💚💚အစိမ်းရောင်ကမ္ဘာငယ်လေး💚💚
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
"ကိုထော•••ပြန်တော့•••ညလေးဘာသာညလေး
လွန်းခကိုလာခေါ်ခိုင်းလိုက်မယ်"
လမ်းထိပ်ရောက်သည်နှင့် ညချမ်းက
ခပ်တည်တည်လေးပြောလိုက်သည်။ကားမောင်း
နေရင်း ထောက ညချမ်းကို လှည့်ကြည့်ကာ•••
သွားစွယ်တွေပေါ်အောင်ပြုံး၍••••
"မင်းကောင်လေးနဲ့ချိန်းထားလို့မို့လား•••"
ချိုလွင်လွင်အပြောကြောင့် ညချမ်း
သူ့ကို လှည့်ကြည့်တော့ ထောက ပြုံးကြည့်နေရာ
မှ ရှေ့ကိုမျက်နှာပြန်လှည့်သွား၏။
"ဟုတ်တယ်•••အဲတော့ ဘာဖြစ်လဲ။ကိုထောပြန်တော့"
ထော ရှေ့မှာ မျက်နှာပူပေမယ့် သူတောင်
မေးသေးတာဆိုပြီးတော့ တမင်ရွဲ့ဖြေလိုက်သည်။
"မပြန်ပါဘူး••••"
ညချမ်း သူ့ကို မော့ကြည့်လိုက်မိသည်။
သူက ခပ်တည်တည်နဲ့ပြောပြီး•••ရှေ့ကိုသာ အာရုံ
စိုက်နေသဖြင့်•••
"ကိုထောကိုပြန်လို့ ပြောနေတယ်လေ"
"ကိုယ်ကလည်း မပြန်ဘူးလို့ ပြောပြီးပြီဘဲ။မင်း
ရည်းစားနဲ့ မင်းသွားတွေ့မှာမို့လား••"
မျက်မှန်အနက်အောက်က မျက်လုံးတွေ
က ညချမ်းဆီ ရွေ့လာသည်။
"ဟုတ်တယ်•••"
"ကိုယ်ကလည်း လိုက်မှာဘဲ။တီလေးက ကိုယ့်ကို
ယုံကြည်လို့ထည့်လိုက်တာ၊ကိုယ်မပြန်ဘူး ညလေး၊
မင်း ရည်းစားနဲ့ သွားမှာဆိုလည်း သွားလေ၊ကိုယ်
အနားမှာ ရှိနေမယ်"
"အာ•••ဒါ ကိုထော သက်သက်ယုတ်ပက်တာ"
"ကိုယ်ဘာလုပ်နေလို့လဲ၊မင်း ကောင်လေးနဲ့ အေး
ဆေးလည်လို့ရတာပဲဟာ၊ဒါပေမယ့် ကိုယ်အနားမှာ
ရှိနေမယ်၊ဘာကြောင့်လဲဆိုတော့ တီလေးရဲ့ယုံကြည်မှုကို ကိုယ်တို့ အလွဲသုံးစားမလုပ်သင့်လို့
ဘဲ"
"တကယ်ကြီးလိုက်မှာလား"
အံ့သြမယုံနိုင်ခြင်းတို့ဖြင့် ဘေးတိုက်မြင်
နေရသည့် ထောမျက်နှာကိုကြည့်ကာ ညချမ်းမေးလိုက်မိသည်။
"ဟုတ်တယ်•••ကိုယ်က ညာစရာလား"
"ကိုထော တကယ်ရော လိုက်ရဲလို့လား"
"ဘာကြောင့်မလိုက်ရဲရမှာလဲ၊ဘာလဲ မင်းတို့က
ဘယ်နေရာတွေသွားမှာမို့လဲ၊ဟော်တယ်တွေဘာ
တွေတော့ မဟုတ်ပါဘူးနော်"
"ကိုထော!••••••"
ညချမ်း စွတ်အော်လိုက်သဖြင့် ထောက
နားကိုလက်ဖြင့် ပိတ်ပြီးမှ လက်ညှိုးထည့်၍ခါ
လိုက်ကာ ရှုံ့မဲ့သွား၏။
"ဖြည်းဖြည်းအော်ပါ•••ကိုယ်နားမလေးဘူး"
"ကိုထော ဘာလို့ မဟုတ်တာတွေပြောလဲ"
"ကိုယ် ဘာပြောမိလို့လဲ၊အော်လိုက်တာနားကွဲ
မတတ်ဘဲ၊ဟင်း•••မင်းကိုကြိုက်တဲ့ကောင်ကို
တော့ လက်ဆွဲနှုတ်ဆက်လိုက်ဦးမယ်၊ထူးဆန်း
သတ္တဝါအဖြစ်လေ၊ကျွတ်••ကျွတ်•••ကိုယ်လုံးက
ဝက်ကိုယ်လုံး ဆံပင်က ဖရိုဖရဲ၊ဘယ်လိုမှပုံ
မလာ ပန်းမလာကြီးကို ကြိုက်ရတယ်လို့ကွာ။
တွေ့တော့မှ သေချာအင်တာဗျူးရမယ်ကွ•••ဘယ်
လို ခံစားပြီးတော့များ ရည်းစားတော်လိုက်လဲလို့"
"ကို•••ကိုထောနော်••••"
ညချမ်း ဒေါသထွက်ပြီဆို သူများတွေထက်ပို
ရိုင်းချင်သည်။ထောကတော့ ဂရုမစိုက်သလိုပင်။
"ဘာဖြစ်လို့လဲ ကိုယ်ရှိနေတော့ မင်းတို့ပိုအပျင်း
ပြေတယ်မဟုတ်ဘူးလား•••"
"ဟုတ်တယ်••••ဟုတ်တယ်။ဒါထက်မကသေးဘူး
အဲဒီ မှိုချိုးမျှစ်ချိုးပြောတဲ့ ပါးစပ်ကိုလေ••••"
"ဟ•••••ဘာလုပျတာလဲ••••"
"ကဲဟယ်••••ကဲ"
"ညလေးနော်••••ဒီမှာ ကားမောင်းနေတာကို မင်း••••••"
"ကိုထော ဘာလို့ ညလေး မကြိုက်တာတွေ ရွေး
ပြောနေသလဲ••••"
"ကဲကွာ••••နောက်ဆိုကြိုက်တာတွေဘဲ ပြောတော့မယ်••••"
"ဟင်•••••••••"
စိတ်ထဲ တစ်မျိုးကြီးဖြစ်သွားကာ
ထောကို ကြည့်လိုက်မိတော့ ထောက ဘာမှ
မဟုတ်သလို ကားကိုသာ အေးဆေးမောင်းနေ
သည်။စိတ်ထဲမှာတော့ ထောစကားတွေနှင့်
အမူအယာတွေအပေါ် အလိုမကျခြင်းက စိုးမိုး
လျက်••••••••။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
"ဘာကိစ္စရှိလို့ပါလဲ ကိုဆောင်းလေပြည်၊ရှင်နဲ့ကျွန်မကြားမှာ ဘာမှ ပြောစရာမရှိဘူး၊အိမ်မှာ
သားလည်းမရှိဘူး ရှင်ပြန်တော့"
"ခဏလေး••••ညိုပြာညက်၊မင်း အထင်မှားနေပြီ၊
ကိုယ်ရှင်းပြတာ နားထောင်ပါဦး••••၊ကိုယ်က
မင်းထင်နေတဲ့ ဆောင်းလေပြည်မဟုတ်ပါဘူး"
အိမ်ရှင်ဖြစ်သူ ညိုပြာညက်ကလည်း
ထိုင်ပါတယ်လို့ အပြောသလို မိုးလေပြည်က
လည်း ထိုင်ဖို့ အစီအစဥ်မရှိဘဲ အိမ်ပေါ်တက်
လာသည့်အတိုင်း ဧည့်ခန်းမှာ မျက်နှာချင်းဆိုင်
ရပ်မိလျက်သား။ညိုပြာညက်မျက်နှာက တင်း
မာ ခက်ထန်နေသလောက် မိုးလေပြည်က ခပ်
အေးအေးပုံမှန်မျက်နှာနှင့် ရှိနေ၏။
"တော်ပါတော့•••ရှင်ရဲ့ ဆယ်နှစ်ကြိုးလိမ်စဥ်တွေ
မကုန်နိုင်သေးဘူးလား၊ဘာလဲ•••ကျွန်မတို့သား
အမိနဲ့ရှင် ပက်သက်နေပါတယ်ဆိုတာ ရှင့်ရဲ့
အသိုင်းအဝိုင်းကြီးက သိမှာကြောက်နေလို့
မိုးလေပြည်ပါလို့ လာညာနေတာလား၊ဒါဆိုရင်
တော့ ရှင် လိမ်စရာ မလိုပါဘူး ဦးဆောင်းလေပြည်၊ကျွန်မတို့ ဘဝထဲမှာ ရှင်မရှိတော့တာ
ကြာပြီ"
အံကြိတ်ကာ နာကျည်းသံဖြင့်ပြောနေ
သည့် ညိုပြာညက်ကို ကြည့်ပြီး လေပြည်အတော်
စိတ်ရှုပ်သွားရသည်။ဆောင်းလေပြည်မဟုတ်ပါဘူး
လို့ ပြောလည်းမရပါလား။
"မှားနေပြီဗျ•••၊ခင်ဗျား အဲဒီထဲက မှားနေတာ၊
ငါက မိုးလေပြည်တကယ်အစစ်ပါ၊မင်းချစ်သူ
ဆောင်းလေပြည်က ကိုယ်နဲ့ သုံးမိနစ်ပဲကွာတဲ့
အမွှာညီလေးပါ ညို့ပြာညက်"
သူ ပြောလိုက်မှ ညိုပြာညက် မျက်နှာ
မှာ လှောင်ရိပ်ထင်သွားကာ••••
"ရှင် ရေးတဲ့ ဇာတ်က တကယ်စိတ်ဝင်စားစရာဘဲ၊
ဒါပေမယ့် ကျွန်မက အဲလိုဇာတ်တွေ ကိုရိုးနေပြီ၊
ဒီမှာ ရှင်ဘာမှ မဟုတ်တာတွေ ပြောမနေနဲ့တော့၊
ရှင့်ကိုလည်း ကျွန်မ မေ့ထားတာကြာပြီ၊ရှင်နဲ့
ပက်သက်မိတဲ့ အတိတ်ဆိုတာ အပိုင်းအစတစ်ခု
လို လွင့်မျောပျောက်ကွယ်သွားပြီးပြီ၊ဒီတော့
ရှင် ဘာမှ လိမ်စရာလည်း မလိုတော့ဘူး၊ကျွန်မ
တို့ ကိုယ့်ဘဝနဲ့ ကိုယ်နေသားကျနေပါပြီ၊ရှင်လည်း
ချစ်ရတဲ့ဇနီးမယားရှိနေပြီဘဲ၊နောက်ထပ် ကျွန်မ
တို့ပက်သက်စရာ ဘာအကြောင်းမှ မရှိတော့ဘူး၊
ရှင်ပြန်လိုက်ပါတော့"
"ကျွတ်••••မဟုတ်ပါဘူးဆို မင်းကမယုံဘူးထင်
တယ်၊ကိုယ်က မိုးလေပြည်၊မင်းရဲ့ဆောင်းလေပြည်
မဟုတ်ပါဘူးဆို"
ဆံပင်တွေထဲ လက်ထိုးထည့်၍စိတ်ရှုပ်
ထွေးသလို လုပ်လိုက်သည့် သူ့ဟန်ပန်က လူရွယ်
လေး တစ်ယောက်လို၊သူမချစ်သည့် ကို့ရဲ့ဟန်ပန်
တွေပါဘဲ။ဒါနဲ့များ ကိုမဟုတ်ဘူးတဲ့၊ရှင်မို့ပြော
ထွက်ရက်တယ် ကို၊မျှော်လင့်ချက်တွေနဲ့ရှင်သန်
ခဲ့တာမှန်ပေမယ့် တပါးသူကိုချစ်ခင်နေသလို၊
သူ့မှာလည်းအိမ်ထောင်ကြီးနဲ့မို့ သူမဘက်က
မမျှော်လင့်ရဲတော့ပါ။
"ဟုတ်လား•••ရှင်က ဆောင်းလေပြည်မဟုတ်ဘူး
ဆိုရင် ဆောင်းလေပြည်က ဘယ်မှာလဲ"
အလစ်အငိုက်မေးခွန်းမို့ သူ့ဘာပြန်
ဖြေရမလဲ တွေးနေစဥ်••••ညိုပြာညက်ဆီက ခနိုးခနဲ့
ရယ်သံလေးထွက်လာသည်။ဖြေစရာမရှိဖြစ်နေသည့် သူ့ကို ကြည့်သည့် အကြည့်တွေက ညာနေ
တာကို အလစ်အငိုက်ဖမ်းလိုက်သည့် ပုံစံမျိုး။
"ရှင်မဖြေနိုင်တော့ဘူး မဟုတ်လား•••၊ဘယ်ဖြေနိုင်
ပါ့မလဲ•••။ရှင်က ဆောင်းလေပြည်ပဲဟာ•••၊မဟုတ်
ဘူးလား"
"တော်•••ကိုယ်က ဆောင်းလေပြည်မဟုတ်ပါဘူး
ဆို၊ဘယ်လိုသက်သေပြရမလဲ၊ဆောင်းလေပြည်
ဘာမှာဆိုတာ ကိုယ်လည်း မသိတဲ့အတွက် မင်း
မေးခွန်းကို ကိုယ်မဖြေနိုင်တာ၊ညိုပြာညက် ငါ
ပြောတာယုံပါ•••၊မင်းနဲ့ဆောင်းကို ပြန်အဆင်ပြေ
စေချင်တယ်၊ကိုယ်တို့လည်း ဆောင်းကို အရမ်း
တွေ့ချင်နေတာ၊မင်း ငါပြောတာကို ယုံပေးပါ"
ဆောင်းလေပြည်မဟုတ်ပါဘူးလို့ အတွင်
တွင် ငြင်းဆန်နေသည့် သူ့က ဘယ်လိုကြည့်ကြည့်
ဆောင်းလေပြည်မှ ဆောင်းလေပြည်အစစ်ပါ။
ကိုနဲ့ချစ်သူဖြစ်နေထဲက ကိုယ့်မှာ အမွှာရှိတယ်လို့
တစ်ခါမှ မကြားဖူးခဲ့သလို ချိန်တို့ ခါတို့ဆီကလည်း
ကို့မှာ အမွှာ အစ်ကို ရှိနေတယ်လို့ ပြောသံတစ်ခါ
ဖူးမှ မကြားခဲ့ဖူးပါ။လေပြည်မှာလည်း စကားပြော
ရတာ အဆင်မပြေသဖြင့် ကိုယ်ဖြစ်လိုက် ငါဖြစ်သွားလိုက်ဖြစ်နေသည်။
ရက်စက်လိုက်တာ လို့ အော်ပြောပစ်ချင်
သည်။ကိုယ့်ကို ထားခဲ့တဲ့အပြင်•••ခုလိမ်စဥ်တွေပါ
ပါလာတာ အဆိုးဆုံးပင်။
"ကဲပါ•••ရှင်ပြောတာ ဟုတ်တယ်ပဲ ထားလိုက်ပါ့
မယ်၊ခုတော့ ရှင်ပြန်လိုက်တော့၊ကျွန်မတို့ခြံရှေ့
မှာ ကားကြီးမြင်ရင် ပတ်ဝန်းကျင်က တစ်မျိုး
ထင်နေလိမ့်မယ်"
"ကောင်းပါပြီ•••ဒါပေမယ့် မင်းသိထားပါ၊ဆောင်း
ကို မင်းဆီ ကိုယ်ခေါ်လာပြမယ်၊အဲဒီနေ့ကျရင်
မင်း ဆောင်းကို လက်ခံရမယ်"
"အဲဒီနေ့မျိုး တကယ်ရှိခဲ့ရင်ပေါ့•••"
သူက ညိုပြာညက်ကို စောင့်ကြည့်နေ
လိုက်ဆိုသည့် မျက်ဝန်းများဖြင့်ကြည့်သွားသည်။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
"ကိုကို•••••••"
ကားစတင်းမှာ ကားရပ်သည်နှင့် ညချမ်း
စည်းရှိရာနေရာသို့ အပြေးလေးရောက်သွားကာ
ရပ်စောင့်နေသည့် စည်းလက်မောင်းကို တွဲခိုကာ
ချွဲလိုက်၏။စည်းက ညချမ်းကို ချစ်စနိုးပြုံးကြည့်
ကာ နဖူးလေးပေါ် အနမ်းနွေးနွေးလေးခြွေလိုက်
သဖြင့် နဖူးလေးကို လက်ဖြင့် ပွတ်လိုက်ကာ
ရှက်ရယ်လေး ရယ်ရင်း ကားပေါ်က ဆင်းလာသည့်
ထောဆီ အကြည့်ရောက်သွားသည်။
ဘောင်းဘီ အိတ်ထဲ လက်ထည့်ကာ
ခပ်တောင့်တောင့် လျှောက်လာသည့် ထောဟန်က
မိန်းကလေးများ ငေးချင်စရာ။ရင်ဘတ်ကို ဖွင့်၍
လျှောက်လာရင် စီးကရက်တစ်လိပ်ထုတ်ကာ
ပါးစပ်မှာ တေ့၍ ဟန်ပါပါ မီးညှိလိုက်သည့်ပုံက
တကယ်ကြည့်ကောင်တာထက်ပိုပါသည်။
တစ်ချက်၊နှစ်ချက်ဖွာရှိုက်ကာ မီးခိုး
များကို မှုတ်ထုတ်ရင်း တစ်ချက်စိုက်ကြည့်ပြီးမှ
စီးကရက်ကို လက်ကြားညှပ်လျက် ညချမ်းတို့
ဘက်ကို ခပ်တည်တည်လျှောက်လာ၏။သူ့ကို
မသိသည့် စည်းက တောင့်တောင့်ဖြောင့်ဖြောင့်
နှင့် လူချော သူ့ကို မမှိတ်မသုန်ငေးနေမိသည်။
ကိုယ့်ချစ်သူလေးနဲ့ပါလာသူ•••၊ရူပါက
ချောတာထက်ပို ကြည့်ကောင်းလွန်းနေသည့် အပြင်
ထီမထီဟန်က အပြည့်•••။စည်း ကြည့်နေစဥ် သူက
စည်းနှင့် ညချမ်းကို တစ်ချက်ခြုံကြည့်ပြီး••••
"ညလေး•••ကိုယ့်ကို မိတ်မဆက်ပေးတော့ဘူးလား၊
ဘာလဲ•••မလိုအပ်ဖူးဆိုတဲ့သဘောလား"
သူ အမေးကြောင့် ညချမ်း လှုပ်လှုပ်ရှား
ရှားဖြစ်သွားကာ•••
"ဆော်ရီး•••ညလေး ကြောင်သွားလို့၊ကိုထော•••
ဒါ•••ညလေး••••ညလေးရဲ့•••"
ငယ်ငယ်ထဲကတူတူ ကြီးပြင်းလာသည့်
မောင်နှမဆိုလည်းမမှားသဖြင့် ညချမ်းတုံ့ဆိုင်း
နေမိစဥ်•••ထောက လက်ထဲက စီးကရက်ကို တစ်ချက်ဖွာလိုက်ပြီး အပြုံးခပ်လွန့်လွန့်ဖြင့် •••
"မင်းရဲ့ရည်းစားဆိုပါတော့•••••၊ဒါနဲ့ နာမည်က•••"
ညချမ်းဘက်ကြည့်နေရာမှ စည်းဘက်လှည့်ကာ မေးလိုက်သဖြင့် စည်း ဖြေလိုက်မိ၏။
"မင်းစည်းစိမ်ပါ••••ဒါထက်•••မင်းက ညချမ်းနဲ့ဘာ
တော်တာလဲ"
ထောက သူ့အကျင့်အတိုင်း နှာခေါင်း
တစ်ဖက်တွန့်သွားအောင်ပြုံးလိုက်ပြီး ဟုတ်ဟုတ်
ငြားငြား မသောက်လိုက်ရဘဲ တစ်ဝက်ကျိုးနေသည့် စီးကရက်ကို ခါးချိုး၍ပြစ်ချလိုက်ကာ ဖိနပ်
ဖြင့် ဖိချေပစ်နေ၏။ထိုမြင်ကွင်းကို စည်းလိုက်ကြည့်နေမိရင်း မသိမသာ နှုတ်ခေါင်းရှုံ့ချင်သည်။
စည်းသည် မိခင် ဆန္ဒအတိုင်းနေထိုင်သူမို့ အရက်
ဘီယာ စီးကရက် အားလုံးကင်းရှင်းသဖြင့် ခု သူ့
ရှေ့က သူကို လိုက်ကြည့်နေမိခြင်းပါ။
"သြော်••••နာမည်တူတောင် ရှာထားတာဘဲ•••
အဟင်း•••"
ပါးစပ်လှုပ်ရုံလေးဖြတ်ခနဲ ရေရွတ်လိုက်
သည့် သူ့စကားကို စည်းကောင်းကောင်းကြားလိုက်
သဖြင့် စိတ်ထဲ ဘဝင်မကျချင်တော့။ချောမော
ပြေပြစ်သည့် သူ့မျက်နှာကို ခပ်နက်နက်စိုက်ကြည့်
ကာ•••
"ဒါထက် မင်းက•••••"
"ငါလား••••••"
သူက သူ့ကိုယ်သူလက်ညှိုးထိုးကာ မေးလိုက်တော့ စည်းက ခေါင်းညိတ်ပြ၏။
"ငါက ညလေးနဲ့အရင်းနှီးဆုံးသူ၊ညလေးနဲ့ခြံချင်း
ကပ်လျက်နေတယ်၊ငယ်ငယ်ထဲ ကစားဖော်ဆိုလည်း ဟုတ်တယ်၊ပြီးတော့ ညလေးရဲ့•••••"
"ကိုထော••••••"
ညှို့ပြုံးဖြင့် ပြောနေသည့် သူ့စကား
က တဝက်မှာရပ်သွားသဖြင့် ညချမ်းကပြာကယာ
ဝင်တားလိုက်တာမို့ သူကသဘောကျစွာရယ်
လိုက်ရင်း••••ခပ်အေးအေးဆက်ပြောသည်က၊
"ကိုယ် ဘာပြောလို့လဲ ညလေးရဲ့၊မျက်လုံးကြီးပြူး
ပြီးစွတ်အော်နေတယ်၊ညလေးရဲ့အစ်ကိုဆိုလည်း
ဟုတ်တယ်လို့ ပြောမလို့ပါကွ၊မဟုတ်လို့လား•••
ဝက်ပေါက်လေးက ကိုယ့်ညီမ အဆိုးလေးပဲဟာ၊
ဘာလဲ••••အစ်ကိုမတော်ချင်ဘူးလား၊ဒါဆိုလည်း
ဖြစ်တယ်နော်•••ခင်ဗျားအကြောင်းတွေကို သူ့ကို
အားလုံးပြောပြလိုက်မှာ••••••"
"အာ••••••ကိုထောနော်•••••ညလေး မကောင်းကြောင်းတွေပြောရဲပြောကြည့် တွေ့သွားမှာ
ပေါ့••••"
ညချမ်းက သူ့လက်မောင်းကို ဖြတ်ခနဲ
လှမ်းရိုက်လိုက်ပြီး မျက်စောင်းထိုးလိုက်သဖြင့်
သူ သဘောကျကာ ရယ်လိုက်မိ၏။ထိုမြင်ကွင်း
ကိုစိုက်ကြည့် ငြိမ်သက်နေမိသူက စည်းပင်၊ညချမ်း
နဲ့ထိုလူ၏ရင်းနှီးမှုအတိုင်းအတာကိုလည်း ခန့်မှန်း
လိုက်မိပြီ။
"သြော်••••ကိုထောစနေတာနဲ့ မေ့တော့မလို့•••
ကိုကို•••ဒါ•••ညချမ်းနဲ့ငယ်ငယ်ထဲက မတည့်တဲ့
ကိုစည်းစိမ်ထောတဲ့၊ကိုကိုနဲ့နာမည်ချင်းတူတယ်
နော်၊အဟင်း•••မသိရင် ညီအစ်ကိုကျနေတာဘဲ"
"ညလေးကတော့ ပြောတော့မယ်၊ဒါနဲ့ မင်းစည်းစိမ်
မင်း ညလေးကို သိပ်အလိုမလိုက်နဲ့နော်၊ဒီကောင်
မလေးက အရမ်းဆိုးတာ••••၊တော်ကြာ မင်းကို
နိုင်စားသွားမယ်"
"ရပါတယ် စည်းစိမ်ထော•••သူကြိုက်သလောက်
နိုင်ပါစေ၊ကျွန်တော်က ခွင့်လွှတ်ပေးပြီးသားပါ
သူ ဘယ်လောက်ဆိုးဆိုး ကျွန်တော်ဘက်က ချစ်ပြီး
သားဘဲ"
"တွေ့လား•••••ညလေးကိုကိုက အရမ်းချစ်တာ••••"
ညချမ်းက စည်းလက်မောင်းကို ပိုမှီနွဲ့ရင်း
စည်းပုခုံးပေါ် ပါးလေးအပ်ကာ သူ့ကို လျှာထုတ်
ပြောင်ပြကာ ကြွားလိုက်၏။သူ သဘောကျစွာ
ပြုံးလိုက်မိသည်။
"ဟုတ်မှာပေါ့••••မင်းအကြောင်းတွေမှ မသိသေး
တာ၊ဒီမှာ မင်းစည်းစိမ်••မင်းမသိလို့၊ငယ်ငယ်က
ဆို ညလေးက အရမ်းညစ်ပတ်တာသိလား၊အမြဲတမ်းနှပ်ချေးတွဲလောင်းနဲ့၊ငိုရင် နှပ်ချေးတွေ
ကပါးစပ်ထဲထိစီး••••••"
"ကိုထောနော်••••••••"
မျက်နှာလေးနီကာ အော်လိုက်သည့်
ညချမ်းနှင့် ညချမ်းပုံစံလေးကိုကြည့်ကာ အပြုံး
မပျက်ဘဲရှိနေသည့် ထောဆိုသည့် လူကိုစည်း
ကြည့်ရင်း ရင်ထဲထိရှလာသလိုလို။
"ဒါတင်မကသေးဘူးကွ၊ညလေးငယ်ငယ်ကဆို
အိပ်ယာထဲမှာ ရှူးပေါက်ချတာသိလား•"
"ကိုထော••••မကုန်သေးဘူးလား•••ဆက်ပြောဦးလေ၊ကိုထော စားမဲ့ ရေခဲမုန့်ကို နှပ်ချေးနဲ့သုတ်တဲ့
အထိ ညစ်ပတ်ပါတယ်လို့ ထပ်ကြွားလိုက်ဦး"
"ဟား•••••••ဟား•••••••"
သူက သဘောကျစွာ အော်ရယ်လိုက်
သဖြင့် ညချမ်းဒေါသတွေပိုထွက်လာကာ တွဲထား
သည့် စည်းလက်မောင်းကိုဖြုတ်ကာ သူ့ရင်ဘတ်
ကြီးကို ပြေးထုပြစ်မိသွား၏။ကိုယ့်ကိုယ်ကို ကလေးဆန်မှန်းသိပေမယ့် သူ့ကို အသည်းယား
သည့် စိတ်က အားလုံးကိုမမြင်နိုင်တော့ဘဲ
လုပ်မိလုပ်ရာလုပ်လိုက်မိသည်။အရင်ထဲက အနိုင်
ယူတတ်သည့် စိတ်အခံကလည်းရှိနေသဖြင့် ရည်းစားတစ်ယောက်လုံးရှေ့မှာ မလုပ်သင့်မှန်း၊
လုပ်သင့်မှန်း မ တွေးတောမိခဲ့ပေ။
"ကဲ••••ကဲ••••အဲဒါ သူများကို မဟုတ်မဟက်တွေ
ပြောဦး•••••"
"ဟ•••••ဟုတ်တာတွေပြောတာကို နာစရာလား၊
မလုပ်နဲ့နော် ညလေး••••၊ဟေ့••••••ပြောနေတယ်လေ"
ညချမ်းက အတင်းလိုက်ထု သူက ရှောင်
ဖြင့်•••နှစ်ယောက်ထဲရှုပ်ယှက်ခတ်နေ၏။
"မရဘူး••••မရဘူး••••ကိုထောကို ကုတ်ဆွဲပြစ်ချင်
နေတာ•••ကဲ••••"
"ဟာ••••ဟေ့••••တော်ပြီလေ•••၊ဒီလောက်တောင်
ပြောမရတာ••••"
ရှောင်နေတာကို အတင်းလိုက်ထုနေသဖြင့်
သူ ညချမ်းလက်လေးတွေကို ဆွဲချုပ်ကာ နောက်
မှာ ထားလိုက်သဖြင့် ညချမ်းမျက်နှာလေးမဲ့သွား
ကာ ၊
"လွှတ်••••ညလေးကိုလွှတ်နော်••၊မလွှတ်ရင် မေလေး
နဲ့ကို ပြန်တိုင်မယ်"
"တိုင်ပေါ့••••မင်းလည်းကြည့်ထား၊ဒီကောင်မလေး
ကတစ်ခါတစ်လေ ခွေးစိတ်ပေါက်တတ်တယ်ကွ၊
အဲအခါကျရင်ခုလိုပဲ ကိုင်တွယ်တတ်ရတယ်•••"
"ကိုထော အစုတ်ပလုပ်••••"
သူ လွှတ်လိုက်လို့လက်က လွတ်သည်နှင့်
ညချမ်းက အားပါးတရပြောချလိုက်သည်။သူက
တစ်ချက်ကလေး အပြုံးမပျက်ဘဲ•••ပြန်ပြောဖို့
ပါးစပ်ပြင်နေစဥ်•• ခပ်စူးစူးနှင့် ဆွဲဆောင်မှုအပြည့်ရှိသည့်မိန်းကလေးသံလေးက စီကနဲထွက်ပေါ်လာ
သည်။
"ညချမ်းရေ••••••ကိုကိုစည်း•••••••"
အပိုင်း(၁၄)ဆက်ရန်👉👉👉
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း