book

Index 6

အပိုင်း(၆)

  • Author : Rudylinn
  • Genres : Romance, Drama, Action

မညီမျှတဲ့ချစ်ခြင်း 🕊💔


" ရိုက်လိုက်၊ ငါ့အိမ်မှာ နင်က ငါ့အသားကို အနာတရဖြစ်စေချင်ရင် လုပ်လိုက်၊ ငါ့အချစ်ကို နင်စော်ကားတယ်နော်၊ ကိုယ့်ချစ်သူကို နမ်းခွင့်ထိကိုင်ခွင့် ငါ့မှာမရှိဘူးပေါ့၊ ဒါဆို ငါတို့ကဘာလဲ " 


အနိုင့််ထက်ပြုခံရသည့် မှာတမ်းခြွေက နာကျင်ခံပြင်းရမည့်အစား သူမက အပြစ်လုပ်ထားသကဲ့သို့ပင် လွင်တီးခေါင်က ဆတ်ဆတ်ထိမခံ သူမပြောရမယ့်စကားများကို ဦးစွာပြောနေလေတော့ ရိုက်ဖို့ရွယ်လိုက်မိတာပင် မှားသွားပြီလားဟု ဇဝေဇဝါဖြစ်သွားရင်း တခဏအတွင်း ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်သုံးသပ်ကာ တွေဝေငြိမ်သက်သွားတော့သည်။ 


" မရိုက်နိုင်ဘူးမလား " 


သူ့စကားသံတိုးတိုးကြောင့် သတိလည်လာသဖြင့် ကြည့်လိုက်တော့ စောနက သူ့မျက်နှာထံရွယ်လိုက်သည့် သူမလက်တစ်ဖက်က သူ့လက်ထဲမှာပင်။ မရုန်းမိလောက်အောင် ယောင်နနဖြစ်နေ၏။ ခြောက်သွေ့နေသည့် လည်ချောင်းကို စိုစွတ်သွားအောင် တံတွေးမြိုချလိုက်ပြီး အသက်ပြင်းပြင်းရှူထုတ်၍ ငုံ့မိုးကြည့်နေသော ပြေပြစ်ချောမောသည့် ခေါင့်မျက်နှာကို ခြွေ့ရဲ့ မထူမပါးမျက်ခုံးတန်းတွေ ကွေးညွှတ်ထားရင်း မော့ကြည့်လိုက်စဥ်ခဏ...


" မပြန်သေးနဲ့ဦး၊ ငါရေသွားချိုးလိုက်ဦးမယ်၊ နင်လည်းဒီမှာပဲရေချိုးပြီး ငါ့ကိုစောင့်နေ ကြားလား " 


ခြွေ့လက်ကို အောက်ပြန်ချပေးလိုက်ပြီး အပြုံးဖြင့်ပြောလိုက်သော ခေါင်က သူမနဖူးလေးအား ဖွဖွနမ်းလိုက်ရင်း ရယ်သွမ်းသွေးလျက်... 


" နင့်ကိုယ်ကအနံ့တစ်မျိုးရတယ် သိလား၊ စောနက ငါနင့်ကို ချစ်လွန်းလို့ အောင့်နမ်းလိုက်ရတာ အဟက်... ရေချိုးထားနော် " 


ဟု တရွေ့ရွေ့လျှောက်ရင်း ပြောသွားကာ ခြွေ့အား မျက်လုံးတစ်ဖက် ဖျတ်ခနဲမှိတ်ပြပြီးမှ နောက်လှည့်၍ လှေကားပေါ် ခပ်သော့သော့ပြေးတက်သွားလေရဲ့။ 


ဘုရားရေ ခေါင် စိတ်လွတ်သွားတာများလား။ ဒါဟာ အိပ်မက်မဟုတ်ဘူးဆိုရင် သူမ ကြုံတွေ့နေရတာတွေက အမှန်တကယ်ပဲပေါ့။ မမှန်နိုင်စရာမှမရှိဘဲ။ လွင်တီးခေါင်က လွင်တီးခေါင်ပဲပေါ့။ နာမည်နဲ့လိုက်အောင် ပူပြင်းခြောက်သွေ့ပြီး ရာသီဥတုလိုမျိုး အပြောင်းအလဲမြန်သလို ပုတ်သင်ညိုလိုလည်း အသွင်ပြောင်းတတ်သေးတယ်။ 


နေပါဦး ဘာတဲ့ သူစောနကပြောသွားတာ၊ ချစ်လွန်းလို့ အောင့်နမ်းလိုက်ရတယ်ဆိုပါလား။ စကားပုံကိုတောင် ပြောင်းပစ်နေတာပါပကော။ 


ခဲဖျော့ရောင် ဖြောင့်စင်းနေသည့် ဆံပင်တွေထဲ လက်ထိုးထည့်ဖွရင်း စိတ်ရှုပ်ထွေးမှုကို ​ခြွေ ဖြေဖျောက်နေမိ၏။ မျက်နှာကို လက်ဖြင့် တစ်ချက်သပ်ကာ အိမ်ပြန်နောက်ကျမည်ဖြစ်ကြောင်း မေမေ့ဆီ ဖုန်းဆက်အသိပေးလိုက်ပြီးနောက် ရေချိုးရန် အောက်ထပ်သန့်စင်ခန်းသို့ ဝင်လိုက်သည်။ 


" ဟော မခြွေ အကျီလဲဖို့အပိုမပါဘူးလား၊ မလုံးကို ပြောတာမဟုတ်ဘူး မလုံးမှာအကျီအသစ်ရှိတယ် မခြွေကိုပေးမှာပေါ့လို့ " 


" ရပါတယ်ရှင် " 


ကြီးကျယ်တာမဟုတ်ပေမယ့် သူများအဝတ်အစားဝတ်ရမှာ အားနာတာမို့ ဝတ်ပြီးသားပြန်ဝတ်ရလည်း သူမအဖို့ အဆင်ပြေသည်ဟု စိတ်ထဲကပဲ တိုးတိုးပြောလိုက်မိသည်။ 


" မခြွေကသာရတာ အစ်ကိုလေးပြောနေဦးမယ် သိတယ်မလား " 


မလုံးက လေသံခပ်အုပ်အုပ်နဲ့ အပြင်ဘက်ကို လှမ်းလှမ်းကြည့်ရင်း ​ခြွေ့ကိုပြောနေသည်။ 


" ခြွေလည်းကူပေးမယ် " 


ထမင်းပွဲပြင်နေသည့် မလုံးကို ကူပေးရင်းနဲ့ ခေါင်ဆင်းအလာကို စောင့်နေလိုက်တော့သည်။ တအောင့်ကြာတော့ လှေကားပေါ်ကဆင်းလာနေသည့် ​ခြေသံသဲ့သဲ့ကြားရပြီး ရေချိုးဆပ်ပြာနံ့က လေနဲ့အတူ လွင့်လာ၏။ 


" ဟင် ​ခြွေ ဝတ်ပြီးသားပြန်ဝတ်ထားတာ၊ အကျီအပိုမပါဘူးလား၊ ညစ်ပတ်တယ်ကွာ " 


ဘေးနားကခုံမှာလာထိုင်သော ခေါင့်ကို မလုံးက ထမင်းခူးခပ်ထည့်ပေးနေသည်။ ခေါင်က သူမအား ငဲ့မော့ကြည့်နေတာကို သတိပြုမိပေမယ့် မသိသလိုနေကာ မျက်နှာလွှဲထားမိ၏။ 


" ထိုင်လေ အတူစားမယ် " 


ခြွေ့မှာ ခေါင့်အား ဂျစ်ကန်ကန်လုပ်ပြီး ငြင်းဆန်ဖို့ အခွင့်အရေးမရှိပါ။ သူ ပထမဆုံးအကြိမ် နူးနူးညံ့ညံ့ပြောတုန်းလုပ်ပေးလိုက်လျှင် အရာရာအေးချမ်းသွားပေလိမ့်မည်။ ထို့ကြောင့် သူ့ဘေးခုံ၌ အသာဝင်ထိုင်လိုက်ရသည်။


" မလုံး " 


" ရှင် အစ်ကိုလေး "


" မေမေ့အတွက် ထမင်းပွဲပြင်ပြီး သွားပို့ပေးလိုက်၊ ပြီးတော့ စားပြီးတဲ့အထိ စောင့်နေပေးလိုက်ဦး " 


" ဟုတ်ကဲ့ပါ အစ်ကိုလေး " 


ခေါင်က သူ့ထိုင်ခုံကိုဆွဲ၍ သူမထိုင်ခုံနဲ့ နီးကပ်စေလိုက်သည်။ သူမ ကိုယ်လေးကျုံ့သွား၏။ သူ့ဆီက ရယ်သံထွက်လာသဖြင့် ငဲ့ကြည့်လိုက်ရာ စူးစူးနစ်နစ်အကြည့်တွေနဲ့ ရင်ဆိုင်ရသည်။ 


" ငါ့ကိုစိတ်ကောက်နေတာလား " 


" ..... " 


" ဟင် ကောက်နေတယ်မလား ကောက်နေပါတယ် ဟုတ်လား " 


" ငါစိတ်မကောက်တတ်ဘူးခေါင်၊ ပြီးတော့ ငါ့မှာနင့်ကို စိတ်ကောက်ခွင့်ရှိလို့လား " 


" အဟွန်း " 


ဘာအဓိပ္ပာယ်လဲမသိ ခေါင်က ခပ်ရွှင်ရွှင်ရယ်လိုက်ပြန်သည်။ နှုတ်ခမ်းနှစ်လွှာကို တစ်ချက်ဖိပိတ်လိုက်သော မှာတမ်းခြွေသည် အကြည့်ရောက်နေသော ကန်စွန်းပလိမ်းဆီ လက်လှမ်း၍ ဇွန်းနဲ့ခရင်းကြားညှပ်ယူကာ သူ့ထမင်းပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။ ပြီးနောက် သူ့အကြိုက် ငါးသေတ္တာဟင်းကိုပါ ခပ်ထည့်ပေးလိုက်၏။ 


" ငါ့ချစ်သူလေးက အလိုက်သိလိုက်တာ၊ ဒါကြောင့်ချစ်နေရတာ " 


သူက ပေါ့ပေါ့ပါးပါးပြောလိုက်ပေမယ့် နှစ်ယောက်ထဲရှိနေချိန်မဟုတ်၍ အနားက မလုံးကို အားနာကာ ဘာကြောင့်ရယ်မသိ မျက်နှာပူသွားသလိုပင်။ ခဏအကြာ မလုံး လင်ဗန်းတစ်ချပ်နဲ့ထမင်းပွဲပြင်ပြီး အခန််းထဲမှ ထွက်သွားလေသည်။ 


" ငါ့ပန်းကန်းထဲထည့်ပေးမလို့ဆို မထည့်နဲ့နော်၊ ငါမကြိုက်လို့ " 


ငါးသေတ္တာဟင်းတစ်ဖက်ခပ်၍ သူမပန်းကန်ထဲထည့်ဖို့ ဦးတည်နေသော ခေါင့်ကို လက်တစ်ဖက်ကာလျက် တားလိုက်သော်... 


" စားကြည့် ချစ်လို့ကျွေးတာ ကြိုက်သွားလိမ့်မယ် " 


ဟုတ်သားပဲ... သူမက သူနဲ့စေ့စပ်ထားတဲ့မိန်းကလေးတစ်ဖြစ်လဲ သူထားရာနေ စေရာသွား ကျွေးတာစား ပေးတာယူ စကားနားထောင်သည့် သူချစ်ရတဲ့သူပဲ။ အတိတ်မေ့သွားရင်တောင် ဒါကိုတော့ မေ့လို့မဖြစ်။ 


ခါတိုင်း မေမေနဲ့အတူစားနေကျမို့ ခြွေ့စိတ်ထဲ တစ်မျိုးတစ်မည်ဖြစ်နေ၏။ စားတယ်ဆိုရုံလေးစားနေသော ခြွေသည် သူမခါးကို လက်တံရှည်တစ်ဖက် ပွေ့ဖက်လာသည်ကို ခံစားရသောအခါ တောင့်တောင့်လေးဖြစ်သွားရင်း ဇွန်းအား လွတ်မကျအောင် ထိန်းကိုင်ထားလိုက်ပြီး အောက်နှုတ်ခမ်းအား ရှေ့သွားဖြင့် ဖိကိုက်ထားလိုက်သည်။ 


" ဒီရက်ပိုင်း ငါအလုပ်တွေတအားများနေလို့ နင့်ကိုပစ်ထားမိသလိုဖြစ်သွားတယ်ဟာ၊ နင်စိတ်ကောက်မယ်ဆိုလည်း စိတ်ကောက်ချင်စရာပေါ့၊ အဲ့တော့ ပြန်ချော့တဲ့အနေနဲ့ နင်ဘယ်သွားချင်လဲ ဘာတွေလုပ်ချင်လဲ ပြော...၊ နက်ဖြန် sunday တစ်ရက်တော့ ငါလိုက်ပို့ပေးလို့ရတယ် "


သူက သူမဘက်လှည့်၍ မျက်နှာကို နီးကပ်စေသည်။ သူ့အာငွေ့နွေးနွေးက ခြွေ့မေးဖျားကို လာရိုက်ခတ်နေလေတော့ ဘဝင်မကျချင်။ မျက်ခုံးတစ်ဖက်ကုပ်မိသွား၏။ 


" ဘယ်မှသွားစရာမရှိဘူး၊ ပိတ်ရက်ဆိုတော့ အန်တီမော့်အနားမှာပဲနေပေးလိုက်ပါ " 


" ငြင်းတာလား " 


" အမ် " 


သူမပခုံးတစ်ဖက်ပေါ် သူမေးတင်လာသဖြင့် လက်မောင်းသားတွေ ဆတ်ခနဲ တုန်သွားသည်။ တဆက်တည်း ရင်ထဲ တင်းကြပ်သွား၏။ 


" နင်အနားယူရအောင်လို့ပါ " 


ဖျော့တော့သော စကားသံအဆုံး သူ့အားငဲ့ကြည့်ရာ သူနဲ့ အကြည့်ချင်းဆုံသွားစဥ်... 


" နင်က ငါ့အနားနေချင်လိမ့်မယ်ထင်တာ မနေချင်ဘူးပေါ့ ဟုတ်လား " 


" အင် " 


ခြွေ ကြည့်နေစဥ် သူမေးတင်ထားသည့် ပခုံးကို ခေါင်က နှုတ်ခမ်းသားဖြင့် ဖိကပ်နမ်းလာပြန်ရာ အနေခက်စွာ ရုန်းထွက်ချင်စိတ်ကို ချုပ်တည်းထားရသည်။ လက်ထဲက ဇွန်းခရင်းကို အောက်ချလိုက်ရင်း သူမ အသာလေးကိုယ်ကိုနောက်ရို့လိုက်ကာ... 


" အမှန်တော့ မနက်ဖြန် မေမေနဲ့ဘုရားသွားဖို့ စီစဥ်ထားတယ် " 


မရဲတရဲဖြင့် အသိပေးသလိုပြောလိုက်စဥ်ခဏ ရှေ့ကစားပွဲခုံက သိသိသာသာ လှုပ်ရှားသွားသည်မှာ ခေါင်သူ့ထမင်းပန်းကန်အား ရှေ့သို့တွန်းပစ်လိုက်ခြင်းကြောင့်ပင်။ ဒုတ်ခနဲ ခုန်သွားသော နှလုံးခုန်သံကို သတိပြုမိလိုက်ရင်း သူက ဒေါသပါပါအော်လိုက်သည်။ 


" ဘာ " 


မတ်တပ်ထရပ်လိုက်သော လွင်တီးခေါင်အား ခြွေ အထိတ်တလန့် မော့ကြည့်လိုက်သည်။ ဖွဟဲ့ လွဲပါစေ...၊ သူ တစ်ခုခုများ ပူးကပ်ခံထားရတာလား။ တခဏအတွင်း အူကြောင်ကြောင်တွေးလိုက်မိသေးသည်။ 


" ဘာပြောလိုက်တာ " 


သူ ထပ်မေးနေတာ မကြားလို့မဟုတ်။ သေချာသည်ထက် သေချာအောင် မေးနေပုံရသည်။ ခေါင်က ခါးတစ်ဖက်လက်ထောက်လျက် ကျန်တစ်ဖက်က သူမကို ဂျိုင်းကနေဆွဲမထူစေသည်။ 


" ဘယ်တုန်းကသွားဖို့စီစဥ်ထားတာလဲ၊ အခု မလွှဲသာလို့ ငါ့ကိုပြောလိုက်ရတာမလား၊ ငါမသိအောင် ဖုံးကွယ်ထားပြန်ပြီလား ဟမ် နင့်ကိုငါဘာပြောထားလဲ မှာတမ်းခြွေ၊ နင်ငါ့အကြောင်း သိတယ်မှတ်လား " 


" ခေါင် " 


မရည်ရွယ်ဘဲ မှာတမ်းခြွေနှုတ်မှ လွှတ်ခနဲ အော်လိုက်မိသွားသည်။ ပြီးမှ အစွန်းထွက်သွားသော ​ဒေါသအစိုင်အခဲအား ချေဖျတ်လိုက်ကာ ပုံမှန်လေသံအတိုင်းဖြစ်အောင် ထိန်း၍ ပြောလိုက်ရသည်။ 


" ညကမှ ဆိုင်းမဆင့်ဗုံမဆင့် စီစဥ်ဖြစ်သွားတာပါ၊ မရောက်တာကြာလို့ မေမေကသွားချင်တယ်ဆိုလို့ လိုက်ပို့ပေးရုံတင် ပြီးတော့ "


" ဆင်ခြေတွေ ဆင်ခြေတွေ နင့်တစ်ကိုယ်လုံးဆင်ခြေတွေ အပြည့်ပဲနော် မှာတမ်းခြွေ၊ တစ်ခုခုဆို ဆင်ခြေပေးဖို့အသင့်ပဲ အဲဒါကျ သင်ပေးစရာမလိုဘူး " 


" ငါဆင်ခြေပေးနေတာမဟုတ်ဘူး လွင်တီးခေါင်၊ ဒီနေ့နင့်ကို အိမ်မှာတွေ့ရင်ပြောပြမလို့ပဲ၊ နင့်ပုံစံကြည့်ရတာ အရေးကြီးနေတယ်ထင်လို့ မပြောဖြစ်လိုက်တာ " 


" နောက်ဆုံးအနေနဲ့ ခွင့်လွှတ်ပေးလိုက်မယ်၊ နောက်ဆုံးနော် မှာတမ်းခြွေ " 


ခြွေသည် ရုတ်ချည်း လည်ပင်းမှာ တင်းတင်းကြပ်ကြပ်ကြီး ခံစားနေရသဖြင့် အကျီရင်ဘက်ကို လက်ဖြင့် အောက်သို့ဆွဲချလိုက်၏။ နောက် စားပွဲစောင်းကို အားပြုရပ်လိုက်ရသည်။ ခဏမှာပင် ခေါင်က သူမလက်နှစ်ဖက်ကိုဆွဲယူလျက် ကြီးမားနွေးထွေးသည့် လက်ဖဝါးတစ်ဖက်က ဖြူဖျော့နေသည့် ခြွေပါးပြင်တစ်လျှောက် ပွတ်သပ်ကိုင်တွယ်ရင်း... 


" နက်ဖြန်စောစောလာခဲ့မယ်၊ ဘုရားအတူသွားကြတာပေါ့ " 


သွေးရောင်ကင်းမဲ့နေပေမယ့် အမွှေးနံ့လေးတစ်ခုသင်းနေဆဲဖြစ်သော ခြွေ့ပါးပြင်လေးသည် လွင်တီးခေါင်စကားအဆုံး၌ သူ့နှာခေါင်နဲ့ မိတ်ဆက်ပြီးသားဖြစ်သွားသည်။ လက်ချောင်းတွေကို တင်းတင်းကွေးဆုပ်လိုက်ပြီး စိတ်ထဲ၌သာ ငြင်းဆန်လိုက်သည်။ သို့သော် ရင်ထဲ အေးခနဲ ဖြစ်သွားသည်က ဘာကြောင့်များပါလိမ့်။ 


အနမ်းတွေက ညင်သာပေမယ့် အေးစက်နေသောကြောင့်လား။ 


°°°°°°°°°° 


ဖိနပ်စင်မှာ ဖိနပ်ချွတ်လဲ၍ မှာတမ်းခြွေ အိမ်ထဲဝင်လာစဥ် ဧည့်ခန်းဘေး စားပွဲဝိုင်းချထားသည့်နေရာမှာ ကလေးတွေ စာသင်ဖို့ အဆင်သင့်ဖြစ်နေကြပြီ။ 


" ကလေးတွေ ရောက်တာကြာပြီလား "


" ဟုတ်ကဲ့ " 


" သမီးက ခုမှရောက်တာပါဆရာမ " 


" သားရောပဲ " 


" အေး အေး ဟုတ်ပါပြီ၊ ဆရာမနောက်ကျသွားလို့ ကလေးတို့ကိုတောင်းပန်တယ်နော်၊ အဝတ်လဲပြီးရင် လာခဲ့မယ်၊ စာအုပ်တွေအသင့်ထုတ်ထားလား " 


" ဟုတ်ကဲ့ အသင့်ပါပဲ " 


ပြိုင်တူအော်လိုက်ကြသော အသံစာစာလေးတွေက နားထဲစူးခနဲဝင်လာသဖြင့် စိတ်အပန်းပြေကာ အလိုလို ပြုံးမိလျက်သားဖြစ်သွားသည်။ သူတို့ကို အရှေ့မှာ ခဏထားခဲ့ပြီး အခန်းထဲပြေး အဝတ်စားလဲပြီးတော့ မေမေ့အခန်းထဲ ခဏဝင်ကာ မျက်နှာပြ၍ မေမေ့အ​ခြေအနေ တစ်ချက်ကြည့်ပြီးနောက် ပြန်ထွက်လာခဲ့တော့သည်။ 


" အိမ်စာတွေစစ်မယ် " 


" ဟုတ် " 


" သားကိုအရင်စစ် " 


" သမီးကိုစစ်ပါဆရာမ၊ ဝလုံး နှစ်မျက်နှာကို လှလှလေးရေးလာတယ် " 


" ဆရာမကျက်ခိုင်းလိုက်တဲ့ အလီတွေရော ကျက်လာလား သားဥက္ကာ " 


" ဟုတ် " 


" ဟုတ်ပြီ ပြန်နွှေးဦးမလား၊ အဆင်သင့်ဖြစ်ရင် ဆိုလို့ရပြီ၊ ကလေးတွေ အိမ်စာထပ်မယ် " 


သူငယ်တန်း၊ တစ်တန်းကလေးတွေနဲ့ ၄ နှစ်အရွယ်ကလေးတွေကို အိမ်မှာရေးခိုင်းလိုက်သည့် အိမ်စာအသီးသီးကိုစစ်နေရင်း တစ်ဖက်က အလီဆိုနေသောကလေးကိုလည်း အာရုံစိုက်နေရသည်။ ထိုအချိန်ဆို ခြွေက ပုရွက်ဆိတ်ဝိုင်းအုံနေသည့် ထန်းလျက်ခဲလိုပင်။ သူမအား ကလေးတွေ ခြံရံလျက်ရှိသည်။ ပျော်လည်းပျော်ရသည်။ လူကြီးတစ်ယောက်ကိုစာသင်ပေးရမှာနဲ့ ကလေးဆယ်ယောက် စာသင်ပေးရမှာ ဘယ်ဟာကိုရွေးမလဲဆိုရင် သူမ ကလေးတွေကို စာသင်ဖို့ရွေးမိပေလိမ့်မည်။ ကလေးတွေက ဖယောင်းလို ကိုယ်ပုံသွင်းရင်ပုံသွင်းသလောက်ရသည်ဟု ယုံကြည်ထားသောကြောင့်ပင်။ 


" အားလုံးတော်တယ်၊ အိမ်စာတွေလည်းလိုက်လုပ်ကြတယ်ဆိုတော့ ဆရာမက ကလေးတွေကို ဆုချရမှာပေါ့၊ ကဲ အငယ်မရေ မုန့်ယူလာခဲ့ပါဦး " 


စာသင်ချိန်နှစ်နာရီပြီးတော့ ကျူရှင်ဆင်းချိန် ခါတိုင်းလို ကလေးတွေကို မုန့်ကျွေးလိုက်သည်။ ခြွေက တော်ရင် ဆုချတတ်သလို စာလိုက်မလုပ်ရင်လည်း ပြစ်ဒဏ်ပေးတတ်စမြဲပင်။ ကလေးတွေက ခြွေ့အပေါ်ဆိုးချင်ပေမယ့် စကားတော့နားထောင်ကြသည်။ 


မေမေမအိပ်ခင် မေမေ့ကို ဦးသုံးကြိမ်ချရှိခိုးကန်တော့ပြီးနောက် နှစ်ယောက်ထိုင်ဆိုဖာပေါ် ခြေပစ်လက်ပစ်လှဲအိပ်လိုက်သောအခါ တဗြုတ်ဗြုတ်ဖြင့် အရိုးအဆစ်တွေ မြည်သံကြားရသည်။ တနေကုန် ကျောမှမဆန့်ရသေးဘဲ။ တောင့်တင်းနေတော့မပေါ့။ 


" မမခြွေ အပေါ်မှာသွားအိပ်လေ၊ အညောင်းပြေလှဲရင်းနဲ့ ဆိုဖာပေါ် အိပ်ပျော်သွားဦးမယ် " 


" ခဏပါ အငယ်မရယ်...၊ မမကို သံပုရာရည်အေးအေးချဥ်ချဥ်လေး တစ်ခွက်လောက် သွားဖျော်ခဲ့ပေးပါ သွား သွား "


" ရှယ်ဖျော်ခဲ့မယ် " 


သွက်လက်သော အငယ်မက အနားပြန်ရောက်လာပြီး သူလက်စွမ်းပြထားသော ရှယ်ဖျော်ထားသည့် သံပုရာရည်ကို တစ်ကျိုက်တည်း မော့သောက်ချပလိုက်၏။ 


" ပင်ပန်းနေတာကို သွားအိပ်တာမဟုတ်ဘူး၊ မမခြွေတစ်ယောက်ကတော့ " 


" နင်မသိပါဘူးဟာ၊ လက်လျော့ချင်လောက်အောင် ပင်ပန်းလည်း မလုပ်ချင်တာကို သိသိရက်နဲ့ လုပ်နေရတာတွေ အများကြီးရှိတယ်၊ တချို့က လောဘကြောင့်လုပ်နေကြသလို တချို့က တာဝန်သိတတ်မှုကြောင့်ပေါ့ "


" ချုပ်လက်စအကျီတွေ လက်စသတ်ဖို့ကျန်သေးတယ်၊ နင်သွားအိပ်တော့၊ ငါတစ်ယောက်ထဲဖြစ်တယ် " 


အန်တီမော်အတွက် အကျီနဲ့ထမိန်ရယ် အန်ကယ်ထွဋ်ခေါင်အတွက် လုံချည်နဲ့ အကျီ ရယ်ကို အရင်ဦးစားပေးချုပ်ပြီးပေမယ့် လွင်တီးခေါင်နဲ့ သူမမေမေအတွက် စတောင်မစရသေးတာမို့ ယနေ့ညတော့ ခေါင့်အတွက် ရှပ်အကျီဖြစ်ဖြစ်ချုပ်ပြီးဖို့ ရည်သန်ထား၏။ ပြောပြောဆိုဆို အပ်ချုပ်စက်ရှေ့ထိုင်လိုက်တော့ အငယ်မက နောက်မှာလာရပ်ပြီး ဇက်ကြောဆွဲပေးရင်းက...


" တင်းတောင့်နေတာပဲ အဲဒါကိုမနားဘူးနော် " 


" တင်းလည်းတင်းပစေတော့၊ အကျင့်ဖြစ်အောင်မလုပ်နဲ့ သွား သွားအိပ်တော့ဆို " 


သူမပခုံးပေါ်က အငယ်မလက်ဖျံကို လှမ်းရိုက်ရင်း ပြောလိုက်တော့ ပခုံးပေါ်ကလက်တွေ ရုတ်သွားသော်လည်း အနားကမခွာသေးပေ။ 


" အိမ်အလုပ်တစ်ခုပဲလုပ်ရတဲ့ သမီးကိုယ်သမီးတော့ အတော်ပင်ပန်းပြီထင်နေတာ၊ ခုတော့ မမခြွေက သမီးထက်ပိုပင်ပန်းနေတာပဲ " 


" တော်တော်ပြောတတ်နော် အဟွင်း "  


" တကယ်ပြောတာ မမခြွေက ကိုလွင်တီးခေါင်အပေါ်မှာ အနွံတာခံသိတတ်သလောက် သူကျတော့ မမအပေါ်တစ်စက်ကလေးမှမကောင်းဘူးနော်၊ အကျင့်ပုတ် သူများမမကို လက်ပါခြေပါနဲ့၊ ကြည့်လို့တစ်စက်မှကိုမရဘူး အဟွန့် " 


" ဟယ် တော်တော် ဒီစကားဒီတင်ပျောက်၊ နောက်အဲလိုမပြောနဲ့ သူ့ရှေ့တင်မဟုတ်ဘူး ကွယ်ရာမှာလည်းမပြောနဲ့၊ ကြားလား... ဒီကိစ္စ ဘယ်သူမှမသိစေနဲ့ အထူးသဖြင့် မေမေမသိစေနဲ့၊ အငယ်မ နင်နှုတ်လုံပစေနော် ဟုတ်ပလား " 


" ဟုတ် ဟုတ်ကဲ့ပါ မမခြွေကလည်း... မမခြွေက အားနာတတ်တာကိုး အဲဒါကြောင့် ကိုလွင်တီးခေါင်က " 


" ဟဲ့ ဟဲ့ ပြောလေကဲလေပါလား သွား ပါးစပ်ပိတ်ပြီးသွားအိပ်ချည် ထပ်မပြောတော့ဘူး "


" အွင်း " 


ထိုအခါ ပါးစပ်ပိတ်၍ အာလုတ်သံဖြင့် ပြောသွားသေးသည်။ ခေါင်းပါညိတ်ပြသွားတာပင်။ သူမခင်မျာ ကျောပူခေါင်းပူဖြစ်ကျန်ခဲ့၏။ ဒါဟာ လျှို့ဝှက်ချက်ဆိုရင် ဘယ်အချိန်ထိ ထိန်းထားနိုင်မှာပါလိမ့်နော်။ 


ယနေ့ည အခန်းထဲကို ဖြတ်တိုက်လာသည့် ရန်ကုန်နွေဦးလေက ခါတိုင်းညတွေထက် ပိုပူနေသလို ခံစားရတာ သူမစိတ်ထင်ပဲလား။ 


°°°°°°°°°°°


ရွှေတိဂုံဘုရားသွားဖို့အတွက် ခြွေ့မေမေရော ခြွေပါ အဆင်သင့်ဖြစ်နေပြီး ဧည့်ခန်းမှာ ခေါင်အလာကို ထိုင်စောင့်နေလိုက်သည်။ နေမမြင့်ခင်သွားချင်တာမို့ အတော်ကြာသည်အထိရောက်မလာသေးသော ခေါင့်ဆီ ဖုန်းဆက်ရနိုးနဲ့ စဥ်းစားရင်း အချိန်တွေပိုကြာသွားရသည်။ မေမေကလည်း တကြွကြွဖြစ်နေပြီ။ စဥ်းစားမနေတော့ဘဲ ဖုန်းဆက်လိုက်ရာ ဖုန်းဝင်သွားချိန် အိမ်ရှေ့မှာ ကားရပ်သံကြားတာကြောင့် ထွက်ကြည့်မိတော့ လွင်တီးခေါင်ဖြစ်နေသဖြင့် ဖုန်းချလိုက်၏။


" ဘာတွေလောနေတာလဲ ဟင် " 


နောက်နားရပ်၍ လေသံငွေ့ငွေ့နဲ့ နှစ်ကိုယ်ကြားရုံမျှပြောပြီး သူ့ခြေလှမ်းတွေက ဧည့်ခန်းမှာထိုင်နေသည့် မေမေ့ဆီ ဦးတည်ကာသွားသည်မို့ သူမလည်း ဖြည်းဖြည်းလျှောက်လိုက်သွား၏။ 


" ဒီကိုထွက်လာခါနီးမှလေ မေမေနဲ့စကားခဏပြောနေလို့ နောက်ကျသွားတာ စိတ်မရှိပါနဲ့နော်အန်တီ၊ အဆင်သင့်ဖြစ်ရင် ကျွန်တော်တို့သွားကြမလား " 


" သွားတာပေါ့ကွယ် " 


အို ဒီလိုကျတော့လည်း ခေါင်တို့က ချွန်းလွန်းနေလို့ပါလား။ စောနက မကြည်မသာဖြစ်နေတဲ့ မေမေ့မျက်နှာကလည်း ပြုံးလို့ရွှင်လို့။ ပဝါတဘက်တစ်ထည်ကို မေမေ့ပခုံးပေါ်သိုင်းခြုံပေးလိုက်ပြီး ကျန်ချည်ပဝါအဖြူပါးလေးတစ်ထည်ကိုတော့ သူမပခုံးတစ်ဖက်ပေါ် ကိုယ့်ဘာသာတင်ထားလိုက်သည်။ 


ရှပ်လက်ရှည်ဖြူကို ယောပုဆိုးနက်ပြာထဲ သေသပ်ကျနစွာ ထည့်ဝတ်ထားသော ခေါင်သည် နံနက်ခင်း နေခြည်နုနုအောက်တွင် လန်းဆန်းတက်ကြွနေသည်။ အကျီလက်တွေကို တံတောင်ဆစ်နားထိခေါက်တင်ထားသဖြင့် အမွှေးစိမ်းစိမ်းလေးတွေက ဖြူသောအသားရည်ထက် မျက်စိပဒါသဖြစ်ဖွယ်။ ဓာတ်လှေကားစီးပြီး မေမေ့ကိုတွဲ၍ ဘုရားရေပြင်တော်ပေါ်သို့တက်ရာတွင် ​ခြေမျက်စိထိဖုံးသော လုံချည်အနားစက ခေါင်ခြေလှမ်းတိုင်း တဖျတ်ဖျတ် ရိုက်ခတ်သံကြားရ၏။ 


အထူးဆန်းသဖွယ်ဖို့ မျက်စိဒေါက်ထောက်ကြည့်မိသလိုဖြစ်မှန်းမသိဖြစ်နေသော မှာတမ်းခြွေကို ခေါင်သတိထားမိပြီး ငဲ့ကြည့်တော့မှ ရှက်ရွံ့ရွံ့ဖြင့် သူမမျက်လွှာချလိုက်သည်။ 


ကချည်ထည် အပြာရင့်ရောင်လုံချည်လေးနဲ့ မိုးပြာရောင် ခါးတင်လက်ပြတ်ရင်ဖုံးအကျီပြောင်လေးကို ချပ်ချပ်ရပ်ရပ်ဝတ်ထားကာ  သနပ်ခါးရေကျဲလေးလူး၍ နန်းဆန်စွာလှနေသော ခြွေ့ကို မြင်သူငေးကြမှာ တွေးကြည့်စရာပင်မလို။ အနောက်မှာ ကျစ်ဆံမြီးလေးတစ်ချောင်းကျစ်၍ ချထားပုံမှာ မျက်နှာသွယ်သွယ်လေးကို ရှင်းလင်းစွာမြင်ရအောင် ကူညီထားဘိသကဲ့သို့ပင်။ 


နွေဦးလေလေးတစ်ချက် နှော့လိုက်တိုင်း ပခုံးပေါ်က ပဝါအနားစလေးက နောက်မှာ တလွင့်လွင့်။ 


အောက်မှာထဲက တစ်ခါတည်းဝယ်လာခဲ့သော နှင်းဆီပန်းနဲ့သပြေကို ဘုရားမှာ ကပ်လှူပြီးသည့်နောက် မေမေက အိတ်ထဲမှ ၁၀၈ လုံး ပုတီးကိုထုတ်၍ သူမတို့ဘက်လှည့်ရင်း... 


" မေမေက ပုတီးတစ်ပတ်ပြည့်အောင်စိတ်မှာဆိုတော့ ကြာဦးမှာ ၊ ကလေးတို့ တအောင့်တော့စောင့်ရလိမ့်မယ်နော် " 


" ရပါတယ်မေမေ " 


" ရတယ်အန်တီ၊ စိတ်ဖြောင့်လက်ဖြောင့်လုပ်ပါ၊ ဘာမှတက်သုတ်ရိုက်စရာမလိုဘူး ကျွန်တော်တို့ကအေးဆေး " 


" အေးပါကွာ အေးပါ အေးပါ " 


" ကျွန်တော်တို့ ဘုရားရင်ပြင်မှာပဲရှိနေမယ်နော် အန်တီ "


မေမေ့အား ပြောပြီးသည်နှင့် လွင်တီးခေါင်က သူမလက်တစ်ဖက်ကို ထွေးဆုပ်၍ ရင်ပြင်ဘက်သို့ ဦးဆောင်ကာလျှောက်ထွက်သွားသည်။ မိမိနေ့နာမ်မှာ ရှိခိုးကန်တော့ဆုတောင်းပြီး ရင်ပြင်တစ်ပတ်ပတ်၍ ဖူးမျှော်လိုက်၏။ ခေါင်က အနားမှာပူးကပ်နေ၍ လက်ကိုတစ်စက်မှလွှတ်မပေး။ လက်မှချွေးစေးတွေ ထွက်လာတော့ သူက တစ်ဖက်သို့ပြောင်းကိုင်သည်။ 


နောက် ဘုရားတစ်စောင်းတစ်ခုမှာ အေးအေးလူလူထိုင်လိုက်ကြသည်။ 


" ဘာကြည့်တာလဲ " 


သူ့အမေးကို ခြွေခေါင်းခါပြလိုက်သည်။ ခေါင်က တင်ပျဥ်လွေခွေထိုင်နေပြီး သူမက ကျုံ့ကျုံ့လေးထိုင်နေရာ ခြေချောင်းလေးတွေပေါ်နေသဖြင့် လုံချည်အောက်နားစကိုဆွဲယူဖုံးလိုက်၏။ ဒါကို သူက ပြုံးကြည့်နေသည်။ 


" နင်ဒီနေ့ အရမ်းလှနေတယ်၊ ဒါပေမဲ့ နောက်ဒီလို လှလှပပထပ်မဝတ်နဲ့ " 


'တမင်လှအောင် ဝတ်ထားတာမှမဟုတ်ဘဲ'  လို့ ခြွေ့စိတ်ထဲမယ် ပက်ခနဲ ပြန်ပြောလိုက်ပါသည်။ လက်တွေ့မှာတော့ ခြွေတို့ထုံးစံအတိုင်း မလှုပ်မယှက်နဲ့ပေါ့။ 


ထိုအချိန် ခေါင်က သူမမသိအောင်ယူလာခဲ့သည့် စံပယ်ပန်းကုံးလေးကို သူမဆံပင်မှာ ရစ်ပတ်ချည်ပေးလာသည်။ နောက် တရိပ်ရိပ်တိုးလာသော သူ့မျက်နှာကြောင့်... 


" ဘုရားပေါ်မှာနော် ခေါင် " 


" အေးလေ " 


ပြောပြောဆိုဆို ခေါင်က သူမနားကကပ်ကာ စံပယ်ပန်းကုံးကို လှမ်း၍မွှေးလိုက်၏။ သူမ ကိုယ်လေး တွန့်ခနဲဖြစ်သွားသည်။ 


" နင်ဘာတွေတွေးနေတာလဲ ကောင်မလေး မဟုတ်မှ "


" အို " 


ရုတ်တရက် ရှက်ကိုးရှက်ကန်းဖြင့် သူ့ရင်အုပ်ကျယ်ကျယ်ကို နောက်သို့တွန်းပစ်လိုက်မိသည်။ သူက ဟက်ဟက်ပက်ပက် ရယ်မောနေ၏။ ပြီးတော့ သူမရဲ့စေ့စပ်လက်စွပ်ဝတ်ထားသည့် လက်ကို ခေါင်ကဆွဲယူပြီး  စိန်ပွင့်တွေနဲ့မို့ နေရောင်အောက် တဖျပ်ဖျပ်လက်နေသော သူနဲ့ဆင်တူလက်စွပ်လေးကို မှင်သက်စွာ ငေးမောကြည့်နေသော ခေါင့်မျက်နှာကို တပြန် သူမက ငုံ့မိုးကြည့်နေမိ၏။ 


အမြဲဒီလိုလေးဆို ဘယ်လောက်စိတ်ချမ်းသာစရာကောင်းလိုက်မလဲ။ တကယ် ဘုရားရိပ်က ခိုလှုံသူမှန်သမျှ အေးမြစေတာပါ။ 


သူမလက်စွပ်ကိုထိတွေ့ရင်း လက်ချောင်းလေးတွေကို ပွတ်သပ်ဆော့ကစားနေသော ခေါင်သည် လူငယ်လေးတစ်ယောက်လို ပေါ့ပါးလက်ဆတ်နေ၏။ ထိုပုံရိပ်ကြောင့် သူမ ကျေနပ်စွာ ပြုံးမိရသည်။ စိတ်အေးချမ်းမှုနဲ့ ဘေးဝန်းကျင်ကို လှမ်းကြည့်နေမိစဥ် ခပ်လှမ်းလှမ်းမှာ ဓာတ်ပုံရိုက်နေကြသည့် ချစ်သူစုံတွဲဖြစ်ဟန်တူသော လူနှစ်ယောက်က မြင်ကွင်းထဲ ထင်းခနဲ ဝင်လာတော့ ထိုနေရာမှာ သူမအကြည့်တို့ ရပ်တန့်သွား၏။ 


ပိုစ့်အမျိုးမျိုးပေးနေသော ချစ်သူကောင်မလေးကို ကောင်လေးက စိတ်ရှည်ရှည်နဲ့ အလှဆုံးဖြစ်အောင် သေချာဂရုစိုက်ဓာတ်ပုံရိုက်ပေးနေတာပင်။ ကြည့်နေရင်း ဘာရယ်မဟုတ် အပျော်တွေကူးစက်သလို ပြုံးမိသည်။ တစ်ယောက်တစ်လှည့် အပြန်အလှန်ဓာတ်ပုံရိုက်ပေးရင်း နှစ်ယောက်တွဲပုံရိုက်ဖို့ အခက်တွေ့နေပုံရသော အတွဲက သူမတို့ထိုင်နေသည့်နေရာကို ဖျတ်ခနဲ အကြည့်ရောက်တော့ သူမနဲ့ အကြည့်ချင်းသွားစုံသည်။ သူတို့မျက်လုံးလေးတွေ လင်းလက်သွားသည်ဟု ထင်လိုက်သော သူမအထင်က မှားနိုင်ဖွယ်ရာမရှိ။ ဘာကြောင့်ဆို သူမတို့ရှိရာ တန်းတန်းမတ်မတ်လာနေသောကြောင့်ပင်။ 


" ဟို ဟိုလေ အကူအညီလေးတစ်ခုလောက် တောင်းချင်လို့ပါ " 


" ဟုတ်ကဲ့ "


စကားဆက်လို့ရအောင် သူမ ဝင်ထောက်ပေးလိုက်တော့ ကောင်မလေးကပင် သူမဖုန်းကို ရှေ့သို့အနည်းငယ်တိုးပေးလာရင်း...


" စုံတွဲပုံလေးတစ်ပုံလောက်ရိုက်ချင်လို့၊ ဖြစ်နိုင်ရင် ဒီက ရိုက်ပေးလို့ရမလား ဟင် " 


" သြော် အင်း ရ ... " 


ပြောပြောဆိုဆို ထရပ်ဖို့ပြင်သော ခြွေ့ကို အနောက်က ခေါင်က လက်ကိုအတင်းဆွဲထားသဖြင့် စကားတောင်ဆုံးအောင်မပြောမိလိုက်။ ထိုင်ရမလို ထရမလိုနဲ့ ကုန်းကုန်းကွကွ ဖြစ်သွားပြီးမှ ခါးမှဆွဲချသဖြင့် ထိုင်လိုက်ရသည်။ အားလည်းအားနာသွား၏။ မျက်နှာပူတာကတော့ ပြောစရာလိုမည်မထင်။ ဘယ်လောက်ရုပ်ပျက်လိုက်သလဲ။ ဓာတ်ပုံလေးတစ်ပုံ ရိုက်ပေးလိုက်ရတာကို ၊ ဟိုက အကူအညီလိုနေတာ ကူညီလိုက်ရင် ကုသိုလ်တောင်ရဦးမယ်။ သို့သော်လည်း ခေါင့်ကိုပြောမနိုင်တာမို့ ဘုရားပေါ်မှာလည်း အကုသိုလ်မဖြစ်ချင်၍ အားတုံ့အားနာဖြစ်ဟန် ညှိုးငယ်သော မျက်နှာလေးဖြင့် ခြွေကပင် တောင်းပန်သလိုပြောလိုက်ရသည်။ 


" အားနာလိုက်တာ ရိုက်ပေးချင်ပါတယ်၊ ဒါပေမဲ့ ဒီမှာထိုင်နေတာကြာတော့ ခြေထောက် ခြေထောက်ကျဥ်နေလို့ပါ၊ အဲဒါကြောင့် "


" ရပါတယ် အားနာစရာမလိုပါဘူး၊ သဲတို့က အားနာရမှာ၊ တခြားတစ်ယောက်ရှာလိုက်မယ်နော် စိတ်ထဲမထားပါနဲ့ " 


ပြောပြီး ခပ်ရှက်ရှက်ပုံစံဖြင့် ထိုအတွဲက လျင်မြန်စွာ ထွက်သွားသည်။ ခေါင့်ကြောင့် သူမမှာ ဘုရားပေါ် မုသားစကားဆိုလိုက်ရတာကို လုံးလုံးမကျေနပ်။ သူ့အား ဒေါသတကြီး ငဲ့ကြည့်တော့ ဒင်းက မျက်နှာလွှဲထား၏။ စောနက အေးချမ်းသည့်စိတ်ခံလေးက အခုတော့ ကြက်ပျောက်ငှက်ပျောက် အစပင်ရှာလို့မရတော့ချေ။ သိပ်စိတ်တိုရသည်။ 


" ခေါင် နင် " 


" ဘာလဲ " 


" ကျစ် " 


သူမ စုတ်သပ်လျက် သူ့ကို ကျောခိုင်းကာ ဒူးနှစ်ဖက်ပိုက်ထိုင်လိုက်၏။ စကားလည်းမပြောချင်တော့။ သူ့မျက်နှာဆိုပိုဆိုး ကြည့်ကိုမကြည့်ချင်။ 


" ပြောတော့ စိတ်မကောက်တတ်ဘူးဆို " 


သူမမျက်နှာကို သူ,မမြင်ရမှန်းသိသိကြီးနဲ့ အပေါ်သို့ ပင့်မော့ထားမိ၏။ 


" စိတ်ပျက်တာ " 


" ဘာရယ် " 


မှာတမ်းခြွေ နှုတ်ခမ်းလှုပ်ရုံ ရေရွတ်လိုက်တာပါ၊ သူက နားပါသည်ဟုဆိုရမည်။ 


" ဘာလဲ ခုနအတွဲကို မနာလိုလို့လား " 


" အို မဟုတ်တာ " 


" ဒါဆို အားကျနေတာပေါ့ "


" ဘာလို့အားကျရမှာလဲ " 


အနာပေါ်တုတ်ကျလို့ ဆတ်ဆတ်ထိမခံဖြစ်နေတာမျိုးမဟုတ်ဘဲ မဟုတ်မမှန်တာ စွပ်စွဲခံနေရ၍ အပြောမခံနိုင်ခြင်းသက်သက်သာ။ ထို့ကြောင့် သူမ နောက်သို့ ချာခနဲ လှည့်ကြည့်လိုက်တော့ သူက သူမပခုံးကိုဆွဲ၍ သူနဲ့ မျက်နှာချင်းဆိုင်ဖြစ်စေ၏။ 


" အလကား ကလေးကုလား အရည်မရအဖက်မရဟာတွေ၊ နင့်ရဲ့အချိန်တွေအားလုံး ငါပိုင်တယ်၊ တစ်စက္ကန့်တောင် သူများမပေးနိုင်ဘူး၊ အဲ့တော့ အချိန်ပုပ်တယ် စိတ်မကောက်နဲ့တော့ ဟုတ်လား " 


ကြည်လင်သောအသံ နက်ရှိုင်းသောအကြည့်တို့နဲ့ တစ်စုံတစ်ယောက်က ညှို့ငင်သလိုပြောလာခဲ့ရင် ဘယ်သူကများရုန်းထွက်နိုင်မှာလဲ။ 


" နင့်အမေဆီသွားရအောင်၊ ခုချိန်လောက်ဆို ပုတီးစိပ်လို့ပြီးရောပေါ့ ကဲထ " 


ခေါင်က သူမလက်နှစ်ဖက်စလုံးကိုကိုင်၍ ဆွဲမထူပေးသည်။ မျက်နှာချင်းဆိုင် နီးကပ်နေချိန် ခြွေ့နားထင်နားကို ခေါင်က နှုတ်ခမ်းဖြင့် ဖိကပ်နမ်းရှိုက်လိုက်၏။ ခြွေသည် အသည်းထဲ စိမ့်သွားသည်။ နမ်းနေစဥ် မျက်လွှာပင့်ကြည့်မိတော့ သူ့လည်စလုပ်ကို မြင်ရ၏။ ကိုယ်ချင်းခွာသွားပြီး လက်ချင်းယှက်နွယ်လျက် အတူယှဥ်လျှောက်ချိန် လက်ခနဲ လက်ခနဲ ဖြစ်သွားသော သူ့ဘယ်ဘက်လက်သန်းကြွယ်ရဲ့ အလင်းရောင်က သူမကို မျက်စိစူးစေသည်။ 


ပူးကပ်ထားသည့် လက်နှစ်ဖက်က နွေးနေသလို သူမရင်ထဲလည်း နွေးနေသည်။ ရှေ့သို့ဆက်လျှောက်နေရင်း သူ့မျက်နှာကို ငဲ့ငဲ့ကြည့်မိတော့ ပြုံးနေတာ တွေ့ရ၏။ ခုချိန် သူ့ရင်ထဲရော နွေးနေမှာလား။ နွေးနေတယ်ဆိုရင်ရော အဲဒါဟာ သူမကြောင့်လား၊  ပူပြင်းသည့်စိတ်ကန္တာရကြောင့်လား... ။ 


°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°💔💔


ဆက်ရန် >>> 


#Ruby Linn


rate now: