ဦးနှုတ်ခမ်းညိုညိုလေးကိုနမ်းမယ်
''ဦးနော် ဘယ်လိုကြီး ကြည့်နေတာလဲ..''
ဟုတ်တယ်လေ လူကို မျက်လုံးခတ်မတမ်း ကြည့်နေမှတော့ ရှက်ပြီပေါ့။ ဦးရင်ခွင်းမြှားရဲ့ မျက်လုံးစူးစူးရဲရဲတွေကို မခံနိုင်တော့တဲ့အဆုံး ပျိုယုသဒ္ဒါ မျက်နှာလေးကို ဇက်ကျိုးမတတ် လှည့်ထားလိုက်သည်။
''ဘယ်လှည့်သွားတာတုန်း ဒီကြည့်လို့''
''ဟင့်အင်း''
''အဟွန်း ယောကျ်ားပြောစကားတွေ ကလန်ကဆန် လုပ်ပြီပေါ့''
ဦးက စနောက်သလို ပြောလာတော့ ပျို ဦးကို မဝံမရဲ မော့ကြည့်လာတော့
''ပြောစကား နားထောင်စမ်းပါ''
ပျိုအပေါ်က ဦးကိုယ်လုံးကြီးကို ရလိုရငြား တွန်းဖယ်ပစ်တော့ ထမသွား။ ဒီလို နင့်နင့်သီးသီး စိုက်ကြည့်နေရင် လူက ဘယ်လိုနေတတ်တော့မှာလဲနော်။
''ဒီကိုကြည့်''
ဦးလက်တွေက ပျိုမျက်နှာလေးကို ဆွဲယူ၍ အကြည့်ချင်းဆုံစေသည်။ ဦးပြောသလို ပျို ရှက်စိတ်ကို အားတင်းပြီး ဦးမျက်လုံးတွေကို ကြည့်လိုက်တော့ ဦးရဲ့ မျက်လုံးတွေထဲမှာ နူးညံ့ခြင်း ချိုမြိန်ခြင်းတွေ ရောယှက်နေတာ ခံစားရတော့ နှလုံးသားလေးပါ တဆက်တည်း နွေးထွေးသွားရသည်။ ဦးက အရင်ကလောက် ကိုယ့်အပေါ် မစိမ်းသက်နေတော့ဘူးလေ။
ထို့နောက် နီရဲနေသော နားရွက်လေးကို ခပ်ဆတ်ဆတ် ကိုက်ချလိုက်တော့ ပျိုခန္ဓာကိုယ်လေး တွန့်ခနဲ ဖြစ်သွားရသည်။ ဦးနဲ့ ပတ်သက်ပြီးနောက်ပိုင်း ဦးရဲ့ အကျင့်ကို သိလာတာက နမ်းပြီဆို တစ်စုံတရာက အကိုက်ခံရပြီးသားပင်။ သူ နမ်းတဲ့နေရာက သွေးစို့သွားမှ နေသာထိုင်သာ ရှိသွားသလားမသိ။
''ကျေးဇူးလေးဆပ်ခိုင်းပါတယ် ဘာလို့ မျက်နှာက လှည့်လှည့်သွားရတာတုန်း''
ပျို ဦးနဲ့ မျက်လုံးချင်းဆုံးပြီး ၁စက္ကန့်လောက်ဆို လူက ရှက်တာလိုလို ဘာလိုလို ဖြစ်နေတော့ မျက်နှာကို အတင်းလှည့်ထားမိတာ။ ဦးကလည်း ဒါကိုပဲ ပြောနေတော့သည်။
ဦးက စိတ်မရှည်သလို ပျိုပါးပြင်လေးကို နှာခေါင်းနစ်ဝင်မတတ် နမ်းရှိုက်ပြစ်လိုက်တော့သည်။ ဖြူဆွတ်နေသည့် လည်ပင်းသားလေးတွေ တတိတိ နမ်းရှိုက်တော့ ရနေကျ ကိုယ်သင်းအနံ့လေးက BabyMildနဲ့အတူ ရောယှက်ထွက်လာသည်။
နဖူးပြင်လေးနဲ့ မျက်ခုံးတန်းလေးကို နမ်းတော့ မျက်လုံးတွေက ချက်ချင်း မှိတ်ကျသွားသည်။
''အဟွန်း.. ''
ခွင်း အသည်းယားသလို ရယ်၍ ဒီကိုကြည့်လို့ ပြောရင်လည်း မျက်လုံးတွေက ဖွင့်လာတော့မှာ မဟုတ်မှန်း သိလိုက်သည်။
နှာတံတလျောက် ခွင်းနှာခေါင်းနဲ့ တို့ထိတော့ ပျိုလက်သီးလေးတွေ တင်းတင်းကြပ်ကြပ် ဆုပ်ထားလိုက်သည်။ ဘာလို့ ဒီလောက် အသည်းယားစရာ အရမ်း ကောင်းနေရတာလဲ.. ။
BabyMildရနံ့လေးက လူကို ခံစားချက်တွေ အဆုံးထိ ပေါက်ကွဲထွက်သွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့။
ဖြူဖွေးနုအစ်နေသည့် လက်မောင်းသားတွေက ခွင်းကို ရူးချင်လောင်အောင် ဆွဲဆောင်နေသည်။
မနေနိုင်တော့တဲ့အဆုံး ပန်းနုရောင် နှုတ်ခမ်းပါးလေးကို စိတ်ကြိုက် နမ်းရှိုက်တော့ ပျိုဘက်က မနမ်းတတ်နမ်းတတ် ပြန်လည် တုံ့ပြန်လာတာ ခံစားရတော့ ကျေနပ်မှုတွေက အလျှံအပယ်။
ပြွတ်စ် ရွှတ်..💋
လည်ပင်းတွေကို နေရာလပ်မရှိအောင် စုတ်ယူနမ်းရှိုက်လိုက်တော့ ရင်ခွင်ထဲ ပိုတိုးလာကာ ပျိုလက်လေးတွေက ခွင်းခါးကို ကျစ်ကျစ်ပါအောင် ပွေ့ဖက်ထားလေသည်။ ဒီလောက် ချစ်ဖို့ကောင်းနေရသလား မိန်းမရယ်..။
❤❤
မနေ့ကတည်းက ဖုန်းကို အကြိမ်ကြိမ် ဆက်နေတာတောင် ပန်ထွာတေးက ဖုန်းမကိုင်။ ဆည်းဆာနဲ့ ပန်ထွာတေးက ရန်ဖြစ်တာ ရှားသည်။ ဘာလို့ဆို ပန်ထွာတေး လိုချင်သမျှ တောင်းဆိုသမျှ ဆည်းဆာက ပွစိပွစိ ပြောတတ်ပေမယ့် အဆုံးကျ လိုက်လျောရတာချည်းပင်။
''တောက်စ် တကယ် စိတ်ကောက်သွားတာလား''
ဆက်သွယ်မှုဧရိယာပြင်ပချည်းပဲ အော်နေသော ဖုန်းကို ပစ်ပေါက်ချင်စိတ်က ထိန်းမရသိမ်းမရ။
မနေ့က မပျိုကို မပြောမဆိုနဲ့ တွန်းလွှတ်တာကြောင့်ရော လူကို ယိုးစွပ်တာကြောင့်ပါ ဒေါသထွက်ပြီး အော်မိသွားတာ။ တကယ်လည်း မပျိုကို မရိုးမသားစိတ် ဝင်မိတာ သူငယ်ချင်းအရင်းခေါက်ခေါက်ဖြစ်တဲ့ ပန်ပန်က ရိပ်မိမှာပေါ့။ တဖက်သားက အိမ်ထောင်ရှိမှန်း သိပါလျက်နဲ့ မထိန်းချုပ်နိုင်လောက်အောင် ပျိုကို ချစ်မိသွားခဲ့တာ။
ပျိုကို စတွေ့ကတည်းက ဘယ်သူဘယ်ဝါမှန်း မသိခင်ကတည်းက ချစ်ခဲ့တာလေ။ ဒုတိယအကြိမ် ပြန်တွေ့ချိန်မှာ ဆည်းဆာ ချစ်မိခဲ့တဲ့ ပန်းပွင့်လေးက တစ်စုံတစ်ယောက်ရဲ့အကြင်သူ ဖြစ်နေခဲ့ပြီ။ ဘာကို ဒေါသထွက်ရမလဲ အစကတည်းက အစောမတွေ့တဲ့ အချိန်ကိုလား ဒါမှမဟုတ် ပိုင်ရှင်ရှိတဲ့မိန်းကလေးကို ချစ်မိသွားတဲ့ စိတ်ကိုလား။
ထိန်းတယ် ဒီမိန်းကလေး ပိုင်ရှင်ရှိတယ် ဆိုတာ သိကတည်းက ထိန်းပါသည်။ ဒါပေမယ့် သူက ပျိုကို မြင်တာနဲ့ ခြေလှမ်းတွေက သူမဆီ ရောက်စမြဲ။ မလိုပါဘူး ထွက်သွားပေး စကားလာမပြောနဲ့ ဆိုတဲ့ တားမြစ်သံတွေ ကြားတော့ ရင်နာယုံပါပဲ။ ပြီးရင် အမှတ်မရှိ ထိုမိန်းကလေးဆီပဲ ထပ်ခါထပ်ခါ သွားနေမိသည်။ အနည်းဆုံး မျက်နှာလေးမြင်ရရင် တနေ့လုံး အဆင်ပြေပြေချောချောမွေ့မွေ့ ဖြတ်သန်းနိုင်လို့လေ။
အခုလောလောဆယ် ပန်ထွာတေးက စိတ်ကောက်နေတော့ ဆည်းဆာ ဘာပဲလုပ်လုပ် စိတ်မချမ်းမြေ့ ဖြစ်နေရသည်။ ဆက်တွေးနေရင်လည်း ခေါင်းကိုက်ယုံသာ ရှိတော့မှာမို့ ကားသော့ဆွဲကာ ပန်ပန်အိမ်ကို လာခဲ့လိုက်သည်။
''ကြီးပို ပန်ပန်ရော''
''အခန်းထဲမှာ ကြီးပို သွားခေါ်ပေးမယ်၊ မောင်ခွင်းတို့က နေဝန်းနဲ့ပျိုကို ခေါ်ပြီး အပြင်ထွက်သွားကြတယ်၊ ပန်ပန်က ထမင်းတောင် ထွက်မစားသေးဘူး၊ သူ့ဒယ်ဒီကို စိတ်ကောက်နေသေးတာနဲ့တူတယ်''
ကြီးပိုက ပြောလည်းပြော အပေါ်က ပန်ပန်ကို သွားခေါ်ပေးနေတာကြောင့် အောက်မှာပဲ စောင့်နေလိုက်သည်။
မကြာပါ မျက်နှာလေး ဆူပုတ်ပုတ်လေးနဲ့ လှေကားပေါ်က ဆင်းလာသည့် ပန်ပန်ကို တွေ့တော့ ဆည်းဆာ စိတ်လိုလက်ရ ပြုံးမိသည်။
ထိုင်ခုံတွင် ဆည်းဆာနဲ့ဝေးရာ ဆတ်ခနဲ ထိုင်ချလိုက်သည်။ မျက်နှာထားက ဆူပုတ်နေတာကြောင့် ဆည်းဆာ တော်တော်ကြီး ချော့ရမယ်မှန်း သဘောပေါက်လိုက်သည်။
''ပန်ပန် ငါ နင့်အတွက် မုန့်နဲ့ထောပတ်သီးဖျော်ရည် ဝယ်လာတယ် ''
မုန့်နဲ့အအေးဘူးကို စားပွဲပေါ် တင်ထားတာ ရှေ့တိုးပြတော့ ပန်ပန်က မျက်လုံးနဲ့တောင် စွေမကြည့်လာ။ မုန့်နဲ့ ဖျားယောင်းတာ မရလောက်ဘူးထင်ပါရဲ့။
''နင်ကလည်း ငါ့ကို အဲ့လိုကြီး မဆက်ဆံပါနဲ့ ငါ တောင်းပန်ပါတယ်၊ ငါ နင့်ကို မအော်တော့ဘူးလေနော်''
ပန်ပန် စိတ်ကျေနပ်အောင် ပြုံးဖြီး၍ တောင်းပန်နေပေမယ့် သူမက တစက်ကလေးမှ လှည့်မကြည့်လာ။ ဒီအချိန်မှာ မီးလောင်ရင်တောင် သူမလက်သည်းတွေထက် ပိုပြီး စိတ်မဝင်စားချင်တာမျိုး။ သူမ လက်သည်းတွေကိုပဲ အာရုံစိုက်ကာ ကြည့်နေသည်။
ဆည်းဆာ ထလိုက်ပြီး ပန်ပန်အနား အသားချင်းထိ ကပ်ထိုင်တော့ မလိုလားသလို မျက်မောင်းကြုတ်ပြီး ကြည့်လာပေမယ့် ဘာတခွန်းမှ ပြောမလာသေး။
''ပန်ပန်လို့ ငါ တောင်းပန်ပါတယ် ငါ့ကို စိတ်ဆိုးပြေတော့နော် နော်လို့''
လက်သည်းတွေခြစ်နေသော သူမလက်လေးကို ဆွဲယူ၍ ဆုပ်ကိုင်လိုက်တော့ ပန်ထွာတေး လက်ကို ဇွတ်ရုန်းလာတာ သိပေမယ့် မဖယ်ပေး။
''နော် ခွင့်လွှတ်နော် စိတ်ဆိုးပြေပါတော့ ပန်ပန်က လိမ္မာပါတယ် ''
''ဖယ်စမ်း ငါ့လက်ကို ''
''မလွှတ်ဘူးဟာ ငါ့ကို စိတ်ဆိုးပြေတယ်ပြောမှ လွှတ်မယ်''
ပန်ထွာတေးရှေ့ ဆည်းဆာက အမျိုးမျိုး မျက်နှာပြောင်ပြနောက်ပြောင်ပြသည်။ မနေ့က လူကို အော်လွှတ်တာ သူမဟုတ်တဲ့အတိုင်း။ လက်လေးကို ဖွဖွလေး နှိပ်ပေးနေပြန်သည်။ ဒီလို ချော့ရတယ်လို့ သူ့ကို ဘယ်သူများ သင်ပေးလိုက်သလဲမသိ။
သိတာပေါ့ ဒီအမျိုးသမီးနဲ့တွေ့ရင် လင်းလက်သွားတဲ့ မျက်ဝန်းတစုံကို..။ ဆည်းဆာ ဆိုတာ ပန်ထွာတေးနဲ့ လမ်းလျှောက်တတ်စကတည်းက ပေါင်းလာတာ ဆိုတော့ ဘယ်အကွက်တွေ နင်းတော့မယ် ဆိုတာ အူမချေးခါးမကျန် အကုန်သိသည်။
''ဆည်းဆာ.. ''
တလျှောက်လုံး စကားထမပြောဘဲ အခုမှ အတည်ပေါက်ကြီး ထခေါ်တော့ ပန်ထွာတေးကို ဆည်းဆာ နည်းနည်း ရှိန်သွားရသည်။
''ငါ့သူငယ်ချင်းကို လူမှုကျင့်ဝတ် ဖောက်ပြန်တဲ့သူ မဖြစ်စေချင်ဘူး၊ ပြီးတော့ ငါ နင့်ကို မမုန်းချင်ဘူး ဆည်းဆာ၊ ငါက နင့်ကို ဖြူစင်သန့်ရှင်းတဲ့သူမျိုးပဲ အမြဲ မြင်ချင်တာ၊ နင်သာ ငါအရွံဆုံးလုပ်ရပ်ကို လုပ်မိရင် နင့်ကို ငါ မုန်းပြစ်လိုက်ဖို့လည်း ဝန်မလေးဘူး''
ပန်ထွာတေးက တခါတလေ ဒီလိုလေးလည်း လူကြီးဆန်တတ်ပါသည်။ ပန်ထွာတေး ဘာကို ဆိုလိုချင်တာလဲ ဆိုတာ သိတော့ ဆည်းဆာ ခပ်ယဲ့ယဲ့လေး ပြုံးလိုက်မိပါသည်။
''အခု နင် ငါ့ကို စိတ်ကောက်ပြေသွားပြီပေါ့ ဟုတ်လား ''
စိတ်ညစ်စရာ စကားတွေကို ဆည်းဆာ ဆက်မပြောချင်တော့တာကြောင့် စကားစဖြတ်လိုက်သည်။ ပန်ထွာတေးလည်း သဘောပေါက်တော့ သူ ဝယ်လာပေးတဲ့ အအေးဘူးကို ဖောာက်သောက်နေလိုက်သည်။ သဘောက စိတ်ဆိုးပြေပြီပေါ့။ ဒီလိုပါပဲ အဖြတ်တောက်ရအခက်ဆုံးက သံယောဇဉ်ဆိုတာ မှန်နေတာပဲလေ။
❤❤
ပျိုယုသဒ္ဒါ ညအိပ်ဖို့ပြင်ပြီး သွားတိုက် အဝတ်အစားလဲပြီးတော့ ကုတင်ပေါ် ပြန်ရောက်ချိန် ခေါင်းအုံးက မရှိတော့။ ခုနတော့ အိပ်ယာပြင်ပြီးမှ မျက်နှာသစ် သွားတိုက်တာပါ။ နံဘေးက ဦးခွင်းကတော့ ခပ်တည်တည် ခေါင်းအုံးပေါ် မှေးစက်အိပ်ကာ လက်နှစ်ဘက်ကို ခေါင်းအောက်ခုထားလေသည်။
''ဦး ပျိုခေါင်းအုံးရော''
''ဟင် ကိုယ်က ဘယ်သိမလဲ၊ ကိုယ်က အခုမှ အခန်းထဲ ဝင်လာတာလေ ''
ဟုတ်သားပဲ ခုနက ဦးမဝင်လာသေး။ ခေါင်းအုံးလေးက ခြေတောက်ပေါက်ပြီး ထွက်သွားတာလား။
''ကဲပါ စိတ်ညစ်မနေနဲ့ မနက်မှ ပြန်ဝယ်လိုက်''
''ဒါဆို ဒီည ပျိုက ဘယ်လိုအိပ်ရမှာလဲလို့''
''အော် မခက်ပါဘူး ရော့ လှဲအိပ်လေ''
''ဟင်.. ''
ဦးခွင်းက ခပ်တည်တည်နဲ့ ခေါင်းအောက်ခုထားသော လက်တဖက်ကို ဆန့်ချ၍ လက်မောင်းကို ပုတ်ပြပြီး ပြောတော့ ပျို မျက်လုံးအဝိုင်းသား ဖြစ်သွားရသည်။
''ဘာဖြစ်တာလဲ ကိုယ့်ယောကျ်ားလက်မောင်းပေါ် အိပ်တော့ ဘာဖြစ်မှာမို့လဲ၊ အရင်ညကတော့ လူပေါ် တက်အိပ်ပြီးတော့..အူး..''
အခုတလော လူကို မထိတထိ ပြောင်စပ်စပ် စကားတွေ စနောက်လွန်းနေတာ ဦးက။ ဒီလို စနောက်တိုင်း ပျိုမှာ ရှက်လွန်းလို့ မျက်နှာကို ဘယ်ဖွက်ထားရမလဲတောင် မသိ။ ဦးခွင်း ထပ်ပြောမည့်စကားတွေ နားမထောင်ရဲတာကြောင့် ပါးစပ်ကို အတင်းပိတ်ပြစ်လိုက်သည်။
''ဦးနော်..''
''ဟားဟား ''
ကျေနပ်သလို အသံအကျယ်ကြီးနဲ့ ထရယ်ပြီး သူ့ပါးစပ်ကို အုပ်ထားတဲ့ ပျိုလက်ကို ဆွဲချ၍ သူ့လက်မောင်းပေါ် အိပ်စေသည်။ ပျိုလည်း ခေါင်းအုံးမရှိတော့တာနဲ့ ဦးလက်မောင်းပေါ်မှာပဲ လှဲအိပ်လိုက်ရသည်။
ထိုအခါ ဦးလက်တွေက တင်းတင်းကြပ်ကြပ် ပွေ့ဖက်လာ၍ နဖူးလေးနဲ့ ပါးလေးကို မမေ့မလျော့ နမ်းရှိုက်၍ မျက်လုံးမှိတ်ကာ အိပ်စက်သွားလေသည်။ ပျိုလည်း ဦးရင်ခွင်ထဲ အသားကျသလို ပြန်လည် ထွေးပိုက်ကာ အသက်ရှုသံမှန်မှန်ဖြင့် အိပ်ပျော်သွားလေသည်။
အခန်းထောင့်စွန်းတွင် ခွင်း ညဏ်များပြီး လွှင့်ပစ်ထားတဲ့ ခေါင်းအုံးလေးဟာ အိပ်စက်မယ့်သူမရှိပဲ အဖော်မဲ့လျက်..။
❤❤
ဆက်ရန်
Mone Pann Myau(Shin Hlwan Mal)
#ဦးနှုတ်ခမ်းညိုညိုလေးကိုနမ်းမယ်
😘