book

Index 2

(Part 2)

ဦးနှုတ်ခမ်းညိုညိုလေးကိုနမ်းမယ်


''ဟဲ့ မိပျို ငါက နင့်ကို သူဠေးကတော်ဖြစ်စေချင်လို့ လှော်ပေးနေတာကို ညည်းက ဘာထဖြစ်နေတာတုန်း''


အိမ်နောက်ဖေး လူကွယ်ရာတွင် မသေးမျှင်က ပျိုယုသဒ္ဒါရဲ့ ဗိုက်ခေါက်ကို ခပ်နာနာဆွဲလိမ်ပြီး အံကြိတ်မေးသည်။


''ဟင့် နာတယ် မလုပ်ပါနဲ့ အမေ၊ ဦးက ပျိုကို ယူချင်တာ မဟုတ်ဘူးလေ၊ အမေတို့ ရွာလူကြီးတို့ အတင်းဝင်ပြောလို့ ခေါင်းမညိတ်ချင်ပဲညိတ်ထားတာ''


''အေး ဒီလို ခေါင်းညိတ်တာကိုပဲ ညည်းက ကျေးဇူးတင်၊ ကဲ မိပျို နင် အသေအချာ စဥ်းစားစမ်း နင်က ဒီအိမ်မှာ အောင်ကြီးနဲ့ အတူတူ နေရတာ ပထွေးက ပထွေးအဆင့်ပဲဟဲ့၊ ငါလည်း နင့်ကို တချိန်လုံး မျက်စိဒေါက်ထောက် မကြည့်နိုင်ဘူး၊ နင် ဒီရွာမှာ နေရင် မဲကြီးလို အရက်သမားနဲ့ ညားရင်ညား မညားရင် အောင်ကြီးမယားငယ် ဖြစ်တော့မှာဟဲ့''


''အဟင့် အမေ''


တောသူပီပီ စကားကို ဘွင်းဘွင်းရှင်းရှင်း ပြောတတ်တဲ့ သေးမျှင်အဖို့ ပျိုနားဝင်အောင် ဖြောင်းဖြပြောဆိုရသည်။ သမီးတစ်ယောက် ကောင်းစားဖို့အတွက် ရင်းသင့်တာတော့ ရင်းရမည်။ အောင်ကြီး ပြောတဲ့ အကြံညဏ်က တချက်ခုတ်နှစ်ချက်ပြတ်မို့ သူမ လက်ခံခဲ့တာ။ အောင်ကြီးရဲ့ ပျိုကို ကြည့်နေတဲ့ အကြည့်တွေ နားလည်နေတော့ သင့်တော်တဲ့သူနဲ့ အိမ်ထောင်​ချပေးဖို့ အစောကတည်းက သေးမျှင် စဥ်းစားထားပြီးသား။ အခုလို သူဠေးတစ်ယောက်ရဲ့မိန်းမ ​ဖြစ်တော့မှာဆိုတော့ သေးမျှင်​က လက်ခံလိုက်ခြင်းသာ။ ဒါပေမယ့် လူ့လောဘက ရှိသေးတာမလား။ သေးမျှင်က ပိုက်ဆံတော့ အတော်မက်သည်။


''အေး  ဘာမှ မစဥ်းစားပဲ ငါတို့ စီစဥ်တာ လက်ခံ၊ ပြီးတော့ သူဠေးကို ငါတို့ကို ပိုက်ဆံများများ ပေးဖို့ နင်ပြော ကြားလား ''


''ဟင် ဟင့်အင်း ပျို မပြောဘူး ၊ ပျို မပြောချင်ဘူး ''


''ဟဲ့ မရဘူး ပြောကိုပြောရမယ် ဘာလဲ နင်က သူ့ကို အလကားပေးအိပ်လိုက်တာလား''


နားရှက်စရာ စကားတွေကို ပျို မကြားလိုတော့။ ဟိုလူကြီးက အခုထိ သူမကို ကြည်ကြည်သာသာ ကြည့်သေးတာလည်းမဟုတ်။ ဘယ်လိုမျက်နှာနဲ့ သွားပြောရမလဲ။


''ဟီးအီး အင့်.. ''


ပျိုတစ်ယောက် ဝမ်းနည်းလွန်း၍ ငိုချလိုက်တာ့ ရွာလူကြီးက ချက်ချင်း ပျိုတို့ရှိရာသို့ လိုက်ချလာကာ


''မိပျို ကလေးလည်း မဟုတ်ကွယ်၊ မောင်ခွင်းက သမီးကို ယူပါ့မယ်လို့ ပြောထားပြီးပြီလေ''


ရွာလူကြီးက ပျိုကို ဒီကိစ္စနဲ့ ငိုတယ်လို့ထင်ပြီး လာပြောတော့ သေးမျှင်က ဟန်ဖို့ကာ ချက်ချင်း မရှိတဲ့မျက်ရည်ကို အတင်းဆွဲညစ်ထုတ်၍


''ဟုတ်ပါတယ် ရွာလူကြီးရယ် မိပျို ဘဝက သနားစရာ ကောင်းပါတယ် ၊ မိပျို နင် မငိုနဲ့တော့ သိလား ၊ နင့်ကို မောင်ခွင်းက သားမှတ်မှတ်မယားမှတ်မှတ် ပေါင်းမှာပါ''


သေးမျှင်ရဲ့ ငိုသံကြီးလည်းအဆုံး ရင်ခွင်းမြှားလည်း အနောက်ကိုလိုက်လာတော့ ပျိုငိုနေတာရော အမေငိုနေတာကိုပါ ရွံရှာသလို ကြည့်၍ မဲ့သွားလေသည်။ အမေရယ် သမီး ဘယ်လို ရှေ့ဆက်သွားရမှာလဲ...။


❤❤


ရွာလူကြီး ဦးဆောင်ကျင်းပပေးတဲ့ ရွာသူရွာသား အနည်းငယ်ဖြင့် ရင်ခွင်းမြှားနဲ့ပျိုယုသဒ္ဒါတို့ရဲ့ မင်္ဂလာပွဲကို လက်ဖက်ရည်နဲ့ ကောက်ညှင်းပေါင်း ဧည့်ခံကျွေးမွေးလေသည်။


တချိန်လုံး မျက်နှာသုန်မှုန်နေသည့် ဦးရင်ခွင်းမြှားရဲ့ လက်မောင်းကို ပျို မဆုတ်ကိုင်ရဲ။ တော်ကြာ ရွာသားတွေအရှေ့ လက်လွှဲချလိုက်ရင် ရှက်စရာကြီးမလား။ ဒီအတိုင်း လာတဲ့ ဧည့်သည်အနည်းငယ်ကို ပြုံးပြနှုတ်ဆက်ရင်း ဦးခွင်းအနားမှာပဲ ကပ်လိုက်နေတော့သည်။


မင်္ဂလာပွဲလို့ ဆိုရမယ့် ပွဲလေးဟာ ပြီးမြောက်သွားတော့ ချက်ချင်း ရင်ခွင်းမြှားက အဝတ်အိတ်တွေ ယူပြီး ထွက်လာတော့ ပျို သွားမေးချင်ပေမယ့် မမေးရဲ။ ဟိုနေ့ကတည်းက ဦးခွင်းက ပျိုကို စကားတစ်လုံးမှ လာမပြောသလို ပျိုလည်း သွားမခေါ်ရဲ။


''အဲ့ မောင်ခွင်း ဒါက ဘယ်သွားမလို့တုန်း''


ရွာလူကြီးက အစမေးလိုက်တော့ ရင်ခွင်းမြှားက တည်တံ့သော မျက်နှာထားဖြင့်


''ကျုပ့်မှာ အလုပ်ရှိသေးတယ် ပြန်တော့မယ် ''


''ဟင် အခုပဲ မင်္ဂလာဆောင်တယ် အခုပြန်တော့မလို့လား ရွာမှာ တရ​က်နှစ်ရက်လောက် နေသွားပါအုံးလားကွယ်''


''ကျုပ် အလုပ်ရှိသေးလို့ ပြန်မှဖြစ်တော့မှာ''


''ဟုတ်လား ဒါဆို မိပျို အဝတ်တွေ မြန်မြန် သွားထည့်၊ နင့်ယောကျ်ားက မြို့ကို ပြန်တော့မှာ''


ရွာလူကြီးကသာ ဆော်သြနေပေမယ့် အခုထိ ပျိုကို မြို့ခေါ်သွားမယ်လို့လည်း တခွန်းမှ မပြောလာပေ။ သူ့ဘာသာ အဝတ်တွေ ထည့်ပြီး သွားတော့မှာ ရွာလူကြီးသာ မမေးရင် သူတစ်ယောက်တည်း မြို့တက်တော့မှာရယ်။


''မိပျို အဝတ်တွေ ထုတ်ထားပြီးပြီ ကဲ ယူသွား ''


''ဟုတ် ဟိုလေ သံလုံးကို ခေါ်သွားချင်တယ်''


စိတ်အလိုမကျစွာ ခါးထောက်ရပ်နေတုန်း အရှေ့က ကလေးမဆီက အသံတိုးတိုးလေး ထွက်လာသည်။ ညကလည်း ကလေးမရဲ့ ပထွေးအောင်ကြီးနဲ့ ပြဿာနာတက်သေးသည်။ ပိုက်ဆံသိန်း၅၀၀ကို ချက်ချင်း တောင်းလေတော့ ခွင်းက အမှန်ဆို လတိုင်း ပရဟိတဖောင်ဒေးရှင်းတွေမှာ သိန်းရာနဲ့ချီပြီး အမြဲလှူတတ်ပေမယ့် ဒီလင်မယားကိုတော့ တကျပ်မှမသဒ္ဒါ။ သိန်း၈၀အထိ တိုးပေးပြီး ခွန်းတုံ့ခွန်းပြန် ပြောတော့မှ လက်လျော့သွားကြတာ။ ဒါကို သိပ်ကျေနပ်ကြပုံမပေါ်။ 


အခုလည်း လူက ဒီရွာမှာ တစက်ကလေးတောင် မနေချင်တော့။ အိတ်ဆွဲပြီး ထွက်လာရာ မျက်ဝန်းလက်လက်တွေက ခွင်းဆီရောက်နေမှန်း သိပေမယ့် စကားတော့ မပြောချင်သေး။ ရွာလူကြီးပဲ အစအဆုံး မေးပြီး ကလေးမကို အဝတ်ထည့်ခိုင်းတာ စောင့်နေစဥ် ဒီကလေးမဆီက အသံတိုးတိုးလေး ထွက်လာသည်။ 


ဘာတဲ့ သံလုံးကို ခေါ်သွားချင်တာတဲ့ ဘယ်သူလဲ သူ့မောင်လေးတွေလား ခေါ်ချင်ရင်လည်း ဘာမှ မဖြစ်တာမို့ ခေါင်းဆတ်ဆတ်ညိတ်ပြလိုက်တော့ ကလေးမက လစ်ကနဲ ပျောက်သွားပြီး စျေးခြင်းတောင်းလေးတခု ယူလာ၍ လက်တဖက်ကလည်း အဝတ်အိတ်လေးဆွဲကာ အနားရောက်လာသည်။


သံလုံးကို ခေါ်သွားမယ်ဆိုပြီး သူတစ်ယောက်တည်း လာရပ်နေတာကြောင့် ခွင်းပဲ မနေနိုင် မေးမိသည်။


''ကျစ် ဘယ်မှာလဲ သံလုံးက''


ခွင်းမေးလိုက်တော့ ကလေးမက ပြူးကြောင်ကြောင်လေး ကြည့်လာ၍ လက်တဖက်က စျေးခြင်းတောင်းလေး မြှောက်ပြသည်။ ခွင်း ဘာရယ်မဟုတ် သူမ ပြတဲ့ စျေးခြင်းတောင်းလေးထဲသို့ ကြည့်လိုက်ရာ ကြောင်ဖြစ်နေသည်တဲ့လေ။ ကြောင်က သူများကြောင်တွေလို အဖြူရောင်ချစ်စရာလေးမဟုတ် မဲတူးချိတ်ပါနေသည်။ ဒါကြောင့် ယူလာတုန်းက စျေးခြင်းတောင်းပဲ မြင်ရတာလေ။ အသေအချာ ကြည့်တော့မှ ကြောင်အမဲက စျေးခြင်းတောင်းထဲ အကျအန ကားစီးဖို့ ထိုင်စောင့်နေသလို။


''ဒီမှာ..''


''ဒါလား သံလုံး ဆိုတာ !.''


ရွဲ့ပြီး ပြန်မေးတော့ ခေါင်းလေး အတွင်တွင် ​ညိတ်ပြရှာသည်။ ကြည့်ရပုံလည်း လူကို ရွဲ့နေတာမဟုတ်မှန်း သိသာစွာ။


''ကဲ တက် မြန်မြန် ''


''ဟုတ်.. ''


ကားပေါ် အမြန်တက်ဖို့ အမိန့်ပေးလိုက်ပေမယ့် ကားတံခါးရှေ့ စိတ်ညစ်သလို ရပ်နေပြန်တော့ မရှည်တော့သည့် စိတ်ကို မနည်းဆွဲဆန့်ရင်း 


''တက်လေ ဘာလုပ်နေတာလဲ ''


''ဟို ကားတံခါး မဖွင့်တတ်လို့''


''ကျစ်.. ''


ခွင်းပဲ တံခါးဖွင့်ပေးတော့ ကလေးမက ခြင်းတောင်းနဲ့အတူ တက်ထိုင်ပြီးတော့မှ သူပဲ ပြန်ပိတ်လိုက်ရသည်။ ကားတံခါးပိတ်ဖို့ပြောရင်လည်း ပိတ်တတ်မှာမှ မဟုတ်တာ။


ခွင်းလည်း မောင်းသူနေရာတက်ထိုင်လိုက်ပြီး သူမအမေ မသေးမျှင်က ကားတံခါးအနီး လျှောက်လာ၍


''မိပျို ငါ စိတ်ချမယ်နော် လိမ်လိမ်မာမာနေ ပြီးတော့.. ''


မသေးမျှင်ရဲ့ စကားတောင် မဆုံးသေး စက်နိုး၍ ချက်ချင်း မောင်းထွက်သွားတော့ ပျိုက နောက်တွင် ကျန်ရစ်ခဲ့သူ သူမအမေအား လှည့်ကြည့် လှည့်ကြည့် ပါလာသည်။ ခွင်းကတော့ ကျေနပ်သလို မျက်နှာထားဖြင့်..။ ဒီလင်မယားရဲ့ ကောက်ကျစ်မှုတွေ ခွင်းရွံမုန်းပေမယ့် လယ်ကွင်းတွေ တံခါးကတဆင့် ငေးကြည့်နေရှာသည့် ကလေးမကိုတော့ ဘာခံစားချက်မှ မဖြစ်။ ရွံတာတွေ မုန်းတာတွေ မခံစားရသလို ထွေထွေထူးထူးလည်း ဘာမှ မခံစားမိ။


❤❤


လမ်းတစ်လျှောက်လုံး ငြိမ်နေသည့် ကလေးမနဲ့ သူ့လက်ထဲက ကြောင်ရော တချိုးတည်း ငြိမ်သက်နေသည်။ ၂နာရီဆက်တိုက် မောင်းပြီးတော့မှ လှုပ်လှုပ်ရှားရှား ဖြစ်လာသည့် ပျိုယုသဒ္ဒါကြောင့် ရင်ခွင်းမြှား လှည့်ကြည့်လိုက်တော့ ပါးစပ်ကို လက်ဖြင့် အုပ်ကာ ပျို့တက်နေတာမြင်တော့ စိတ်ညစ်ကာ ကားကို လမ်းဘေးသို့ မြန်မြန် ချပေးလိုက်ရသည်။ မဟုတ်ရင် ကားပေါ်မှာ အန်ချမှ ဒုက္ခများတော့မှာ။


ခွင်းပဲ တံခါးမဖွင့်တတ်သည့် ကလေးမအတွက် မြန်မြန် ဖွင့်ပေးလိုက်တော့ ကလေးမက လမ်းဘေးခေါင်းထိုး၍ အန်နေတော့သည်။


ခွင်း မနေနိုင်တော့တဲ့အဆုံး ရေဘူးကို အဆင်သင့် ဖွင့်ပေးပြီးပေးလိုက်ရသည်။


''ဦး ပျို မရတော့ဘူး အော့ ဝေါ့..''


''ကျစ် ငါက ဘာလုပ်ရမှာလဲ''


မကျေလည်တဲ့အသံ ထွက်လာတော့ ပျိုရဲ့ မျက်နှာက တချက်ငယ်သွားပေမယ့် အသံလေး ခပ်တိုးတိုးလေး ထွက်လာသည်။


''နောက်ကျောထုပေးပါလား အွန့်...''


ဆက်ပြောနေလည်း မထူးတော့ပြီမို့ ခွင်း ဆက်မပြောတော့ဘဲ ပျိုရဲ့ နောက်ကျောကို ခပ်ဖွဖွလေး ထုပေးပြီး ၁၀မိနစ်လောက်ကြာတော့ သက်သာသလို ခေါင်းလေးပြန်မော့လာသည်။ ဒီပုံအတိုင်းဆို ဆက်သွားဖို့ အဆင်မပြေတာကြောင့် အနီးတဝိုက်ကို ဝေ့ဝိုက်ကြည့်လိုက်တော့ လမ်းဘေးအအေးဆိုင်လေးကို တွေ့လိုက်ရလေသည်။ 


''ဟိုကို လိုက်ခဲ့''


ခွင်း ထိုမျှသာ ပြော၍ အရှေ့ကအရင် ထိုဆိုင်ကို ထွက်သွားလိုက်သည်။ ပျိုက အနောက်ကနေ သူ့သူငယ်ချင်း သံလုံးကို လက်တဖက်က ဆွဲ၍ လိုက်လာလေသည်။ 


''အဒေါ် သံပုရာရည်တခွက်လောက်''


''အေးအေး ရမယ် သား''


အဒေါ်က သံပုရာသီးကို လူးလိမ့်အရည်ညစ်ထုတ်ပြီး ဖျော်ကာ လာချပေးသည်။ ခွင်းကတော့ အသင့်ဖျော်ရည်ဘူးကိုပဲ ဖောက်သောက်နေတော့သည်။


အဒေါ်လာချပေးတဲ့ သံပုရာရည်ကို ပျိုအရှေ့ တိုးပေးတော့ သူ့အတွက်မှန်း သိတော့မှ အားရပါးရ မော့သောက်လေသည်။ တခွက်လုံးကုန်အောင် မော့ပြီးတော့ နှုတ်ခမ်းမှာ ပေနေတဲ့ သံပုရာရည်တွေကို လျှာဖြင့် သပ်နေသေးသည်။


ခွင်း ဘာရယ်မဟုတ် ထိုနှုတ်ခမ်းလေးအား အကြည့်ရောက်သွားတော့ အလိုလို ရေဆာလာသလို ဘာလိုလို ခံစားလာရတာကြောင့် လက်ထဲက အအေးဘူးကိုပဲ မော့သောက်လိုက်တော့သည်။ 


ပျိုယုသဒ္ဒါ ဆိုင်အရှေ့မှာ ချိတ်နဲ့ တွယ်ထားတဲ့ အာလူးကြော်မုန့်လေးကို အကြည့်မပျက်ဘဲ သူ့ကို မပြောရဲပြောရဲ ပြောလာသည်။


''ဟိုလေ ဦး ပျို အာလူးကြော်လိုချင်လို့ ပျိုက အလောတကြီး ထွက်လာတော့ အမေက ပိုက်ဆံ ပေးမလိုက်လို့''


အာလူးကြော်လေး စားချင်တာများ ထယူလိုက်တာ မဟုတ်ဘဲ လူကို ခွင့်တောင်းလာတာကြောင့် ခေါင်းညိတ်ပြလိုက်သည်။


ပျို အာလူးကြော်လေးကို ဝမ်းသာအားရ ထယူပြီး ဖောက်ကာ ခြင်းတောင်းလေးထဲက သံလုံးကို ကျွေးလေသည်။ ဟိုမဲသည်းနေတဲ့အကောင်ကလည်း ကျွေးသမျှ စားလေသည်။


ညောင် ညောင်


''သံလုံး စား သိလား ရေသောက်အုံးမလား''


ညောင် ညောင်


''အေးအေး တိုက်မယ် သိလား အာလူးကြော်လေး အရင်စားအုံး''


သူ့ဘာသာသူ ပြောချင်ရာပြော ကြောင်ကလည်း အော်ချင်တာအော်နေတာ ကြည့်ပြီး ခွင်း နှုတ်ခမ်းက ပြုံးယောင်သမ်းသွားသည်။ 


သံလုံးဆိုတဲ့အကောင်က အာလူးကြော်တွေ အားရပါးရ ကြိတ်နေပြီး ပျိုရဲ့ လက်ချောင်းတွေကို အစာယူရင်းရောပြီး ကိုက်မိသွားတော့ ကလေးမမျက်နှာက မသိမသာ ရှုံမဲ့သွားသည်။ တစ်ခါ ကိုက်ခံရလည်း မမှတ်ဘူး နောက်ထပ်ကျွေးနေသေးသည်။ ထပ်ကိုက်ခံရရင်လည်း မျက်နှာ ရှုံမဲ့သွားပြီး ​ထပ်ကျွေးပြန်သည်။ 


ခွင်း မနေနိုင်တော့ဘဲ ချောင်းတချက်ဟန့်၍


''အဟမ်း လက်ဖဝါးပေါ်တင်ပြီး ကျွေး''


''ဟင်.. အော် ဟုတ်.. ဟုတ်ကဲ့''


ခွင်း ပြောလိုက်တော့ ပျိုက ကြောင်တောင်တောင်လေး မော့ကြည့်လာ၍ ခွင်းပြောသလို လက်ဖဝါးပေါ် တင်ကျွေးလေတော့မှ အကိုက်မခံရတော့။


ခွင်း အရှေ့က မြင်ကွင်းကို ကြည့်ပြီး လက်ထဲက အအေးဘူးမော့သောက်တော့ ကုန်သွားလေပြီ။ အအေးဘူး ဘယ်လိုကုန်သွားမှန်းတောင် မသိလောက်အောင် အရှေ့က မြင်ကွင်းက စိတ်ဝင်စားဖို့ ကောင်းနေတာတော့ ခွင်း ဝန်ခံသည်။


❤❤


ဆက်ရန် 


Mone Pann Myau(Shin Hlwan Mal)

#ဦးနှုတ်ခမ်းညိုညိုလေးကိုနမ်းမယ်


rate now: