book

Index 5

အပိုင်း(၅)

  • Author : Rudylinn
  • Genres : Romance, Drama, Action

မညီမျှတဲ့ချစ်ခြင်း 🕊


" သမီး " 


" ရှင် " 


" ဒီနေ့ မော်တို့အိမ်သွားမယ်ဆို၊ မသွားသေးဘဲ ဘာတွေချက်နေတာလဲ " 


" အချိန်လေးပိုနေလို့ မေမေ့အတွက် ဆိတ်သားဟင်းချက်နေတာပါ " 


" ဒါဆိုလည်း မမော်အတွက်ပါ ထည့်ယူသွားလိုက်ဦး " 


" ဟင် မေမေကလည်း သမီးကမေမေ့အတွက်ဆိုပြီး နည်းနည်းပဲချက်ထားတာ " 


" နည်းလည်းနည်းတဲ့အလျောက် ထည့်သာသွားပါ၊ ကိုယ်ပေးတဲ့ စေတနာကသာ အဓိက၊ ထည့်သွားထည့်သွား... " 


" ဟုတ်ကဲ့ "


ဟင်းကျက်ပြီမို့ ဂတ်စ်မီးဖိုကို မီးလျော့လိုက်ပြီး ထည့်ယူသွားဖို့ ဘူးရှာလိုက်သည်။ ပြီးမှ မီးခလုတ်ကိုလှည့်ပိတ်လိုက်၏။ ထိုစဉ် မေမေက အရှေ့ခန်းသို့ ပြန်ထွက်သွားပြီ။ ဟင်းကို အအေးခံနေစဥ် အခန်းထဲဝင်၍ အဝတ်စားလဲလိုက်၏။ ပိုက်ဆံအိတ်နဲ့ဖုန်းကိုယူကာ မီးဖိုခန်းထဲ ပြန်ဝင်၍ ဟင်းထည့်ပြီးပြန်ထွက်လာသော ခြွေ့ကို မေမေက...


" ဘာနဲ့သွားမှာလဲ သမီး " 


" YBS နဲ့ပဲ သွားလိုက်မယ်မေမေ " 


" အေး ဂရုစိုက်သွား "


" မေမေ ဆေးပုံမှန်သောက်ဖို့မမေ့နဲ့နော် " 


" အင်းပါ " 


ဟင်းဘူးလေးကို လက်တစ်ဖက်ကဆွဲ၍ တစ်ဖက်က ဘေးလွယ်အိတ်ကြိုးကို ခပ်တင်းတင်းကိုင်လျက် ကားမှတ်တိုင်သို့ လျှောက်ခဲ့တော့သည်။ မိနစ် ၂၀ လောက်သာ စီးလိုက်ရပြီး ကားတို့လမ်းထိပ် ကားမှတ်တိုင်သို့ရောက်ရာ လမ်းဆင်းလျှောက်ပြီး လွင်တီးခေါင်အိမ်ဆီ ဦးတည်ခဲ့၏။


ခြံစောင့်က သူမအား မျက်မှန်းတန်းမိပြီးသားမို့ စစ်ဆေးမေးမြန်းခြင်းမရှိ စိတ်ချယုံကြည်စွာ တံခါးဖွင့်ပေးလာသည်။ လူကုံထံအသိုင်းအဝိုင်းရပ်ကွက်မို့ အိမ်ခြေကျဲကာ တထီးတနန်းနဲ့ တိတ်ဆိတ်မှုကို သူမ သတိပြုမိပါသည်။ 


လျှောက်လာရင်း ဆင်ဝင်အောက်၌ ကားရပ်ထားတာတွေ့၍ ခေါင်အလုပ်မသွားသေးမှန်း သူမသိလိုက်ပြီ။ အိမ်ထဲလှမ်းဝင်လာတော့ အောက်ထပ်သို့ဆင်းလာသော ခေါင့်ကို တွေ့၏။ သူက ဝတ်စုံပြည့်နှင့်ပင်။ ခေါင်က လှေကားခြေရင်း၌ ခဏရပ်ပြီး သူမအား တစ်ချက်ကြည့်ကာ ခေါင်းဆတ်ပြ၍ အနားမှ ဖြတ်ကျော်လျက် လျှောက်ထွက်သွားသည်မို့ ခြွေ တောင့်တောင့်လေး ရပ်ကျန်ခဲ့ရင်း လှည့်လည်းမကြည့်မိ။ ထို့နောက် အပေါ်ထပ် အန်တီမော့်အခန်းထဲ မသွားသေးဘဲ လှေကားမျက်စောင်းထိုးနားက မီးဖိုခန်းဆီ သူမ ဦးတည်ရာပြောင်းလိုက်သည်။


" ခြွေပါလား... လာ မလုံးအစ်ကိုလေးကို သွားခေါ်ပေးမယ် ခဏစောင့် " 


" ဟင့်အင်း ခြွေအန်တီမော့်ဆီလာတာ၊ ပြီးတော့ ခုလေးတင် ခေါင်ကုမ္ပဏီသွားတာ တွေ့လိုက်တယ် " 


" သြော် ဟုတ်ကဲ့ "


" ဒါလေးလှယ်ပေးပါလား အန်တီမော်အတွက်လေ၊ ဒါနဲ့ အန်တီမော်မနက်စာစားပြီးပြီလားမလုံး " 


" မစားရသေးဘူးလေ၊ စောနက မလုံးသွားပို့တာ မစားချင်ဘူးဆိုလို့ ပြန်ယူလာရတယ်၊ မဟုတ်ရင် တော်တော်နဲ့ပြန်ထွက်လို့မရအောင်ကို ဆူနေတော့မှာ " 


ဟင်းဘူးကို အိမ်အကူလက်ထဲထည့်ခဲ့ပြီး ဘာလုပ်ရင်ကောင်းမလဲ ခဏစဥ်းစားရင်း အပေါ်ထပ်အန်တီမော်ရှိရာသို့ တက်လာခဲ့တော့သည်။ 


" ဒေါက် ဒေါက် " 


" ငါမစားချင်ဘူးလို့ပြောတယ်လေ သွား သွား ပြန်ယူသွား " 


" သမီးမှာတမ်းခြွေပါ အန်တီမော် "


" ဝင်ခဲ့ "


လေသံက အနည်းငယ်အလိုမကျဖြစ်နေသယောင် မာထန်ချင်နေတာမို့ သူမ အလိုက်သိစွာ ဝင်လာပြီး အသံမမြည်အောင် တံခါးကို အသာပြန်ပိတ်လိုက်၏။ အန်တီမော်က ကုတင်ခေါင်းရင်းမှာ ခေါင်းအုံးမှီထိုင်ရင်း အောက်ပိုင်းကို စောင်ပါးတစ်ထည်လွှားခြုံထားကာ မျက်ခုံးတန်းနှစ်ခုက ကုပ်ကွေးကျနေပြီး သူမအား စုန်ဆန်ခက်ကာ ဦးစွာစိုက်ကြည့်လာသည်။ 


အစိမ်းနုရောင် ဒူးဖုံးစကပ်အကားလေးကို အဖြူရောင် လက်ရှည်ဘလောက်စ်အကျီနဲ့ တွဲဝတ်ထားသော ခြွေသည် လုံခြုံစွာရှိနေတာမို့ အန်တီမော့်အမြင်မှာ မတင့်တယ်စရာတော့မရှိနိုင်လောက်ပါ။ ခြွေ ပြုံးပြကာ နှုတ်ဆက်လိုက်ပြီး အနားသို့တိုးကပ်သွားရင်း...


" အန်တီမော်မနက်စာ မစားရသေးဘူးဆို၊ သမီးတစ်ခုခုပြင်ပေးရမလား...၊ အစာမရှိတော့ ဆေးလည်းမသောက်ရသေးဘူးထင်တယ် " 


" ငါဗိုက်မဆာသေးဘူး စားချင်စိတ်လည်းမရှိဘူး၊ အထူးသဖြင့် လူမမာစာတွေပေါ့ " 


နားလည်သဘောပေါက်လွယ်သော ခြွေက သဲ့သဲ့ပြုံးပြလျက် အားတက်သရော ပြောလိုက်၏။ 


" သောက်ရမယ့်ဆေးထဲမှာ ပိုးသတ်ဆေးလည်းပါမှာဆိုတော့ အစာကိုပြည့်အောင်စားထားမှ၊ ဟုတ်တာပေါ့ အန်တီက ဖျားနေတဲ့သူမှမဟုတ်ဘဲ၊ မနက်စာအတွက် သမီးသွားပြင်လိုက်မယ်၊ ခဏပဲစောင့်နော် " 


ပြောပြောဆိုဆိုပင် အခန်းထဲမှ ခပ်သွက်သွက် ထွက်လာခဲ့ပြီး အောက်သို့ ခြွေအပြေးအလွှားဆင်းခဲ့လိုက်၏။ ဘာပြင်ဆင်ပေးရမည်ဆိုတာကို ဦးနှောက်ကလည်း သူမအား မြန်ဆန်စွာ သတင်းပို့နေသည်။ လှစ်ခနဲ တစ်ချက်ပြုံးလျက် မီးဖိုခန်းထဲဝင်သွားရင်း ရေခဲသေတ္တာကို ဆွဲဖွင့်လိုက်သည်။ အသီးအရွက်နဲ့ အသားဟင်းတွေကို သေသပ်စွာ ထည့်သိုထားသည်။ 


အိမ်အကူကောင်မလေး အနားရောက်လာကာ ပျာပျာသလဲဖြင့်...


" ကြက်သား၊ ပုဇွန်၊ ပဲပြား ပဲပင်ပေါက်၊ ကြွက်နားရွက် ပြီးတော့ ပြီးတော့ တခြားဘာအရွက်တွေရှိသေးလဲ ဟင် မလုံး " 


" ပဲစောင်းဝါး၊ ပဲသီး၊ ကန်စွန်းရွက် အဲဒါတွေရှိတယ် ဘာချက်မလို့လဲ မခြွေ " 


" အင်း အဲဒါတွေအပြင်ထုတ်ပြီး ရေသေချာဆေးပေးပါနော် " 


" အင်း အင်း " 


ဆေးပြီးသားတွေကို ရေစစ်၍ ပုဇွန်၊ ကြက်သားနဲ့ ပဲပြား ကို စဥ့်တီတုံးပေါ်တင်ပြီး စတီးဓားနဲ့ အနေတော် လှီးလိုက်သည်။ အရွက်တွေကိုလည်း အနည်းငယ်စီ လိုသလောက်ယူလိုက်ပြီး ကြက်သွန်ဖြူနဲ့ ချင်းကို တစ်ပြားရိုက်လိုက်သည်။ မလုံးက အဆင်သင့်ထည့်ချက်ရန် ဂတ်စ်မီးဖိုကို ဖွင့်ပေးထားသည်။ 


" မခြွေ စွပ်ပြုတ်လုပ်မလို့လား " 


" ဟုတ်တယ် " 


" ဟို အန်တီမော်က စွပ်ပြုတ်မကြိုက်ဘူးနော်၊ စောနက ကြက်သားဆန်ပြုတ်သွားပို့တာ နှင်လွှတ်ခံရတယ်၊ မသောက်ချင်ဘူးဆိုပြီးတော့ " 


" ဒါရိုးရိုးစွပ်ပြုတ်မှမဟုတ်တာ မြင်တာနဲ့ စားချင်သွားစေရမယ် အဟင်း ၊ ဟင်းခတ်မှုန့်ပေးပါဦး " 


ပါးစပ်ကပြောနေပေမယ့် လက်ကလည်းမပြတ် အလုပ်ပေးနေသည်။ ခဏချင်း အမယ်စုံသည့် စားချင်စဖွယ် စွပ်ပြုတ်ပူပူတစ်ခွက်ရသွားသည်။ ဇွန်းဖျားလေးခပ်ကာ မြည်းကြည့်လိုက်တော့  ကျေနပ်မှုအပြည့်ဖြင့် ပြုံးလိုက်ရင်း မီးခလုတ်ပိတ်လိုက်၏။ အန်တီမော့်အတွက် အရည်သောက်ပန်းကန်လုံးထဲ ခပ်ထည့်ပေးပြီးမှ ဘေးက မလုံးကို ပေးမြည်းခိုင်းလိုက်သည်။ မလုံးက မြည်းကြည့်ပြီး မျက်ခုံးပင့်၍ လက်မထောင်ပြတော့ ပျော်သွားကာ ပန်းကန်ယူပြီး အပေါ်ပြန်တက်ခဲ့သည်။ 


" သမီးချက်ထားတဲ့ စွပ်ပြုတ်လေးမြည်းကြည့်ပါဦး " 


အငွေ့တထောင်းထောင်းထွက်နေသော အရည်သောက်ပန်းကန်လုံးရဲ့ အောက်မှာ ပန်းကန်ပြားတစ်ချက်ခံ၍ ကိုင်ထားရာ အန်တီမော်မြင်အောင် ပန်းကန်ကို ရှေ့တိုးပြလိုက်သည်နှင့် အန်တီမော်က နှာခေါင်းတစ်ချက်ရှုံ့သည်။ 


" ဘာတွေလဲ နင်ယူလာတာက " 


" စားကြည့်ပါ အန်တီမော်ရဲ့၊ လျှာလည်သွားမှာ သမီးကိုယုံ " 


" အေး မြည်းဆိုလည်းမြည်းတာပေါ့ " 


တွန့်ဆုတ်စွာမြည်းကြည့်နေသော အန်တီမော့်မျက်နှာကို မျှော်လင့်ချက်ဖြင့် ငေးကြည့်ရင်း စိတ်လှုပ်ရှားကာ ရင်ဘက်လေးက နိမ့်ချည်မြင့်ချည်ဖြင့်...။ 


" ညှိီလိုက်တာ ပုဇွန်ကို သေချာမဆေးထားဘူးလား " 


" ရှင် " 


" ရော့ ရော့ ပြန်ယူ၊ အညှီအဟောက်တွေမပြောင်ရင် ငါမစားဘူးဆိုတာ ညည်းကို မိလုံးမပြောဘူးလား " 


" ရှင် ဟို " 


" ယူသွား ယူသွား တဟိုဟိုနဲ့၊ မိလုံးကို နွားနို့လာပို့ခိုင်းလိုက် " 


" ဟုတ် ဟုတ်ကဲ့ "


မျက်နှာလေးမဲ့ကျသွား၍ အရာမယွင်းသော ပန်းကန်ကိုပြန်ယူလာတော့ မလုံးက...


" မစားဘူးမလား ပြောသားပဲ "


" ညှီနံ့နံလို့တဲ့ " 


" ဟွန်း အဲလိုပြောမှာစိုးလို့ကို မလုံး အသားတွေကို အထပ်ထပ်အခါခါဆေးလိုက်ပါတယ် မခြွေရယ်၊ အန်တီမော်ကိုက ဇီဇာကြောင်တာပါ ၊ ဒါတောင် အပျိုကြီးမဟုတ်လို့တော်သေး " 


" မလုံးကို နွားနို့လာပို့ဖို့ ခြွေကိုမှာလိုက်တယ်၊ ကျိုပြီးသားရှိလားဟင် ခြွေယူသွားလိုက်မယ် " 


" ရှိတယ် ရှိတယ် အေးပလားကြည့်လိုက်ဦးမယ်၊ နွားနို့တို့ ကော်ဖီတို့ဆို မပူမအေး အနေတော်မှသောက်တာ၊ မဟုတ်ရင် ပူလို့ အေးလို့ ဆိုပြီး တဗျစ်တောက်တောက်နဲ့ပြောနေဦးမယ် " 


မလုံးက နွားနို့ကျိုသည့်အိုးဆီ လျှောက်သွားရင်း သူမအား မကြည့်ဘဲ တရစပ်ပြောနေလေရဲ့။ ခြွေကတော့ ကနဦးမှာတင် သိပ်အားမရှိချင်တော့။ အပေါ်နဲ့အောက် ခေါက်တုန့်ခေါက်ပြန်ဆင်းနေတာ ဒီမနက်တင် ဘယ်နှစ်ခေါက်မှန်း မရေတွက်နိုင်တော့ပြီ။


နွားနို့ယူ၍ အပေါ်တစ်ခေါက်ပြန်တက်တော့ အန်တီမော်က ဂျိုင်းထောက်တစ်ဖက်နဲ့ ကုန်းကုန်းကွကွ ဖြစ်နေဟန်ရှိတာမို့ အနားသို့ လျင်မြန်စွာ လျှောက်သွားပြီး ဖန်ခွက်အား စားပွဲပေါ်လှမ်းတင်ကာ တွဲကူဖေးမလိုက်ရင်း...


" အန်တီမော် သန့်စင်ခန်းသွားမလို့လား " 


" အေး ဟုတ်တယ် "


" အော်ခေါ်လိုက်ရောပေါ့ အန်တီရယ်၊ တစ်ယောက်ထဲ ချော်လဲနေမှဖြင့် " 


" နေပါအေ သူများအားမကိုးချင်ပါဘူး၊ ကြာရှည်လာရင် ငြိုငြင်လာကြမှာ အငြိုငြင်လည်းမခံနိုင်ဘူး၊ လုပ်ကိုင်ပေးတာ စိတ်ထဲမတွေ့ရင် ငါပဲဒေါသဖြစ်ရမှာ " 


" ဖြည်းဖြည်း "


ရေချိုးခန်းတံခါးဝနားရောက်တော့ အန်တီမော်က သူမအား တွဲထားသောလက်ကိုဖယ်ချကာ တစ်ယောက်ထဲဝင်သွားသည်မို့ လှမ်းသတိပေးရင်း တံခါးကို အနည်းငယ်ဟစေကာ တစ်ဖက်လှည့်၍ ရပ်စောင့်နေလိုက်၏။ 


" ရတယ် ရတယ် "


" သမီးကိုတွဲပါ အားမနာပါနဲ့ "


ပြန်ထွက်လာတော့ ဂျိုင်းထောက်ကိုအားပြု၍ တစ်ဖက်က သူမပခုံးကိုကိုင်ကာ ထိန်းမတ်စေလိုက်သည်။ 


ဖြည်းဖြည်းလျှောက်ကာ ခုတင်နားပြန်ရောက်ချိန် ဂျိုင်းထောက်ကိုလှမ်းယူလိုက်ပြီး အန်တီမော်ကို သူမ ခုတင်ပေါ်အသာထိုင်စေလိုက်သည်။ လက်ထဲက ဂျိုင်းထောက်ကို ခုတင်ခေါင်းရင်း အန်တီမော် လက်လှမ်းမီသည့်နေရာတွင်ထားလိုက်ပြီး အေးစက်နေပြီဖြစ်သည့် နွားနို့ကိုပင် တိုက်လိုက်ရသည်။ ဆေးလည်း တစ်ခါတည်း သောက်စေလိုက်၏။ 


" ညည်းမအေရော ဘယ်လိုလဲ၊ နေကောင်းလား "


" ဟုတ်ကဲ့ အန်ကယ်တို့ကျေးဇူးကြောင့် မေမေနေကောင်းကျန်းမာစွာရှိပါတယ်၊ အဲ့အတွက်လည်း မေမေရောသမီးပါ ကျေးဇူးတင်လို့မဆုံးပါဘူးအန်တီမော်၊ တကယ်ပါ "


စကားဆုံးတော့ မျက်လွှာပင့်ကြည့်လာသော အန်တီမော်က သူ့လက်ထဲက ဖန်ခွက်လွတ်ကို သူမကို ကမ်းပေးလာသဖြင့် ရိုသေစွာ လှမ်းယူထားလိုက်သည်။ 


" အင်း ကျေးဇူးအတင်မခံပေမယ့် ညည်းတို့က ကျေးဇူးသိတယ်ဆိုတော့ မဆိုးပါဘူး "


" ဟုတ်ကဲ့ သမီးအန်တီမော့်ကို နှိပ်ပေးမယ်နော် " 


ဟု ခြွေပြောလျက် ခုတင်စွန်းမှာ ဝင်ထိုင်လိုက်သည်။ ခြေသလုံးကို ဖြည်းဖြည်းနှိပ်ပေးနေရင်း အန်တီမော် သူမကို ကြည့်နေမှန်းသိသဖြင့် မော့ကြည့်ပြီး နူးညံ့စွာ ပြုံးပြလိုက်ပါ၏။ ထိုအခါ အန်တီမော်က ခပ်တိုးတိုး စကားဆိုသည်။


" သားနဲ့လက်ထပ်ပြီးရင် ညည်းက ဒီမှာလာနေမှာဆိုတော့ အိမ်မှုကိစ္စအဝဝကို ညည်းကိုပဲလွှဲရမှာ " 


" ဟင် "


မထင်မှတ်ထားသော စကားကြောင့် လက်ကလှုပ်ရှားမှုက အလိုလိုရပ်သွားသည်။ လက်ထပ်ရမယ်...။ သူမအတွက် စိမ်းသက်လွန်းသော စကားတစ်ခွန်းက သူမ၏အာခေါင်တွေကို ခြောက်စေခဲ့သည်လေ။ ထိုအသိဖြင့် လူက ရုတ်ခနဲ ကြက်သီးဖြန်းဖြန်းထသွားရင်း အဆင်သင့်မဖြစ်သေးသည့် မိမိကိုယ်ကိုယ် သတိမူမိ၏။ 


မှာတမ်းခြွေ မျက်လွှာလေးချ၍ ခြေသလုံးကြွက်သားတွေပေါ် လက်က ဖွဖွလှုပ်ရှားလိုက်သောအခါ...


" အားထည့်စမ်းပါ ကြွက်လျှောက်သလိုပဲ၊ မနှိပ်ချင်မနှိပ်နဲ့ " 


" ရှင် ဟုတ် အန်တီမော်နာသွားမှာစိုးလို့ပါ၊ သမီးအားထည့်နှိပ်မယ်နော် " 


ရွှင်လန်းအားတက်မှုတွေ ဆုတ်ယုတ်သွားသော မျက်နှာကို အပြုံးတုဖြင့် အကာအကွယ်လုပ်ကာ ပြောလိုက်ရင်း တံတွေးတစ်ချက်မြိုချလိုက်၏။ အလိုလို စိတ်ကျဥ်းကြပ်သလို ခံစားလာရကာ ချွေးစလေးတွေ တစ်စတစ်စတိုးလာသည်မို့ ကျုံ့ကျုံ့လေးထိုင်နေရာမှ တင်ပျဥ်ခွေအနေအထား ပြောင်းထိုင်လိုက်သော သူမအား အစဥ်တစိုက်ကြည့်နေသော အန်တီမော်ကြောင့်လည်း နေရခက်စွာရှိနေမိ၏။ 


" ညည်းကိုငါ့သားက ဘာကြည့်သဘောကျသလဲတော့ ငါမသိဘူး၊ ငါ့အမြင်မှာတော့ ညည်းဟာ အတော်ကံကောင်းတာပဲ၊ မရခင်မှာ အပူအပင်ကင်းကင်းနေရသလို ရပြီးပြန်ရင်လည်း ငါ့သားကညည်းကို မကြောင်းမကြမတောင်းမတထားမှာပါ၊ အဲ့တော့ ညည်းက အလိုက်တသိနေပေါ့အေ " 


အဓိကဆိုလိုရင်းတစ်ခုကို ပြောဖို့အတွက် အရှေ့မှ လမ်းခင်းသွားသော စကားလုံးတိုင်းက ဘာကြောင့်ရယ်မသိ သူမအဖို့ ရယ်သွမ်းသွေးချင်မိသည်။ ဘာတဲ့ သူမက ကံကောင်းသတဲ့လား...။ 


ခြွေ ဆတ်ခနဲ မျက်လွှာပင့်ကြည့်မိတော့ လူက အငွေ့ပျံချင်သွားသည်။ အကြည့်တွေက အင်မတန် စူးရဲလွန်းကာ လွှမ်းမိုးမှုအပြည့်နှင့်။ ခေါင့်ဆီမှာ ခြွေအမြဲတွေ့နေကျ မျက်ဝန်းများက မိခင်ဖြစ်သူဆီက ဆင်းသက်လာခဲ့တာပါလား။ နှုတ်ခမ်းစေ့ကာ ရေးရေးလေးပြုံးလိုက်မိသည်။ 


အလိုက်တသိ ဆိုတဲ့ စကားရဲ့နောက်ကွယ်မှာ အဓိပ္ပာယ်တွေက တွေးရင်တွေးသလောက် တိုးပွားနိုင်ပါသည်။ တချို့စကားတစ်ခွန်းက ဝန်ထုပ်ဝန်ပိုးတွေထက်တောင် လေးလံလွန်းတာ ကိုယ်တိုင်ကြုံဖူးသူတိုင်း သိကြပါလိမ့်မည်။ 


°°°°°°°


နေ့လည်ထမင်းစားချိန်မှာ သူမထည့်ယူလာသည့် ဆိတ်သားဟင်းကို အန်တီမော်က  နှာခေါင်းတရှုံ့ရှုံ့နဲ့အနံ့ခံရင်း နှစ်ဖက်တောင်ထည့်စားသည်မို့ စိတ်သက်သာရာရသွားသလို အမောပြေသွားသလို ခံစားလိုက်ရသည်။ အန်တီမော်စားပြီးမှ သူမ အောက်ထပ်ဆင်းကာ မလုံးနဲ့အတူ ထမင်းစားလိုက်သည်။ အန်တီမော် တရေးအိပ်မယ်ဆိုတော့ သူမ အောက်ထပ်မှာပင် ဆက်နေလိုက်၏။ ဆိုဖာပေါ်ထိုင်နေရင်း ထမင်းလုံးစီကာ ငိုက်မြည်းသလိုရှိလာတာမို့ အပေါ်ပြန်တက်ခဲ့ရာ အန်တီမော် နိုးနေသဖြင့်...


" အန်တီမော်... မဟုတ်မှ သမီးကြောင့်နိုးသွားတာလားဟင် " 


" မဟုတ်ပါဘူး အိုက်စပ်စပ်ကြီးနဲ့ ရေချိုးဦးမယ်၊ မလုံးသွားခေါ်ချည် " 


" ဟုတ်ကဲ့ ဟုတ်ကဲ့ "


ကပျာကယာအပြင်ထွက်ပြီး ခြွေလှေကားထိပ်ကနေ မလုံးကို လှမ်းအော်ခေါ်လိုက်တော့ မလုံးချက်ချင်းပင်အပေါ်ပြေးတက်လာသည်။ နှစ်ယောက်သား အန်တီမော့်ကို တွဲခေါ်၍ ဆက်တီခုံပေါ်ထိုင်စေကာ ခုံပုလေးပေါ် ကျောက်ပတ်တီးစီးထားသော ခြေထောက်ကိုတင်ထားလျက် ရေသေချာချိုးပေးလိုက်သည်။ 


" မလုံး... ငါ့အဝတ်ကို နင်မလျှော်နဲ့နော်၊ အဝတ်ခြင်းထဲထည့်ထားလိုက်၊ ငါပြန်ကောင်းမှ ကိုယ့်ဘာသာလျှော်မယ် " 


" မလုံးလက်နဲ့သေချာပြောင်အောင် လျှော်ပေးပါ့မယ်၊ စိတ်ချပါ ကိုယ့်ဘာသာတော့ မလျှော်ပါနဲ့နော် အစ်ကိုလေးသိရင် သတ်ခံရလိမ့်မယ် " 


" မလျှော်နဲ့ဆို မလျှော်နဲ့အေ " 


" ဟုတ်သားပဲ အန်တီရယ်၊ မလုံးလျှော်တာမကြိုက်ရင် သမီးလျှော်ပေးမယ်နော်၊ သမီးကောင်းကောင်းလျှော်တတ်တယ်သိလား " 


" နေပါ ငါ့အဝတ်အစားတွေ ဆပ်ပြာမပြောင်လို့ ဆပ်ပြာစားပြီး ပျက်စီးနေဦးမယ် " 


" သမီးလျှော်တတ်ပါတယ် အန်တီမော်ရဲ့၊ လာ လာ ရေသုတ်ရအောင် အအေးပတ်နေဦးမယ် " 


အန်တီမော်အဝတ်စားဝတ်ပြီးသည်အထိ ကူညီပေးပြီး စောနက ချွတ်လိုက်သည့် အဝတ်စားတွေအား( အတွင်းခံပါမကျန် ) လက်နှစ်ဖက်နဲ့ သေချာစင်ကြယ်အောင် ဂရုစိုက်လျှော်ဖွပ်ပေးလိုက်သည်။ ရေညှစ်ပြီး လျှော်ပြီးသားအဝတ်တွေကို မလုံးလက်ထဲထည့်ကာ သွားလှန်းခိုင်းလိုက်၏။ သူမ အခန်းထဲမှာ ဆက်နေလိုက်သည်။ တအောင့်ကြာတော့ မလုံးပြန်ဝင်လာသည်။ ထိုအခိုက်တွင်...


" ငါအပေါ့သွားဦးမယ် "


" ဟုတ်ကဲ့ "


ပြန်ထွက်လာတော့ ခြွေတွေးတွေးဆဆဖြင့် မလုံးအား ပြောမိ၏။ နောက်မှ မှားသွားမှန်း နောင်တအသီးများ စားလိုက်ရလေသည်။ 


" မလုံးရေ ဆီးခံခွက်ရှိလားဟင်၊ ရှိရင်ယူလာခဲ့ပေးပါလား၊ အပေါ့အလေးအတွက် သန့်စင်ခန်းခဏခဏသွားနေရတာ အန်တီမော့်အတွက် ကြာရင်ဘယ်အဆင်ပြေမလဲ၊ ခွက်နဲ့ဆိုတော့ ညရေးညတာအတွက်လည်း 

ပူစရာမလိုတော့ဘူးပေါ့ " 


" ဟို အဲဒါက "


" တော်တော် ဘာလို့ခွက်နဲ့သွားရမှာလဲ၊ ရိုးရိုးပဲကပါ မဆန်းချင်ပါနဲ့၊ ငါ့ဘာသာသွားနိုင်တယ် " 


အန်တီမော်က ကြားဖြတ်ဝင်ပြောသည်။ ခြွေက အပြုံးလေးဖြင့် ခေါင်းယမ်းခါရင်း...


" စမ်းကြည့်ပါဦးလားအန်တီမော်၊ ဘယ်အရာမှ အဆုံးထိမလုပ်ကြည့်သေးဘဲနဲ့ ဘယ်သူကြိုသိနိုင်မှာလဲ၊ မလုံး သွားယူလိုက်ပါ " 


ဇဝေဇဝါဖြစ်နေသော မလုံးအား သွားသာယူပါဟု မျက်စပစ်ပြလိုက်သည်။ မလုံးက သွားယူလာပြီး ခုတင်အောက်ထိုးထားသည်။ ထိုအချိန်မှ ညနေနေမဝင်ခင်အထိ အန်တီမော် သန့်စင်ခန်းမသွားတော့။ 


" အန်တီမော် ဘာဖြစ်လို့လဲဟင် " 


လှုပ်လှုပ်ရှားရှားဖြစ်နေသော အန်တီမော့်ကို မှာတမ်းခြေ မေးလိုက်၏။ မကြာမီ ဂျိုင်းထောက်လှမ်းယူကာ ခုတင်ပေါ်မှ ဆင်းဟန်ပြင်သဖြင့် သူမသွားတွဲရင်း... 


" အပေါ့သွားချင်လို့လား ဒါဆို... " 


" ငါအိမ်သာပဲသွားမှာ " 


" အန်တီမော်ရယ် စမ်းကြည့်ပါနော် " 


ခွက်အားထုတ်ယူ၍ အန်တီမော့်အရှေ့မှာ အဖုံးဖွင့်လိုက်ပြီး... 


" သမီးရှေ့မှာမို့ ရှက်နေစရာမလိုဘူးနော်၊ ဘာမှမဖြစ်ဘူး "


" နေပါဆိုဟယ် ပြောမရဘူး ငါတကယ် စိတ်ညစ်တယ် "


" အဲဒါစိတ်ညစ်စရာမဟုတ်ပါဘူး၊ တော်ကြာ မအောင့်နိုင်ဖြစ်ဦးမယ် ဒီမှာကိစ္စရှင်းလိုက်ပါနော် အန်တီမော် " 


နှုတ်က တရစပ် မြည်တွန်တောက်တီးကာ မှာတမ်းခြွေကို ပြောမရသည့်အဆုံး ခုံပေါ်တင်ထားသည့် ဆီးခံခွက်ပေါ် ဆောင့်ကြောင့်ထိုင်၍ ထမီအသာလှပ်လိုက်၏။ ခြွေသည် ခွက်ကိုလက်တစ်ဖက်က ကိုင်ပေးကာ အန်တီမော့်လက်တစ်ဖက်ကိုလည်း ကျန်တစ်ဖက်က ထိန်းကိုင်ပေးထားလိုက်သည်။

ထိုအချိန်အတွင်း ခွက်ကိုင်ထားသည့် သူမလက်ပေါ် အေးစက်သည့် အထိအတွေ့တို့ ခံစားရသဖြင့် တွန့်ခနဲ ဖြစ်သွားမိသည်။ သို့သော် ကြိတ်မှိတ်သည်းခံလိုက်၏။ လက်ကောက်ဝတ်ထိ ရွှဲစိုကုန်သည်။  


" တွေ့လား သမီးပြောသားပဲ၊ အဆင်ပြေပါတယ်လို့၊ သွားသွန်လိုက်ဦးမယ်နော် " 


ခြွေအပြုံးမပျက် ခွက်ကိုယူကာ အခန်းထဲကသန့်စင်ခန်းမှာ သွားသွန်လိုက်ပြီး လက်ဆေးကာ ပြန်ထွက်လာခဲ့ပြီး ခွက်ကိုအဖုံးဖုံး ခုတင်ခြေရင်းမှာ ထားလိုက်၏။ 


" အန်တီဗိုက်ဆာရင်ပြောနော် သမီးပြင်ပေးမယ် " 


" မဆာပါဘူး၊ ဘယ်အချိန်ရှိပြီလဲ သားပြန်လာတော့မယ်ထင်တယ် "


" ၅ နာရီထိုးခါနီးပြီဆိုတော့ meeting မရှိရင် ပြန်လာလောက်ပါပြီ " 


" အချိန်လည်းမနည်းတော့ဘူး၊ ရုံးဆင်းချိန်ဆိုတော့ ညည်းမအေမျှော်နေလိမ့်မယ် " 


" ဟုတ်ကဲ့ သမီးဘာလုပ်ပေးခဲ့ရဦးမလဲ ပြောပါ " 


" မလိုတော့ဘူး ၊ နောက်တကူးတက လာမနေနဲ့၊ ကိုယ့်အလုပ်သာသေချာဂရုစိုက်လုပ်၊  သားအနားမှာနေ သဘောပေါက်လား " 


" ရှင် ဟုတ်ကဲ့ " 


အလာတုန်းက သွက်သည်ထင်ခဲ့သော ခြွေ့ခြေလှမ်းများမှာ ယခု လှေကားပေါ်က အဆင်းတွင် လေးလံလို့နေသည်ကို ကိုယ်တိုင်တောင်မသိလိုက်။ သက်ပြင်းသာချလိုက်သည်။ 


" မခြွေ ဘာလိုလို့လဲ "


မီးဖိုခန်းထဲ ဘယ်တုန်းကဝင်လိုက်သည်လဲ သတိမထားမိသည်အထိ စိတ်လွတ်သွားခဲ့တာပါလား။ ကန်စွန်းပလိမ်းကြော်နေပုံရသော မလုံးကို တစ်ချက်လှမ်းကြည့်ရင်း သူမအား မေးလိုက်သည့်မေးခွန်းကို မနည်းစဥ်းစားယူရင်းက...


" ခြွေပြန်တော့မလို့ပါ " 


" သြော် ထမင်းစားပြီးမှပြန်ပါလား၊ ရေလည်းချိုးသွားလိုက်လေ နော် " 


" ရပါတယ် ဒီတိုင်းပဲပြန်လိုက်မယ် " 


ပါးစပ်က ပြောလိုက်သော်လည်း ခန္ဓာကိုယ်က လှုပ်ရှားခြင်းမရှိ။ ခြေထောက်တွေကမရွေ့။ ခြွေ သက်ပြင်းထပ်ချတော့...


" ပင်ပန်းနေပြီလား မခြွေ " 


" ဟင် အင်း အဟင်း " 


ကြောင်တောင်တောင် ပြုံးလိုက်သေးသည်။ ပြန်ချင်တိုင်း ကောက်ခါငင်ကာပြန်လို့မှမရဘဲ။ ခေါင် ပြန်လာလို့ သူ့ကို နှုတ်မဆက်ဘဲ သူမ ပြန်သွားကြည့်ပါလား။ ပြောလိုက်မယ့်ဖြစ်ခြင်း။ ထိုအချိန် ကားသံကြားလို့ ခေါင်ပြန်ရောက်ပြီမှန်းသိလိုက်၏။ ထိုင်ကောင်းကောင်းနဲ့ ဆက်ထိုင်မနေတော့ဘဲ မလုံးကို နှုတ်ဆက်ကာ ထရပ်လိုက်သည်။ 


မီးဖိုခန်းထဲကအထွက် ခေါင်က ရှေ့ကဖြတ်အလျှောက်နဲ့ သူမကို ခေါင်တွေ့သွားသည်။ သူကလည်း ရပ်ကြည့်နေသလို သူမလည်း ရပ်တန့်လျက်။ ပြီးနောက် သူမဘက်လှည့်ကာ အနီးပါးသို့ တရွေ့ရွေ့လှမ်းလာနေ၏။ သူမက ရပ်လျက် ကြည့်မြဲကြည့်ဆဲပင်။ သူက ပြုံးတုံ့တုံ့ဖြင့် သူမကိုယ်လေးအား ခါးမှဆွဲကိုင်ဖမ်းယူလိုက်ရာ ရင်ဘက်ချင်းထိကပ်သွားရလောက်အောင် နီးသွားသည်။ 


" ခေါင် ဖယ် လွှတ်ဟာ " 


" ဘာဖြစ်တာလဲ "


" အေးဆေးနေပါရစေ၊ နင်နဲ့စကားမများချင်ဘူး " 


" အဟွင်း မဆိုးပါဘူး၊ နင့်အပြောကြောင့် ငါအမောပြေသွားတယ်ထင်လား ဟမ် " 


" တော်ပါခေါင်ရယ်၊ ငါ့ကို စကားနာမထိုးပါနဲ့တော့၊ ငါမပြန်ခင် နင့်ကိုနှုတ်ဆက်ဖို့စောင့်နေတာ၊ ငါပြန်တော့မယ် " 


" မှာတမ်းခြွေ " 


ခေါ်သံနဲ့အတူ သူ့ရင်ခွင်ထဲရောက်သွားသော သူမကိုယ်လေးအား အတင်းရုန်းထွက်တွန်းထုတ်ရင်း...


" ခေါင်ရယ်၊ ငါစိတ်မရှည်ချင်တော့ဘူးနော် " 


ရင်ခွင်ထဲရောက်နေသော်လည်း လွတ်ထွက်သွားမှာစိုး၍ ခြွေ့ကို အတင်းကျုံးဖက်ထားပြီး ခြွေ့ရဲ့ အကျီဖုံးနေသည့် ပခုံးတွေ လက်မောင်းတွေနဲ့ လည်ပင်းသားတွေ နားရွက်ဖျားတွေကို နှုတ်ခမ်းတွေ နှာခေါင်းတွေဖြင့် ထိတွေ့ပွတ်သက်ကာနမ်းနေတော့ ထွန့်ထွန့်လူးရင်း ရင်ဘက်ကို လက်နှစ်ဖက်သုံးကာ အားနဲ့တွန်းထုတ်ငြင်းဆန်ရင်း ခေါင်က ငြင်းဆန်လေ ပိုလုပ်လေ ဆိုတာ သတိရသွားပေမယ့် သူမကိုယ်လေး သူ့ရင်ခွင်ထဲက ရုန်းထွက်လိုက်နိုင်သည်။


နှလုံးခုန်သံမြန်ကာ ရင်ထဲတလှပ်လှပ်ဖြစ်နေပြီး အသက်ကိုဝအောင် အားယူရှူသွင်းရှူထုတ်လုပ်နေစဥ် သူ့မျက်နှာကို အမှတ်တမဲ့ မော့ကြည့်လိုက်မိသည်။ ဘုရား ဘုရား...။ သူမ အိပ်နေတဲ့ သူ့ဒေါသကို နိုးဆွမိပြီထင်ပါရဲ့။ 


" နင်က ငါညင်သာရင်မကြိုက်ဘူးမလား၊ အဲတော့ ကြမ်းပေးရမှာပေါ့၊ ကြမ်းတာကြိုက်တယ်မလား ဟမ် ကြိုက်တယ်မှတ်လား မှာတမ်းခြွေ " 


" ခေါင် အင့် အ " 


တုန်ယင်မောဟိုက်နေလို့ အားယူပြီးပြောလိုက်သည့် စကားသံတွေက လည်ချောင်းထဲက ထွက်မလာနိုင်တော့။ နှုတ်ခမ်းနှစ်လွှာ ပူထူရှိန်းမြသွားတာကို သတိမူလိုက်မိသည်။ သိုးငယ်လေးကို  ခြင်္သေ့က ခုန်အုပ်လိုက်သလိုပင်။ သူပြုသမျှ နုနေရ၏။ ရှက်စိတ်တို့ ခိုဝင်ကိန်းအောင်းလာသည်ထက် မခံမရက်နိုင် နာကျည်းဒေါသမီးတွေက တစ်ကိုယ်လုံးအား လောင်မြိုက်ချိန်  သူမမျက်လုံးတွေ ပြာဝေသွားသည်။ သူမ ရောက်နေတာ သူ့အိမ်၊ အခန်းတစ်ခုထဲမှာ မဟုတ်။ လူသူလေးပါးတွေ့မြင်နိုင်သည့် အိမ်ပေါက်ဝတည့်တည့်၊ ဧည့်ခန်းရှေ့မှာ။


ခြွေ့ခံတွင်းထဲရောက်နေသည့် သူ့လျှာအား ချွန်မြသည့် သွားတွေဖြင့် မညှာတမ်းဖိကိုက်ချလိုက်ကာ ကိုယ်ချင်းခွာသွားတော့ သူ့မျက်နှာအား ရွံရှာသလိုစိုက်ကြည့်လျက် လက်တစ်ဖက် လေထဲမြှောက်တက်သွားစဥ်... 


" ရိုက်လိုက်၊ ငါ့အိမ်မှာ နင်က ငါ့အသားကို အနာတရဖြစ်စေချင်ရင် လုပ်လိုက်၊ ငါ့အချစ်ကို နင်စော်ကားတယ်နော်၊ ကိုယ့်ချစ်သူကို နမ်းခွင့်ထိကိုင်ခွင့် ငါ့မှာမရှိဘူးပေါ့၊ ဒါဆို ငါတို့ကဘာလဲ " 


°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°💔💔


ဆက်ရန် >>>


#Ruby Linn


rate now: