book

Index 3

အပိုင်း(၃)

  • Author : Rudylinn
  • Genres : Romance, Drama, Action

မညီမျှတဲ့ချစ်ခြင်း 🕊


" မေမေ... ဆေးသောက်ရအောင် "


" အေး အလုပ်သွားပြီထင်တာ၊ ရှိနေတာပဲ "


​ခြွေ မေမေဆေးသောက်တာကိုပြုံးကြည့်ရင်း စောင့်နေလိုက်၏။


" မေမေ့ကို အငယ်မဆေးပုံမှန်တိုက်ရဲ့လားဟင်၊ ခုတလော နေရထိုင်ရတာ ဘယ်လိုနေလဲ "


" နေ့နဲ့ညလိုပေါ့ကွယ်၊ အသက်ကြီးပြီမှတ်လား၊ အငယ်မခင်မျာလည်း အိမ်အလုပ်တစ်ဖက်နဲ့ မေမေ့တာဝန်တွေ မလစ်ဟင်းအောင်လုပ်ပေးရှာပါတယ်လေ " 


" မေမေ့ကိုသမီးချစ်တယ်နော် တစ်ခုခုဖြစ်ရင်ပြော၊ ယုတ်စွအဆုံး ခေါင်းမူးခေါင်းကိုက်တာကအစ သမီးကိုပြောပါနော် " 


ခုတင်ပေါ်ကျောမှီထိုင်နေသော မေမေ့ခန္ဓာကိုယ်ဖိုင့်ဖိုင့်ကို သိမ်းကျုံးဖက်လျက် ချိုသာစွာ ပြောလိုက်သောခြွေ့ခေါင်းကို မေမေက ဖွဖွလေးပွတ်သပ်လျက် လေသံလေးနဲ့ပြောနေကျစကားကိုသာ တတွတ်တွတ်ပြောသည်။ 


" မေမေကလည်း သမီးလေးကို ချစ်တာပေါ့၊ သမီးလေးပင်ပန်းတာကိုလည်း မေမေမကြည့်ရက်ပါဘူး မေမေ့ကြောင့် တာဝန်တွေ ဝတ္တရားတွေလည်းမပိုစေချင်ဘူးကွယ်၊ သမီးလေးရှိနေတယ်ဆိုတဲ့စိတ်နဲ့ မေမေ့မှာ အသက်ဆက်ရှင်ဖို့ဆေးကုနေရတာ၊ ကုန်ကျစရိတ်တွေများမှန်းလည်းသိပါတယ်၊ ဒါကြောင့် မေမေဆေးဆက်မကုတော့ဘူး ပေတရကံပဲ ရှိပါစေတော့လေ " 


" ဟင့်အင်း ဟင့်အင်း မေမေဒီလိုစကားမျိုးထပ်မပြောပါနဲ့၊ သမီးမခံစားနိုင်လို့ပါ၊ သမီးက မေမေ့ကိုပစ်ထားမလား မေမေမပူနဲ့၊ စိတ်ကိုတင်းထားနော်၊ မေမေ့ရောဂါအရှင်းပျောက်အောင် သမီးကုပေးမှာပါ " 


သမီးဖြစ်သူ ဆုပ်ကိုင်ထားသည့်လက်တွေကို ခပ်တင်းတင်း ထွေးဆုပ်ထားလိုက်ပြီး နွမ်းလျစွာဆက်ပြောသည်။ 


" သမီးလေးကို မေမေအဓိကပြောချင်တာက သမီးလေးကိုကျောင်းထားပေးတဲ့၊ မေမေအတွက် လိုအပ်တဲ့ဆေးဝါးတွေကို ကူညီထောက်ပံ့ပေးနေတဲ့ ထွဋ်ခေါင်တို့ ကျေးဇူးကို ဘယ်သောအခါမှ မမေ့မလျော့ဖို့ပဲ၊ ဟော အခုလည်း သမီးကျောင်းပိတ်တော့ အလုပ်ပေးထားပြန်တယ်၊ မေမေဖြင့် သူတို့ကျေးဇူးတွေ ဘယ်လိုဆပ်ရမှန်းတောင်မသိတော့ပါဘူး ဒီဘဝမှာတင် ကုန်အောင်ဆပ်နိုင်ပါ့မလား သမီးရယ်... " 


အရည်လည်နေသော မျက်လုံးတွေနှင့် မိခင်ဖြစ်သူကို ကြည့်နေသော ခြွေသည် ခပ်ဖြည်းဖြည်းခေါင်းခါရင်း...


" သမီးတို့ရဲ့ကျေးဇူးရှင်တွေကို ဘယ်တော့မှမမေ့ပါဘူးမေမေ၊ သူတို့အပေါ်မှာ သမီးရဲ့တတ်စွမ်းသမျှခွန်အားလေးနဲ့ အမြဲအကျိုးပြုဖို့ကြိုးစားနေပါတယ်၊ ကျေးဇူးတွေက များလွန်းလို့ ဒီဘဝနဲ့ မကျေရင် နောင်ဘဝတွေထိပါ သမီးဆပ်မှာပါ၊ မေမေစိတ်ဖြောင့်ဖြောင့်နဲ့နေနော် " 


" လိမ္မာလိုက်တဲ့သမီးကလေး... " 


" ဒေါက် ဒေါက် "


အငယ်မက တံခါးခေါက်ပြီး အသစ်လဲထားသည့် ပန်းအိုးကိုယူ၍ အထဲဝင်လာသည်။ သူလေးက နယ်ကဆွေမျိုးနီးစပ်တော်သည့် အမျိုးတစ်ယောက်က သူမတို့ဆီပို့လိုက်သော ကလေးမပင်။ ကူဖော်လောင်ဖက်ရအောင်ဆိုပြီးပေါ့။ ကလေးမက ၄ တန်း အောင်ပြီး ၅ တန်းဆက်မတက်ဘဲ ရွာမှာပဲ မိဘတွေနဲ့အတူ ကောက်စိုက် ပျိုးနုပ် စျေးဗန်းခေါင်းပေါ်ရွက်ရောင်းရသည်တဲ့။ စားဝတ်နေရင်းကြောင့် ကလေးတစ်ယောက်ကို သူမတို့ဆီ ပို့လိုက်တာလည်းဖြစ်နိုင်သည်။ ဘယ်လိုပင်ဖြစ်စေ ကလေးမက စာရိတ္တကောင်း ယုံကြည်စိတ်ချရသည်။ 


" အငယ်မရေ...ဟင်းချက်ရင်ဆားလျော့ချက်နော်၊ သိတဲ့အတိုင်း နင့်ကြီးကြီးက အငန်စားလို့မရဘူးလေ၊ ခဏခဏသတိပေးနေရပါလားနော် " 


" လျော့ပါတယ် မမခြွေရဲ့၊ ဟိုတစ်နေ့ကပဲ လောကြီးသွားလို့ အချိုမှုန့်နဲ့ဆား မှားထည့်မိရုံလေးပါ ဟဲ ဟဲ " 


" အေး ကောင်းရော " 


ညိုတိုတိုအသားအရေမှာ ရယ်လိုက်တော့ အငယ်မရဲ့ သွားဖွေးဖွေးတွေက အထင်းသားရယ်။ အငယ်မကို သူမ ထိပ်ခေါက်ရန်လက်ရွယ်ပြလိုက်ပြီး မာန်မဲလိုက်၏။ ကလေးသာသာအရွယ်ဆိုတော့ ဒါကို ရယ်ကျဲကျဲလုပ်နေပါသေးသည်။ 


" သြော် ပြောဖို့မေ့နေတာ ကလေးမိဘတွေကလေ သူတို့ကလေးကျူရှင်ထားဖို့ မမခြွေဘယ်တော့ကျူရှင်ဖွင့်မလဲ လာမေးကြတယ် သိလား " 


" ဟုတ်လား အင်း... ရက်ရာဇာ ပြဿဒါး နဂါးခေါင်းဘယ်ဘက်လှည့်လည်းကြည့်လိုက်ဦးမယ် " 


သူမက ဗေဒင်နက္ခတ်တွေကို မျက်လုံးစုံမှိတ် ယုံကြည်တာမျိုးမဟုတ်ပေမယ့် ထိခိုက်နစ်နာမှုတွေမရှိဘဲ အဆင်ပြေချောမွေ့အောင် ရက်ယုတ်မာနဲ့ ရက်ကောင်းကိုရွေးချယ်ခြင်းသာ။ ရက်ယုတ်မာကိုရွေးမိ၍ ဒုက္ခနဲ့လှလှတိုးခဲ့ရသည့် သာဓကများစွာ သူမမှာရှိသောကြောင့်ပင်။ တစ်ခါက ပြဿဒါးနေ့မှာ မီးဖိုချောင်သုံးပစ္စည်းတစ်ခုဝယ်ခဲ့ရာ အသစ်ချက်ချွတ်က အိမ်ရောက်ရောက်ချင်း ပျက်လို့ပြင်ဆင်ပို့ခဲ့ပေမယ့် လက်ခက မူရင်းဝယ်စျေးနဲ့ တူညီနေတာမို့ စိတ်ပျက်ခဲ့ရဖူးသည်လေ။ ဒါကြောင့် အရေးကြီးကိစ္စလုပ်ကိုင်တော့မည်ဆို ရက်ယုတ်မာကို အထူးသတိထားရှောင်ရသည်။ 


အခန်းထောင့်၌ ချိတ်ထားသော ပြက္ခဒိန်ကို တစ်ချက်ကြည့်ရင်း ရေရွတ်လိုက်၏။


" လာမယ့် စနေနေ့က အဆင်ပြေတယ်၊ ဒီတစ်ခါလာမေးရင် အဲ့နေ့ဖွင့်မယ်ပြောလိုက်နော် " 


" ဟုတ် " 


ခြွေသည် အပိုငွေလေးရအောင် အားလပ်ချိန်တွေမှာ ကလေးတွေကို ကျူရှင်ပြန်ပြ၍ handmade ပစ္စည်းလေးတွေ online မှ ရောင်းကာ ပိုက်ဆံစုခဲ့၏။ ဖေဖေရှိခဲ့စဥ်က စုထားသည့်ငွေ့တချို့နှင့် ရွှေတိုရွှေစတွေရောင်းရသည့်ငွေများကို ဘဏ်မှာအပ်ကာ ဘဏ်တိုးဖြင့် အိမ်စရိတ်က ဖူလုံပါသည်။ မေမေ့ဆေးဝါးစရိတ်နဲ့ သူမကျောင်းစရိတ်ကို အန်ကယ်ဦးထွဋ်ခေါင်က ထောက်ပံ့ကူညီ၏။ 


အရင်ကအကြောင်းတွေပြန်တွေးရင်း သူမစိတ်တွေကို တစ်ခုခုက ဆုပ်ယူလိုက်သလို လေးပင်သွားရသည်။ မေမေ့မျက်နှာကိုကြည့်၍ အားတင်းကာပြုံးလိုက်ရင်း အလုပ်မသွားခင် မေမေ့ကို ကန်တော့လိုက်သည်။ ခါတိုင်းလည်း ကျောင်းမသွားခင် သူမ မေမေ့ကို ကန်တော့နေကျပင်။ 


" မိဘကိုသိတတ်တဲ့ သမီးအလိမ္မာလေး... ဘေးဘယာဝေးကွာပြီး လိုအင်ဆန္ဒတစ်လုံးတစ်ဝတည်းပြည့်စုံပါစေ၊ သူတစ်ပါး အငြိုအငြင်မှလည်း ကင်းဝေးပါစေကွယ် " 


" ပေးတဲ့ဆုနဲ့ပြည့်ရပါလို၏  " 


" သမီးသွားမယ်နော်မေမေ... အငယ်မ မမစိတ်ချမယ်နော် " 


" စိတ်ချသာသွား မမခြွေ " 


အလုပ်နောက်ကျပြီလားလို့ ဖုန်းကိုထုတ်ကြည့်ရသေးသည်။ တစ်နာရီလောက်လိုသေးတာမို့ အလုံးကျတော့သည်။ 


°°°°°


" ရော့ ဒီစာရင်းတွေလုပ်ထားလိုက် " 


စာရင်းဖိုင်သုံးလေးခုကို သူမလက်ထဲ ထည့်ခဲ့ပြီး ခပ်သုတ်သုတ် အပြင်ထွက်သွားသော ခေါင့်ကို ခြွေ မျက်မှောင်ကုတ်ကြည့်ပြီးမှ လက်ထဲမှဖိုင်ကို အကြည့်ရောက်သည်။ ဘယ်လိုလုပ်ရမယ်မပြောဘဲ ဒီအတိုင်းလုပ်ထားလိုက်ဆိုတော့ သူမက အရာခပ်သိမ်းသိနေတဲ့ နတ်ဘုရားမှမဟုတ်ဘဲ စက်ရုပ်လည်းမဟုတ်။ ဖိုင်တွေလှန်လှောကြည့်ရင်း ဦးနှောက်ခြောက်လာသည်။ အရှေ့မှာ နမူနာတွေရှိသော်လည်း သေချာရှင်းပြထားတာမဟုတ်၍ ယောင်လည်လည်ဖြစ်နေ၏။ 


သူပြန်ဝင်လာတော့ မော့ကြည့်လာသော သူမကို ကော်ဖီဖျော်ခိုင်းလိုက်သည်။ 


" ခေါင်... ငါနင်ပေးတဲ့စာရင်းတွေမလုပ်တတ်ဘူး နားမလည်ဘူး " 


" ဘာပြောတယ် နင်ပညာတတ်မဟုတ်ဘူးလား၊ ရှေ့မှာလုပ်ထားတာကြည့်ပြီးလုပ်ပေါ့၊ လူတိုင်းဒီလိုပဲလုပ်တတ်သွားတာပဲ " 


ရုတ်တရက်မို့ သူမ တုံ့ပြန်စကားရှာမရခဲ့ပါ။ မာထန်နေတဲ့ သူ့လေသံ သူ့အပြုအမှုတွေကြောင့်လည်း ဖြစ်ပါလိမ့်မည်။ သူ့စကားက ရင့်သီးတာထက်ပိုတာတော့ အမှန်ပင်။ 


ထိုစဉ် သူ​က ကားသော့ယူ၍ မပြောမဆိုထွက်သွားပေမယ့် သူမမမေးဘဲ သိလိုက်သည်။ စာမေးပွဲသွားဖြေသည်ဆိုတာ။ သူတို့အဝေးသင်ကျောင်းသားတွေ စာမေးပွဲဖြေနေရပြီလေ။ စိတ်ညစ်ညစ်ဖြင့် နေရာတွင်သာ ပြန်ထိုင်နေလိုက်သည်။ 


လွင်တီးခေါင် စာမေးပွဲဖြေပြီး ပြန်ရောက်လာချိန် အခန်းပြင်ထွက်ပြီး ဝန်ထမ်းတွေနဲ့ ရင်းရင်းနှီးနှီးအပြုံးမပျက် စကားပြောနေသော မှာတမ်းခြေအား သူခပ်စူးစူးစိုက်ကြည့်လိုက်ပြီးမှ ဖိနပ်သံမြည်အောင် ခပ်ကြမ်းကြမ်းဆောင့်နင်း၍ အခန်းထဲလျှောက်သွားလိုက်သည်။ အကြောင်းသိနေသော ခြွေ သူ့နောက် ခပ်သွက်သွက် လျှောက်လိုက်ဝင်သွားတော့ အခန်းဝတွင် သူ့ရဲ့ဒေါသသံစွက်နေသော စကားကိုဦးစွာကြားရ၏။ 


" နင့်ကိုတစ်ခါတည်းပြောထားမယ် အလုပ်ချိန်မှာ ဝန်ထမ်းတွေနဲ့ ပရောပရည်အုတ်ရောရောကျောက်ရောရောမနေနဲ့၊ ဒီတစ်ခါ နောက်ဆုံးဖြစ်ပစေ " 


" ကောင်းပြီ "


သူအား သူမ စာရင်းတွေသွားမေးကြောင်း မပြောတော့ဘဲ သူ့သဘောအတိုင်းသာ လက်ခံလိုက်သည်။ အခုချိန်မှာ သူက အလုပ်ရှင် ကိုယ်ကအလုပ်သမားပဲ မဟုတ်လား။ 


ညနေစောင်း အလုပ်ဆင်းချိန်နီးတော့ ခေါင်က သူမကို ခေါ်၍မေးသည်။ 


" စာရင်းတွေပြီးပြီလား " 


" လိုသေးတယ် " 


အသက်မပါသလိုမေးလာတာမို့ တိုတိုတုတ်တုတ်သာ သူမ ပြန်ဖြေလိုက်၏။ 


" ယူလာပြစမ်း " 


ဖိုင်တွေအကုန်သွားယူပြီး သူ့ရှေ့ရပ်ကာ ချပေးလိုက်တော့ သူက ဆွဲယူကြည့်လိုက်ရင်း...


" စာရင်းတွေက အကုန်ဖျက်ရာတွေချည်းပဲ၊ အလုပ်လုပ်တာ မသေသပ် စည်းစနစ်မကျလိုက်တာ၊ ပြီးတော့ ဒီမှာမှားနေတယ် တောက်... လာစမ်း ရှေ့တိုး " 


ပြောပြောဆိုဆို ကိုယ်လေးကိုင်းညွတ်ရှေ့တိုးလာသော ခြွေ့ခေါင်းကို သူ​က အားပါပါ ခေါက်ချလိုက်သည်မှာ ခွပ်ခနဲပင်။ ထူပူနာကျင်သွား၍ ဇက်ကလေးမသိမသာပုသွားကာ ကြက်သီးပါထသွား၍ သူ့အား ဒေါသအလျောက် မော့ကြည့်မိတော့...


" ဘာကြည့်တာလဲ နင်တော်တော်ဉာဏ်ထုံပါလား ဟမ်၊ နင့်ကို ငါအများကြီးမျှော်လင့်ယုံစားမိတာ သွားတာပဲ၊ သွား သွား ငါဒေါသမထွက်ခင် " 


လက်သီးလေးဆုပ်မိလျက် ရှက်စိတ် ဒေါသစိတ်တို့ဖြင့် ဝေ့တက်လာသော မျက်ရည်တွေကို လက်ဖြင့်ဖိပွတ်ရင်း နေရာမှာ ပြန်သွားထိုင်နေလိုက်သည်။ လူတစ်ကိုယ်လုံးထုံနေပြီး ဘာမှဆက်လုပ်ဖို့အားအင်မရှိတော့။ သူ့မျက်နှာကိုမကြည့်ဘဲ အံကြိတ်လျက် မျက်နှာတစ်ဖက်ပို့ထားလိုက်သည်။


°°°°°°


ညဘက်ရေချိုးပြီးပြီးချင်း မေမေ့အခန်းထဲမဝင်ခင် အငယ်မဆီက အရင်စနည်းနာရသည်။ 


" ဒီနေ့မေမေ့အခြေအနေဘယ်လိုရှိလဲ အငယ်မရေ " 


" ကောင်းပါတယ် မနက်က အပြင်မှာ ခဏလေညှင်းထွက်ခံလိုက်သေးတယ်၊ ပြီးတော့ ရေပတ်တိုက်ပေးလိုက်တယ်၊ နေ့လည်ကျ ထမင်းစားပြီးတော့ တစ်ရေးတစ်မောအိပ်သေးတယ် မမ "


" အင်း ဆေးရောရှိသေးလား " 


" တစ်ပတ်စာပဲရှိတော့တယ် "


" အင်း အင်း သွားနားတော့ " 


" ဟုတ်ကဲ့ "


ဒါဆိုကြိုဝယ်ရမှာပဲ၊ မနက်အလုပ်ဆင်းရင် ပိုက်ဆံပိုထည့်သွားပြီး ဆေးဆိုင်မှာ လိုအပ်တာဝင်ဝယ်လိုက််မယ်လို့ တွေးရင်း မေမေ့အခန်းတံခါးကို အသာဖွင့်ဝင်သွားတော့ မေမေက အိပ်ရာထက် တစ်စောင်းလှဲ၍ ပုတီးစိပ်ကာ မျက်လုံးမှိတ်လျက် တရားမှတ်နေတာတွေ့ရသဖြင့် တိတ်တိတ်လေး ခြေဖွဖွနင်းကာ ပြန်ထွက်လာခဲ့တော့သည်။


°°°°


ခေါင့်စာမေးပွဲနောက်ဆုံးရက်မှာ သူမ ခေါင်နဲ့အတူ ကျောင်းကိုလိုက်လာခဲ့ရသည်။ သူ စာမေးပွဲဖြေစဥ် သုံးနာရီလုံးလုံး ကျောင်းဝင်းတစ်နေရာမှာ ခြွေ စောင့်နေရသည်။ ဖြေပြီးလို့ အလျိုအလျိုထွက်လာကြတော့ ကားရပ်ထားခဲ့သည့်နေရာ၌ ကြိုစောင့်နေလိုက်၏။ 


သူနှင့်အတူ ကောင်မလေးတစ်ယောက် ထွက်လာတာကို လှမ်းမြင်ရသည်။ အနားရောက်မှ သူမလှမ်းမေးလိုက်၏။ 


" ဖြေနိုင်တယ်မလား ခေါင် " 


" အင်း " 


" ရော့ " 


ရုတ်တရက် သူက သူမဆီ ပစ္စည်းတစ်ခုပစ်ပေးလာသည်။ လျင်မြန်သဖြင့် သူမ ဖမ်းမမိလိုက်။ ငုံ့ကြည့်လိုက်ရာ ချောကလက်ထုပ်ဖြစ်နေ၏။ ဘာသဘောလဲလို့ သူ့ကို ဆတ်ခနဲ မော့ကြည့်သော် ယူဖို့မေးဆတ်ပြသဖြင့် သူမကောက်ယူလိုက်သည်။ 


" ခေါင်က ပစ္စည်းသယ်ဖို့လူပါခေါ်လာတာကိုး မိုက်တယ်ဟေ့ " 


တစ်ဖက်မိန်းကလေးရဲ့ ဘုမသိဘမသိစကားတွေအောက်မှာ ခြွေကြောင်သွား၏။ ခဏပင်၊ ပြီးမှ စိတ်ထဲ ဖျဥ်းခနဲဖြစ်သွား၍ ခေါင့်ကိုလှမ်းကြည့်လိုက်သည်။ သူက သူမကို စိုက်ကြည့်နေသည်။ ဘာမှမဆို။ 


" ပူလိုက်တာ အအေးလေးဘာလေးသွားဝယ်ထားပါလား အလိုက်မသိလိုက်တာ၊ ဘာကြည့်နေတာလဲ နင့်ကိုပြောနေတာလေ သွားဝယ် " 


အထက်စီးဆန်ဆန်လေသံနဲ့ ကိုယ့်အလုပ်သမားကိုပြောသလို လက်ညိုးထိုး၍ အပြောခံရသဖြင့် ထပ်ပြီး စိတ်အချဥ်ပေါက်သွားကာ သည်းမခံနိုင်တော့ချေ။ တစ်ခုခုချေပဖို့ ခြွေနှုတ်ခမ်းအပြင် ခေါင့်ဆီက စကားသံထွက်လာ၏။ 


" နောက်မှတွေ့မယ် "


ထိုမိန်းကလေးအား သူပြောလိုက်တာ ဒါပါပဲ။ ထို့ကြောင့် ခြွေ သူ့ကို စူးစူးနစ်နစ်ကြည့်နေစဥ်...


" ဘာလုပ်နေတာလဲ သွားမယ် " 


ရပ်ကျန်ခဲ့သည့် မိန်းကလေးအား သူမ တစ်ချက်ပြန်ငဲ့ကြည့်ပြီး ကားထဲဝင်ထိုင်လိုက်သည်။ လက်ထဲက ချောကလက်ကို ဖျစ်ညစ်ထားသည်မှာ စားချင်စဖွယ်ရှိမနေတော့။ 


" အခုမှ ငါ့ကိုစိတ်ဆိုးတဲ့ပုံစံလုပ်မနေနဲ့၊ နင်' အ ' လို့ နင်ခံရတာ၊ နင့်လက်မှာဝတ်ထားတဲ့ စေ့စပ်လက်စွပ်ကို မြှောက်ပြလိုက်ရင် ကိစ္စက ပြီးနေပြီ ကျစ် " 


ကားမောင်းနေရင်း တတွတ်တွတ်ပြောနေသည့် သူ့အား ငဲ့ကြည့်ရင်း လက်ထဲက ချောကလက်ကို အရှေ့သို့ လွှင့်ပစ်လျက်...


" နင့်အပြုအမူကြောင့် ငါအပြောခံရတာလေ၊ နင်ငါ့ကိုလူလိုဆက်ဆံရင် စကားအပိုတွေပြောနေရမှာမဟုတ်ဘူး " 


" ငါစိတ်ကြည်နေတာကို မဖျက်ဆီးနဲ့၊ အဲ့ချောကလက်က နင်ငါ့ကိုစောင့်နေပေးတဲ့အတွက် ဆုချတာ၊ လွှင့်ပစ်လိုက်လည်းဘာမှမဖြစ်ဘူးနော် အဟက် " 


" အေး နင့်ကိစ္စကလွဲရင် နင်ဘာကိုမှအလေးမထားမှန်း ငါသိတယ် " 


မှာတမ်းခြွေ ပြောပြီး အရှေ့တည့်တည့်လှည့်ထိုင်လိုက်သည်။ သူမ အတော်လေး ဒေါသထွက်နေတာပင်။ ဒါကြောင့် သူ့စကားတွေအား အလိုလိုခွန်းတုံ့ပြန်မိခြင်းသာ။ ရံဖန်ရံခါ ထိုအချိန်ဆို သူက သူမအား လွှတ်ထားတတ်သည်။ 


ကားလေးက ကွန်ကရစ်လမ်းအတိုင်း တရိပ်ရိပ် ပြေးလွှား​နေ၏။ ထိုကားထဲ ဘေးချင်းယှဥ်ထိုင်နေသော လူသားနှစ်ယောက်ကတော့ လူချင်းနီးပါလျက် စိတ်ချင်းဝေးကွာနေရင်း...။ 


°°°°


နေ့လည်စာစားပြီး လွင်တီးခေါင် ညကအိပ်ရေးပျက်ထားလို့ ပင်ပန်းကာ အိပ်ချင်နေသော်လည်း အလုပ်တွေရှိသေး၍ ကုမ္ပဏီသို့ ပြန်လာခဲ့သည်။ အလုပ်လေးတွေ လက်စသတ်ပြီးနောက် ထုံးစံအတိုင်း ခြွေဖျော်တိုက်သော ကော်ဖီကိုသောက်ချင်၍ တစ်ခွက်ဖျော်ခိုင်းလိုက်သည်။ 


သူပင်ပန်းနေမှန်းသိ၍ ဘလက်ကော်ဖီထဲ သံပုရာသီးစိတ်လေးပါ ညစ်ထည့်ပေးလိုက်သည်။ အလုပ်စားပွဲမှာရှိမနေသဖြင့် ဆိုဖာမှာသွားထိုင်နေသော ခေါင့်ထံ သူမ လျှောက်သွားလိုက်ပြီး ပေးလိုက်ကာ လှည့်အထွက်...


" ထိုင် " 


သူက ပြောလိုက်တော့ သူမက သူနဲ့ခပ်လှမ်းလှမ်းက ဆိုဖာထောင့်နားကပ်၍ ထိုင်လိုက်၏။ 


ကော်ဖီအရသာကို လျှာဖျားလေးနဲ့အရင်မြည်းစမ်းလိုက်ပြီး ချဥ်ခါးသောအရသာက လည်ချောင်းတစ်လျှောက်ပူဆင်းသွားသည်။ တစ်ချက်ပြုံးလျက် အကုန်မော့သောက်ချလိုက်ပြီး ခွက်လွတ်အား ခြွေ့ထံကမ်းပေးလိုက်ရင်း သူ့ခန္ဓာကိုယ်ကို ဆိုဖာပေါ်တစ်စောင်းလှဲချလိုက်ပြီး ခေါင်းကို သူမပေါင်ပေါ်တင်လိုက်၏။ 


" ခေါင်းတွေကိုက်လိုက်တာကွာ " 


ညည်းညူသလိုပြောရင်း မျက်လုံးတွေစုံမှိတ်လိုက်သော လွင်တီးခေါင်အား ခြွေ ငုံ့မိုးကြည့်ရင်း ကိုင်ထားသည့်ခွက်ကို တင်းတင်းဆုပ်လိုက်သည်။ ကျောလယ်လောက်ရှိသည့် ဆံပင်တွေကို ဖြန့်ချထားသဖြင့် အရှေ့မှာ အနည်းငယ်ကျနေသော ဆံမျှင်တို့ကို လက်တစ်ဖက်ဖြင့် နောက်သို့ပို့လိုက်ရင်း သက်ပြင်းရှည်လေးပင့်ချမိကာ လက်ညှိုးနဲ့လက်ကလယ်က သူ့နားထင်နား အလိုလိုဆင်းသက်ကာ ဖွဖွထိတွေ့နှိပ်နယ်ပေးလိုက်မိသည်။ 


တန်ဖိုးကြီးရေမွှေးတွေထက် ပို၍မွှေးပျံ့သော သူမကိုယ်သင်းနံ့ကြောင့်လား သူ့ခေါင်းကိုထိတွေနေသည့် နူးညံ့နွေးထွေးလွန်းသော လက်ချောင်းကလေးတွေ​ကြောင့်လား၊ နှစ်ခုစလုံးကြောင့်ပဲလားတော့မသိ။ ပင်ပန်းမှုတစ်ဝက် ပျောက်ကင်းသွားသလို ခံစားရသည်။ 


တာဝန်ဝတ္တရားကြောင့်လို့ သတ်မှတ်ထားလို့ပဲလားမသိ ယခုအခြေအနေကို သူမစိတ်ထဲ ဘယ်လိုမှ ထူး၍မခံစားရ။ ရင်ခုန်နှုန်းကလည်း ပုံမှန်အတိုင်းပင်။ ကော်ဖီခွက်ဘေးချ၍ အနည်းငယ်ပဲဖြစ်ဖြစ် သက်သာလိုသက်သာငြား ဆက်၍နှိပ်နယ်ပေးလိုက်ပါသည်။ 


°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°💔💔


ဆက်ရန် >>>


#Ruby Linn



rate now: