🐰 ပန်းနုရောင် မူပိုင်ခွင့် 🐰(Best friend forever)
""ဟယ်! ဟိုမှာကြည့်စမ်း!
ဒီနေ့ကတော့ ရက်ရာဇာပဲဟေ့...IC kingက ငါတို့majorဘက်လာတယ်တော့!!""
""ဟဲ့! ဘယ်မှာလဲ...ဘယ်မှာလဲ""
""ဟိုမှာလေ""
ကျောင်း corridorတစ်လျှောက် မိန်းကလေးများစုရုံးကာ ပါးစပ်ကလည်းတတွတ်တွတ်ပြောရင်း အားလုံးစိတ်ဝင်တစား ငေးကြည့်နေကြသူက 'မုန်းရန်ရှင်း'ဆိုသော လူချောလေးတစ်ယောက် ။ 'ပြည့်ရှင်မင်း'နည်းတူ 'မုန်းရန်ရှင်း'သည်လည်း မိန်းကလေးများစိတ်ဝင်စားခြင်းခံရသော kingတစ်ယောက်ပါပဲ။ ပုံမှန်ဆို သူလည်းအနေအေးပေမယ့် ဒီနေ့ကတော့ တစ်စုံတစ်ယောက်ကို လာရောက်ရှာဖွေမိခြင်းပါ။ အတိအကျပြောရရင် သူ့နှလုံးသားထဲကို အစောဆုံးဝင်ရောက်ခဲ့ဖူးတဲ့ ချစ်စရာ ယုန်လေးတစ်ကောင်ပေါ့။
ကြည့်နေရင်းကပဲ သူ့မြင်ကွင်းထဲသို့ ယုန်တစ်ယောက် ခုန်ကာပေါက်ကာ ဝင်ရောက်လာလေ၏။ အစကတော့ သူ့ကိုမမြင်ပေမယ့် လက်လှမ်းပြလိုက်မှ မြင်သွားကာ သူ့ဆီ ဦးတည်၍လျှောက်လာလေ၏။
""ရှင်း...ဒီမှာဘာလုပ်နေတာလဲ?""
""ကျောင်းမှာတွေ့ရင်နှုတ်ဆက်ဖို့ပြောထားတယ်လေ""
""အမ်!""
""ကဲပါ! ကိုယ်ဝန်ခံတယ်
ယုန့်ကို တွေ့ချင်လို့လာခဲ့တာ""
ဟယ်!ဘုရားရေ...ငါ့ကံဇာတာလေးတော့ အရောင်တောက်ပြီ။ ရှင်းက ငါ့ကိုတွေ့ချင်လို့လာတာတဲ့! ပျော်လိုက်စမ်း! မိယုန်ရေ...
အတွေးကြောင့် ယုန့်မျက်နှာက ပြုံးစိစိဖြစ်နေမှာအသေအချာ...။ဟာ! ခဏနေရင် ရှင်မင်းလာတော့မှာ..သူကဘာပြောဦးမလဲ မသိဘူး...ညစ်တာပဲ။
""ယုန်...ဘာတွေတွေးနေတာလဲ?""
""ဟင့်အင်း! မတွေးပါဘူး ရှင်းရဲ့""
""ဒါဆို ကိုယ်တို့canteenသွားရအောင်လေ""
""အင်း သွားကြမယ်လေ""
နှစ်ယောက်သားစကားတပြောပြောနှင့်ထွက်သွားကြတဲ့ မြင်ကွင်းကို အနောက်မှကြည့်၍ မျက်စောင်းထိုးနေကြသူများကတော့ အများသားပါ။ သို့သော် ဒါတွေအားလုံးကို သူတို့နှစ်ယောက်ကတော့ ဂရုတောင်မစိုက်ဖြစ်ခဲ့ပါချေ။
~~~~🍋🍋🍋🍋~~~~
""အင်း...အဲ့တုန်းက ယုန် အရမ်းအိပ်ငိုက်နေတာ""
""ဟုတ်တယ်...ကိုယ် ယုန့်ကိုစသိတာလေ အဲ့ဒီကတည်းက""
""ယုန်!!""
ရှင်းနဲ့ စတွေ့စဥ်ကအကြောင်းလေးတွေပြန်ပြောရင်း နှစ်ယောက်သားရယ်မောနေမိစဥ် ရုတ်တရက်ကြားလိုက်ရသော ခေါ်သံကြောင့် ယုန် ခန္ဓာကိုယ်လေးပါ တောင့်သွားမိရင်း အရယ်ပါရပ်သွားရ၏။ တကယ်ဆို ရှင်မင်းကိုအဲ့လောက်ထိအလေးထားနေမိတာ သဘာဝတော့မကျလှပါ။ ဘယ်သူနဲ့ပဲစကားပြောနေပါစေ...ဒါ ယုန်ရဲ့လွတ်လပ်တဲ့အခွင့်အရေးလေ။ ဒါကိုပင် ရှင်းနဲ့စကားပြောတာ သူ မကြိုက်ဘူးဆိုသည့်စိတ်က ရှိနေတာမို့ အလိုလိုကိုလန့်သွားမိလေခြင်း...။
"" ရှင်မင်း...နင်ဘယ်နားကျန်ခဲ့တာလဲ ငါနင့်ကိုစောင့်တယ်နော်""
တကယ်ပါ...ကျောင်းအဝင်မှာ ရှင်မင်းက သူ့သူငယ်ချင်းနှင့် စကားပြောနေ၍ ယုန် အရင်ထွက်လာခဲ့တာ။အစကတော့ ရပ်စောင့်နေပေမယ့် နောက်အချိန်ကြာလာတော့ မစောင့်ချင်တော့ဘူးလေ။စူပုပ်ပုပ်နဲ့ထိုနေရာက ထွက်လာခဲ့ပြီး ဒီရောက်တော့ ရှင်းက စောင့်ကြိုနေသည့်အဖြစ်ရယ်ပါ။
(ယုန်မ သာယာနေတာ😂)
""အင်း! နင်အတန်းချိန်ရောက်နေပြီလေ
မသွားသေးဘူးလား""
""သွားမှာပေါ့ဟဲ့! နင်ကလည်း""
""သွားမယ်ဆို...အခုသွား!
လာ...ငါလိုက်ပို့မယ်""
ရှင်မင်းကပြောလည်းပြောလျက် လက်ကနေဆွဲခေါ်လိုက်တာမို့ ယုန်လည်း ထရပ်လိုက်တော့ တစ်ဖက်မှ ရှင်းကလည်း ချက်ချင်းကို ဝုန်းခနဲထရပ်ကာ ယုန်ရဲ့နောက်လက်တစ်ဖက်ကို လှမ်းဆွဲထားလေ၏။ ဒီလိုဆိုတော့ သုံးယောက်သား လက်ဆွဲလျက် ရပ်နေကြသည်မှာ ဘေးလူတွေရဲ့အမြင်တွင် တစ်မျိုးတစ်မည်ဖြစ်ကုန်ကြတော့သည်ပေါ့...။ကျောင်းသားတွေ အများကြီးရှိနေတဲ့ canteenမှာလေ...
""ဟဲ့! နင်တို့နှစ်ယောက် ဘာဖြစ်တာလဲ""
""လွှတ်လိုက်!""
ရှင်မင်းက ယုန့်ကိုဖြင့် အဖတ်လုပ်ကာစကားလေးပြန်ဖြေဖော်တောင်မရသည့်အပြင် မျက်လုံးအကြည့်တို့ကလည်း ရှင်းဆီသို့သာ တန်းတန်းမတ်မတ်ရောက်နေကာ ပြောလိုက်သည့်စကားသံမှာလည်း ညင်သာမှုမရှိ။ ရှင်းကလည်း လက်ကိုလွှတ်မပေးဘဲ ခပ်စူးစူးသာ ပြန်ကြည့်နေသည်မို့ အခြေအနေက တင်းမာနေလျက်...။ယုန်ကသာ သူတို့နှစ်ယောက်ရဲ့အလယ်ကနေ အံ့အားသင့်စွာဖြင့် မျက်နှာတွေကိုတစ်ချက်စီကြည့်လိုက်ပြီးမှ နှစ်ယောက်လုံးရဲ့ လက်တွေကို တပြိုင်တည်းရုန်းဖယ်ပစ်လိုက်ပြီး
""နင်တို့က ရန်သူတွေလား""
""မဟုတ်ပါဘူး ကိုယ်သူနဲ့အခုမှဆုံဖူးတာ""
ရှင်းက ထိုသို့ပြောတော့ ယုန်လည်း ရှင်မင်းဘက်သို့ပြန်လှည့်ကာ
""ရှင်မင်း...နင်ရော ငါမသိဘဲ ရန်ငြိုးတွေဘာတွေရှိနေတာလား""
""မရှိဘူး...သွားမယ်လာ""
ပြောကာ ယုန်လေးလက်ကိုဆွဲလျက် အပြင်သို့ခေါ်ထုတ်လာခဲ့၏။ လူတွေအများကြီးရဲ့အာရုံစိုက်ခြင်းကိုခံလိုက်ရပြီမို့ ဒီကိစ္စက မကြာခင်မှာ ကျောင်းထဲလူပြောများသည့် သတင်းဖြစ်လာတော့မှာပါပဲ။ တကယ်တော့ ယုန့်လက်ကိုဆွဲကာ စိန်ခေါ်သလိုပြန်ကြည့်နေတဲ့ မုန်းရန်ရှင်းကို kingနည်းနည်းမှမကျေနပ်ခဲ့ပါ။ ဘာကြောင့်လဲ?...မုန်းရန်ရှင်းက ယုန်လေးနဲ့ ပတ်သက်ဖို့ အမြဲကြိုးစားနေခဲ့တာ kingသိပါသည်။ ပြီးတော့ ယုန်လေးဘက်ကလည်း မုန်းရန်ရှင်းနဲ့ ပတ်သက်ပြီး သူ့အပေါ် တကြိမ်တခါဖုံးကွယ် ထိမ်ချန်ခဲ့ဖူးသည်။ ဒါကြောင့်ပဲ...သူ့မှာ လိုတာထက်ပိုစိတ်ပူနေရခြင်းပါ။ အခုဆို သူ့အဖြစ်က ကိုယ်မပိုင်သည့် အရုပ်လေးကို သူများက ကြည့်မိရုံရှိသေး...ဒါ ငါ့အပိုင်လို့ ကြွေးကြော်ပြချင်နေသလိုများ ဖြစ်နေပြီလား...။ မတတ်နိုင်ပါလေ...ကိုယ့်ဘက်က တစ်ဖတ်သက်ပိုသာခဲ့သောချစ်ခြင်းကို အစပျိုးခဲ့မိပြီမဟုတ်လား...။
~~~~🍋🍋🍋🍋~~~~
""အမလေးလေး! ငါတို့ကျောင်းမှာတော့ တကယ့်ကို မဟာကံထူးရှင်ရောက်နေတာပဲ""
သူငယ်ချင်းဖြစ်သူ၏ အပြောကြောင့် ယံ မျက်နှာထက် ဟန်ပါပါမဲ့ပြုံးတစ်ချက်ကိုဖန်တီးလိုက်မိ၏။မနက်က canteenမှာ kingနှစ်ယောက်ကြား ဗျာများခဲ့ရတဲ့ မမငွေသော်တာယုန်ရဲ့သတင်းက ကျောင်းဝန်းထဲပျံ့နှံ့နေတာ မကြားချင်မှအဆုံး။ ထိုနေရာမှာ ရှိခဲ့တဲ့သူတွေက ဓာတ်ပုံတွေ၊vdတွေတောင်ရိုက်ထားကာ ကျောင်းသားအချင်းချင်းဖွဲ့ထားကြတဲ့ Gp Chatနဲ့ Pageတွေမှာလည်း ထိုအကြောင်းတွေချည်းသာ။
""အင်း! ငါတို့ကျောင်းရဲ့ kingတွေကလည်းလေ ဘယ်လိုလုပ်များ မျက်စိကျတဲ့သူက ဒီတစ်ယောက်ထဲဖြစ်နေရတာတုန်း...အမြင်တွေများမကောင်းကြတာလားပဲ""
""အေးဟယ်! Kingဆိုတာ Queenနဲ့တွဲမှလိုက်ဖက်မှာပေါ့...ငါတို့ရဲ့ Queenလေး ယံနဲ့လေ""
""မဟုတ်ပါဘူးဟာ...ငါကတစ်ယောက်ထဲဆိုသိပ်မပြောသေးဘူး...ခုဟာက kingနှစ်ယောက်လုံးကို တစ်ပါတည်း သိမ်းကျုံးသွားတာ...သူ့ကြောင့်ဟိုနှစ်ယောက် မျက်လုံးချင်းတွေစစ်တိုက်နေတာ ကြည့်ဦး ပုံထဲမှာ""
""နည်းနည်းနောနော စွံချက်တော့မဟုတ်ဘူးဟေ့""
""အေ့လေ! အရင်နှစ်က senior king ကိုကိုရော
ဒီနှစ် Junior kingအသစ်လေးရော အကုန်သူ့လက်ကကိုမလွတ်ဘူး""
ဘေးနားက ဝိုင်းတွေမှပြောနေကြသောစကားသံတွေသည် သူတို့ရဲ့အလယ်နားလောက်က စားပွဲမှာ ထိုင်နေသော ယုန့်နားထဲသို့ ကန့်လန့်တွေရော တစောင်းတွေရော...အနေအထားအမျိုးမျိုးကနေဝင်လာနေပေမယ့် ယုန်ကတော့ ခပ်အေးအေးပင် မုန့်ကိုသာဆက်စားနေလိုက်ရင်း စိတ်ထဲမှလည်း ရှင်မင်းကိုသာ မေတ္တာပို့သနေမိတော့၏။တကယ့်ကိုမှ မဆီမဆိုင်ဝင်ရှုပ်သွားတာ...။သူသာဝင်မလာခဲ့ရင် ဒီလောက်အခြေအနေထိဖြစ်ခဲ့မှာမဟုတ်။အခုတော့ တစ်နေကုန် ဘယ်သွားသွား ဒီအကြောင်းတွေပဲ ကြားနေရတာ စိတ်ရှုပ်စရာ။ တချို့မိန်းကလေးတွေကလည်း စောင်းသလို မြောင်းသလိုစကားတွေ မကြားတကြားပြောကာ
တစ်ချို့ကတော့ မျက်လုံးချင်းဆုံအောင်လာကြည့်ပြီးမှ မျက်စောင်းထိုးသွားတတ်ကြသည်။
အခုလည်း ဒီဝိုင်းမှာ ယုန် ထိုင်နေမှန်းသိပါလျက် အနီးအပါးမှ မရွှေချောတွေက တစ်ယောက်တစ်ပေါက်နဲ့ ဝိုင်းဝန်းအသံလွှင့်ပေးနေခြင်းပါ။ သို့သော် ဒါမျိုး မတောက်တခေါက်လုပ်ရပ်လေးတွေကို အရည်ထူ ငွေသော်တာယုန်တို့က စာရင်းပင်မရှိ။ ဘယ်သူဘာအကွက်ထွင်တယ်ဆိုတာ သိလွန်းလို့ကိုခက်နေပြီ။ ဒီလိုအခြေအနေတွေက အထက်တန်းကျောင်းမှာဆိုလည်း ရှင်မင်းကြောင့် အမြဲတမ်း ကြုံဖူးနေကျမဟုတ်လား။ ဒါပေမယ့် မထင်လိုက်တာက 'ရှင်း'ကပါ ဒီကျောင်းက kingလာဖြစ်နေသည်ပဲ။kingနှစ်ယောက်တောင်ဆိုတော့ ကိုယ်သိပ်စွံသလိုများ ဖြစ်သွားသလားကွယ်...ဟိ ဟိ!
""အေး! ရယ်နေလိုက် မိယုန်!""
အတွေးကြောင့် ယုန် မျက်နှာလေးခပ်ပြုံးပြုံးဖြစ်သွားစဥ်...ဘေးမှ ယုန့်သူငယ်ချင်း သူတော်ကောင်းမက ပုခုံးကိုဖျန်းခနဲရိုက်ချလိုက်တာကြောင့် လန့်ဖျပ်သွားရကာ
""ဟာ! ဘာဖြစ်တာတုန်း""
""ဒီအခြေအနေမှာ နင်ရယ်နိုင်သေးလို့လေ""
""မရယ်လို့ ငါက ငိုရမှာလား""
""ရှင်းပါဦး! မနက်ကအခြေအနေ""
""သိချင်ရင် pageမှာသွားရှာလေ""
""အမလေး! ရွှေနှုတ်တော်လေးက ဖွင့်ဟပြောပါဟယ်... senior kingကထားလိုက်ဦး...ဒီနှစ်kingနဲ့ နင်ဘယ်လိုသိတာလဲ...""
""ရှင်းနဲ့က ငါတို့ဆယ်တန်း ကျူရှင်မှာတုန်းကသိခဲ့တာ...ရွယ်တူဆိုပေမယ့် ငါကစာမေးပွဲကျခဲ့တော့ ရှင်မင်းကအရင်အောင်ပြီး ဒီကျောင်းအရင်ရောက်တယ်...ရှင်းနဲ့က ငါ ဆယ်တန်းပြန်ဖြေဖို့ကျူရှင်တက်ရင်းသိတာလေ...ဖြစ်ချင်တော့သူတို့နှစ်ယောက်လုံးက ဒီကျောင်းမှာ kingလာဖြစ်နေတာ""
""ဟယ်! နှစ်ယောက်လုံးနဲ့ငယ်ကျွမ်းတွေပေါ့နော်
မိန်းမရယ်...နင်တော့ကံကောင်းချက်ပဲ""
""အေးဟေ့! ကံကောင်းတာလား ကံဆိုးတာလား မသဲကွဲဘူး...အခုတော့ ငါ့ဆီမျက်စောင်းတွေပဲ ခ နေတာ...ဟား ဟား!""
~~~~🍋🍋🍋🍋~~~~
""ယုန်""
""ဘာလဲ?""
""ဒီနေ့ကိစ္စ...""
""ဘာဖြစ်လဲ?""
""ငါ တောင်းပန်တယ်နော်""
""ရပါတယ်...အဆန်းလည်းမဟုတ်တော့ဘူး
နင့်လို အောင်မြင်ကျော်ကြားလူကြိုက်များတဲ့ နှင်းဆီခိုင်ကြီးကို သူငယ်ချင်းတော်ထားမိတာကိုး""
""မုန်းရန်ရှင်းက နင့်ဆီဘာလို့လာတာလဲ'"
""ငါ့ကိုတွေ့ချင်လို့တဲ့""
""ဘာ!""
""ဟယ်! ငါ့နားကန်းတော့မှာပဲ...ဘာလို့အဲ့လောက်ကပ်အော်လဲ?""
""နင်ပျော်လား ယုန်""
""ပျော်တာပေါ့...သိပ်ပျော်""
ဒီလိုအဖြေကိုပြန်ရမယ်မှန်း kingသိပြီးသားပါ။ သိလျက်နဲ့ပင် မေးမိလိုက်ခြင်းအတွက် ကိုယ့်ကိုယ်သာအပြစ်တင်ချင်တော့သည်။ လွယ်လိုက်တာ!...သူမ နှုတ်ဖျားက အလွယ်လေးပင် ခပ်ပေါ့ပေါ့ ပြောထွက်လာသည့်စကားက 'ပျော်တယ်'တဲ့!
""နင်အရင်ကတည်းက သူ့ကိုကြိုက်နေတာမဟုတ်လား""
""အဲ့လို တည့်ကြီးမေးတော့ ငါဘယ်လိုဖြေရမလဲတောင်မသိတော့ဘူး...သေချာတော့ ငါလည်းမစဥ်းစားရသေးဘူးဟ...ဒါပေမယ့် ငါ သူ့ကိုနည်းနည်းတော့ သဘောကျတယ်""
ယုန့်စကားဆုံးသည်နှင့် ရှင်မင်းက ဗြုန်းဆို နေရာမှထရပ်ကာ ထွက်သွားရန်ပြင်လိုက်တော့ ယုန့်မှာနားမလည်နိုင်စွာ...သူ့ကိုမော့ကြည့်လိုက်ပြီး
""ဟဲ့! ပြန်တော့မလို့လား
မေးတုန်းကမေးပြီးတော့...နည်းနည်းလောက်ဆက်နားထောင်လေဟာ""
""တော်ပါပြီ...ငါအိပ်ချင်ပြီ...ပြန်တော့မယ်""
""ဒါဆိုလည်း သွားဟယ်!""
ပြောလိုက်တော့ တကယ်ပင် ခြေလှမ်းကျဲကြီးတွေနဲ့ အနားကထွက်သွားလေတဲ့ ရှင်မင်းကို ယုန်မျက်စောင်းလေးထိုးလိုက်မိသေး၏။ အခုတလော သူ့ကြည့်ရတာလည်း အမြဲမျက်မှောင်ကျုံ့ကျုံ့နေတတ်တာ ယုန်သတိထားမိသည်။ တစ်ခုခုများအဆင်မပြေဖြစ်နေတာလား...ယုန့်ကိုလည်းဘာမှမပြောပြမတိုင်ပင်...မေးကြည့်တော့လည်းမဖြေ။ ပန်းမိုးယံနဲ့များအဆင်မပြေတာလား ...ရေရေရာရာမပြောဖြစ်ပေမယ့် ယုန်လည်း တစွန်းတစတော့ကြားမိပါသည်။ ကျောင်းကလူတွေက ယုန်တို့ရဲ့ major queen ပန်းမိုးယံနဲ့ ရှင်မင်းကို လိုက်ဖက်သည်ဟုဆိုကာ တွဲစေချင်ကြသည်။ မကြာခင်မှာ ချစ်သူတွေဖြစ်လာမည်လို့လည်း ခန့်မှန်းထားကြလေရဲ့ ။ ရှင်မင်းကတော့ အဲ့ကောင်မလေးကို မကြိုက်ဖူးပြောပေမယ့် ကြာတော့လည်း ပါသွားမှာပါ...ဟိုက အလှဘုရင်မပဲဟာ...။သူက ဘာနှလုံးသားမှတ်လို့ ဟွန့်!!
~~~~🍋🍋🍋🍋~~~~
""ဟင်း! ဒီတစ်ခါက ဘောပင်လေးတွေ""
ကျောင်းသွားဖို့ ခြံတံခါးဖွင့်အထွက်မှာ ထုံးစံအတိုင်း ရောက်နေပြန်တဲ့ ပဟေဠိပစ္စည်းလေးတွေကို ယုန် ဆွဲဖြုတ်ကာ အိတ်ထဲကောက်ထည့်လိုက်ပြီး ဆက်လျှောက်လာခဲ့သည်။ အခုဆို ဒီလက်ဆောင်တွေရောက်တာ ဘယ်နှခါမှန်းပင်မသိတော့။ အတွေ့မခံချင်သူကို ယုန်လည်း ပြူးပြဲရှာမနေတော့ပါ။ သိတော့ သိချင်တာပေါ့...ဒါပေမယ့် အချိန်တန်ရင် သိရမှာပါ။တနေ့တော့ သူ ယုန့်အရှေ့ကို ရောက်လာမှာပေါ့...။
""ရှင်မင်း...မနေ့ကလေ""
""အင်း!""
""ငါ့ကို ရှင်း စကားလာပြောတယ်
Lineပေါ်မှာ""
""ဟုတ်လား...""
""နင်ရော ပန်းမိုးယံကိုစကားသွားမပြောဘူးလား""
""ဟာ! မဆီမဆိုင်ဘာလို့ငါက သူ့ကိုစကားသွားပြောရမှာလဲ""
""မသိပါဘူး...မေးကြည့်တာ
ဒါနဲ့ နင်ဘာဖြစ်လို့လဲ မျက်နှာမကောင်းပါလား""
""ဘာမှမဖြစ်ဘူး""
ဒီလိုဆိုတော့လည်း သူ့ကိုဘာမှဆက်မမေးဖြစ်တော့ဘဲ ကျောင်းသို့ရောက်လာခဲ့ရတော့သည်။ရှင်မင်းက ယုန်တို့ အဆောင်ဘက်မှာကားကိုရပ်ပေးတာကြောင့် ယုန် ကားပေါ်ကဆင်းလိုက်စဥ် တစ်ဖက်က သစ်ပင်အရိပ်အောက်တွင် ရှင်း ရပ်နေတာကို တွေ့လိုက်ရပြန်၏။ ရှင်မင်းလည်း လှမ်းတွေ့သွားပုံပါ။ဒါပေမယ့် ဘာမှဆက်မပြောဘဲ ရှင်း ထံသို့ တစ်ချက်သာကြည့်ပြီး ကားကိုမောင်းထွက်သွားလေ၏။
ရှင်း ရပ်နေသည့်နေရာက ယုန်နဲ့ လမ်းတစ်ဖက်စီခြားနေတာကြောင့် သူက ယုန့်ကိုတွေ့သွားသည်နှင့် လှမ်းပြုံးပြကာ လျှောက်လာနေရင်း ကျောင်းသားတစ်ယောက်နှင့် ဝင်တိုက်မိသွားလေ၏။ ထိုစဥ် ရှင်းလက်ထဲကိုင်ထားသော စာအုပ်လေးက လေပေါ်မြောက်တက်ကာ စာအုပ်ကြားထဲညှပ်ထားသည့် ဘောပင်လေးကလည်း ယုန်ရဲ့ ခြေထောက်နားသို့ လိမ့်ထွက်လာတော့ ယုန်လည်း ကူပြီး ကောက်ပေးဖို့ပြင်လိုက်စဥ်...
""ဟင်!""
တွေ့လိုက်ရသည်က ယုန့်ဆီအမြဲရောက်လာနေကျ ဘောပင်လေးနဲ့ အရောင်တူ ပုံစံတူလေးဖြစ်နေတာမို့ ယုန် တအံ့တသြလေးနဲ့ကောက်ယူလိုက်မိသည်။ ဒီလို ဘောပင်မျိုးကို တော်ရုံယောကျ်ားလေးက သုံးမှာမဟုတ်။ အဖုံးပေါ်မှာ ယုန်ရုပ်ပုံစံလေးတွေပါနေတာက...ဟုတ်တယ် တစ်ပုံစံတည်းမှတစ်ပုံစံတည်း...။မနက်ကတောင် ယုန့်ဆီ ဒီဘောပင်ကဒ်လေး ရောက်လာသေးတာလေ...
'ဒါဆို...အဲ့ဒီလူက တကယ်ပဲ သူလား'
""ယုန်! ဘာတွေစဥ်းစားနေတာလဲ""
အတွေးတို့ ပျံ့လွင့်နေစဥ် အနားသို့ သူရောက်လာခါမှ သတိပြန်ဝင်သွားကာ သူ့မျက်နှာကို တချက်လှမ်းကြည့်ပြီး
""ဟင်! အော် ဒီမှာ...ဘောပင်""
""Thank you!""
""ရှင်းက ဘာလို့ အဲ့ဘောပင်လေးသုံးတာလဲ""
""ယုန်ရုပ်လေးတွေက ချစ်ဖို့ကောင်းလို့လေ""
ချိူသာစွာပြုံးပြရင်း ခပ်တိုးတိုးဆိုလိုက်တဲ့စကားလေးကြောင့် ယုန့်စိတ်ထဲ သိချင်စိတ်ကပိုလို့ပင် တိုးလာရကာ ဆက်မေးကြည့်ဖို့ဆုံးဖြတ်လိုက်တော့သည်။ မေးကြည့်ရုံပါ....တကယ်လို့ဟုတ်နေရင်ရော သူဝန်ခံပါ့မလား...
""ရှင်း!""
""ဟင်! ပြောလေ...ယုန်""
""ရှင်းက ယုန်တို့နဲ့တစ်ရပ်ကွက်တည်းနေတာ ဟုတ်တယ်မလား""
""အင်းလေ...နှစ်လမ်းပဲခြားတာ""
""ရှင်းက မနက်တိုင်းအပြင်ထွက် စက်ဘီးစီးတတ်တာလား""
""အင်း မနက်တိုင်းတော့ မဟုတ်ဘူး
တခါတလေ ကိစ္စရှိမှ""
""ဘာကိစ်စလဲ""
""ဟင်! အဲ့ဒါကတော့ လျှို့ဝှက်ချက်""
ဒီထပ်ပိုသိချင်ပေမယ့် ဆက်မေးရင်လည်း သူထပ်ဖြေမှာမဟုတ်တော့ပါ။ ဒါကြောင့်ပဲ ယုန်လည်းဆက်မမေးဖြစ်ခဲ့။ ဖြစ်နိုင်ချေရှိသူကို သိရပြီမို့ ဆက်ပြီးအတည်ပြုကြည့်ရင် အတိအကျသိရမှာပဲ မဟုတ်လား...။
~~~~🍋🍋🍋🍋~~~~
Continue to >>>Part-8
Readers/Writersလေးတွေအားလုံးက VIPပါ
Writer- WineSatt Cho(🍋Lëmoñ🍋)