မညီမျှတဲ့ချစ်ခြင်း 🕊💔
လကုန်လို့ meeting အပြီးမှာ ကုမ္ပဏီဥက္ကဋ္ဌဦးထွဋ်ခေါင်က ဝန်ထမ်းတွေကို စာအိတ်တွေနဲ့ လစာပေး၏။ အလုပ်ဆင်းခါနီး စာအိတ်ဖွင့်ကြည့်တော့ လခကနှစ်ဆဖြစ်နေရာ ခြွေ အံ့သြသွားသည်။ စာအိတ်က အနည်းငယ်ထူနေသလိုမို့ ဖွင့်ကြည့်မိတာ တော်သွား၏။
" ခေါင်... လစာက ခြောက်သိန်းဖြစ်နေတယ်၊ အဲဒါ "
" သိချင်ရင် ဖေဖေ့သွားမေး၊ ငါပေးတာမဟုတ်ဘူး "
ခေါင်က ပခုံးတွန့်ပြရင်း ပြောသဖြင့် သူမ ဦးထွဋ်ခေါင်နဲ့ သွားတွေ့ဖို့ပဲရှိတော့သည်။ ထိုစဉ် ဦးထဋ်ခေါင်ရဲ့အတွင်းရေးမှူးရောက်လာပြီး...
" သူဋ္ဌေးကခေါ်ခိုင်းလိုက်လို့ပါ၊ နှစ်ယောက်လုံး သူ့ကိုအခုလာတွေ့ပါတဲ့ "
" ကောင်းပြီ "
နှစ်ယောက်သား အချင်းချင်းတစ်ချက်ကြည့်လိုက်ကြပြီး သူဋ္ဌေးရုံးခန်းသို့ ရောက်လာခဲ့ကြသည်။
" ထိုင်ကြကွယ်... သားနဲ့သမီးကို သီးသန့်ပြောချင်လို့ခေါ်လိုက်တာ "
ရှေ့ခုံမှာ ခေါင်ရောခြွေပါ ဝင်ထိုင်ပြီး တည်ကြည်သော ဦးထွဋ်ခေါင်၏မျက်နှာကိုသာ အစဉ်တစိုက်ကြည့်နေကြသည်။
" နှစ်ယောက်စလုံးကို တာဝန်တစ်ခုပေးချင်တယ်၊ ကုမ္ပဏီက နှစ်ကုန်ရင် ကုန်ပစ္စည်းအသစ်ထုတ်ဖို့ အားလုံးစီစဉ်နေကြတယ်၊ အဲ့ကုန်ပစ္စည်းအသစ်မှာ လူငယ်ဖြစ်တဲ့ သားနဲ့သမီးရဲ့ အိုင်ဒီယာတွေကိုလည်း ထည့်သွင်းအသုံးပြုချင်တဲ့အတွက် ကိုယ့်မှာရှိတဲ့ အိုင်ဒီယာတွေကို နောက်အစည်းအဝေးမှာ တင်ပြပါ၊ ဘုတ်အဖွဲ့က သဘောကျတဲ့သူတစ်ယောက်ရဲ့ အိုင်ဒီယာကို အသုံးပြုလိမ့်မယ် "
" အကြံဉာဏ်လိုချင်တာတော့ ဟုတ်ပါပြီ၊ သားက ကိစ္စမရှိဘူးနော်၊ ဒါပေမဲ့ သူဆီက အကြံဉာဏ်တောင်းရင်တော့ အဖေပဲ စိတ်အနှောင့်အယှက်ဖြစ်လိမ့်မယ်၊ ဘာမှရမှာမဟုတ်ဘူး "
ခေါင်က ခြွေ့ကို လက်ညှိုးထိုး၍ နိမ့်ချစွာဆက်ဆံပြောဆိုနေရာ သူမ ရှက်ရွံစွာ လက်နှစ်ဖက်ကို ဖိဆုပ်နယ်လျက် ခေါင်းအောက်စိုက်ထားမိ၏။ အမှန်ဆို ဒီစကားအတွက် နာစရာမရှိပါ။ သူမမှ မကျွမ်းကျင်တာ။ ခေါင့်လောက်လည်း မတော်ပါဘူး။
" ဒါကြောင့် သမီးခြွေကို အခွင့်အရေးပေးနေတာပေါ့၊ ဘာပဲဖြစ်ဖြစ် လုပ်ကြည့်လိုက်လို့ အရှုံးမှမရှိတာ၊ အတွေ့အကြုံတစ်ခုပေါ့ ဟုတ်လား၊ အန်ကယ်ကတော့ သမီးခြွေလုပ်နိုင်မယ်ထင်တယ် ကြိုးစားကြည့် "
တကယ်တော့ သူမ ယုံကြည်မှုတွေပျောက်ဆုံးနေ၏။ အန်ကယ်က သူမအား သူမကိုယ်သူမထက်ပင် ပိုလို့ယုံကြည်နေတာ တွေ့ရသည်။
" တစ်ပတ်အချိန်ရသေးတာပဲ၊ အဲ့အတွက်လည်း အရမ်းကြီးစိတ်ဖိအားများမနေနဲ့ "
" ဟုတ်ကဲ့ သမီးအကောင်းဆုံးကြိုးစားကြည့်ပါ့မယ် "
" ကိုယ်လုပ်စရာရှိတာသွားလုပ်ကြတော့ "
ခေါင်က ထရပ်ပြီး လှည့်ထွက်ဖို့ပြင်နေသော်လည်း ခြွေက ငုတ်တုတ်ထိုင်နေဆဲမို့ ဦးထွဋ်ခေါင်က သူမအား လှမ်းမေးသည်။
" ဘာပြောစရာကျန်သေးလို့လဲ "
" ဟို ဟိုလေ "
ထစ်ငေါ့စွာ လက်ထဲကိုင်လာသည့် စာအိတ်ကို စားပွဲပေါ်တင်ပေးလိုက်၏။ ပြီးတော့ ဦးထွဋ်ခေါင်ကို မှာတမ်းခြွေ မရဲတရဲ မျက်လွှာပင့်ကြည့်လိုက်သည်။
" သြော် သမီးအမေမနက်ဖြန် ဆေးပြရမယ်မဟုတ်လား၊ အန်ကယ်က သမီးလစာထဲ ဆေးဖိုးပါတစ်ခါတည်းထည့်ပေးလိုက်တာ "
" သမီးရဲ့လစာပဲ ယူပါရစေအန်ကယ်၊ ဆေးဖိုးအဆင်ပြေပါတယ် သမီးမှာ ငွေပိုငွေလျှံလည်း စုထောင်းထားတာရှိပါတယ်၊ အန်ကယ့်ကို တကယ်ကျေးဇူးတင်ပါတယ် ဒီပိုက်ဆံကိုပြန်လက်ခံပေးပါ "
လစာသုံးသိန်းကိုချန်ထားခဲ့ပြီး အိတ်ထဲမှ ပိုငွေသုံးသိန်းကျပ်တိတိကို ထုတ်ယူ၍ ရှေ့မှာတင်ပေးလိုက်၏။ အန်ကယ်က တစ်ချက်ငြိမ်သွားပြီးမှ....
" အခုမလိုသေးလည်း နောက်လိုအပ်ရင်သုံးလို့ရအောင် ယူထားလိုက်၊ ပေးပြီးသားကို ပြန်ယူရိုးထုံးစံမရှိဘူး အန်ကယ်ယတိပြတ်ပဲပေးတယ် "
" မလုပ်ပါနဲ့အန်ကယ်၊ သမီးချွေးနည်းစာလေးနဲ့ မေမေ့ကို ပြုစုပေးချင်လို့ပါ၊ အကူအညီလိုအပ်ရင် အန်ကယ်တို့ကို သမီးပြောပါ့မယ် သမီးဆန္ဒကို လိုက်လျောပေးပါနော် "
" ခေါင်းမာလိုက်တာလွန်ရော "
" ဟဲ့ သား "
ခေါင့်စကားကြောင့် ခေါင့်အဖေက သူ့သားကို ဟန့်လိုက်သည်။
" ကောင်းပါပြီ သမီးသဘောပါ၊ အကူအညီလိုရင် အန်ကယ်က ကူညီပေးဖို့ အဆင်သင့်ပဲနော် "
" ဟုတ်ကဲ့ "
" ဟိုလေ မနက်ဖြန် သမီးနေ့တစ်ဝက်ခွင့်ယူချင်လို့ပါ၊ မေမေ့ကို ဆေးခန်းပြရမှာမို့လေ "
" အင်း ဒါဆို မနက်ဖြန်တစ်ရက် off လိုက်၊ အန်ကယ်ခွင့်ပေးတယ် လစာပြည့်နဲ့ "
" ရှင် အဲ "
" ကဲ သွားလို့ရပြီ "
ကုမ္ပဏီဆိုတော့ တစ်ရက်ပျက်ရင် တစ်ရက်ခလစာဖြတ်လေ့ရှိသည်။ အခု လစာပြည့်ဆိုတော့ မှာတမ်းခြွေ အထွန့်တက် မေးခွန်းထုတ်ဖို့ ပြင်လိုက်ပေမယ့် ဦးထွဋ်ခေါင်က အလျင်အမြန် စကားဖြတ်လိုက်သဖြင့် အခန်းထဲက ထွက်လာခဲ့ရတော့သည်။
" ဒီအပတ် အစည်းအဝေးလုပ်လို့ ကုန်ပစ္စည်းသစ်အတွက် အိုင်ဒီယာတင်ပြတဲ့အခါ ငါနင့်အတွက်ပါ တင်ပြပေးမယ် စိတ်မပူနဲ့ "
" ရတယ် ငါကြိုးစားကြည့်မယ် "
" အဖြစ်မရှိဘဲနဲ့ လုပ်မနေနဲ့၊ ငါလုပ်ထားတာကို ယူသုံးလိုက်၊ အဲလိုမဟုတ်ရင် ဘုတ်အဖွဲ့ရှေ့မှာ နင်အဟားခံနေရမယ် "
သူက စိတ်ပူလို့ဆိုတာထက် သူမကို အယုံကြည်မဲ့နေတယ်ဆိုတာ သူ့စကားတွေအရ သိပ်သိသာလွန်းနေ၏။
" စောနက အန်ကယ်ပြောသလိုပဲလေ အရှင်းမလုပ်တာထက် လုပ်ကြည့်လိုက်တာက အရှုံးမှမရှိဘဲ၊ အတွေ့ကြုံသစ်တစ်ခုလို့ ယူဆပြီး ငါကြိုးစားကြည့်ချင်တယ် "
" Ok as you like as you do "
'အိုကေလေ နင့်ကြိုက်တာလုပ် နင့်သဘောပဲ ' ဆိုပြီး လွင်တီးခေါင်သည် ပခုံးတစ်ချက် ဆတ်ခနဲတွန့်ပြရင်း ဘောင်းဘီအိတ်ထဲ လက်နှစ်ဖက်ထည့်လျက် စမတ်ကျစွာ လျှောက်ထွက်သွားလေသည်။
°°°°°°°°
🎶 တိမ်တွေနေတဲ့ရပ်ဆီကို နင်နဲ့ငါ လေတွေတိုက်တုန်းသွားမယ်ကွာ ဖယ်ထားပါ 🎶
🎶 တုန်ရီနေတဲ့ ငါ့လက်ကလေး နင်ကိုင်ထားပါ 🎶
🎶 ရင်ခုန်လွန်းလို့ပါ 🎶
စားနေကြစားသောက်ဆိုင်တွေ ရိုးအီနေသဖြင့် အပြောင်းအလဲဖြစ်အောင် ဆိုင်သစ်ကို ရွေးချယ်လိုက်ရာ ထိုဆိုင်က မထင်မှတ်ဘဲ Unplugged show ပါတွဲဖွင့်ထားတော့ မှာတမ်းခြွေ relax ဖြစ်ကာ ပြုံးတုံ့တုံ့နှင့် သဘောခွေ့နေ၏။
စတိတ်စင်ပေါ်က မိန်းကလေးငယ်လေးက သူ့ရဲ့အသံချိုချိုအေးအေးနဲ့ သီဆိုဖျော်ဖြေကာ စားသုံးသူများကို အကောင်းဆုံးတင်ဆက်ပေးနေသည်။ သဘောမတွေ့နိုင်ဘဲ တဟင်းဟင်းနဲ့ သက်မတွေ ဖိချနေတာကတော့ လွင်တီးခေါင်ပဲပေါ့။
" စိတ်အေးလက်အေးထိုင်ချင်လို့ပါဆို နားမအေးရပါလားကွာ၊ အစားအသောက်ပါပျက်တယ် "
တဗျစ်တောက်တောက် မိန်းမကြီးလို ပွားနေသည့် ခေါင့်ကို ခါတိုင်းလို သူမ လျစ်လျူရှုထားလိုက်ရုံပင်။
" အာရုံနောက်တယ် လူတွေ ဘာလို့ ဒါတွေကြိုက်လည်း နားမလည်တော့ဘူး "
" လူမို့လို့ပေါ့ ခံစားချက်ချင်းမတူတာ၊ နင်နားမလည်တာမဆန်းပါဘူး "
" ပိုက်ဆံပေးပြီး သည်းခံကြည့်စရာမလိုဘူး သွားမယ် "
စိတ်မြန်လက်မြန်နဲ့ ပိုက်ဆံရှင်းဖို့ပြင်သော လွင်တီးခေါင်ဆီ ဖုန်းဝင်လာသဖြင့် သူဖုန်းကိုင်လိုက်သည်။
" ဟုတ် ဖေဖေပြော "
" ရှိတယ် ဘာပြောမလို့လဲ "
" သြော် ကျွန်တော်ပြောလိုက်မယ်လေ "
ခြွေက မျက်ခုံးလေးပင့်လျက် ဖုန်းပြောပြီးသည့် ခေါင့်ကို မော့ငေးကြည့်ကာ သူပြောမှာကို ကြိုနားထောင်နေလိုက်သည်။
" ဖေဖေက နင်တို့သားအမိနှစ်ယောက်ကို dinner ကျွေးချင်လို့ မနက်ဖြန် အိမ်မှာ ညစာစားဖို့ ဖိတ်တယ်တဲ့၊ ဖေဖေက နင့်ကိုပြောခိုင်းလိုက်တယ် "
" သြော် အင်း "
နှုတ်ခမ်းနှစ်လွှာစေ့ပိတ်၍ ခေါင်းလေးညိတ်ပြီး ခြွေ ငြိမ်နေလိုက်တော့ သီချင်းသံက အနားသို့ ငြိမ့်ညောင်းသာယာစွာ လှုပ်ခတ်လွင့်ဝဲလာသည်ကို ကြည်နူးစွာ ခံစားမိသည်။ ထိုအခိုက် ခေါင်က ဗြုန်းဆို မတ်တပ်ထရပ်လျက် ဝိတ်တာကောင်လေးကို ဘေလ်ရှင်းဖို့ လှမ်းခေါ်သည်။ သူမလည်း နာရီကြည့်လိုက်ပြီး ထရပ်၏။ ညနေ ၅ နာရီကျော်ပြီမို့ မေမေ မျှော်နေရောပေါ့။
ခေါင်က ခြွေ့ကိုအိမ်ရှေ့ထိလိုက်ပို့ပြီး အိမ်ထဲတောင်မဝင်ဘဲ လာသည့်လမ်းအတိုင်း ပြန်လှည့်ကာ အရှိန်မြှင့်မောင်းထွက်သွားတော့သည်။
°°°°
" မေမေ လာ ဒီမှာထိုင် "
မှာတမ်းခြွေသည် ဧည့်ခန်း ခေါင်းရင်းဘက် ဆိုဖာပေါ်မှာ မေမေ့ကို သေချာထိုင်ခိုင်းပြီး သူမရဲ့လစာနဲ့ ညတိုင်းညတိုင်း အိပ်ရေးပျက်ခံပြီး မေမေ့အတွက် ကိုယ်တိုင်ချုပ်ထားသည့် အကျီဝမ်းဆက်ကို ငွေလင်ဗန်းတစ်ခုပေါ်တင်လျက် လက်ဆယ်ဖြာထိပ်မှာမိုး၍ ရှိခိုးဦးချကန်တော့လိုက်ပါသည်။
" သမီးလေး ကျန်းမာပျော်ရွှင်ပြီး သက်ရှည်အနာကင်းပါစေကွယ်... နောင်ဘဝတွေမှာ မိသားစုစုံစုံလင်လင်နဲ့ သိုက်သိုက်ဝန်းဝန်းနေနိုင်ပါစေ သမီးလေးရယ် "
" ပေးတဲ့ဆုနဲ့ပြည့်စုံရပါလို၏ "
ကြမ်းပြင်ပေါ်မှာထိုင်နေသည့် ခြွေ ထိုင်လျက် တရွေ့ရွေ့နဲ့ မေမေ့အနားတိုးသွားကာ ဆိုဖာ၌ထိုင်နေသည့် မေမေ့ရင်ခွင်ထဲခေါင်းတိုးဝင်ရင်း ခါးကိုလှမ်းဖက်တွယ်ထားလိုက်၏။
ဒေါ်စက်ရီက သမီးဖြစ်သူရဲ့ ခဲဖျော့ရောင်ဆံပင်ကို အသာလေးပွတ်သပ်ပြီး နွေးထွေးစွာ ငုံ့ကြည့်နေသည်။
" အလုပ်မှာအဆင်ပြေလားသမီး၊ အလုပ်တူတူလုပ်တဲ့သူတွေနဲ့ရော ဘယ်လိုလဲ "
" အားလုံးပြေပါတယ် စိတ်မပူပါနဲ့ မေမေရယ် "
" လူအများနဲ့အလုပ်လုပ်ပြီဆို ဘယ်အလုပ်မဆို အဖုအထစ်အနည်းအများတော့ရှိစမြဲပဲ၊ ပြဿနာဖြစ်မှာကို ကြိုမြင်ရင် မဖြစ်ခင်က ကိုယ်ကရှောင်လိုက်၊ ထိပ်တိုက်ရင်ဆိုင်ရပြီဆိုလည်း စိတ်ရှည်သည်းခံပြီး နာလည်အောင်ရှင်းပြ၊ လူများမလုပ်နိုင်တာကို လုပ်နိုင်တာက လူတော်၊ လူများမထားနိုင်တဲ့ မွန်မြတ်တဲ့စိတ်ထားကို ထားနိုင်တဲ့သူက လူကောင်းလို့ခေါ်တယ် မှတ်ထားသမီး "
" ဟုတ်ကဲ့ပါ "
" သားလွင်တီးခေါင်နဲ့ရော အခြေအနေဘယ်လိုလဲ "
" ရှင် "
ခြွေ ရင်ခွင်ထဲက ခေါင်းလေးထွက်၍ မေမေ့မျက်နှာကို မော့ကြည့်လိုက်ပြီး တအံ့တသြအသံပြုပြီးမှ ပြောလိုက်သည်။
" အရင်လိုပါပဲ "
ဒေါ်စက်ရီ သဲ့သဲ့ပြုံးလျက် မှာတမ်းခြွေရဲ့ ပါးပြင်လေးကို ဖွဖွပွတ်သပ်လိုက်ရင်း မေတ္တာပြည့်ဝသော အကြည့်များဖြင့်ကြည့်ရင်း...
" သားခေါင်က ထက်ထက်မြတ်မြတ်ရှိတဲ့ လူတော်တစ်ယောက်၊ ထက်မြတ်တဲ့သူတိုင်းမှာ အမြဲလက်ကိုင်ထားတာ တစ်ခုရှိတယ်၊ အဲဒါက မာန၊ အတ္တ ဒါမှမဟုတ် သတ္တိ၊ ဒေါသ ပဲ "
" မေမေပြောတာ သိပ်ကိုမှန်တယ်မေမေ တကယ်မှန်တာပါ "
ဝင်းလက်တောက်ပသော မျက်ဝန်းတစ်စုံဖြင့် ခြွေ ရဲရဲဝင့်ဝင့်ကို တုံ့ဆိုင်းမှုမရှိ ပြောလိုက်တော့ မေမေက ရယ်မောသည်။ သူမက လိုက်မရယ်နိုင်ပါ။
" သမီးနဲ့အေးဆေးစကားပြောရတုန်း မေမေပြောနေကျ စကားတွေကိုပဲ ထပ်ပြောချင်တယ်၊ သမီးဆယ်တန်းနှစ်မှာ သမီးဖေဖေ ရုတ်တရက်ဆုံးသွားတယ်နော်၊ အဲ့အချိန်က မေမေ့ရောဂါထဖောက်တဲ့အချိန် သမီးစာမေးပွဲဖြေနေရတဲ့အချိန် မေမေတို့မိသားစု အပူမီးဝိုင်းနေတဲ့ အချိန်လို့ပြောလို့ရတာပေါ့ အဲလိုတွေဖြစ်နေချိန်မှာ ..."
" အန်ကယ်ဦးထွဋ်ခေါင်က သမီးတို့ကို အစစအရာရာကူညီပေးခဲ့တယ်၊ ဖေဖေ့နာရေးကို အဆုံးထိကူညီပြီး လိုက်ပို့ပေးခဲ့တယ် ပြီးတော့ မေမေ့ကိုဆေးရုံတင်ပေးပြီး အထူးကုတွေနဲ့ သေချာကုသပေးခဲ့တဲ့အပြင် သမီးလည်း စာသေချာကျက်နိုင်ပြီး စာမေးပွဲဆက်ဖြေခွင့်ရခဲ့တယ်၊ နောက် သမီးအလုပ်လုပ်မယ်ဆိုတာကို အန်ကယ်က ခွင့်မပြုဘဲ တက္ကသိုလ်ဆက်ထားပေးခဲ့ရုံမက မေမေ့ဆေးဝါးစရိတ်ပါ အခုချိန်ထိ ထောက်ပံ့ပေးခဲ့သူတွေပါ၊ ဟုတ်တယ်မလားမေမေ သမီးတစ်ခုမှမမေ့ပါဘူး မေမေအမြဲတဖွဖွပြောနေကျပဲလေ ဘယ်မေ့လို့ရမလဲ မေမေရယ် "
" မမေ့ရုံတင်မဟုတ်ဘူး ကိုယ့်ကျေးဇူးရှင်တွေကို ဘယ်တော့မှ မပြစ်မှားရဘူး အပြစ်မတင်ရဘူးနော် သမီး၊ သည်းခံခြင်းဟာ ကျေးဇူးဆပ်ခြင်းတစ်မျိုးပါ၊ သည်းခံရလွန်းလို့ သမီးသိပ်ပင်ပန်းနေမှန်း မေမေသိတာပေါ့ သမီးလေးရယ်... "
ဝမ်းနည်းသံလေးစွက်လျက် ပြောလိုက်သော မေမေ့စကားက အမှန်ပင် သူမနားထဲ တုန်ယင်နေခဲ့၏။ သူမလက်ကို ဆုပ်ကိုင်ထားတဲ့လက်တွေဟာလည်း တုန်ရီနေခဲ့တာပင်။ မေမေဘာတွေများ သိနေပါလိမ့်။
" စကားပြောရတာလည်းကောင်းတယ်၊ ဒါနဲ့ မေမေ ထမင်းစားပြီးပြီလား "
" ဗိုက်မဆာလို့ မစားရသေးဘူး "
" ဟုတ်လား ဘာဟင်းချက်လဲဟင် "
" ငါးစင်ရိုင်းကို သရက်သီးအုပ်ချက်ထားတယ်၊ မေမေ့အတွက်က ထုံးစံအတိုင်း ကြက်သားပေါ့ "
" အဟွန်း မေမေကြက်သားစားရတာ ငြီးငွေ့နေပြီလား၊ ဒါဆို အငယ်မကို ပြောင်းချက်ခိုင်းလိုက်လေ "
" အေးပါ သူလည်းပင်ပန်းတယ် "
" အာ မေ့တော့မလို အန်ကယ်ဦးထွဋ်ခေါင်က မနက်ဖြန်ညနေ သူတို့အိမ်မှာ ထမင်းစားဖို့ သမီးတို့ကို ဖိတ်လိုက်တယ်မေမေ "
" သမီးကလက်ခံလိုက်လား "
" ဟုတ် "
" ဘာလို့လက်ခံလိုက်ရတာလဲ အားနာစရာကွယ်၊ ခုမှတော့ ငြင်းလို့ဘယ်ကောင်းတော့မလဲ၊ မမော်ချော်လဲထဲက တစ်ခါမှသတင်းမေးမရောက်ဖြစ်တာနဲ့ အတော်ပါပဲ၊ သွားရင် တစ်ခုခုဝယ်သွားမှပါ "
" သမီးလည်း အဲလိုပဲစဥ်းစားထားပါတယ်၊ ဟို သမီးရေသွားချိုးလိုက်ဦးမယ် ကလေးတွေစာလာသင်ဖို့ အချိန်နီးနေပြီမို့လေ "
" သွား သွား မေမေမေ့နေတာ "
ခြွေလည်း ကပျာကယာလေးထ၍ အခန်းထဲပြေးဝင်လိုက်တော့သည်။ ထမင်းပန်းကန်လေး ဘေးချပြီး စာသင်လိုက် ထမင်းတစ်လုတ်စားလိုက်နဲ့ပင် ဗိုက်ဖြည့်ခဲ့ရသည့်ညတွေပေါ့။ ဒါပေမဲ့ ခြွေ ပျော်နေသည်။ ဒါကိုတော့ ကောင်းကောင်းခံစားရ၏။
°°°°°°°
Sakura နဲ့ ရွှေဗဟိုရ်ဆေးခန်းမှာ မေမေ့ကျန်းမာရေးအတွက် ဆေးစစ်တာကိုထိုင်စောင့်ပြီး ဆေးခန်းအပြင်မှာ ခြွေတို့နေ့လည်စာစားလိုက်ကြကာ ဆေးစစ်ထားတာတွေကို ဆရာဝန်ကြီးတွေကိုပြန်ပြ၍ သောက်ဆေးဝယ်ခိုင်းပြီးနောက် အားလုံးအပြီးအစီး ဆေးခန်းကထွက်လာတော့ ညနေ ၅ နာရီ ထိုးခါနီပြီ။ နေလည်းပူတာကြောင့် နှစ်ယောက်စလုံးလည်း အလွန်ပန်းနေကြပြီဖြစ်သည်။ မေမေ့မျက်နှာဆို နွမ်းဖက်လို့။
" မေမေ... အန်ကယ့်အိမ်သွားလို့ အဆင်ပြေရဲ့လား၊ မေမေ့ကြည့်ရတာ မလန်းဘူး၊ မသွားနိုင်ရင် သမီးဖုန်းဆက်ပြီး တောင်းပန်လိုက်မယ်လေ "
" ပြေပါတယ် ရေချိုးလိုက်ရင်လန်းသွားမှာ မဆက်နဲ့ "
ခြွေက စိတ်ပူလို့ပြောပေမယ့် အားနာတတ်သည့် မေမေက ငြင်းသည်။ ရေချိုးပြီးတော့ ခေါင်က ကားနဲ့လာခေါ်တာမို့ အဆင်သင့်သွား၏။ ခေါင်တို့အိမ်ရောက်သွားချိန် အသင့်ပြင်ထားသည့် ထမင်းပွဲနှင့်တိုး၍ အမောခဏဖြေကာ တစ်ခါတည်းဝင်စားလိုက်ကြသည်။
" ဆေးစစ်ချက်အဖြေဘယ်လိုလဲစက်ရီ "
ထမင်းစားရင်း ဦးထွဋ်ခေါင်က ရင်းရင်းနှီးနှီး ခြွေ့မေမေဒေါ်စက်ရီကို လှမ်းမေးလိုက်၏။
" နှလုံးသွေးကြောနှစ်ချောင်းကျဥ်းတာက အရင်တိုင်းပါပဲ၊ အသည်းလည်းကောင်းတယ်၊ အဆုပ်ကတော့ နည်းနည်းရောင်နေတယ်၊ တစ်လစာ သောက်ဆေးတွေပေးလိုက်တယ်လေ၊ ဒါနဲ့ နင့်ကျန်းမာရေးကရော သူများတွေကိုပဲ လိုက်စိတ်ပူနေတာလား "
" ငါက ဒေါင်ဒေါင်မြည်ပဲလေ ကြည့်ပါလား "
" အေးပါ၊ မမော်... မမော်ခြေထောက်က ဒဏ်ရာသက်သာလား ဘယ်လိုနေသေးလဲ၊ ကျွန်မလည်း တစ်ခါမှမရောက်ဖြစ်ဘူး "
" သက်သာနေပါပြီရှင် "
" သမီးခြွေ... ထည့်စားလေ၊ ဘာလဲ စားလို့မကောင်းဘူးလား နေရောကောင်းရဲ့လား ဟင် "
" ကောင်းပါတယ်အန်ကယ်၊ သမီးသိပ်မဆာလို့ပါ "
" သမီးကို ဟင်းတွေထည့်ပေးလေ၊ မင်းချည်းစားနေတယ် လွင်တီးခေါင် "
" ဗျာ "
ဦးထွဋ်ခေါင်အပြောကြောင့် ခေါင်စားနေရင်း နေရခက်သွားကာ သူ့အဖေကို ခဏကြောင်ကြည့်ပြီးမှ ခြွေ့ပန်းကန်ထဲ ဆယ့်နှစ်မျိုးဟင်းချို၊ ကြက်သားလုံးကြော်၊ တူနာငါး၊ ပုဇွန်အစိမ်းသုပ်၊ ငါးမွှေထိုးကင်ကြော် စသည်ဖြင့် ဟင်းမျိုးစုံကို နည်းနည်းစီခပ်ကာ ဘေးမှာပုံထည့်ပေးလိုက်၏။ သူရွဲ့တယ်ဆိုတာ သူ့ထက်ကြီးတဲ့ လူကြီးတွေမပြောနဲ့ ခြွေကပါ သိနေသည်။ စားသောက်ပြီး ဧည့်ခန်းမှာ အချိုပွဲပြင်ကာ စကားထိုင်ပြောကြသည်။
" စက်ရီရေ... ငါကတော့ ကလေးတွေကျောင်းပြီးရင် သူတို့ကို လက်ထပ်ပေးဖို့စီစဥ်ထားတယ် နင့်သဘောကရော၊ ပြီးတော့ သမီးခြွေသဘောကရော ဘယ်လိုရှိလဲဟ "
" ငါ့သဘောထက် ကလေးတွေဆန္ဒက အရေးကြီးတယ်ထင်တယ် "
ခြွေ့ကို တစ်ချက်ကြည့်၍ မေမေကပြောသည်မို့ ခြွေ့မှာ ဘာမှမပြောတတ်ပါ။ ခေါင့်ကို လှမ်းအကဲခတ်လိုက်တော့ သူကိုယ်တိုင်က သူ့အဖေဆန္ဒနဲ့ ထပ်တူညီပုံပေါ်သည်။ ဘယ်လိုပြောရပါ့။
" ကဲ သားတို့သမီးတို့ဆန္ဒက ဘယ်လိုရှိတုန်း "
ဦးထွဋ်ခေါင်ရဲ့အမေးက သူမကို ကြက်သီးဖြာထသွားစေ၏။ အမှန်တော့ ကြက်သေသေသွားတာပင်။ အကြာကြီးငြိမ်နေတာ ရိုင်းရာကျမှန်း သူမသိပေမယ့် ဘယ်လိုမှမတတ်နိုင်ခဲ့။ ကူညီမယ့်သူ မရှိတော့ဘူးလား။
" ကြည့်ရတာ စဥ်းစားဖို့အချိန်လိုနေကြတယ်ထင်တယ် စဥ်းစားကြဦးပေါ့၊ အချိန်လိုသေးတာပဲ "
သည်နေ့မှ လွင်တီးခေါင်ကလည်း ဘာသဘောလည်းမသိ တုပ်တုပ်မျှမလှုပ် ငြိမ်ချက်သားကောင်းနေ၏။ အမယ်လေး ရင်လေးလိုက်တာနော် ငါ့နှယ်၊ ခုနှနှစ်လောက် အိုစာသွားတယ်။
" ဟိုလေ သမီး အန်ကယ်နဲ့အန်တီမော်ကို ကန်တော့ချင်လို့ပါ၊ ခွင့်ပြုပါနော် "
" မလိုပါဘူး သမီးရယ် မဟုတ်တာ "
" ကန်တော့ခံလိုက်ပါ ထွဋ်ခေါင်ရယ် "
မေမေ့တိုက်တွန်းမှုကြောင့် ဦးထွဋ်ခေါင် မငြင်းသာတော့တဲ့ပုံပင်။ မှာတမ်းခြွေ ကြမ်းပြင်ပေါ်ဆင်းကာ ကျုံ့ကျုံ့ထိုင်၍ သစ်သီးခြင်းကို သစ်သားစားပွဲပုပေါ် အသာတင်လိုက်ပြီး စက္ကူအိတ်ထဲမှ သူမလက်ရာဖြစ်သည့် အန်ကယ်နဲ့အန်တီအတွက် ချုပ်ထားသည့် အဝတ်စားများကို ထုတ်ကာ ခြင်းဘေးတွင် ချထားလိုက်ပြီး လက်အုပ်ချီမိုးကာ ဦးထိပ်ပန်ဆင်လျက် မျက်လုံးမှိတ်ထား၍ နှုတ်မှလည်း...
" အန်ကယ်နဲ့အန်တီ့အပေါ် သမီး ကာယကံ ဝစီကံ မနောကံ ကံသုံးပါးထဲက တစ်ပါးပါးနဲ့ ပြစ်မှားကျူးလွန်းမိခဲ့တာရှိရင် ဝန်ချတောင်းပန်ပါတယ် သမီးကို ခွင့်လွှတ်ပေးပါ "
ဟု ဆိုလျက် ကြမ်းပြင်ကိုထိကာ ရှိခိုးဦးချလိုက်ပါတော့သည်။ ခေါင်းပြန်မော့လိုက်စဥ် အန်ကယ့်ဆီက ဆုပေးသံကြားရ၏။
" ခွင့်လွှတ်ပါတယ်သမီးရယ်၊ အန်ကယ်တို့မှားခဲ့တာရှိလည်း ငယ်တယ်ကြီးတယ်သဘောမထားနဲ့ ခွင့်လွှတ် ဟုတ်လား၊ လိုအင်ဆန္ဒဟူသမျှ မတောင်းဘဲနဲ့ပြည့်ပါစေကွယ် "
" ပေးတဲ့ဆုနဲ့ပြည့်ရပါလို၏ "
" စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ "
" အန်တီပေးတဲ့ဆုနဲ့ ပြည့်ပါရစေ "
နှစ်ယောက်စလုံး ဆုပေးပြီးနောက် ခြွေ ဆိုဖာပေါ်ပြန်တက်ထိုင်လိုက်၏။ အန်ကယ်က သူမချုပ်ထားသည့် အဝတ်တွေ ယူကြည့်နေသည်။ ပြီးတော့ တပြုံးပြုံးနဲ့ စကားဆိုသည်။
" ဒါတွေဝယ်လာစရာမလိုပါဘူး သမီးရယ် အဟင်း "
" ရှင်က ဝယ်မလာနဲ့သာဆိုတယ် သဘောကျတဲ့မျက်နှာနဲ့ "
ဒေါ်စန်းစန်းမော်က မျက်နှာမဲ့လျက် သူ့ယောကျ်ားကို ပြစ်တင်သလို ပြောလိုက်၏။
" ဒါက သိတတ်မှုကို သဘောကျသွားလို့ပါကွာ မင့်သားတောင် ငါ့ကို ပုဆိုးတစ်ထည်ကန်တော့ဖူးလို့လားကွ "
" ဖေဖေကလည်း ကျွန်တော်က ဖေဖေ့အလုပ်တွေဝင်ကူနေတာနဲ့ ကိုယ့်ဘာသာတောင် စျေးဝယ်ထွက်ဖို့မေ့နေတယ်ဗျ "
" အေးပါကွာ "
" ဟို အဲဒီအဝတ်စားတွေကလေ သမီးကိုယ်တိုင် ချုပ်ထားတာပါ "
ထိုအခါ ဦးထွဋ်ခေါင်က အံ့သြဟန်ပြုလျက် ဒေါ်စန်းစန်းမော်က မျက်ခုံးပင့်ကြည့်ပြီး သေချာရဲ့လားပုံစံနဲ့ မှာတမ်းခြွေကို အကဲခတ်သလိုကြည့်နေလေသည်။
" ဟုတ်ပါတယ် သမီးအားတဲ့အချိန်မှာ ချုပ်ထားတာပါ၊ အရင်ကချုပ်ဖူးပေမယ့် မချုပ်တာကြာတော့ အန်ကယ်တို့ အဆင်ပြေပါ့မလားမသိဘူး၊ ဝတ်ကြည့်ပြီး အဆင်မပြေရင်ပြောပါနော်၊ အန်ကယ့််ဆိုဒ်ကို XL အတိုင်းချုပ်ပြီး အန်တီမော်က မေမေနဲ့မတိမ်းမယိမ်းဆိုတော့ ခန့်မှန်းပြီးပဲချုပ်လိုက်ရတယ် ကိုယ်တိုင်းမယူလိုက်မိဘူး "
ဦးထွဋ်ခေါင်မျက်နှာက အကျေနပ်ကြီးကျေနပ်နေဟန် ပေါ်လွင်လှသည်။ အန်တီမော့်မျက်နှာရိပ်ကိုတော့ ခြွေ မခန့်မှန်းတတ်။ ထိုစဉ် ခေါင့်ကို ဖျတ်ခနဲ လှမ်းကြည့်မိတော့ ခေါင်က ရုတ်ခနဲ နေရာမှထထွက်သွားတာ တွေ့ရသဖြင့် သက်ပြင်းသာချလိုက်မိတော့သည်။
" သမီးက ဒီဇိုင်နာလည်းရတာပဲလား၊ ကြည့်ရတာ ဝါသနာထုံပုံရတယ်၊ ခုမှပဲသိတော့တယ် "
" ကိုယ့်အကျီကိုယ်ချုပ်ချင်လို့ သင်ထားရုံပါ အန်ကယ်၊ ဒါပေမဲ့ သမီးစက်ချုပ်နေရရင်ပျော်တယ် "
" ကောင်းတယ် ကောင်းတယ်... ကိုယ့်ဝါသနာကိုယ်သိတာကောင်းတယ်၊ ကြိုးစား အန်ကယ်မြေတောင်မြှောက်ပေးမယ် "
ခြွေ အားတုံ့အားနာဟန်ဖြင့်သာ ကြည့်လိုက်မိသည်။ ဘာစကားမှမပြောမိ။
" သားဘယ်ရောက်သွားတာလဲ "
အန်တီမော်က မျက်လုံးဝေ့ဝဲကာ ရှာလိုက်ရင်း လေသံဖြင့်သာပြောလိုက်ပေမယ့် ဦးထွဋ်ခေါင်ကတော့ကြားသွားပြီး....
" ဧကန္တ သူ့အတွက် အကျီမပါလို့ထင်တယ်၊ စောနက မျက်နှာတည်နဲ့ထွက်သွားတာ မြင်လိုက်ပါ့၊ ကလေးမဟုတ်ဘဲ စိတ်ကောက်နေတာ မင့်သားက "
" ဟုတ်ချင်မှဟုတ်မှာပါတော်၊ ဖုန်းသွားပြောတာနေမှာပေါ့ "
" သမီးလိုက်သွားကြည့်လိုက်ပါဦးမယ် ခွင့်ပြုပါဦး "
" သွားလေ "
မေမေကလည်း ခေါင်းညိတ်ပြ၏။ ခြွေ အိတ်ကလေးဆွဲ၍ ခြံထဲဆင်းလာခဲ့သည်။
ဟိုဘက်ဒီဘက် လမ်းလျှောက်နေသော ခေါင်က သူမကိုမြင်သွားတော့ အနားက ဒန်းမှာဝင်ထိုင်တာ တွေ့ရသည်။ လှစ်ခနဲ တစ်ချက်ပြုံးလိုက်မိရင်း အနားမှာဝင်ထိုင်လိုက်ကာ...
" ဘာလုပ်နေတာလဲ "
" လေညှင်းခံနေတာ "
" သိပါဘူး ကောက်နေတာလားလို့ "
" အဟက် ဝေးသေး "
" ဒီမှာ နင့်အတွက်လည်း ငါချုပ်ထားတယ်၊ နင်ကြိုက်မကြိုက်မသိလို့ တစ်ခါတည်းမပေးသေးတာ ရော့ ယူလေ "
ခေါင်က ဖြုတ်ခနဲ အိတ်ကိုလှမ်းဆွဲယူပြီး တစ်ချက်ဖွင့်ကြည့်လိုက်ကာ ဘေးမှာချထားလိုက်၏။
" ကြိုက်လား "
ခေါင်က မဖြေ။ နှုတ်ဆိတ်ပြီး သူမအား စိုက်ကြည့်နေသည်။ သူ့ကြည့်ရတာ တစ်မျိုးပဲ။
" နင်ဘာဖြစ်နေတာလဲ ခေါင် "
" ဟေ့အေး "
သူက ခြွေ့ဘက်ကိုယ်တစ်စောင်းလှည့်ကာ စေ့စေ့စိုက်ကြည့်နေပြန်သည်။ သူ့မျက်နှာက ညှိုးမနေပါ။ မျက်လုံးတွေက ဝင့်စားနေ၏။ အသွင်ပြင်က လန်းဆန်းနေသည်။ ထူးဆန်းသည့် သူ့အပြုအမူကြောင့် သူမလည်း ထူးဆန်းသည့်အတွေးတွေ ခေါင်းထဲဝင်လာ၏။
"ခေါင်... ငါမေးတာဖြေ၊ နင်ငါ့ကို တကယ်ချစ်လား "
စကားနဲ့အမေးကို စကားနဲ့မဖြေဘဲ တခြားနည်းနဲ့ဖြေလာသော ခေါင့်ကြောင့် ရိပ်ခနဲ ပူနွေးသွားတာက ခြွေ့ရဲ့ နဖူးပြေပြေလေး။ လိုချင်တာမရ၍ ထပ်မေးလိုက်သော မေးခွန်းရဲ့အဆုံးမှာ...။
" နင့်ကိုယ်နင်ထက် ငါ့ကိုပိုချစ်လား "
" အဟွင်း... "
သစ်ရွက်လေတိုးသံနှင့်အတူ သူ့ရယ်သံလေး တစ်စွန်းတစ်စလွင့်စင်သွားရင်း...။
°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°💔💔
ဆက်ရန် >>>
#Ruby Linn