book

Index 7

အပိုင်း (၇)

  • Author : Rudylinn
  • Genres : Romance, Drama, Action

မညီမျှတဲ့ချစ်ခြင်း 🕊💔


ဘုရားပေါ်မှာ တစ်နာရီလောက်ဆက်နေပြီး မေမေ့ကို အိမ်ပြန်ပို့ပေးခဲ့သည်။ အပြင်မှာတစ်ခုခုဝင်စားဖို့ စိတ်ကူးပေမယ့် မေမေက နေမပူခင် အိမ်ပြန်ရောက်ချင်သည်ဆိုသဖြင့် လမ်းမှာဘယ်မှမဝင်ဖြစ်ခဲ့ပါ။ 


" အန်တီ... ခြွေ့ကို ကျွန်တော်အပြင်ခေါ်သွားချင်လို့ပါ အန်တီခွင့်ပြုနိုင်မလား၊ မိုးမချုပ်ခင်အရောက်ပြန်ပို့ပေးပါ့မယ် " 


ခြွေ အထဲဝင်လာတော့ ခေါင်က မတ်တပ်ရပ်လျက် မေမေ့ကို တစ်ခုခုပြောပြီးပုံထောက်သည်။ ဘာပြောသလဲ မကြားလိုက်ပါ။ မေမေက သူမအား လှမ်းကြည့်ပြီး...


" အန်တီကခွင့်ပြုပါတယ်၊ သမီးဆန္ဒကရော "


" ရှင် ဘာများ... " 


​ခြွေရှည်လျားသည့်မျက်တောင်တွေကို တဖျတ်ဖျတ်ခက်ရင်း နားမလည်ကြောင်း အာမေဋိတ်သံပြုမိသော်လည်း... 


" ခြွေနဲ့ကပြောပြီးပါပြီ၊ အဲဒါကြောင့် အန်တီ့ဆီက ခွင့်ပြုချက်တောင်းတာပါ " 


" ဟုတ်လား ဒါဆိုလည်းသွားလေ၊ သားညီမကိုအပ်ပါတယ် ဂရုစိုက်နော် "


" ရှင် " 


" ​ခြွေကလည်းဟာ တရှင်ရှင်နဲ့ အပြင်သွားမယ် အဝတ်စားသွားလဲ " 


" အင် " 


" တွေ့လားအန်တီ တစ်ခါတလေ ခြွေက အဲလိုပဲ ကြောင်တောင်တောင်နဲ့ အဟင်း " 


လက်တစ်ဖက်က အနားရှိခြွေ့လက်ကို ဆွဲယူဆုပ်ကိုင်လျက် မျက်ဝန်းတွေက ကျီစားသလို ကြည့်နေသော လွင်တီးခေါင်...။ မေမေ့ဆီက ခွင့်ပြုချက်နဲ့မို့ ​ခြွေ ချည်ဘောင်းဘီရှည်နဲ့ ဘလောက်စ်အကျီဖြူလက်စကကို ပေါ့ပါးစေရန် ရွေးချယ်ဝတ်ဆင်ပြီး သူ့ကားပေါ်တက်လာခဲ့၏။ 


" ငါ့ကို နေ့လည်စာချက်ကျွေးမယ်မလား၊ နင့်လက်ရာမစားရတာကြာပြီ " 


" အင်း နင်ဘာစားချင်လို့လဲ " 


" ငါဘာကြိုက်လဲ နင်သိတာပဲ၊ အိမ်မှာအားလုံးရှိတယ် နင်အဆင်သင့်ချက်ရုံပဲ " 


" အင်း ရတယ် " 


ကားအပြင်ဘက်ကို ငေးကြည့်ရင်း ထိုင်လိုက်လာစဥ် ပေါင်ပေါ်တင်ထားသည့် ပိုက်ဆံအိတ်ထဲမှ ဖုန်းကတုန်ခါလာသဖြင့် ထုတ်ယူကြည့်ကာ မှာတမ်းခြွေ လက်ခံစကားပြောလိုက်သည်။ 


" ဟယ်လို "


" အေး ငါ့အသံမှတ်မိလား ဟဲ့ " 


ဖုန်းစခရင်မ်ကို တစ်ချက်ပြန်ကြည့်ပြီးမှ အနည်းငယ်ဇဝေဇဝါဖြစ်သွားပေမယ့် အတပ်သိနေသလိုမို့ မဆိုင်းမတွပင် ခြွေ ပြောလိုက်သည်က... 


" သူသူ မိသူမဟုတ်လား... " 


" ဘယ်ဆိုးလို့လဲ မှတ်မိသားပဲ အဟား " 


" ဖုန်းနံပါတ်အသစ်နဲ့ပါလား ဘယ်လိုဖြစ်တုန်း " 


ရယ်သံဖျောက်လျက် မေးလိုက်တော့ တစ်ဖက်က အသံတိတ်သွားပြီးမှ သူသူရဲ့ သြရှရှအသံပေါ်လာ၏။ 


" ဒီလိုပါပဲ ဒါနဲ့ နင်အခုဘာတွေလုပ်နေလဲ ခြွေ " 


" အင် ဒီနေ့ sunday ဆိုတော့ အလုပ်ပိတ်တယ်လေဟာ နင်ရော " 


" ငါကအသာထား အခုနင့်ဘေးမှာ နင့်လူရှိတယ်မလား ပြော " 


" ဒီမိန်းမတော့ အဲဒါမပါဘဲ စကားမပြောတတ်ဘူးလား " 


ကားတံခါးဘေးတိုးကပ်သွားရင် လေသံတိုးတိုးဖြင့် မှာတမ်းခြွေ ပြောလိုက်တော့ တိုက်ဆိုင်တာပဲလား သူ့အ​ကြောင်းပြောတာ သိနေတာပဲလားမသိ ခေါင်က သူမကို ခေါင်းငဲ့ကြည့်၏။ ထို့ကြောင့် စကားပြောရတာ မလွတ်လပ်တော့။ 


" အေးပါဟာ ငါသိပြီ၊ ခေါင်နင့်ဘေးမှာရှိနေတယ်ဟုတ် " 


" အေး နင်ဘယ်တော့ပြန်လာမှာလဲ " 


သူမ စကားလမ်းကြောင်းလွှဲလိုက်၏။ 


" ကျောင်းဖွင့်ခါနီးမှ ပြန်လာဖြစ်မယ်၊ ဘာလဲ ငါ့ကိုလွမ်းနေပလား၊ ပြောသာပြောတာ လွမ်းမှာလည်းမဟုတ်ပါဘူး၊ သူ့နားမှာက... " 


" တော်အေ ညည်းအဲဒါပဲဆက်ပြောနေရင် ဖုန်းချလိုက်တော့မယ် "


" မိန်းမကလည်း စိတ်ကြီးပဲ၊ ယောကျာ်းက ချစ်လို့စတာကို အဟွင်း ဟွင်း ဟွင်း "


" လက်သီးပဲ "


ညစ်ကျယ်ကျယ် သူသူ့ရယ်သံကြီး ထပ်ထွက်မလာခင် ခြွေ ပြုံးတုံ့တုံ့နှင့် ဖုန်းအမြန်ချလိုက်သည်။ အနားက သက်ပြင်းချသံကြောင့် ခေါင်ရှိနေမှန်း သတိပြုမိခြင်းသာ။ နှုတ်ခမ်းက အပြုံးတွေကို ရုတ်ခနဲ သိမ်းဆည်းလိုက်၏။ ဖုန်းပြန်သိမ်း၍ ခပ်တည်တည်လေး ထိုင်နေလိုက်သည်။ သက်ပြင်းကိုလည်း ခိုးချလိုက်၏။ 


°°°°°


" မခြွေ... မလုံးထင်တော့ထင်သား၊ ဒီနေ့မခြွေလာမလားလို့လေ အဟီး " 


" အမယ် ပျော်နေတယ်ပေါ့ ဟုတ်စ " 


" အဟင်း ဟုတ်တယ် မခြွေရှိတော့ မလုံးအားရှိသလိုပဲ၊ စန်းစန်းကရွာပြန်သွားတော့ အိမ်အလုပ်တွေ မလုံးတစ်ယောက်ထဲမနိုင်ဘူးလေ အဲဒါ... " 


မလုံးက ပြောပြီးမှ သူမကို အားနာသွားဟန်တူသည်။ မျက်လုံးချင်းမဆိုင်တော့ဘဲ အိုးတို့အမ်းတမ်းဖြင့် ခေါင်းကြီးငုံ့ထားတာမို့...


" ကဲ မလုံးရေ... ​ခြွေ မီးဖိုချောင်ကိုတာဝန်ယူလိုက်မယ်၊ မလုံးက တခြားအလုပ်တွေလုပ်လိုက်နော် " 


" ဟုတ် ဟုတ်ကဲ့ "


" ဒါနဲ့ အန်တီမော့်ခြေထောက်အခြေအနေကရော " 


" ကောင်းလာပါပြီ " 


အသံက တိုးတိုးဖျော့ဖျော့ရယ်။ သူမ ခေါင်းဆတ်ပြလိုက်ရင်း ချက်ပြုတ်ဖို့အတွက် အေပရွန်ကို အရင်ဝတ်လိုက်ပြီး စိတ်ကိုလျော့ထားလိုက်သည်။ တစ်ခုချင်းဆီ တစ်ဆင့်ချင်းသွားကြတာပေါ့၊ အဆင်ပြေသွားမှာပါ။ ချက်ပြုတ်သည့်နေရာမှာ ယုံကြည်မှုရှိခဲ့သော မှာတမ်းခြွေသည် သည်တစ်ခါလောက် ယုံကြည်မှုမဲ့တာမရှိလောက်တော့။ ဘာပဲဖြစ်ဖြစ် စေတနာပါတာပဲ အဆင်ပြေသွားမှာပါလေ။ 


ကံကောင်းစွာပင် နေ့လည် ၁၂ မထိုးခင် ချက်ပြုတ်ပြင်ဆင်ပြီးသွားတော့ စိတ်တင်းကြပ်မှုတစ်ဝက်လျော့သွား၏။ နောက်ထပ်တစ်ဝက်ကျန်သေးသည်။ ထမင်းစားပွဲမှာ ပြင်ဆင်ပြီး အန်တီမော်နဲ့ခေါင်ကို သွားခေါ်လိုက်သည်။ 


" နင်ပါတစ်ခါတည်းမစားဘူးလား လာဝင်လိုက် " 


" အင် အာ ရပါတယ် "


ခေါင်က ဘာမှမပြောတော့ဘဲ မျက်စပစ်ကာ အချက်ပြသည်မို့ အန်တီမော်နဲ့ခေါင့်ကို ​ခြွေတစ်လှည့်စီကြည့်ရင်း ခေါင့်ဘေးနား ခပ်ရို့ရို့ဝင်ထိုင်လိုက်သည်။ ခေါင်က ကြက်သားဆီပြန်ဟင်းကို သူ့အမေပန်းကန်ထဲ အရင်ဦးချသည်။ ချိုချဥ်ကြော်နဲ့ ငါးကြော်ကိုလည်း ခပ်ထည့်ပေးသည်။ ခေါင်တို့ကိုကြည့်ရင်း ထမင်းစေ့ တစ်စေ့နှစ်စေ့ကိုသာ ဇွန်းဖျားလေးနဲ့ခပ်ပြီး ခြွေ ပါးစပ်နားတေ့ကာသွင်းလိုက်၏။ 


" စားလေ ထည့်စား၊ တော်ကြာငါထည့်ပေး တာ နင်မကြိုက်ဘူးဖြစ်နေဦးမယ် " 


ခေါင့်အပြောကြောင့် အောင့်သက်သက်ဖြင့် စိတ်မပါ့တပါ ထမင်းဆက်စားလိုက်စဥ် စကားသံထွက်လာ၏။ အန်တီမော်ဆီကပင်...


" မိလုံးလက်ရာက ဒီလောက်ပေါ့ပျက်ပျက်မနိုင်ပါဘူး " 


​ခြွေ နှုတ်ခမ်းတစ်ချက် ဖိကိုက်ပြီးမှ မလုံးကိုတစ်ချက်ကြည့်၍ မလုံးအစား လျှောက်လဲချက်ပေးလိုက်မိသည်။ 


" သမီးဝင်ချက်ထားတာပါအန်တီမော်၊ အရည်သောက်ဟင်းက တော်တော်အဆင်မပြေဘူးလားဟင် ဒါဆို "


အန်တီမော်က လက်တစ်ဖက်မြှောက်ပြ၏။ 

ထို့ကြောင့် အလိုလိုအသံတိတ်ပေးကာ ခါးမတ်လျက် ​ခြွေ အသင့်အနေအထားပြင်ထားလိုက်သည်။ 


" လူကြီးစကားမဆုံးခင် ဖြတ်ပြောလို့ ဘယ်သူသင်ထားလဲ " 


" ဟို " 


ခြွေ စားပွဲခုံအောက်က လက်တစ်ဖက်ကို ကျစ်ကျစ်ဆုပ်လိုက်မိသလို ပျက်ယွင်းသွားသော မျက်နှာသည်လည်း ထိန်းမရ။ အန်တီမော့်ကို ငေးကြည့်ရင်း သူမ ခဏအသိစိတ်လွတ်သွားသည်ထင်ရဲ့။ 


" ဟင်းချိုက ပစ်ရလောက်အောင်ထိဆိုးတာမဟုတ်ဘူး၊ သူ့မှာ ပါဝင်ရမယ့်ပစ္စည်းတွေလိုနေတာ၊ အစုံအလင်ရှိရဲ့သားနဲ့ ဘာလို့ပြီးစလွယ်လုပ်တာလဲ " 


" ဟိတ် မေးနေတာ ဖြေလေ " 


" ဟုတ်ကဲ့ အန်တီပြောလို့မပြီးသေးဘူးထင်လို့ပါ၊ အိမ်မှာချက်သလိုပဲ အားလုံးကိုချက်လိုက်မိပါတယ်၊ အကြိုက်မတူဘူးဆိုတာ သတိတစ်ချက်လွတ်သွားတာ သမီးတောင်းပန်ပါတယ်အန်တီ၊ စိတ်အနှောင့်အယှက်ဖြစ်သွားရင် ... " 


" တော်တော့ တော်တော့ ဆက်စား " 


" ဟင် မေမေကတော်ပြီလား " 


" တော်ပြီသား မေမေဝပြီ " 


" မလုံး... သေချာလိုက်ပို့လိုက် " 


" ဟုတ် " 


ရှေ့က ထမင်းဖြူပန်းကန်ကို ​ခြွေ ကြောင်တောင်တောင် ငေးစိုက်ကြည့်နေပေမယ့် ခေါင်က ဆက်စားနေသည်။ သူမဆက်စားလို့မရတော့။ ရင်ခံသွားပြီလေ။ သူကလည်း မကောင်းတတ်လို့တောင် စားလေ ဟု သူမကို တစ်ခွန်းမပြောခဲ့။ ကောင်းပါတယ်၊  သူစားလို့ဝင်နေသေးတော့...။ 


" မဆိုးပါဘူး... ငါးကြော်က နနွင်းများသွားတာကလွဲလို့ပေါ့၊ ဒါတွေသိမ်းလိုက်၊ ပြီးရင် ငါတို့အပြင်သွားစရာရှိတယ် " 


နှုတ်ခမ်းကို တစ်ရှူးဖြင့်သုတ်ကာ ရေတစ်ခွက်သောက်ပြီး ခြွေ့ကို အမိန့်တွေပေးပြီးသည်နှင့် ခေါင် အပေါ်တက်သွား၏။ 


လည်ကုပ်ကို လက်ဖြင့်ဖိပွတ်ကာ အလိုမကျမှုတွေကို သူမ ဘယ်လိုဖြေဖျောက်ရမည်မသိတော့။ တစ်ခုခုကို မကျေနပ်ရင် ခေါင်လုပ်သလို တစ်ယောက်ယောက်အပေါ် ဒေါသတွေ ပုံချလိုက်ရမလား၊ မျက်စိရှေ့က ပစ္စည်းတွေ ရိုက်ခွဲပစ်ပေါက်လိုက်ရမလား။ ရယ်ရတာက သူမမှာ အဲလိုအခွင့်အရေးတွေမရှိ။ လုပ်ချင်ရင်တောင် သူမလုပ်နိုင်တာက ကိုယ့်ကိုယ်ကိုယ်ဖြေသိမ့်တာထက် မပိုခဲ့ပေ။ 


ယခုချိန်မှာ ပြောချင်သောစကားက 

" သံသရာက ရှည်လိုက်ပါဘိ... " 


°°°°°°°


' Double Food Street Restaurant '


VIP အခန်းတစ်ခန်းသို့ ခေါင်နဲ့အတူ ယောင်နနဖြင့် ခြွေလိုက်ဝင်လာခဲ့သည်။ တံခါးကိုဖွင့်၍ ခေါင်က အထဲအရင်ဝင်သွားတော့ ဗလုံးဗထွေး စကားသံများ ဆူဆူညံ့ညံ့ အခန်းပြင်သို့ လျှံထွက်လာ၏။ အထဲသို့ မျက်လုံးကစားကြည့်လိုက်တော့ သူမတို့အထက်တန်းကျောင်းတုန်းက သူငယ်ချင်းတချို့ကို လှမ်းမြင်ရသဖြင့် လှပ်ခနဲပျော်သွားကာ တံခါးပိတ်လိုက်စဥ် အသံလုံစနစ်နဲ့မို့ ဆူညံသံတွေက အခန်းကျယ်အတွင်း ပဲ့တင်သံလို နံရံကိုရိုက်ခက်သွားလျက်။ 


" ဟေး... မင်းတို့ကကြာလိုက်တာကွာ၊ ဟိုစကားအတိုင်းပဲ ရှင်ဘုရင်တစ်ခါထွက် ပဲကြီးတစ်ခါချက်ဆိုလား " 


" ပဲကြီးတစ်လှေချက်ပါကွာ၊ ပြောလည်းပြောချင်တယ် လုပ်ထည့်လိုက်ရ " 


" ထိကြည့်စမ်း၊ ပါးစပ်ပဲရှိတဲ့ကောင် " 


" တော်ကြပါတော့ဟယ် ဟိုမှာထိုင်ပါစေဦး၊ ခြွေ လာ ဒီမှာလာထိုင် " 


ဇင်မာက သူ့ဘေးမှာထိုင်ရန် ထိုင်ခုံအား ပုတ်ပြရင်း ပြောသည်မို့ သူမဝင်ထိုင်တော့ ခေါင်က မျက်နှာချင်းဆုံခုံမှာ ဝင်ထိုင်၏။ အရှေ့ဘက်ခြမ်းမှာ ယောကျ်ားလေးတွေချည်းထိုင်ကြသည်။ နှစ်တွေကြာမှပြန်တွေ့ရတာမို့ သူမ အံ့သြ၍ ပျော်လည်းပျော်နေသည်။ 


" ခြွေ ခြွေ... "


" ဟင် "


" ဘာတွေကြောင်ကြည့်နေတာလဲ၊ မသိရင် ငါတို့တွေ့ဖို့ချိန်းထားတာ အခုမှသိတဲ့အတိုင်းပဲ " 


" ဟင် ဟုတ်တယ် " 


" ဘယ်လို " 


" နင်တို့နဲ့ချိန်းထားတာ ငါခုမှသိတာ " 


" တကယ် " 


ဇင်မာ့ဘေးက ဇူးဇူးက ဟိန်းထက်နဲ့စကားပြောနေသည့် ခေါင့်ကိုတစ်ချက်လှမ်းကြည့်ရင်း အတည်ပြုသလို သူမကို မေးလိုက်၏။ မှာတမ်းခြွေ ပြူးတူးတူးလေး ခေါင်းညိတ်ပြလိုက်တော့ ဇူးဇူးကပင် သွက်လက်စွာ ပြောသည်။


" ငါတို့တွေ ဒီနေ့ ဒီမှာဆုံကြဖို့ တစ်ပတ်ကြိုတွေ့ပြီး စီစဥ်ထားကြတာ၊ ခေါင်လည်းပါတယ်၊ ငါတို့က ခေါင် နင့်ကို ပြန်ပြောမယ်ထင်တာ နော် ဇင်မာ "


" အင်း သူနင့်ကိုမပြောဘူးလား " 


" အာ... "


ယခုမှ သဘောပေါက်သွားသော ခြွေသည် အရူးကွက်နင်းရတော့သည်။ 


" အင်း ပြောတယ် ခေါင်ပြောတယ်၊ ငါက ရှေ့တစ်ပတ်အောက်မေ့လို့လေ အဟင်း အဲဒါကြောင့် " 


ခေါင်းဖွဖွကုပ် သွားလေးဖြဲပြလိုက်သော ခြွေက တကယ်အရူးပုံပေါက်နေမည်မှာ အသေအချာ...။ ခေါင်ဘာတွေတွေးပြီး ဘာတွေလုပ်နေသလဲ သူမ မစဥ်းစားချင်တော့။ 


" ဒါနဲ့ မြသီတာရော မပါဘူးလား " 


" ဟုတ်တယ်ဟ၊ လာမယ်လုပ်ပြီးမှ ကိစ္စတစ်ခုပေါ်လာလို့ဆိုလား ဖုန်းဆက်ပြီးလှမ်းပြောတယ် " 


" အလကားပါဟာ၊ သူ့ဘဲဘဲ လှမ်းခေါ်တာဖြစ်ရမယ် " 


" ဟဲ့ ဇူးဇူးမ နင့်မှာရော သူ့လို မူးလို့ရှူစရာရည်းစားရှိလို့လား " 


" နင့်အပူမပါဘူးနော် ဟိန်းထက် "


" အဲဒါကြောင့် ငါ့ကိုစဥ်းစားပြီး ငါ့ချစ်သူလုပ်လိုက်လို့ပြောတာပေါ့ " 


" ကြည့်စမ်း... ဘာလို့စဥ်းစားရမှာလဲ နင့်လိုငပွေကို တာ့တာပဲ ဒိုးစလမ် ဒင်းစလမ်ပဲ ရှင်းလား " 


" တွေ့လား ငါ့ကိုအချစ်စမ်းနေတာ ဇူးဇူးမရယ် မူမနေစမ်းပါနဲ့ဟာ၊ ငါ့ကို မစဥ်းစားဘူးဆိုပြီး ကျောင်းမှာ နင်ငါ့ကို ခိုးခိုးကြည့်နေတာ အားလုံးသိတယ် ဟုတ်တယ်မလား အာကာ ငါပြောတာ "


" ဟေ " 


" ဟုတ်လိုက်ကွာ " 


" ကောက်ပေါက်မှာနော် ဟိန်းထက် တွေ့ရာနဲ့ " 


" ဇူးဇူးကလည်းကွာ၊ သူငယ်ချင်းတွေရှေ့မှာ စိတ်ထိန်းလေ အိမ်ရောက်မှပေါ့ နော် " 


" ကြည့်စမ်း ကြည့်စမ်း ပြောလေကဲလေ ငါစိတ်တိုလာပြီ ကျစ် " 


" ချစ်စရာလေးကွာ ဒေါသထွက်နေတဲ့မျက်နှာလေးက ဝက်ပေါက်လေးအတိုင်းပဲ အဟား ဟား " 


" တော်ကြပါတော့ လူစုံပြီဆိုတော့ စားကြသောက်ကြရအောင် " 


" ချစ်ဇူးလေး ကိုယ့်ကိုဘီယာသောက်ခွင့်ပြုနော် နည်းနည်းလေးပဲသောက်မှာပါ " 


" သေနာ နည်းနည်းမကလို့ ကရားလိုက်ပဲမော့မော့ အသက်ပဲထွက်ထွက်၊ ဂရုမစိုက်ဘူး " 


" ကြင်နာလိုက်တာကွာ " 


ယောကျ်ားလေးတွေက ဘီယာမော့ကြပေမယ့် မိန်းကလေးတွေအတွက် ဝိုင်မှာပေးသည်။ တချိန်လုံး ငြိမ်နေသော ခိုင်ဖြိုးသူက ကော့တေးမှာသောက်သည်။ ​ခြွေနဲ့ ခိုင်ဖြိုးသူက ကျောင်းထဲက သိပ်မရင်းနှီးချေ။ 


" ခြွေသောက်လေ ဘာလို့လဲ "


" မသောက်တော့ပါဘူး အမြည်းပဲစားတော့မယ် " 


" သောက်ပါ ဘာလဲ ဧကန္တ ခေါင်က မသောက်ခိုင်းတာတော့ မဟုတ်ပါဘူးနော် "


" မဟုတ်... " 


" သောက်လေ နည်းနည်းတော့သောက်ပေါ့ " 


" ကဲ ခေါင်ကသောက်တဲ့၊ မငြင်းနဲ့တော့ ဟုတ်လား ခြွေ " 


သြော် ခေါင်ကခွင့်ပြုမှ သောက်ရတဲ့အဖြစ်ရောက်သွားကာ ခေါင့်စကားကို တသွေမတိမ်းနားထောင်သော မိန်းကလေးဆိုတာ သူ့စကားတစ်ခွန်းကြောင့် အားလုံးသိကုန်ပြီပေါ့။ မိန်းကလေးသူငယ်ချင်းတွေက အံ့သြသလို သူမကိုကြည့်လိုက်တာ သတိထားမိသည်။ ခြွေ မျက်နှာလွှဲ၍ အာစွတ်ရုံသာ သောက်လိုက်၏။ 


" ဒါနဲ့ အလယ်တန်းတုန်းက ဇင်မာက လေးလုံးမလား၊ အခုမျက်မှန်မလိုတော့ဘူးလား " 


" ဟေ့အေး မျက်ကပ်မှန်တပ်ထားတယ်၊ အပြာနုရောင်လေ မိုက်တယ်မလား " 


" နင်တို့မိန်းကလေးတွေများ ပိုက်ဆံအကုန်ကျခံပြီးနော် လှချင်ရဲ့စက်စက်ယိုပဲ " 


" ဘာဖြစ်လဲ " 


" နေကောင်းတယ် " 


" နေပါဦး ငါကြားထားတဲ့သတင်းက အမှန်ပဲလား လွင်တီးခေါင် "


ဟိန်းထက်က အတည်ပေါက်နဲ့ စကားစလိုက်တော့ ဘာလဲဆိုသည့် သဘောမျိုးဖြင့် ခေါင်က မေးဆတ်ပြလိုက်၏။ 


" မင်းနဲ့မှာတမ်းခြွေနဲ့ ဘွဲ့ရရင် လက်ထပ်ကြမှာဆို ဟုတ်လား" 


" အင်း " 


" ဝါး... မိုက်တယ်ကွာ၊ မင်းကိုအားကျတယ်၊ ခြွေ့ကို မင်းဦးသွားလို့နော် မဟုတ်ရင်တော့လား အဟား " 


" ဘာဖြစ်လဲ ပြောလေ " 


" မင်းကံကောင်းတယ်လို့ပြောတာပါ၊ ခြွေ့လို အချောအလှမျိုးကို ကျောင်းမှာလိုက်ပိုးတဲ့သူတွေ မနည်းဘူးနော်၊ ခုထိမျှော်လင့်နေတဲ့သူတွေတောင် ရှိသေးတယ်ကွ " 


" အဟား... " 


ခေါင်က လှောင်ပြောင်သလို အကျယ်ကြီး အော်ရယ်လိုက်သည်။ ဟိန်းထက်က သူ့ကို တကယ်ပင် မနာလိုသလိုကြည့်နေတာပင်။ ခြွေဖြင့် သူတို့နှစ်ယောက်ရဲ့ စကားတွေ အကြည့်တွေကို နားကိုမလည်တော့။ နောက် ခေါင့်ရဲ့စကားသံကြောင့် အားလုံးတိတ်သွား၏။ 


" မင်းအားကျရင်လည်း အားကျစရာပဲ ဟိန်းထက်၊ သူ့ကိုပိုင်ဆိုင်ခွင့်ရတဲ့ငါက ကံကောင်းတာမဟုတ်ဘူး၊ သူကသာ ကံကောင်းတာ၊ ငါ့လို သူ့ကိုအရမ်းချစ်ပြီး အရာအားလုံးဖြည့်ဆည်းပေးနိုင်တဲ့သူနဲ့ ဆုံရလို့လေ၊ ခြွေက ရှားပါးမျိုးစိတ်၊ ခြွေ့လိုမိန်းမမျိုးတော့ နောက်ရှာလို့မတွေ့မှာတော့ ကျိန်းသေတယ်၊ ရှာတွေ့ရင်တောင် ​ခြွေ့ထက် သာမှာမဟုတ်ဘူးကွ ငါပြောရဲတယ် " 


ခေါင်က ကိုယ့်ကိုယ်ကိုယ် ကိုယ်ရည်သွေးကာ သူ့ပိုင်ဆိုင်သည့် ကုန်ပစ္စည်းတစ်ခုကို တခြားသူအားကျအောင် ဝံ့ကြွားဂုဏ်ယူဟန်အပြည့်ဖြင့် ပြောနေပုံမှာ သူတစ်ပါး၏ စိတ်ဆန္ဒကို အနည်းငယ် နှလုံးသွင်းထည့်တွက်စဥ်းစားပုံမရ။ 


သူငယ်ချင်းတွေရဲ့ မယုံနိုင်စွာ အံ့အားသင့်ဖွယ် အကြည့်တို့က မည်သူ့ဆီမှ ရိုက်ခက်သွားသည်မသိ။ အားလုံးကို မှာတမ်းခြွေ မျက်လုံးချင်းမဆိုင်ချင်တော့။ သူမ သိက္ခာကို သွယ်ဝိုက်၍ စော်ကားလိုက်သည်ဟု ခံစားရကာ အသည်းထဲက ပြင်းစွာနာကျင်၏။ ဒီလောက် အရှက်ခွဲရတော်ရောပေါ့။ 


" ငါ သန့်စင်ခန်းခဏသွားလိုက်ဦးမယ် " 


" တစ်ယောက်ထဲဖြစ်လား " 


" ဖြစ်တယ် " 


ယဲ့တဲ့တဲ့လေး ကျန်သည့်သိက္ခာနဲ့ သူမ ဟန်မပြတ် အခန်းပြင် ထွက်လာခဲ့သည်။ အမှန်ဆို စောနက သူမ တစ်ခုခုပြန်ပြောခဲ့ရမှာ။ ခုတော့ တစ်ယောက်ထဲ ကြိတ်မှိတ်ကာ ဝဲတက်လာသည့် မျက်ရည်ပုလဲများကို အဖော်ပြုလျက်။ ခြေထောက်အားတွေလည်း ကင်းမဲ့ကာ သန့်စင်ခန်းကို မနည်းရောက်အောင် သွားရသည်။ 


ဇင်မာတို့ သူမကို ဘယ်လိုထင်တော့မလဲ။ အို ခေါင်တောင် ဘာမှမဖြစ်သလိုဆက်နေနိုင်သေးတာပဲ၊ သူမက ဘာလို့မနေနိုင်ရမှာလဲ။ ဒါပေမဲ့ ဘယ်မျက်နှာနဲ့ သူတို့ကိုပြန်ပြီး မျက်နှာချင်းဆိုင်ရပါ့မလဲ။ အများရှေ့မှာဆို မှာတမ်းခြွေကို အထင်သေးအမြင်သေး နိမ့်ချဆက်ဆံတတ်သော လွင်တီးခေါင်ရဲ့အမူအကျင့်များသည် တဖြည်းဖြည်း ပေါ်လွင်လာတော့သည်။ 


စိတ်ကိုတည်ငြိမ်အောင်ထားပြီး မူမပျက် အခန်းထဲပြန်ဝင်လာချိန် သူတို့က မီးများပိတ်၍ ကာရာအိုကေဆိုဖို့ ပြင်ဆင်နေကြပြီ။ 


" ခေါင်... ငါတို့ပြန်ကြမယ်လေ " 


" နေပါဦး " 


" မေမေ့ကို အိမ်ပြန်မိုးမချုပ်စေရပါဘူးလို့ နင်ပဲကတိပေးခဲ့တာနော် " 


" ကျစ် ငါသိတယ် " 


ခေါင်က မှုန်ကုပ်သွားသော မျက်နှာပေးနဲ့အတူ လက်ထဲက ဘီယာခွက်ကို စားပွဲပေါ်ဆောင့်ချလိုက်ရင်း....


" အားလုံးပဲ... ငါ ခြွေ့ကို ပြန်လိုက်ပို့လိုက်ဦးမယ် " 


" ဟ အစောကြီးရှိသေးတာ ပြန်တော့မလို့လား၊ ဒီမှာ သီချင်းတောင်မဆိုရသေးဘူး " 


" ဟုတ်တယ်ဟေ့ မပြန်ရဘူး " 


ဟိန်းထက်တို့ကလည်း ဝင်ရောက်တားမြစ်၏။ ခြွေကပင် အကျိုးကြောင်းရှင်းပြ၍ တောင်းပန်လိုက်ရသည်။ 


" လွင်တီးခေါင်... မင်းကပြန်လာမှာမလား " 


" အေးကွာ အခြေအနေအရပဲ " 


" မင်းတို့ကလည်းကွာ... မရဘူး မင်းခြွေ့ကို လိုက်ပို့ပြီးရင်ပြန်လာခဲ့၊ ဒါပဲ "


အာကာက မူးမူးနဲ့ အာလေးလျှာလေးဖြင့် အမိန့်ထုတ်သည်။ ထို့နောက် သူမတို့ အပြင်ထွက်ကာ ကားဆီ ပြန်လျှောက်လာခဲ့ကြသည်။ သူမဆန္ဒကတော့ ဘာပြဿနာမှမဖြစ်ဘဲ အိမ်ကို ခပ်အေးအေးပြန်ရောက်ချင်တာပင်။ သို့သော် ကားပေါ်ရောက်တော့ သင်းက တစ်စခန်းထလာ၏။ 


" မိုးမချုပ်ခင် နင်အိမ်ပြန်ရောက်ရင်ပြီးရောမလား၊ နင်ငါ့ကို ဘာမှ ဟိုလိုလုပ်ပါ ဒီလိုလုပ်ပါ လို့ အမိန့်လာပေးစရာမလိုဘူး၊ ငါ့ကိစ္စငါသိတယ်၊ အခု ဘယ်လောက်မျက်နှာပူစရာကောင်းလဲ " 


" ဘာကိုမျက်နှာပူတာလဲ ဘယ်သူကပူတာလဲ ဟမ် " 


" ဘာ " 


ခြွေ့ဆီက မမျှော်လင့်ထားသော ခွန်းတုံ့စကားကြောင့် ခေါင် ကားမောင်းနေရင်း လှည့်ကြည့်ကာ မေးလာခြင်းဖြစ်သည်။ 


" နင်ငါနဲ့ တစ်ရက်ကလေးဖြစ်ဖြစ် စကားမများဘဲ မနေနိုင်ဘူးလား၊ ငါ့ကို တစ်ရက်ပဲဖြစ်ဖြစ် ကောင်းကောင်းမွန်မွန် ဆက်ဆံပေးလို့မရဘူးလား လွင်တီးခေါင်၊ ငါတောင်းဆိုတာပါ " 


သူက အံကြိတ်ထားပြီး လမ်းဘေးတစ်နေရာ၌ ကားချရပ်လိုက်၏။ ကားမှန်တွေကိုတော့ တင်ထားသည်။ 


" ငါ့ကို နင်က စိတ်မဆိုးဆိုးအောင် လူကြမ်းကြီးဖြစ်အောင် တမင်လုပ်နေတာပဲ မှာတမ်းခြွေ " 


" အေးပေါ့ နင့်လုပ်ရပ်က သိပ်မှန်နေတာကိုး " 


" နှုတ်သီးကောင်းလျှာပါး ဖြစ်နေတယ်ဟုတ်လား ဟမ် " 


" နင်လက်မပါနဲ့နော်၊ ငါအားလုံးသည်းခံနိုင်တယ်၊ ဒါပေမဲ့ နင်ကိုယ်ထိလက်ရောက်မစော်ကားနဲ့ လွှတ် " 


ပါးစောင်နှစ်ဖက်ကို သူ့လက်ဝါးဖြင့် ဖျစ်ညှစ်ဆုပ်ကိုင်ထားသောကြောင့် ခြွေ အတင်းရုန်းကာ သူ့လက်မောင်းကို ကုစ်ခြစ်ဖယ်ရှားလိုက်သည်။ 


" ရိုက် ငါ့မှာလည်းလက်ပါတယ်နော် " 


သူမကို လွှတ်ပေးလိုက်ပေမယ့် သူ့အသားနာသွားသဖြင့် ခြွေ့မျက်နှာထက် လက်ပြန်ရိုက်ဖို့ သူရွယ်လိုက်တော့ ​ခြွေကလည်း ခပ်မာမာပြောကာ မျက်လုံးမှိတ်ပေးထားလိုက်သည်။တကယ်တမ်းမှာ သူ တကယ်ရိုက်ခဲ့ရင်ဆိုတဲ့အသိဖြင့် အသားတုန်ကာ ဒူးနှစ်လုံးပစ်ရိုက်နေပြီး လက်သီးဆုပ်ကာ မှာတမ်းခြွေ၏ လည်ပင်းကြောတွေ ထိုးထောင်နေ၏။ 


သေအောင်ရိုက် သေသွားလည်းအေးတာပဲ ဟု သူမလက်လွတ်စပယ်မပြောနိုင်။ သည်းခံလို့ ရောက်တတ်နေသည့်ခေါင့်ကို သည်တစ်ခါ ခွင့်လွှတ်ပေးလို့မဖြစ်ချေတော့။ တခဏ၌ အသံကြား၍ မျက်လုံးဖွင့်ကြည့်ရာ ခေါင်က စတီရာတိုင်ကို လက်သီးဖြင့် သုံးလေးချက် ဆင့်ထိုးနေတာတွေ့ရသည်။ အထိတ်တလန့်ဖြင့် ခုမှ အသက်ဝအောင် ရှူခွင့်ရလိုက်သလိုပင်။ မရည်ရွယ်ဘဲ သူမ မျက်ရည်တွေက ပိုးပိုးပေါက်ကျသွား၏။ ရှိုက်သံတော့မထွက်သွား။ 


" ငါအမူးလွန်သွားတယ် " 


တောင်းပန်စကားကိုပဲ မျှော်လင့်ခဲ့တာ။ တခြားအလိုမရှိ။ သူ့စကားက ဒီမျှတင်ရပ်တန့်သွားပြီး သူ့မျက်ဝန်းတွေ နီရဲနေတာကို မမြင်ချင်ဘဲ မြင်နေရသည်။ 


" ငါလည်း ဒီလိုတွေဖြစ်ချင်လိမ့်မယ်လို့ နင်ထင်လား " 


လေသံက ချက်ချင်း ပျော့သွား၏။ မေးရိုးတွေ ထင်းခနဲဖြင့် လေပူတွေမှုတ်ထုတ်နေဆဲဖြစ်သော ခေါင်သည် နီမြန်းသောမျက်နှာအရှိန်က တဖြည်းဖြည်း လျော့သွားတာ တွေ့ရသည်။ နောက် သူ့မျက်နှာကို လက်ဝါးနှစ်ဖက်နဲ့ တစ်ချက်ပွတ်သပ်လိုက်ပြီး ကားစက်နိုးလိုက်၏။ 


ရင်ဘက်တစ်ခုလုံး အောင့်မျက်နာကျင်နေရပြီး ကားထဲလေအလုံအလောက် မဝင်တော့သလိုခံစားရသဖြင့် ကမန်းကတန်းကားမှန်ချ၍ ပြတင်းနား မျက်နှာအပ်ကာ မှာတမ်းခြွေ လေတစ်ဝရှူရှိုက်လိုက်သည်။ တစ်ရှိန်ထိုးပစ်တိုက်လာသည့် ကြမ်းတမ်းသောလေအေးများက မျက််ရည်များကို တိုက်စားသွား၏။ 


ခေါင့်အရိပ်အောက်မှာ နေရတာ သူမအတွက် သဲကန္တာရလို အင်မတန် ပူလောင်လွန်းလှ၏။ အချိန်တွေသာကြာခဲ့သည်၊  အေးမြကြည်လင်သည့် ရေကြည်တစ်ပေါက် သူ့ဆီက မရခဲ့ပါ။ နှစ်ယောက်သား လက်တွဲကြာတဲ့အခါ ရေရှည်ဘယ်လိုဆက်သွားကြမလဲ။ မတွေးရဲပါ။ 


°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°💔💔


ဆက်ရန် >>>


#Ruby Linn


rate now: