book

Index 1

အခန်း(၁)

  • Author : Kilulayuu
  • Genres : Adventure
  • Original Author : 沧海犹蓝

Start here

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး 


အခန်း (၁) :  ငါ မသေဘူးလား


ဝမ်ချင်းလင် မျက်လုံးကို ဖွင့်လိုက်သည်နှင့် သူက မြေပြင်ပေါ် လဲလျောင်းနေကြောင်း တွေ့လိုက်ရသည်။ သူက မြန်မြန် ထထိုင်ကာ ဘေးပတ်လည်ကို ကြောင်ကြောင်အအ ကြည့်လိုက်ပြီးနောက် သူ သေဆုံးရန် ရွေးချယ်ထားသည့် စွန့်ပစ်ခံ စက်ရုံတစ်ခုထဲ ရောက်နေကြောင်း သိလိုက်ရသည်။

သူက နားမလည်ပေ။

သူ ဘာလို့ မသေသေးတာလဲ …

ဇွန်ဘီအဖြစ် မပြောင်းလဲခင် သေဆုံးသွားသရွေ့ ဇွန်ဘီ ပြောင်းလဲလာခြင်းအား ကာကွယ်နိုင်ပြီး လူသားအဖြစ် သေဆုံးနိုင်လေသည်။ သူ့ဒဏ်ရာများဖြင့် သေခြင်းတရားက ဇွန်ဘီ ပြောင်းလဲခြင်းထက် ပိုမြန်ပေမည်။

ဒါပေမဲ့ သူ မသေသေးဘူးလား … 

ဝမ်ချင်းလင်က သူ့ရင်ဘတ်နဲ့ ပတ်သတ်ပြီး တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိကာ ကြည့်လိုက်သည့်အချိန် နှလုံးရှိရာဆီ သစ်သားချွန်တစ်ခု ထိုးဖောက်ဝင်နေကြောင်း မြင်လိုက်ရသည်။

ဝမ်ချင်းလင်  “ … ”

သေစမ်း … 

ငါ သေတာလား၊ မသေတာလား .. 

ဝမ်ချင်းလင်က သစ်သားချွန်ကို တုန်တုန်လှုပ်လှုပ် ကြည့်လိုက်ပြီးနောက် ဆွဲနှုတ်ပစ်လိုက်သည်။ သူ့သွေးများလည်း ပန်းထွက်လာလေ၏။

နာကျင်မှုကြောင့် မြေပြင်ပေါ် လူးလိမ့်သွားရပြန်သည်။ သို့သော် သူက နှစ်ပတ်လောက် လိမ့်ပြီးနောက် ရုတ်ချည်း အေးခဲသွားလေသည်။

သူ ထင်ထားသလောက် မနာဘူးပဲ … နာကျင်တဲ့ ခံစားချက်က အတော်လေး အားပျော့တယ် … 

သူက မတ်တတ်ပြန်ရပ်ကာ အင်္ကျီများကို မ တင်ကြည့်လိုက်သည်နှင့် သူ့ဒဏ်ရာများက ပျောက်ကင်းနေပြီးသား ဖြစ်ကြောင်း သိလိုက်ရ၏။

ဝမ်ချင်းလင်  “ … ”

သူ့အား အံ့ဩသွားစေသည်မှာ သူ့သွေးစက်ကျသွားသည့်နေရာ၌ အနီရောင်အရာတစ်ခု ရုတ်ချည်း ကြီးထွားလာခြင်း ဖြစ်သည်။ ကြည့်ရသည်မှာ ပင်လယ် အနီမိုနီနှင့် တူသည်။ တစ်ကိုယ်လုံးက သွေးနီရောင် ဖြစ်နေပြီး မြေပြင်ပေါ် ပေါက်နေကာ လက်တံများက အသက်ရှိနေသည့်အလား ဝေ့ဝဲနေသည်။

ဘေးပတ်လည်ကို တစ်ချက်ကြည့်လိုက်သည့်အခါ အနီရောင်အရာနှင့် ပြည့်နေလေသည်။ တစ်ခုချင်းစီက သွေးစွန်းရာ မြေကြီး၌ ကောင်းစွာ ကြီးထွားလာကြပြီး သူ့နှင့် အနီးဆုံးမှာ ပို၍ ကြီးထွားလေသည်။ ပြောရလျှင် အာဟာရဓာတ် လုံလုံလောက်လောက် ရလိုက်သောကြောင့် ဖြစ်ပေမည်။

ဝမ်ချင်းလင်က တစ်ခုကို ဆွဲနှုတ်လိုက်သည်။ သူက ထိုအရာ၏ အမြစ်များက အောက်ခြေတွင် ရှိနေပြီး အပေါ်တွင် စက်ဝန်းပြားပုံစံ ရှိနေသည်။ လက်တံများက ထိုစက်ဝန်းပြားကို ကာထားကြပြီး နွယ်ပင်များကဲ့သို့ နူးညံ့ကာ ပျော့ပျောင်းလေ၏။

အမြစ်များက မြေကြီးထဲ ကြီးထွားနေသောကြောင့် အပင်ဟု သတ်မှတ်၍ ရမည်မလား။

ဝမ်ချင်းလင်က လက်တံတစ်ခုကို ဖြတ်လိုက်သည့်အခါ အနီရောင်အရည်များ ပန်းထွက်လာပြီး သွေးရည်ကြည်ကဲ့သို့ သွေးနံ့က သူ့နှာဖျားဆီ ရောက်ရှိလာသည်။

အနီရောင်အရည်တို့က မြန်မြန် ရပ်တန့်သွားကာ အဖြတ်ခံထားရသည့် နေရာက အပြည့်အဝ ပြန်ကောင်းသွားလေပြီ။

“ လခွမ်း ဘာကြီးလဲ ”

အရောင်ဖြစ်စေ၊ အနံ့ဖြစ်စေ၊ ကြီးထွားရာ နေရာဖြစ်စေ သွေးဖြင့် ပတ်သတ်နေသည်။ ဝမ်ချင်းလင်က ထိုအရာကို သွေးအနီမိုနီဟု ယာယီခေါ်တွင်လိုက်သည်။

သူက ကျောပိုးအိတ်ကို ဆွဲကာ သွေးအနီမိုနီများကို သိမ်းဆည်းလိုက်သည်။ သူက အသေးလေးများကို မယူနိုင်သောကြောင့် နဂိုအတိုင်းသာ ထားရှိခဲ့လိုက်သည်။

သူက ထိုအရာများကို အခြေစိုက်စခန်းဆီ သုတေသနလုပ်ဖို့ ပြန်ယူသွားရမည်။

ကျောပိုးအိတ်ကို နောက်တွင် လွယ်ကာ ဓားမြောင်ကို ကိုင်ဆောင်ထားလိုက်ပြီးနောက် ဝမ်ချင်းလင်က စက်ရုံမှ ထွက်လာလိုက်သည်။ သူက သက်ရှိဇွန်ဘီကို မမြင်မိဘဲ မြောက်များစွာက မြေပြင်ပေါ် လဲကျနေသည်။

ဝမ်ချင်းလင်က တံခါးကို အသာမကာ ထွက်လာလိုက်သည်။ သူက အပြင်ဘက်ရှိ မြင်ကွင်းကြောင့် တုန်လှုပ်သွားလေသည်။

အနီးအနားရှိ မြေပြင်ပေါ် လဲကျနေသော ဇွန်ဘီများက သေဆုံးနေကြလေပြီ။

ဝမ်ချင်းလင်က ထိုဇွန်ဘီများကို စစ်ဆေးကြည့်ပြီးနောက် ထူးဆန်းကြောင်း ခံစားလာရသည်။

ဇွန်ဘီများက ခေါင်းပေါက်ကွဲပြီး မသေဆုံးသရွေ့  နာကျင်မှုကို မခံစားရပေ။ သို့သော် ထိုဇွန်ဘီများ၏ ဦးခေါင်းက နဂိုအတိုင်း ရှိနေပြီး ခန္ဓာကိုယ်များကလည်း တိုက်ခိုက်ခံထားရတာမျိုး မရှိနေချေ။ သူတို့ သေဆုံးသွားသည်မှာ နားလည်ရခက်ပေသည်။

အုပ်စုလိုက် သတ်သေတာလား … 

နင့်အမေကြီး သတ်သေနေလိုက် … သူတို့က သူတို့ဘာသာ သတ်သေချင်ရင်တောင် အဲလိုလုပ်ဖို့ အသိစိတ်လိုသေးတယ်

သူတို့ဦးနှောက်များက ဗလာကျင်းနေသောကြောင့် သတ်သေသည့်အရာကို နားလည်မည်ပင် မဟုတ်ပေ။

ဝမ်ချင်းလင်က ထိုင်ချလိုက်ပြီး ဓားမြှောင်ဖြင့် ဇွန်ဘီ၏ ဦးခေါင်းကို ထိုးစိုက်လိုက်သည့်အခါ ဘန်းခနဲ အသံမြည်သွားပြီး ခေါင်းပွင့်သွားလေသည်။

ဝမ်ချင်းလင်က နည်းနည်း အံ့ဩမိသွား၏။

သူ ဘယ်တုန်းက ဒီလောက်သန်မာလာတာလဲ …

သူက ဇွန်ဘီခေါင်းထဲမှ လက်မအရွယ် အနက်ရောင်သလင်းကျောက်လေးကို ထုတ်ယူလိုက်သည်။ ဤသည်မှာ ဇွန်ဘီ အမြုတေ ဖြစ်ပြီး စွမ်းအင်ပါဝင်ပြီး ကမ္ဘာ့ပျက်ကပ်အတွင်း အလွန်အသုံးဝင်လှသည်။

ဝမ်ချင်းလင်က အမြုတေအားလုံးကို စုစည်းပြီးနောက် ပို၍ စိတ်ရှုပ်ထွေးလာလေသည်။ ဤနေရာတွင် သေဆုံးနေသော ဇွန်ဘီများစွာ ရှိနေသော်လည်း မည်သူမှ အမြုတေကို မယူထားကြပေ။ ဆိုလိုသည်မှာ ဤနေရာသို့ မည်သူမှ မရောက်လာသေးကြောင်း ဖြစ်၏။

ဝမ်ချင်းလင်က အမြုတေများကို သိမ်းဆည်းလိုက်ပြီးနောက် ဓားကို သန့်ရှင်းလိုက်သည်။ ထို့နောက် အခြေစိုက်စခန်းသို့ ပြန်သွားလိုက်သည်။

သူက မသေသေးသည့်အတွက် ပြန်သွားရမည်။ မည်သို့ပင်ဖြစ်ဖြစ် သူက အပြင်မှာနေပြီး ဇွန်ဘီအစာ ဖြစ်လာဖို့ မစတေးနိုင်ပေ။

သူက ဖန်သားတိုက်တန်းကို ဖြတ်သွားလိုက်သည့်အခါ ပုံရိပ်ကြောင့် လန့်ဖြတ်သွားလေ၏။

သူ့မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေပြီး အမူအယာတို့က တောင့်တင်းနေသည်။ သူက အမူအယာလုပ်ဖို့ ကြိုးစားလိုက်သော်လည်း သူ့မျက်နှာကို မထိန်းချုပ်နိုင်ကြောင်း သိလိုက်ရသည်။

သူ့မျက်နှာက အကြောသေသွားလေပြီ။

ဝမ်ချင်းလင်က နံရံကို မှီကာ အချိန်အတော်ကြာ လေ့လာကြည့်လိုက်ပြီးနောက် အဝတ်အစားများကို မ ကာ သူ့ဘာသာ တစ်လက်မတိုင်း စစ်ဆေးကြည့်လိုက်သည်။ သူက အရည်ပြားရော၊ အသားရော အကောင်းတိုင်း ဖြစ်ကာ ဒဏ်ရာလည်း မရနေပေ။ သူ့အသားရည်က ဖြူဖတ်ဖြူရော် ဖြစ်နေပြီး မျက်နှာအကြောသေခြင်းက ပြဿနာကြီးတော့ မဟုတ်ပေ။

သူက ရှေ့ဆက်သွားလိုက်သည်။ သူက လျှောက်သွားနေသည့် ဇွန်ဘီများကို မြင်တိုင်း သူက အရင်စရှောင်ကာ ဇွန်ဘီများ၏ အာရုံစိုက်မလာအောင်အတွက် အသံမထွက်ဖို့ အကောင်းဆုံး ကြိုးစားလိုက်သည်။

သို့သော် ဝမ်ချင်းလင်က ဖြည်းဖြည်းချင်း တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိသွားသည်။ သူ ဇွန်ဘီတစ်ကောင်နှင့် တွေ့စဉ် သူက ချက်ချင်း ရှောင်လိုက်သည်။ ဇွန်ဘီသည်လည်း သူ့ကို ကြောက်နေသည့်အလား ချက်ချင်း ရှောင်လိုက်လေသည်။

ဝမ်ချင်းလင်  “ … ”

ခေါင်းထဲတွင် မေးခွန်းအပြည့် ဖြစ်လာကာ ဝမ်ချင်းလင်က စမ်းသပ်ဖို့ ဇွန်ဘီတစ်ကောင်ကို ရှာလိုက်သည်။

တစ်ကောင်တည်း ထီးထီးဖြစ်နေသည့် ဇွန်ဘီကို ရှာပြီးနောက် ဝမ်ချင်းလင်က ချက်ချင်း ခုန်အုပ်လိုက်သည်။

ဇွန်ဘီက အေးခဲသွားပြီးနောက် …

ဝူးဝူးဝါးဝါး အော်ကာ ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး လေအလား ထွက်ပြေးသွားတော့သည်။

ခြေထောက် မသန်စွမ်းတာမျိုး မရှိတော့သလို နံရိုးများလည်း တောင့်တင်းမနေတော့ပေ။ လျှင်မြန်ဖြတ်လတ်နေသည့်အကြောင်း ထည့်မပြောရသေးပေ။

ဝမ်ချင်းလင်  “ … ”

သူက သူ့မျက်နှာသူ ပြန်ထိလိုက်မိသည်။

သူ ဒီလောက်တောင် ရူးသွားတာလား … အနုသုခုမ မခံစားတတ်တဲ့ ရုပ်ဆိုးဆိုး ဇွန်ဘီတောင် ငါ့ကို မြင်ပြီး ထွက်ပြေးသွားတာဆိုတော့ ငါ့အနာဂတ်က ဘယ်လိုများ ဖြစ်နေမှာတုန်း 

အမူအယာကင်းမဲ့နေသော မျက်နှာဖြင့် ဝမ်ချင်းလင်က စိတ်ပျက်လက်ပျက် လျှောက်လှမ်းလာလိုက်သည်။ သူက ဇွန်ဘီများကို ရှောင်နေဖို့ပင် မလိုတော့ပေ။ ဇွန်ဘီများက သူ့အား အလိုလိုရှောင်သွားကြ၏။

ဝမ်ချင်းလင်က သူ့တွင် စွမ်းရည်အသစ်တစ်ခု မွေးဖွားလာသည်ဟု ထင်လိုက်မိသည်။

ဥပမာ ဇွန်ဘီပြီး စွမ်းရည်လိုမျိုး … 

( တုတ်ပြီး ၊ ဓားပြီး စွမ်းရည်လိုမျိုး )

ဒါက သောက်ရမ်းမိုက်တယ် … ငါ ဇွန်ဘီအုပ်ထဲ ပစ်ချခံရရင်တောင် အကိုက်မခံရတော့ဘူးလေ။ သောက်ရမ်း မိုက်မနေဘူးလား 

နောင်တစ်ခါ တစ်ယောက်ယောက် သူ့ကို ဇွန်ဘီအုပ်ထဲ တွန်းချလျှင် သူသည်လည်း ပျော်ပျော်ရွှင်ရွှင်ဖြင့် ထိုလူအား ဇွန်ဘီအုပ်ထဲ ပစ်ချခံရသည့် အတွေ့အကြုံကို ခံစားရအောင် သေချာပေါက် ဆွဲခေါ်သွားမည်။

ဝမ်ချင်းလင်က ထိုအတွေးဖြင့်  “ ငါဆီမှာ စွမ်းရည်သုံးမျိုး ရှိနေပြီပေါ့ ”

စွမ်းရည်သုံးမျိုး အသုံးပြုသူက ရှိရော ရှိရဲ့လား … 

သူ တစ်ခါမှ မကြားဖူးခဲ့ပေ။

စွမ်းရည်နှစ်မျိုးတောင် တော်တော်လေး ရှားပါးနေပြီလေ။ ပြဿနာများကို ကြိုတင်ကာကွယ်ထားဖို့အတွက် ဝမ်ချင်းလင်က စိတ်စွမ်းရည်ကို လျို့ဝှက်ထားခဲ့ပြီး သစ်သားစွမ်းရည်သာ အသုံးပြုခဲ့သည်။

တောင်ပိုင်းမြို့ အခြေစိုက်စခန်းသည် အစွန်အဖျားတွင် တည်ဆောက်ထားလေသည်။ ဇွန်ဘီများက မြို့များအတွင်း စုစည်းနေပြီး အစွန်အဖျား၌ သိပ်မရှိကြပေ။ ထို့ကြောင့် ဘေးပိုကင်းသည်။

ဝမ်ချင်းလင်က အခြေစိုက်စခန်းကို မြင်သည့်အခါ ကောင်းကင်ပင် မည်းမှောင်နေပြီ ဖြစ်၏။ သူက အမြန်နှုန်းမြင့်လိုက်သည်။ စခန်းက ညဘက်အခါ၌ တံခါးပိတ်ထားပြီး အဝင်အထွက် ကန့်သတ်ထားသည်။

သူက လူများငြင်းခုံနေသည်ကို ကြားလိုက်ရပြီး သူတို့အသံများက ရင်းနှီးနေလေသည်။ သူတို့က သူ သိပြီးသားလူများ ဖြစ်၏။

အမျိုးသမီးတစ်ဦး၏ အော်ရှိုက်သံ ထွက်ပေါ်လာသည်   “ အဲဒါ ကျွန်မနဲ့ ဘာဆိုင်လို့လဲ။ သူ့ကို သတ်လိုက်တာ ကျွန်မ မဟုတ်ဘူး ”

အဲဒါ ရှုရှန်ဖေးမလား … 

သူ့အဖေဘက်ကနေ အမျိုးတော်သည့် ဝမ်းကွဲအစ်မ ဖြစ်၏။

လုထျန်းကျင့်လည်း အော်ပြောလိုက်သည်  “မင်း မဟုတ်ဘူးလား။ ငါ ကြားတာတော့ သူ့ကို ဇွန်ဘီအုပ်ထဲ တွန်းချလိုက်တာ မင်းဆို ”

ရှုရှန်ဖေး၏ ငိုရှိုက်သံများ ရပ်တန့်သွားပြီး အေးဆေးတည်ငြိမ်စွာဖြင့်  “ ဒီလိုအခြေအနေအောက်မှာ ဇွန်ဘီအုပ်ကို မျှားခေါ်သွားဖို့ လူမရှိရင် အားလုံး သေမှာပဲလေ။ အဖွဲ့ကို ကာကွယ်ဖို့ တစ်ယောက်ကို စတေးလိုက်တာ အကောင်းဆုံး ရွေးချယ်မှုပဲ ”

လုထျန်းကျင့်က ဒေါသထွက်လာကာ  “ စိတ်ပါတာ မပါတာကြား ကွာဟချက်အကြီးကြီး ရှိတယ်ကွ။ မင်းသာ ဒီလိုနားလည်နေရင် မင်းဘာသာ ဘာလို့ အောက်ဆင်းမသွားရတာလဲ ”

ရှုရှန်ဖေး  “ကျွန်မက သူ့ထက် ပိုအဖိုးတန်တယ် ”


“ ခွေးစကားတွေ … ချင်းလင်က သစ်သားစွမ်းရည်ပိုင်ရှင်။ စခန်းတစ်ခုလုံးက အစားအစာအတွက် သူ့ကိုပဲ အားကိုးနေရတာ ” လုထျန်းကျင့်က ဒေါသကို မထိန်းထားနိုင်တော့ပေ။

ရှုရှန်ဖေး၏ အသံက နူးညံ့သွားပြီး  “ ခေါင်းဆောင်လု … သူက သစ်သားစွမ်းရည်ပိုင်ရှင်၊ ကျွန်မက အပင်စွမ်းရည်ပိုင်ရှင် .. ဘယ်လောက်များ ကွာခြားချက်ရှိမှာလဲ။ သူ လုပ်နိုင်သမျှ ကျွန်မလည်း လုပ်နိုင်တယ်။ ပြီးတော့ ကျွန်မက ဒီထက် တန်ဖိုးရှိတယ်။ ကမ္ဘာ့ပျက်ကပ်ထဲမှာ အဖိုးတန်ဆုံးက ဘာတွေလဲ။ အစားအစာနဲ့ မိန်းမပဲ … အစားအစာမရှိရင် လူတွေ ငတ်သေမယ်။ မိန်းမတွေမရှိရင် လူသားမျိုးနွယ် ပျက်သုန်းသွားမယ်။ အဲဆိုတော့ ကျွန်မက သူ့ထက် ပိုအဖိုးမတန်ဘူးလား ”

လုထျန်းကျင့်က ဘာမှမပြောသော်လည်း သူ့အမူအယာတို့က ပျက်ယွင်းနေဆဲ ဖြစ်သည်။

ရှုရှန်ဖေးက ဆက်ပြောလိုက်သည်  “ ကျွန်မက စခန်းရဲ့ စားနပ်ရိက္ခာကို ထောက်ပံ့ပေးနိုင်ရုံတင် မကဘူး။ ရှင့်အမျိုးသမီးလည်း ဖြစ်လာနိုင်တယ်။ သေသွားတဲ့ ညီအစ်ကိုတစ်ယောက်နဲ့ ယှဉ်လိုက်ရင် ကျွန်မကို ရွေးချယ်တာ ပိုမတန်ဘူးလား ”

ရှုရှန်ဖေးက ပြောလိုက်ရင်း လုထျန်းကျင့်ပေါ် မှီချလိုက်သည်။

လုထျန်းကျင့်၏ စိတ်နှလုံးသားက ယောက်ယက်ခတ်နေလေ၏။ တစ်ဖက်တွင် သူ့ညီအစ်ကို သေဆုံးမှုအတွက် ဝမ်းနည်းနေသလို တစ်ဖက်တွင်လည်း ဆွဲဆောင်မှုကို ခံနိုင်ရည်ရှိဖို့ ကြိုးစားနေရသည်။ သူ့လက်များက ရှုရှန်ဖေး ခါးအထက် ဖြည်းဖြည်းချင်း ရောက်ရှိသွားလေ၏။

သူက ရှုရှန်ဖေးကို တွန်းထုတ်လိုက်သည်။ ရှုရှန်ဖေး၏ ဆံမြိတ်ကို အေးစက်စက် အလင်းတစ်ချက် ဖြတ်ကျော်ကာ သူမဆံပင်များကို ဖြတ်သွားလေသည်။

ရှုရှန်ဖေးက ကြောက်ကြောက်လန့်လန့် ဖြစ်သွားပြီးနောက် ဘာဖြစ်တာလဲဟု စစ်ဆေးဖို့ ထွက်လာလိုက်သည်။

လုထျန်းကျင့် လက်ထဲ လေးတစ်ခု ပေါ်လာပြီး မြှားတပ်ကာ ဓားလားရာ တည်နေရာသို့  ချိန်ရွယ်ထားလိုက်သည်။

တစ်ချက်ကြည့်လိုက်ပြီးနောက် လုထျန်းကျင့်က အေးခဲသွားလေသည်  “ ချင်းလင်လား ”

ရှုရှန်ဖေးလည်း တုန်လှုပ်တကြီး ကြည့်ပြီးနောက် ခေါင်းခါကာ  “ မဖြစ်နိုင်ဘူး။ ဒါလုံးဝ မဖြစ်နိုင်ဘူး။ သူကို ဇွန်ဘီ ကိုက်လိုက်ပြီးပြီ။ ငါတို့အားလုံး မြင်လိုက်ရတယ်။ သူက ဇွန်ဘီပဲ … သူက လူသား မဖြစ်နိုင်ဘူး။ သူက ဇွန်ဘီ။ သူ့ကို သတ်ကြ … မြန်မြန် သတ်ပစ်ကြ … အား ”

လုထျန်းကျင့်က အံ့ဩနေဆဲ ဖြစ်သည်။ သို့သော် ရှုရှန်ဖေး၏ တိုက်တွန်းချက်အောက်တွင် မြှားကို ဝမ်ချင်းလင်ဆီ ချိန်ရွယ်ထားလိုက်သည်။

သူက တွေဝေနေဆဲ ဖြစ်၏  “ ချင်းလင် … မင်းက လူသားလား ဇွန်ဘီလား။ လူဆိုရင် တစ်ခုခု ပြောဦး ”

ဝမ်ချင်းလင်က ရှေ့ဆက်တိုးလာကာ ရှုရှန်ဖေးကိုသာ စိုက်ကြည့်နေသည်။ သူက အင်မတန် အရသာရှိသည့် သွေးနံ့နှင့် အသားနံ့ကို ရနေသည်။ သူက အရမ်းဗိုက်ဆာနေပြီး ဗိုက်ဆာလွန်းလို့ စိတ်လွတ်သွားမတတ် ပြေးသွားကာ  သွားကိုက်ချင်လောက်အောင်အထိ ဖြစ်နေသည်။

သူ့လူသားဆင်ခြင်စိတ်က ထိုရူးသွပ်သည့် အတွေးကို တားဆီးထားသည်။

ယခု ပစ်လွှတ်လိုက်သည့် ဓားမြှောင်က လုထျန်းကျင့်သာ တွန်းမလွှတ်လိုက်လျှင် ရှုရှန်ဖေးဆီ ရောက်သွားပေမည်။

ဝမ်ချင်းလင်၏ နှလုံးသားက အတော်လေး တည်ငြိမ်နေပြီး ဆွေမျိုးတစ်ယောက်ကို သတ်ပစ်ဖို့ ဝန်လေးနေသည်မျိုး မရှိပေ။

ရှုရှန်ဖေးက ထိုအကြည့်ကြောင့် တုန်လှုပ်နေကာ သူမစွမ်းရည်ကို အသုံးပြုလိုက်သည်။ မြေပြင်မှ ဆူးချွန်တစ်ခု ရုတ်ချည်း ထွက်လာပြီး ဝမ်ချင်းလင်ဆီ ဝင်ရောက်သွားသည်။

ဝမ်ချင်းလင်က အလွယ်တကူ ရှောင်လိုက်သည်။ သူ့လှုပ်ရှားမှုများက သွက်လက်နေသော်လည်း သူ့မျက်နှာက အမူအယာမရှိ တောင့်တင်းနေဆဲ ဖြစ်သောကြောင့် ထူးဆန်းနေသည်။

ရှုရှန်ဖေးက အော်ဟစ်လိုက်သည်  “ ကယ်ကြပါဦး … တစ်ယောက်ယောက် ကယ်ကြပါဦး။ သူက ဇွန်ဘီ။ သူကို သတ်ကြ … ဝမ်ချင်းလင်က ဇွန်ဘီအဖြစ် ပြောင်းသွားပြီးတော့ ပြန်ရောက်လာပြီ ”

သူမအော်သံကြောင့် စခန်းအတွင်းမှ လူများစွာ ပြေးထွက်လာကြသည်။ သူတို့က ဝမ်ချင်းလင်ကို မြင်လိုက်ရသည့်အခါ ခေါင်းကျိန်းသွားလေသည်။ သူတို့အားလုံးက ဝမ်ချင်းလင်း အကိုက်ခံရကြောင်း ကြားထားကြလေရာ သူ့အနေနှင့် အသက်ရှင်လျက် ပြန်ရောက်လာစရာအကြောင်း မရှိပေ။ ထို့အပြင် သူ ဇွန်ဘီအုပ်ထဲ ပစ်ချခံရပြီးနောက် သုံးရက်ကြာမြင့်သွားလေပြီ။

ဇွန်ဘီမြို့တော်အတွင်း သုံးရက်လုံးလုံး မည်သူမှ အသက်မရှင်နိုင်ပေ။

ပြေးထွက်လာသူများက ဖြေရှင်းချက်ကိုပင် မစောင့်ဆိုင်းဘဲ လက်နက်များဖြင့် ဝမ်ချင်းလင်အား တိုက်ခိုက်ကြသည်။

တုံ့ဆိုင်းနေသည့် လုထျန်းကျင့်ပင် အံ့ကြိတ်ကာ မြှားကို ပစ်လွှတ်လိုက်သည်။

ဝမ်ချင်းလင်၏ အဝတ်အစားများက ပေစုတ်နေပြီး သွေးများပေစွန်းနေသည်။ ဤသည်မှာ ဇွန်ဘီအကိုက်ခံထားရမှန်း သိသာလှ၏။ သူက လူသား မဖြစ်နိုင်တော့ပေ။

ဝမ်ချင်းလင်က ခုန်ကာ မြှားကို ရှောင်လိုက်သည်။

အသာခုန်လိုက်တာက မီတာအတော် အမြင့် ရောက်သွားသောကြောင့် စခန်းအတွင်းမှ အသက်ရှင်သူများက တုန်လှုပ်သွားကြသည်။ သူတို့က လက်နက်များဖြင့် ဆက်တိုက် ပစ်ခတ်နေကြသည်။

ဝမ်ချင်းလင်က ရှေ့ဆက်မတိုးတော့ပေ။ ထို့အစား သူက နောက်ဆုတ်လိုက်ပြီးနောက် သူ သိကျွမ်းဖူးခဲ့သည့် လူများကို ကြည့်ရင်း အဝေးအထိ နောက်ဆုတ်လိုက်သည်။

သူက လူတစ်ယောက်ကိုသာ သတ်ချင်မိသည်။ ရှုရှန်ဖေးက သူ့အား ဇွန်ဘီအုပ်ထဲ တွန်းချခဲ့ပြီး သူ မသေမည်ကို စိုးသလို သူ ဇွန်ဘီအုပ်ကြီးအား ဆွဲမခေါ်နိုင်မည်ကို စိုး၍ သစ်သားချွန်ဖြင့် စိုက်ခဲ့သေးသည်။ ယခု သူက သူမအသက်ပြန်ယူဖို့ ရောက်လာခြင်း ဖြစ်၏။ သိပ်မများပေ။

သို့သော်လည်း သူ့အရင်အဖွဲ့သားများက သူ့အား တိုက်ခိုက်နေကြသည်။ သူ့အား သတ်ပစ်ချင်နေကြသည်။

ဝမ်ချင်းလင်က လူသားအုပ်ကြောင့် တောင်တန်းမြို့ထဲ  နောက်ဆုတ်ရုံမှအပ တခြားရွေးချယ်စရာ မရှိပေ။

တောင်တန်းမြို့သည် မြို့ကြီးတစ်ခု ဖြစ်ခဲ့ပြီး လူဦးရေထူထပ်ခဲ့သည်။ ကပ်ဘေး ကျရောက်လာသည့်အခါ ဇွန်ဘီအများဆုံး နေရာ ဖြစ်လာခဲ့ကာ ရှင်ကျန်သူများက ဇွန်ဘီမြို့တော်ဟုပင် ခေါ်ဆိုခဲ့ကြသည်။

လူသားများက မြို့အပြင် ရောက်သည့်အထိ ဆက်တိုက် လိုက်လာကြပြီးနောက် ဆက်မလိုက်ရဲတော့ပေ။

ရှုရှန်ဖေးက အင်မတန် စိုးရိမ်နေကာ  “ ကျွန်မတို့ ဘာလုပ်ကြမလဲ။ သူက အထဲ လွတ်သွားပြီ။ တကယ်လို့ ကျွန်မတို့သာ သူ့ကို မသတ်ရင် သူက ဇွန်ဘီအုပ်ကြီး ခေါ်ပြီး ရောက်လာမှာ။ အဲအခါကျ ကျွန်မတို့ တကယ် အဆုံးသတ်ပြီ ”

ထိုအရာကို ကြားကာ တခြားလူများ၏ မျက်နှာက မကြည်မလင် ဖြစ်လာကြသည်။

ကောင်းကင်ကြီးက မှောင်မည်းလာသလို မြို့အတွင်းမှ ဇွန်ဘီအသံများလည်း မရပ်မနား ကြားနေရသည်။

လုထျန်းကျင့်က ပြောလိုက်သည်  “ ညရောက်တော့မယ်။ အရင်ဆုံး ပြန်ကြတာပေါ့။ အားလုံးကို အစောင့်အကြပ်တိုးထားဖို့ သတိပေးလိုက်။ မနက်ဖြန်ကျ ငါတို့ ထပ်လာကြမယ် ”

လူသားများက ခပ်သွက်သွက်ဖြင့် စခန်းဆီ ပြန်သွားကြသည်။ သူတို့က ညဘက် အပြင်ဘက်၌ မနေရဲကြပေ။

ညက သန္ဓေပြောင်းသက်ရှိများနှင့် ဇွန်ဘီများ တက်ကြွဆုံး အချိန် ဖြစ်၏။ အကယ်၍ သူတို့သာ အပြင်ဘက်မှာနေလျှင် သေခြင်းတရားကို စောင့်နေသလို ဖြစ်ပေမည်။


အခန်း တစ် ပြီးဆုံး …

LTJ: တစ်ခုခုပြော … မဟုတ်ရင် မင်းကို လက်လျော့လိုက်တော့မယ်

WQL: *တိတ်ဆိတ်*

XSF: အားအား သူကို သတ်ကြ

WQL: အချစ်လေး  ငါက သေရာကနေ ပြန်ထလာတာ ~♪

———


rate now: