book

Index 3

(Part 3)

‌ဦးနှုတ်ခမ်းညိုညိုလေးကိုနမ်းမယ်


ရင်ခွင်းမြှား ကားမောင်းရင်းတစ်လျှောက်လုံး တစ်စုံတရာကို စဥ်းစားရင်း မောင်းလာလိုက်သည်။ ပျိုယုသဒ္ဒါကို ခေါ်ခဲ့တာ ဖြစ်တာကြောင့် အိမ်က သမီးနဲ့သားက လက်ခံပါ့မလား။ မိတဆိုးလေးဆိုးရှာသည့် ပန်ထွာတေးက ပျိုနဲ့က မတိမ်းမယိမ်းလောက်ပါပဲ။ သူ့အမေဆုံးပြီးကတည်းက အဖေ့ကိုသာ ပိုကပ်လာပြီး ဒီဖအေနဲ့ ပတ်သက်ရင် နည်းနည်းလေးမှ အတိမ်းအစောင်း မခံတတ်တာ သိတော့ ဒီကလေးမနဲ့ အဆင်မပြေမှာ စိုးရိမ်သွားရသည်။ 


''မင်း အသက် ဘယ်လောက်လဲ ''


''၁၉ပါ ဦး''


ငယ်တာတော့ သိပေမယ့် ဒီလောက်ကြီး အသက်ငယ်မယ်လို့ မထင်ထားခဲ့။ ကလေးမနဲ့ ကိုယ်က ၁၇နှစ်တောင် အသက်ကွာဟလွန်းနေသည်။ အခုမှ အပျိုအရွယ် ဖြစ်လာမယ့် မိန်းကလေးတစ်ယောက်ကို အညွှန့်ချိုးမိလို့ ခွင်း ကိုယ့်ကိုကိုယ် ဒေါသထွက်ရသည်။ ပန်ထွာတေးလည်း အခုမှ ၁၈ဝန်းကျင်မို့ သမီးနဲ့ ဒီကလေးမက တရွယ်တည်းတွေလို။ နေဝန်းသစ်က အခုမှ ကလေးသာသာအရွယ်လေးမို့ သိပ်ကိစ္စ မရှိပေမယ့် သမီးနဲ့ဒီကလေးမ အဆင်ပြေပါ့မလားဆိုပြီး တွေးပူရပြန်သည်။


''ငါ့မှာ သားတစ်ယောက် သမီးတစ်ယောက် ရှိတယ် ၊ အဆင်ပြေပြေ နေချင်ရင်တော့ သည်းခံပေါ့''


နောင်ဖြစ်လာမည့် မိထွေးနဲ့သမီး ဇာတ်လမ်းတွေ ကြိုမြင်နေတာမို့ ပျိုယုသဒ္ဒါကို ခွင်း သတိပေးပြောမိသည်။ 


''ပျို သည်းခံပါ့မယ်''


''သားက အခုမှ ၅နှစ်သာသာပဲ ရှိနေတော့ မင်းနဲ့ အဆင်ပြေမှာပါ ဒါပေမယ့် သမီးက မင်းနဲ့ ရွယ်တူပဲ၊ သူ့ကိုတော့ မင်း သည်းခံဖို့ လိုတယ်''


''ဟုတ် ပျို သည်းခံပါ့မယ်''


ပျို ဦးခွင်းမှာ သားနဲ့ သမီး ရှိတယ် ဆိုတာ သိကတည်းက အရာရာ တတ်သလောက် မှတ်သလောက် တွေးထားပြီးသား။ ဦးကပါ ထပ်ဆင့် သတိပေးလာတော့ ပျို ဦးခွင်း ပြောတဲ့အတိုင်း သည်းခံဖို့ ဆုံးဖြတ်ထားသည်။ ဦးရဲ့ သတိပေးအသံတွေထဲ မင်းသည်းကိုသည်းခံရမယ် ဆိုတဲ့ အမိန့်အာဏာတွေ ပါဝင်နေခဲ့သည်မလား။


တအောင့်လောက်ကြာတော့ ခြံလေးထဲ ကားလေးက ထိုးဝင်သွားပြီး ရပ်လိုက်သည်။ ကားရပ်ပြီးတာနဲ့ လူတစ်ယောက်က အဆင်သင့် ကားတံခါး လာဖွင့်ပေးတာကြောင့် ပျို သံလုံးကိုထည့်ထားတဲ့ခြင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်၍ လက်တဖက်ကလည်း အဝတ်ထုတ်ကို ဆွဲထားကာ ကားပေါ်က ဆင်းလိုက်သည်။ 


ပျို အရှေ့က ခမ်းနားကြီးကျယ်သည့် စံအိမ်လို အိမ်တော်ကြီးကို မျက်စိတဆုံး မော့ကြည့်မိသည်။ ပျို သိတာက ဦးခွင်း ဆိုတာ ဆန်စက်ရုံပိုင်ရှင်လို့ပဲ သိခဲ့တာမလား။ ချမ်းသာတာ သိပေမယ့် ဒီလောက် ကြီးကြီးတက် ချမ်းသာနေလိမ့်မယ်လို့ လုံးဝ မထင်ထားပေ။ 


ဆန်စက်ရုံဆီက ထွက်လာတဲ့ဆန်တွေကို နိုင်ငံအသီးသီး ပို့ချနေတော့ ဝင်ငွေကို ပျို မခန့်မှန်းတတ်တော့။


ဦးခွင်းက ခုနက တံခါးလာဖွင့်ပေးသော လူငယ်အား ပျိုထံ မျက်ခုံးပစ်ပြလိုက်တော့ ပျို လက်ထဲက အဝတ်အိတ်ကို လာဆွဲပေးသည်။


''လိုက်ခဲ့''


ဦးခွင်းက အရှေ့က သွား၍ ပျိုက အနောက်ကနေ သံလုံးကဆွဲကာ ကြောက်ကြောက်ရွံရွံ လိုက်ဝင်သွားရသည်။ အိမ်ထဲ ရောက်တော့မှ ပန်းဆိုင်းမီးလုံးကြီးတွေက လင်းထိန်နေသလို စားပွဲဆက်တီတွေကလည်း ပျို တခါမှ မမြင်ဖူးတဲ့ အသစ်အဆန်းတွေချည်းပင်။ 


ဦးခွင်းက ကနုတ်ဖော်ထားသော သစ်သားထိုင်ခုံပေါ် ဝင်ထိုင်လိုက်တော့ ဦးရဲ့ အရောင်အဝါက ပိုထွက်လာသလို ရှိန်သွားရတာတော့ အမှန်။ ပျို ထိုင်ခုံပေါ် မထိုင်ရဲတော့ ကိုယ့်မျက်နှာကို ပြန်မြင်ရလောက်တဲ့အထိ ကြည်တောက်နေသော အောက်ခင်းတွင် ထိုင်ချလိုက်သည်။ 


''အပေါ် တက်ထိုင်''


ဦးခွင်းရဲ့ အသံက ဟိန်းခနဲ ထွက်လာတော့ အယောင်ယောင်အမှားမှား သံလုံးကို ဆွဲပြီး ထိုင်ခုံပေါ် ကျုံ့ကျုံ့လေး ဝင်ထိုင်မိသည်။ ထိုစဉ် အသက်ခပ်ကြီးကြီး မိန်းမကြီးတစ်ယောက်က ထွက်လာ၍ အအေးခွက်ကို ဦးထံ ကမ်းပေးပြီး ပျိုကို စိုက်ကြည့်လာသည်။ ကြည့်လာသော အကြည့်တွေကို ပျို မခံဝံ့တော့ လည်ပင်းကြီးကျိုးမတတ် ခေါင်းကို တတ်နိုင်သမျှ ငုတ်ချထားလိုက်သည်။


''မောင်ခွင်း ဒါ ဘယ်သူတုန်းကွဲ့''


''ကြီးပို အဲ့ဒါ ကျုပ်နဲ့ လက်ထပ်လိုက်တဲ့ ကလေးမ''


''ဟင် ဘယ်လို.. ဘယ်လို မောင်ခွင်း သားက နယ်မှာ အလုပ်သွားလုပ်တာမလား၊ ဘယ်ကနေ ဘယ်လို မိန်းမယူလာရတာတုန်း''


''အင်း ကိစ္စက ဒီလိုပဲ ဖြစ်သွားတယ်''


''ကလေးမက အရမ်းငယ်သေးတဲ့ပုံပဲနော် အသက်တွေဘာတွေရော ပြည့်ပြီးရဲ့လားကွယ်''


''၁၉ တဲ့''


''ဟင် ပန်ပန်နဲ့ မတိမ်းမယိမ်းတွေပါလား၊ မောင်ခွင်း ဒီကိစ္စ ပန်ပန် သိရင် မလွယ်ဘူးနော် ''


ကြီးပိုက အရှေ့က ကလေးမကိုတလှည့် ခွင်းကို တလှည့် ကြည့်ပြီး စိတ်ညစ်သလို ပြောလာသည်။ ထိုစဥ် ကလေးလေးတစ်ယောက်က အိမ်ထဲ ပြေးဝင်လာ၍ ဦးဆီ ပြေးဝင်ကာ


''ဒယ်ဒီ ဒယ်ဒီ ပြန်ရောက်ပြီ သားက ဒယ်ဒီကို လွမ်းနေတာရယ်''


ကလေးလေးဆီက အခေါ်အဝေါ်တွေကြောင့် ဒီကလေးက ဦးရဲ့သားလေးမှန်း သိလိုက်သည်။ ကလေးလေးက ချစ်မွှေးပါသလားမသိ။ ပျို ဒီကလေးကို မြင်မြင်ချင်း ချစ်မိသွားတာတော့ ဝန်ခံသည်။


''ဟုတ်လား နေဝန်းက အများကြီး လွမ်းနေတာပေါ့ ''


''ဟုတ်တယ် ဟီးဟီး အများကြီး ''


သားအဖနှစ်ယောက် လုံးလားထွေးလားနဲ့ ဆော့နေချိန် ပျို သိတဲ့ ဦးခွင်းကတော့ အရှိန်အဝါတွေ မရှိနေ။ ပကတိဖြူစင်တဲ့ အပြုံးနဲ့ ကြည်တောက်ရှင်းနေသည်။


''သား ''


''ဗျာ''


''သားအမကရော ''


''မပန်လား မပန်က သူ့သူငယ်ချင်း ကိုကိုဆည်းဆာအိမ်သွားနေတာ''


ပန်ထွာတေးရဲ့ တစ်ဦးတည်းသော သူငယ်ချင်း ဆည်းဆာတဲ့။ ငယ်ကတည်းက ရင်းနှီးခင်မင်တာမို့ ခွင်းအနေနဲ့ ဘာမှ မပြောလိုပေမယ့် အခုလို အပျိုပေါက်အရွယ်တွေ ဖြစ်လာတော့ ဒီကောင်လေးနဲ့ လက်ပွန်းတတီးနေတာကို သိပ်သဘောမကျတော့။ 


''ကြီးပို သမီးက ကျုပ် မရှိရင် ဒီလိုပဲ ဟိုကောင်လေးအိမ် သွားနေကျလား''


''မဟုတ်ဘူး မောင်ခွင်းရဲ့၊ ပန်ပန်က အိမ်မှာ ဆည်းဆာ ကြိုက်တတ်တဲ့ ငါးအစိမ်းသုတ်လုပ်တော့ သွားပို့တာပါ ''


''ဒီကောင်လေး အိမ်ဘက်ရောက်လာရင်လည်း ပန်ပန်ကို မျက်စိဒေါက်ထောက် ကြည့်နေ ကြီးပို၊ စိတ်ကစားတတ်တဲ့အရွယ်တွေ ဆိုတော့ မဖြစ်သင့်တာ မဖြစ်ရအောင်ပေါ့''


''အေးပါ မောင်ခွင်းရယ်''


သမီးကို စိတ်ပူလွန်းလို့ သတိပေးနေပေမယ့် ကိုယ်တိုင်က သမီးအရွယ်ကောင်မလေးကို ယူလာသည်။


''သား ဒယ်ဒီ ပြောတာ သေချာနားထောင်နော်''


''ဟုတ်''


''ဟို..ဒီဘက်က မမက ဒယ်ဒီနဲ့ လက်ထပ်လိုက်ပြီ''


ခွင်း ဒီအကြောင်းအရာကို ဘယ်ကနေ ဘယ်လို စပြောရမှန်း မသိတော့ ပါးစပ်ထဲ ရှိရာအမြန်ပြောလိုက်သည်။ သားက လက်ထပ်တယ်ဆိုတာ နားမလည်သေးတဲ့ အရွယ် ဆိုတော့ ခွင်း ပြောတာ မနားလည်ဘဲ ခေါင်းလေးကုတ်ကာ မော့ကြည့်လာသည်။ ကြီးပိုကပဲ အလိုက်တသိ နေဝန်းသစ်ကို


''မြေးလေ ကြီးပို ပြောပြမယ်၊ ဒီဘက်က မမက သားရဲ့ အမေအသစ် ဖြစ်သွားပြီ''


''အမေသစ် ဟုတ်လား ''


''ဟုတ်တယ် ''


လူကြီးတွေက အမေသစ် ဆိုတော့ ကလေးလည်း အမေသစ်ပေါ့။ ဘာမှ ထွေထွေထူးထူး မမေးလာဘဲ ခေါင်းလေးညိတ်ကာ သွားလေးဖြီးပြနေတာမို့ ပျိုအနေနဲ့ စိတ်သက်သာရာ ရသွားတာတော့ အမှန်။ ဒီအိမ်က ပျိုကို မကြိုဆိုမှာ ကြောက်နေတာရယ်..။


''အခုကစပြီး မမကို မာမီလို့ ခေါ်တော့''


''ဟုတ် မာမီ''


၁၉နှစ်ပဲ ရှိသေးတဲ့ ပျိုကို ဘိုဆန်ဆန် မာမီခေါ်ခံရတော့ စိတ်ထဲ တမျိုးတော့ ဖြစ်သွားသည်။ ဘယ်လိုကြီးမှန်းလည်းမသိ။ တမျိုးတော့ တမျိုးပင်။ 


''ကလေးမ ပင်ပန်းနေပြီ နားခိုင်းလိုက်တော့မယ်၊ ပန်ပန် ပြန်လာမှ အေးဆေး မိတ်ဆက်ပေးကြတာပေါ့''


''အေးအေး နားကြ နားကြ''


ကြီးပိုက ပြောပြီး မီးဖိုချောင်ထဲ ထွက်သွားတော့ ခွင်းက အရှေ့ကနေ ပျိုနေရမယ့် အခန်းကို ပြရန်အရှေ့က အရင်လျှောက်သွားလိုက်သည်။ အနောက်က ကလေးမ လိုက်လာမယ် ဆိုတဲ့အတွေးနဲ့။


အပေါ်ဆုံးထပ်က အခန်းရှေ့ရောက်တော့ အခန်းပြရန် အနောက်ကို ကြည့်လိုက်ရာ ကလေးမက မပါလာခဲ့။ ခွင်း စိတ်တိုတိုနဲ့ ငေါက်မလို့ အောက်ထပ် ပြန်ဆင်းပြီး ခေါ်တော့မလိုပြင်ပြီးမှ သားနေဝန်းသစ်နဲ့ စကားပြောနေတာ တွေ့တော့ ခွင်း မရည်ရွယ်ပါဘဲ တိတ်တိတ်လေး နားထောင်နေလိုက်သည်။


''ဟိုလေ ခုနက ကြီးပို ပြောသလို ငါ့ကို မာမီလို့ မခေါ်နဲ့ သိလား''


''ဟင် ဘာလို့လဲ ကြီးပိုက မာမီလို့ ခေါ်ခိုင်းတာလေ မရဘူး ခေါ်မှာပဲ ''


နေဝန်းသစ်ကလည်း ဇွဲမလျော့တော့ ပျို စိတ်ညစ်သလို မျက်နှာလေးမဲ့ကြလာ၍


''မာမီလို့ ခေါ်ရင် ငါက အရမ်းအိုနေမှာပေါ့ မခေါ်နဲ့ဟာ ဟို မပျိုလို့ ခေါ် ရတယ် ''


''No မာမီဆို မာမီပဲ''


''မပျိုပဲခေါ်ဆို''


''No''


''မပျိုပဲခေါ်လို့ ငါ ငိုချင်လာပြီနော်''


ကလေးနဲ့အပြိုင် ငြင်းခုံနေတာတွေ့တော့ ခွင်း ဘာသွားပြောရမှန်းတောင် မသိတော့။ ဘာတဲ့ မာမီလို့ ခေါ်ရင် ကလေးမက အိုနေသလိုပဲတဲ့.. အင်းပေါ့လေ ၁၉နှစ်သာသာပဲ ရှိသေးတော့ မာမီလို့ ဘယ်အခေါ်ခံချင်ပါ့မလဲ။


''အဟမ်း တက်ခဲ့​တော့''


ပျို ခွင်းရဲ့ အသံကြားတာနဲ့ အထုတ်လေးနဲ့ သံလုံးကို ဆွဲကာ အမြန် လိုက်လာခဲ့သည်။ နေဝန်းသစ်ကတော့ လျှာတစ်လစ်ပြောင်ပြတော့ ငိုမဲ့မဲ့လေးဖြင့် အနောက်က လိုက်လာသည်။ 


''ဝင်''


ခွင်း အခန်းကို တံခါးဖွင့်ပေးတော့ ပျိုက မဝံမရဲလေး ဝင်လာသည်။ ရောက်တာနဲ့ အခန်းတစ်ခုလုံး အဖြူရောင်ကမ္ဘာထဲ ရောက်သွားသလို ပျိုစိတ်ကို လန်းဆန်းသွားစေသည်။ အခန်းက အဖြူရောင် တမျိုးတည်းကိုသာ သုံးထားတာကြောင့် ပျို သဘောကျလေသည်။


အထုတ်လေးကို ဘေးမှာ ချ၍ ခြင်းတောင်းထဲက သံလုံးကို အပြင်ထွက်ခွင့်ပေးတော့ သံလုံးက အော်သံနဲ့အတူ အပြင်ထွက်လာကာ နေရာအစိမ်းဖြစ်တော့ မရင်းနှီးသေးဘဲ ပျိုလက်ကို ဘယ်ညာပွတ်သပ်၍ ကုတင်အောက်သို့ တိုးဝင်သွားလေသည်။


''မင်းအတွက် မနက်ဖြန် ဘီဒို ယူလာပေးလိမ့်မယ်''


''ဟုတ် ''


''မင်း နာမည်က!..''


ဟုတ်တယ် အခုထိ ဦးကပျိုရဲ့ နာမည်ကို မသိရသေး။


''ပျိုယုသဒ္ဒါပါ ဦး''


''အင်း ''


ခွင်း ခေါင်းတချက်ညိတ်၍ ကလေးမ အေးအေးဆေးဆေး နားလို့ရအောင် အပြင်ထွက်ပေးလိုက်သည်။ အောက်ရောက်တော့ ပန်ထွာတေးက စက်ဘီးလေးထောက်၍ အိမ်ထဲသို့ တက်ကြွစွာ ဝင်လာသည်။


''ဒယ်ဒီ ပန်က ကားမြင်ကတည်းက ဒယ်ဒီရောက်နေမှန်း သိလိုက်တာ ဟီး ပန်အတွက် လက်ဆောင်ကရော ဒယ်ဒီ ''


ပန်ထွာတေး ထုံးစံအတိုင်း ရင်ခွင်းမြှားရဲ့ လက်မောင်းကို မှီနွဲ့ကာ ဆိုလာတော့ သမီးအတွက် လက်ဆောင် မဝယ်လာခဲ့ရမှန်း သတိရလိုက်သည်။ ကိစ္စတွေက ရှုပ်ယှက်ခတ်နေတာကြောင့် ခရီးသွားတိုင်း လက်ဆောင် သားအတွက် သမီးအတွက် အမြဲပါလာတတ်ပေမယ့် အခုတခါတော့ မေ့သွားခဲ့ရသည်။


''အာ ဒယ်ဒီ မေ့သွားတယ် နောက်တခေါက်မှ ယူတော့နော် ''


''ဟင် ပန်ပန်နဲ့ နေဝန်းအတွက်ဆို ဒယ်ဒီက တခါမှ မမေ့ဖူးပါဘူး ''


ပန်ထွာတေး ဆူပုတ်ပုတ် ဆိုလာပြီး ဂျီကျနေစဥ် အိမ်ထဲက နေဝန်းလေးက ပြေးထွက်လာ၍


''ဒယ်ဒီ မာမီရော မာမီ ဘယ်မှာလဲ ''


''ဟင် ဘယ်က မာမီလဲ နေဝန်း''


''မပန် မသိသေးဘူးလား ဒယ်ဒီက မာမီချောချောလေး ခေါ်လာတာလေ''


''ဘာ!..''


နေဝန်းသစ်က မာမီချောချောလေး ခေါ်လာတယ် ပြောတော့ ပန်ထွာတေး ဒယ်ဒီကို တအံသြကြီး ကြည့်မိသည်။ ဒယ်ဒီက ဘယ်တော့မှ မိန်းမ မယူဘူး ဆိုပြီး ပန်ပန်နဲ့ နေဝန်းကို ကတိပေးထားခဲ့တာလေ။


ထိုစဉ် အပေါ်ထပ်က ပန်ထွာတေးနဲ့ အရွယ်တူမိန်းကလေးက ဆင်းလာပြီး


''ဦး ပျို...''


ပျို အဝတ်က အများကြီး မရှိတာကြောင့် ခုနက ဦးခွင်းက ဘီဒိုဝယ်လာပေးမယ် ဆိုလို့ ပိုက်ဆံကုန်မှာစိုး၍ မဝယ်ဖို့ လာပြောရင်း အောက်မှာ ကောင်မလေးတစ်ယောက်ရဲ့ စူးစူးရဲရဲ အကြည့်နဲ့ အကြည့်ခံလိုက်ရတော့ ပျို ဆက်ပြောရမယ့် စကားတောင် မေ့လျော့နေသည်။


ပန်ထွာတေးကို ကြောင်ကြည့်နေတဲ့ မိန်းကလေးက ဒယ်ဒီ ခေါ်လာတဲ့ မာမီချောချော ဆိုတာ သိလိုက်တော့ ပန် စိတ်မထိန်းနိုင်စွာ သူမ ရှိရာ လှေကားပေါ်သို့ ဒုန်းစိုင်းတက်သွားပြီး 


ဖြန်း👋


ပျိုရဲ့ ပါးပြင်ပေါ် လက်ဖဝါးတဖက်က အသံမြည်ပြီး လည်ထွက်သွားလေသည်။


❤❤


ဆက်ရန် 


Mone Pann Myau(Shin Hlwan Mal)

#ဦးနှုတ်ခမ်းညိုညိုလေးကိုနမ်းမယ်


rate now: