book

Index 9

(Part 9)

ဦးနှုတ်ခမ်းညိုညိုလေးကိုနမ်းမယ်


"အ့ ကျစ် မင်း လူတစ်ယောက်လုံး လာတာ မမြင်ဘူးလား ဟမ်း ''


ပျိုယုသဒ္ဒါ ကိုယ့်ဘာသာ အခန်းရှာတာ မတွေ့လို့ စိတ်ညစ်နေပါတယ် ဆိုမှ လူကိုလည်း လာတိုက်ပြီး သူကပဲ တပြန်ပြန်အော်လာတဲ့ မိန်းကလေးကို ကြည့်ပြီး ပျို ဘာပြန်ပြောရမှန်းမသိ။


"ကျစ် နားလေးနေလား ငါ့ကို အခု တောင်းပန်စမ်း''


မြို့သူတွေက ဒီလိုပဲလား ပျို အခုထိလည်း အခန်းရှာမတွေ့​သေးတာနဲ့ လူက စိတ်ညစ်နေရတဲ့ကြားထဲ ဒီမိန်းကလေးက သက်သက် ပြဿနာလာရှာတော့ ပျို ရှောင်သွားမလိုပြင်ရာ ပျိုသွားတဲ့ဘက်ကို လိုက်၍ လမ်းလာပိတ်ပြီး မာန်စီး၍ ပြောလာတော့ ပျို ငြိမ်မခံချင်​တော့ပါ..


"ဒီမှာ နင်တို့ဘာသာ နင်တို့ ငါ့ကို လာတိုက်ပြီး တောင်းပန်စကား ကြားချင်သေးတာလား''

.

"ဟယ် မြတ်နိုး ဒီမိန်းမ နင့်ကို ဘယ်သူမှန်းမသိဘူးနဲ့ တူတယ် အသံကိုက တောအသံကြီး ဘာလဲ တောကလာပြီး စပွန်ဆာနဲ့ ကျောင်းတက်ရတာလား''


မြို့သူပြောတဲ့ စကားတွေ ပျို နားလည်ပေမဲ့ တစ်လုံးတလေတော့ မသိတာ ဝန်ခံသည်။ ဘာတဲ့ စပွန်ဆာတဲ့ ပျို သိတာဆိုလို့ Sponsorအားဖြည့်အချိုရည်ပဲ သိသည်။ 


"တောကလာတော့ ဘာဖြစ်လဲ နင်တို့တွေသာ မြို့မှာနေပြီး တောကစိုက်တဲ့ စပါးနဲ့ အသက်ဆက်နေရတာပဲ မဟုတ်ဘူးလား အဟက် ''


ပျိုရဲ့ ငုတ်လျိုးနေတဲ့ ဒေါသတွေ ထွက်လာကာ အရှေ့ကအုပ်စုကို တခွန်းမကျန် ပြန်ပြောလိုက်တော့ ပျိုဆီ အရှိန်နဲ့ ပြေးလာပြီး အနားရောက်မှ ကိုယ်ရှိန်သတ်လိုက်တဲ့ လူတစ်ယောက်ကြောင့် ပျိုရော အရှေ့ကအုပ်စုရော ငြိမ်ကျသွားပြီး


"မြတ်နိုး အဲ့ဒါ ငါ့သူငယ်ချင်း နင်တို့ ပြဿနာမရှာပဲ အေးဆေးသွားလို့ မရဘူးလား ''


"ဟင် ဆည်းဆာ.. ဆည်းဆာက ဒီလို တောသူတွေနဲ့လည်း သိတာလား''


"ငါတို့ သိတာ ဘာဖြစ်လဲ ''


"အော် ဘာမှမဟုတ်ပါဘူး မြတ်နိုးတို့ ပြဿနာရှာတာ မဟုတ်ပါဘူး ပုံစံကြည့်ရတာ ထုံထုံအအလေးမို့ ပြောပြနေတာပါ ကဲ ဒါဆို မြတ်နိုး သွားပြီနော် ''


ဆည်းဆာ ရောက်လာတာနဲ့ ချက်ချင်း လေသံပြောင်းသွားတဲ့ မြတ်နိုး ဆိုတဲ့ မိန်းမကို ကြည့်ပြီး ပျို နှုတ်ခမ်းလေးက ရွဲ့သွားသည်။ မြို့သူတွေ မူယာမာယာ များလိုက်တာလည်းလွန်ရော။


"ဘာဖြစ်သွားသေးလဲ အို''


"ကျစ် ငါ့နာမည် ပျိုပါဆို''


"အော် မှားသွားလို့ ဆောရီး''


တမင်သက်သက် ခေါ်ပြီး ​ဆောရီးဆိုပြီး ဖြီးပြနေတဲ့ ဆည်းဆာ ဆိုတဲ့တစ်ယောက်ကို ပျို မျက်စောင်းရွယ်လိုက်သည်။


"အခန်းရှာနေတာလား ပျို အော် အန်ကယ်ခွင်းရဲ့ဇနီး ဆိုတော့ မပျိုလို့ ခေါ်ရမှာပေါ့ ''


ဘယ်လိုခေါ်ခေါ် အရေးမကြီးပေမယ့် ဆည်းဆာကပန်ထွာတေးရဲ့ သူငယ်ချင်းမို့ ပျို မရင်းနှီးချင်။ ပန်ထွာတေးက ကိုယ့်ကို အမြင်စောင်း နေတာမလား။ ဒီအတိုင်း လှည့်ထွက်သွားမလိုပြင်တော့ ဆည်းဆာက အရှေ့က ဝင်တား၍


"ကျွန်တော်နဲ့ မရင်းနှီးချင်ဘူးလား ဟိုတနေ့ကတော့ ခင်ဗျားနဲ့ ကျွန်တော် ရင်းနှီးသွားတယ် ထင်တာပဲ ''


"ရှင့်ကို ပန်ထွာတေးက အရမ်းခင်တာလေ မတော်လို့ ရှင်သာ ကျွန်မနဲ့ စကားတွေပြောနေတာသာ သူမြင်ရင် ကျွန်မကို ပြဿနာရှာမှာ မလိုချင်ဘူး၊ ဒါကြောင့် အစောကတည်းက ကင်းနိုင်ရင် ကင်းနိုင်သမျှနေဖို့ စဥ်းစားထားပြီးသား..''


အပြတ်သားဆုံး ဆိုလာတော့ ဆည်းဆာ ရင်ထဲ ဘာလို့ ဝမ်းနည်းလာသလို ခံစားလာရတာလဲ။ 


"ဟုတ်ပါပြီ ကျွန်တော့်ကို မခင်ချင်လည်း ရပါတယ်၊ ဒါပေမဲ့ အခန်းလေးတော့ ရှာခွင့်ပြုပါ၊ ခင်ဗျားတစ်ယောက်တည်း ကြောင်တောင်တောင် ဖြစ်နေမှာစိုးလို့''


တကယ်လည်း ဆည်းဆာသာ မရှာပေးရင် ပျို ဒုက္ခဆက်တွေ့မှာ ဆိုတော့ ပျိုလည်း လက်ခံလိုက်သည် ပျိုရဲ့ ကျောင်းဝင်အမှတ်ကို ကြည့်ပြီး အခန်းရှာတော့ တိုက်တိုက်ဆိုင်ဆိုင် ပန်ထွာတေး ဆည်းဆာတို့နဲ့ တခန်းတည်း ဖြစ်နေသည်။ ပျို ကိုယ့်နဖူးကို ရိုက်ပြီး သက်ပြင်း​လေးသာ ခိုးချနေရသည်။ ဝေးအောင် ဝေးသထက် နေပါတယ်ဆိုမှ.. ထိတ်တိုက်ကြီး.. ကျောင်းမှာရော အိမ်မှာပါ နေ့တိုင်း တွေ့ကြရတော့မယ့်အဖြစ် မိပျို ဒီနေ့ ကံမကောင်းပါ...


❤❤


"သမီးပါတက်လေ''


ကျောင်းလွှတ်ချိန် ဦးခွင်း လာကြိုတော့ ပျို အလိုက်တသိ အနောက်ခန်းမှာပဲ ဆင်းထိုင်လိုက်သည်။ ဦးခွင်းက ပန်ထွာတေးပါ​ ခေါ်နေတော့ သူမက ကားထဲ ပျို ရှိနေတာမြင်ပြီး နှုတ်ခမ်းရွဲ့ မျက်စောင်းပါထိုးပြီး


"မလိုက်ဘူး ဒယ်ဒီ ဆည်းဆာနဲ့ပဲ သွားမှာ ''


"ဟာ ဒီကောင်မလေးကတော့ကွာ ဆည်းဆာရေ မင်းသူငယ်ချင်းကို ဂရုစိုက်ပေးပါအုံး''


"ဟုတ် အန်ကယ် ''


ပန်ထွာတေးက ဆည်းဆာ လက်မောင်းကို ဆွဲပြီး ထွက်သွားပေမယ့် ဆည်းဆာ မျက်လုံးတွေက ကားထဲက ငြိမ်သက်စွာ ထိုင်နေသော ပျိုလေးဆီမှာ..။


"ဘယ်လိုလဲ ကျောင်းတက်ရတာ ပျော်လား ''


"အင်း ဘယ်လိုမှန်းမသိဘူး ပျို တခါမှ မမြင်ဖူးတာတွေ မြင်ရတယ် ဟီး ''


"သူငယ်ချင်းတွေရော ရလာပြီလား''


"သူငယ်ချင်းလား အင်း တစ်ယောက်ရခဲ့တယ်''


"ဘယ်သူလဲ ဘယ်ကလဲ ယောကျာ်းလား မိန်းကလေးလား သူ့မိဘတွေက ဘယ်သူတွေလဲ''


တရစပ် အဆက်မပြတ်မေးလာတဲ့ ဦးကြောင့် ပျို မျက်လုံးတွေ အပြူးသားဖြစ်သွားရသည်။ ဘယ်ကနေ ဘယ်လို စဖြေရမှန်းတောင် မသိတော့။ 


"မိန်းကလေးပါ ဦးရဲ့ နာမည်ပဲ သိခဲ့တာ ဦးသိချင်ရင် မနက်ဖြန် မေးလာမယ်လေ''


"အော် မိန်းကလေးလား ထားပါတော့''


"ဟို ပျိုက ပန်ထွာတေးနဲ့ တခန်းတည်း ကျတယ်ဦး၊ ဟို အဆင်ပြေပါ့မလားတော့ မသိဘူး ''


ပျိုက စိုးရိမ်သလို ပြောလာတော့ ခွင်း သူမအပေါ် အပြစ်ရှိသလို ခံစားရသည်။ အိမ်မှာ ပြဿနာတွေ ဖြစ်ပြီဆို ပန်ထွာတေးဘက်က အရင်စတာချည်းပင်။ ပျိုက အမြဲခေါင်းငုံ့ခံနေကျ။ ဒါကလည်း ခွင်း မှာထားလို့ ပြဿနာမတက်အောင် အလျော့ပေးပြီးနေမှန်း ခွင်း သိပါသည်။ ဒီလိုဆိုတော့လည်း ခွင်း စိတ်မကောင်း။ 


ဦးဘက်က သိသိသာသာ နှုတ်ဆိတ်သွားတော့ ပျိုကပဲ အနေမခက်စေရန် စကားရှာ၍ ဆက်ပြောမိသည်။


"ဒါပေမဲ့ ပျိုကို ဆည်းဆာက ကူညီပါတယ်''


"ဟင် ''


"ဟုတ်တယ် ပျို အခန်းမရှာတွေ့တော့ သူပဲ ရှာကူတာ ''


"အော် အင်း ''


ဒီကလေးမဆီက တနေ့တာ အကြောင်းအရာတွေ အကုန်သိချင်ပေမယ့် သူမပါးစပ်က အခြားယောကျာ်းလေး နာမည်ကြားရတာနဲ့ စိတ်က ဘာကို အလိုမကျလို့ အလိုမကျမှန်း မသိတော့။ 


❤❤


"ဆည်းဆာ နင့်ကို ငါ မကျေနပ်ဘူး သိလား ''


"ဟာ ဘာလဲဟာ ငါ ဘာမှလည်း မလုပ်ရပါလား၊ ဘာလဲ မြတ်နိုးကိစ္စလား စိတ်ချ နင် မပြောရင်တောင် ငါ သူ့မွေးနေ့ မသွားဘူး ''


"ဒီကိစ္စ ပြောနေတာမဟုတ်ဘူး နင်လေ ဟိုမိန်းမနဲ့ ဘာစကားတွေ ပြောနေတာလဲ၊ ငါ ဒီမိန်းမကို မကြိုက်ဘူးဆိုတာ နင်လည်း သိိသိနဲ့''


"ပန်ပန် နင် ကလေးမဆန်နဲ့ဟာ နင်မကြိုက်ရင် ငါက မကြိုက်ရတော့ဘူးလား''


ဆည်းဆာ စကားက တမျိုးကြီး ဖြစ်နေတာမို့ ပန်ထွာတေး သူ့ကို အံဩသလို ကြည့်လာတော့ ဆည်းဆာက လည်ကုတ်ကိုကုတ်၍ ဟိုသည်ကြည့်ပြီး ချောင်းတချက်ဟန့်ကာ


"ကျစ် ငါ ပြောတာ သဘောရိုးပြောတာ မပျိုက အခန်းမသိလို့လေ ငါက အမြင်မ​တော်လို့ ကူညီပေးတာ၊ ပြီးတော့ မပျိုက အန်ကယ်ရဲ့ဇနီး ငါက  နင်တို့အိမ်အဝင်အထွက် ရှိနေတာ၊ အဲ့လို မျက်နှာလွဲခဲပစ် လုပ်လို့ ကောင်းမလား ''


"ငါတောင် သူ့ကို မသိချင်ယောင်ဆောင်နေတာ နင်က ဘာထဖြစ်နေတာလဲ၊ တကယ်လို့ မြတ်နိုးတို့သာ သူက ငါ့မိထွေး ဆိုတာသာသိရင် ဝိုင်းလှောင်ကြတော့မှာ တောက်စ် ''


ပန်ထွာတေးကို ဆည်းဆာက ငယ်ကတည်းက အလျော့ပေးပေါင်းလာတော့ ဆည်းဆာရဲ့ အလျော့ပေးမှုတွေအောက် ပန်ပန်က နေသားကျခဲ့ပြီ။ သူမ မပေါင်းနဲ့ဆိုပြောရင် ဆည်းဆာကို မပေါင်းခိုင်းစေချင်။ အရာအားလုံးကို ဒီနေ့ဒီချိန်ထိ ဆည်းဆာ ခေါင်းညိတ်ခဲ့ပြီးမှ ပထမဆုံး မိန်းမတစ်ယောက်ကြောင့် သူနဲ့ ရန်ဖြစ်ရလုနည်းပါး ဖြစ်သွားသည်။ ထိုမိန်းမကလည်း အခြားမဟုတ် သူမ အင်မတန်မုန်းတဲ့ ပျိုယုသဒ္ဒါကြောင့်ပင်။


"ဆည်းဆာ နင် သူ့ကို မပေါင်းနဲ့ မခေါ်နဲ့ဟာ''


"ငါ သွားတော့မယ် ''


"ဟင်.. ''


ပန်ထွာတေး ပြောတဲ့ စကားကို ဆည်းဆာက လျစ်လျူရှုကာ ထွက်သွားလေသည်။ ဆည်းဆာ ဆိုတာ ဘယ်တုန်းက ပန်ပန်ကို ဒါဆို လုပ်ဖူးလို့လဲ။ ထွက်သွားတဲ့ ဆည်းဆာရဲ့ နောက်ကျောကို ကြည့်ပြီး ပန်ပန် တစ်စုံတခုကို စိုးရိမ်လာသည်။ 


..မဖြစ်ရဘူးနော် ဆည်းဆာ နင်တစ်ယောက်ကတော့ ငါ့ဘက်မှာ ရှိနေပေးမှ ဖြစ်မှာလေ...


❤❤


"ဖြောင်းဖြောင်း👏 တော်လိုက်တာနော် တစ်ခါနှစ်ခါပဲ တွေ့ဖူးတဲ့ လူကို နင့်ဘက်ပါအောင် လုပ်နိုင်တာ အရမ်းတော်တာပဲ''


ဦးခွင်းက မနက်အစောကြီး သူ့သူငယ်ချင်းတွေနဲ့ လမ်းထလျှောက်ချိန်၊ ပြီးတော့ ကြီးပိုကလည်း စျေးသွားချိန် အိမ်မှာ ပန်ထွာတေး နေဝန်းသစ် ပျိုယုသဒ္ဒါတို့ပဲ ကျန်ခဲ့သည်။ 


အပေါ်ထပ်ထိ တက်လာ၍ ဦးခွင်းအခန်းရှေ့မှာ ဘယ်အချိန်ကတည်းက စောင့်နေမှန်းမသိတဲ့ ပန်ထွာတေးကြောင့် တံခါးဖွင့်ပြီး အောက်ဆင်းဖို့ပြင်နေတဲ့ ပျိုခမျာ မျက်လုံးတွေ အပြူးသားဖြစ်သွားရရသည်။


"ဘာကိုလဲ ပန်ထွာတေး ''


"အခုမှ ရူးချင်ယောင်ဆောင်မနေနဲ့ အဟက် တော်လိုက်တာနော် ဆည်းဆာက နင့်ကို ကူညီအောင် ဘာတွေနဲ့ သိမ်းသွင်းလိုက်သလဲ မသိဘူး''


မနေ့က အခန်းလေးရှာပေးတဲ့ ကိစ္စလောက်နဲ့ ပန်ထွာတေး ဒီလောက်ထိ ပြဿနာရှာလိမ့်မယ်လို့မထင်ထား။


''ပန်ထွာတေး ငါ့ကို မဟုတ်တာတွေ လာမပြောနဲ့ ငါ့လိပ်ပြာ ငါသန့်တယ်''


"အော် ​အော် အဟက် ဒယ်ဒီကို မက်လို့ ဖြာယောင်းခဲ့တာလည်း လိပ်ပြာသန့်တယ်ပေါ့''


"ပန်ထွာတေး ငါနဲ့ ဦးနဲ့က မထင်မှတ်ဘဲ အိမ်ထောင်ကျခဲ့တာ ငါ ဘာမှ မမြူဆွယ်ဘူး''


"အဟက် သူခိုးက ခိုးပါတယ်လို့ ဖြေမလား''


"ရတယ် နင်ဘယ်လိုပြောပြော ငါ့စိတ်ဓာတ်ကို ဦး သိရင် ရပြီ''


"အဟက် အေး ကပ်နိုင်သမျှ ကပ်ထားအုံးပေါ့၊ ငါကလည်း မရရအောင် ခွဲပြမှာ၊ ဆည်းဆာနဲ့ ဝေးဝေးနေ''


ပန်ထွာတေး ဒေါသတကြီး ပြော၍ လှည့်အထွက် ကိုယ့်ခြေတောက်ကိုယ်ပြန်နင်းမိကာ လဲကျသွားလေသည်။ ပျိုလည်း သူမအရှေ့မှာမို့ စိတ်ဆိုးတာမဆိုးတာ အသာထား ကိုယ့်မျက်စိရှေ့မှာမို့ အမြင်မတော်တာနဲ့ လက်က အလိုလို ကမ်းလျက်သား ဖြစ်သွားသည်။


"ကျစ် ဖယ်စမ်း''


ကြည့်မရပါဘူးဆိုမှ ကူညီချင်သလိုလို ရောချင်သလိုလို လုပ်နေတာကြောင့် အမြင်ကပ်ကပ်နဲ့ လက်ကို ပုတ်ထုတ်လိုက်သည်။ 


မာနအခံဖြင့် ပုတ်ထုတ်လိုက်ပေမယ့် ခြေတောက်က ခေါက်သွားတာကြောင့် ရပ်မရပြုမရ ဖြစ်နေသည်။ ဒါကို ပျိုက တချက်ကြည့်၍ အခန်းထဲ ဝင်သွားတော့ ပန်ထွာတေး နှုတ်ခမ်းလေး ရွဲ့မိသည်။ အဟက် စေတနာထားချင်ယောင်ဆောင်ပြီး အခုတော့ မျက်နှာဖုံးက ကွာပြီ..


တခဏကြာတော့ ဆေးဘူးလေးလို ပုလင်းလေး ယူလာ၍ ပြန်ထွက်လာကာ ပန်ထွာတေးနံဘေး၌ ကပ်လျက် ထိုင်ချ၍ ဆေးဘူးဖွင့်ကာ ဆေးရည်အချို့ကို ယောင်နေသော ခြေတောက်တွင် လိမ်းပေးလိုက်သည်။


''အာ ဘာဆေးတွေလဲ လာမလိမ်းနဲ့''


''ဘာဖြစ်နေတာလဲ ဆေးပဲလိမ်းတာကို အရမ်းဖြစ်ပြမနေနဲ့ ဒီမှာ ငါတို့ရွာက လက်စွဲဆေး ဒါလိမ်းပြီးရင် ယူပစ်သလို ချက်ချင်း ပျောက်မှာ ငြိမ်ငြိမ်နေစမ်းပါ''


လူတစ်ယောက်ရဲ့ခြေတောက်ကို ထိဖို့ ဆိုတာ ပန်ထွာတေး တသက်နဲ့တကိုယ် တခါမှ မစဥ်းစားဖူး။ ဒါပေမယ့် အရှေ့က မိန်းမကတော့ ဘာမှ စဥ်းစားပုံမရပဲ ဆေးရည်တွေကို ပန်ပန် ခြေတောက်တွေကို နှံ့အောင် လိမ်းပေးနေသည်။ 


အလကား အမှတ်လိုချင်လို့ ဖားနေတာ အဟွန်း အကျင့်ကိုက..


ဆေးတွေ လိမ်းပြီးသွားတော့ ခြေတောက်တွေက နည်းနည်း သက်သာသွားသလို ခံစားရသည်။ ပျို ဆိုတဲ့ မိန်းမမျက်နှာမှာတော့ ကိုယ့်ကို မကျေနပ်တဲ့ အရိပ်အယောင်တွေ မတွေ့ရ။


ဒီမိန်းမ ဟန်ဆောင်ကောင်းချက်..။


❤❤


ဆက်ရန် 

Mone Pann Myau(Shin Hlwan Mal)


#ဦးနှုတ်ခမ်းညိုညိုလေးကိုနမ်းမယ်


😘


rate now: