ။ ယခုတော့ တပည့်တယောက် ရလိုက်ပြီဖြစ်သောကြောင့် စိတ်ကျေနပ်သွားကာ ပျော်ပျော်ရွှင်ရွှင် ဘဝကူးသွားပုံရသည်။
ဝုန်း။။။
"အေးအေးချမ်းချမ်း ဘဝကူးတော့ ကိုယ့်လူ။ မင်းအစား ငါ မင်းဘဝကို ကောင်းကောင်းမွန်မွန် ဆက်နေပေးမယ်"
လက်ရှိဘဝကို သူတယောက်တည်းသာ ပိုင်ဆိုင်ကြောင်းသေချာလိုက်သည်နှင့် ကျန်းရွှမ် လောဘတက်လာသည်။ သူ့အနေဖြင့် တပည့်တယောက်တည်းနှင့် ကျေနပ်မနေသင့်ပဲ နောက်ထပ် တပည့်ထပ်ရှာသင့်သေးကြောင်း တွေးမိသည်။ သို့သော် ကျန်းရွှမ် ရုတ်တရတ် မျက်လုံးများပြာသွားကာ နားထဲတွင် ခေါင်းလောင်းတီးသံ ကြားလိုက်ရသည်။
ဒေါင် ဒေါင် ဒေါင်
"ကောင်းကင်နဲ့မြေပြင်က ရက်စက်လွန်းတယ်။ သက်ရှိအားလုံးကို ခွေးလောက်ပဲ အောက်မေ့တယ်။ နေနဲ့လကွယ်ချိန်မှာ ကောင်ကင်နဲ့မြေကြီးကြား မပြည့်စုံခြင်းများ ပေါ်လိမ့်မယ်"
ထင်ရှားသောဆိုရိုးစကားပေါင်းများစွာ ကျန်းရွှမ်ခေါင်းထဲ တိုးဝင်လာပြီး ရုတ်တရတ်သတိလစ်သွားတော့သည်။ နန်းတော်ကဲ့သို့ ကြီးမားလှသော အဆောက်အဦးကြီးတခု ကျန်းရွှမ် ခေါင်းထဲတွင် ပေါ်လာလေသည်။ အဝင်ဝတွင် တောက်ပသော စကားလုံးကြီးများဖြင့်
ကောင်းကင်ဘုံစာကြည့်တိုက် ဟုရေးသားထားလေသည်။
ကျန်းရွှမ် တခါးတွန်းဖွင့်ကာ အဆောက်အဦးထဲ ဝင်လာခဲ့သည်။ အထဲတွင်ကား မရေမတွက်နိုင်သော စာအုပ်စင်များ စာအုပ်များနှင့် ပြည့်နှက်နေသည်။ အဆောက်အဦးကြီးမှာ ကြီးမားလှရာ အဆုံးကိုပင် မမြင်နိုင်။
"ဒါက အချိန်ခရီးသွားတွေအတွက် လက်ဆောင်များလား။ စာကြည့်တိုက်ကြီးလား။ ချီးတဲ့မှပဲ။ ငါ့အရင်ဘဝကလဲ စာကြည့်တိုက်မှူးလုပ်ခဲ့ပြီးပြီ။ ခုလည်း ထပ်လုပ်နေအုံးမှာလား"
ဝတ္ထုတွေထဲမှာဆို တခြားသူတွေက အရမ်းထူးချွန်တဲ့ဆရာဘိုးဘိုးတွေ၊ အစွမ်းထက်သိုင်းကျမ်းတွေ၊ လက်နက်တွေ ရတာပါ။ ငါ့အလှည့်ကျတော့ စာကြည့်တိုက်တဲ့လား။
ကျန်းရွှမ် စိတ်တိုလွန်းပီး သတိလစ်မတတ်ဖြစ်သွားသည်။
စာကြည့်တိုက်ကြီး ဘာလုပ်ရမှာလဲ။ နောက်ကို တခြားသူနဲ့ ရန်ဖြစ်ရင် သူတို့ကဓါးနဲ့ခုတ်လာရင် ငါက စာအုပ်တွေနဲ့ ပြန်ပေါက်နေရမှာလား။
"ထားပါ ဘာပဲဖြစ်ဖြစ် စာအုပ်တအုပ်လောက်တော့ အရင်စမ်းဖတ်ကြည့်လိုက်ပါ့မယ်"
ကျန်းရွှမ် အနီးဆုံး စာအုပ်တအုပ်ကို ဆွဲယူလိုက်သည်။ သို့သော် သူ့လက်များက စာအုပ်စဉ်နှင့်စာအုပ်များကို ဖောက်ထွက်သွားပြီး လေကိုသာ ဆုပ်ကိုင်လိုက်မိသည်။
"မိုးနတ်မင်းရယ် ကျုပ်ကိုလာနောက်နေတာလား။ စာကြည့်တိုက်ကြီးတခုလုံးလဲ ပေးသေးတယ် စာအုပ်ကျ တအုပ်မှ ဖတ်လို့မရဘူးလား။ ခင်ဗျားက ကျုပ်ကိုဘယ်လိုလုပ်စေချင်နေတာလဲ"
ကျန်းရွှမ် ဘာဆက်ပြောရမှန်းပင်မသိတော့။ ငိုချင်စိတ်များပေါက်လာကာ မျက်ရည်မကျအောင် မနည်းထိန်းလိုက်ရသည်။