မညီမျှတဲ့ချစ်ခြင်း 🕊💔
" မောင်မင်းကြီးသားဓူဝံ အသက်ရှည်ပါဦးမယ် ခုပဲမင့်အကြောင်းပြောနေကြတာ "
ဓူဝံက ဘာရယ်မဟုတ် ရှက်ကိုးရှက်ကန်းဟန်ဖြင့် ပြုံးလျက် သူ့ဆံပင်တွေကို လက်ထိုးထည့်ပြီး သပ်တင်လိုက်ကာ မလေးကို လှမ်းကြည့်လိုက်ရင်း...
" သိနေတယ်လေဗျာ "
" ထမင်းစားပြီးခဲ့ပြီလား "
" မစားရသေးပါဘူး မလေးတို့ရော "
" ပြီးပြီ မလေးတို့က၊ ကံ့ကော်တော့ မစားရသေးဘူး၊ နှစ်ယောက်အတူ စားလိုက်ကြပါလား "
ထမင်းခူးနေသော ကံ့ကော်ကို လှမ်းကြည့်၍ မငုဝါက ပြောလိုက်သဖြင့် သူမ ဓူဝံကို မော့ငေးကြည့်လိုက်၏။ ဓူဝံက ခေါင်းတစ်ချက်ညိတ်၍ အခန်းထဲမှာ လွယ်အိတ်သွားထားပြီး အပြင်သို့ ပြန်ထွက်လာသည်။
" သရက်သီးမှည့်ရေစိမ်ထားတယ် ခွဲစားလိုက်ကြဦး "
မငုဝါက တီဗွီကြည့်နေရင်းက သူတို့ဘက်သို့ လှမ်းအော်ပြောလိုက်ခြင်းပင်။ အနားက ရေဇလုံထဲမှာ ထိပ်ဖြတ်ထားသော သရက်သီးနှစ်လုံးကို တွေ့တာမို့ သူမ ဓားယူ၍ ပန်းကန်ထဲ လှီးဖြတ်ဖို့ပြင်စဥ် တုံ့နှေးတုံ့နှေး ဖြစ်နေသော ကံ့ကော်ကြောင့် ဓူဝံ သူမလက်ထဲက ဓားကိုယူလိုက်ပြီး သရက်သီးကိုအခွံနွှာကာ သေချာစိတ်လိုက်သည်။ ထို့နောက် ပန်းကန်းထဲထည့်ပြီး သူမဘက်သို့ ပို့လိုက်ကာ မော့ကြည့်လိုက်တော့ သူ့ကို တစ်ခါမှ မမြင်ဖူးသလို ကြည့်နေတာမို့ သူမေးငေါ့ကာ မေးလိုက်၏။ သူမက မျက်လွှာချ၍ ထမင်းအဖြူချည်း နည်းနည်းစီယူစားနေသည်။ ပြီးတော့ ငါးပိရည်ပန်းကန်၌ နှစ်ဦးလက်ဆုံသွားတာမို့ ဓူဝံ ဖွဖွရယ်ရင်း...
" ကြည့်ရတာ မကြာခင် ဧည့်သည်လာတော့မယ်ထင်တယ် "
ဟု ပြောပြီး ငါးပိရည်တစ်ဇွန်းခပ်ကာ သူမပန်းကန်ထဲထည့်ပေးလိုက်၏။ သူ့အပြုအမူတွေက သူမအပေါ် နွေးထွေးဆဲပါ။ သို့သော် အရင်ကထက် စကားနည်းသွားသည်ဟု သူမထင်မိသည်။ စားသောက်ပြီး ကိုယ့်အခန်းကိုယ်ဝင်လိုက်ကြသည်။ တကယ်တော့ ရက်အတော်ကြာနေပြီး ပြန်တွေ့ချိန်မှာ ပြောစရာတွေအများကြီးရှိနေလိမ့်မည် ဟု ထင်မှတ်ထားခဲ့တာ။ ရုတ်တရက် တိတ်ဆိတ်သလိုဖြစ်သွားသည့် ဓူဝံက သူမအတွက် သူစိမ်းတစ်ယောက်ကဲ့သို့ ဖြစ်သွားသလိုပင်။ ဒီညမှာတော့ သူ့ဂစ်တာသံကို နားထောင်ရလိမ့်မယ်လို့ မျှော်လင့်မိခဲ့တာ။
သို့သော်... ။
°°°°°°°°°°°°°°°
" ပိုင်ဦးပါလား "
" မမတို့စားဖို့ ဘူးသီးလာပို့တာ "
ပိုင်ဦးက ဘူးသီးအနုတစ်လုံးနဲ့ အရင့်တစ်လုံးကို တစ်ဖက်စီကိုင်လာပြီး ရောက်လာသဖြင့် သူမ လှမ်းယူထားလိုက်သည်။
" ခုတလော ပျောက်နေတယ်နော် "
" မမက ကျုပ်ကို သတိထားမိတယ်ပေါ့ "
" အင်းလေ ဘယ်သွားနေတာလဲ "
" ကျုပ်ဘကြီးရှိတဲ့ ပဲခူးဘက်ရောက်နေတာလေ၊ မနေ့က ပြန်ရောက်တာ "
" ဒါကြောင့်ကိုး "
" ပိုင်ဦး ဘူးသီးလာပေးတာလား "
" ဟုတ်တယ်မလေး "
" အတော်ပဲ ကြက်ဘူးစားချင်နေတာ၊ မလေးကိုပေး ကံ့ကော် "
ဘူးသီးနှစ်လုံးကို မလေးပေးပြီး သူမ အိမ်ထဲဝင်ဖို့ ပြင်တာမို့ ပိုင်ဦးက အလိုက်သိစွာ နှုတ်ဆက်ပြီး ပြန်သွားလေသည်။
" ဘူးသီးအခွံခွာပေးမယ်နော် မလေး "
" အင်း "
ဓူဝံရဲ့အခန်းရှေ့က ဖြတ်အလျှောက်မှာ သူမ လှမ်းကြည့်လိုက်စဥ်မှာပင် အခန်းတံခါးပွင့်လာ၍ သူက ဖုန်းတစ်လုံးနဲ့ အပြင်ထွက်လာပြီး တစ်စုံတစ်ရာကို ရှာဖွေနေဟန်ဖြင့် နောက်မှ ဖုန်းကို နားနားကပ်ကာ...
" ခဏလေးနော် အစ်မဘယ်သွားလဲမသိဘူး... မလေးရေ အစ်မရော "
" ရေအိမ်ဝင်နေတယ် ဘယ်သူလဲ "
" ပဲခူးက ဒေါ်ထွေးဆက်တာ "
မငုဝါက ဒေါ်ထွေးဆိုတဲ့အသံကြားပြီး မီးဖိုချောင်ထဲမှ သုတ်သုတ်ပျာပျာနဲ့ ထွက်လာကာ ဓူဝံဆီကဖုန်းကိုယူ၍ လှိုက်လှိုက်လှဲလှဲ ဝမ်းသာအားရနဲ့ ဖုန်းလက်ခံပြောနေသည်။
" သန်ဘက်ခါလား... လာမှာပေါ့၊ နှစ်တိုင်းလည်းလာနေကျဥစ္စာ "
" ဒေါ်ထွေးတို့နေနိုင်လိုက်ပုံများ... ဘုရားပွဲရှိတော့မှ သတိတရဖုန်းဆက်ခေါ်ဖော်ရတယ်နော် တော်တော်ဟုတ်တယ် "
" ဟိုမှာ အစ်မလာပြီ၊ အစ်မနဲ့ပြောလိုက်နော် "
ခုမှ ရောက်လာသော ဒေါ်သပြေလက်ထဲ ငုဝါက ဖုန်းထိုးထည့်ပြီး ထွက်သွားသဖြင့် ဘေးမှာထိုင်နေသော ဓူဝံကို လှမ်းကြည့်၍ မေးလိုက်တော့ ဒေါ်ထွေးဖုန်းမှန်းသိလိုက်သည်နှင့် ဒေါ်သပြေမျက်နှာက ပြုံးယောင်သန်းသွားတာ ကံ့ကော် အနောက်ဘက်လျှောက်သွားစဥ် ရိပ်ခနဲ တွေ့လိုက်ရလေသည်။
" ဘူးသီးကနုတော့ချိုမှာ ကြက်သားနဲ့ဆိုရှယ်ပဲနော်မလေး "
" အင်း ညနေမှပဲ ဒေါ်စောတို့အိမ်မှာ ကြက်သားရှိလား သွားမေးဦးမယ်၊ ခုတော့ ဘူးသီးတစ်ခြမ်းပဲ ချက်စားတာပေါ့ "
မငုဝါက ဆီပူအိုးထဲသို့ ဆုပ်ထားသောငါးဖယ်တွေကို ထည့်ကြော်နေရင်း ပြောလိုက်သည်။ သူမက ဘူးသီးကိုအခွံခွာပြီး ထက်ခြမ်းခွဲကာ အစိတ်သေးလေးတွေ စိတ်နေလိုက်၏။ ထိုခဏအတွင်း အပြင်မှ စကားပြောသံတွေကိုလည်း ကြားနေရသည်။
" ဒီနှစ်တော့ ဘုရားပွဲမသွားတော့ဘူးလားလို့ အစကစိတ်ကူးထားတာ၊ ဒေါ်ထွေးတို့ကသိတဲ့အတိုင်း မလာမချင်းနားပူနားဆာနဲ့ခေါ်နေမှာ၊ သုံးယောက်စလုံးလာခဲ့ရမယ်တဲ့ "
" အစ်မတို့ပဲသွားကြပါ ကျုပ်နေခဲ့မယ်၊ ကံ့ကော်ကိုတော့ ခေါ်သွားလိုက်ပေါ့ ကြုံဖူးရအောင်လို့ "
" သားမလိုက်လို့ဘယ်ဖြစ်မလဲ မိန်းကလေးတွေချည်းပဲသွားမယ့်ဥစ္စာ၊ ကံ့ကော်ကိုပါ ခေါ်သွားမှာ "
" ဒါပေမဲ့ ကျုပ်... "
ဓူဝံက တစ်စုံတစ်ခုကို ပြောဖို့ကြံရွယ်ပြီးမှ မပြောတော့ဘဲ မျိုချလိုက်၏။ ခါတိုင်း မိသားစုအတူသွားနေကျပေမယ့် ဒီနှစ်မှာတော့ ဘာကြောင့်ရယ်မသိ သူ မလိုက်ချင်ဘူးဖြစ်နေသည်။ တစ်ခုခုကို ကြိုသိနေသလိုမျိုး စိတ်ထဲ လေးလံနေခြင်းကြောင့်ပင်။
" ဘုရားပွဲက ဒီနှစ်စောတယ်နော်အစ်မ၊ ပုံမှန် တော်သလင်းလလောက်မှ လုပ်တာမဟုတ်ဘူးလား၊ ဘာလို့ စောစောလုပ်တာလည်းမသိဘူးနော် "
" ငါလည်းဘယ်သိမလဲ အဲ့တော့မှ မေးသာကြည့် "
မငုဝါက ပခုံးတစ်ချက်တွန့်ပြလိုက်ရင်း ငါးဖယ်တွေကို ပန်းကန်ထဲ ဆယ်ထည့်လိုက်၏။ ဒေါ်သပြေပြောတာကတော့ ဘုရားပွဲကို သူမကိုပါ ခေါ်မယ်တဲ့။ ဘုရားပွဲက ပဲခူးမှာ ထင်တယ်။ သေချာအောင်လို့ မငုဝါကို သူမ မေးကြည့်လိုက်၏။
" မလေး "
" ဟင် "
" ဘုရားပွဲက ပဲခူးမှာလားဟင် "
" ဟုတ်တယ် ကံ့ကော်ရဲ့၊ မလေးတို့အမျိုးတွေ ပဲခူးမှာရှိတယ်လေ၊ နှစ်စဥ်နှစ်တိုင်း သွားနေကျပဲ၊ သိပ်ပျော်စရာကောင်းတာ၊ ဘုရားပွဲပေမယ့် စတိတ်ရှိုးသွင်းတာလေ၊ နာမည်ရတဲ့ အဆိုတော်တွေ တော်တော်များများ လာကြတယ် "
" အဲဒါဆို ဟိုမှာညအိပ်ရမှာပေါ့နော် "
" ဟုတ်တယ်လေ တစ်ညအိပ်နှစ်ရက်ပေါ့၊ မလေးကတော့ နှစ်ရက်သုံးရက် ဆက်နေဖြစ်မယ်ထင်တယ် ဘာဖြစ်လို့မေးတာလဲ "
" အင် ဒီအတိုင်းသိချင်လို့ပါ "
သူမ ခပ်တွေတွေလေး ပြောလိုက်တော့ မငုဝါက ဘူးသီးချက်ရင်း ဆက်ပြောလေသည်။
" သန်ဘက်ခါမနက်သွားမှာဆိုတော့ အကျီအပိုတစ်စုံလောက်တော့ ထည့်သွားရလိမ့််မယ်၊ လိုင်းကားနဲ့ပဲ သွားကြမှာ "
" သြော် ဟုတ်ကဲ့ "
ဘုရားပွဲဆိုတော့ အနယ်နယ်အရပ်အရပ်က လူတွေလာကြမှာပဲ။ ထိုလူတွေထဲမှာမှ သူမကို သိသောသူတစ်ယောက်လောက် ကံကောင်းထောက်မ၍ တွေ့ချင်စမ်းပါရဲ့။
°°°°°°°°°°°°°
ထိုနေ့က တာထိပ်ထွက်၍ ပဲခူးသွားမယ့် လိုင်းကားကို တားစီးခဲ့ကြသည်။ လိုင်းကားစီးရတာက သူမအတွက် အတွေ့အကြုံသစ်တစ်ခုလို ပြောရမလိုပင်။ ပထမဆုံး စီးဖူးသည့် ခံစားချက်မျိုးဖြစ်နေ၏။ စိတ်ထဲမယ် မိသားစုလိုက် အပျော်ခရီးတစ်ခုထွက်ရသလို ပျော်ရွှင်နေမိသည်။ သို့သော် ဓူဝံကတော့ မျက်နှာမရွှင်မပျဖြစ်နေတာကို ရုတ်ခနဲ တွေ့လိုက်ရသည်။ သူ့ကို ယခုလိုမျိုး ထိုင်းမှိုင်းလေးလံနေသည့်ပုံစံမျိုး တစ်ခါမှ မတွေ့ဖူးခဲ့ပါ။ ပုံမှန်ထက်ပို၍လည်း တိတ်ဆိတ်နေ၏။ သူ့တိတ်ဆိတ်မှုက သူမအတွက် မေးခွန်းတွေဖြစ်စေခဲ့သည်။
ပဲခူးရိုးမကို ဖြတ်ကျော်ချိန် မိုးအုံ့သဖြင့် လွမ်းဆွေးသော ခံစားချက်တို့ တစ်ပွေ့တစ်ပိုက်ဖြစ်ခဲ့ရသည်။ ထူထပ်သော တောင်တန်းတွေကို အံ့အားသင့်ဖွယ်ရာ တွေ့ရခိုက် မဆုံးနိုင်တော့ဘူးဟု ထင်မှတ်ရလောက်အောင်ပင်။ ထို့နောက် အရှေ့စူးစူးအရပ် တောင်တန်းတွေနောက်မှ တရိပ်ရိပ်တက်လာသော လိမ္မော်ဖျော့ရောင် နေဝန်းကို မြင်ရချိန် ကပ်ညှိနေသော အလွမ်းဓာတ်တို့ ဖယ်ခွာသွားတော့သည်။
ပဲခူးမြို့ထဲရောက်တော့ ဆိုင်ကယ်ဖြင့် ထပ်သွားရသေးသည်။ လမ်းမရဲ့ဘေးတစ်ဖက်မှာရှိသည့် လမ်းချိုးလေးအတိုင်း ချိုးကွေ့ဝင်သွားပြီး ထိပ်ဆုံးကအိမ်လေးမှာ ဆိုင်ကယ်ရပ်သွားသဖြင့် သူမတို့ ဆင်းလိုက်ကြ၏။ ဆိုင်ကယ်သံကြား၍ ဒေါ်သပြေတို့လာသည်ကို သိနေသည့်အလား အိမ်ထဲမှ အမျိုးသမီးတစ်ယောက်နဲ့ ကလေးတွေ အပြုံလိုက် ဆင်းလာကြသည်ကို တွေ့ရသည်။
" မသပြေတို့က အရင်တိုင်းပဲ အရွယ်တင်တယ် အရွယ်တင်တယ်၊ နို့ သူလေးက ဘယ်သူလေးလဲ ဓူဝံအိမ်ထောင်ကျတယ်လို့လဲ မကြားမိပါဘူး "
မငုဝါနောက်မှာပါလာသော ကံ့ကော်ကို သေချာကြည့်၍ ပြောလိုက်သည်မို့ သူမ ရှိုးတိုးရှန့်တန့် ဖြစ်သွားမိရင်း လက်နှစ်ဖက်ပူးကာ ပွတ်သပ်နေမိသည်။
" အိမ်ထဲဝင်ပါရစေဦး ပြီးမှပြောပြမယ် "
" ဟုတ်သား လာ လာ အထဲဝင် "
ဒေါ်သပြေနဲ့ ဒေါ်ထွေးက လက်ချင်းတွဲလျက် အထုပ်တွေဆွဲယူပြီး အရင်ဝင်သွားနှင့်သည်။ မငုဝါက ကလေးတွေနဲ့ ပါသွား၏။ ဓူဝံနဲ့ ကံ့ကော်က သူဝင်နိုး ငါဝင်နိုးနဲ့ ဖြစ်နေသည်မို့ ကံ့ကော်သည် သူ့ရှေ့မှ လျှောက်ဝင်သွားလိုက်လေသည်။
နှစ်ထပ်တိုက်အိမ်လေးက လုံချင်းတိုက်အိမ်လေးဖြစ်၏။ ဒေါ်ထွေးနဲ့ ကလေးတစ်အုပ်ကိုသာ အိမ်မှာ တွေ့ရသည်။ ကလေးအရုပ်တွေ အကျီတွေ ပစ္စည်းအတိုအထွာတွေက ကြမ်းပြင်ပေါ်နဲ့ စက်တီခုံပေါ်မှာ ရှုပ်ပွနေတာမို့ ဒေါ်သပြေက အလျင်အမြန် စုသိမ်း၍ တစ်နေရာမှာ ထားလိုက်သည်။
" စောနကတင် ရှင်းနေတာ၊ ဒီကလေးတွေတော့ ဖွလိုက်ပြန်ပြီ သွား သွား အပြင်မှာသွားဆော့ "
" ယေး ဟေး ဟေး... "
" အူး တိ တိ တိ "
ကလေးတွေက ကဆုန်ပေါက်ပြီး ခုန်ပျံပြေးလွှားကာ အနားမှာ အသံမျိုးစုံဖြင့်ထွက်၍ အလျိုလျို ထွက်သွားကြလေသည်။
" မြေးတွေနဲ့နေလို့ ဒေါ်ထွေးတို့ ကျန်းမာနေတာဖြစ်ရမယ် "
" မကျန်းမာရင်နေပါ မသပြေရယ် ဒီကလေးတွေထိန်းရလွန်းလို့ အသက်ကြီးမှ ဘောင်းဘီဝတ်ထားရတယ် "
ဟုတ်ပ ခုမှ သူမတို့တွေ ကြည့်မိသည်။ ဒေါ်ထွေးက ဂျေဂျေဘောင်းဘီပွပွကြီးကို ဘလောက်အကျီနဲ့ ဝတ်ထားကာ မသိရင် လူငယ်လေးလိုလိုပင်။
" ညိမ်းတို့ ဖြိုးဝေတို့ အလုပ်သွားကြပြီလား "
" သွားပြီ ရှေ့ဆင့်နောက်ဆင့်လေးတင်၊ ခါတိုင်းလို အောက်ထပ်ကအခန်းမှာပဲ မသပြေတို့ နားလိုက်ကြ၊ ဓူဝံကတော့ အပေါ်ထပ်က ဖြိုးဝေဘေးခန်းမှာ နားလိုက် ဟုတ်လား "
ဓူဝံ ခေါင်းညိတ်လိုက်ပြီး ကျောပိုးအိတ်တစ်လုံးနဲ့ အပေါ်ထပ်တက်သွားသည်။ မငုဝါက ကံ့ကော်နားရအောင် အောက်ထပ်ကအခန်းဆီခေါ်သွား၏။ ထို့နောက် ဒေါ်သပြေက ဒေါ်ထွေးကို ကံ့ကော်နဲ့ပတ်သက်ပြီး အကြောင်းစုံရှင်းပြနေသည်။
" ဟမ် ဒါဆို အမျိုးလည်းမတော်ဘဲ သူ့ကို မသပြေတို့က အိမ်ခေါ်ထားတယ်ပေါ့၊ အိမ်မှာလည်း လူပျိုလူလွတ်ကရှိတဲ့ဥစ္စာ၊ ပြီးတော့ သူ့အကြောင်းလည်း ဂဃနဏမသိပါဘဲနဲ့တော် "
" လူ့စိတ်ဆိုတာ အပေါ်ယံကြည့်လို့မှမရဘဲ၊ အတူနေတာကြာလာတာနဲ့အမျှ လူတစ်ယောက်ရဲ့အားနည်းချက် အားသာချက်တွေကို ပိုပြီးသိလာရတယ်၊ တချို့က လူငယ်ပေမယ့် အသိပညာဗဟုသုတတွေကမငယ်ဘူး၊ ငုပ်လျှိုးနေတဲ့ အရည်အချင်းတွေလည်း ရှိသေးတယ်... ကံ့ကော်ကလည်း အဲလိုလူမျိုးထဲက တစ်ယောက်ပဲ "
ကံ့ကော် ရေဆာလို့ အပြင်ထွက်လာရင်း ကြားလိုက်ရသော ဒေါ်သပြေရဲ့စကားကြောင့် ကြည်နူးလွန်းလို့ မျက်ရည်တောင်ဝဲမိပါတယ်။ လူကောင်းတွေနဲ့ အခုလိုလာတွေ့ရတာ ရှေ့ရှေ့ဘဝက ကုသိုလ်တွေကြောင့် ဖြစ်မယ်ထင်ပါရဲ့။
°°°°°°°°°°°°°°°°°°
" ဓူဝံ... ဘုရားပွဲမသွားခင် အချိန်ရသေးတော့ ဘုရားဖူးကြမယ်လေ၊ ကံ့ကော်လည်း ရောက်ဖူးသွားတာပေါ့ "
မငုဝါက စကားစလိုက်ပေမယ့် ဓူဝံက မလှုပ်တလှုပ်၊ တစ်လမ်းလုံး စကားလည်းမပြော။ ဒါကို သူမ ရိပ်မိတာမို့...
" ရပါတယ်မလေးရဲ့ ကျွန်မအတွက်ဆို တကူးတကလိုက်မပို့ပေးပါနဲ့ "
" အို တကူးတကဘယ်ဟုတ်လိမ့်မလဲ မလေးလည်း ရွှေမော်ဓောဘုရားမရောက်တာကြာပြီလေ "
ဓူဝံက ခေါင်းညိတ်ကာ သွားကြမယ် ဟု တိုတိုတုတ်တုတ်ပြောသည်။ သူဘာတွေဖြစ်နေလဲ သူမနားမလည်ပါ။ သူမ တစ်ခုခုဖြစ်ရင်သာ သူသိကောင်းသိနိုင်ပေမယ့် သူမကတော့ သူ့စိတ်ကို မဖတ်တတ်ချေ။
ဒေါ်သပြေက အိမ်မှာနေခဲ့ပြီး သူမတို့တွေသာ ဘုရားပေါ်တက်ခဲ့ကြသည်။ ညနေခင်းမို့ လူလည်းမပင်ပန်းဘဲ သက်တောင့်သက်သာရှိ၏။ လေလေးတစ်ချက်နှော့လိုက်တိုင်း စေတီပုထိုးပေါ်က ဆည်းလည်းလေးတွေ လှုပ်ခတ်သွားသံကို နားဝင်ပီယံ ကြားရလေသည်။ ဘုရားဖူးပြီး သတိတရနဲ့ ခေါင်းလောင်းထိုးခဲ့သေးသည်။ ရွှေဆိုင်းလည်း လှူခဲ့၏။
" ဓူဝံ "
ရှေ့မှာသွားနေသော ဓူဝံက ကံ့ကော်ရဲ့ခေါ်သံကြောင့် သူ့ခြေလှမ်းတွေကို နှေးပစ်လိုက်၏။
" ရှင်တစ်ခုခုဖြစ်နေတယ်မလား "
သူက မဖြေပါ။ ဒါကို သူမ ဘဝင်မကျ။ သူ့မျက်နှာကို အကဲခတ်ကြည့်သော်လည်း အင်မတန် တည်ကြည်နေ၏။ ရှပ်အဖြူနဲ့ ယောပုဆိုးကိုသာ အမြဲဝတ်တတ်သော ဓူဝံက ရှင်းသန့်နေဆဲ။
" ကျွန်မကို ပြောပြပါ "
" ကျုပ်မှာ ထူးထူးထွေထွေပြောစရာမရှိပါဘူး "
အသံနေအသံထားကလည်း ပုံမှန်ပင်။ သူမကသာ ခန့်မှန်းရလွန်းလို့ ရူးတော့မည်ထင်သည်။ ရုတ်ချည်း ပြောင်းလဲသွားသော ဓူဝံရဲ့ အပြုအမူတွေအောက်မှာ သူမ မနေတတ်တော့ပါ။ ပုံမှန်လို တွေ့နေရသည့် သူ့အပြုံးတို့ဟာလည်း မျက်စိရှေ့တင် ဆိတ်သုဥ်းသွားခဲ့ပြီ။
" မလေးတို့တွေ ရွှေသာလျောင်းဘုရားဘက် ဆက်သွားကြမယ်လေ "
" မလေးသွားချင်ရင် သွားတာပေါ့ "
" ဟဲ့ ဓူဝံ... နင်ဘာဖြစ်နေတာလဲ "
ဓူဝံက စိတ်တိုချင်စရာကောင်းလောက်အောင် နှုတ်ဆိတ်နေခဲ့ပြန်သည်။
ရွှေသာလျောင်းဘုရားပေါ်မှာတော့ မျှော်မှန်းထားသည့်အတိုင်း ဘုရားဖူးတွေနှင့် စည်ကားသိုက်မြိုက်လှ၏။ စျေးဆိုင်တန်းလေးတွေမှာလည်း အမှတ်တရပစ္စည်းဝယ်သူတွေနဲ့ ပြည့်နေကြသည်။ သူမလည်း လျှောက်ကြည့်၍ အဖြူရောင်ပိုးပဝါလေးတစ်ထည် ဝယ်ဖြစ်ခဲ့သေးသည်။
ဓူဝံက စောင်းတန်းတစ်ခုမှာ ထိုင်နေခဲ့၍ မငုဝါနဲ့ ကံ့ကော်တို့နှစ်ယောက် ဘုရားရင်ပြင်ကို တစ်ပတ်ပတ်ခဲ့ကြသည်။ ချစ်သူရည်းစား အတွဲလေးတွေကလည်း လက်ချင်းတွဲ၍ ရင်ပြင်မှာ ရှိနေကြ၏။ မျက်လုံးထောင့်မှာ လက်ခနဲဖြစ်သွားသော အလင်းရောင်ကြောင့် ကံ့ကော် လှမ်းကြည့်လိုက်တော့ ဓာတ်ပုံဆရာက အတွဲတစ်တွဲကို အလှဓာတ်ပုံရိုက်ပေးနေခြင်းပင်။ မသိစိတ်ရဲ့ တွန်းအားပေးမှုကြောင့် သူမ ထိုနေရာမှာ အကြောင်သား ရပ်ငေးတွေကြည့်နေမိ၏။
မျက်လုံးထဲမှာလည်း LED ၌ ပုံရိပ်တချို့ ဖျတ်ခနဲ ဖျတ်ခနဲ ပြေးသွားသလို မြင်ယောင်နေသည်။ တစ်ချက် တစ်ချက် အမြင်အာရုံ၌ အနီးကပ်မြင်လာရသော ပုံရိပ်လေးတစ်ခု...။
ထိုစဥ် သူမပခုံးအား ကျောဘက်ကနေ ထိတွေ့လာသော ခံစားချက်ကြောင့် လန့်ဖျပ်၍ လှည့်ကြည့်လိုက်သောအခါ...
" အမလေး "
နှုတ်မှ အော်လိုက်မိသည်နှင့်တစ်ပြိုင်နက် သူမကိုယ်လေးဟာလည်း နောက်သို့ ယိမ်းယိုင်သွားလေ၏။
" ဓူဝံ... ရှင် နေခဲ့တာမဟုတ်ဘူးလား "
" ကြာလို့လိုက်လာတာ ခင်ဗျားဘာရပ်လုပ်နေတာလဲ "
သူ့မေးခွန်းအတွက် သူမမှာ အဖြေမရှိပါ။ ရင်တလှပ်လှပ်တုန်၍ အားပျော့နွမ်းနယ်သွားတာကိုပဲ သတိပြုမိသည်။
" ဟော ကံ့ကော်က ဒီမှာကျန်ခဲ့တာကိုး... မလေးက ကံ့ကော်နောက်မှာပါလာတယ်ထင်ပြီး ဆက်လျှောက်သွားတာ၊ လှည့်ကြည့်တော့ မရှိတော့ဘူး "
မငုဝါက အနားရောက်လာရင်း ပြောလိုက်ကာ ဓူဝံကိုလည်း တွေ့လိုက်ရသဖြင့် တစ်ခုခုပဲဟု စိတ်မှာထင်လိုက်သည်။ ကံ့ကော်ကလည်း ရုတ်ချည်း ဖြူဖျော့သွားတာ တွေ့ရ၏။ နောက် သုံးဘီးနဲ့ပဲ ဒေါ်ထွေးအိမ်သို့ ပြန်လာခဲ့ကြလေသည်။
°°°°°°°°°°°
ဘုရားပွဲစျေးမှာ လည်ပတ်စားသောက်ပြီး စတိတ်ရှိုးကြည့်ကြသည်။ သူမတို့ ရောက်သွားချိန် ရဲရင့်အောင်က သီချင်းဆိုနေပြီ။ အရပ်လေးမျက်နှာမှာ လူများကြိတ်ကြိတ်တိုးနေ၏။ လူစုမကွဲအောင် အချင်းချင်း လက်ချင်းတွဲထားရသည်။ တညောင်း မတ်တပ်ရပ်ကြည့်နေစဥ် အနောက်ဘက်ကလူတွေကလည်း ရှေ့သို့တိုးခွေ့ဝင်လာသဖြင့် ဓူဝံက ကျောဘက်မှာရပ်၍ အကာအကွယ်လုပ်ပေးထားလို့ တော်တော့သည်။
ထိုခဏ၌ပင် ဘေးကနေ တစ်စုံတစ်ယောက်က သူမပခုံးကို ပစ်တိုက်လိုက်သဖြင့် အောင့်မျက်သွားရာ လှည့်ကြည့်လိုက်ချိန် ဆောရီး ဟု တောင်းပန်စကားကြားရ၍ လူကိုတောင် မကြည့်မိလိုက်ဘဲ သူမ ရှေ့သို့ပြန်လှည့်လိုက်သောအခါ...
" ခြွေ... ခြွေမလားဟင် "
တုန်ယင်သော အသံလေးဖြင့် အတည်ပြုသလို မေးလာသောအသံက နောက်ကျောကထွက်လာ၍ ထိတ်ခနဲ လှည့်ကြည့်လိုက်သည်က ရင်းနှီးသောအသံဖြစ်နေသောကြောင့်ပင်။
" ဟယ် ခြွေ ခြွေဟုတ်နေတာပဲ "
သူမလက်နှစ်ဖက်က ရုတ်ခနဲ သူရှေ့က မိန်းကလေးရဲ့ဆုပ်ကိုင်ခြင်းကို ခံလိုက်ရကာ သူမ အင်မတန် တုန်လှုပ်ခြင်းပြင်းပျသွား၏။ လှိုက်ခနဲ တုန်ခါသွားသောအသံဖြင့် တိုးလျစွာ ပြောလိုက်မိသည်က...
" သူသူလားဟင် "
" ခြွေရယ်... "
ထိုအခါ သူမတစ်ကိုယ်လုံး သိမ်းကျုံးအဖက်ခံလိုက်ရကာ ဇဝေဇဝါဖြင့် သူမ စကားဆက်လိုက်သည်။
" ခြွေ ဟုတ်လား "
" ဟုတ်တယ်လေ ခြွေ... နင်မသေဘူးနော် ငါဝမ်းသာလိုက်တာဟယ် ပျော်လိုက်တာ "
သူသူက သူမကို ခြွေဟုခေါ်နေကာ သူမနားမလည်သော စကားတွေကိုသာ တရစပ်ဆိုနေသည်။ သူမလည်း ဝမ်းသာသလို ဝမ်းနည်းသလို ဖြစ်နေ၏။
" ကံ့ကော် ... အသိတွေလား "
မငုဝါရဲ့ စကားကြောင့် ယောင်နနဖြစ်သွားသူက သူသူပင်။ သူသူက သက်ပြင်းလေးချ၍ သူမမျက်နှာကိုသာ မျက်တောင်မခက်တမ်း စိုက်ကြည့်နေသည်။
" ကံ့ကော်ဆိုတာက... ခြွေ့ကိုပြောတာလား "
" ဟုတ်တယ် ငါအတိတ်မေ့နေတာ "
" ဟင်! "
သူသူက မျက်မှောင်ကြီးကြုတ်ပြီး ခေါင်းကုပ်နေ၏။ ဘယ်လိုမှ နားမလည်နိုင်သလို သူမမျက်နှာအား ပြန်ကြည့်သည်။
" အပြင်ထွက်ပြီး စကားပြောရအောင်နော် "
သူသူက ထိုသို့ပြောလိုက်တော့ သူမက မငုဝါကို ခွင့်တောင်းသလို ကြည့်လိုက်သည်။ ဒေါ်သပြေတို့က ကြာကြာရပ်မကြည့်နိုင်တာမို့ အိမ်သို့ အစောထဲက ပြန်သွားကြပြီ။ မငုဝါက သွားခွင့်ပြုသည်။ သို့သော် ခပ်ဝေးဝေး မသွားဖို့ သတိပေးလိုက်၏။ ကံ့ကော်တို့ထွက်သွားပြီးနောက် ဓူဝံက...
" ကျုပ်နောက်ကလိုက်သွားရမလားမလေး၊လူအရမ်းများတယ် "
" ဘာမှမဖြစ်လောက်ပါဘူး ဓူဝံရယ်... ကြည့်ရတာ အတော်ရင်းနှီးတဲ့ပုံပါ၊ ပြန်လာပါလိမ့်မယ် "
နောက်သို့ တစ်ချက်လှည့်ကြည့်ရင်း ငုဝါက တိကျသေချာစွာ ပြောလိုက်တာမို့ ဓူဝံ အနည်းငယ်တော့ စိတ်သက်သာရာရသွားသလိုပင်။ မောင်နှမချင်းမို့ တစ်ယောက်စိတ်ကိုတစ်ယောက် ချွင်းချွက်မရှိ နားလည်ကြ၏။
°°°°°°°°°°
" ဒါဆို နင်ငါ့ကို ဘယ်လိုမှတ်မိလဲ ခြွေ "
" ငါမပြောပြတတ်ဘူး အကြောင်းတိုက်ဆိုင်ရင်တော့ အရင်ကအကြောင်းတွေ ပြန်ပြန်ပေါ်လာတတ်တယ်၊ အဲလိုပဲ နင့်နာမည်ကို ငါ့နှုတ်က လွှတ်ခနဲထွက်သွားမိတာ၊ ခုပြန်တွေ့ရတော့လည်း နင်က သူသူဆိုတာ အကြွင်းမဲ့သေချာနေလို့ ရဲရဲခေါ်လိုက်တာ "
" ခြွေရယ်... "
" နေဦး ငါ့နာမည်က ခြွေလား "
" အင်း အပြည့်အစုံက မှာတမ်းခြွေ တဲ့၊ ဘယ်လိုလဲ အဲ့နာမည်နဲ့ရင်းနှီးတယ်မလား "
" ခြွေ ခြွေ... မှာတမ်းခြွေ "
တစ်စုံတစ်ယောက်က သူမနာမည်အပြည့်အစုံကို မာန်ပါပါနဲ့ ခေါ်ဖူးသည်ဟု ထင်နေမိသည်။ ဘယ်သူများလဲ...။
" အစ်မတို့ ဘာမှာမလဲ "
" စတော်ဘယ်ရီတစ်ခွက် နင်က ထောပတ်သီးမလား ခြွေ "
သူမ ခေါင်းညိတ်ပြလိုက်၏။ စားပွဲပေါ် လက်နှစ်ဖက်ထောက်ကာ သူမနားထင်နားကို လက်ညှိုးလက်မဖြင့် ဖိပွတ်နေမိသည်။ စိတ်တွေရှုပ်လိုက်တာနော်... ။
" သူသူ... ငါသိချင်တာတွေ အများကြီးရှိတယ် "
" အေး ငါရောပဲ "
ခုချိန်မှာတော့ သူမ သက်ပြင်းတွေပဲ လိမ့်ချနိုင်တော့သည်။ ရှေ့ဆက်ပြီး ဘာတွေဖြစ်လာမှာလဲ။ နောက်ဆုံးတော့ ပျောက်ဆုံးနေသည့် သူမရဲ့ အတိတ်ကာလကို လှမ်းကြည့်လို့ရပြီပေါ့။ ဒါဆို အနာဂတ်လည်းရှိသွားပြီ။
" ဒီလိုလုပ် ငါကအခု ပဲခူးကအမျိုးတွေအိမ်မှာနေနေတာ၊ နင်ငါနဲ့လိုက်ခဲ့ ပြီးရင် နင့်မိသားစုကိုအကြောင်းကြားပြီး ရန်ကုန်ပြန်ကြမယ် "
" ခဏလေး သူသူ... ငါဒီအတိုင်းပြန်လို့မရဘူး၊ ငါအတိတ်မေ့နေစဥ်တစ်လျှောက်လုံး မလေးတို့မိသားစုက ငါ့ကို စောင့်ရှောက်ထားကြတာ၊ ငါချက်ချင်း ပြန်သွားလိုက်ရင် အရမ်းရိုင်းသွားလိမ့်မယ် "
" ဒါဆို နင်ဘယ်လိုဖြစ်ချင်လဲ ပြော "
" ငါနင်နဲ့ စကားတွေအများကြီးပြောချင်တယ်၊ ငါနင့်ကို မှတ်မိပေမယ့် အားလုံးကိုတော့ မမှတ်မိသေးဘူး၊ အဲ့တော့ နင့်အခုနေတဲ့အိမ်ကို ငါလိုက်အိပ်မယ် ပြီးရင်တော့ မလေးတို့ကို အကျိုးကြောင်းပြန်ရှင်းပြပြီးမှ ပြန်တာပေါ့၊ သူတို့ကိုတော့ ဒီအတိုင်းမထားခဲ့ချင်ဘူးဟာ "
" ကောင်းပြီ နင့်သဘောပဲပေါ့ "
ပွဲထဲကိုပြန်လာပြီး သူမ မငုဝါတို့ကို ရှာလိုက်သည်။ သိပ်မရှာလိုက်ရပါ။ စောစောက နေရာမှာတင်ရပ်၍ သီချင်းဆိုတာကို နားထောင်နေသည်။
" မလေး ... "
" ကံ့ကော် "
" ဟိုလေ ကျွန်မ ဟို... သူက ကျွန်မသူငယ်ချင်းသူသူပါ၊ သူ့ကိုပြန်မှတ်မိပေမယ့် အားလုံးကိုတော့ မမှတ်မိသေးပါဘူး "
" အင်း ညီမဘာပြောချင်လဲ ပွင့်ပွင့်လင်းလင်းပြောနော် "
သူသူ့ကို လှမ်းကြည့်လိုက်တော့ သူသူက ခေါင်းညိတ်ပြနေတာမို့ သူမလည်း များများမစဥ်းစားဘဲ ပြောလိုက်မိ၏။
" အဲဒါ ဒီည သူနဲ့အတူ ကျွန်မလိုက်သွားချင်လို့ပါ မနက်ဖြန် မနက်ဖြန် ဒေါ်ထွေးတို့အိမ်ကိုပဲ ပြန်လာခဲ့ပါ့မယ်၊ မလေး ဒီမှာ နေဦးမယ်မဟုတ်လား ဟင် "
" မလေးနားလည်ပါတယ် နှစ်ရက်သုံးရက်လောက်နေဦးမှာ မပြန်သေးပါဘူး၊ သူငယ်ချင်းနှစ်ယောက် အေးအေးဆေးဆေး ပြောစရာရှိတာပြောကြနော်၊ ပြီးမှ အတူပြန်ကြတာပေါ့ "
" ဟုတ် ဟုတ်ကဲ့ ကျေးဇူးပါမလေး "
ဝမ်းသာစွာဖြင့် သူမ မငုဝါကို ဖွဖွလှမ်းဖက်လိုက်၏။ ထို့နောက် အပြုံးဖြင့် နှုတ်ဆက်လိုက်ကာ သူသူနဲ့အတူ ထွက်လာခဲ့လိုက်သည်။ မိနစ်ပိုင်းအတွင်း သူမသိချင်တာတွေ သိရတော့မည်။ ရင်ထဲ လှိုက်၍ ပျော်မဆုံးဖြစ်နေသည်။
သူသူတို့အမျိုးအိမ်မှာ အသက် ၇၀ အရွယ်အဘွားတစ်ယောက်ရယ်၊ သူသူ့အဒေါ်အပျိုကြီးရယ် သူသူအပါအဝင်မှ သုံးယောက်ထဲရှိသည်မို့ လွတ်လပ်ပါသည်။ ရောက်ရောက်ချင်း ဘာစကားမှမဆိုကြသေးဘဲ ရေအရင်ချိုးကာ ထမင်းစားလိုက်ကြသည်။ အမှန်တော့ သူသူ့ကို သူမ မေးချင်တာတွေ တသီတသန်းကြီးမို့ ဘယ်ကစမေးရမှန်းမသိတော့ချေ။
ညစာစားပြီးမှ နှစ်ယောက်သား ခေါင်းချင်းဆိုင်လိုက်ကြပြီး...
" ကဲ သူသူ... ငါ့မှာသိချင်တာတွေ အများကြီးရှိပေမယ့် ငါအသိချင်ဆုံးတစ်ခုကိုပဲ နင့်ကိုအရင်မေးမယ်၊ ငါ့ကို စတွေ့တုန်းက နင်ဘာလို့ ငါမသေဘူးနော် လို့ ပြောတာလဲ "
" အဲဒါလား ... အေးပါ ငါသိသမျှအကုန်လုံး နင့်ကိုပြောပြမယ်၊ နင်သေချာနားထောင်နော် ပြီးတော့ စိတ်ကိုခိုင်ခိုင်ထားပါ သူငယ်ချင်း "
သူသူက သူမကို အရင်ဆုံး အားပေးစကားပြောလိုက်၏။ သူမ သိချင်စိတ်ပြင်းပျလွန်း၍ တခဏလေးတောင် မစောင့်နိုင်တော့သည်အထိပင်။
" နင်က အမေတစ်ခုသမီးတစ်ခုပါခြွေ၊ နင့်အမေနာမည်က ဒေါ်စက်ရီတဲ့၊ နင့်အဖေက နင် ၁၀ တန်းနှစ်မှာ ရုတ်တရက်ဆုံးသွားတယ်၊ နင့်အမေကလည်း ကျန်းမာရေးမကောင်းဘူး နှလုံးရောဂါရော ပန်းနာရင်ကြပ်ရောဂါရောရှိတယ်၊ အန်တီစက်ရီရဲ့ သူငယ်ချင်းဦးထွဋ်ခေါင်က နင့်အမေကျန်းမာရေးနဲ့ နင့်ရဲ့ပညာရေးကို အစစအရာရာ ထောက်ပံ့ပေးခဲ့တယ်၊ ပြီးတော့ သူ့မှာ သားတစ်ယောက်ရှိတယ် နင်နဲ့ငယ်သူငယ်ချင်းပေါ့ လွင်တီးခေါင် တဲ့၊ လွင်တီးခေါင်နဲ့ နင်နဲ့က စေ့စပ်ထားကြတာ ကျောင်းပြီးရင် လက်ထပ်ကြမယ့်သူတွေဆိုပါတော့၊ သူက... အင်း ငါမချွင်းမချန်ပြောရမယ်ဆိုရင် နင်ငြင်းဆန်ခွင့်မရှိလောက်အောင် နင့်ကိုနိုင်စားတဲ့သူပဲ "
သူမ အသားတွေ ဆတ်ခနဲ တုန်တက်သွားသည်။ သူသူက သူမမျက်နှာကို စေ့စေ့ကြည့်၍ စကားဆက်၏။
" အဲ့နေ့က ငါတို့သူငယ်ချင်းတွေ ကျော်ဝေစိုးရဲ့ မွေးနေ့ပွဲရောက်နေချိန်မှာ လွင်တီးခေါင်က ဗြုန်းစားကြီး ရောက်ချလာပြီး ပြဿနာရှာပါလေရော၊ ပြီးတော့ သူက နင့်ကို ပွဲထဲကခေါ်ထုတ်သွားခဲ့တယ်၊ ငါ့မှာ တားပိုင်ခွင့်မရှိခဲ့ဘူးခြွေ ငါ့ကိုနားလည်ပေးပါ၊ အင်း စကားပြန်ဆက်ရရင် နင်စီးသွားတဲ့ လွင်တီးခေါင်မောင်းတဲ့ကားက ပဲခူးမြို့စွန်မှာ တိမ်းမှောက်ခဲ့တယ်၊ အဲ့ဒီကို လူနာတင်ကားရောက်သွားတဲ့အချိန်မှာ သတိလစ်နေတဲ့ လွင်တီးခေါင်တစ်ယောက်ထဲကိုပဲ ဒဏ်ရာတွေနဲ့ ကားထဲမှာရှာတွေ့ခဲ့ပေမယ့် နင့်ကိုတော့ ကားထဲမှာ မတွေ့ခဲ့ဘူးခြွေ၊ အားလုံးက နင့်ကိုလိုက်ရှာခဲ့ကြပါတယ်၊ နောက်တစ်နေ့မှာ မီးလောင်နေတဲ့ မိန်းကလေးရုပ်လောင်းတစ်လောင်းကို နင်တို့ကားမှောက်တဲ့နေရာနားတစ်ဝိုက်မှာ ရှာတွေ့ခဲ့တယ် ပြီးတော့ အဲ့အလောင်းနားမှာပဲ နင့်ရဲ့ စေစပ်လက်စွပ်နဲ့ နင်စီးထားတဲ့ ဖိနပ်တစ်ရံကိုပါ တွေ့ခဲ့တော့... အဲဒါကြောင့် ငါတို့တွေ နင့်ကို ဆုံးပြီလို့ထင်ခဲ့မိတယ်ဟာ "
သူသူက မျက်လုံးချင်းမဆုံတော့ဘဲ ခေါင်းလေးအောက်ငုံ့၍ သက်ပြင်းတစ်ချက် ပင့်ရှိုက်လိုက်ပြီးမှ တဖြည်းဖြည်း ခေါင်းမော့လာရင်း...
" လွင်တီးခေါင်ကလည်း ခြေထောက်တစ်ချောင်းကျိုးသွားပြီး လက်အဆစ်လွဲသွားတယ်၊ အသည်းကိုလည်းထိသွားတယ်၊ အဲဒါကြောင့် အကုန်လုံးအလုပ်ရှုပ်နေကြတဲ့အချိန်မှာ ရုပ်အလောင်းကို ခွဲစိတ်စမ်းသပ်မှုတွေ မလုပ်ခဲ့ရဘူး၊ နင်လို့ပဲ ငါတို့တွေ တထစ်ချယုံကြည်ခဲ့မိတာ အမှားကြီးမှားသွားတာပဲဟာ၊ အန်တီကတော့ ဘယ်လိုမှ ဖြေမဆည်နိုင်ခဲ့ပါဘူး လက်ခံနိုင်ဖို့အတွက် တော်တော်လေးစိတ်ကို ပြင်ဆင်ခဲ့ပုံပဲ၊ လွင်တီးခေါင်က သူ့ဒဏ်ရာတွေအတွက် ခွဲစိတ်မှုအကြိမ်ကြိမ်ပြုလုပ်ခဲ့ရတယ် ပြီးတော့ ဆေးရုံမှာ နှစ်လနီးပါးနေခဲ့ရတယ်ခြွေ၊သူ ဆေးရုံဆင်းရတာမကြာသေးဘူး အဲ့နောက်ပိုင်း အိမ်ထဲကအိမ်ပြင်မထွက်တော့ဘူး "
" ခြွေ... နင်အခုလိုဖြစ်ရတာ သူ့ကြောင့် လွင်တီးခေါင်ကြောင့် သူ့ကိုမှတ်မိပြီလား နင် အားလုံးကို မှတ်မိပြီလား "
ဒေါသဇောနဲ့ မာန်ပါပါ ပြောနေသော သူသူ့ကို သူမ မမှိတ်မသုန်ကြည့်နေရင်း မျက်ရည်တွေက ကြီးမားသည့်မျက်ဝန်းအိမ်မှာ ပြည့်လျှံလာကာ ပါးပြင်ပေါ်သို့ မိုးသီးတွေလို တစ်ပေါက်ချင်း ဖိတ်သွန်ကျလာတော့သည်။ မျက်လုံးအစုံကို အသာဖိမှိတ်ချလိုက်ရာ ပါးပြင်နှစ်ဖက်လုံး ရွှဲစိုသွားလေ၏။ ပါးစပ်ထဲသို့ပင်ရောက်ကာ ရင်ဘက်ကအကျီတွေလည်း စိိုစွတ်ကုန်ကြပြီ။
ခေါင်... ၊ သူမရဲ့ အတိတ်စာမျက်နှာတစ်ခုလုံးကို လွှမ်းမိုးထားခဲ့သူက လွင် တီး ခေါင် ။ သူမကို ချုပ်ကိုင်ရတာကို အားမရသေးလို့ ဘဝတစ်ခုလုံးကို ပိုင်စိုးချင်တဲ့အတွက် အဲ့နေ့က လွင်တီးခေါင် စိတ်ကြွဆေး သောက်ခဲ့တာကို သူသူမသိရှာဘူး...။
" အခုနင့်အလှည့်၊ ကားမှောက်ပြီးနောက်ပိုင်း နင်ဘာတွေဆက်ဖြစ်ခဲ့လဲ ငါ့ကိုပြောပြ "
မှာတမ်းခြွေသည် နှုတ်ခမ်းတွန့်ရုံပြုံးလျက် မျက်ရည်များကို လက်နှစ်ဖက်ဖြင့် ညင်သာစွာ သုတ်လိုက်ရင်း ကားသမားရဲ့ အဓမ္မပြုကျင့်ခံရမလိုဖြစ်ခဲ့သည်မှစ၍ ကံ့ကော်ရွာလေးမှာ နေခဲ့သည့် အချိန်ကာလအဆုံး ဖြစ်ကြောင်းကုန်စင်အကုန်လုံးကို သူသူ့အား အိတ်သွန်ဖာမောက် ပြောချလိုက်ပါတော့သည်။ သူသူက သူမပြောသမျှကို မျက်တောင်တစ်ချက် တံတွေးတစ်ချက် မြိုချဖို့ မေ့လျော့နေသလို မလှုပ်မယှက် နားစိုက်ထောင်နေပြီးမှ အားလုံးခြုံငုံပြီး သူမအား တစ်ခွန်းတည်းသော စကားကို တွေးတွေးဆဆဖြင့် ပြောလာသည်။
" နင်သူ့ကို ဘယ်လိုသဘောရလဲ "
" ဟင် ဘာကိုလဲ "
" ဓူဝံကိုလေ နင်သူ့ကို ချစ်လား "
စောနက ပူလောင်နေသော ရင်ဘက်တစ်ခုလုံးက ရေနဲ့ငြိမ်းလိုက်သလို အေးချမ်းသွားတော့သည်။
ကိုယ်တိုင်တောင်သတိမထားမိတဲ့ အိပ်မက်တွေဆီ လမ်းပြခေါ်ဆောင်သွားခဲ့သူ၊
ဝမ်းနည်းအားငယ်ချိန် စကားလုံးတွေနဲ့ နှစ်သိမ့်ဖော်ဖြစ်စေခဲ့သူ၊ အပျော်တွေကူးစက်စေသူ၊ ကမ်းလင့်သောလက်သာ ရှိခဲ့သောသူ၊ သူရဲ့ စကားသံ အပြုအမှုတွေ မြင်ရကြားရရုံတင် အေးချမ်းဆိတ်ငြိမ်မှု၊ ခွန်အား၊ လူ့စွမ်းအင်တွေ ပြန်ရသလိုပါပဲလား။ အို အဲဒီခံစားချက်ကို ဘယ်လိုအဓိပ္ပာယ်ကောက်ရပ ဓူဝံရယ်...။
°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°🕊🕊
ဆက်ရန် >>>
#Ruby Linn