book

Index 9

အပိုင်း(၉)

  • Author : Rudylinn
  • Genres : Romance, Drama, Action

မညီမျှတဲ့ချစ်ခြင်း 🕊💔


" ကိုယ့်အိုင်ဒီယာကို တင်ပြလို့ရပါပြီ " 


" Lady first "


ခပ်မိန့်မိန့်ထိုင်နေသော လွင်တီးခေါင်သည် ဦးထွဋ်ခေါင်ရဲ့စကားအဆုံးမှာ အနည်းငယ်စိတ်လှုပ်ရှားဟန်ပေါ်လွင်လှသော မှာတမ်းခြွေအား ခပ်မာမာပြောလိုက်ခြင်းဖြစ်သည်။ 


" အင်း " 


တံတွေးမြိုချလျက် အသက်ရှူသံခပ်ပြင်းပြင်းက အပြင်သို့လျှံထွက်လာသည်နှင့် ခြွေ တုန်ယင်စွာ မတ်တပ်ထရပ်လိုက်၏။ 


" ခြွေ ခြွေ့စိတ်ကူးက " 


အားအင်တစ်ခုခုများရမလားလို့ ခေါင့်ကို အားကိုးဟန်လှမ်းကြည့်လိုက်သော်လည်း ခေါင်က ခြွေ့အား ခပ်တန်းတန်းသာ ကြည့်နေ၏။ ထို့ကြောင့် တိုးဖျော့နေသယောင်ထင်ရသည့် လေသံအား မြှင့်တင်လိုက်ကာ... 


" စွန့်ပစ်ပစ္စည်းတွေ အထူးသဖြင့် ပလတ်စတစ်တွေကို လူ့အသုံးအဆောင်အဖြစ် ပြန်လည်အသုံးချရင်ရော ဥပမာ အိတ်တို့ ထီး မိုးကား စသဖြင့်ပေါ့၊ နောက်တစ်ခုက လက်မှုပစ္စည်းလေးတွေကို ခြွေတို့ နည်းပညာနဲ့ပေါင်းပြီး ခေတ်မီစက်ကိရိယာထုတ်လုပ်မယ်ဆို စျေးကွက်မှာ customer တွေ စိတ်ဝင်စားလာမယ်ထင်တယ်၊ အင်း ဟုတ်ကဲ့ ဒီလောက်ပါပဲ "


" ဖြောင်း ဖြောင်း... "


လက်ခုပ်သြဘာပေးသံအဆုံး အားလုံးကို တစ်ချက်ပြုံးပြ ခေါင်းညွှတ်လိုက်ရင်း နေရာမှာ ပြန်ထိုင်လိုက်သည်။ 


" ကျေးဇူးတင်တယ်သမီး " 


" အဟမ်း " 


ချောင်းတစ်ချက်ဟန့်လျက် ထရပ်သောခေါင့်ဆီ ​ခြွေအပါအဝင် အားလုံးအကြည့်ရောက်သွားသည်။ ထို့နောက် တည်ကြည်ပြတ်သား၍ ယုံကြည်မှုရှိရှိ အေးဆေးစွာပင် ခေါင်သည် တစ်လုံးချင်းစတင်ပြောပါတော့သည်။ 


" ကျွန်တော့်အိုင်ဒီယာကို မဆွေးနွေးခင် အနည်းငယ်တင်ပြချင်တာလေးရှိပါတယ်၊ အဲဒါက ကမ္ဘာပေါ်မှာ သဘာဝဘေးအန္တရာယ်မျိုးစုံနဲ့ လူသားတွေ သေကျေပျက်စီးနေကြတယ်၊ ကြိုတင်ကာကွယ်လို့ရတဲ့ အန္တရာယ်ရှိသလို မကာကွယ်နိုင်လိုက်တာလည်းရှိတယ်၊ ရောဂါကြောင့် သေဆုံးကြတာကိုပဲ လူတွေက သတိမူမိကြတယ်ခင်ဗျ၊ ကမ္ဘာပေါ်မှာ ရောဂါကြောင့် သေဆုံးတဲ့သူ ၁၀၀ % မှာ ပျမ်းမျှ ၄၀ % ရှိတယ် အက်ဆီးဒင့်ကြောင့် သေဆုံးသူ ၃၀ % ၊ နောက် သဘာဝဘေးအန္တရာယ်နဲ့သေဆုံးသူ ပျမ်းမျှ ၃၀ % ရှိတယ်လို့ ခန့်မှန်းရတယ် " 


သူ့စကားကို ခဏရပ်ကာ စိတ်ဝင်စားမှုရှိမရှိ အခန်းတွင်းဘုတ်အဖွဲ့နဲ့ ဒါရိုက်တာတွေကို တစ်ချက်ဝေ့ကြည့်ရင်း မသိမသာပြုံးလျက် သူစကားဆက်သည်။ 


" အဲ့တော့ ကျွန်တော်တို့ဘက်က နည်းပညာသုံးပြီး ဘေးအန္တရာယ်ကို ကာကွယ်နိုင်သလောက် ကာကွယ်ရမယ်၊ ကျွန်တော့်စိတ်ကူးကတော့ ရိုးရှင်းပါတယ်၊ တနေ့တခြား မြင့်မားလာတဲ့ အပူရှိန်နဲ့ အက်စစ်တွေရောပါလာတဲ့ နေရောင်ခြည်စွမ်းအင်ကို စုပ်ယူထားနိုင်တဲ့စက်ကို ဖန်တီးထုတ်လုပ်နိုင်ဖို့ပါပဲ၊ အရင်းအနှီးများမယ်ဆိုတာ သိပါတယ်၊ အဲ့အတွက် plan ရှိပြီးသားပါ၊ နိုင်ငံခြားကုမ္ပဏီက ရင်းနှီးမြုပ်နှံသူတွေရဲ့ အကူအညီကို ယူရပါမယ်၊ အစပိုင်းမှာခက်ခဲနိုင်ပေမယ့် မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး၊ ကျွန်တော်တို့က အဲ့စက်ကို မထုတ်နိုင်ရင် သေချာပါတယ် တခြားကုမ္ပဏီက လက်ဦးသွားမယ်ဆိုတာ ၊ ကျွန်တော်ပြောချင်တာ ဒါပါပဲ " 


အားလုံးလက်ခုပ်တီးဖို့ မေ့လျော့စွာ စေ့စပ်သေချာမှုအပြည့်ဖြင့် ပြောသွားသော လွင်တီးခေါင်ရဲ့တင်ပြမှုအောက် တခဏ မျောသွားကြ၏။ နောက်မှ လက်ခုပ်သံတွေ ဟိုတစ်စ ဒီတစ်စ ထွက်ပေါ်လာသည်။ ဘုတ်အဖွဲ့တွေရဲ့ မဲခွဲဆုံးဖြတ်မှုကို ကြေညာမယ့်အချိန် ခေါင်က သွေးအေးစွာ ဟန်မပျက်ရှိနေပေမယ့် ခြွေ့လက်တွေကတော့ ထူးဆန်းစွာ ချွေးစေးတွေထွက်နေ၏။ 


" မဲအရေအတွက်က ၅ မဲ ၁၂ မဲ ဖြစ်ပါတယ်၊ မဲအများဆုံးရရှိသူကတော့ မန်နေးဂျင်းဒါရိုက်တာ ကိုလွင်တီးခေါင် ပါ " 


လက်ခုပ်သံက ဆူညံသွားလေသည်။ ခေါင့်အပြုံးကို ကြည်လင်စွာ မြင်ရ၏။ ခြွေ လက်ခုပ်သံအကျယ်ကြီးတီးကာ စိတ်ရင်းဖြင့် ဂုဏ်ယူပေးလိုက်ပါသည်။ ခြွေလည်း ပျော်သည်။ 


" အစည်းအဝေးကို ဒီမှာအဆုံးသတ်တာပေါ့၊ နောက်အစည်းအဝေးမှာ တွေ့ကြမယ် "


ဦးထွဋ်ခေါင်က အပြုံးပန်းဝေဆာစွာ ကျေနပ်ပီတိဖြစ်သည့် လေသံဖြင့် ပြောလိုက်ခြင်းဖြစ်သည်။ အခန်းထဲမှ မထွက်မီ ဦးထွဋ်ခေါင်ဆီက ဂုဏ်ယူစကားကြားရပါသည်။ 


" Congratulations တော်တယ် နှစ်ယောက်လုံး... သမီးခြွေရဲ့ အိုင်ဒီယာလည်းကောင်းတယ် အန်ကယ်တွေးထားတာထက် အများကြီးပိုတယ်၊ ဒီထက် details ဖြစ်ရင် perfect ပဲ၊ သမီးဒီထက် ပိုကောင်းအောင်လုပ်နိုင်မှာ အန်ကယ်ယုံတယ် " 


" ကျေးဇူးတင်ပါတယ် အန်ကယ်၊ ကြိုးစားခွင့်ရခဲ့လို့ သမီးတကယ်ပျော်ပါတယ်၊ ခေါင့်အတွက်လည်း ဝမ်းသာတယ် "


" တော်တယ် ငါ့သား " 


သားဖြစ်သူကို ပခုံးဖက်လျက် ဂုဏ်ယူသောအသံအပြည့်ဖြင့် ဦးထွဋ်ခေါင် ပြောလိုက်၏။ ပြီးနောက် ဦးထွဋ်ခေါင် အခန်းထဲမှ အရင်ထွက်သွားလေသည်။ 


" ဗိုက်ဆာတယ် ကန်တင်းသွားမယ် " 


" ဟင် အင်း " 


မနက် ၁၀ နာရီ အစည်းအဝေးစခဲ့တာမို့ အများဆုံး နှစ်နာရီကျော်လောက် ကြာသွားလိမ့်မည်။ သူမ ဗိုက်သိပ်မဆာပေမယ့် သူ့နောက် လိုက်လာခဲ့လေသည်။ ကုမ္ပဏီကန်တင်းမှာထိုင်ကြတော့ ဝန်ထမ်းတွေရဲ့ စိတ်ဝင်စားသောအကြည့်တွေက သူမတို့ဆီမှာ လိပ်ပြာလေးတွေလို ပျားပိတုန်းတွေလို တဝဲလည်လည်နဲ့ပေါ့။ တချို့က သူဋ္ဌေးသားဖြစ်သည့် လွင်တီးခေါင်ကို မမြင်ဖူးလို့ ကြည့်တာဖြစ်လိမ့်မည်။ တချို့ကလည်း စေ့စပ်ထားသည့်လူနှစ်ယောက်မို့ စိတ်ဝင်စားကာ ကြည့်တာမျိုးလည်းဖြစ်နိုင်သည်။ 


ခဏအတွင်း ဆိုင်ဝန်ထမ်းမလေးရောက်လာပြီး မီနူးချပေးရင်း.... 


" ဘာများသုံးဆောင်ကြမလဲရှင် " 


ဟု ယုံကြည်ပျူငှာစွာ ပြောသည်။ ​ခြွေက မီနူးကြည့်လျက်ကပင်...


" ဝက်ချိုချဥ်တစ်ပွဲ၊ အရွက်ကြော်တစ်ပွဲ ပြီးတော့... "


" ထမင်းသုပ်နဲ့ ဟင်းချိုတစ်ပွဲပေး မြန်မြန်လေး " 


ဖြတ်ပြောလာသော ခေါင့်ကြောင့် သူမ ရုတ်ခနဲ မော့ကြည့်လိုက်သည်။ သူမ မှာလို့မှမပြီးသေးဘဲ။ နုတ်ထဲမှာရေးမှတ်ပြီး လှည့်ထွက်ဖို့ပြင်သော ဝန်ထမ်းမလေးကို ...


" ခဏ ထမင်းဖြူတစ်ပွဲပါပေးနော် ရပြီ " 


ခြွေ ကပျာကသီပြောလိုက်ရသည်။ မဟုတ်ရင် ငတ်ဦးမည်။ သူ့ကြည့်ရတာ အတော်လေး ဆာနေပုံထောက်သည်။ မှာထားတာ လာချပေးတာနဲ့ ခေါင်းမဖော်တော့။ တစ်လုတ်ပြီးတစ်လုတ် အားရပါးရလွေးတော့သည်။ ခဏလေး ကုန်သွား၏။ စားပြီးတော့ Shark တစ်ဗူးမှာသောက်သည်။ ခြွေက ဖြည်းဖြည်းစားတာမို့ သူအအေးလှမ်းမှာပြီးချိန်မှ စားလို့ပြီးသည်။ 


" ခေါင် နင်တော်တယ် သိလား " 


ပြောပြီးမှ ဖျတ်ခနဲ သတိရသွား၏။ ခေါင်က ပြင်ပချိန်မှာ အလုပ်အကြောင်းပြောတာ မကြိုက်ချေ။ အသာလေး မျက်လွှာချ၍ ရေယူသောက်လိုက်စဥ် သူ့ဆီက အာလုတ်သံဖြင့် အင်း ဆိုသော စကားတစ်ခွန်းကို ကြားရ၏။ အမှန်တော့ သူမတင်ပြချက်နဲ့ပတ်သက်ပြီး သူ့ဆီက ဝေဖန်ထောက်ပြသောစကားကို ကြားချင်မိပါသည်။ သို့သော် သူမ ကြားရမှာမဟုတ်ပေ။ အလိုလိုသိနေခြင်းသာ။ 


ခဏလောက် ဆက်ထိုင်နေကြပြီး ခေါင်က ပိုက်ဆံထုတ်ကာ ဘေလ်ရှင်းသည်။ သူမက တစ်ရှူးနည်းနည်းယူကာ နှုတ်ခမ်းနားတစ်ဝိုက်ကို ဖွဖွသုတ်ပြီး သုံးပြီးသားတစ်ရှူးကို ပန်းကန်ထဲထည့်လိုက်စဥ် ...


" မှာတမ်းခြွေ! "


သူ့ရဲ့ခက်ထန်သောအသံက ဒေါသအပြည့်နဲ့မို့ သူမ ရုတ်တရက် လန့်ဖျပ်ကာ ဘာဖြစ်တာလဲ ဆိုပြီး ဖျတ်ခနဲ သူ့အား မော့ကြည့်လိုက်၏။ 


" နင့်လက်စွပ်ရော ဟမ် လက်စွပ်ရော " 


လက်စွပ်...၊ ခုမှသတိရပြီး ကိုယ့်လက်ကိုယ်ပြန်ကြည့်မိသည်။ အာ ဟုတ်သား... အဲဒါက ။ 


" အဲဒါက... " 


" ဘာကိစ္စချွတ်ထားတာလဲ၊ ဘာကြောင့်ဖြစ်ဖြစ် နင့်မှာချွတ်ထားပိုင်ခွင့်ကို မရှိဘူး " 


တစ်ဆိုင်လုံး တိတ်ဆိတ်နေတာမဟုတ်ပေမယ့် သူ့အသံကြောင့် အားလုံးတိတ်သွားသဖြင့် ပို၍ဟိန်းထွက်နေလေသည်။ ရှက်စိတ်ဖြင့် ပူထူသွားကာ သူမပြောမယ့်စကားတွေတောင် မေ့ကုန်ပြီ။ သူ့ပုံစံက ဒေါသကြောင့် ပတ်ဝန်းကျင်ရော ဘာရော အားလုံး မျက်လုံးထဲမြင်ပုံမရတော့ချေ။ ဦးဆုံး ရင်ထိတ်ကာ ခြွေလက်သီးဆုပ်လိုက်မိသည်။ တဆက်တည်း အံကြိတ်မိလိုက်သည်နှင့် သူက ဗြုန်းခနဲ ထရပ်လိုက်ရင်း သူ့လက်စွပ်ကို သူမမျက်နှာရှေ့ထိုးပြ၍ ... 


" ဒီမှာတွေ့လား ငါဘယ်တော့မှမချွတ်ခဲ့ဘူး၊ အဲဒါကြောင့် ငါ့မှာပိုင်ရှင်ရှိလားမရှိဘူးလား ဘယ်သူမှမေးစရာမလိုဘဲသိတယ်၊ နင်က... "


" ခေါင် နင့်လေသံကို ကျေးဇူးပြုပြီးလျော့လိုက် " 


ပတ်ဝန်းကျင်ကို မျက်စိဝဲပြရင်း သူနဲ့မျက်နှာချင်းဆိုင်ရပ်၍ စိတ်ကိုချုပ်တီးကာ မှာတမ်းခြွေ အံကြိတ်သံဖြင့် ပြောလိုက်သည်။ 


" နင်က ပိုင်ရှင်မရှိတဲ့သူလို ပျော်ပါးချင်လို့ ဟိတ် မှာတမ်းခြွေ... "


ဆက်ပြီးသည်းခံနိုင်စွမ်းမရှိတော့။ ဘေးခုံမှာတင်ထားသည့် အိတ်ကိုဆွဲယူ၍ ဆိုင်ပြင်သို့ ကမူးရှူးထိုးဖြင့် ခြွေ လျှောက်ထွက်လာခဲ့သည်။ ဒီလောက် ရှက်စရာကောင်းတာမရှိတော့ပါ။ ပတ်ဝန်းကျင်မှာရှိတဲ့သူတွေ အကုန်လုံးက သူမတို့ နှစ်ယောက်လုံးကို ကောင်းစွာ သိကြ၏။ သူမို့လို့ ဒီလိုလုပ်ရပ်မျိုး လုပ်ရက်တယ်။ သူမသိက္ခာကို နည်းနည်းမှမငဲ့ခဲ့။ 


" မှာတမ်းခြွေ အဲ့မှာရပ်လိုက်စမ်း " 


နောက်ပါးဆီမှ သူ့အသံကြားကာမှ မျက်ရည်က ဝဲတက်ချင်လာသည်။ ရှေ့ဆက်လှမ်းနေသည့် ခြေထောက်အား ပြန်ရုတ်ကာ ရပ်ပေးလိုက်ပါသည်။ နောက်တော့လှည့်မကြည့်မိ။ 


" နင်ဘာလုပ်တာလဲ ဟမ် ဘာသောက်ချိုးလဲ " 


သူမလက်မောင်းအိုးကိုဆုပ်ကိုင်ကာ သူ့ဘက် အကြမ်းပတမ်းဆွဲလှည့်ခံရသော မှာတမ်းခြွေသည် သူ့အား မျက်ထောင့်နီဖြင့် စိုက်ကြည့်လိုက်မိသည်။ 


" ငါ့ကိုအလေးမထားရင်တောင် အနည်းဆုံးတော့ စကားကောင်းကောင်းပြော၊ ပြီးတော့ လက်မပါနဲ့ " 


" ဟ နင့်အပြစ်က ငါ့အပြစ်ဖြစ်သွားရောလား၊ ဘယ်သူမဆို ဒေါသထွက်ရင် အသံကျယ်မှာပဲ၊ စကားလမ်းကြောင်းမလွှဲနဲ့ ငါသိချင်တာဖြေ " 


" ကောင်းပြီ ငါပြောမယ် လက်စွပ်ကငါ့လက်နဲ့ချောင်နေလို့ ခဏချွတ်ပြီး သိမ်းထားတာ၊ ရပြီလား ကျေနပ်ပြီလား၊ ငါ့ကိုယ်ငါ လိပ်ပြာလုံတယ် စိတ်သန့်တယ် " 


ခပ်ပြတ်ပြတ်ပဲ သူမ ပြောလိုက်ပြီး နောက်ဆုတ်ကာလှည့်ထွက်ဖို့ပြင်လိုက်သည်နှင့်... 


" နေဦး နောက်နေ့ နင့်လက်မှာလက်စွပ်ဝတ်ထားတာမြင်ချင်တယ် သွားတော့ " 


ဟု ခေါင်ကပြောလိုက်ပြီး သူမကိုဖြတ်ကျော်ကာ ခြေလှမ်းတွေက ကုမ္ပဏီဆီဦးတည်သွားရမည့်အစား ကားပါကင်ရှိရာ မြေအောက်ထပ်သို့ ဦးတည်သွားလေသည်။ သူမကတော့ လူကူးမျဥ်းကျားမှာ ရပ်လျက်ရှိနေဆဲ။ သူက မနေချင်ထွက်သွားလို့ရပေမယ့် သူမက ဘယ်ထွက်သွားရမှာလဲ။ ကျစ်...။ နောက်ဆုံး ကုမ္ပဏီရှိရာ အပေါ်ထပ်သို့သာ ရှေ့မျက်နှာနောက်ထားပြီး ပြန်တက်လာခဲ့လေတော့သည်။ 


°°°°° 


ဂျူလိုင်လ မိုးတွေသည်းသည့်အချိန်၌  ကျောင်းတွေပြန်ဖွင့်ပြီမို့ သူသူလည်း ပြန်ရောက်လာသည်။ ကျောင်းရောက်မှ နှစ်ယောက်သားတွေ့ဖြစ်၏။ သူမ အတိုင်းမသိပျော်ခွင့်ရခဲ့သည်။ သူသူ့လက်နှစ်ဖက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားပြီး ပြုံးနေသောမျက်လုံးများနှင့်ကြည့်နေသော ခြွေသည် ဆွံ့အနေပြီးမှ... 


" ဟယ် သူသူရယ် ငါနင့်ကို အသားတွေမဲလာမယ်ထင်တာ၊ နင်က နတ်ရေကန်ထဲဆင်းသွားသလို အသားတွေဖြူလာပါလားဟ အဟီး " 


" အီး ငါ့သူငယ်ချင်းလေးက သူများစိတ်ချမ်းသာအောင်ပြောတတ်လိုက်တာ " 


" တကယ်ပြောတာ " 


" ဟုတ်လား ဟုတ်မှာပါ၊ နေ့ဘက်ဆို အရမ်းပူလို့ ဘယ်မှမထွက်ဘဲ အိမ်တွင်းအောင်းနေတော့ ချွေးထုတ်သလိုပဲ၊ ညနေစောင်းဆိုရင်တော့ အညာရှူခင်းက အသေလှတာနော် ဘယ်ပန်းချီရေးလို့မမီဘဲ " 


" အဟား ဟုတ်ပါပြီ ဟုတ်ပါပြီ ချောလာတယ် "


" Thanks " 


စကားတပြောပြောနဲ့ (ခရေဆောင်) သင်္ချာမေဂျာသို့ စာအုပ်ဝယ်ရန် ထွက်လာကြပြီး လမ်းမှာ ဖရဲသီးနဲ့ နာနတ်သီးတွေ့လို့ ဝယ်စားလိုက်ကြသေးသည်။ သင်္ချာဆရာမနဲ့ ရင်းနှီးသဖြင့် စကားနည်းနည်းပြောပြီး အဆောင်ထဲမှ ပြန်ထွက်လာခဲ့ကြသည်။ လမ်းမှာလည်း စကားပြောလာကြသဖြင့် ဘေးကိုအာရုံမရောက်တော့ပါ။ 


" ဟိတ် ဟိတ် ဟိုတစ်ယောက် "


" ဟဲ့ နောက်ကခေါ်တာထင်တယ် " 


သူသူ့လက်ကိုကုတ်၍ ခြွေပြောရင်း ခေါင်းငဲ့ကြည့်လိုက်တော့ ကောင်လေးတစ်ယောက်က သူမတို့ကို ပိုက်ဆံတစ်ရွက်ထောင်ပြနေတာ တွေ့ရသည်။ ထို့နောက် အနားသို့ လျှောက်လာရာ သူမတို့လည်း လှည့်ကြည့်လိုက်၏။ 


" နင်တို့ဆီက လွှင့်ကျလာလို့ ရော့ " 


၅၀၀ တန် အနွမ်းလေးတစ်ရွက်ကို မြှောက်ပြလျက် မှာတမ်းခြွေဆီ ကမ်းပေးနေ၏။ သူ့ကို သူမမျက်မှန်းတန်းမိသည်။ သူက ယခုနှစ်မှ သူမတို့အတန်းဆီ ပြောင်းလာသော ကျောင်းသားသစ်ဖြစ်သည်။ နာမည်က ကျော်တော့ပါသည်။ သိပ်မမှတ်မိပါ။ 


" ငါ့ပိုက်ဆံမဟုတ်ဘူး ခြွေ နင့်ဟာလား " 


" ကြည့်လိုက်ဦးမယ် " 


လွယ်အိတ်ထဲမွှေနောက်ရှာလိုက်ရင်း ခေါင်းပြန်မော့ကာ...


" မဟုတ်ဘူး "


" မောင်လေး ငယ်သေးတယ်နော် ဒီလိုအကွက်မျိုးက ရိုးနေပြီ၊ အသစ်လေးထွင်လိုက်ဦး၊ မမတို့က ခင်တတ်ပါတယ် ပွင့်ပွင့်လင်းလင်းပြောပေါ့ အဟက် " 


သူသူက ဒဲ့ကိုကောလိုက်၏။ ဟိုက ရှက်သွားသည့်ပုံဖြင့် မျက်နှာကြီးနီကာ ဟမ်ခနဲ ဖြစ်သွားပြီး သူမတို့ကို ပြူးတူးတူးစိုက်ကြည့်လျက် ထစ်ငေါ့စွာ ပြောလာသည်က... 


" နင့်စာအုပ်ကြားထဲက ထွက်ကျလာတာတွေ့လို့ပြန်ပေးတာ မဟုတ်လည်း ရတယ် "


ခြွေ့ကို သေချာကြည့်၍ ပြောသွားပြီး သုတ်သုတ်ပျာပျာ အနားမှ လျှောက်ထွက်သွားလေသည်။ သူပြောတာ နားထောင်ပြီးမှ သတိရပြီး စာအုပ်ကြားလှန်လှောကြည့်လိုက်တော့ သစ်သီးဝယ်စားတုန်းက ပြန်အမ်းငွေညှပ်ထားတာ မတွေ့တော့ချေ။ စိတ်ထဲမှ သွားပြီလို့ အော်လိုက်မိရင်း သူသူ့ဘက် လှည့်လိုက်သော သူမမျက်နှာက ညှိုးငယ်စွာ...။ 


" ဟုတ်တယ် သူသူရေ စောနက သူပေးတာ ငါ့ပိုက်ဆံ၊ ငါစာအုပ်ထဲညှပ်ထားတာ ထွက်ကျသွားတာ "


" ဟမ် " 


" အေး "


" ဒါဆို ငါသူ့ကိုကောလိုက်တာ " 


" အင်း " 


" အားနာစရာကြီးဟယ် " 


နှစ်ယောက်သား ပြန်တွေးပြီး တကယ်ကို မျက်နှာတွေပူသွားသည်။ သူသူကလည်း ခပ်စွာစွာ၊ ကောလိုက်တာ သူမတောင် တားချိန်မရလိုက်။ 


" ဘာလုပ်ကြမလဲ သူသူ " 


" ပြန်တောင်းပန်တာပေါ့ဟာ လာ " 


" လက်ခံပါ့မလား ထားလိုက်ပါဟာ "


" အို အတန်းထဲမှာ ပြန်တွေ့ရမယ့်ဟာပဲ ငါမျက်နှာပူတယ် ခြွေရ " 


ခြွေ့မျက်နှာ ရှုံ့မဲ့သွားသည်။ သူက ကျောင်းကန်တင်းထဲဝင်သွား၏။ သူမတို့လည်း ခပ်ကုပ်ကုပ်လိုက်ဝင်သွားမိသည်။ စိတ်ညစ်ပါတယ်။ သူထိုင်နေသည့် စားပွဲနားတိုးသွား၍ ရပ်လိုက်တော့ သူက မော့ကြည့်၏။ 


" ဟို ဟိုလေ " 


" နင်တို့ပိုက်ဆံမဟုတ်ဘူးဆို " 


သူသူက ထစ်ငေါ့နေစဥ် သူက ဦးစွာစီး၍ပြောသည်။ သူသူ ဘာဆက်ပြောရမည်မသိ ငြိမ်သက်သွား၏။ 


" အဲ အဲဒါက ဟုတ်ပါတယ် ခြွေ့ပိုက်ဆံပါ၊ ဟိုလေ စောနကပြောလိုက်တာက... "


" ရပါတယ် ဒါပေမဲ့ ဘယ်လိုလုပ်မလဲ ငါက ဒီပိုက်ဆံနဲ့ အကြော်ဝယ်စားမလို့ " 


" သြော် အာ စားလေ စားပါ " 


ခြွေက ချက်ချင်း ပြန်ပြောမိ၏။ ဘာဖြစ်သည်မသိ ခြွေလည်း စကားတွေထစ်နေသည်။ ပြီးမှ စိတ်သက်သာရာရသွားသလို ပြုံးမိသည်။ သူမတို့ကို စိတ်ဆိုးပြီး သူအပြတ်ကောမည်လို့ နှစ်ယောက်လုံး ထင်ထားသောကြောင့်ပင်။ 


" ထိုင်လေ " 


" အင်း " 


သူသူက အရင်ဝင်ထိုင်သည်။ သူမက နောက်မှဝင်ထိုင်လိုက်၏။ သူက ရေနွေးကြမ်းငှဲ့ကာ သောက်သည်။ ပြီးတော့ အကြော်မှာစားကြသည်။ 


" ငါရှင်းလိုက်မယ် ရော့ နင့်ပိုက်ဆံငါးရာ " 


" မဟုတ်တာ ယူလိုက်ပါ၊ ပိုက်ဆံလိုချင်လို့ လိုက်လာတာမဟုတ်ပါဘူး ခုနက သူသူပြောလိုက်တာလွန်​ေသွားလို့လေ " 


" ဟုတ်တယ် စိတ်မရှိနဲ့နော် ကျော်ဝေစိုး " 


" အင်းပါ အစတုန်းကတော့ ငါ့မျက်နှာဘယ်ထားရမှန်းမသိတာဟ " 


စကားပြောကြည့်တော့ ကျော်ဝေစိုးက ရိုးသားမှန်းသိရသည်။ ဖော်ရွေ၏။ အရင်က တစ်ခန်းတည်းပေမယ့် မြင်ဖူးရုံသာ အခေါ်အပြောမရှိ၊ ယခုမှ ရင်းနှီးလာသည်။ 

ထို့နောက် အတူတူပင် သူမတို့ e-major သို့ ပြန်လျှောက်လာခဲ့ကြသည်။


°°°°°°


ဒီရက်ပိုင်း လွင်တီးခေါင် သူမအား ကျောင်းအပို့အကြိုမလုပ်၊ ကုမ္ပဏီကားသာ လွှတ်ပေးသည်။ တစ်နေ့လုံးနေမှ ဖုန်းတစ်ခါသာဆက်၏။ ဒါကြောင့်လည်း စိတ်လွတ်လပ်ပေါ့ပါးသလိုပင်။ နှစ်ရက်အကြာမှာ ဆိုင်းမဆင့်ဗုံမဆင့် ဗြုန်းစားကြီး သူမထံ ရောက်လာသည်။ 


" သားခေါင်ပါလား... မတွေ့တာတောင်ကြာပြီ လာထိုင်လေသား "


" ခြွေရော အန်တီ "


" ရှိတယ် အငယ်မရေ... နင့်အစ်မကိုသွားခေါ်လိုက် ဒီမှာနင့်အစ်ကိုရောက်နေတယ် " 


" ဟုတ်ကဲ့ကြီးကြီး " 


အသံလေးပျောက်သွားပြီး တစ်အောင့်ကြာ မှာတမ်းခြွေ အပေါ်ထပ်မှဆင်းလာသည်။ သူလာသည်ဆိုတော့ ရင်ထဲ ထိတ်ခနဲဖြစ်သွား၏။ ဘာအကြောင်းများရှိလို့ပါလိမ့်။ အောက်မရောက်ခင် သူ့အသွင်ကို လှေကားခြေရင်းနားကနေ တစ်ချက်လှမ်းရှိုးလိုက်သေးသည်။ သူ့အသွင်သည် ကျားတစ်ကောင်လို ဖျတ်လက်ကာ ပန်းရိုင်းတစ်ပွင့်လို လန်းဆန်းနေသည်။ ရှပ်အဖြူလက်ရှည်ကို စတိုင်ပင်ဘောင်းဘီရှည်နဲ့ လိုက်ဖက်စွာ တွဲဖက်ဝတ်ထား၏။ သူမက ရေချိုးပြီးခါစမို့ ခရမ်းပြာရောင် စပန့်ဝမ်းဆက်ကိုသာ ဝတ်ထားသည်။ သူထိုင်နေရာအနားသို့ မရောက်ခင် သက်ပြင်းလေးခိုးချလိုက်မိသည်။ နောက် မေမေ့ဘေးမှာဝင်ထိုင်ဖို့ပြင်သော ခြွေ့ကို သူက လက်လှမ်းဆွဲထား၍ သူ့ဘေးမှာထိုင်ရန် အရိပ်အခြေပြ၏။ ဘေးနေရာလွတ်မှာ ခြွေ ဝင်ထိုင်လိုက်ပါသည်။ 


" ကျွန်တော် ခြွေ့ကို အပြင်ခဏခေါ်သွားချင်လို့ပါ၊ ညဥ့်မနက်စေရပါဘူးအန်တီ၊ ဒီရက်တွေမှာ အလုပ်အရမ်းရှုပ်နေလို့ ကျွန်တော် ခြွေနဲ့အေးဆေးစကားမပြောရလို့ပါ " 


" အခုက ၆ နာရီဆိုတော့ သိပ်ညမနက်စေနဲ့ပေါ့ကွယ် ခေါ်သွားပါ၊ သားနဲ့ဆို အန်တီစိတ်ချပါတယ် " 


" ကျေးဇူးပါအန်တီ " 


" အဝတ်စားသွားလဲ လှလှလေးပြင်လာခဲ့ " 


နှစ်ကိုယ်ကြားရုံပြောလိုက်သော ခေါင့်စကားက အမှန်ပင် သူမအား ကြက်သီးထသွားစေသည်။ ခေါင်းလေးအသာညိတ်ကာ ထထွက်သွားလိုက်သည်။ မရမ်းစေ့ရောင် ကိုယ်ကျပ်ဒူးအုပ်ဂါဂန်အပျော့လေးကို သွယ်လျသေးသွယ်သော ခန္ဓာကိုယ်ထက် တင့်တယ်စွာ ဝတ်ဆင်လျက် ဆံပင်ကို ခပ်လျော့လျော့လေး စည်းနှောင်လိုက်၍ နှုတ်ခမ်းနီအရောင်ထပ်တင်ကာ ပြန်ထွက်လာခဲ့သည်။ 


လွင်တီးခေါင်က တစ်ချက်ကြည့်ပြီး ဒေါ်စက်ရီကို နှုတ်ဆတ်ကာ ခြွေ့လက်ကလေးတွဲ ထွက်လာခဲ့၏။ သူမ သူ့ကို ငေးကြည့်ပြီး ဘာပြောရမှန်းလည်းမသိပါ။ ဘာမေးရမှန်းမသိ။ နောက်ဆုံး သူခေါ်ရာနောက် ငြိမ်သက်စွာ လိုက်လာမိတော့သည်။ ကားပေါ်မှမဆင်းခင် ခြွေ ခါးပတ်ဖြုတ်ဖို့ပြင်စဥ် ​သူမလက်ကို ခေါင်ကဟန့်တားလျက် သူကိုယ်တိုင် ဖြုတ်ပေးပြီး အနားတိုးကပ်လာကာ ပါးမို့မို့လေးကို မြတ်နိုးစွာ နမ်းမွှေးလာ၏။ တအံ့တသြ မော့ကြည့်လာသော ခြွေ့နှုတ်ခမ်းဖူးလေးသည်လည်း သူ့အနမ်းနုနုများအောက် ငြိမ်သက်စွာ...။ 


မြစ်ကမ်းနဖူးတွင် တဲလေးတွေဆောက်ကာ ဖွင့်ထားသော စားသောက်ဆိုင်လေးက အမြင်တစ်မျိုးဆန်းစေသည်။ သူမရောက်ရှိသွားတော့ အနီးကပ်မြင်ကွင်းက သူမအား အံ့အားသင့်စေပြန်၏။ ဝင်လုဆဲ နေဝန်းအောက် လှိုင်းကြပ်ခွပ်လေးတွေထနေကာ ခပ်ဝေးဝေးက စပါးပင်တို့ လေတိုးတိုင်းယိမ်းနွဲ့သွားတာကို မြင်ရသည်။ ဓနိမိုးထားပြီး ရောင်စုံမီးသီးလေးတစ်လုံး ခေါင်မိုးမှာ တွဲလောင်းချိတ်ထား၏။ ပတ်ဝန်းကျင်၌ မျောနေသော ခြွေသည် သူမပခုံးလေးအား ညင်သာစွာအကိုင်ခံလိုက်ရမှ သတိပြန်ကပ်သည်။ 


" သဘောကျလား " 


" အင်း အရမ်းပဲ "


" ထိုင်ပါဦး မပြန်သ၍ တစ်ဝကြည့်ရမှာပါ "


ထိုင်ခုံလေးနှစ်လုံးကို မျက်နှာချင်းဆိုင်ချထားပေးသည်။ သူမ ခုံတစ်ခုံမှာ ဝင်ထိုင်လိုက်ပြီး မြစ်ပြင်ကျယ်ကို ထပ်ငေးမိပြန်သည်။ မကြာခင်မှာ စားစရာတွေ ရောက်လာသည်။ ကြိုမှာထားပုံရသည်။ သူမအကြည့်တွေကို သူမဆီတစိုက်မတ်မတ်ကြည့်နေသည့် ခေါင့်ထံ ရွှေ့လိုက်၏။ ခေါင်က နူးညံ့စွာ ပြုံးရယ်နေလို့။ အမြင်များမှားသွားတာလား။ 


" ခေါင်... နင်ငါ့ကို ဘာလို့ဒီကိုခေါ်လာတာလဲ အကြောင်းရှိတယ်မလား " 


" သေချာတာပေါ့ အရင်စားလိုက်ပါဦး ငါအခုပြောလိုက်ရင် နင်ပျော်ပြီးစားဝင်မှာမဟုတ်တော့ဘူး " 


" ဘာလဲဟ ပြောစမ်းပါ " 


" ကဲ နင်အရမ်းသိချင်ရင် ငါပြောမယ် " 


ပြောမယ်ဆိုပြီး ခေါင်က မပြောသေးပါ။ သူမကို ပိုသိချင်လာအောင် လုပ်နေသလိုပင်။ တကယ်လည်း စိတ်ဝင်စားလာသည်။ သူက ရှေ့မှာချထားသည့် ဝိုင်နီခွက်ကိုယူ၍ တစ်ချက်နမ်းကြည့်ကာ ခွက်ကိုဘယ်ညာလှုပ်ယမ်းပြီး အာစွတ်ရုံသောက်လိုက်သေးသည်။ 


" စာမေးပွဲဖြေပြီးရင် ငါတို့လက်ထပ်ကြမယ် " 


သူ ရုတ်တရက်ဆန်ဆန် ပြောလိုက်သောစကားက သူမမျှော်မှန်းထားသလိုမဟုတ်သကဲ့သို့ လက်ထပ်ခွင့်တောင်းတာ မဟုတ်တာလည်း အသေအချာပင်။ ထိုအခိုက် အဝေးတစ်နေရာမှ ဖြတ်တိုက်လာသော လေတစ်သုတ်၌ သဲပွင့်လေးတွေပါလာသည်ကို အတိအကျခံစားလိုက်မိပါသေးသည်။ 


" နင်ပြောချင်တာ ဒါအကုန်လား လွင်တီးခေါင် "


" အင်းလေ နင်မပျော်ဘူးလား " 


ထိုစကားအဆုံး လေနှင့်လွင့်လာသော သဲမှုန်များ အသားတွင်လာကပ်ကာ စပ်ဖျင်းဖျင်း ခံစားလိုက်ရလေ၏။ ရုတ်ချည်း ဒီနေရာကို သူမ မနှစ်သက်နိုင်တော့ပါ။ 


" ငါအဆင်သင့်မဖြစ်သေးဘူး "


" ဘာရယ် "


" ဟုတ်တယ် "


" နင်ကဘာကို အဆင်သင့်မဖြစ်တာလဲ မှာတမ်းခြွေ " 


နဖူးပေါ် လွင့်ကျလာသည့် အနောက်မှ ဆံမျှင်တချို့ကို ခြွေ ဖယ်ရှားကာ အပေါ်သပ်တင်လိုက်ရင်း စကားပြောဖို့ အားယူလိုက်သည်။


" ငါ့မှာဖြစ်ချင်တဲ့ဆန္ဒတွေ မဖြစ်သေးတဲ့ဆန္ဒတွေ ရှိသေးတယ်၊ ပြီးတော့ ပြီးတော့ မေမေ့ကို ငါကိုယ်ဖိရင်ဖိနဲ့ သေချာပြုစုချင်သေးတယ် " 


" အဟက် ဒါလား၊ ပြောလိုက်စမ်းပါ နင်လွတ်လွတ်လပ်လပ်ပျော်ချင်ရင် ပျော်ချင်တယ်လို့ ငါ့ကွယ်ရာမှာမဟုတ်တာလုပ်ချင်တိုင်း ဟိုဟာဒီဟာတွေ ဆွဲမထည့်စမ်းပါနဲ့ နားကလောတယ် အဟွင်း " 


" ခေါင်... ငါက နင်ပြောသလို လေလွင့်ပျက်စီးချင်နေတဲ့ မိန်းမမဟုတ်ဘူး၊ နင်ဒီစကားမပြောခင် ငါ့ကိုယ်ကျင့်တရားနဲ့ သိက္ခာကို ထည့်တွက်သင့်တယ်၊ အခုလိုပြောလိုက်တော့ နင်ထည့်မတွက်ဘူးဆိုတာ ငါသိခွင့်ရလိုက်တာပေါ့၊ ငါ့ကိုမယုံရင် နင်ဘာလို့ လက်ထပ်မယ်ပြောလဲ လွင်တီးခေါင် " 


တဖြည်းဖြည်း ပတ်ဝန်းကျင်မှာ မှောင်ရီစပြုပြီ။ ဖန်နေဝန်းသည်လည်း အိပ်တန်းတက်ချေပြီ။ အနားတစ်ဝိုက်မှာ မီးမှိန်မှိန်၏ အလင်းရောင်ဖြင့်သာ ပျပျမြင်ရလျက် လူသားနှစ်ယောက်၏တောက်ပသော မျက်ဝန်းနှစ်စုံကိုတော့ ဘာနဲ့မှ ဖုံးကွယ်မထားနိုင်ချေ။ 


" ဒီမှာ နင့်ကိုယ်ကျင့်တရားနဲ့သိက္ခာကို ငါအလေးထားလို့ ခုလိုလက်ထပ်ခွင့်တောင်းနေတာပေါ့ မဟုတ်ရင် မိဘတွေစီစဥ်ကတည်းက ခေါင်းညိတ်လိုက်ပြီ၊ နောက်ပြီး ငါနင့်ကိုမှမဟုတ်ဘူး ဘယ်သူ့ကိုမှမယုံတာ ရှင်းလား " 


" တော်ပြီ ငါပင်ပန်းနေပြီခေါင် သိပ်ကိုပင်ပန်းနေပြီ၊ ငါတို့အရွယ်က အိမ်ထောင်ရေးကို ဦးစားမပေးသင့်သေးဘူး၊ သူ့ထက်အရေးကြီးတာတွေ အများကြီးရှိသေးတယ် " 


" သွားစမ်းပါ သောက်ရေးမပါတာတွေ၊ နင့်ကိုငါပြောထားပြီးသား ငါကဒါဆို ဒါလုပ်လိုက်လို့၊ ဘယ်အချိန်ဖြစ်ဖြစ် နင်ကငါ့ကို ကျိန်းသေလက်ထပ်ရမှာပဲ၊ အဲ့အခါ ငါက အိမ်ထောင်ဦးစီးဖြစ်လာမယ် နင်ကအိမ်မှုကိစ္စထိန်းသိမ်းဖို့ပဲ ဒါ့ထက်ဘာသောက်ရေးပါတာရှိလဲ ဟမ် " 


" တော်တော့ခေါင် နင်ဆက်မပြောတော့နဲ့ " 


" ကျစ် သောက်ချိန်တွေပုပ်တယ် စားချင်စိတ်လည်းမရှိတော့ဘူး " 


စားပွဲပေါ် တံတောင်ဆစ်နှစ်ဖက်ထောက်လျက် မျက်နှာကိုလက်ဝါးဖြင့် အုပ်ကာထားသော ခြွေသည် ပန်းကန်တွေကို ဆောင့်အောင့်ကာ သူမဘက်သို့ တွန်းပို့ပစ်သော ခေါင့်ကြောင့် သူမလက်ကိုထိသွားပြီး မျက်နှာပေါ်က လက်တွေကိုဖယ်ရုတ်ကာ မော့ကြည့်လိုက်သည်။ အင်မတန် ရိုင်းစိုင်းနေပါလား လွင်တီးခေါင်။ အံကိုခဲလျက် ကျေးဇူးရှင်ကို အပြစ်မမြင်ဖို့ပြောခဲ့ဖူးသော မေမေ့စကားကို ပြန်တွေးကာ လက်သီးသာဆုပ်ထားလျက် အရည်လဲ့နေသော မျက်ရည်တွေကြောင့် မျက်ဝန်းတစ်စုံက ရွှန်းလက်နေကြသည်။ 


" လက်ထပ်တယ်ဆိုတာ အရေးကြီးတယ်၊ ငါ့ဘဝအတွက် အရေးကြီးတယ် "


သွေးရူးသွေးတန်းနိုင်စွာ ထိုစကားကို ခြွေ တရစပ်ရေရွတ်လိုက်မိသည်။ 


" ငါ့ကိုအိမ်ပြန်လိုက်ပို့ပေးပါ " 


" ငါပြောစရာကျန်သေးတယ် မနက်ဖြန်ငါ overseas ထွက်ရမယ်၊ နင်ဆင်ဆင်ခြင်ခြင်နေ ပြန်လာလို့ မဟုတ်တရုတ်ကြားခဲ့ရင် နင်ငါ့အကြောင်း သိတယ်မှတ်လား မှာတမ်းခြွေ "


" အေးသိတယ် ငါ့ကိုအခုပြန်ပို့ " 


လွင်တီးခေါင် တောက်တစ်ချက် ပြင်းပြင်းခေါက်ကာ ကားသော့ယူပြီး ထထွက်သည်။ 

မှာတမ်းခြွေ မျက်လုံးဖွဖွမှိတ်ရင်း ဝင်လေထွက်လေကို ဂရုစိုက် ရှူသွင်းရှူထုတ်လုပ်ပြီးမှ အသာပြန်ဖွင့်လိုက်ပြီးနောက် ကားပေါ်ပြန်တက်လာခဲ့တော့သည်။ 

သူမကိုပြန်လိုက်ပို့ပြီး သူပြန်သွား၏။ အိမ်ထဲဝင်လာစဥ် ဧည့်ခန်းမှာ တီဗွီထိုင်ကြည့်နေသော မေမေနှင့်အငယ်မကို လှမ်းတွေ့လိုက်ရသည်။ 


" မမခြွေပြန်လာပြီ " 


အငယ်မက တစ်ချက်ထအော်၍ ရုပ်ရှင်ပြန်ကြည့်နေ၏။ မေမေက သူမအား လှည့်ကြည့်လာပြီး... 


" ပြန်လာပြီလား စောတာပဲ " 


" မေမေ မအိပ်သေးဘူးပဲ " 


" လာပါဦး မျက်နှာမကောင်းပါလား တစ်ခုခုဖြစ်လို့လား " 


ခြွေ ဖွဖွပြုံးကာ မေမေ့အနားသွားထိုင်လိုက်သည်။ မေမေက သူမမျက်နှာကို စေ့စေ့ငှငှ ကြည့်၏။ 


" ဖြစ်ပါဘူးမေမေရဲ့ အဆင်ပြေပါတယ် "


" သားခေါင်နဲ့အပြင်သွားတာ မပျော်ခဲ့ဘူးလား၊ များသောအားဖြင့် ကောင်မလေးကိုအိမ်မှာခွင့်တောင်းပြီး ကောင်လေးက အပြင်ခေါ်သွားရင် ချစ်ခွင့်ပန်တာမဟုတ်ရင် လက်ထပ်ခွင့်တောင်းတတ်ကြတယ်လေ၊ ရုပ်ရှင်ထဲမှာလည်း အဲ့အတိုင်းပဲ "


ခေါင်းလေးငုံ့ရင်း သဲ့သဲ့ပြုံးလိုက်ပြီးမှ ခြွေ ခေါင်းပြန်မော့ကာ မေမေ့ကို စကားဆိုလိုက်၏။


" ခေါင်က ကျောင်းပြီးရင် လက်ထပ်ကြမယ်လို့ ပြောတယ်မေမေ " 


" အဲ့တော့ သမီးက " 


" သမီး သမီးစဥ်းစားဦးမယ်လို့ ပြောလိုက်တယ် " 


" သမီးဘဝအတွက်ပဲ စဥ်းစားရမှာပေါ့ " 


​သူမ ခေါင်းညိတ်လိုက်သည်။ မေမေက ရုပ်ရှင်ပြန်ကြည့်နေ၏။ သူမခန္ဓာကိုယ်ကို မေမေ့ဘက်သို့လှည့်ထိုင်ပြီး ငြိမ်သက်နေသည်။ ဇာတ်လမ်းမှ သရုပ်ဆောင်များ၏ ကိုရီးယားလို ပြောဆိုနေကြသံကို တစ်ချက်တစ်ချက် ကြားနေရသည်။ အတန်ကြာငြိမ်သက်နေသော မှာတမ်းခြွေသည် ရုတ်တရက် အသိစိတ်ဝင်လာသူလို မျက်နှာကို လက်ဝါးဖြင့် တစ်ချပ်ပွတ်သပ်ရင်း နှုတ်ခမ်းကို ဖွင့်ဟကာ စကားဆိုဖို့ ဟန်ပြင်လိုက်၏။ 


" မေမေ " 


" အင်း " 


" သမီးတို့ တောင်ပေါ်မြို့လေးတစ်မြို့ကို ပြောင်းနေကြမလား " 


" ဘာလို့များလဲ သမီးရယ် " 


" အဟင်း မေမေ့ကျန်းမာရေးအတွက်ပါ၊  ပတ်ဝန်းကျင်အသစ်ဆိုတော့ စိတ်အပြောင်းအလဲဖြစ်ပြီး လေကောင်းလေသန့်လည်းရရင် မေမေမြန်မြန်နေကောင်းလာနိုင်မယ်ထင်လို့ပါ "


" သမီးရယ် မေမေလည်း အဲလိုစိတ်ကူးဖူးတာပေါ့၊ ဒါပေမဲ့ ဘဝဆိုတာ ထင်သလိုမှမဖြစ်ဘဲကွယ် " 


သူမကြောင့် မေမေက စိတ်မကောင်းဖြစ်သွားပုံပေါ်ကာ ညှိုးငယ်စွာကြည့်လာသဖြင့် ​ခြွေ အချိုသာဆုံးပြုံးကာ နှစ်သိမ့်မှုဖြစ်စေလိုက်သည်။ မျက်ဝန်းတွေကိုပါ အတတ်နိုင်ဆုံး ပြုံးထားလိုက်၏။ မျက်လုံးတွေက စကားပြောတတ်သည်။ မေမေက မျက်ဝန်းကိုကြည့်ပြီး စိတ်ဖတ်တာတော်သည်မဟုတ်လား။ 


သမီး တကယ်အဆင်ပြေတယ်လို့ မေမေမြင်သွားပါစေ၊ မြင်သွားပါစေ။ 


°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°💔💔


ဆက်ရန် >>>


#Ruby Linn


rate now: