မညီမျှတဲ့ချစ်ခြင်း 🕊💔
ပဲခူးမှာ တစ်ညထပ်အိပ်ပြီးနောက် သူသူက သူမနဲ့ မငုဝါကို ကားနဲ့ရွာအထိ လိုက်ပို့ပေးသည်။ အိမ်ရှေ့ထိ ကားဝင်လာတော့ တစ်ရွာလုံးက သူမတို့ကို စူးစမ်းသလို ကြည့်ကြ၏။ နောက်မှ သူမတို့မှန်းသိသွား၍ အကြည့်တွေ ပြောင်းသွားကြတာပင်။
" သူသူ... မေမေတို့ဆီ ဖုန်းမဆက်နဲ့နော်၊ ဆက်ရင် မေမေက ငါ့ကို ချက်ချင်းပြန်လာခိုင်းမှာ "
" အေးပါ အလွမ်းသယ်လိုက်ဦး၊ ဒါနဲ့ ငါ့ကို ဓူဝံနဲ့ သေချာမိတ်ဆက်ပေးဦးလေ "
" ဘာအလွမ်းသယ်ဦးလဲ မိန်းမနော် "
" ယောကျာ်းနော် အဟွန်း ဟွန်း "
" တော်တော် မိတ်ဆက်ချင်ရင် အထဲလိုက်ခဲ့လေ "
" တော်ပါပြီ ပြန်တော့မယ်၊ မနက်စောစောလာခေါ်မယ်နော် အသင့်ပြင်ထား "
သူသူ့ကို မှာတမ်းခြွေ လက်ပြနှုတ်ဆက်လိုက်ပြီး အဝတ်အိတ်လေးတစ်ဖက်ကဆွဲ၍ အထဲသို့ဝင်လာခဲ့သည်။ အိမ်ထဲမှာ ဒေါ်သပြေရော ဓူဝံပါ ရှိနေပါသည်။
" ဧည့်သည်ကို အထဲခေါ်ခဲ့တာမဟုတ်ဘူး ကံ့ကော်ကလည်း "
" ဟုတ်ကဲ့ ခေါ်ပါတယ် သူသူက ကိစ္စရှိလို့ မနက်မှလာခေါ်မယ်ပြောသွားတယ် "
ဒေါ်သပြေနား သွားထိုင်၍ သူမ ခပ်တိုးတိုး ပြောလိုက်သည်။ အနားမှာလည်း ဓူဝံရှိနေတာမို့ သူမမလာခင် သားအမိတွေ စကားပြောနေကြပုံပင်။
" အစ်မ... ကံ့ကော်က အဲ ညီမက အားလုံးကိုပြန်မှတ်မိသွားပြီ "
မငုဝါကလည်း သူမအနားလာထိုင်၍ သူမကို တစ်ချက်ကြည့်လျက် ပြောလိုက်သည်မို့ သက်ပြင်းမျှင်မျှင်လေးချလိုက်မိပါ၏။ အခုက အားလုံးကိုပြောပြဖို့ သူမအတွက် အချိန်အခါကောင်းပဲ။ ရှောင်လွှဲလို့မရတာမို့ ရှောင်လွှဲဖို့လည်း မကြိုးစားဘဲ ဘာပဲဖြစ်ဖြစ် အပြုံးနဲ့ရင်ဆိုင်ဖို့ စိတ်ပိုင်းဖြတ်လိုက်၏။
" ကျွန်မနာမည်က မှာတမ်းခြွေပါ၊ ရန်ကုန်မှာ အမေနဲ့အတူ နေပါတယ်၊ တစ်ည ပဲခူးမြို့စွန်မှာ ကားအက်ဆီးဒန့်ဖြစ်ပြီး ဓူဝံနဲ့ တွေ့ခဲ့ရတယ်၊ မိသားစုအရင်းသဖွယ် ကျွန်မကို ကူညီစောင့်ရှောက်ခဲ့ကြတဲ့အတွက် အားလုံးကို တကယ်ကျေးဇူးတင်ပါတယ် စိတ်ရင်းနဲ့ပါ၊ အစ်မတို့ ကျေးဇူးတွေကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ပြန်ဆပ်ပါစေ မကျေနိုင်ဘူးဆိုတာ သိပါတယ်၊ ဒါပေမဲ့လေ ကျွန်မစက်ချုပ်လို့ရတဲ့ငွေလေးနဲ့ ကန်တော့ပါရစေနော် လက်ခံပေးပါ... "
မျက်ရည်လေးစမ်းစမ်းဖြင့် မှာတမ်းခြွေ အခန်းထဲ ပြေးဝင်သွားကာ သူမခေါင်းအုံးအောက်မှာထည့်ထားသည့် ပိုက်ဆံလေးတွေကိုယူလျက် ပြန်ထွက်လာခဲ့သည်။
" အစ်မနဲ့ မလေးကို ကျွန်မကန်တော့ပါရစေ၊ ဓူဝံလည်းပါပါတယ် "
ခြေရင်းဘက်နားတိုး၍ ကျုံ့ကျုံ့လေးထိုင်ကာ ဒေါ်သပြေရဲ့ စိတ်မကောင်းဖြစ်နေဟန် သူမအား ညှိုးငယ်စွာ ငေးကြည့်နေသော မျက်နှာကို အကြည်လင်ဆုံးပြုံးလျက် ကြည့်နေလိုက်သည်။ မငုဝါသည်လည်း မျက်ရည်ဝဲနေသော သူ့မျက်နှာကို မြင်မှာစိုး၍ ခေါင်းငုံ့ထားသည်။ ဓူဝံက သူမကို တစိုက်မတ်မတ် ကြည့်နေ၏။
" အို မလိုပါဘူး သမီးရယ်၊ တနေ့ကျရင် သမီးကိုယ့်အိမ်ကိုယ်ပြန်မယ်ဆိုတာ အစ်မသိပါတယ်၊ ထင်ထားတာထက် စောတာပဲရှိတယ်၊ သမီးကို အစ်မတို့က ကိုယ့်မိသားစုဝင်လို သဘောထားခဲ့တာ၊ အဲ့တော့ အပြီးပြန်သွားတယ်လို့ မသတ်မှတ်ဘူး၊ ခဏတဖြုတ်ပြန်သွားတယ်လို့ပဲ သဘောထားတယ်၊ နောက် ဒီအိမ်ကို သမီးကြိုက်တဲ့အချိန်လာခဲ့ အမြဲတံခါးဖွင့်ထားတယ် ဟုတ်လား "
ရင်ထဲမှာ ဆို့နစ်လာ၍ လှိုင်းတပိုးကြီးတွေလို အပြင်းအထန်ရိုက်ခတ်မှုကြောင့် မျက်ရည်တွေက တားစီးမရပါဘဲ ကျလာပြန်ပါသည်။ စိတ်အားငယ်တတ်ရန်ကော မှာတမ်းခြွေရယ်... နင့်စိတ်ကို ထိန်းထားစမ်းပါ။ အထူးသဖြင့် တစ်ယောက်သောသူရှေ့မှာ မငိုမိစေဖို့ပေါ့။
ထောက်ထားသည့် သူမရဲ့ညာလက်ပေါ်သို့ မျက်ရည်တစ်စက် ပေါက်ခနဲကျသွားစဥ် ဓူဝံသည် ရုတ်ခနဲ ထရပ်၍ အိမ်အပြင်သို့ ထွက်သွားလေသည်။
" လက်ခံပေးပါနော် ကျွန်မ ကန်တော့ချင်လို့ပါ "
" ကဲ သမီးမသွားခင်စိတ်ချမ်းသာအောင် ကန်တော့ခံလိုက်မယ် ငုဝါလည်းလာ "
မငုဝါက စိုစွတ်နေသည့် မျက်ဝန်းတစ်စုံဖြင့် ထပ်၍ကျလာတော့မည့် မျက်ရည်ကို လက်ခုံဖြင့် ပင့်သုတ်ရင်း ဒေါ်သပြေနား ပူးကပ်ထိုင်လိုက်၏။ သူမကိုတော့ မော့မကြည့်ပါ။ မှာတမ်းခြွေသည် ပိုက်ဆံကို ဒေါ်သပြေလက်ထဲထည့်ပေးကာ လက်အုပ်ချီ၍ နှပ်တရှုံ့ရှုံ့နဲ့ ဦးချကန်တော့ရင်း...
" အစ်မနဲ့မလေးအပေါ်မှာ ကျွန်မ ကာယကံ ဝစီကံ မနောကံ ကံသုံးပါးထဲက တစ်ပါးပါးနဲ့ ပြစ်မှားကျူးလွန်မိခဲ့တာရှိရင် ခွင့်လွှတ်ပေးပါ၊ ဝန်ချတောင်းပန်ပါတယ် "
သုံးကြိမ်သုံးခါတိုင်တိုင် ရှိခိုးကန်တော့ပြီးသည်နှင့် ဒေါ်သပြေက ဆုတွေတသီကြီးပေး၏။ မငုဝါက ဣန္ဒြေမဆည်နိုင်အောင် တအင့်အင့်နဲ့ ရှိုက်ငိုပါသည်။ မငုဝါ သူမအပေါ်မှာ ဒီလောက် သံယောစဉ်ကြီးလိမ့်မယ်လို့ ထင်မထားခဲ့ရိုးအမှန်ပါ။ ထို့ကြောင့် သူမ ပိုခံစားရပါသည်။
" မလေး မလေးက ညီမကို ကိုယ့်ညီမအရင်းလေးလို သဘောထားခဲ့တာပါ၊ ညီမ အိမ်ကိုစရောက်တော့ မလေးအတွက် အဖော်ရပြီဆိုပြီး ပျော်နေခဲ့တာ၊ မလေး ညီမလေးကို အမြဲသတိရနေမှာပါ၊ အစစအရာရာ ဂရုစိုက်နော် "
" ဟင့် မလေး "
မလေးရဲ့ကိုယ်လေးကို သူမဆွဲဖက်လိုက်ရင်း ခန္ဓာကိုယ်လေး တသိမ့်သိမ့်တုန်သည်အထိ အားရအောင် ငိုပစ်ခဲ့ကြသည်။
" ဟယ် ကလေးလေးတွေကျနေတာပဲ၊ မငိုနဲ့ တိတ်ကြတိတ်ကြ "
မငိုနဲ့ဆိုမှ ပိုဝမ်းနည်းကာ တိတ်လို့မရတော့တာမို့ ဒေါ်သပြေက ပြောမိတာမှားပြီဟု ဆို၏။ မျက်လုံးတွေဟာလည်း ငိုရလွန်းလို့ ဖောင်းကားကာမို့အစ်နေပြီ။ ရင်ညွှန့်ကလည်း တဆစ်ဆစ်အောင့်နေ၏။ မနက်ဖြန်ဆို သူမ ဒီမိသားစုနဲ့ ခွဲရတော့မည်။ ထိုစိတ်က လူကိုဖိစီးထားတာမို့ နှစ်ဆပင်ပန်းရသည်။ တစ်နေ့လုံးလိုလို ဒေါ်သပြေတို့ မငုဝါတို့နဲ့ သူမ အတိုးချ၍စကားပြောကာ ထမင်းစားချိန်တောင်မချန်ပါ။ စိတ်မကောင်းဖြစ်ရသည်က ဓူဝံကို တနေ့ခင်းလုံး မတွေ့ရသည်မို့ပင်။
အချိန်တွေ ကုန်လွန်လာသည်နှင့်အမျှ နေ့နေရာမှာ ညကအစားထိုး၍ နေမင်းနေရာမှာ လမင်းက အစားထိုးဝင်ရောက်ချေပြီ။ ခါတိုင်း လ(စန္ဒာ)ကို တစ်ယောက်ထဲ မျှော်မော့ကြည့်ရတာက ခုတစ်ခါလောက် ဝမ်းနည်းစရာမကောင်းပေ။ တိုးတိုးလေးနဲ့ တိုက်ခတ်နေသော လေပြည်လေညှင်းရဲ့အသံကလည်း ဂစ်တာတီးသံလောက် နားထောင်မကောင်းပေ။
" ရှပ် ရှပ် "
ခြေသံကြားလို့ ဘေးကိုငဲ့ကြည့်မိတော့ မလှမ်းမကမ်း အမှောင်ထဲမှာ ခြေစုံရပ်၍ သူမကို လှမ်းကြည့်နေသော ဓူဝံ... ။ သူကလည်း တခဏကြာ ဒီအတိုင်း ရပ်ကြည့်နေသလို သူမကလည်း ထိုက်လျက်ငေးကြည့်နေမိ၏။ ထိုခဏမှာ အချိန်ဆိုတာ အရေးမပါတော့သလိုပင်။ နောက်တော့ အလင်းဘက်သို့ တရိပ်ရိပ်တိုးလာခဲ့ပြီး သူမဘေး ခပ်ခွာခွာအနေအထား၌ ဓူဝံက လာထိုင်သည်။ သူ့ဆီက တစ်ခုခုပြောလာဖို့ မျှော်လင့်ခဲ့ပေမယ့် နောက်ဆုံး သူမဘက်က စကားစလိုက်ရ၏။
" ဓူဝံ... ရှင် ကျွန်မကို ပြန်စေချင်ပြီလားဟင် "
ရုတ်တရက် သစ်ရွက်တွေကို ဖြတ်သန်းတိုးခွေ့၍ တိုက်လာသော လေထုထဲမှာ မိုးရဲ့အငွေ့အသက်တွေ ပါလာသဖြင့် ရင်ထဲ အေးစိမ့်သွားလေသည်။
သူက တော်တော်နဲ့မဖြေပါ။ သူမလည်း အလိုလို တိတ်ဆိတ်သွားတော့သည်။ နောက် သူမဘက်သို့ တဖြည်းဖြည်းလှည့်လာသည့် သူ့မျက်နှာကြောင့် သူ့မျက်လုံးတွေကို သူမ စိုက်ကြည့်လိုက်၏။
" ကျုပ်တို့ဘဝထဲကို ခင်ဗျားကို အတင််းဆွဲခေါ်ခဲ့တာမဟုတ်ပါဘူး၊ ခင်ဗျားသဘောနဲ့ဝင်လာခဲ့တာဖြစ်သလို ခုလည်း ကျုပ်မှာ ခင်ဗျားကို နှင်ပိုင်ခွင့်မရှိဘူး၊ ခင်ဗျားသဘောပါပဲ "
ဓူဝံ... ရှင်ဟာလေ အရာရာမှာ ပွင့်လင်းနိုင်ပေမယ့် ကျွန်မနဲ့ပတ်သက်၍ ဘာလို့ ပွင့်ပွင့်လင်းလင်းမရှိတာလဲ။ ဒီလိုနဲ့ပဲ ရှင်က တံတိုင်းတွေ ခြားလိုက်တော့မယ်ပေါ့လေ။ သူ့မျက်ဝန်းတွေကို စေ့စေ့ကြည့်၍ သူမစိတ်ထဲ ပြောနေသော စကားတွေကို သူသိပါလေစ။
" ဒီရက်တွေမှာ ကျုပ်ဟာ ခင်ဗျားမရှိဘဲ နေတတ်အောင် ကြိုးစားခဲ့တယ်၊ အဲဒါက သိပ်ခက်တယ်၊ ခင်ဗျားရောက်မလာခင် ကျုပ်ဘယ်လိုနေခဲ့လဲ မမှတ်မိလောက်အောင်ပဲ "
သူ့ရင်ထဲကစကားတွေကို မျက်လုံးမှတစ်ဆင့် နှုတ်မှဖွင့်ဟလာခိုက် သူမရင်ထဲမှာလည်း အမျိုးအမည်မသိသော လိုင်းတချို့က ညင်သာမှုမရှိ ဖြတ်သန်းသွား၏။ ရီဝေနေသော သူ့အကြည့်တွေကို မြင်ရချိန်မှာ သူမ တင်းမခံထားနိုင်သဖြင့် ရုတ်ခနဲ မျက်နှာတစ်ဖက်သို့လွှဲလိုက်သည်။ မျက်ခမ်းစပ်နားကနေ ငွေမှင်ရောင်ရည်လေးက အစစ်အနေနဲ့ လွင့်စင်သွား၏။ ဒါကို သူ မမြင်စေဖို့ မျှော်လင့်မိပါသည်။
လှိုက်ခုန်နေသည့် နှလုံးသားတစ်စုံကို ဖုံးကွယ်ဖို့ကြိုးစားရင်း ဓူဝံဘက် မျက်နှာလှည့်လိုက်သော မှာတမ်းခြွေ၏ မျက်နှာကို ထိကိုင်ရန်ရွယ်လာသော လက်တစ်ဖက်က လေထဲမှာ ရပ်တန့်သွား၏။ စိုစွတ်နေသည့် မျက်တောင်ဖျားလေးတွေကို မှာတမ်းခြွေ တဖျတ်ဖျတ်ခတ်လျက် ဓူဝံရဲ့ မျက်နှာအစိတ်အပိုင်းတွေကို မှတ်မိစေရန် အသေးစိတ်ကြည့်နေမိသည်။
စိတ်လှုပ်ရှားရင် နားရွက်ဖျားတွေ အနီရောင်သန်းနေတာကအစ၊ ပျော်စရာရှိရင် ခေါင်းမော့မျက်လုံးတွေ မှေးမှိတ်သွားတဲ့အထိ ရယ်နေတတ်တာတစ်ဖုံ၊ ဝမ်းနည်းတဲ့အခါ နှုတ်ခမ်းတွေ တင်းတင်းစေ့ထားတတ်တာမျိုး၊ စိတ်အလိုမကျတဲ့အခါ လည်ပင်းကျောတွေ တင်းနေအောင် ထောင်နေတတ်တာအဆုံးပေါ့။
ငြိမ်သက်စွာ အကြည့်တွေထဲ မျောလွင့်နေစဥ် ဘေးမှာချထားသည့် သူမရဲ့လက်တစ်ဖက်မှ လက်ချောင်းလေးတွေပေါ် အုပ်မိုးလာသော လက်တစ်ဖက်က နွေးထွေးနေတာမို့ သူမ ငုံ့ကြည့်လိုက်ပြီး သွေးကြောစိမ်းလေးတွေကတစ်ဆင့် သူ့ကို မော့ကြည့်လိုက်သော်လည်း သူကတော့ မျက်နှာကို အရှေ့ပို့ထားလေသည်။
သူမ အောက်နှုတ်ခမ်းကို ဖိကိုက်ထားလိုက်ပြီး သဲ့သဲ့ပြုံးလိုက်သည်။ ဒီအချိန်မှာ လက်ကိုင်တာထက်ပိုတာကို သူလုပ်ခဲ့ရင်တောင် သူမ ငြင်းနိုင်စွမ်းရှိမည်မထင်ပါ။
" ဓူဝံ... ကျွန်မကို ဂစ်တာတီးပြီး သီချင်းဆိုပြပါလားဟင် "
အတန်ကြာမှ ဓူဝံက ခေါင်းကိုညင်သာစွာ ညိတ်ပြပြီး သူမလက်ပေါ်က သူ့လက်ကိုရုတ်ကာ ထရပ်၍ အိမ်ထဲလျှောက်ဝင်သွားလေသည်။ ဂစ်တာယူ၍ သူမနားပြန်ထိုင်သော ဓူဝံက ရင်ဝယ်ပိုက်ထားသည့် သူ့ဂစ်တာရဲ့ကြိုးတွေကို လက်ညှိုးလက်ခလယ်နှစ်ချောင်းဖြင့် အသံမြည်အောင် အပေါ်အောက်ပွတ်ဆွဲလိုက်ရင်း...
" ကျုပ်အသံဝင်ချင်နေလို့ ဂစ်တာပဲ တီးပြမယ်နော် "
ဟု ဆိုလျက် ကြိုးတွေကို ချိန်ညှိလိုက်၏။ သူ ဂစ်တာတီးဖို့ စိတ်မပါပေမယ့် သူမအတွက်မို့ ဂစ်တာကြိုးပေါ်က သူ့လက်ချောင်းတွေဆီ အာရုံပို့လိုက်၏။ သို့သော် ထွက်လာသော သံစဥ်က အစီအငေါ် မတည့်ပါ။ မျက်လုံးကို ဖွဖွပိတ်၍ လက်ချောင်းတွေကို အားစိုက်လိုက်ရင်း...
" ခင်ဗျား ဂစ်တာတီးသင်ကြည့်ပါလား "
တိမ်ဝင်နေပေမယ့် သူ့အသံကို သူမ ပြတ်သားစွာ ကြားရမှာပါ။
" ဟင့်အင်း ကျွန်မက သူများတီးတာကိုပဲ နားထောင်ချင်တာ "
" ကိုယ့်ဘာသာတီးလို့ ထွက်လာတဲ့သံစဥ်နဲ့ သူများတီးလို့ ထွက်လာတဲ့သံစဥ်က တခြားစီပဲ၊ အနှစ်သာရကွာတယ်၊ ခင်ဗျားသင်ချင် ကျုပ်သင်ပေးမယ် "
" ဘာလဲ ရှင်က မတီးပြချင်လို့လား "
" မဟုတ်တာဗျာ ကိုယ့်ဘာသာတီးတတ်တော့ ခင်ဗျားနားထောင်ချင်ရင် အချိန်မရွေးတီးပြီး နားထောင်လို့ရတာပေါ့ "
" ရှင့်စေတနာကို လက်ခံပေမယ့် ကျွန်မက အတတ်မမြန်ဘူး "
" ထားပါ ခင်ဗျားသာ သင်ချင်စိတ်ရှိရင် ဘယ်လောက်ခက်ခက် အလွယ်လေးပါ "
" ဟို ကျွန်မကို ဂစ်တာခဏငှားလို့ရမလား ကိုင်ကြည့်ချင်လို့ "
ဓူဝံက သူမလက်ထဲကို သူ့ဂစ်တာအား ယုံကြည်စိတ်ချစွာ အပ်နှံလိုက်သည်။ ဂစ်တာလေးကို ရင်ခွင်ထဲထည့်၍ ပိုက်ထားတော့ သူ့ရင်ငွေ့ကြောင့် နွေးနေတာကို ခံစားသိရှိ၏။ ဂစ်တာကြိုးတွေကို လက်လေးချောင်းနဲ့ တီးတတ်သလိုတီးနေသော မှာတမ်းခြွေကို ဓူဝံ ကြည့်ကောင်းကောင်းနဲ့ ပြုံးကြည့်နေတာမို့...
" ဘာဖြစ်လို့လဲ "
" မဖြစ်ပါဘူး ဂစ်တာနဲ့ မိန်းကလေး ကို တစ်ခါမှ တွဲမမြင်ဘူးလို့ ကြည့်ကောင်းလို့ပါ "
" အဟွင်း ခုမြင်ဖူးသွားတော့ရော "
" အနုပညာကိုခံစားတတ်တဲ့သူတိုင်း ယောကျာ်းတစ်ယောက်ပဲဖြစ်စေ တစ်ခုခုဆို ထိရှလွယ်တတ်တယ်တဲ့ "
" ဟုတ်မှာပါ "
သူမ ပြုံးလျက် ဖြေလိုက်သည်။ ရင်ထဲက ခံစားချက်တွေကို ကိုယ်စီသိုဝှက်ရင်း စကားလမ်းကြောင်းတွေလွှဲကာ လတ်တလော စိတ်ထဲပေါ်လာသည့် အကြောင်းအရာတွေသာ ပြောနေမိသည်။
" အချိန်နှောင်းနေပြီ အိပ်တော့လေ၊ မနက်စောစောထရမှာမဟုတ်လား ခေါင်းကိုက်နေလိမ့်မယ် "
" ရှင်ကရော "
" ကျုပ်လား... ဒီညလရောင်က အရမ်းလှတော့ ကျုပ် လရောင်ပျောက်တဲ့အထိ နေဖြစ်ဦးမယ်ထင်တယ် "
သူက သူမကို ဆက်မနေစေချင်၍ အလိမ္မာသုံးပြီး ပြောနေတာကို သဘောပေါက်သဖြင့် အိပ်ချင်စိတ်ပျောက်နေသော်လည်း အခန်းထဲဝင်လာခဲ့လိုက်သည်။ မနက်ဖြန် ကဆုန်လပြည့်နေ့မို့ ဒီညလရောင်တောက်တာတော့ အမှန်ပင်။
လရောင်နဲ့ရောယှက်ကာ ထူးထူးဆန်းဆန်း ကံ့ကော်ပန်းနံ့ကိုပါ ရနေ၏။
°°°°°°°°°
ညကတစ်ညလုံး အိပ်မရခဲ့သည့်တိုင်အောင် နံနက်ရောင်နီမပျို့ခင် မှာတမ်းခြွေ အိပ်ရာထလာခဲ့သည်။ နိုးနိုးချင်းမှာ မျက်လုံးက သူ့ကို အရင်ရှာမိခဲ့၏။
" အစောကြီးနိုးနေပါလား "
" ဟုတ်တယ် မလေးရောပဲနော် "
" ကံ့ကော် အဲ "
" ကံ့ကော် လို့ပဲခေါ်ပါ ရပါတယ် "
" ညက ညီမ အိပ်ရာဝင်တာ နောက်ကျတယ်မလား "
" ဟုတ်ကဲ့ "
" မလေး ပဲပြုတ်နဲ့ ထမင်းကြော်ထားတယ် စားလိုက်နော် "
" မလေးနဲ့ အစ်မတို့ရော စားပြီးပြီလား "
" ညီမအရင်စားနှင့်နော် "
သူမ ဘယ်လိုစားနိုင်မှာလဲ၊ ဗိုက်လည်း မဆာသလို စားလည်းမစားချင်ပေမယ့် နောက်ဆို မငုဝါလက်ရာစားဖို့ မလွယ်တာမို့ သူမ ဖျစ်ညစ်စားလိုက်၏။ မငုဝါရဲ့ ဟင်းချက်လက်ရာက တရေးနိုးထစားတောင် ကောင်းဆဲပင်။ ထိုစဉ် အိမ်ရှေ့မှာ ကားရပ်သံကြားရသဖြင့် သူမ လှမ်းကြည့်လိုက်တော့ အလာတုန်းက သူမတို့ကိုလိုက်ပို့ပေးသည့် ကားဖြူလေးဖြစ်နေ၏။
မှာတမ်းခြွေ စားပြီးသားပန်းကန်ကို ဆေးကြောကာ နေရာတကျပြန်ထားလိုက်ပြီး ဒေါ်သပြေနဲ့ မငုဝါကို ခေါ်ကာ မသွားခင်ထိုင်ကန်တော့လိုက်ပါသည်။ ထိုအခိုက် သူသူက အိမ်ထဲဝင်လာ၏။
" ခြွေ... အဆင်သင့်ဖြစ်ပြီလား "
" ခဏလေး "
မှာတမ်းခြွေ အခန်းထဲ လှစ်ခနဲ ပြေးဝင်ကာ ပစ္စည်းလေးတစ်ခုကိုယူပြီး ပြန်ထွက်လာခဲ့၏။ သူမ လက်ထဲပါလာသည့် တစ်ခုတည်းသော ပစ္စည်းက အိပ်မက်ဖမ်းအဆောင်လေးပင်။ ပြီးတော့ မျက်ဆံနက်နက်တွေရှိသည့် မျက်ဝန်းတွေက တစ်စုံတစ်ရာကို နေရာအနှံ့ လိုက်ရှာနေမိသည်။
" သွားရအောင် "
" ခဏစောင့်ပါလား သူသူရယ် ခဏလေးပါ "
သူသူ့ကို ပြောပြီး သူမ မငုဝါကို လှမ်းကြည့်လိုက်၏။ နှုတ်က ပြောမထွက်တာမို့ မျက်လုံးဖြင့် မေးလိုက်ခြင်းသာ။
" ဓူဝံက ဟိုဘက်ရွာကို မိုးမလင်းခင်ထဲက ထွက်သွားတာ "
သူမ နာကျင်စွာပြုံးလိုက်ချိန် နင့်ခနဲခံစားလိုက်ရသည်။ သူမ ဆက်နေဖို့မှ မလိုတော့ဘဲ။ နောက်ဆုံးအနေနဲ့ မငုဝါတို့ကို နှုတ်ဆက်၍ အိမ်ပြင်သို့ လှမ်းထွက်လိုက်ရာ နှလုံးသားတစ်ခုလုံးကို ဆွဲထုတ်ခံလိုက်ရသလို ရင်ဘက်တစ်ခုလုံး ဟာတာတာဖြစ်သွား၏။ လက်သီးဆုပ်၍ နောက်လှည့်မကြည့်မိအောင် သတိထားရင်း ကားနောက်ခန်းထဲသို့ သူမရော သူသူပါ ဝင်ထိုင်လိုက်၏။ ရွာလမ်းက ကျဥ်းတာမို့ ကားက ငြိမ့်ညောင်းစွာ စတင်ထွက်ခွာလေသည်။
" ငါ နင့်အမေကို ဖုန်းဆက်အကြောင်းကြားပြီးပြီ ခြွေ၊ အန်တီက ငါသက်သက်နောက်နေတယ်ထင်တာဟ၊ သေချာရှင်းပြလိုက်တော့မှ ယုံသွားပြီး တအားပျော်သွားတာ နင့်ကို အရမ်းတွေ့ချင်နေတယ် "
တာလမ်းကို ဖြတ်စဥ် သူသူက ဝမ်းပန်းတသာပြောနေသော်လည်း သူမမျက်လုံးနဲ့ စိတ်အစဥ်ကတော့ ကားအရှေ့ကို ကြိုရောက်နေသည်။ ထိုအခိုက် ရွာလမ်းဘက်သို့ ဆိုင်ကယ်တစ်စီးမောင်းလာတာကို လှမ်းတွေ့ရသောအခါ...
" ကားခဏလောက်ရပ်ပေးပါ ခဏရပ်ပေးပါလား "
ကားသမားကို အလောသုံးဆယ်ပြောလျက် ကားရပ်သွားတော့ ကားတံခါးကို လျင်မြန်စွာ တွန်းဖွင့်ရင်း မှာတမ်းခြွေသည် ရှေ့သို့ ပြေးထွက်သွားလေသည်။ နှုတ်က လွှတ်ခနဲထွက်သွားသော အသံကလည်း တုန်ရီနေသလား ဂရုမပြုအားတော့ပါ။
" ဓူ ဓူ ဝံ... "
သူ့ရှေ့မှာ ရပ်သွားသော ကားဆီမှ သူမက ပြေးထွက်လာတာကို သူတွေ့လိုက်သဖြင့် ဓူဝံလည်း ဆိုင်ကယ်ရပ်၍ ဒေါက်ထောက်ကာ အရှေ့သို့ ခြေလှမ်းကျဲဖြင့် လျှောက်သွားလိုက်၏။ ကားနဲ့ဆိုင်ကယ်ကြားမှာ နှစ်ယောက်ဆုံမိချိန် သူမက မျက်ရည်တွေကျနေသည်မို့ သူ ခေါင်းခါပြ၍ မငိုပါနဲ့ လို့ အသံမထွက်ဘဲ နှုတ်ခမ်းလှုပ်ရုံပြောလိုက်သည်။ သူမ မျက်ရည်တွေကို သုတ်ဖို့အတွက် လက်တစ်စုံလိုမည်မထင်ပါ။
သူမ ခေါင်းညိတ်ပြလျက် မျက်ရည်တွေကို သုတ်လိုက်သည်။ သူ့မျက်နှာကို ငေးမော့ကြည့်နေရင်း ဘာပြောရမည်မသိတော့ပါ။ သူကလည်း သူမနည်းတူ ဖြစ်နေလိမ့်မည်ထင်။ ဒီအချိန်မှာတော့ နှစ်ဦးစလုံးအတွက် အချိန်တွေက စက္ကန့်နဲ့အမျှ အရေးကြီးနေတာမို့ သူမ လိုရင်းကိုသာပြောလိုက်၏။
" ကံ့ကော်ပွင့်ချိန်အမှီ ဒီနေရာကိုအရောက်ပြန်လာနိုင်အောင် ကျွန်မကြိုးစားပါ့မယ်၊ ရှင်သာ ကျွန်မပြန်လာမှ ကံ့ကော်ပန်းတွေပွင့်ဖို့ တာဝန်ယူပေးပါ "
" ကျုပ်ကတာဝန်ယူနိုင်တယ်ထား၊ ခင်ဗျား ဒီကိုပြန်လာပြီးရင် နောက်ဘယ်တော့မှ ထွက်မသွားဖို့ကို ခင်ဗျားရော တာဝန်ယူနိုင်လား "
ဓူဝံရယ်... ရှင်က ကျွန်မမဖြေနိုင်မှန်း သိရက်နဲ့ မေးခဲ့တာပဲ။ ဒါပေမဲ့ ဖြေချင်တယ်၊ သူမအဖြေက မရည်ရွယ်ဘဲ သူ့ကို မျှော်လင့်ချက်ပေးသလို ဖြစ်သွားခဲ့မယ်ဆိုရင်ရော... ။
" မှာတမ်းခြွေ... တို့တွေသွားရအောင်၊ တော်ကြာ ရန်ကုန်အဝင်နောက်ကျနေလိမ့်မယ် "
သူသူက ကားမှန်ချ၍ သူမကို လှမ်းပြောသည်။ ထိုစဥ်မှာပင် မှာတမ်းခြွေသည် သူမခြေလှမ်းတွေကို တဖြည်းဖြည်းချင်း နောက်သို့ဆုတ်ကာ လှည့်ထွက်လာခဲ့၏။ ကားထဲမဝင်ခင် ရပ်ကျန်ခဲ့သည့် ဓူဝံကို သူမ တစ်ချက်လှမ်းကြည့်လိုက်သည်။ တိမ်တွေကင်းစင်နေသည့် သူမ အကြည့်တွေကို သူခန့်မှန်းနိုင်လိမ့်မည်ဆိုတာ ယုံကြည်ပါသည်။
သူမတို့ကားလေးက မြေနီမှုန့်တွေကြား တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ လိမ္မော်ရင့်ရောင် နေလုံးကလည်း တရိပ်ရိပ် အထက်သို့ တက်လာချေပြီ။ ဓူဝံသည် သူ့ရင်ထဲက စကားတွေကို ထိုနေလုံးဆီမှာ ဝှက်ထားလိုက်တော့သည်။
ဖမ်းဆုပ်မထားပါဘူး၊ ကျောခိုင်းလည်းမသွားပါဘူး၊ ခေါင်းမော့ကြည့်နေမှာမို့ လွတ်လပ်စွာ ပျံသန်းပါ၊ မောပန်းလို့ ခရီးတစ်ထောက် နားချင်တဲ့အခါ ခဏတာခိုနားဖူးတဲ့ အသိုက်အမြုံဆီ မမေ့မလျော့ ပြန်သာလာခဲ့၊ ကံ့ကော်ပန်းတွေနဲ့ စောင့်နေပါ့မယ် ချစ်ရသူရယ်...။
°°°°°°°°°°°°°°°°°°°°
" သမီးလေးခြွေ "
" မေမေ မေမေ "
အပြေးအလွှားနဲ့ နှစ်လကျော်ကင်းကွာခဲ့ရသည့် မိခင်ရင်ခွင်ထဲ ခိုလှုံလိုက်သည့် မှာတမ်းခြွေ။ ဝမ်းသာပီတိကြောင့် ဒေါ်စက်ရီလည်း မျက်ရည်ကျမိသည်။
" မမပြန်လာတာ ဝမ်းသာလိုက်တာ၊ သမီးက မမကို နေ့တိုင်းသတိရနေတာ "
မျက်ရည်အရွှဲသားဖြစ်နေသည့် အငယ်မကိုလည်း သူမဖက်ထားလိုက်သည်။ သူသူက သူမကို အိမ်ပြန်လိုက်ပို့ပြီးသည်နှင့် ပြန်သွားသည်။
" သမီးလေးရယ်... မေမေက သမီးကိုပိန်သွားမယ်ထင်တာ၊ ခုလို စိုစိုပြေပြေလေးနဲ့တွေ့ရတာ မေမေဝမ်းသာလိုက်တာ "
" မေမေနေကောင်းတယ်နော် သမီးကြောင့် မေမေစိတ်ဆင်းရဲခဲ့ရရင် တောင်းပန်ပါတယ် "
" အို သမီးရယ် သမီးက ဘာအပြစ်လုပ်ထားလို့လဲ၊ သမီးကြောင့် မေမေတစ်ခါမှ အရှက်ရပြီးစိတ်မဆင်းရဲခဲ့ပါဘူး သမီးလေးရယ် "
မေမေက ထိုသို့ပြောတော့ သူမက ငိုချင်လာသည်။ ပြီးတော့ ဘယ်တုန်းက ကျလာမှန်းမသိသည့် မျက်ရည်တွေကို မေမေက ဒိုင်ခံသုတ်ပေးနေလေရဲ့။
" သမီးလေး ရေအရင်ချိုးမလား ထမင်းအရင်စားမလား "
" ဗိုက်ဆာနေပြီ မေမေရဲ့ "
" ဟုတ်လား စားရမှာပေါ့၊ သမီးအတွက် မေမေကိုယ်တိုင် မနက်အစောကြီးထချက်ထားတာ၊ အငယ်မကိုတောင် မကူခိုင်းဘူး "
ထို့နောက် အငယ်မကို ဝိုင်းကူ၍ သူမ ထမင်းပွဲပြင်ပေးလိုက်သည်။ ထမင်းပူပူ ဟင်းပူပူမို့ မြိန်မည်ထင်သည်။ သူမပန်းကန်ထဲမှာလည်း မေမေထည့်ပေးသည့် အသားဟင်းနှင့် အရွက်ကြော်တွေ ပြည့်မောက်နေ၏။ မေမေ့ထဲလည်း ပြန်ထည့်ပေးလိုက်သည်။ ဘယ်လိုပင် ထမင်းစားမြိန်စေကာမူ ဟင်းပန်းကန်ရဲ့ အလယ်မှာ ငါးပိရည်နဲ့ တို့စရာ မပါသဖြင့် မပြည့်စုံပေ။
" ဘာဖြစ်လို့လဲဟင် မေမေ သမီးကို ဘာလို့ကြည့်နေတာလဲ "
" သမီးကို ဂရုစိုက်စောင့်ရှောက်ထားတဲ့ မိသားစုကို မေမေကျေးဇူးတင်လို့ပါ၊ ဖြစ်နိုင်ရင် လူကိုယ်တိုင်သွားပြီး ကျေးဇူးစကားဆိုချင်မိတယ် "
" အစ်မတို့တွေက မေတ္တာတရားကြီးမားတယ်၊ သမီးကို မိသားစုဝင်တစ်ယောက်လို သဘောထားခဲ့ကြတာ "
" သမီးက မိဘကို လုပ်ကျွေးနေတဲ့သူဆိုတော့ အခက်အခဲကြုံရင်လည်း ကူညီတဲ့သူပေါ်လာတာပေါ့ "
မှာတမ်းခြွေ ခေါင်းညိတ်လိုက်သည်။ ထမင်းစားပြီးတော့လည်း ဧည့်ခန်းမှာထိုင်၍ စကားဆက်ပြောကြသေးသည်။
" သမီးပြန်ရောက်တာ ခေါင်တို့ မသိသေးဘူးမလား၊ သူတို့ကို အသိပေးရဦးမယ် "
" ဟို ချက်ချင်းအသိမပေးပါနဲ့ဦးနော် "
" ဘာလို့လဲ သမီးရဲ့ "
" ..... "
" သမီး ခေါင့်အကြောင်းတွေ သိပြီးပြီမလား "
" သူသူပြောပြလို့ ခေါင်ခွဲစိတ်မှုအကြိမ်ကြိမ်ခံယူရတဲ့အကြောင်း ဆေးရုံကဆင်းတာ မကြာသေးတဲ့အကြောင်းတွေ သမီးသိပြီးပါပြီ "
" သြော် အရေးကြီးတာတစ်ခု သမီးမသိရသေးဘူးပဲ "
ဘယ်လိုအရေးကြီးတဲ့ အကြောင်းကိစ္စများပါလိမ့်။ သူသူကရော သူမကို ဘာလို့ ထိန်ချန်ထားရတာလဲ။ ခေါင်နဲ့ပတ်သက်တာပဲ ဖြစ်လိမ့်မည်ဟု သူမတွေးထင်လိုက်သည်။
" သမီးတို့ ကားအက်ဆီးဒန့်ဖြစ်တဲ့ညက ခေါင် စိတ်ကြွဆေးသုံးခဲ့တယ်ဆို "
ရုတ်တရက် နားထင်ကသွေးတွေ ဆောင့်တက်သွားသလို ခံစားလိုက်ရသည်။ ပြီးမှ မေမေလည်း တစ်နေ့မဟုတ်တစ်နေ့ သိသွားမယ့်ကိစ္စဟု ဖြေတွေးလိုက်မိပြီး...
" ဟုတ်တယ်မေမေ အဲ့ညက ခေါင်စိတ်ကြွဆေးသောက်ခဲ့တယ် "
" အဲ့အတွက် ထွဋ်ခေါင်က မေမေ့ကို ခြေသလုံးဖက်မတက် တောင်းပန်ခဲ့တယ်သမီး၊ မမော်ကလည်း သူ့သားလုပ်ရပ်အတွက် သူ့မာနကို နောက်ထားပြီး မေမေ့ကို တောင်းပန်ခဲ့တယ်၊ မေမေအစက သဘောထားကြီးပြီး ခွင့်မလွှတ်နိုင်ခဲ့ဘူး၊ ဒါပေမဲ့ သူတို့ဘက်ကလည်း ဆုံးရှုံးမှုအကြီးကြီးတစ်ခု ဖြစ်ခဲ့တယ် "
" ခေါင်ဟာ စိတ်ကြွဆေးသုံးခဲ့တဲ့ အကျိုးဆက်ကြောင့် ယောကျ်ားတစ်ယောက်အနေနဲ့ မစွမ်းဆောင်နိုင်တော့ဘူး "
" ရှင်! "
လုံးလုံးမထင်မှတ်ထားခဲ့သည့် စကားကြောင့် သူမများ နားကြားလွဲလေသလားဟု မျက်ခုံးပင့်၍ နောက်တစ်ကြိမ် ထပ်မေးမိသည်။
" ဟုတ်တယ်သမီး ဒါတင်မကသေးဘူး စိတ်ကြွဆေးသုံးပြီး ကားမောင်းခဲ့တဲ့အတွက် ခေါင်ထောင်မကျအောင် ရဲတွေနဲ့ အတော်လေး ညှိနှိုင်းဆွေးနွေးခဲ့ကြရတယ်၊ ငွေကြေးလည်း တော်တော်ကုန်သွားပုံပဲ၊ ဒါပေမဲ့ အဲ့ကိစ္စကို အတွင်းလူတွေပဲသိအောင် အချ်ိန်မီဖုံးနိုင်ခဲ့တယ် "
ကြားရတဲ့သတင်းမှာ သတင်းကောင်းဆိုတာကို လက်ညှိုးထိုးပြစရာမရှိခဲ့ပါ။ ခေါင့်အတွက် ရင်လေးသွားမိသည်။
" ဆေးရုံကဆင်းရတယ်ဆိုပေမယ့် သူအရှင်းမကောင်းသေးဘူးသမီး "
မနေနိုင်စွာ တွေးလိုက်မိသည်က သူမကြောင့်များလား။ အမြဲစိတ်တိုင်းမကျဖြစ်နေသည့် လွင်တီးခေါင်တစ်ယောက် အခုဘယ်လိုများနေလိမ့်မလဲ။ သူစိတ်ဓာတ်များ ကျနေမလား။ သူက ဘယ်လောက်ပဲ အမှားတွေကျူးလွန်ထားပါစေ သူမကလည်း အရာခပ်သိမ်း အပြစ်ကင်းစင်နေတာ မဟုတ်တာကြောင့် အနည်းငယ် တွေဝေသွားမိသည်။ သူမမှာ အပြစ်ဟုခေါင်းစဥ်တပ်ရမည်ဆို သူ့ကိုမပြောဘဲ မွေးနေ့ပွဲကို သွားမိတာပဲ ရှိသည်။
မဟုတ်မှ သူအခုလိုဖြစ်ရတာ သူမပယောဂ ကင်းရဲ့လား။ သူမကြောင့်များလား...။
" ခေါင့်ကို သမီးသွားတွေ့လိုက်ပါ၊ မေမေ ဒီတစ်ခုပဲ သမီးကို တောင်းဆိုချင်တယ်၊ သူမဖြစ်ချင်တဲ့ဆန္ဒတွေကို အကုန်ပြောခဲ့၊ မေမေ ဘာမှ မကန့်ကွက်သလို တိုက်တွန်းမှာလည်းမဟုတ်ဘူး၊ အားလုံးဟာ သမီးသဘောအတိုင်းပါပဲ "
" သမီးသွားတွေ့မှာပါ၊ တွေ့ဖို့လည်းစိတ်ကူးထားပြီးသားပါမေမေ "
တကယ်သွားတွေ့မှာပါ။ အစောထဲက မောပန်းနေသောကြောင့် သူမ ကြိုတင်သက်ပြင်းချလိုက်မိသည်။
°°°°°°°°°°
နောက်တစ်ခေါက် ရောက်ဖြစ်လိမ့်မယ်ထင်မထားသော ခေါင့်အိမ်ရှေ့ မတ်တပ်ရပ်၍ အချိန်ကြာမြင့်စွာ ငေးကြောင်နေမိသည်။ ခြံစောင့်က တံခါးလာဖွင့်ပေးသည်အထိ မှာတမ်းခြွေ အထဲကိုဝင်ဖို့ တွန့်ဆုတ်နေမိ၏။ ဘာတွေပဲဖြစ်လာပါစေ ငါအပြုံးနဲ့ရင်ဆိုင်မယ်၊ ရင်ဆိုင်နိုင်ရမယ် လို့ စိတ်ထဲမယ် နှလုံးသွင်းလျက် အိမ်ထဲသို့ လှမ်းဝင်လာမိ၏။ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိစေရန် ကြက်သွေးရောင်တီရှပ်အကျီနဲ့ နီညိုရောင် ဘောင်းဘီရှည်ကို တွဲဝတ်ထားသော မှာတမ်းခြွေသည် အားပျော့နေသည့် သူမစိတ်ကိုတော့ လိမ်၍မရပါ။
" သမီးခြွေ "
" အန်ကယ် "
" အန်ကယ် သမီးကိုမျှော်နေတာ "
ဧည့်ခန်းမှာ သတင်းစာထိုင်ဖတ်နေသော ဦးထွဋ်ခေါင်က သတင်းစာရွက်ကိုပိတ်၍ စက်တီခုံပေါ်တင်ကာ သူမအား လှိုက်လှဲစွာ နှုတ်ဆက်၍ ဆိုဖာ၌ ထိုင်စေသည်။
" အန်ကယ်နေကောင်းတယ်နော် "
" လူကကောင်းပါတယ်သမီးရယ်၊ သမီးကို အခုလိုရုတ်တရက်တွေ့လိုက်ရတော့ အန်ကယ်ဘာပြောရမှန်းတောင်မသိပါဘူး "
" ဖြစ်ပြီးသမျှကိစ္စတွေနဲ့ပတ်သက်ပြီး သမီးစိတ်ထဲဘာမှမရှိတော့ပါဘူးအန်ကယ်၊ သမီးအတွက် အန်ကယ်ဝန်ထုပ်ဝန်ပိုးမဖြစ်ပါနဲ့ "
" သားကိုယ်စား အန်ကယ်သမီးကို တောင်းပန်ပါတယ်ကွယ်၊ သမီးဘာဖြစ်ချင်လဲပြောပါ အန်ကယ်အကုန်လုပ်ပေးမယ် "
မှာတမ်းခြွေ ဘာပြောရမှန်းမသိဘဲ အသက်ငွေ့ငွေ့သာချလိုက်မိသည်။ သူမအတွက် ချက်ချင်းဆုံးဖြတ်ချက်ချဖို့ အတော်ခက်နေ၏။
" မှာတမ်းခြွေပါလား... "
" အန်တီမော် "
အပေါ်ထပ်မှ ဆင်းလာသော ဒေါ်စန်းစန်းမော်က ဦးထွဋ်ခေါင်ဘေးမှာ ဝင်ထိုင်လိုက်သည်မို့ သူမ ဖွဖွပြုံးပြနှုတ်ဆက်လိုက်သည်။
" အခုလိုပြန်တွေ့ရတာ အန်တီမော်ဝမ်းသာပါတယ်၊ နေကောင်းကျန်းမာတယ်မလား "
" ဟုတ်ကဲ့ ကောင်းပါတယ်၊ အန်တီမော်လည်း ကျန်းကျန်းမာမာရှိပုံပါပဲ "
" အမြင်အတိုင်းဆို ကျန်းမာပုံပဲပေါ့၊ စိတ်အခြေအနေကတော့ ကောင်းတစ်လှည့် ဆိုးတစ်လှည့်ပါပဲ၊ အင်း အားလုံးသိပြီးရောပေါ့ "
" ဟုတ်ကဲ့ သမီးသိသင့်တာတွေ အကုန်သိပြီးပါပြီ "
ပုံမှန်အသံအနေအထားတိုင်း အန်တီမော်မျက်နှာကိုကြည့်၍ သူမ လေးလေးနက်နက်ပြောလိုက်သည်။ ဦးထွဋ်ခေါင်က မျက်နှာမကောင်းပါ။ သိသာစွာ ပျက်ယွင်းနေ၏။
" အရင်ကပြောခဲ့သမျှတွေကိုတော့ ပြန်မပြောတော့ဘူး၊ ရှေ့ဆက် ဘယ်လိုဖြစ်ချင်လဲ၊ သားခေါင်က လင့်ဝတ္တရားတွေအားလုံးကို ကျေပွန်နိုင်မှာမဟုတ်တော့ဘူး၊ ဒီတော့ ဘယ်လိုဆန္ဒရှိလဲ "
" သမီးဒါတွေထည့်မတွက်ပါဘူးအန်တီမော်၊ ဘဝမှာ အဲဒါက မဖြစ်မနေလိုအပ်တာမှမဟုတ်ဘဲ၊ တစ်ခုပဲ သမီးခေါင်နဲ့ တွေ့ချင်တယ် "
" သားအခန်းထဲမှာရှိတယ် "
စိတ်ကိုအဆင်သင့်ပြင်ပြီးသားပေမယ့် တကယ်ပဲ ခေါင့်ကိုတွေ့ဖို့ သူမ အဆင်သင့်ဖြစ်ရဲ့လား၊ မသေချာပါ။ လူက အခန်းရှေ့မှာရောက်နေပြီး တံခါးကိုခေါက်ဖို့ ရွယ်ထားသည့်လက်ကို ရှေ့တိုးဖို့ တွန့်ဆုတ်နေဆဲ။ သို့သော် လက်ဆစ်ဖြင့် တံခါးကိုသုံးကြိမ်တိတိခေါက်ကာ အသံပေးလိုက်ပြီး တံခါးကိုတွန်းကြည့်လိုက်တော့ ပွင့်သွားတာမို့ သူမ ခြေဖွဖွနင်းလျက် အထဲဝင်လာခဲ့သည်။
အခန်းကကျယ်တာမို့ ကျွန်းခုတင်ကြီးကို ဦးစွာတွေ့ရပြီး ဘေးဘက်က အလုပ်စားပွဲမှာ တံခါးဘက်ကိုကျောခိုင်းလျက် ကွန်ပျူတာရှေ့ထိုင်နေသော ခေါင့်ရဲ့ကျောပြင်ကျယ်ကို လှမ်းတွေ့ရ၏။
သူမ သူ့အခန်းထဲ ဝင်လာမိတာ မှန်ရောမှန်ရဲ့လား။ ဒါပေမဲ့ သူက အရှင်းမပျောက်သေးဘူးလို့ သိထားတာမို့ အခုလိုဝင်လာခဲ့ခြင်းသာ။
" ခေါင် "
သူ့ဆီလျှောက်မသွားဘဲ ရောက်နေသည့်နေရာမှာတင် ခြေစုံရပ်၍ လှမ်းအော်ခေါ်လိုက်၏။ သူက ဆုံလည်ကုလားထိုင်အား တစ်ပတ်လှည့်ကာ သူမကို လှမ်းကြည့်လာသည်။ ထို့နောက်...
" ခြွေ... "
ထိုက်ရက်က နှုတ်ခမ်းလှုပ်ရုံလေးသာ သူခေါ်လိုက်သည်။ ပြီးနောက် သွားတန်းတွေပေါ်သည်အထိ ရယ်မောလိုက်ရင်း...
" ထင်တဲ့အတိုင်းပါပဲလား ခြွေ၊ နင်က လွယ်လွယ်သေမယ့်သူမျိုးမှမဟုတ်ဘဲ "
စစချင်း ဆောက်နဲ့ထွင်းဆိုသလို ခေါင့်ရဲ့အပြောအဆိုအောက်မှာ ငုပ်လျှိုးနေသည့် သူမရဲ့ သတ္တိတွေ ရုန်းကြွလာသည်။
" ကျေးဇူးတင်ပါတယ်ခေါင်၊ အခုဘယ်လိုနေသေးလဲ "
သူက လက်နှစ်ဖက်ဖြန့်ကာ ပခုံးတစ်ချက် တွန့်ပြလိုက်ရင်း...
" ဒီနားလာပါဦး "
သူမ အနားလျှောက်သွားပြီး ဖွင့်ထားသည့် သူ့ကွန်ပျူတာကို လှမ်းကြည့်မိတော့ ကုမ္ပဏီစာရင်းတွေလုပ်လက်စအတိုင်း တွေ့ရ၏။ ဒါဆို သူမတွေးထားသလို ခေါင့်အခြေအနေက မဆိုးသေးဘူးပဲ။
လွင်တီးခေါင်ရဲ့ မျက်နှာချင်းဆိုင်မှာ သူမရပ်၍ ထိုင်နေသည့်သူ့ကို ငုံ့အကြည့်မှာ သူက မတ်တပ်ရပ်လိုက်၏။ သူ အကူမပါဘဲ မတ်တပ်ရပ်နေနိုင်တာပဲ။
" ကြည့်စမ်းပါရစေဦး အရင်တိုင်းပဲလားလို့ "
သူမရဲ့လက်နှစ်ဖက်ကိုဆွဲယူ၍ တစ်ကိုယ်လုံး ခြုံငုံကာ လှည့်ပတ်ကြည့်ပြီး ရင်ခွင်ထဲအတင်းဆွဲသွင်းလိုက်သော ခေါင့်ကြောင့် ကြက်သီးမွှေးညှင်းတွေ တဖြန်းဖြန်းထလာကာ သူ့ရင်ဘက်ကို လက်နှစ်ဖက်ဖြင့် တွန်းဖယ်ရုန်းထွက်လိုက်ရင်း...
" ခေါင်... နင့်အပြုအမူတွေကိုဆင်ခြင် "
" လွမ်းလိုက်တာဟာ "
လွှတ်မပေးဘဲ တိုးလို့ဖက်ထားကာ သူမရဲ့မျက်နှာတွေ လည်ပင်းတွေ ပခုံးသားတွေကို သူ့နှုတ်ခမ်းက လျောတိုက်သွားလျက် လက်တွေကလည်း ကျောပြင်ပေါ်မှာ စုန်ဆန်ခက်လျက်။
" လွင်တီးခေါင်! "
" ဘာလဲ ငါ့ကိုရွံလား၊ ယောကျာ်းတစ်ယောက်ဖြစ်ပြီး မစွမ်းဆောင်နိုင်တဲ့... "
" တော်တော့ နင်ကိုယ်တိုင် နင့်သိက္ခာကိုချနေတာ၊ နင့်လုပ်ရပ်တွေက နင့်ကိုရွံစရာကောင်းအောင်လုပ်နေတာ "
" အဟက် နင်ကအစထဲက ငါ့နဲ့လက်မထပ်ချင်လို့ ဝေ့နေတာ၊ အခုတော့ အကြောင်းပြချက်ကောင်းတွေ့သွားပြီပေါ့ "
မှာတမ်းခြွေ သူမပါးစပ်ထဲမှ လေပူတွေမှုတ်ထုတ်ကာ နောက်သို့ဆုတ်လိုက်ရင်း မွန်းကြပ်စိတ်ဖြင့် ခါးတစ်ဖက်ထောက်လိုက်၏။
" ဝန်ခံလိုက် မှာတမ်းခြွေ၊ ငါ့ကို နင်နည်းနည်းမှ သနားစရာမလိုဘူးနော်၊ အေး တစ်ခုပဲ ငါနင်မဟုတ်တဲ့ တခြားဘယ်မိန်းကလေးကိုမှ လက်ထပ်မှာမဟုတ်ဘူး၊ ပြီးတော့ လွန်ခဲ့တဲ့ နှစ်လအတောအတွင်း နင်ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ငါဂရုမစိုက်ဘူး "
ယတိပြတ်ပြောလိုက်သလိုမျိုး ခေါင်က ပြတ်ပြတ်သားသား ဆိုလာခဲ့သည်။ သူ့ရဲ့ စကားတွေအောက်မှာ ရုန်းထွက်ဖို့ခက်စွာ ဆွံ့အသွားခဲ့ရပြန်သည်။
" ငါနင့်ဆီက အများကြီးမမျှော်လင့်ထားပါဘူး ခြွေရယ် "
ခေါင်နဲ့မလိုက်ဖက်စွာ အသနားခံသလိုမျိုး သူမလက်တစ်ဖက်ကို ဖွဖွဆုပ်ကိုင်လျက် ပြောလာပြန်ရာ သူမပြောမည့် စကားတွေကို လည်ချောင်းထဲမှ ထွက်မလာအောင် ပိတ်ဆို့လိုက်သလိုပင်။
" နင်နားလိုက်ပါဦး ငါပြန်တော့မယ် "
" နှစ်လလုံးလုံး ငါစောင့်ခဲ့ပြီးပြီလေ၊ ငါ့ကိုထပ်စောင့်ခိုင်းစေချင်တာလား ဘယ်အချိန်ထိလဲ "
သူ့လက်ကို ဖြုတ်ချရင်း လှည့်ထွက်ဖို့ပြင်သော မှာတမ်းခြွေကို သူလှမ်းပြောလိုက်တော့ သူမကရပ်၍ သူ့အားလည်ပြန်လှည့်ကြည့်လာရင်း...
" ငါပြန်လာခဲ့မယ်၊ အဲ့အခါ တိကျတဲ့ အဖြေတစ်ခုသိရမှာပါ "
သူက ခေါင်းလည်းမညိတ် ခေါင်းလည်းမခါဘဲ မမှတ်မသုန်ရပ်ကြည့်နေ၏။ သူ့မျက်လုံးတွေက ယုံကြည်မှုလွန်ကဲနေသယောင်။ နှုတ်ခမ်းတွေကို တင်းတင်းစေ့ထား၏။ သူမ အခန်းထဲမှမထွက်ခင် စကားတစ်ခွန်းကိုတော့ သူ့ကို ပြောဖြစ်အောင်ပြောခဲ့ပါသေးသည်။
" ငါ့ရဲ့ဖြစ်တည်မှုက နင့်အတွက်မဟုတ်ဘူး ခေါင်၊ ဘယ်သူ့အတွက်မှလည်း မဟုတ်ဘူး၊ အဲဒါကိုတော့ နင်သိထားပေးပါ "
ခေါင့်အား ပြောခဲ့သောစကားတွေထဲမှာ ထိုစကားတစ်ခွန်းက သူမဘဝမှာ နောင်တမရဆုံးဖြစ်သည်။ ခေါင်းငုံ့၍ဝင်ခဲ့သောအိမ်မှ သူမ ခေါင်းမော့၍ ထွက်လာခဲ့သည်။ သူမမှာ ခေါင့်ကိုပေးဖို့ တိကျတဲ့အဖြေတစ်ခု ရှိနေပါလျက် မပြောထွက်ခဲ့တာကိုတော့ ကိုယ့်ကိုယ်ကိုယ် မချင့်မရဲနိုင်မိသည်။
YBS ဘက်စ်ကားရဲ့ နောက်ဆုံးခုံတန်းလေးမှာ တစ်ယောက်ထဲထိုင်၍ ပြတင်းတံခါးကို ခေါင်းမှီထားရင်း စိတ်ထဲ တင်းကြပ်လာသလို ဘဝင်မကျသလို ဖြစ်နေမိ၏။ ယခု သူမမှာ ရွေးချယ်ခွင့်ရှိနေပြီ။ သူမက ရွေးချယ်ခံရတာမဟုတ်ဘဲ ရွေးချယ်ခွင့်ရှိနေတာတောင် စိတ်ထဲမရှင်းလင်းသေးသလို ခံစားနေမိတာ ဘာကြောင့်များလဲ။
ရှေ့တစ်မှတ်တိုင်ဆို သူမဆင်းရမယ့် မှတ်တိုင်သို့ ရောက်တော့မည်။ သို့သော် သူမစိတ်ထဲ တစ်စုံတစ်ရာက လွန်ဆွဲနေ၏။
" တီ တီ "
ဆင်းရမည့်မှတ်တိုင်ရောက်ပြီမို့ အချက်ပေးသံ ထွက်ပေါ်လာ၏။ သူမစိတ်ထဲရှိရာကို ထုတ်ပြောချင်သည့်အတွေးကို တားဆီး၍မရတော့ပေ။ ယခုမှ သူမပြောချင်သည့် စကားတွေက လည်ချောင်းကလျှံထွက်လာမလိုဖြစ်နေတာမို့ စိတ်ပိုင်းဖြတ်လိုက်၏။ ဒီတစ်ခါ ဘယ်တော့မှ နောက်ပြန်လှည့်တော့မည်မဟုတ်ပါ။ ခိုင်မာသော ဆုံးဖြတ်ချက်နဲ့ အားအင်တစ်ခုကို ဆုပ်ကိုင်ရင်း... ။
°°°°°°°°°°°°°°°•°•°•°•°•°🕊💔 ပြီးပါပြီ။
May 17, 2022 ( 9 : 30 PM)
ဇာတ်သိမ်းအထိ သည်းခံပြီး ဖတ်ပေးကြတဲ့ စာဖတ်သူအားလုံး ကျန်းမာရွှင်လန်းပြီး ဘေးဘယာအပေါင်းမှ ဝေးကွာကြပါစေ။
#Ruby Linn