book

Index 6

(Part 6)

ဦးနှုတ်ခမ်းညိုညိုလေးကိုနမ်းမယ်


"ဆည်းဆာ နင်က ဘာတက်မှာလဲ ''


"ငါ ecoပဲ တက်မှာ ''


"ဟုတ်လား ဒါဆို နင်နဲ့ ငါ အတူတူပဲ ငါလည်း ecoတက်ဖို့ စဥ်းစားနေတာ၊ နောက်ဆို ငါက ဒယ်ဒီအလုပ်တွေ ဝိုင်းကူလုပ်ပေးရတော့မှာလေ၊ အခုဆို အခြေအနေက အရင်လို မဟုတ်တော့ဘူးလေဟာ၊ ငါတို့ မိသားစုကြား သူစိမ်းက ဝင်လာပြီ၊ မိထွေး ဆိုတာ ဘယ်မှာ ကောင်းဖူးလို့်လဲ၊ ဒယ်ဒီ ပိုင်ဆိုင်မှုတွေ  မိထွေးလက်ထဲ မရောက်ခင် ငါက အစွမ်းကုန် ကာကွယ်ပေးမှာ''


"ပန် ဦးခွင်းမိန်းမက နင် ပြောသလိုလည်း အခြေအနေ မဆိုးပါဘူး၊ အခု​တောင် ကလေးစိတ်က ပျောက်ချင်မှ ပျောက်မှာ ''


ပန်ထွာတေး စကားကို ကာဆီးကာဆီး ပြောလာတဲ့ ဆည်းဆာရဲ့ အမူအရာကို အကဲခတ်သလို တချက်ကြည့်ပြီး


"အဲ့ဒါက ဟန်ဆောင်နေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့၊ နေဝန်းတောင် အဲ့ဒီ မိန်းမနဲ့ လစ်ကနဲ လစ်ကနဲ ပျောက်ပျောက်သွားပြီး စကားတွေ သွားသွား ပြောနေတယ် ''


"ကလေးပဲဟာ လွှတ်ထားလိုက်စမ်းပါ နင်ကလည်း ''


"နင်ကလည်း နေဝန်းကို အလိမ်အညာနဲ့ ကပ်နေတာဆို နင် ဘယ်လိုလုပ်မလဲ ''


ပန်ထွာတေး ပျိုအပေါ် အမြင်မကြည်တာနဲ့ သိမ်းကြုံး မဲနေတာ တွေ့တော့ အဆင်မပြေ။ ပန်နဲ့ ငယ်ကတည်းက ရင်းနှီးလာသူမို့ သူ ငြိုးရင် ဘယ်လိုမှ လွတ်မှာ မဟုတ်မှန်း သိသည်။ ပြဿနာတွေ တစ်ခုပြီးတစ်ခု လိုက်ရှာပြီး အပြစ်ဖွဲ့တော့မှာ။ ဦးခွင်းမိန်းမအစား ဆည်းဆာ ရင်မောသည်။


အောက်ထပ်မှာ သူတို့ ပြောနေတာ ကြားတော့ ပျို ဘယ်တက္ကသိုလ် ရွေးရမှန်း မသိသေး။ 


အပေါ်ထပ် ပြန်လာတော့ ဦးခွင်းက ပျိုကို 


"လာအုံး ဒီမှာ ဘာကျောင်းတက်ဖို့ စဥ်းစားထားလဲ ရွေးကြည့်''


လျှောက်လွှာပေါင်း မြောက်မြားစွာ ပျိုအရှေ့ချ၍ ရွေးစေသည်။ ပျိုမှာ ဘာရည်ရွယ်ချက်မှ ကြီးကြီးမားမား မရှိ။ တောသူ ဆိုတဲ့အတိုင်း အချိန်တန်ရင် ကောက်စိုက်အလုပ် သူများလယ်မှာ အငှားဝင်လုပ်ရမယ် ဆိုတာပဲ အရိုးစွဲနေတော့ ကြီးလာရင် ဘာဖြစ်ချင်လဲဆိုတာပါ မသိတော့ပေ။


Ecoက ပန်ထွာတေး တက်မည် ဆိုတာ သိတော့ ဝေးဝေးထားလိုက်သည်။ အခြားလျှောက်လွှာကို ကြည့်နေတုန်း ဦးခွင်းက နံဘေးမှာ ဝင်ထိုင်လိုက်ပြီး


"မင်းအမှတ်နဲ့ ecoတက်လို့ ရတာပဲ တက်ပါလား''


ဪ ကိုယ်က သူ့သမီးနဲ့ ဝေးရာမှာ နေမလို့ပါဆို ထိပ်တိုက်တွေ့ဖို့ ပြောနေသလားပဲ။ 


"ဟင့်အင်း မတက်ချင်ဘူး ''


"ဘာလို့လဲ မင်းအသက်က ငယ်ပါသေးတယ် လုပ်ချင်တာတွေ အကုန် လုပ်ခွင့်ရှိတဲ့အရွယ်၊ မတော်လို့ အစစအရာရာ အဆင်မပြေတော့ရင် စီးပွားရေးကို မင်းကိုယ်တိုင် လုပ်လို့ ရတာပေါ့ ''


ဦးခွင်းက အကြံပေးသလို ဆိုလာပေမယ့် ပန်ထွာတေး ရှိတဲ့နေရာတွေ တတ်နိုင်သမျှ ရှောင်ဖို့ စဥ်းစားမိတော့ ခေါင်းအတွင်တွင် ခါရမ်းလိုက်သည်။


''ဟင့်အင်း မတက်ချင်ဘူး ''


''ပျိုယုသဒ္ဒါ မင်းအမှတ်က ecoတက်လို့ ရတယ်၊ ecoပဲ တက်''


တချက်လွှတ်အမိန့် ယတိပြတ် ​မိန့်လာသော ဦးခွင်းကို ပျို ခပ်ငေးငေးလေး ကြည့်မိသည်။ အစက ဘယ်တက္ကသိုလ်တက်မှာလဲ ဆိုပြီး ရွေးချယ်ခွင့် ရှိသလိုလိုနဲ့ နောက်ဆုံးတော့လည်း ဦးခွင်း ပုံသွင်းသလို ပျို လိုက်ကရတာပါပဲ။ ဒါနဲ့များ လာမေးနေလိုက်သေး။ ပျိုတော့ ပန်ထွာတေးနဲ့ ကျောင်းမှာ ဘယ်လို ရင်ဆိုင်ရမလဲ ဆိုတာပဲ ချွေးပြန်နေရသည်။


❤❤


''ကိုသော် ခဏလာအုံး''


''ဟုတ် ပန်ပန် ဘာခိုင်းမလို့တုန်း''


ကိုသော် ဆိုတာ ရင်ခွင်းမြှားအိမ်က ခြံစောင့်အလုပ်သမား။ ဒီအိမ်မှာ အလုပ်လုပ်တာ သက်တမ်းကြာနေပြီး အရမ်းကို ယုံကြည်စိတ်ချရတဲ့ အလုပ်သမားတစ်ယောက်။


''ဟိုမှာ ဟိုမိန်းမက အပြင်သွားမလို့တဲ့ ခေါ်နေတယ် သွားတွေ့လိုက်အုံး''


''ဟုတ် ဟုတ်''


ကိုသော်က ခြံစောင့်လည်း ဟုတ်သလို ဒရိုင်ဘာလည်း ဟုတ်သည်။  ပန်ထွာတေးနဲ့ နေဝန်းတို့ အပြင်သွားရင် ကိုသော်ဘဲ လိုက်ပို့နေကျ။ ရင်ခွင်းမြှားကတော့ သူ့ကား သူမောင်းတာပင်။


ပန်ထွာတေးက ကိုသော် အနောက်ဘက် ခဏလှည့်လိုက်တဲ့ချိန် နောက်ကျောမှာ မြွေရုပ်အတုကို ဖျတ်ခနဲ ကပ်လိုက်သည်။


ခြံလေးထဲ သံလုံးလေးနဲ့ ထိုင်နေသော ပျိုယုသဒ္ဒါအနား ကိုသော် သွားလိုက်၍


''မပျို သွားစရာရှိတယ်ဆို ဘယ်သွားမလို့လဲ''


''ဟင် ဘယ်မှ သွားစရာ မရှိပါဘူး ဘာလို့လဲဟင်''


ဟုတ်တယ် ပျိုမှာ အသိလည်း မရှိသလို သွားစရာလာစရာလည်း မရှိဘူး ။ ဒါကို ကိုသော်က ဘာတွေ လာမေးနေတာလဲ။


''ဟုတ်လား ကျွန်တော်က သွားစရာ ရှိတယ် မှတ်နေတာ''


''ဘယ်မှ မရှိပါဘူး ကိုသော်ရဲ့''


''ဟုတ် ဒါဆို ကျွန်တော် အလုပ်ပြန်လုပ်လိုက်အုံးမယ်''


ကိုသော်က လုပ်လက်စ အလှပန်းအိုးတွေနား သွားဖို့ နောက်လှည့်လိုက်ရာ ပျို ကိုသော် နောက်ကျောက ​မြွေကို မြင်၍ ရုတ်တရက် လန့်ဖြတ်သွားကာ ထအော်လေသည်။


''အားး မြွေ မြွေ..''


ပျို လန့်ပြီး ထခုန်တော့ မြေကြီးပေါ် ဖင်ထိုင်လှိမ့်ကျသည်။ ကိုသော်လည်း မြေကြီးပေါ် လဲနေသော ပျိုကို လာထူပေးသည်။ 


''အား ကိုသော် နောက်ကျောမှာ မြွေ..မြွေကြီး''


ပျိုတို့တောမှာ မြွေတို့ ကင်းတို့ အမြဲတွေ့ရပေမယ့် ပျိုက မြွေကိုတော့ အရမ်းကြောက်သည်။ ပျို ပြူးပြူးပြဲပြဲ ပြောတော့ ကိုသော်က လက်နဲ့ နောက်ကျောကို စမ်းလိုက်ချိန် မြွေရုပ်က လက်တွင် ပါလာသည်။


''ဟင် မြွေအတုပဲ ဘယ်က ဘယ်လို ပါလာတာလဲ မသိဘူး ''


ကိုသော်က ပြောလည်းပြော မြွေအတုကို ပျိုအရှေ့ မြှောက်ပြသည်။ မြွေအတု ဆိုပေမယ့် အစွယ်ထွက်နေပြီး ပြူးပြူးကြီး ကြည့်နေတာကိုတော့ ပျို ​ကြောက်ရသည်။


''ကိုသော် အဝေးကို ပစ်လိုက်စမ်းပါ''


''ဟင် အေးအေး ပစ်လိုက်ပြီ''


နှစ်ယောက်သား စကားပြောနေကြတာ ဖြစ်တာကြောင့် ​မြေကြီးပေါ် ကိုသော်နဲ့ပျိုက နီးကပ်နေလေသည်။


''ဒယ်ဒီ ဟိုမှာ မြင်လား၊ ဒယ်ဒီ ခေါ်လာတဲ့ မိန်းမ ကိုသော်နဲ့တောင် မရှောင်ဘူး ''


အခန်းထဲ အလုပ်လုပ်နေစဥ် ပန်ထွာတေးက ဝင်လာပြီး ပြစရာရှိတယ် လိုက်ခဲ့ ဆိုတော့ အလုပ်တွေ ပြစ်ပြီး အောက်လိုက်လာခဲ့သည်။ တွေ့နေရတဲ့ မြင်ကွင်းက ဘယ်လိုမှ အဆင်မ​ပြေ။ နှစ်ယောက်သား စကားပြောနေကြတာ ဒီလောက် နီးကပ်နေဖို့ လိုလို့လား။


''တောက်စ်! ..''


ရင်ခွင်းမြှား ခြေလှမ်းကျဲကြီးနဲ့ ပျိုရှိရာသို့ သွားလေသည်။ ပန်ထွာတေး ကျေနပ်လွန်းလို့ နှုတ်ခမ်းက ရွဲ့​စောင်းနေသည်။ ဒယ်ဒီရဲ့ ဒေါသကို သိနေတော့ ဒီကိစ္စက လွယ်လွယ်နဲ့ ကျော်မသွားနိုင်တာ သိတော့ ကျေနပ်ရသည်။ 


''လာခဲ့စမ်း''


ခုနက ကျခဲ့တဲ့ အရှိန်နဲ့ ခြေကျင်းဝတ်က နာနေပါတယ်ဆိုမှ ဦးခွင်းက လက်နှစ်ဘက်ကို ဆွဲကိုင်၍ ထူလိုက်ပြီး 


''ဟင် ဦးခွင်း နာတယ် ''


''လာခဲ့.. ''


ပြောပြီး လက်ကို တရွတ်တိုက်ဆွဲကာ အပေါ်ခေါ်သွားလေသည်။ ဘာကို ဒေါသထွက်နေမှန်းလည်း ပျို မသိ။ ပျိုဘာသာ အေးအေးနေနေတာပါ ပန်ထွာတေးနဲ့ အဆင်ပြေအောင်နေလို့ မှာထားလို့ ပျို ပန်ထွာတေး ပြောသမျှ ခေါင်းငုံ့ခံနေသေးသည်လေ။


''အ့..''


''ဘာကိစ္စ ငသော်နဲ့ သွားရှုပ်နေတာလဲ''


''ရှင့် ပျိုက ဘာလုပ်လို့လဲ ''


''ကျစ် မင်းတို့နှစ်ယောက် ဖက်လဲတကင်း ဖြစ်နေကျတာလေ ပျို ၊ ဒီနေရာက မင်း နေခဲ့တဲ့ တော မဟုတ်ဘူး ၊ ဒီအိမ်မှာ ဖြစ်သမျှတိုင်းက ငါရဲ့ ဂုဏ်သိက္ခာနဲ့ ဆိုင်တယ် ၊ ပြီးတော့ မင်း.. မင်းက ငါ့မိန်းမ ဖြစ်နေသရွေ့ မင်းဘာလုပ်လုပ် ငါနဲ့ ဆိုင်တယ် ''


''အခု ပျိုက လဲကျနေလို့ လာထူပေးတာလေ၊ အဲ့ဒါ ဘာဖြစ်လို့လဲ၊ မသိရင် ဦး ပြောတဲ့ပုံက ပျိုကပဲ ကိုသော်နဲ့ မရှင်းတရှင်းဖြစ်နေသလို..''


''အေး အဲ့လိုပုံစံတွေ ထွက်နေလို့ ငါ ပြောနေရတာ ပျို ၊ ငါက မင်းကို မင်းမိဘတွေနဲ့တော့ မတူလောက်ဘူး ထင်ခဲ့တာ၊ တကယ်က မင်းက မင်းမိဘတွေအတိုင်းပဲ အလိုရမ္မက် ကြီးတယ် ''


''ဟင်.. ''


ဦးခွင်းဆီက ကြမ်းကြမ်းတမ်းတမ်း စကားတွေ ကြားတော့ ပျို ဝမ်းနည်းလွန်းလို့ ငိုမိသည်။ ဘာလို့ ဒီလောက် ဒေါသတွေ ထွက်နေရတာလဲ။


''မင်းအမေနဲ့ ပထွေး ဆိုတဲ့ အကောင်က ဘယ်လောက် လောဘတွေကြီးသလဲ သိလား ၊ မင်းကို ငါ့ဆီ ထိုးအပ်လိုက်တာပဲ ကြည့် ၊ ငါက ဘယ်လောက်ပဲ မူးမူး မိန်းမတစ်ယောက်ကို ​ဖျက်ဆီးနိုင်လောက်တဲ့အထိ မယုတ်မာသေးဘူးကွ၊ မင်းအမေနဲ့ ပထွေး ပေါင်းကြံပြီး မင်းကို ငါ့ဆီထိုးအပ်လိုက်တာပဲ ၊ ဒီကိစ္စတွေထဲ မင်းတောင် ပါချင် ပါနေမှာပေါ့''


ဦးခွင်း ပါးစပ်က ထွက်လာတဲ့ စကားလုံးတိုင်းက ပျိုရင်ကို ဆူးနဲ့ ထွင်းနေသလို။


''မဟုတ်ဘူး ပျိုက အဟင့်.. ''


''ငသော်နဲ့ ဝေးဝေးနေ တောက်စ်.. ''


ဦးခွင်းက ဒေါသတကြီး ကြိမ်းမောင်းကာ အခန်းတံခါးကို ဒုန်းခနဲမြည်အောင် ပိတ်ပြီး ထွက်သွားလေသည်​။ မျက်ရည်တွေနဲ့ ပျို ကျန်ခဲ့ပေမယ့် ဦးခွင်းက ပျိုငိုနေတာကိုပဲ စိတ်ပျက်ဒေါသကြီးနေပုံ။


ကိုသော်နဲ့မရှင်းတရှင်း ဖြစ်နေတာတဲ့..  ရင်နာလိုက်တာ ဦးရယ်.. ရင်ခုန်သံတွေ ဘယ်မှာမှန်းတောင် မသိသေးတဲ့အချိန် ဦးနဲ့ပဲ ပတ်သက်ခဲ့မိတာ.. ပျို စိတ်ထဲ တချိန်လုံး ဦးပဲ ရှိနေခဲ့တာကို ဦးက ပြောရက်သည်။


အခန်းအပြင်ကနေ ခိုးနားထောင်နေတဲ့ ပန်ထွာတေးက ပျိုရဲ့ ငိုသံကြောင့် သူမအကြံအစည် အထမြောက်သွားသလို ခံစားရတာကြောင့် ဝမ်းသာကျေနပ်ရသည်။ အဟက် အခုမှ အစပဲ ရှိသေးတယ် ပထမတချက် လှော်ပေးလိုက်တာနဲ့ ပြဿနာတွေက စပြီ.. အဟက်.. ။


❤❤


''တောက်စ်ကွာ..''


''ဟားဟား ခွင်းတို့များ ငါ့အိမ်ထိ လာပြီး ပေါက်ကွဲရတယ်လို့''


ရင်ခွင်းမြှားရဲ့ တစ်ဦးတည်းသောသူငယ်ချင်း ရတုပိုင်က အရက်ခွက်ကို မြောက်ပြ၍ ရယ်ကာမောကာ ပြောလာသည်။ ဒီကောင်ကြီး နယ်ဘက်သွားတာ မိန်းမရလာတဲ့အကြောင်းတော့ ကြားလာပါရဲ့။ တခါမှတော့ မမြင်ဖူးသေး။ အခုက မိန်းမအသက်စက်စက်လေးနဲ့ ရန်ဖြစ်ပြီး အိမ်မပြန်တော့ဘူးပဲ ပြောနေတော့ ခက်ပြီလေ။


''ဟေ့ကောင် မနောက်နဲ့ ငါဒေါပွနေတာနော်''


''ဟားဟား အေးပါ မင်းကလည်း ဒီလောက်အသက်ငယ်တဲ့ မိန်းကလေးကို ယူထားပြီး ချော့ချော့မော့မော့ ပြောမှပေါ့ကွ၊ အခုဟာက သူ့ထက် အသက်ထက်ဝက်ကြီးတဲ့ ယောကျာ်းလည်း ရထားသေးတယ်၊ အအော်ခံရအဆူခံရနဲ့ ကြာရင် မင်းဒဏ်မခံနိုင်ဘဲ ရွာပြန်ပြေးသွားမှ မိန်းမရယ် ဦးဆီက ထွက်မသွားပါနဲ့ ဆိုပြီး လိုက်ဆွဲနေရမယ် ကြည့်ကြပ်တော့လုပ် ဟားဟား ''


''xီး.. ''


ရင်ခွင်းမြှား ထန်းရည်သောက်ပြီး ကိစ္စတွေ ကမောက်ကမတွေ ဖြစ်ကတည်းက သေရည်ကို ရှောင်ခဲ့တာ ဒီနေ့အထိ။ ဒါပေမယ့် ညစ်လွန်းလို့ ရတုပိုင်အိမ်ကို လာပြီး တခွက်တဖလား မော့နေသည်။ ရတုပိုင်က လူပျိုကြီး တစ်ယောက်တည်းသမား ဆိုတော့ စိတ်ကြိုက်သောက်လို့ ရပြီး မူးသွားရင်လည်း ဒီမှာပဲ အိပ်လို့ ရသည်။


အိမ်မှာ ပျိုနဲ့ စကားများကြတုန်းက ဒေါသအလျောက် အော်ပြီးတော့မှ ပျိုရဲ့ မျက်ရည်တွေ မြင်ပြီး ထပ်မပြောမိဖို့ ထိန်းထားပေမယ့် မျက်လုံးထဲ ငသော်နဲ့ ပျိုက ရင်းရင်းနှီးနှီး ဖက်လဲတကင်း လုပ်နေတဲ့ပုံတွေ ပေါ်လာတော့ ဒေါသက ချုပ်ထားမနိုင်တော့။ 


''ဟေ့ကောင် ခွင်း ငါ တကယ်ပြောနေတာနော် အေး ပြီးမှ မင်းကို ပြစ်သွားလို့ လာမငိုနဲ့''


''ငပိုင် အခုလည်း သူ့ကို ဘယ်သူမှ ရိုက်နှက်ပြီး မခေါ်ထားဘူး အခုက ငါ့မျက်စိအောက်မှာ နေပြီး အနေအထိုင်မတက်လို့ ​ပြောနေရတာ၊ ပြောရင်လည်း ငိုဖို့ကလွဲပြီး ဘာမှမသိဘူး၊ သူနဲ့ငါက ချစ်လို့ ကြိုက်လို့ ယူခဲ့တာလည်း မဟုတ်ဘူး၊ သူ့ပထွေးဆိုတဲ့အကောင် ယုတ်မာလို့ ဖြစ်သွားရတာ၊ ဒါပေမယ့် နည်းနည်းပါးပါးတော့ ငါ့မျက်နှာ ထောက်သင့်တယ်''


''မင်း မြင်တာကိုပဲ ဇွတ်ပြောနေလို့ မရဘူးလေကွာ၊ မင်းကလည်း ဖြေရှင်းချက် တောင်းအုံးမှပေါ့၊ မင်းက သူ့ကို ခေါ်လာကတည်းက မယားမှတ်မှတ်သားမှတ်မှတ် ပေါင်းဖို့ ခေါ်လာခဲ့တာပဲ မဟုတ်ဘူးလား၊ ပေါင်းဖို့ ရည်ရွယ်ထားရင်လည်း တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်း နေကြလေ၊ မင်းမိန်းမက အခုမှ ၁၉နှစ်သာသာလေးပဲ ရှိသေးတာ၊ စိတ်ယိုင်တာတွေဘာတွေ ကြုံလာရမှာပဲ ဒါကို မင်းက နားမလည်ပေးဘဲ အခုလို ဇွတ်တရွတ်တွေ လုပ်နေရင် မင်းတို့ ပြတ်မှာတော့ သေချာတယ် ''


ရတုပိုင် ဆိုတာ အမြဲခေါင်းအေးအေးနဲ့ စဥ်းစားတတ်ပြီး ခွင်း အကြံအိုက်နေပြီဆို ဒီကောင်က သူငယ်ချင်းကောင်းပီသသည်။ အကြံဉာဏ်လေး လိုပြီဆို ဒီကောင်နဲ့ စကားပြောကြည့်ရင် အဖြေက ထွက်လာတတ်သည်။


ရတုပိုင် ​ပြောသွားတဲ့ စကားတွေက အကုန်လုံး မှန်နေတာကြောင့် ခွင်းကပဲ အလျော့ပေးဖို့ စဥ်းစားထားသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူနဲ့ ပျိုက လင်မယားအရာမြှောက်ပြီးကတည်းက ပျို ဆိုတာ သူ့မိန်းမ ဖြစ်လာပြီလေ။ မကြင်နာရင်နေ မပြစ်ပယ်ထားဖို့တော့ သူ တွေးထားသည်။ 


ပျိုလည်း သူ့လို အသက်ကြီးကြီး ယောကျ်ားတစ်ယောက်ကို ယူမိလို့ စိတ်ညစ်နေလောက်ရောပေါ့..။


❤❤


ဆက်ရန် 

Mone Pann Myau(Shin Hlwan Mal)


#ဦးနှုတ်ခမ်းညိိုညိုလေးကိုနမ်းမယ်


😘😘


rate now: