🐰 ပန်းနုရောင် မူပိုင်ခွင့် 🐰(Best Friend Forever)
""ယုန်ရေ...ယုန်လေး""
အော်ခေါ်နေသံကိုကြားပေမယ့် ယုန်လှည့်မကြည့်ဘဲ TVကိုသာဆက်ကြည့်နေလိုက်သည်။ခဏကြာတော့...ကြားရပါပြီ လှေကားတစ်လျှောက် တဒုန်းဒုန်းဆောင့်နင်းလာသည့် ခြေသံကြီး...
""မိယုန်! နင်ငါခေါ်တာကြားရဲ့သားနဲ့ ဘာလို့မထူးတာလဲ""
""ဘာတွေလာပြောနေတာလဲ
နင်နဲ့ငါသိလို့လား""
ဘုဆတ်ဆတ်နဲ့ပြန်ပြောသည့်လေသံကြောင့် အခုချိန်ထိကောက်နေတုန်းပဲဆိုတာ ရှင်မင်းသိလိုက်ပါ၏။တကယ်ကိုပဲ ကောက်နိုင်လွန်းသူ...။တကယ်ဆို ဒီကိစ္စမှာဘယ်သူမှားတာလဲ...ဘယ်သူကဘယ်သူ့အကြောင်းကို မုန့်နဲ့လဲစားခဲ့တာလဲ?အခုကျတော့ နာရီပိုင်းထက်ပိုစိတ်မဆိုးနိုင်ပဲ လာပြန်ချော့ရတော့ ဒီကောင်တဲ့! တရားလိုက်တာ...။ဒါပေမယ့်လည်း သူကိုယ်တိုင်ကိုက ယုန် စိတ်ကောက်နေရင်မနေတတ်တာပါ။သူမကို စိတ်ကောက်ဖို့သူပေးတဲ့အချိန်က အလွန်ဆုံးမှ တစ်နာရီ ။အဲ့ဒီlimitကိုကျော်သွားရင်တော့ ကိုယ်စိတ်ဆိုးနေလည်းပြေသွားပြီဖြစ်ကာ သူမကိုလည်းမရမကပြန်လိုက်ချော့ရသည်က အခါများစွာ...။
""တော်ပါတော့ ယုန်ရယ်
နင်ငါ့ကိုစိတ်ကောက်နေတာ မနေ့ညနေကတည်းကလေ...အခုကြည့် မိုးတောင်လင်းနေပြီ""
""ဘာဖြစ်လဲ မိုးလင်းတော့""
""ဒီမှာကြည့်!...မနေ့က ငါ့ကြောင့် နင်မစားလိုက်ရတဲ့မုန့်အစား အလျော်ပေးတာ...မယူဘူးလား...စိတ်မဝင်စားဘူးပေါ့""
ဒီလိုကျတော့လည်း မဟုတ်ပြန်ဘဲ မုန့်ထုပ်ကိုချက်ချင်းဆွဲလုပြန်တဲ့ သူမ...။ဘယ်အရွယ်ရောက်နေပြီလဲ...အခုချိန်ထိကလေးစိတ်နဲ့အသက်ရှင်နေတယ်...
""ဟဲ့...နင်လည်း အားနေTVပဲကြည့်မနေနဲ့
စာလေးဘာလေးကျက်လေ...မနေ့ကစာဆက်မကျက်ဘူးလား""
""ကျက်ပြီးပြီ""
""ယုန်...နင်မပေါ့နဲ့တော့နော်
စာကိုသေချာအာရုံစိုက်...စာမေးပွဲကနီးနေပြီ""
""အေးပါ...ငါသိပါတယ်""
""သိရင်လည်း မကြည့်နဲ့တော့ အဲ့TV
လာ စာသွားကျက်မယ်""
""ဟာ! နင်ကလည်း ...ခဏလေးပါ
ဒီမှာကောင်းခန်း""
""မရဘူး...ဘာခန်းဖြစ်ဖြစ် လာခဲ့""
စာဂျပိုးရဲ့ အတင်းအကျပ်ဆွဲခေါ်ရာနောက် ယုန် စူပုပ်ပုပ်နဲ့ပါလာရပြန်၏။ တကယ်ပဲ...အားနေစာကျက်ဖို့လောက်ပဲ...တော်တော်စာကျက်ဝါသနာပါတဲ့လူ...
""ယုန်...ဒီအပုဒ် ငါ့ကိုပြန်ဆိုပြ""
""လာပါ..တူတူဆိုရအောင်လေ နင်ကလည်း""
""မဆိုဘူး...အတူတူပြိုင်ဆိုရင် နင့်အသံကပျောက်ပျောက်သွားရော!""
""နင်ကလည်း!""
""မရဘူး...နင်တစ်ယောက်တည်းဆို""
""ဟွန့်!!""
""မဟွန့်နဲ့...ဆိုတော့!""
ဒီလိုနဲ့ပဲ မိုးလင်းမိုးချုပ် တစ်ရက်ပြီးတစ်ရက် ရန်ဖြစ်လိုက် ပြန်တည့်လိုက် စာကျက်လိုက်နဲ့ ဖြတ်သန်းလာခဲ့တာ နောက်ဆုံးဆယ်တန်းစာမေးပွဲ
ကြီးလည်း ဖြေပြီးသွားလေ၏။ စာမေးပွဲပြီးမှပဲ စာကျက်ရတဲ့ တာဝန်ကပြီးသွားလေတော့ ယုန့်မှာ အိပ်လိုက် စားလိုက် TVကြည့်လိုက်နဲ့ပျော်ကြီးပျော်နေခဲ့တာပေါ့...။
သို့ပေမယ့်....
~~~~🍋🍋🍋🍋~~~~
""အီး! ဟီး! ဟီး! အဟင့်! ဟင့်""
မနက်ခင်းအစမှာတင် ယုန်ရဲ့ ငိုသံကျယ်ကြီးက တစ်အိမ်လုံးလွှမ်းခြုံနေတော့သည်။
""တကယ်ပါပဲ...ကံကိုကဆိုးပါလေတယ်...ငါ့ဘဝတော့သွားပါပြီ အီး! ဟီး!""
""တိတ်စမ်း! အခုမှလာငိုမနေနဲ့
အဲ့ဒါကြောင့် အစကတည်းက ကြိုးစားပါ ကြိုးစားပါလို့ ငါအတန်တန်မှာတယ်...အခုတော့စာမေးပွဲကကျပြီ ဘယ်လိုလုပ်မလဲ? ညည်းအေ! လူကြားလို့မှမကောင်း""
""အို! မေမေကလည်း ယုန်လည်းကြိုးစားပြီးဖြေခဲ့တာပဲ...ဘာလို့ဒီလိုဖြစ်တာလဲမသိဘူး""
""တော်စမ်းပါ...နင်မရှက်ဘူးလား မိယုန်
နင်နဲ့နေ့တိုင်းစာအတူကျက်နေတဲ့သူက စာမေးပွဲအောင်တယ်...ဂုဏ်ထူးတောင်၃ခုနဲ့...နင်ရောသူရော ဒီစာပဲကျက်တာပဲလေ...နင်ကိုကအသုံးမကျလို့...""
""အန်တီ!""
""အော်! သားလေး လာ
သားရယ် ယုန်ယုန့်အကြောင်းတော့မပြောချင်တော့ဘူး...စာမကြိုးစားတဲ့အကျိုးတွေအခုတော့ထိပြီ""
""ဟဲ့! နင်အခြေအနေလေးဘာလေးနားမလည်ဘူးလား...ဒီအချိန်မှာဘာကိစ္စနဲ့နင့်မျက်နှာကြီးလာပြနေရတာလဲ""
ဆူဆူဆောင့်ဆောင့်ဖြင့် ငိုသံတွေရောယှက်လျက် လှမ်းအော်နေတဲ့ ကောင်မလေးထံ kingအမြန်သွားလိုက်ရင်း...
""ယုန်...နင်ဘယ်လိုဖြစ်ရတာလဲ
ငါ မေးတုန်းကတော့ နင်နေ့တိုင်းဖြေနိုင်တယ်ဆို
နင့်အမှတ်ကိုလည်း ငါတွက်ပေးထားသလောက်ဆိုအောင်နိုင်ရသားနဲ့""
""သင်္ချာက ငါနင့်ကိုပြောပြတာထက်နည်းနည်းအခြေအနေဆိုးခဲ့တယ်...အခုလည်းအဲ့ဒါကြောင့်ထိတယ်ထင်တာပဲ""
""သားရယ်...အဲ့ဒါသာကြည့်တော့""
""ဘယ်လိုပဲဖြစ်ဖြစ် နင်ပြန်တော့ သွား!
နင်ကငါ့ထက်အရင်စာမေးပွဲအောင်တော့ တက္ကသိုလ်အရင်တက်တော့မယ်ပေါ့ အီး! ဟီး!""
""အဲ့ဒါကြောင့် အစကတည်းကကြိုးစားဖို့ ပြောခဲ့လား မပြောခဲ့ဘူးလား""
Kingက အသည်းယားစွာဖြင့် သူမနဖူးလေးကို ဖွဖွတောက်ရင်းပြောတော့ ခေါင်းငုံ့ငိုရှိုက်နေရင်းမှ မျက်လုံးလေးဝင့်ကာပြန်ကြည့်နေလေတဲ့ ယုန်လေး...။ တကယ်တော့ kingလည်း သူမနဲ့အတူတူတက္ကသိုလ်ကျောင်းကိုတက်ချင်တာပေါ့ ...။အခုတော့ စာမကြိုးစားတဲ့ အမိုက်အမဲလေးကြောင့် ခက်ပြီ မဟုတ်လား...။
""ကဲ! မငိုပါနဲ့တော့ ယုန်လေး ရယ်
စာမေးပွဲဆိုတာဖြေပြီးရင် အောင်မလား ကျမလားဒီနှစ်ခုပဲရှိတာ...အခုတစ်ခါ မအောင်ရင် နောက်တစ်ခါထပ်ကြိုးစားပေါ့...ဒီတစ်ခါပိုကြိုးစား ဟုတ်ပြီလား""
""ငါက အဲ့စာကြီးတွေမှပြန်မကျက်ချင်တာ"
""အဲ့လိုတော့မရဘူးလေ...ယုန်ရဲ့
နင်ကပြောရခက်လိုက်တာ""
""မသိဘူး...ဘာမှလာမပြောနဲ့တော့
နင်ပြန်တော့ဟာ""
ကလေးပမာ ဆူပူဆောင့်အောင့်စွာနှင့်ပင် အိမ်ပေါ်ပြေးတက်သွားလေတဲ့ ယုန့်ကိုကြည့်ပြီး king သက်ပြင်းလေးသာချလိုက်မိသည်။ ဘယ်လိုပြောရဆိုရလက်ပေါက်ကပ်တဲ့ဟာလေးမှန်းကိုမသိ...။
""သားရေ...အန်တီကတော့ သားအတွက်ဝမ်းသာပါတယ်...ငါ့သားကတော်ပြီးသား...အိမ်ကဟာသာ ဟိုမရောက်ဒီမရောက်လုပ်နေလို့ အခုလိုဖြစ်တာ""
""ယုန်ကတခြားဘာသာတွေတော့သိပ်အားမနည်းဘူး....အန်တီ...သူပြောသလို သင်္ချာဘက်နည်းနည်းလိုသွားတာထင်တယ်""
""အေးကွယ်!ပြီးမှပဲ သေချာမေးမြန်းကြည့်ရဦးမယ်""
""ရှင်မင်း...နင်ပြန်ပါလို့ဆို
အခုထိမပြန်သေးဘူးလား ငါ့အကြောင်းတွေမကောင်းပြောနေတာလား""
အပေါ်ထပ်လှေကားဝမှ လှည့်ကာ အော်နေလေတဲ့ စွာစိမကို kingလှည့်ကြည့်ကာ ဘာဖြစ်လဲ ဟူသည့်သဘောဖြင့် ပုခုံးကိုတွန့်ပြတော့...သူမကလည်းမျက်စောင်းကြီးထိုးကာ အခန်းထဲသို့ဝင်သွားလေတော့၏။အခန်းတံခါးကိုလည်း ဆောင့်ပိတ်သွားလိုက်တာ 'ဒုန်းခနဲ'..။ သူ့အကြောင်းပဲ မကောင်းပြောရဦးမတဲ့!လူကိုများ သူ့လိုမှတ်နေလားမသိဘူး...
""အန်တီ...ဒါဆို သားပြန်တော့မယ်နော်
သူစိတ်ကြည့်မှပဲ ပြန်လာပြောတော့မယ်""
""အေး! အေး! သားလေး""
လှည့်ထွက်သွားတဲ့ ကောင်လေးကိုကြည့်ရင်း ဒေါ်ခင်သော်တာရဲ့ စိတ်ထဲမှာတော့ တစ်စုံတစ်ရာကို စဥ်းစားတွေးတောနေလျက်...။
~~~~🍋🍋🍋🍋~~~~
""ဟေ့ကောင်! King
မင်းကွာ! စာမေးပွဲအောင်တာတောင် အဲ့ဒီမျက်နှာကြီးကဘာဖြစ်နေတာလဲ...ဒီနေ့ကအောင်စာရင်းထွက်တဲ့နေ့နော်! မသိရင် မင်းရုပ်က စားမေးပွဲကျလို့ မှုန်မှိုင်းနေတယ်ထင်ကြဦးမယ်'"
မဖိတ်ခေါ်ပါဘဲ အိမ်ကိုရောက်ချလာတဲ့ သူငယ်ချင်းနှစ်ယောက်ကတော့ kingမျက်နှာကိုကြည့်ကာ ဝေဖန်အကဲခတ်နေကြလေရဲ့! ဘယ်လိုကောင်တွေလဲမသိ...သူတို့အောင်တယ်ဆိုတိုင်း အော်ကြီးဟစ်ကျယ်လာလုပ်နေတယ်နည်းနည်းမှကိုအရိပ်အကဲနားမလည်ဘူး။
""ကဲ! သူ့ကိုပြောမနေနဲ့ အာကာရေ
ဒီကောင်က သူကျရင်တောင် အဲ့လောက်ရုပ်ပေါက်မှာမဟုတ်ဘူး""
""ဟေ! ဒါဖြင့် ဘယ်သူကျလို့တုန်း
ဒီကောင် ဒီလောက်မျက်နှာမဲနေတာ""
""မင်းမသိသေးဘူးလား...
သူ့ရဲ့ ယုန်မလေ....ပြောတော့သာဖြေနိုင်တယ် ဖြေနိုင်တယ်နဲ့...ကျပြီ အခု!""
""တိုးတိုးပြောပါကွာ! ယုန်လေးကြားသွားရင်စိတ်မကောင်းဖြစ်နေမယ်...အခုတောင်ငိုနေသေးလားမသိဘူး...ငါ့မျက်နှာသွားပြရင် သူ့ကိုလာနှိပ်ကွပ်ပါတယ်ဆိုပြီး ရန်လုပ်နေလို့ သွားမကြည့်ရသေးတာ""
""အမလေးကွာ! ဖြစ်ပျက်နေလိုက်တာ
မျက်နှာချင်းဆိုင်ရင်ဖြင့် တစ်စက်မှတည့်တာမဟုတ်ဘဲနဲ့""
သူတို့ပြောတာလည်းအမှန်ပါ။ ဒါပေမယ့် သူတို့ကအပေါ်ယံလောက်ပဲကြည့်ပြီးဆုံးဖြတ်တာကိုး! တကယ်တော့ အဲ့လို အမြဲတမ်းရန်ဖြစ်နေရတဲ့ခဏလေးတွေတိုင်းက ဘယ်သူနဲ့မှမဆိုင်တဲ့ သူတို့နှစ်ယောက်ရဲ့ သီးသန့်ကမ္ဘာငယ်လေးပဲမဟုတ်လား...
နီးစပ်လွန်းသော ရင်းနှီးမှုမှာ...မကြာခဏဆိုသလို ဖောက်လွဲဖောက်ပြန်ဖြစ်ခဲ့မိတဲ့ ရင်ခုန်သံတစ်ချို့ကို king သတိမပြုမိသလို ဟန်ဆောင်နေခဲ့တာကြာခဲ့ပြီပဲ။ မဖြစ်နိုင်ပါဘူး...သူငယ်ချင်းတွေပါဆိုပြီး ကိုယ့်ကိုကိုယ်ပြန်သတိပေးနေရင်းကပဲ...မကြာခဏတိမ်းညွတ်နေမိတဲ့ ရင်ခုန်ခြင်းအား ပြန်ဆန်းစစ်ခဲ့လျှင်...အဖြူရောင်ကိုမြင်ရပါတော့မလားဆိုတာ...kingဘက်ကမသေချာနိုင်တော့ပေ။
ငယ်စဥ်ကတည်းက နှစ်ယောက်ကြားမှာရှိခဲ့တဲ့အဖြူရောင်ချစ်ခြင်းကို အရင်စည်းကျော်မိသူက ငါသာဖြစ်ခဲ့ရင် နင်စိတ်ဆိုးမလား...ငွေယုန်။ ငါလည်း အဲ့လိုမဖြစ်ချင်ပါဘူး။ ငါတို့နှစ်ယောက်က သူငယ်ချင်းတွေပါ...တစ်သက်လုံးဒီလိုပဲနေသွားကြမယ်လို့ နင်အမြဲပြောခဲ့တယ် မဟုတ်လား...
""ဟ! ဟ! ဟိုမှာ ယုန်မ မဟုတ်လား""
အတွေးလွန်နေစဥ်မှာပင်ဝေယံက လက်ညိုးထိုးကာ ထအော်လေတော့ kingလည်း သူညွှန်ပြရာလိုက်ကြည့်မိပြန်၏။ တစ်ဖက်မှာတော့ မုန့်ထုပ်တွေတစ်ပွေ့ကြီးနဲ့ခြံထဲဆင်းလာကာ ခုံပေါ်မှာအကျအန နေရာယူလျက် ဇိမ်ကျနေတဲ့ သူမ...။လက်တစ်ဖက်ကလည်း ဖုန်းကိုထုတ်ကြည့်ကာ ပါးစပ်ကလည်းအစားနဲ့မပြတ်။
""မင်းပြောသလိုပဲ ငါ့ကောင်ရေ
ဟိုမှာ တော်တော်စိတ်ဆင်းရဲနေရှာတာကိုး!
ဟား! ဟား! ယုန်မကတော့ စံပဲဟေ့!
စာမေးပွဲကျတဲ့အထဲ သူအကောင်းစားဆုံး""
သူငယ်ချင်းတွေ တစ်ယောက်တစ်ပေါက်ပြောနေကြတော့ kingလည်း လိုက်သာရယ်နေမိတော့သည်။ ယုန်ကတော့ ဖုန်းဆီအာရုံရောက်နေသဖြင့် ဒီဘက်ကိုလှမ်းမကြည့်။ မမြင်လို့သာတော်တော့တယ်...တော်ကြာသူ့ကြည့်ပြီးရယ်ပါတယ်ဆိုပြီး စွာတေးမက ပြသာနာလာရှာနေဦးမှာ...။
ဘယ်လိုကောင်မလေးလည်းကွာ!
ဘယ်အခြေအနေရောက်ရောက် သူပဲ ရအောင်နေပျော်တယ်...
""ဟေ့ကောင်ရေ! ယုန်မကိုမမြင်ဖူးလို့လား
ပြုံးပြုံးကြီးနဲ့ ဇွတ်ကြည့်နေတော့တာပဲ
လာ! ငါတို့ကို မုန့်လိုက်ကျွေး!""
""အေးပါကွာ! လာ သွားမယ်""
~~~~🍋🍋🍋🍋~~~~
""သမီးရေ! ယုန်ယုန်""
""ရှင်..ရှင် ရှင့်!""
""သမီးမှာ ဓာတ်ပုံရိုက်ပြီးသားတွေရှိသေးလား""
""အင်း! ရှိတယ်လေ...မေမေ
သမီးခုနတောင် selfieတစ်ပုံရိုက်ထားသေးတယ်""
""ဟယ်! ပေါက်ကရ
Formတင်တဲ့ပုံလေးတွေမေးတာ မေမေက""
ဒီတော့မှပဲ မေမေ့ရဲ့ဆိုလိုရင်းကိုသဘောပေါက်ကာ မျက်နှာကမဲ့သွားရပြီး
""ရှိသေးတယ်...မေမေဘာလုပ်မို့လဲ""
""နက်ဖြန်ကျရင် ကျူရှင်သွားအပ်မယ်လေ""
""ဟင်! ဒီလောက်မြန်မြန်ကြီး စာလုပ်ခိုင်းတော့မလို့လား""
""အင်းပေါ့ သမီးရယ်
စာကိုကြိုးစားပါ...သမီးအဖေဆိုစိတ်မကောင်းဖြစ်နေတာ...မသနားဘူးလား ဖအေကို""
""ဟုတ်! သမီးပြန်ကြိုးစားပါ့မယ်""
""ဒီလိုမှပေါ့...မေမေ သမီးအတွက် guideလည်းရှာထားပြီးပြီ""
""ဟင်...စစချင်း မလိုသေးပါဘူး guideက""
""လျှာမရှည်နဲ့အေ...သင်ဆို သင်လိုက်ပေါ့""
မေမေက မျက်စောင်းရွယ်ကာပြောသွားလေတော့ ယုန့်မှာငြင်းဆန်ချိန်တောင်မရလိုက်သည့်အဖြစ်..။
ဟာ! စိတ်ညစ်လိုက်တာနော်
စာမေးပွဲကလည်း ဘာလို့တစ်ခါတည်းမအောင်ရတာလဲမသိဘူး...။
ဒီလိုနဲ့ပဲ ငွေသော်တာယုန်ရဲ့ ဒုတိယမြောက်စာသင်နှစ်ကစတင်လည်ပတ်ရပြန်၏။ အခုတော့ အစကတည်းက သေချာလေးအာရုံစိုက်ကြိုးစားနေတာကြောင့် ဒီတစ်နှစ်ကျိန်းသေအောင်မြင်မှာပါလေ...။ဒါပေမယ့် ဒီတစ်ခါ စာတွေကိုတစ်ယောက်ထဲကျက်နေရတော့ ပျင်းလှပါရဲ့ ! ကျူရှင်ကိုလည်း အရင်လို ရှင်မင်းနဲ့အတူမသွားရတော့ဘူးလေ။ သူများတကာကတော့ တက္ကသိုလ်ကျောင်းသားဖြစ်တော့မယ်...ကောင်းလိုက်တာ...။
""တောက်!""
စဥ်းစားရင်းတွေးရင်း ဘောပင်ကိုလက်ကလှည့်ကာ ဆော့နေတုန်း ထိုဘောပင်လေးက မလှမ်းမကမ်းသို့လွင့်စင်ကျသွားလေ၏။ classထဲမှာအတန်းသားတွေမဆုံသေးတာမို့ သွားကောက်ရန်ဆုံးဖြတ်ကာ ထသွားလိုက်ပြီး ကိုယ့်ပစ္စည်းကိုယ်ရှာနေစဥ်...
""ဒါ...ငါ့နေရာ""
အသံနဲ့အတူ အနားသို့ရောက်လာသောကောင်လေးတစ်ယောက်!
ယုန်လည်းအမှတ်တမဲ့ဖြင့်မော့ကြည့်မိစဥ် ထိုကောင်လေးက ဖော်ရွေစွာပြုံးပြလေတော့ ယုန့်မှာ ငေးခနဲဖြစ်သွားရလေ၏။
OMO!ချောလိုက်တာ...
ဒါဘယ်က အဆင်လေးပါလိမ့်!
ငါအတန်းတက်တာ တစ်ပါတ်ရှိနေပြီ...သူ့ကိုမမြင်ဖူးပါလား
""ငွေသော်တာယုန်!
ဒါက ငါ့နေရာလို့""
'ရှင်း' သူ့အားဘာမှပြန်မဖြေဘဲ ပြူးကြောင်ကြောင်ပြန်ကြည့်နေသော ကောင်မလေးကြောင့် ဘာဆက်ပြောရမယ်မသိတော့ပေ။ တကယ်တော့ သူဒီနေ့မှ ဒီကျူရှင်ကိုလာတက်ဖြစ်တာဖြစ်ပြီး သူမ နာမည်ကိုသိနေရတာကတော့ မနေ့က လခလာသွင်းတဲ့အချိန်မှာ အတန်းထဲအိပ်ငိုက်၍အဆူခံနေရသော ကျောင်းသူလေးမို့သတိထားမိခဲ့ရခြင်းပါပဲ...။အခုလည်း သူ့နေရာမှာ ခြေစုံရပ်နေတာ အခုထိတိုင်မဖယ်သေး။ ဒီကျူရှင်က စည်းကမ်းကြီးတာကြောင့် နေရာကို ကိုယ့်roll noနဲ့ကိုယ်ထိုင်ရတာမို့ တခြားနေရာရွှေ့ထိုင်လို့လည်းမရတာလေ...။သူမ ဘာဖြစ်ချင်တာလဲ?
""အော်! အင်း..ယုန်သိပါတယ်
ဒီနားမှာ ဘောပင်လေးကျသွားလို့လာကောက်တာ""
အတန်ကြာစိုက်ကြည့်နေရာမှ အခုတော့သတိရသွားပုံဖြင့် ရယ်ကျဲကျဲလေးပြောလာပြန်လေ၏။ ရယ်ပြနေတော့လည်း အလွန်ပင်ချစ်စရာကောင်းတဲ့ ကောင်မလေးပါပဲလား...
""ဒါနဲ့ အသစ်လားဟင်
မမြင်ဖူးသေးလို့""
""ဟုတ်တယ်...ဒီနေ့မှစတက်တာ""
""သြော်! ဒါနဲ့...ယုန့်နာမည်ဘယ်လိုသိ...""
""ဆရာလာပြီ! ကိုယ့်နေရာကိုယ်ထိုင်""
စာရေးမရဲ့အသံစူးစူးကိုကြားလိုက်ရတော့ ယုန်ကိုယ့်နေရာကိုသာ အမြန်ပြန်လစ်လာခဲ့ရသည်။ ဆရာကလည်း ဘာလို့အစောကြီးလာရတာလဲ...မလာပါနဲ့ဦး! ဒီမှာ နည်းနည်းပါးပါးမေးမြန်းကြည့်မလို့ကို!
""ဟွန့်!""
~~~~🍋🍋🍋🍋~~~~
""သမီးရေ...ညနေကျရင် guideလာမှာနော်
စာသင်ဖို့ပြင်ထား""
""Okပါခ!""
သမီးဖြစ်သူက လက်အုပ်လေးချီကာ ရွှတ်နောက်နောက်ပြောတော့ ဒေါ်ခင်သော်တာမှာ မရယ်ပဲမနေနိုင်...။ တကယ်ပဲ...ဒီသမီး မျောက်မူးလဲလေးက ဘယ်အချိန်ကျမှ ရင့်ကျက်နိုင်မယ်မသိတော့ပါ။ ကလေးလို နွဲ့ဆိုးဆိုးတတ်လွန်းတဲ့ မိမိသမီးလေးအတွက် သူမလေးအကြောင်းကို သိပြီးနားလည်လက်ခံပေးနိုင်မယ့်သူမျိုးနဲ့မှမဟုတ်ရင် စိတ်မချနိုင်တာ အမှန်ပါ။ အင်း! ဒီလိုလူကလည်းဝေးဝေးကရှာစရာမလိုပါဘူးလေ။ မွေးကတည်းကသတ်မှတ်လာတဲ့ ကံကြမ္မာကရှိပြီးသားမဟုတ်လား
""မေမေ...ရှင်မင်းကသေပြီလား""
""ဟဲ့!သမီး ဘာတွေလျှောက်ပြောနေတာလဲ""
""မသိဘူးလေ...သူကဂုဏ်ထူးတွေနဲ့စာမေးပွဲအောင်တော့ မာန်တက်သွားတာလားမသိဘူး
သမီးဆီတောင်မလာဘူး...""
""အမလေးအေ! ပိုရန်ကော...တနေ့ကတောင်လာတာတွေ့သေးတာကို...။လာရင်ရော...တည့်လို့လား ညည်းတို့က""
""အို! ဒါကအဆန်းမှမဟုတ်ပဲကို""
""ကဲ! အချိန်တန်ရင်လာမှာပေါ့
သူလည်း တက္ကသိုလ်တက်ရတော့မှာလေ
အလုပ်ရှုပ်နေလားမှမသိတာ...ကဲ!သွား ညည်းလည်းတက္ကသိုလ်တက်ချင်ရင်စာသွားကျက်""
""ဟုတ်!""
ရှင်မင်း ယုန့်ဆီမလာတာ တစ်ရက်ရှိပြီ။
တစ်ရက်ဆိုတော့ ၂၄နာရီ!
ဒီလိုကြီးပစ်ထားတာတော့မကောင်းပါဘူး...ဘယ်လောက်ပဲအလုပ်ရှုပ်ရှုပ်ပေါ့...နင်ကငါ့ကိုစာမေးပွဲ ကျလို့ဆိုပြီး ပယ်တာလား...
အစုတ်ပလုပ်ကောင်!!
စိတ်ညစ်လိုက်တာ!
ညနေကျရင်guideကလာဦးမယ်တဲ့
ဘုရားရေ! ငါတော့ ဒီနှစ် အောင်ရင်အောင်...မအောင်ရင် အသက်အထွက်ပဲ...ဟူးး!!
(ယုန်မက အသစ်တွေ့နေပြီနော်...အဆင်လေး😂)
~~~~🍋🍋🍋🍋~~~~
Continue to >>>Part-3
Readers/WritersလေးတွေအားလုံးကVIPပါ
Writer- WineSatt Cho (🍋Lëmoñ🍋)