ဦးနှုတ်ခမ်းညိုညိုလေးကိုနမ်းမယ်
''အွန့် ဦး ပြွတ်စ်.. 💋💋....''
ပျိုယုသဒ္ဒါရဲ့ ပန်းနုရောင်နှုတ်ခမ်းပါးလေး မက်မက်မောမော နမ်းရှိုက်ပြီးမှ နားထင်နဲ့ နားရွက်လေးကို နမ်းလာသည်။ နှစ်ယောက်လုံး အသက်ရှုနှုန်းတွေ မြန်ဆန်နေလေသည်။
ပထမအကြိမ်က ဆေးအရှိန်ကြောင့် ဆိုပြီး ယိုးမယ်ဖွဲ့လို့ရသလို ဒီတခါက ဘာာကြောင့်လဲ။ Baby mild ပေါင်ဒါကြောင့်လို့ ယိုးစွပ်ရင် အားလုံးက ဝိုင်းရယ်မယ့်အဖြစ်။
ရင်ခွင်းမြှား အောက်မှာ သူ့ကို အံသြသလို မော့ကြည့်နေတဲ့ မျက်လုံးများက ခွင်းရင်ကို ဗလောင်ဆူစေသည်။ ပြီးတော့ ပျို ဆိုတာ သူနဲ့ လက်ထပ်ထားတဲ့ မိန်းကလေးဆိုတဲ့ အတွေးဝင်လာတော့ ခွင်း ထိန်းချုပ်ထားတဲ့စိတ်ကို အကုန်လွှတ်ပေးလိုက်မိသည်။ ပန်းရောင် နှုတ်ခမ်းပါးပါးလေးက ကြမ်းကြမ်းတမ်းတမ်း မက်မက်မောမော အနမ်းကြမ်းများ ခြွေမိသည်။
ဒီနှုတ်ခမ်းတွေကို ခွင်း ထိမိရင် ကျော့ကွင်းထဲ ဝင်ရောက်သွားသလို ပြန်လည် နောက်ဆုတ်မရတော့တာလည်း သတိထားမိပြန်သည်။ အသက်ကြီးတဲ့လူက ပိုပြီး ဆင်ခြင်ထုံတရား ရှိရမည်မလား။ ဒါလည်း ခွင်း မတွေးနိုင်တော့။ ရင်ခွင်အောက်က သူမကို တစစီလုပ်ပစ်လိုက်သည် စိတ်သာ ကြီးစိုးနေသည်။
''မင်း အရမ်းလှတယ် ပျို ..ပြွတ်စ် 💋💋..''
ဦးခွင်းဆီက ဒုတိယအကြိမ် ကြားရသည့် စကား။ ကိုယ့်ခင်ပွန်းဆီက အမွှန်းတင်ချီးကျူးသံ ကြားတော့ မပျော်ဘဲ ဘယ်နေပါ့မလား။
အသက်ရှုခွင့်တောင် မပေးသော ဦးခွင်းရဲ့ ပခုံးသားကို အားကိုးတကြီးပွေ့ဖက်ကာ ဦးခွင်း ဆန္ဒအတိုင်း...။
❤❤
''ပန် နင် ဆန္ဒပြနေတာဆို''
''ဟုတ်တယ် ဘာလဲ ကြီးပို ဖုန်းဆက်ပြောတာမလား''
အခန်းအောင်းနေတာ ၁ပတ်ပြည့်ပြီး အိမ်ကို ပန်ထွာတေး သူငယ်ချင်း ဆည်းဆာ ရောက်နေတယ် ဆိုတာ ကြီးပိုက လာပြောတော့ အောက်ဆင်းတွေ့ရလေသည်။
''အေး နင်ကလည်း ကလေးကျနေတာပဲ၊ ဦးခွင်းက သန်တုန်းမာတုန်းပဲ ရှိသေးတာလေ၊ မိန်းမ ယူတာ ဆန်းသလား''
''ဆည်းဆာ နင် မသိဘဲ လာမပြောနဲ့ဟာ၊ ငါ့ဒယ်ဒီ ယူတဲ့ မိန်းမက ဘယ်လိုမိန်းမလဲ ဆိုတာ နင် မသိသေးလို့ ဒီစကားပြောတာ''
''ဘာလဲ နင့်အရွယ်ကောင်မလေး ယူလာတာမလား''
ဆည်းဆာက အကုန်သိပြီးတာတောင် ဒယ်ဒီ မိန်းမယူတာ ဘာမှမဖြစ်သလို လာပြောနေသေးတော့ ပန်ထွာတေး ဒေါသထွက်မိသည်။ ဆည်းဆာကို မျက်စောင်းထိုးကာ တဖက်လှည့်လိုက်တော့ ငယ်ပေါင်းသူငယ်ချင်းတွေ ဖြစ်ကြတဲ့ ဆည်းဆာက ပန်ထွာတေး ကောက်ပြီ ဆိုတာ သိလိုက်သည်။
''ပန် ငါက ဒီအတိုင်း ပြောပြတာလေ၊ နင့်ဒယ်ဒီက မိန်းမယူပြီးပြီလေ၊ နင် ဆန္ဒပြနေလို့ ဘာထူးမှာလဲ''
''အေး ငါ အဲ့ဒါပဲ မကျေနပ်တာ၊ ငါ့ဒယ်ဒီက နယ်ဘက်မှာ အလုပ်သွားလုပ်တာ ပြန်လာတာနဲ့ ကောက်ကာငင်ကာ မိန်းမက ပါလာတယ်၊ ဒီမိန်းမ မြူဆွယ်ပြီး ဖြာယောင်းလို့ သိလား''
ပန်ထွာတေး ပြောရင်း ဒေါသက ထွက်လာရသည်။ အဲ့ဒီ ပျိုယုသဒ္ဒါ ဆိုတဲ့ မိန်းမက ဘယ်လောက်များ ကြည့်ကောင်းနေလို့ ဒယ်ဒီက သူမအရှေ့ ကာဆီးကာဆီး လုပ်နေရသလဲ မသိ။
''နင့်ဒယ်ဒီက နင်တို့ မောင်နှမကို အရမ်းချစ်ပါတယ် အဲ့ဒီ မိန်းမ ယူလာလို့လည်း နင်တို့ကို အချစ်ပျက်မှာ မဟုတ်ပါဘူး နင် ယုံစမ်းပါ ပန်ရာ''
ဆည်းဆာ တစ်ဦးတည်းသော သူငယ်ချင်းမလေးကို စိတ်ပြေရာပြေကြောင်း တတ်သလောက် မှတ်သလောက် ဖြောင်းဖြသည်။
ပန်ထွာတေး စိတ်ညစ်သက်သာအောင် ရောက်တတ်ရာရာ စကားတွေပြောပြီး တခဏကြာတော့ ခြေရင်းအနား ကြောင်မဲတစ်ကောင်က ပွတ်သီးပွတ်သပ် လာလုပ်နေသည်။
ညောင် ညောင်..
ဆည်းဆာ ငုပ်ကြည့်တော့ ဒီကြောင်ကို မြင်ဖူးသလို စိတ်ထဲ ဖြစ်သွားပြီး ပန်ထွာတေးက ဆည်းဆာ ခြေရင်းအနား ပွတ်သီးပွတ်သပ် လုပ်နေသော ကြောင်ကို ဒေါသတကြီး ကောက်ယူ၍ အရုပ်လွှင့်ပစ်သလို ကောက်ပေါက်လေသည်။ ကြောင်က အကျနာသွားတော့ တညောင်ညောင်အော်နေတော့သည်။
ညောင်.. ညောင်
''ပန် နင် ဒါဘာလုပ်တာလဲ..''
သံလုံး အသံက နာကျင်ဒဏ်ရာရလို့ အာခေါင်ခြစ်အော်သံကြောင့် ပျို အိမ်ထဲက အပြင်ပြေးထွက်လာသည်။
ပန်ထွာတေးနဲ့ နောက်ကျောကပဲ မြင်ရတဲ့ ယောကျ်ားလေးအနား သံလုံးက ခွေခွေလေး ပုံကျနေတော့ အမြန်သွားကြည့်လိုက်သည်။
ဆည်းဆာ တိရစ္ဆာန်လေးကို ပန်ထွာတေး ဒီလို လုပ်ပစ်တော့ အံသြသလို ကြည့်နေစဥ် အိမ်ထဲက အဖြူအရုပ်လေးက ပြေးထွက်လာသည်။ ဆည်းဆာ ကြည့်ရင်း ဟိုနေ့က ဆုံခဲ့တဲ့ ကောင်မလေးနဲ့ ပန်ပန် လွှတ်ပစ်လိုက်သော ကြောင်က ထိုကောင်မလေးရဲ့ကြောင် သံလုံး ဖြစ်နေမှန်း ချက်ချင်း သိလိုက်သည်။
ထိုမိန်းကလေးကို ဒီအိမ်မှာ တခါမှ မမြင်ဖူးခဲ့။ အခု ဒီအိမ်ထဲက ပြေးထွက်လာတာ မြင်တော့ ဆည်းဆာ ဒီအိမ်နဲ့ ဒီမိန်းကလေးက ဘယ်လို ပတ်သက်တယ် ဆိုတာ မတွေးတတ်တော့။
''ရှုပ်ရှုပ်ယှက်ယှက်တွေ တောက်စ် ကြီးပိုကလည်း မမှာထားဘူးလား မသိဘူး ၊ ကြောင်ရော လူပါ မလိုပါဘူး ဆိုမှ ပွတ်သီးပွတ်သပ်တွေ လာလုပ်နေတယ်''
ပန်ထွာတေးရဲ့ ဒေါသတကြီးပြောလာတော့ ပျို ဘာမှ ပြန်မပြောဘဲ ခြေတောက်လေး ထော့နဲထော့နဲ ဖြစ်သွားတဲ့ သံလုံးကိုသာ ပွေ့ချီလိုက်သည်။ တိရစ္ဆာန်က ဘာသိမှာတဲ့လဲ..။
ပန်ထွာတေးနဲ့ စကားပြောနေတဲ့ ယောကျ်ားလေးကို ပျို မထင်မှတ်ဘဲ အကြည့်ရောက်သွားတော့ ဟိုတနေ့က ကြောင်အတူတူ လိုက်ရှာပေးတဲ့ ကောင်လေး ဖြစ်နေသည်။
ဟိုတနေ့က သူ့ကိုယ်သူ ဆည်းဆာလို့ မိတ်ဆက်ထားတာ ပြန်အမှတ်ရပြီး ကြီးပို ပြောတဲ့ ပန်ထွာတေးရဲ့ သူငယ်ချင်း ဆိုတာ ချက်ချင်း သိလိုက်သည်။
အမှန်ဆို နည်းနည်းပါးပါး သိနေတာကြောင့် အစက ပြုံးပြမလို့ပင်။ ဒါပေမယ့် နံဘေးက တချိန်လုံး ကိုယ့်ကို ရန်လိုစူးရှတဲ့ အကြည့်တွေနဲ့ ကြည့်နေတဲ့ ပန်ထွာတေးကြောင့် ပျို မသိသလိုလုပ်ပြီး သံလုံးကို ချီကာ အိမ်ထဲ ပြန်သွားလိုက်သည်။ သံလုံးကို လိမ်းပေးဖို့ ဆေးက ကြီးပိုပဲ မေးရတော့မည်။ ကိုယ့်ကို မကျေနပ်တာနဲ့ ဘာမှမသိတဲ့ တိရစ္ဆာန်ကို အပြစ်ပုံချတာတော့ ပျို စိတ်မကောင်း။ ရွာကနေ သံလုံးကို ခေါ်လာမိတဲ့ ပျို ကိုယ့်ကိုကိုယ် အပြစ်တင်မိသည်။
ပျို ဆိုတဲ့ မိန်းကလေး အိမ်ထဲ ဝင်သွားတော့မှ ဆည်းဆာ ပန်ထွာတေးကို မေးလိုက်သည်။
''ဒီမိန်းကလေးက ဘယ်သူလဲ ''
''သူပေါ့ ငါ့ဒယ်ဒီ ယူလာတဲ့ နောက်မိန်းမလေ''
''ဘာ! ..''
ပန်ထွာတေး ပြောလာတဲ့ စကားအဆုံး ဆည်းဆာရဲ့ အာမေဋိတ်အသံက ဟိန်းခနဲ ထွက်လာသည်။ လုံးဝ မထင်မှတ်ထားတာကြောင့် ကြားရတာ ရှော့ဖြစ်သွားရသည်။ ဒီမိန်းကလေးက ဦးခွင်းရဲ့ မိန်းမ ပန်ထွာတေးရဲ့ မိထွေးပေါ့။
မနေ့တနေ့ကမှ တွေ့တဲ့ မိန်းကလေးတစ်ယောက်ကို ဆည်းဆာ ရင်ခုန်ပြီး ထိုမိန်းကလေးနဲ့ ပြန်တွေ့ဖို့ ဆုတောင်းနေခဲ့တာ။ ဆုတောင်းက ပြည့်တော့ပြည့်ပါရဲ့။ ကောင်မလေးက ပိုင်သူ ရှိထားနှင့်ပြီးသားတဲ့လေ။ ကိုယ့်သူငယ်ချင်းအဖေနဲ့ လက်ထပ်ထားတာတဲ့။ တချို့သော ဆုံတွေ့ခြင်းတွေက နောက်ကျသွားခဲ့တာမျိုး..။
❤❤
ပျိုယုသဒ္ဒါ ဦးခွင်း အလုပ်သွားချိန် အခန်းအပြင်တောင် မထွက်တော့။ မတော်လို့ ပန်ထွာတေးနဲ့ တွေ့ရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာ စိုးလို့။ ဦးခွင်းလည်း မှာထားတယ်မလား သူ့သမီးနဲ့ ပြဿနာ မဖြစ်ဖို့။
ဦး အလုပ်သွားချိန် ပျိုနဲ့ သံလုံးက အကျယ်ချဲ့မိနေသလို အခန်းထဲမှာပဲ နေများသည်။ ဒီအိမ်ကို စရောက်ကတည်းက မပြောင်းလဲလာတာကတော့ ဦးနဲ့ ပျိုရဲ့ ဆက်ဆံရေးပင်။
ထိုစဉ် အခန်းတံခါးလေး ပွင့်လာ၍ အခန်းဝကနေ ပြူတစ်ပြူတစ် လာကြည့်နေတဲ့ နေဝန်းသစ်က ပျိုကို စကားပြောချင်နေတဲ့ပုံ။
သူ့အစ်မ ပန်ထွာတေးနဲ့ ပြဿနာတက်ထားတော့ နေဝန်းက ပျိုကို ဟက်ဟက်ပက်ပက် မပြောဘဲ ဖာသိဖာသာ နေနေတာပင်။ ဒီနေ့ကျမှ ပျိုကို လာချောင်းနေတော့ ကုတင်ပေါ်က ဆင်း၍ နေဝန်းရှိရာသို့ လျှောက်သွားလိုက်ပြီး
''နေဝန်း ဘာလာလုပ်တာလဲ ဦးကို လာရှာတာလား''
''မဟုတ်ဘူး မာမီ့ကို ''
''ဟယ် ငါ့ကို မာမီလို့ မခေါ်ပါနဲ့ဆို ''
''သိဘူး ခေါ်မှာပဲ''
ပျို ဘယ်လိုပြောပြော နေဝန်းက မာမီ ဆိုတဲ့ အခေါ်အဝေါ်ပဲ ဆက်ခေါ်နေတော့ စိတ်ညစ်သွားရသည်။ ဗြုန်းစားကြီး ကလေးရဲ့ အမေ ဖြစ်သွားတဲ့ ခံစားချက်ကြီးက ဘယ်လိုမှန်းလဲ မသိ ။ အမှန်တိုင်းပြောရရင် ကိုယ့်ကိုကိုယ် သူတို့တွေရဲ့ မိထွေးလို့တော့ မခံယူထား။
''အေးဟာ ခေါ်ချင်လည်း ခေါ်တော့ အေး ဒါပေမယ့် လူအရှေ့ရောက်ရင် ငါ့ကို မပျိုလို့ပဲ ခေါ် သိလား မုန့်ဝယ်ကျွေးမယ်''
ပျို နေဝန်း လက်ခံနိုင်လောက်တဲ့ အနေအထားမျိုး ပြောကြည့်တော့ အဆင်ပြေသွားသည်။ တကယ်တမ်း နေဝန်းကို မုန့်ဝယ်ကျွေးဖို့ ပျိုမှာ ပိုက်ဆံတောင် ရှိတာ မဟုတ်ဘူး ဦးဆီမှာ တောင်းပြီး ကျွေးရမှာ.. ။
''ပြီးရော မာမီ သား ပျင်းတယ် ကစားကြမယ်လေ''
''အာ နင့်အစ်မနဲ့ သွားကစားပါလား လူကို ကစားဖော်များ မှတ်နေ''
''မပန်က လူကြီးဖြစ်သွားလို့ ကစားလို့ မရတော့ဘူးတဲ့''
''အော် ငါက နင်နဲ့ ကစားလို့ ရသေးတယ်ပေါ့''
''ဟုတ်တယ် ''
သူ့အစ်မနဲ့ သွားမကစားဘဲ ပျိုကိုပဲ ကစားဖို့ လာလာခေါ်နေသည်။ နေဝန်းက ကစားချင်တဲ့စိတ်နဲ့ မျက်လုံးတွေတောင် အရောင်တောက်လို့။ အမှန်လည်း ပျိုလည်း ပျင်းနေတာပင်။
''အဲ့ဆို ကစားမယ်လေ ဘာကစားမှာလဲ''
''တူတူပုန်းတမ်း!..''
''အာ အဲ့ဒါကလေးကစားနည်းတွေလေ မကစားချင်ပါဘူး ပျင်းစရာကြီး ဂေါ်လီပစ်တမ်း ဆော့မယ် ''
''အာ တောကစားနည်းတွေ သား မကစားချင်ပါဘူး''
ပျိုလည်း ကလေးနဲ့အပြိုင် မငြင်းချင်တော့တာကြောင့် နေဝန်း ကစားချင်တဲ့ကစားနည်းကိုပဲ ရွေးချယ်ဖြစ်ခဲ့သည်။ ထိုအခါမှ နေဝန်းက ဝမ်းသာအားရ ထခုန်ပြီး
''အဲ့ဆို သား ပုန်းမယ်''
''ဘာ ဒီမှာ နေဝန်း နင် အဲ့ဒါတော့ များသွားပြီ နင့်ကစားချင်တဲ့ ကစားနည်းလည်း လိုက်ကစားပေးရသေးတယ်၊ နင်က အရင်ပုန်းသေးတယ် မရဘူး ငါအရင် ပုန်းမယ်ဟာ''
''ပြီးရော အဲ့ဆို စရေပြီနော် ၁..၂..၃..၄..''
''ခိုးမကြည့်နဲ့နော် ၅၀အထိ ရေ..''
ပျိုတစ်ယောက် အခန်းထဲမှာ ဘယ်မှာ ဝင်ပုန်းလို့ ပုန်းရမှန်းမသိ ဖြစ်နေချိန် ဦးခွင်းရဲ့ အဝတ်ဘီဒိုစင်ကြီးကို သတိရလိုက်သည်။ ဘီဒိုကြီးက ပျိုတစ်ယောက်စာ လုံလုံလောက်လောက် ဝင်ပုန်းဖို့ ဆံ့သည်။
'' ပြည့်ပြီ လာပြီနော် မာမီရေ သား လာပြီ..''
နေဝန်းက အသံလေးပေးပြီး လာဖို့ အော်တော့ ပျို နှုတ်ခမ်းလေး ရွဲ့စောင်းမိသည်။ အဲ့ဒီ မာမီဆိုတဲ့ ဝေါဟာရကို တော်တော်ခေါ်ချင်နေတာလားနော်..။
''မာမီရေ ..ဘယ်မှာလဲ ''
နေဝန်း တခန်းလုံး ပတ်ရှာနေတာ သိတော့ ပျို တိတ်တိတ်လေး ခိုးရယ်မိသည်။ နေဝန်းကလည်း ရေချိုးခန်း အိမ်သာ နေရာအနှံ့ သွားရှာနေပြီး ဘီဒိုကျတော့ လာမရှာ။ တအောင့်လောက်ကြာတော့ နေဝန်းလည်း ရှာမတွေ့တာနဲ့ ပျို ဘီဒိုလေးထဲ ပုန်းနေရတာ ညောင်းလာသည်။
ထိုစဉ် အခန်းတံခါးဖွင့်သံ ကြားရပြီး နေဝန်းရဲ့ အသံစူးစူးလေးက ထွက်လာသည်။
''ဒယ်ဒီ ပြန်လာပြီ''
''လာပါအုံး ဒယ်ဒီဆီ''
"ဟီးဟီး.. ''
နေဝန်းက ခွင်းကို မြင်တာနဲ့ လုံးနေအောင် ပြေးသွား၍ ဖက်သည်။
''သားက ဒယ်ဒီအခန်းထဲမှာ ဘာလုပ်နေတာလဲ ဒယ်ဒီကို စောင့်နေတာလား''
''ဟုတ်ဘူး ဟီး မာမီနဲ့ ကစားနေတာ''
နေဝန်းစကားကြောင့် အခန်းထဲ ကလေးမကို မျက်စိဝေ့ကြည့်ရင်း ရှာမိသည်။
''ဟုတ်လား ဘာကစားနေတာလဲ''
''တူတူပုန်းတမ်း''
''ဟားဟား ကဲကဲ မဆော့နဲ့တော့ အောက်မှာ ကြီးပို ခေါက်ဆွဲပြုတ်ပေးနေတယ် သွားစားတော့ ''
''ဟုတ် အာဘွား ''
နေဝန်း ရင်ခွင်းမြှားကို အာဘွားပေးပြီး ဆင်းပြေးသွားလေသည်။ ခွင်း အခန်းထဲ ပျိုကို ဝေ့ရှာပြီး ထွက်မလာသေးတော့ ကိုယ်ပဲ လိုက်ရှာရမလို ဖြစ်နေသည်။
ဘီဒိုထဲ ခါးပတ်ချွတ်ပြီး ပြန်ထားဖို့ ဖွင့်လိုက်ရာ အောက်ဆုံးထပ်တွင် ပျိုက ခွေခွေလေး အိပ်မောကျနေသည်။
''ဟား ကလေးမဟုတ်သူငယ်မဟုတ်နဲ့ ဒီကလေးမတော့ ဇက်နာတော့မှာပဲ''
ခွင်းပဲ မနေနိုင်တော့တဲ့အဆုံး ဘီဒိုထဲက ပျိုကို ပွေ့ချီ၍ ကုတင်ပေါ် အိပ်စေကာ စောင်လေး ခြုံပေး သည်။
''ကလေးနဲ့တောင် ကစားလို့.. ဟားး''
ကုတင်ပေါ် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသော ပျိုယုသဒ္ဒါကို ကြည့်ပြီး ခွင်း အားရပါးရ ရယ်မိသည်။ တကယ်ဆို ပျိုက မိထွေးပဲမလား။ ဒါကို ကလေးနဲ့ ကစားလိုက်သေးသည်။ တကယ့်ဟာလေး...။
❤❤
ဆက်ရန်
Mone Pann Myau(Shin Hlwan mal)
#ဦးနှုတ်ခမ်းညိုညိုလေးကိုနမ်းမယ်