book

Index 4

အပိုင်း (၄)

  • Author : Rudylinn
  • Genres : Romance, Drama, Action

မညီမျှတဲ့ချစ်ခြင်း 🕊


" မှာတမ်းခြွေ " 


" လာပြီ " 


" ဒီဖိုင်ယူခိုင်းလို့လား ဒီဖိုင်မပါဘူးလေ ယူခိုင်းတဲ့ထဲမှာ၊ တလွဲတွေယူလာတယ်၊ ငါသေချာပြောရဲ့သားနဲ့၊ စိတ်ပါဝင်စားမှုမရှိဘူးလား၊ နင့်စိတ်တွေဘယ်ရောက်နေလဲ ဟမ် သွားပြန်ယူခဲ့ " 


" ကျစ် သောက်ပုံစံမကျဘူး ခိုင်းလိုက်တိုင်း" 


ဝန်ထမ်းတွေရှေ့တင် ပြစ်ပြစ်နှစ်နှစ်ကို အကောခံလိုက်ရသော မှာတမ်းခြေသည် ရှက်စိတ်ဒေါသစိတ်ကြောင့် မျက်နှာတစ်ပြင်လုံး ရဲတွတ်သွားကာ လှစ်ခနဲ အခန်းထဲ ပြန်ဝင်သွားလိုက်မိသည်။ 


" ဖိုင်လေးတစ်ခုယူတာ ဒီလောက်ကြာစရာလား... မြန်မြန်လာခဲ့ မှာတမ်းခြေ ကြားလား" 


အစည်းအဝေးခန်းထဲဝင်ဖို့ ဆိုင်းပင်းနေသော ဝန်ထမ်းတချို့ရော လိုအပ်သည့် စာရွက်စာတမ်းတွေယူနေသော ဝန်ထမ်းတချို့ပါ ဒေါသထွက်နေသော လွင်တီးခေါင်ကို ကြောက်လန့်စွာကြည့်နေကြချိန် ခေါင်က အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ရာ ကိုယ်စီ မျက်လွှာချသွားကြလေသည်။ 


ထိုစဉ် သူ့နား ခပ်သုတ်သုတ်လျှောက်လာသော မှာတမ်းခြေကို ...


" အစည်းအဝေးခန်းထဲမှာ ပြောသမျှအကုန်လိုက်မှတ်နော်၊ ပြီးရင် note ထုတ်ပြီး ငါ့ကို သေချာအစီရင်ခံ " 


ဟု ခေါင်နှုတ်မှလည်း တရစပ်ပြောရင်း ခြေလှမ်းတွေက ရှေ့သို့ဦးတည်လျက်ရှိသည်။ 


သူမကို အနိုင်ကျင့်တတ်သောခေါင်သည် ခုတလော သူမကို အထင်မြင်သေးသောအကြည့်များဖြင့် ကြည့်လာတတ်သလို လူရှေ့သူရှေ့ အာဏာလည်းပြတတ်သေးသည်။ 


အစည်းအဝေးခန်း၌ ​ခြွေ note လိုက်မှတ်နေစဥ် မိမိလက်အား အကြည့်ရောက်မိသည်။ အရင်က လက်တစ်ဆစ်လောက်ထိရှည်သော လက်သည်းတွေသည် ခုတော့ ငုတ်တိုလေးတွေဖြစ်နေ၍ ပင့်သက်တစ်ချက်ရှိူက်လိုက်မိ၏။ ဟိုတစ်ခါ သူ့ရင်ဘက်ကို မတော်တဆ သူမလက်သည်းဖြင့် ကုတ်ခြစ်မိထဲက ကိုယ့်အသိစိတ်နဲ့ ညှပ်ပစ်လိုက်တာပင်။ ထို့နောက် အာရုံကို ပရိုဂျက်တာရှေ့ရှိ လုပ်ငန်းအကြောင်း အသေးစိတ်ရှင်းပြနေသော ခေါင့်ဆီ ပြန်ပို့လိုက်သည်။ 


အမှန်တော့ ခြွေသည် ကုမ္ပဏီအလုပ်တွေ စာရင်းဇယားတွေ လုပ်ကိုင်ရတာ လုံးလုံးစိတ်ဝင်စားသူမဟုတ်။ ယခုဟာက မလွှဲသာမရှောင်သာအနေအထားမို့။ မိမိစိတ်ဝင်စားသည့်အရာကိုလည်း အတိအကျသိသူမဟုတ်ချေ။ ကျရာနေ စေရာသွားဖို့ ဆုံးဖြတ်ထားသည်မို့လားမသိ ဘဝရည်မှန်းချက်ပျောက်နေခဲ့သည်ဟု ကိုယ့်ဘာသာတွေးထင်နေမိ၏။ 


°°°°°°


" ကုန်ပစ္စည်းတွေကို နိုင်ငံခြားထိတင်သွင်းရတယ်ဆိုတော့ ကုမ္ပဏီက စင်ကာပူအပြင် တခြားဘယ်နိုင်ငံတွေနဲ့ စပ်တူလုပ်ထားသေးလဲဟင် " 


" ထမင်းစားနေရင် အလုပ်အကြောင်းမပြောနဲ့ " 


အလုပ်ချိန်ပြင်ပမှာတောင် မာထန်နေဆဲဖြစ်သည့် ခေါင့်လေသံတွေက မနက်တုန်းကလို နည်းနည်းမှလျော့မသွားခဲ့။ မေးဖျားက အနည်းငယ်ချွန်နေပေမယ့် လေးထောင့်ဆန်ဆန်ဖွဲ့စည်းထားသော ယောကျာ်းပီသသည့် သူ့မေးရိုးတွေက ထင်းရင်းနေ၏။ 


အလုပ်မှာ စိတ်တိုင်းမကျ လုပ်တိုင်းမဖြစ်တာတွေနဲ့ ခေါင်ကြုံသည့်အခါ ခြွေသည် သူ့ဒေါသတွေပုံကျရာနေရာတစ်ခု ဖြစ်ခဲ့လေသလားမသိ။ ဘာပဲဖြစ်ဖြစ် သူ့အပြုအမှူတွေက ထိုအချိန်တွင် လွန်စွာမှ သူစိမ်းဆန်လွန်းသည်။ ဘယ်မျက်နှာမှမကြည့်တော့ဘဲ ပြတ်သားစွာ စိတ်ရှိတိုင်းပြောတတ်သော ခေါင့်ကြောင့် လူပုံအလယ် သူမအရှက်ရခဲ့ပေါင်းလည်းများခဲ့ပြီ။ 


ဘေးမှာ သူမတစ်ယောက်လုံး ရှိနေတာကို မေ့လျော့နေဟန် အေးအေးလူလူ စားသောက်မြဲစားသောက်နေသော ခေါင့်ကိုကြည့်ပြီး သူမဗိုက်ပြည့်လာသလိုရှိသည်။ မွန်းကြပ်မှုတွေ ရင်ထဲပြည့်သွားသောကြောင့်ပင်။ သူနဲ့အတူရှိနေရင် ခံစားချက်ကြီးက ရှုပ်ထွေးလွန်း၏။ တစ်ခါတစ်ခါ အေးစက်လိုက်၊ တစ်ခါတစ်ခါ နွေးထွေးလိုက်၊ ဘီလူးသဘက်စီးသလို မျက်လုံးပြူး မျက်ဆံပြူးတွေဖြစ်တတ်သည်ကြောင့်လည်းပါလိမ့်မည်။ အခုတော့ မုန်တိုင်းကငြိမ်နေ၏။ ထို့ကြောင့် ဖြုန်းဆို မုန်တိုင်းဆင်နိုင်သည့် မာယာများသည့် ပင်လယ်ကိုစောင့်ကြည့်သလိုမျိုး သူ့မျက်နှာရိပ်ကိုသာ ကြည့်နေမိတော့၏။ သူချိုဆို ကိုယ်ကလည်းချို ခါးလျှင်လိုက်ခါး။ တစ်ခါတစ်ရံ မှာတမ်းခြွေကို ပြန်ရှာနေရတဲ့အဖြစ်။ 


°°°°°°°


" ဘာ အခုချက်ချင်းပြန်လာခဲ့မယ် ခဏစောင့် "


စိုးရိမ်တကြီးပြောပြီး ဖုန်းချလိုက်သော လွင်တီးခေါင်ကို သူမထိတ်လန့်စွာစိုက်ကြည့်နေရင်း...


" ဘာဖြစ်လို့လဲ "


" မေမေရေချိုးခန်းထဲမှာချော်လဲလို့တဲ့ "


" ဟင် " 


ပြောပြောဆိုဆို မတ်တပ်ရပ်ပြီး ခေါင်ပိုက်ဆံအိတ်ထဲမှ သောင်းတန်နှစ်ရွက်ကို လျင်မြန်စွာထုတ်ကာ စားပွဲပေါ်တင်လိုက်သည်။ ပြီးတော့ ကားသော့ယူ နေရာမှ ခြေလှမ်းကျဲဖြင့် လှမ်းထွက်သော ခေါင့်ကို သူမ ကပျာကယာလှမ်းမေးမိ၏။ 


" အန်တီမော့်အ​ခြေအနေက စိုးရိမ်ရလား၊ ငါလည်းလိုက်ခဲ့မယ်နော် " 


တုံ့ပြန်စကားမဆိုသော ခေါင့်မျက်နှာကို ဘေးတိုက်ယှဥ်လျှောက်ရင်းကြည့်တော့ မျက်မှောင်ကုပ်ထားတာတွေ့ရ၍ သူမ အသာငြိမ်နေလိုက်တော့သည်။ ထို့နောက် ခေါင့်မေမေကို အိမ်မှာဝင်ခေါ်ပြီး ဆေးခန်းသွားပြလိုက်သည်။ ဓာတ်မှန်ရိုက်ကြည့်ရာ ခြေချင်းဝတ်အရိုးအက်သွားသည်ဟု ဆရာဝန်က ဆိုသည်။ နှစ်ပတ်လောက်နားနေရမည်ဟု ပြောတော့ စိတ်မြန်လက်မြန်ရှိတဲ့ အန်တိီမော်က မျက်နှာပျက်ကာ အံတကြိတ်ကြိတ်ဖြင့်။ အရာရာသူကိုယ်တိုင်လုပ်ရမှ ကျေနပ်သည်ထင်သောကြောင့်ပင်။ ကျောက်ပတ်တီးနဲ့မို့ ဂျိုင်းထောက်ကူရတာကိုလည်း ဘဝင်မကျ မကျေနပ်ဟန်ပေါ်လွင်လှပေသည်။ 


" မေမေရယ် ဘယ်မှာချော်လဲတာလဲ " 


" ရေချိုးကန်နားမှာလေ၊ အဲ့နားကို အရင်က ခေါက်တုံ့ခေါက်ပြန်လျှောက်တာ ဘာမှမဖြစ်ဘူး၊ ဒီနေ့မှ အင်း... ပြောမပြောချင်တော့ပါဘူး ငါ့နှယ်၊ စိတ်ပျက််တယ် " 


" မေမေအနားရသွားတာပေါ့၊ မဟုတ်ရင် မေမေက မေမေ့လက်နဲ့ထိပြီးလုပ်ရမှ ကျေနပ်တာမလား... ဘာလေးမဆိုလေ၊ အဲ့တော့ အနားရတယ်လို့ သဘောထားလိုက်ပါ " 


" အင်း ခုတော့ သူများလုပ်ပေးတာကို စိတ်တိုင်းမကျလည်း သည်းခံရတော့မှာပေါ့၊ အိမ်ကအလုပ်သမားတွေက လျှပ်ပြာလျှပ်ပြာဗလန်ဗလန်နဲ့ စိတ်တိုင်းမကျပါဘူး၊ ညစ်လည်းညစ်ပတ်သေး ငါ့မလည်း ပြောရတာအာပေါက်တယ်၊ သနားလို့အလုပ်မထုတ်တာ " 


" အဟွန်း... မေမေကတော့လေ " 


မအေနဲ့သား စကားပေးစကားယူတည့်နေ၏။ ပြုံးပြုံးပြုံးပြုံးနှင့် မအေပြောသမျှ ခေါင်းညိတ်နားထောင်နေသော ခေါင့်အား သူမငေးရုံသာငေးကြည့်နေခဲ့မိသည်။ ပြီးမှ အန်တီစန်းစန်းမော်ဆီ အကြည့်ရောက်သွား၍ တံတွေးလေးတစ်ချက်မြိုချလျက် လည်ချောင်းရှင်းလိုက်ရင်း...


" ဟိုလေ အန်တီမော် တခြားလူတွေလုပ်ပေးတာ စိတ်တိုင်းမကျရင် သမီးအန်တီမော့် ဝေယာဝေစ္စတွေလာလုပ်ပေးရမလား၊ အန်တီ့ခြေထောက်သက်သာတဲ့အချိန်ထိဖြစ်ဖြစ်ပေါ့ " 


ထိုအခါ ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် ထင်ခဲ့ပုံမရသော ဒေါ်စန်းစန်းမော်သည် သူ့ဘက်ဖြည်းညှင်းစွာလှည့်ကြည့်လာပြီး မျက်ခုံးလေးဝင့်ချီ၍...


" ညည်းက ငါ့ဝေယာဝေစ္စတွေကို မညည်းမညူလုပ်ပေးနိုင်မှာမို့လား၊ တော်ကြာ ယောက္ခမက မတော်ရသေးတဲ့ချွေးမကို အိမ်ခေါ်ပြီး lessons ပေးနေတယ်လို့ ပတ်ဝန်းကျင်မှာ သတင်းမွှေးနေပါဦးမယ်တော် " 


ခနဲ့တဲ့တဲ့လေးနဲ့ အဆံပါသော စကားကြောင့် သူမ မချိပြုံးလေးပြုံးလိုက်မိ၏။ ကိုယ့်ထက်အသက်အရွယ်ကြီးရင့်သူမို့ လေးစားသမှုနဲ့သာ သူမပြောလိုက်သည်။ 


" သမီးအတွက် နာမကျန်းဖြစ်နေသူတစ်ယောက်ကို ပြုစုစောင့်ရှောက်ပေးရတာ အပန်းမကြီးပါဘူး အန်တီမော်၊ အန်တီ့ကို သမီးအမေလို သဘောထားပြီး ဂရုစိုက်ပြုစုပေးမှာမို့ တခြားစကားတွေ အရေးမစိုက်လို့ရပါတယ် " 


အန်တီမော်က သူမစကားကြောင့် ပြုံးသွားသည်ထင်ရဲ့။ အတန်ကြာစိုက်ကြည့်ပြီးမှ မျက်နှာလွှဲသွားရင်း ခေါင်းလေးတစ်ချက်သာ ညိတ်ပြတာတွေ့ရ၏။ 


" ဒါဆို သမီးမနက်ဖြန် အလုပ်မှာခွင့်ယူပြီး စောစောလာခဲ့ပါ့မယ်၊ အခုတော့ အန်တီမော်နားလိုက်ပါဦး " 


နှုတ်ဆက်စကားဆိုပြီး အခန်းထဲမှထွက်လာသော မှာတမ်းခြွေ၏မျက်နှာသည် ကြည်လင်နေ၏။ တည်ငြိမ်စွာပင် ဧည့်ခန်းကဆိုဖာမှာ အသာထိုင်၍ ခေါင့်ကိုစောင့်နေလိုက်သည်။ လွင်တီးခေါင်က မရှေးမနှောင်းပင် ထွက်လာပြီး...


" လာ လိုက်ပို့ပေးမယ် "


ဟု တစ်ခွန်းတည်း ခပ်တည်တည်ပြောရာ ကြည့်လိုက်တော့ လှမ်းထွက်သွားသော သူ့ကျောပြင်ကျယ်ကိုသာ ရိပ်ခနဲ မြင်လိုက်ရ၏။ ထို့ကြောင့် အိတ်ကလေးကောက်လွယ်၍ ထလာခဲ့တော့သည်။


°°°°°°


" မမခြွေ အဲ့မင်းသားက အရမ်းရိုတာပဲသိလား၊ မင်းသမီးကို သိပ်ချစ်တာ အဟိ " 


" အမယ် အငယ်မ နင်ကရိုတာလည်းသိတယ်လား " 


" သိတာပေါ့ မမရဲ့ အဟင်း... "


" တိတ်တိတ်နေကြ ဒီကလေးတွေ၊ ကားကောင်းကောင်းကိုမကြည့်ရဘူး တစ်ယောက်တစ်ပေါက်နဲ့ "


ဘေးနားမှာ တီဗွီထိုင်ကြည့်နေသည့် မေမေရဲ့ဟန့်တားမာန်မဲသံကြောင့် သူမရော ဆိုဖာအောက် ကြမ်းပြင်ပေါ်ထိုင်နေသော အငယ်မပါ အော်တိုမိနစ်ပါးစပ်ပိတ်သွားသည်။ ထို့နောက် ရှေ့မှ ခွေးခြေခုံပေါ်တင်ထားသော လက်ဖက်ခွက်ကို ပြိုင်တူနှိုက်မိကြတော့ အငယ်မက ပြုံးစိစိဖြင့် သူမဘက်ထိုးပေးလာသည်။ အကြော်စုံတစ်ဇွန်းခပ်စားပြီး မေမေနှပ်ထားသည့် လက်ဖက်သားကို အနည်းငယ်စားလိုက်၏။ ညဘက်ထမင်းစားပြီးချိန်တွင် ယခုလိုမျိုး သုံးယောက်အတူ တီဗွီရှေ့ထိုင်တတ်သော အကြည့်ရှိ၏။ 


မေမေနှင့်အတူ မှာတမ်းခြေသည်လည်း ဇာတ်လမ်းထဲ မျှောပါသွားရသည်။ ဇာတ်လမ်းထဲမှာ မင်းသားက မင်းသမီးရဲ့ ကြိုင်းသိုင်းဖိနပ်ကြိုးလေးပြည်နေတာမြင်တော့ ရှေ့မှာဒူးတစ်ဖက်ထောက်ထိုင်ချကာ ကြိုးစလေးအား ပြန်ချည်ပေးနေတာကို ကြည်နူးနှစ်သက်ဖွယ်မြင်ရသဖြင့် သူမ နှုတ်ခမ်းတွေက အလိုလိုပြုံးမိလျက်သားပင်။ သူမမျက်လုံးတွေက အသက်ဝင်သော်လည်း ခံစားချက်တွေကတော့ အင်မတန်ရှုပ်ထွေးနေမှန်း ကိုယ်တိုင်သာသိသည်။ 


ခေါင်နဲ့သူမက မိဘတွေသဘောအရ စေ့စပ်ထားကြပေမယ့် တကယ့်တကယ်တမ်း ချစ်သူတွေလို နွေးထွေးမှုရှိကြပါရဲ့လား။ ငယ်သံယောစဥ်ကို အမှီပြု၍ သူပြောတဲ့ ချစ်တယ်ဆိုတဲ့ စကားအောက်မှာ တခဏတာ ရစ်ငင်မိခဲ့ဖူးတာကိုတော့ ဝန်ခံပါသည်။ 

မျက်လုံးက ဖန်သားပြင်ကအကြည့်မလွှဲပေမယ့် စိတ်တွေက ပျံ့လွင့်နေခဲ့သည်။ နောက် အကြည့်က ပြတင်းပေါက်ဘေးက အပ်ချုပ်စက်လေးဆီ ရောက်သွားသဖြင့် အတွေးတွေချုပ်ငြိမ်းသွားရင်း အေးချမ်းမှုဖြင့် ပြုံးမိရ၏။ ထိုအပ်ချုပ်စက်မှ အထည်ပေါင်းများစွာ ဖန်တီးထုတ်လုပ်ခဲ့ဖူးသည်။ လက်ရာကောင်းတာရော မကောင်းတာရောပေါ့။ အရင်က အကျီချုပ်ခဲ့ဖူးသည့်အချိန်တွေ ပြန်လွမ်းမိရင်း ဖျတ်ခနဲ အတွေးတစ်ခု ခေါင်းထဲရောက်လာတော့ ဆတ်ခနဲ မတ်တပ်ရပ်လိုက်မိသည့် ကိုယ့်ကိုယ်ကိုယ်ပင်သတိမထားမိလိုက်ချေ။ 


" မေမေ... သမီးညစျေးခဏသွားလိုက်ဦးမယ် " 


" ဟဲ့ "


မေမေ့ရဲ့ ဟဲ့ ဆိုသည့် စကားသံက နောက်ရောက်သွားပြီး ခြွေ အခန်းထဲ လှစ်ခနဲ ပြေးဝင်ကာ ပိုက်ဆံအိတ်ပိုက်၍ ကပျာကယာပြန်ထွက်လာတော့...


" ဟဲ့ဟဲ့ မိုးချုပ်နေပြီလေ တစ်ယောက်ထဲသွားမလို့လား " 


" ရတယ်မေမေ သမီးသိပ်ကြာမှာမဟုတ်ဘူး " 


" သြော် ဒီကလေးနှယ် "


မိမိစိတ်နှစ်သက်ပျော်ရွှင်ရာလုပ်ရတော့မည်ဟူသော အသိဖြင့် ​ခြွေ့မျက်လုံးတွေ အရောင်လက်နေသည်မှာမလွဲ။ သူမတို့အိမ်ရှေ့ကနေ လမ်းထိပ်က မလှမ်းမကမ်းမို့ မြန်မြန်သွက်သွက်လျှောက်၍ နှစ်လမ်းကျော်က ညစျေးဆီ ဦးတည်ခဲ့၏။ လမ်းမထက် ကားအသွားအလာ လူအသွားအလာမပျက်။ မိန်းကလေးတွေ တစ်ယောက်ထဲလည်း သွားလားနေတာ တွေ့ရသည်။ ပုံမှန်လိုပင်။ သူမထံတွင်လည်း ကြောက်စိတ်များဝေးစွ။ 

ပိတ်စအဆင်ဆန်းလေးတွေ ကြည့်ချင်စိတ်ကများနေ၍ မြန်မြန်လျှောက်လာရာ အိုက်စပ်စပ်တောင်ဖြစ်လာပြီ။ 


စျေးတန်းထဲရောက်တော့ ခြေလှမ်းက သွက်သထက်သွက်လာရင်း မျက်လုံးများ ဝေ့ဝဲရှာနေမိသည်က ပိတ်စတွေချရောင်းသည့် ဆိုင်တန်းဘက်ကိုသာ။ ဟော တွေ့ပါပြီ။ တန်းပေါ်မှာ ဖြူနီပြာဝါ အရောင်သွေးစုံသည့် ပိတ်စမျိုးစုံက မျက်လုံးထဲဝင်လာသည်က ထင်းခနဲ စူးခနဲ။ 


တစ်ယောက်ထဲ သဘာကျကာ ပြုံးရယ်ရင်း အနားထိလျှောက်သွားကာ နီးရာအစကို လက်ဖျားလေးဖြင့်  ယုယညင်သာစွာ အသာကိုင်တွယ်ထိကြည့်မိသည်။ ပိုးသားပဲ...။ ကိုယ့်ဘာသာ မှတ်ချက်ပြုရင်း စျေးထိုင်ရောင်းသည့် အသက် ၃၀ အရွယ်ခန့်ရှိမည့် အစ်မကြီးဘက် အပြုံးမျက်နှာဖြင့်လှည့်ကာ...


" အစ်မ ဒါဘာပိုးလဲဟင် " 


" ထိုင်းပိုး ညီမ၊ အသားကောင်းတယ် အရောင်လည်းစုံတယ် ဒီရောက်တာမကြာသေးဘူး ဒီဇိုင်းလည်းဆန်းတယ် စိတ်ကြိုက်ကြည့် " 


အပြောသွက်သော အစ်မကြောင့် ကိုယ်တိုင်လည်း တက်ကြွလာမိသည်။ အစတွေ တစ်စပြီးတစ်စ ကိုင်တွယ်ပွတ်သပ်ပြီး ရွေးနေချိန် စိတ်ဟာ ငြိမ်းချမ်းနေတာ ဘာနဲ့မှနှိုင်းယှဥ်ပြ၍မရ။ ထိုခံစားချက်အား ဘာနဲ့မှလည်း မလဲနိုင်ပါ။ 


အစထဲက မေမေ့အတွက် ရည်စူးပြီးဝယ်မယ်လို့ စိတ်ကူးလာခဲ့တာမို့ လူကြီးနဲ့လိုက်မည့် အရောင်ဖျော့ဖျော့ အငြိမ်ဘက်သွားသည့် မျက်စိအေးသော အရောင်တွေကို ဦးစားပေးကြည့်ဖြစ်သည်။ ခဲရောင်ဖျော့လေးက မျက်လုံးထဲငြိမ်တယ်ထင်ရသဖြင့် သည်အစကို အစ်မအား တစ်ကိုက်,ကိုက်ခိုင်းလိုက်သည်။ တစ်လက်စထဲ ခေါင့်မေမေအတွက်ပါ ရွေးလိုက်၏။ အပွင့်အနုပ်ကြီးသည့် ဇာပိတ်စတွေက မျက်လုံးထဲဝင်လာကာ အန်တီမော်နဲ့လိုက်ဖက်မည်ဟု တွေးလိုက်ပြီး လိမ္မော်ဖျော့ရောင် ရွေးဝယ်လိုက်သည်။ ပြီးတော့ အန်ကယ်အတွက်လည်းဝယ်သွားရမည်။ ခေါင့်အတွက်ကလည်း မပါမ​ဖြစ်ပင်။ အားလုံးအတွက်ပါပြီး သူ့ကိုချန်ထားခဲ့ရင် ဒေါသအိုးက ရေဆူအမှတ်ရောက်လာလိမ့်မည်မဟုတ်လား။ 


ပိတ်စတွေကို အချိန်ပေးရွေးချယ်ပြီး စိတ်ကြိုက်ဖြစ်မှ ထိုနေရာကလှည့်ထွက်တော့ အကြော်နံ့လေးက နှာသီးဖျားဝနား လာကျီစယ်သွားလေသည်။ အကြော်စုံပူပူလေးလို့ အော်သံကြားပေမယ့် ကြာလာတော့ အကြော်တွေလည်းမပူတော့တဲ့အပြင် လေသလပ်၍ မာကုန်ပြီပေါ့လေ။ သို့သော် အားပေးသည့်အနေဖြင့် ဝယ်စားလိုက်ပါသည်။ ၃ ခု ၂၀၀ တဲ့။ အထုပ်တွေပိုက်ပြီး လမ်းမှာ အကြော်တွေစားရင်း လျှောက်လာနေစဥ် ဝက်သားဒုတ်ထိုးဆိုင်ရှေ့ ဖြတ်မိတော့ ခြေလှမ်းတွေက စောနကလို မသွက်တော့။ လည်ပင်းလေးဆန့်၍ ငဲ့ကြည့်မိပြန်ပြီ။ လက်ကျန်အကြော်လေး ပါးစပ်ထဲထိုးထည့်ရင်း ဦးတည်ရာပြောင်းလိုက်သည်။ 


ခုံပုလေးတစ်ခုံမှာ အသာဝင်ထိုင်ရင်း ပိတ်စထည့်ထားသည့် ကျွတ်ကျွတ်အိတ်အမည်းထုပ်ကြီးကို ပေါင်ပေါ်တင်ကာ သူမအား အထူးအဆန်းသဖွယ်ကြည့်နေသော ဆိုင်ရှင်ဦးလေးကြီးကို သွားများပေါ်သည်အထိ  မဆီမဆိုင်ပြုံးပြမိကာ အရှေ့မှ ဝက်သားဒုတ်ထိုးတွေကို ရှက်ရွံ့မှုတွေ ဘေးချိတ်ကာ ဝါးတီးဆွဲပါတော့သည်။ ဝက်သားပြုတ်ရည်ဟင်းချိုလေးကိုလည်း ပူနေမှန်းသိသိရက်နဲ့ လျှာကျွတ်သည်အထိ မမှုတ်ဘဲ အငမ်းမရ သောက်နေမိသည်။ မိမိအဖြစ်အား ထိုအချိန်တွင် ရယ်ရကောင်းမှန်းမသိသေးပါ။ တစ်ချောင်းပြီးတစ်ချောင်း ငုံ့လွေးနေသော ခြွေ့သည် ဘယ်တုန်းက ငတ်ပြတ်နေတာလဲ ဟု မေးချင်စရာအတိ။ ပါးစပ်သုံးထောင်ရှင်းပြီး အရှိန်မြန်မြန်ဖြတ်ကာ ထွက်လာခဲ့ရသဖြင့် သိပ်တော့မကျေနပ်ချင်။ အာသာတော့ ပြေသွားသည်မဟုတ်လား။ 


ပိုက်ဆံကမ်းပေးစဥ် အောင့်မျက်သွားသော လက်မောင်းရင်းမှ ဝေဒနာကို အမှတ်မထင် လျစ်လျူရှုလိုက်မိလေသည်။ 


ဆက်လျှောက်လာရင်း သင်္ဘောသီးထောင်းတွန်းလှည်းသည်ကို မျက်လုံးက အသေအချာတွေ့သွားပြန်သည်လေ။ သွားရည်က ယိုစိမ့်လာပြီ။ အား... ချဥ်ချဥ်စပ်စပ်လေးစားလိုက်ရနော်။ အနားလျှောက်သွားတော့ အသုပ်သည်ဦးလေးကြီးက သိနေသည်ထင်ပ၊ သူမကို ခပ်ငိုက်ငိုက်စောင်းထားသည့်ဦးထုပ်ကြားက ပင့်ကြည့်ပြီး ထောင်းထားသည့် သင်္ဘောသီးတွေကို ငရုတ်ဆုံထဲက လက်တစ်ခုပ်ယူလျက် လက်အိတ်နဲ့ နှယ်နေလိုက်တာများ အားရပါးရ။ ခံတွင်းထဲ ချဥ်တက်လာပြီး အိန္ဒြေမထိန်းနိုင်တော့။ ဝယ်ချလိုက်ပြန်သည်။ ပြောင်းဖူးပေါ်နေပြီမို့ ပြန်ခါနီး သတိတရနဲ့ အငယ်မအတွက် ပြောင်းဖူးတစ်ဖူးဝယ်လာခဲ့လိုက်သည်။ နောက်တော့ အထုပ်တွေနဲ့ အပြန်လမ်းမှာ တပင်တပန်းပြန်လာခဲ့ရတော့တာပေါ့။ ဒါပေမဲ့ ပျော်ခဲ့ရသည်မဟုတ်လား။ စိတ်လွတ်ကိုယ်လွတ်ကို ပျော်ခဲ့တာ။ 


အိမ်ရှေ့ရောက်ရောက်ချင်းမှာပင် အငယ်မက အိမ်ထဲမှ အပြေးကလေးထွက်လာတာ လှမ်းမြင်လိုက်ရသည်။ အစကတော့ အထုပ်တွေနဲ့မို့ လာကူညီပေးသည်ဟု ထင်လိုက်တာပေါ့။ နောက်မှ သူ့စကားကြားပြီး မဟုတ်မှန်းသိလိုက်ရသည်လေ။ 


" မမ မမ​ခြွေ အိမ် အိမ်ထဲမှာ ... " 


အငယ်မပုံက သူမထက်ပင် ပင်ပန်းမောဟိုက်နေသည့်ပုံပင်။ သူမကိုပြူးကြည့်ပြီး အိမ်ထဲကို လက်ညှိုးလေးထိုးကာ ပြောနေခြင်းပင်။


" ဘာဖြစ်တာလဲ အိမ်ထဲမှာ၊ ရော့ ကူသယ်ပါဦး လေးလိုက်တာ " 


သူမပြောမှ သတိရဟန်ဖြင့် သူမလက်ထဲကအထုပ်တွေကို လက်ပြောင်းယူရင်း အိမ်ထဲအတူလျှောက်ဝင်လာစဥ်...


" အထဲမှာ ကိုလွင်တီးခေါင်ရောက်နေတယ် မမ " 


အငယ်မရဲ့စကားအဆုံး သူ့ရဲ့နောက်ကျောကိုပါ တစ်ပါတည်းမြင်လိုက်ရသည်မို့ ခြေလှမ်းများ တုံ့နှေးသွားကာ ပြုံးတုံ့တုံ့မျက်နှာထားလေး အလိုလိုတည်သွားရတော့သည်။ ရှေ့သို့တိုးသွားရင်း နောက်လှည့်ကြည့်လာသည့် ခေါင်နှင့်သူမ အကြည့်ချင်းသွားစုံသည်။ 


ခြွေ့အား စောင့်နေဟန် ခါးထောက်လျက် နီမြန်းနေသော ခေါင့်မျက်နှာကြည့်ရုံနဲ့ ဒေါသထွက်နေပြီမှန်း ခန့်မှန်းနိုင်လိမ့်မည်။ ဘာကြောင့် အိမ်အထိရောက်လာရသလဲ မေးဖို့သာရှိတော့သည်မို့ စကား​ပြောဖို့ အရှိန်ယူလိုက်စဥ် သူက လျင်မြန်စွာ အနားသို့ ဗြုန်းခနဲ ရောက်လာသဖြင့် လန့်ဖျပ်ချိန်တောင်မရလိုက်။ လက်မောင်းရင်းအား အားနဲ့ဖိဆုပ်အကိုင်ခံလိုက်ရပြီ။ 


" အ " 


" ညဘက်ကြီးအလေလိုက်နေတယ်ပေါ့၊ ငါမသိအောင်ခိုးလုပ်ချင်တယ်ဆိုလည်း ဖုန်းတော့ယူသွားလေ ဟမ် နင်ငါ့ကို ဘာမှတ်နေသလဲ မှာတမ်းခြွေ၊ ဂရုစိုက်စရာမလိုဘူးပေါ့ ဟုတ်လား " 


" ခေါင် နင့်လက်ကိုအရင်လွှတ်ပြီးမှပြော၊ ငါလက်မောင်းအောင့်နေပြီ " 


" အဖြစ်သည်းမနေနဲ့ ငါမေးတာဖြေ၊ အလေလိုက်ရတာ တော်တော်ပျော်ခဲ့တယ်မို့လား " 


ခေါင်က ပြောရင်း လက်ကိုလည်း ပို၍အားနဲ့ညှစ်ကိုင်လိုက်တာမို့ လက်မောင်းက အပေါ်မြှောက်သွားပြီး လူကရှေ့သို့ပိုတိုးကပ်သွားရသည်။ 


" အာ့ တိုးတိုးပြောပါ မေမေကြားသွားလိမ့်မယ် " 


" ကြားကြား ကြောက်တက်ရင် ခိုးမလုပ်နဲ့လေ "


မျက်နှာချင်းဆိုင်ဖြစ်၍ နှစ်ယောက်သား နီးကပ်နေပြီး သူ့အသက်ရှူသံပြင်းပြင်းတွေကို ကြားနေရသည့်အပြင် ရှူထုတ်လိုက်သည့်လေငွေ့က မျက်နှာကို လာရိုက်ထိခတ်နေ၏။ 


သူမအပြစ်က တော်တော်ကြီးတာကိုး။ သူ့ဖုန်းမကိုင်မိသည့်အပြစ်၊ သူ့အား ခွင့်မတောင်းဘဲ ညဘက်အပြင်ထွက်မိသည့်အပြစ်တဲ့။ ခဏချင်းပင် သူမရင်ဝမှာ ဆို့တက်လာကာ မနီးမဝေးမှာရှိသည့် အငယ်မအား မျက်လုံးစွေကြည့်လိုက်တော့ စိတ်မကောင်းစွာ မျက်နှာငယ်လေးနဲ့ ကြည့်နေတာ တွေ့ရသဖြင့် ဘာမှမဖြစ်ဘူး ဆိုသည့်သဘောဖြင့် ခေါင်းလေးအသာယမ်းပြကာ သူ့လက်ထဲမှ သူမလက်မောင်းအား ရုန်းထွက်လိုက်ရင်း သူ့ကိုဆွဲခေါ်၍ ခြံထဲသို့ ကသောကရော ဆင်းလာခဲ့လေသည်။


" လိုအပ်တဲ့ပစ္စည်းလေးတွေရှိလို့ ညဘက်စျေးထွက်ဝယ်မိတာ အပြစ်ကြီးလုပ်မိသွားတာလားခေါင် " 


" ဘာပြောတယ် ငါ့ကိုမေးခွန်းပြန်ထုတ်ရဲတယ်ပေါ့၊ နင့်ကိုယ်နင် နင်လုပ်ရပ်က မှန်တယ်လို့ ထင်နေတယ်ပေါ့၊ ငါ့ကိုမခန့်လေးစားမလုပ်နဲ့၊ ငါ့စကားကိုနာခံ၊ ငါနဲ့စေ့စပ်ထားတဲ့မိန်းကလေးဖြစ်တဲ့နင်က ငါ့အကြိုက်လိုက် ငါပြောသမျှလုပ်ဖို့တာဝန် နင့်မှာအပြည့်ရှိတယ်၊ နင်ဘာသာဘယ်သွားသွား ငါ့ဆီမှာခွင့်တောင်းလေ၊ အခုနင်ပြောတဲ့ပုံစံက ငါက နားလည်မှုမပေးနိုင်တဲ့ကောင် ချုပ်ခြယ်တဲ့ကောင်၊ တရားလွန်တဲ့ ပုံစံဖြစ်မသွားဘူးလား ဟမ် " 


ရုတ်ချည်း ခြွေ့အသားတွေ တဆတ်ဆတ်တုန်လာသည်။ သစ်ပင်ရိပ်က သူ့မျက်နှာတစ်ခြမ်းပေါ်ကျရောက်နေကာ ကျန်တစ်ဖက်က လမ်းမီးတိုင်အလင်းဖြင့် ထင်းနေကာ စူးရဲနေသော မျက်နှာတစ်ဖက်နဲ့မျက်လုံးကို မြင်နေရသည်။ သူမကိုကြည့်နေရင်း အားမလိုအားမရဟန်ဖြင့် လက်မောင်းကိုဆောင့်ဆွဲယူရင်း မျက်နှာနှစ်ခုနီးကပ်စေကာ...


" ပြောစမ်း ဒါမျိုးနောက်ထပ်လုပ်ဦးမလား "


သူမေးနေတာ ကြားရသော်လည်း သူမနှုတ်က လုံးဝမထွက်အောင် တစ်စုံတစ်ခုက စီးနင်းထားသလိုပင်။ သားရဲတစ်ကောင်လို သွေးဆာနေသည့်ဟန်ပန်ဖြင့် သူမရှေ့ရောက်နေသော ထိုလူကို ကြောက်ရမည်ထက် သွေးအေးစွာ စူးစိုက်ကြည့်နေမိတော့သည်။ ဖျစ်ညှစ်ခံထားရသည့် လက်မောင်းမှနာကျင်မှုက နှလုံးသားထဲ စီးဝင်သွားသည်။ 


အရာရာသူ့စိတ်တိုင်းကျနေပေးခဲ့သော ခြွေသည် ရလေလိုလေ အိုတစ္ဆေ  ဖြစ်နေသည့်သူ့စိတ်ကို အနည်းငယ် လျော့တွက်မိခဲ့သည်ဟုဆိုရမည်။ သူပြောတိုင်းဖြစ်ခဲ့တော့ ဘာမဆို သူမအပေါ် လွှမ်းမိုးချုပ်ကိုင်ချင်သည့်ခေါင့်စိတ်သည် သူ့အား ကျိုးနွံစွာ ခိုင်းသမျှ မငြိုမငြင်လုပ်ပေးခဲ့သော ခြွေ့ကြောင့်ပင် သူမအပေါ် ပို၍လွှမ်းမိုးချုပ်ကိုင်ချင်သည့်စိတ်တွေ ကြီးထွားလာလေသလား မသိတော့ချေ။ ယခုလည်း ဘဝတစ်ခုလုံးကို လွှမ်းမိုးခြယ်လှယ်ဖို့ လမ်းစပျိုးနေလေပြီ။ 


မျက်ရည်လေးရစ်ဝဲလျက် အရောင်လက်နေသော သူမမျက်လုံးတွေကို သူစိုက်ကြည့်ရင်းကိုင်ထားသည့်လက်ကို လွှတ်ပေးလိုက်ချိန် မျက်ရည်တွေက ပုလဲပုတီးမှ ပုလဲတွေပြုတ်ထွက်ကျလာသလို မျက်ဝန်းအိမ်မှ ပါးပြင်ပေါ်သို့ ခုန်ပေါက်သက်ဆင်းလာတော့သည်။ တားဆီးဖို့မကြိုးစားမိ။ စိတ်အစဥ်ကို လွှတ်ပေးထားသည်။ မိမိထိုက်နဲ့မိမိကံပဲ ရှိပါစေတော့။ 


" ခြွေ " 


ခက်ထန်မာကြောသံတွေပျောက်ကာ နူးညံ့စွာ ခေါ်လိုက်သောအသံပိုင်ရှင်က သူမမျက်ရည်တွေကို ယုယစွာ သုတ်ပေးလာရင်း

နားနားကပ်ကာ တိုးတိုးပြောသည်။ 


" ငါနင့်ကို အရမ်းချစ်တယ်ဆိုတာ နင့်စိတ်ထဲမှာ စွဲစွဲမြဲမြဲမှတ်ထားပါ " 


ထိုစကားအဆုံး ယုဇနပင်ကို ဝေ့တိုက်လာသောလေနုအေးကြောင့် ပါးပြင်ပေါ်က မျက်ရည်တွေ ခမ်းခြောက်သွားရသည်။ ပန်းရနံ့က နှာသီးဖျားဝမှာတော့ စူးခနဲကျန်ရစ်၏။ သူမ ဖျော့တော့စွာ ပြုံးလိုက်မိသည်ထင်ပါရဲ့။ ပြောစရာမလိုအောင် သူမအပြုံးက ပန်းရနံ့ကြောင့် ဖြစ်ထွန်းလာရခြင်းသာ။ နောက်တော့ သူမနဖူးပေါ် ဝဲကျနေသော ဆံမျှင်တို့ကို နောက်သို့သိမ်းပေးရင်း ခေါင်က တိုးလျစွာဆိုလာပြန်သည်။


" မနက်မှတွေ့ကြမယ် စောစောအိပ် "


ညင်ညင်သာသာလေး ပြောသွားတာမှန်ပေမယ့် အခွန်းတိုင်းက သူမနားထဲမှာ အမိန့်သံပမာကဲ့သို့ပင်။ သူထွက်သွားချိန် လူက နုံးခွေသွား၍ နေရာမှာတင် ဆောင့်ကြောင့်လေးထိုင်ချလိုက်မိသည်။ ခုမှ အသက်ဝဝရှူရသလို လေကိုတစ်ချက်ပင့်ရှူလိုက်တော့ ပြတင်းပေါက်မှ အရိပ်ကလေးတစ်ခုကို လှမ်းတွေ့လိုက်ရသည်။ အငယ်မ ဆိုတာ ပြောစရာပင်မလို။ ပြီးတော့ ခန်းဆီးစလှုပ်သွား၍ အရိပ်လေးပျောက်သွားသည်။ 


အစောက ခြွေတို့စကားပြောနေသောအသံကို မေမေမကြားပါစေနဲ့လို့သာ ဆုတောင်းရင်း လက်ကလေးပိုက်လိုက်မိသည်။ ကျေးဇူးတရားတို့သာမက သူငယ်ချင်းသံယောဇဥ်ကပါ သူမမှာ ချည်နှောင်ခြင်းခံထားရသဖြင့် ရုန်းထွက်ဖို့ခက်လှသည်။ သူမအဖို့ အနိုင်ကျင့်ခံရသည်ဆိုတဲ့စကားလုံးက အကျည်းတန်လွန်းလှ၏။ အားနည်းတဲ့သူကို ဖိတတ်သည့်လူ့သဘာဝကိုသာ အပြစ်ဖို့ချင်(နိုင်)တော့သည်။ 


သူမအား စားမတက်ဝါးမတက် ဖြစ်နေသည့် ခေါင့်မျက်နှာက မျက်လုံးထဲပေါ်လာတော့ ရင်ထဲ ဆစ်ခနဲ နာကျင်သွားသည်။ အောင့်မျက်နေဆဲ လက်မောင်းအား လက်တစ်ဖက်ဖြင့် အထက်အောက်ပွတ်မိတော့ နာလွန်းသဖြင့် ငိုချင်ရဲ့လက်တို့ အရည်ရွဲလာရပြန်သည်။ 


နေ့နဲ့ညတောင် တစ်ပြန်စီလည်ပတ်နေသေးတာပဲ၊ သူမကိုလည်း ကံကြမ္မာက မျက်နှာသာပေးဦးမှာပါလေဟု ဖြည့်တွေးကာ စိတ်ကိုသာတင်းထားရင်း...။


°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°💔💔


ဆက်ရန် >>>


#Ruby Linn


rate now: