မညီမျှတဲ့ချစ်ခြင်း 🕊
မှန်ပြတင်းပေါက်တွေ အကုန်ဆွဲဖွင့်ကာ ထိုနေရာတွင် စားပွဲခုံနှင့်ထိုင်ခုံတစ်လုံးချ၍ ကွန်ပျူတာနဲ့ သူ့စာရင်းတွေ ကူလုပ်ပေးနေသော မှာတမ်းခြွေကို ဆုံလည်ကုလားထိုင်၌ ဘောပင်လက်ထဲလှည့်လျက် သူငေးစိုက်ကြည့်နေသည်။ သူမက ကုန်းပြီးစာရိုက်နေရာမှ ခါးပြန်မတ်လိုက် မျက်လုံးတွေကို အဖွင့်အပိတ်ကြာကြာလုပ်လိုက်ဖြင့် အချိန်ကြာမြင့်စွာ ထိုင်လုပ်နေရမှုကို ညည်းညူစပြုပြီ။
သူမကို ကြည့်နေရင်း သူ,မနေ့က ကြမ်းတမ်းမိသွားသည်ကို ဖျတ်ခနဲ အတွေးရောက်သည်။ သူမကိုမြင်ရင် သူလုံးလုံးစိတ်မထိန်းနိုင်ပါ။ ခုလည်း လေတိုက်တိုင်း လွင့်ဝဲသွားသော သူမကုပ်ပေါ်က ဆံမျှင်တွေကို ကြည့်ရင်း အနည်းငယ်ဂနာမငြိမ်ချင်တော့။
ထို့ကြောင့် စားပွဲအံဆွဲထဲမှ တစ်စုံတစ်ရာထုတ်ယူ၍ သူမအနားလျှောက်သွားမိ၏။ ထုံးဖွဲ့ထားသည့် ဆံပင်တွေကြောင့် လည်ကုပ်ရှင်းရှင်းဆီ မျက်နှာက ငုံ့ကျလာစဥ် သူမက လှုပ်ရှားလာပြီး ရုတ်ခနဲ ငဲ့ကြည့်လာသဖြင့် ကိုယ်ကိုပြန်မတ်လိုက်ရင်း...
" ပြီးပြီလား "
ဟု ခေါင်က သူ့ရဲ့မျက်ခုံးကို အနည်းငယ်ရှည်စပြုပြီဖြစ်သော လက်ညှိုးကလက်သည်းဖြင့် ကုပ်ခြစ်လျက် ပြောလိုက်ရာ ခြွေက ' အင်း ' ဟု ဆိုကာ ထိုင်ခုံနောက်မှီပေါ် ခေါင်လှန်ချပြီး မျက်လုံးများ ဖွဖွမှိတ်လိုက်၏။ နားချင်ပြီ၊ မျက်လုံးတွေ အောင့်နေပြီး ညောင်းနေပြီမို့။ ထိုစဉ် သူမ နာဖူးပြေပြေလေး ရိပ်ခနဲ နွေးသွားရာ မျက်လုံးဖွင့်ကြည့်လိုက်၏။
" ကော်ဖီဖျော်ပေး "
ကျစ် နမ်းသွားပြန်ပြီ။ မျက်နှာတစ်ခုလုံး သူမအနမ်းမခံဖူးသည့် နေရာမရှိတော့။ ပြောပြီးထွက်သွားသော သူ့ကို မျက်လုံးထောင့်စွန်းကနေ စိတ်တိုစွာ လှမ်းကြည့်လိုက်ပြီးနောက် ပြန်မှိတ်လိုက်၏။
" အခုနော် "
ကြားရပြန်သော အမိန့်သံ။ အသာကလေးငြိမ်နေလိုက်၏။ အိပ်ပျော်သွားပါစေ။
" မှာတမ်းခြွေ "
" မှာတမ်းခြွေ "
ထိုင်ခုံပေါ်မှာ ခေါင်းလှန်အိပ်နေဟန်ရှိသော သူမက တကယ်ပဲ ချက်ချင်းအိပ်ပျော်နိုင်သည်လား။ လည်တိုင်ရှည်သွယ်သွယ်နဲ့ ဖွေးဥနေသည့် မျက်နှာက သူ့အား ဆွဲညှို့နေသယောင်။ လက်ထဲမှာ ခုထိရှိနေသေးသည့် လက်မှတ်နှစ်စောင်ကို ဖွဖွဆုပ်ကိုင်၍ သူမနား ရောက်လာပြန်သည်။
" မှာတမ်းခြွေ "
" အမေ့ "
အအိပ်ဆတ်သော သူမက နားနားတေ့၍ ကြားလိုက်ရသောအသံကြောင့် လန့်ဖျပ်ခေါင်းထောင်ကြည့်မိသည်။
" ရော့ "
ပေါင်ပေါ်ကျလာသည့် စက္ကူရွက်အား ယူကြည့်တော့ ရုပ်ရှင်လက်မှတ်ဖြစ်နေ၏။ သူ့အား ပြန်မော့ကြည့်မိသည်။
" မနက်ဖြန်ည အဆင်သင့်လုပ်ထားလိုက် "
" မနက်ဖြန်! ငါစာမေးပွဲဖြေလို့မပြီးသေးဘူးလေ၊ စာလည်းမရသေးဘူး "
" ငါကဒါဆိုဒါလုပ်လိုက်လေ အထွန့်တက်မနေနဲ့၊ ခုကော်ဖီသွားဖျော် ထပ်မပြောဘူး "
" ခေါင်... ဒါပေမဲ့ "
သူမဘက် ပြန်လျှောက်လာသော ခေါင့်မျက်နှာက တင်းမာနေတာမို့ ဖက်ပြိုင်ပြောလည်း သူမ သူ့ကို မနိုင်မှန်းသိတာ မတ်တပ်ထရပ်လိုက်ပြီး အံကြိတ်ကာ ကော်ဖီဖျော်ဖို့ ထွက်လာခဲ့၏။ ဆပ်မယ် ဆပ်မယ်၊ ဝဋ်ရှိသ၍ ကြေအောင်ကိုဆပ်ဦးမှာ။
°°°°
" ဒီနေ့ဖြေနိုင်လားခြွေ "
" ဟင့်အင်း "
" ဟုတ်လို့လား "
" အင်း နင်ရော "
" နည်းနည်း...၊ ဒါနဲ့ နင့်လူလာကြိုမှာလား "
" နင့်လူနင့်လူလို့ မပြောစမ်းပါနဲ့ဟာ "
" နင်တို့က စေ့စပ်ထားတဲ့သူတွေ ကျောင်းပြီးရင် လက်ထပ်ကြမှာ၊ အဲတော့ဘယ်လိုခေါ်ရမလဲ "
" ငါတို့ကျေးဇူးရှင်ရဲ့သား အရွယ်ရောက်တော့ ငါတို့ကိုစေ့စပ်ပေးလိုက်ကြတယ်၊ ဒါပေမဲ့ အခုထိ ငါကသူ့လူမဖြစ်သေးဘူး၊ သူကလည်း ငါ့လူမဟုတ်ဘူး... သူငယ်ချင်းပဲ "
" အဲ့စကားကို ခေါင်သာကြားရင် ဟွန်း... တောမီးလောင်တာထက်ဆိုးသွားမယ်၊ နင့်ကို ရန်နှဲမှာ မလွဲဘဲ သေချာတယ်၊ သူ့လူဆိုပြီး ခေါင်က နင့်ကို ဥဿုံတွက်ထားတာနော် ဘယ့်နှယ်လုပ်မလဲ၊ နင့်သူကို ရင်မခုန်ဖူးလား တစ်ခါတလေပေါ့ "
မှာတမ်းခြွေ နှုတ်ခမ်းလေးမဲ့ကျသွား၏။ သူမကိုယ်သူမ ပြန်မေးဖူးသည်။ ခေါင်နဲ့တွေ့တဲ့အချိန်ဆို စိတ်ထဲတလှပ်လှပ်ဖြစ်လာတာ ရင်ခုန်တာလား ရင်တုန်တာလားပေါ့။ အကြိမ်တိုင်း လိုချင်သည့်အဖြေမရခဲ့တာမို့ မေးခွန်းမေးသူ သူသူ့ကို မေးခွန်းပြန်ထုတ်လိုက်၏။
" ရင်ခုန်တာ အချစ်လား "
ကြောင်ကြည့်နေပြီးမှ သူသူ တစ်ချက်ပြုံးသည်။ သူမက စိတ်ဝင်တစားဖြင့် စာမေးပွဲအဖြေရမှတ်အား စောင့်နေသူအလား။ အောင်မလား ကျမလားပေါ့။
" အချစ်ဒဿနတော့ မဖွင့်ချင်ပါဘူးကွာ "
အဲ့မှာ စကားရပ်ထားတော့ လူကပိုသိချင်စိတ်ဖြင့် မျက်လုံးကိုပိုပြူးကာ အဖြူရောင် ရင်ဖုံးအကျီအောက်နားစလေးအား လက်ဖြင့်ဆုပ်လိုက်မိ၏။ သူမ အားတက်သရောဖြစ်နေမိသည်ကို မအံံ့သြအားသေး။
"ဒီလိုကွာ ရင်ခုန်တာအမျိုးမျိုးရှိတယ်၊ အရင်ဆုံး နင်ဘယ်လိုရင်ခုန်တာလဲ သိဖို့လိုတယ်၊ ကိုယ်လိုချင်တာရလို့ ပျော်ရွှင်ပြီး ရင်ခုန်တာ၊ တစ်စုံတစ်ခုကို ကြောက်လန့်ပြီး ရင်ခုန်တာလား၊ နောက် တစ်စုံတစ်ရာကို ကြည့်နေရင်း စိတ်ထဲမှာ အလိုလို နှစ်ခြိုက်ကြည်နူးပီတိတွေဖြစ်လာပြီး ရင်ထဲတသိမ့်သိမ့်ခုန်နေတာမျိုးလား သေချာခွဲဖို့လိုတယ် "
အင်း ဒါဆို ရင်ခုန်တိုင်းအချစ်မဟုတ်ဘူးပေါ့။
" စကားမစပ် မနက်ဖြန်ဆို စာမေးပွဲပြီးပြီဆိုတော့ အခုလူချင်းတွေ့တုန်း တစ်ခါတည်းပြောလိုက်ဦးမယ်၊ ငါကျောင်းပိတ်ရင် အညာဘက်မှာ သွားနေရမှာဟ "
" အညာမှာဆိုတော့ အဲ့မှာနင့်အမျိုးရှိလို့လား သူသူ "
" အင်း ဆိုပါတော့၊ အဖေဘက်ကအမျိုးလေ "
" ကြာမှာလား "
" မပျော် ၃ လ ပျော် ၃ လပေါ့ အဟား "
" ငါလည်းခရီးထွက်ချင်လိုက်တာဟာ "
" ကဲ ကဲ ပြန်ရအောင်၊ နင့်လူ အဲ လွင်တီးခေါင်လာကြိုမှာလား "
" ကိုယ့်ဘာသာပြန်ရမှာ "
ပြောရင်း ခြွေ တစ်ချက်ပြုံးလိုက်သဖြင့်...
" နင်ရင်ခုန်နေတယ်မလား "
" ဟမ် "
" ပျော်လို့လေ "
" အဟွင်း "
ထိုအခါ အသံကလေးထွက်၍ ရယ်မောလိုက်မိသည်။ သူ လာမကြိုသည့်ရက်က ရှားပါးအခွင့်အရေးလို့ ပြောလို့ရသည်။ အလုပ်တွေ ပစ်ထားခဲ့လို့မရတာကြောင့် လွင်တီးခေါင် ခြွေ့ဆီ မသွားနိုင်တဲ့အခါ ကျောင်းမကြိုနိုင်တဲ့အခါ အုပ်ထိန်းမှုအောက်က လွတ်သည့် ကလေးလို ပျော်လေ့ရှိသည်။
°°°°°
ရုပ်ရှင်ရုံထဲရောက်မှ သူက သူမအား ရေဘူး အချိုရေ ပေါက်ပေါက် နေကြာစေ့တွေ သွားဝယ်ခိုင်း၏။ သူမပြန်လာတော့ ရုပ်ရှင်စပြနေပြီ။ လှမ်းကြည့်လိုက်တော့ အက်ရှင်ကားဖြစ်နေသဖြင့် အလိုလိုအားယုတ်သွားသည်။ သူမ ဘာတွေမျှော်လင့်မိပါလိမ့်။ ရုံထဲလည်း လူအနည်းအကျဥ်းသာရှိ၏။ ၇ နာရီစပြတာဆိုတော့ ၂ နာရီကျော်လောက်ကြာမည်ထင်။ ပြန်မှပဲ စာကျက်ရတော့မည်။
နေကြာစေ့ခွာစားနေစဥ် လက်ဝါးတစ်ဖက်က သူမရှေ့ရောက်လာသဖြင့် မော့ကြည့်လိုက်တော့ သူက ကားကြည့်မပျက်။ အခွံခွာပြီး သူ့လက်ထဲထည့်ပေးလိုက်သည်။ ထပ်ခွာလို့မပြီးသေး ရောက်လာပြန်သဖြင့် အလျင်စလိုခွာ၍ထည့်ထည့်ပေးနေရာ ကိုယ့်ပါးစပ်ထဲ သုံးလေးစေ့သာရောက်ပြီး ကျန်တာသူ့ပါးစပ်ထဲသာ၊ ကုန်သွားလို့သာ တော်တော့သည်။ ရုပ်ရှင်မှာလည်း သူမစိတ်မဝင်စား၊ မနေ့ကလည်း ညဥ့်နက်နေတာမို့ လူက နည်းနည်းနုံးချိချိ။ သူ့အရိပ်အကဲ တစ်ချက်ကြည့်ပြီး ခါးဆန့်၍ခေါင်းမတ်ထိုင်လျက် ရုပ်ရှင်ကြည့်နေသယောင် မျက်လုံးမှိတ်ပြီး တစ်မှေးဖြစ်ဖြစ်မှိန်းနေမိ၏။ ကားကြည့်နေရင်း အရှိန်ပါသွားပုံရသည် သူ တစ်ချက်တစ်ချက် ဆောင့်အော်လိုက်တိုင်း လန့်ဖျပ်၍ လိပ်ပြာလေးပြန်ပြန်ဖမ်းနေရ၏။ အိပ်လို့မပျော်တော့၊ စိတ်ပါပျက်သွားသည်။
" ပြန်တော့မယ်မလား "
အပြင်ရောက်တော့ ဖန်တွတ်နေသော မျက်လုံးတို့ကို အားယူဖွင့်ကာ သူ့အား ကြည့်လျက် မေးလိုက်တော့ သူက ဘောင်းဘီအိတ်ထဲ လက်တစ်ဖက်ထည့်လျက်...
" နင်ငါ့အလုပ်တွေကူလုပ်ပေးလို့ ငါက ရုပ်ရှင်လိုက်ပြတာလေ၊ ကျေးဇူးတောင်တင်ရဦးမယ် "
" သြော် "
အဝေးကနေ ဖြတ်တိုက်လိုက်သော လေတစ်သုတ်ကြောင့်လား သူ့စကားကြောင့်လားမသိ မျက်လုံးတွေပြူးရင်း နှုတ်မှအံ့သြဟန်ပြုမိ၏။ သူကတော့ သူ့အတွေးနှင့်သူ ဟုတ်နေပုံရသည်။ ဘယ်လိုတွေတောင်လား။
" မပြန်သေးဘူး တစ်နေရာသွားရဦးမယ် "
" သွားလေ ငါကားငှားပြန်လိုက်မယ် "
" ဘာရယ် "
" ကိုယ့်ဘာသာပြန်မယ် "
" နင်ခြေတစ်လှမ်းလှမ်းကြည့်လိုက် ရိုက်ချိုးပစ်မယ် "
စိတ်ပျက်စွာ ခြွေသက်ပြင်းချ၍ သူ့အား တစ်ချက်မျှကြည့်ပြီး လှည့်ထွက်ကာ လက်တစ်ကမ်းမှာရပ်ထားသော တက်ဆီကားဆီ လက်အလှမ်း...
" နင်အိမ်ပြန်လာမှာကို စောင့်နေမယ့် အမေအိုကြီးကို မြင်ယောင်ပြီး အဲ့မှာရပ်နေလိုက် "
အရှိုက်ကိုခပ်ပြင်းပြင်းထိုးနှက်လိုက်သကဲ့သို့ ရင်ဝမှာ စူးစူးနင့်နင့်အောင့်သွားပြီး လက်က လေထဲ ရပ်တန့်သွား၏။ တူတူသွားပြီး တူတူပြန်မလာခဲ့ရင် မေမေ့ရဲ့ အထင်လွဲသံသယတွေ မေးခွန်းတွေကို ရင်ဆိုင်ရနိုင်တာကိုတွေးမိပြီး ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။
" သောက်ချိုးတွေပြင်လို့ ပြောပေါင်းများပြီ မှာတမ်းခြွေ... နောက်တစ်ခါ နင့်ကို စကားနဲ့မပြောတော့ဘူး၊ နင် ငါ့အကြောင်းသိပါတယ် "
လက်သီးလေးဆုပ်ပြီး ခြွေ ခေါင့်ကို မရဲတရဲ လှည့်ကြည့်လိုက်သည်။ အနက်ရောင်စတိုင်ပင်ဘောင်းဘီထဲ အနက်နုရောင် ချည်သားလက်ရှည်အကျီကို တစ်ဝက်ထည့်၍ ခါးတစ်ဖက်ထောက်ကာ ကြည့်နေသော သူ့မျက်လုံးတွေသည် နက်စွေးနေသော်လည်း အသားရောင်က မီးရောင်အောက်ဝင်းဖန့်နေ၏။
ဖြတ်သွားဖြတ်လာကားများ၏ ဝီးခနဲ ဝီးခနဲ မြည်သံ၊ မျက်လုံးထောင့်မှာရှိသည့် လမ်းမီးတိုင်မှ မီးသီးက ဖျတ်ခနဲ ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေတာကို ရိပ်ခနဲ တွေ့ရ၏။ အနီးတဝိုက်မှ လူများ စကားပြောသံ။ ကျယ်ပြောသော အာရုံတွေကို ဖမ်းယူခိုက် ရုတ်ခနဲ သူမလက်တစ်ဖက်ဆွဲယူခြင်းခံလိုက်ရသဖြင့် ခေါင်နဲ့ ရင်ဘက်ခြင်းထိကလုဖြစ်သွား၏။
" နင်ပြန်ချင်ရင် ငါပြန်ပို့ချင်လာအောင်ပြောလေ "
သူမဦးခေါင်းက သူ့ပခုံးသာသာမှာရှိတာမို့ သူ့မျက်နှာကို မျက်လွှာပင့်ကြည့်လိုက်၏။ ငုံ့မိုးကြည့်နေသော သူ့မျက်နှာမှ မျက်တောင်ရှည်တွေက စင်းငိုက်ကျနေသည်။ ခန့်တာထက် ချောမောပြေပြစ်သော ရုပ်ဟန်ရှိလျက် ဘာကြောင့် အတွင်းစိတ်က အပြင်သဏ္ဍာန်လို အပြစ်အနာအဆာကင်းမနေတာပါလိမ့်။
" တစ် နှစ်... "
" ငါ့ကိုပြန်ပို့ပေးပါ "
" မာတယ် ပြင်လိုက် "
" ကျေးဇူးပြုပြီး ငါ့ကိုအိမ်ပြန်လိုက်ပို့ပေးပါ၊ မနက် စာမေးပွဲရှိလို့ စာကျက်ရဦးမှာမို့လို့ "
" အဟွန်း တော်တယ် "
စမက်ဖြစ်သောအပြုံးထက် မချိုမချဥ်အပြုံးကို ပြုံးလိုက်သော လွင်တီးခေါင်က သူမလက်ကို ဆောင့်လွှတ်ချလိုက်ပြီး ကားရှိရာလျှောက်ထွက်သွားလေသည်။
လက်သီးလေးဆုပ်လျက် ခံနိုင်ရည်အားမဲ့လုလုဖြစ်နေသော ကိုယ်လေးကို တစ်ဖက်သို့ လှည့်လိုက်တော့ မျက်လုံးထောင့်စွန်းမှ လွင့်စင်ထွက်သွားသော အမှုန်အမွှားလေးက လမ်းမီးရောင်အောက် ငွေမှင်ရောင်များကဲ့သို့ပင်။
°°°°°°°°°°°°°
ခေါင့်ဖေဖေ ဦးထွဋ်ခေါင်က အခေါ်လွှတ်သဖြင့် မှာတမ်းခြွေ ဦးထွဋ်ခေါင်ရဲ့ ရုံးခန်းထဲမှာ ရှိနေ၏။
" ရောက်တာကြာပလား သမီး "
" မကြာသေးပါဘူး အန်ကယ် "
မတ်တပ်ရပ်လျက် လှည့်ကြည့်ကာ ပြောလိုက်သည်။ အန်ကယ်က ထိုင်ခုံမှာဝင်ထိုင်လိုက်ရင်း...
" ထိုင်ထိုင် သမီး "
" စာမေးပွဲဖြေနိုင်လား "
" ဖြေနိုင်ပါတယ် "
" အန်ကယ်သမီးကို ပြောစရာရှိလို့ခေါ်လိုက်တာ၊ တခြားတော့မဟုတ်ပါဘူး သမီးကျောင်းပိတ်ပြီဆိုတော့ ကုမ္ပဏီမှာအလုပ်လာလုပ်ဖို့ စိတ်ဝင်စားလား မေးချင်လို့ပါကွယ် "
" ဟုတ်ကဲ့ သမီးလာလုပ်ချင်ပါတယ် "
ခြွေ မဆိုင်းမတွပင် ဖြေလိုက်မိ၏။
" အေး အေး ဒါဆို သမီးအဆင်ပြေတဲ့နေ့ အလုပ်လာဆင်းပေါ့၊ လခကတော့ ၃ သိန်းပေးမယ်ကွယ် "
" ဟို အန်ကယ် ဝင်ဝင်ချင်း ၃ သိန်းက... ဟို"
" ဘာမှစိတ်ထင့်မနေနဲ့ သမီးက အရင်ကလည်း သားရဲ့စာရင်းတွေကူလုပ်ပေးဖူးတော့ လုပ်ငန်းအတွေ့အကြုံရှိနေပြီပဲ၊ သားနဲ့ပဲအတူတွဲလုပ်လိုက် အားနာစရာမလိုဘူး၊ အန်ကယ်က ငွေပေးတယ် သမီးက ခွန်အားနဲ့အလုပ်လုပ်တယ် စိတ်သန့်သန့်ထား ဟုတ်ပလား "
" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်အန်ကယ်..."
ဦးထွဋ်ခေါင်အား မှာတမ်းခြေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်လိုက်မိပါသည်။
ကုမ္ပဏီပိုင်ရှင်နဲ့ရော ပိုင်ရှင်ရဲ့သားနဲ့ပါ သိနေသူမို့ အများအမြင်မှာ တကယ်ပင် အခွင့်ထူးခံလူတန်းစားလို ဖြစ်နေမည်စိုး၍ ပြောလိုက်ခြင်းသာ။ ဦးထွဋ်ခေါင်ရဲ့စကားက သူမကို စိတ်သက်သာရာရစေခဲ့ပါသည်။ သူတို့မိသားစုကို အစစအရာရာကူညီပေးသော ကျေးဇူးရှင်မို့ တကယ်ပင် မျက်နှာရိပ်ကြည့်နေရ၏။
" လုပ်မယ်ဆိုလည်း မနက်ဖြန်ပဲအလုပ်စဆင်းတော့ "
အခန်းထဲသို့ အသံက အရင်လွင့်လာပြီး နောက်မှမြင်လိုက်ရသည့် ခေါင့်အား သူမ လှမ်းကြည့်လိုက်သည်။
" သား ကောင်းကောင်းပြောလေ "
" မနက်ဖြန်အလုပ်ဆင်းမယ်လို့ စဥ်းစားထားပြီးသားပါ သမီးအဆင်ပြေပါတယ်အန်ကယ် "
" အင်း ဒါနဲ့ သမီးအမေကျန်းမာရေးကော ဘယ်လိုလဲ "
" ညဘက်တွေ တစ်ခါတစ်ခါ ရင်ကျက်တတ်ပေမယ့် အရင်လောက်မဆိုးတော့ပါဘူး၊ ဆရာဝန်က လကုန်ရင်ပြန်ပြဖို့ချိန်းထားပါတယ် "
" အန်ကယ်ဝယ်ပေးထားတဲ့ ဆေးတွေရောရှိသေးလား၊ မကုန်ခင်ကြိုပြောနော်သမီး ဘာမှအားမနာနဲ့ အန်ကယ်ပို့ပေးမယ် "
" ရှိပါသေးတယ်အန်ကယ် "
ရပ်နားထောင်နေသော ခေါင်က စားပွဲပေါ်က အနီရောင်ဖိုင်ကိုလှမ်းယူပြီး သူ့အဖေအား သူယူသွားကြောင်း မြှောက်ပြပြီးနောက် ပြန်ထွက်သွားသည်။
" ဒါဆို လကုန်ရင်ဆေးပြဖို့ အန်ကယ် ပိုက်ဆံ... "
" သမီးတို့မှာစုထားတာလေးတွေ ရှိပါသေးတယ်၊ အဆင်ပြေပါတယ်အန်ကယ် တကယ်ကျေးဇူးတင်ပါတယ် "
" အန်ကယ်တို့ကို အားနာနေတာလား ကျေးဇူးရှင်ဆိုပြီး အရာရာဦးထိပ်ပန်နေစရာမလိုဘူးနော်သမီး... အန်ကယ်က သမီးအမေ အန်ကယ့််သူငယ်ချင်းစက်ရီရဲ့ ကျန်းမာရေးအဝဝကို ကူညီပံ့ပိုးနေတာက ကုသိုလ်လုပ်တာပါပဲ၊ စီးပွားရေးလုပ်ငန်းရှင်ပီပီ တစ်ခုပေးရရင် တစ်ခုပြန်ယူမယ်ဆိုတဲ့အထဲမှာ မေတ္တာမပါဘူး... အန်ကယ်က စိတ်သန့်သန့်နဲ့ပေးတာ သမီးတို့စိတ်သန့်သန့်နဲ့ယူပါ "
အားနာသော လေးစားသော မျှော်လင့်ခြင်းကင်းသော မျက်ဝန်းများဖြင့် သူမ ဖျော့တော့စွာ ပြုံးလိုက်မိသည်။
တစ်လုတ်စားဖူး သူ့ကျေးဇူးတဲ့။ ကျေးဇူးရှိလို့ ကျေးစွတ်တာလို့ မေမေရောသူမပါ အပြောမခံနိုင်ပါ။
°°°°°°
ကုမ္ပဏီရောက်တော့ စာရင်းတွေမလုပ်ရဘဲ ခေါင့်မှတ်စုတွေ ကူးပေးနေရသည်။ မနေ့က သူကျောင်းမတက်ဘူးပေါ့။ တစ်ဘာသာတည်းမဟုတ် သုံးဘာသာတောင်။ လက်ရေးနဲ့လိုချင်တယ်ဆိုလို့ လိုက်ကူးရေးနေရသည်မှာ လက်ချောင်းတွေတောင် ကျဥ်တက်နာကျင်နေပြီ။
" ဟူး... "
ပြီးသွားတော့ သူ့ကို သွားပေးလိုက်ပြီး လန်းသွားအောင် ကော်ဖီတစ်ခွက် ကိုယ့်ဘာသာ သွားဖျော်လိုက်၏။ အသင့်ဖျော်ကော်ဖီထုပ်တောင် ကုန်တော့မည်။ ဝယ်ဖို့သတိပေးဖို့ ပြန်ထွက်လာပြီး...
" ကော်ဖီကုန်တော့မယ်နော် "
သူက တုပ်တုပ်မလှုပ်၊ ဒါကြောင့် ကိုယ့်နေရာကိုယ်ပြန်ထိုင်ပြီး နာရီကြည့်လိုက်သည်။ နေ့လည်ထမင်းစားချိန် ရောက်နေသော်လည်း ဗိုက်ကမဆာတော့။ ဘယ်လိုလုပ်ဆာတော့မလဲ ကော်ဖီသောက်လိုက်မိတာကိုး။
" သွားမယ် "
" ဟင် "
" ထမင်းသွားစားမယ် "
" စားနှင့်ပါ "
မျက်လုံးတစ်ချက်စွေကြည့်လာသည်မို့...
" စောနက ကော်ဖီသောက်လိုက်တယ်လေ၊ အဲဒါကြောင့် "
" ဒီလာခဲ့ "
စားပွဲခုံစောင်းကို လက်နောက်ပြန်ထောက်လျက် ရပ်နေရင်း ဆိုလိုက်သော သူ့နား သူမ ထလာခဲ့၏။ မျက်နှာကို ခပ်တည်တည်ထားပြီး အနားမှာရပ်လိုက်သည်။
ခြွေ အနားရောက်လာတော့ ဘာမပြောညာမပြောနဲ့ ပန်းသွေးရောင်သန်းနေသည့် နှုတ်ခမ်းလေးကို ခေါင်ငုံ့နမ်းလိုက်သည်။
" ဟာ ခေါင်! နမ်းချင်တိုင်း... အွန်း "
သူ့ရင်ဘက်ကို ဆောင့်တွန်းလျက် ပြောလိုက်သောစကားက အဆုံးမသတ်နိုင်ခဲ့။ ထပ်မံ၍ အရှိန်ပြင်းပြင်း ကြမ်းတမ်းစွာ နှုတ်ခမ်းတစ်ခုလုံး စုပ်ယူနမ်းပြန်ရာ လက်နှစ်ဖက်ဖြင့် သူ့ပခုံးအား ဆောင့်တွန်းရုန်းကန်ရာ သူက လွတ်ပေးသော် စကားကို အဆုံးသတ်နိုင်လိုက်သည်။
" မနမ်းနဲ့ "
" ငါနင့်ကိုချစ်တယ် ကိုယ့်ချစ်သူကိုယ်နမ်းတာ ဘာဖြစ်သလဲ "
ဟင့်အင်း...။ ချစ်သူမဟုတ်ဘူး၊ သူက ချစ်တယ်ပြောဖူးပေမယ့် သူမကတော့ တစ်ခါမှ တုန့်ပြန်စကားမဆိုဖူးခဲ့။ ချစ်သူလို့လည်း သဘောမထားခဲ့ပါ။
" တကယ်ချစ်ရင် ငါ့ကိုဒီလိုမလုပ်ဘူး၊ နင်ခိုင်းသမျှ ငါမငြိုမငြင်လုပ်ပေးနိုင်ပေမယ့် ငါ့ကိုတော့ နင်အသားမယူနဲ့ "
" ယူတယ် ယူတော့ဘာဖြစ်လဲ၊ သွားပြော ကြိုက်တဲ့သူကို သောက်ဂရုမစိုက်ဘူး ရှင်းလား "
ပြောပြောဆိုဆို လွင်တီးခေါင် သူမကိုလက်မောင်းရင်းကနေ ဆောင့်ဆွဲနီးကပ်စေတော့ သူမက ပြန်လည်တွန်းထုတ်ရုန်းကန်ရင်း အမြဲကြယ်သီးနှစ်လုံးဖြုတ်ထားနေကျ သူ့ရင်ဘက်ကို သူမရဲ့ လက်သည်းများဖြင့် ကုပ်ခြစ်သလိုဖြစ်သွားရသည်။
" အ မင်း... ငါ့မှာတော့ နင့်ကိုချစ်လိုက်ရတာ၊ နင်ကတော့ ငါ့ကိုထိခိုက်နာကျင်အောင်အမြဲလုပ်တယ် "
" ဟင်အင်း မဟုတ်ပါဘူး အဲလိုမဟုတ်ဘူး "
" သွားစမ်း မထိနဲ့ မထိနဲ့လို့ပြောတယ်မလား"
" ငါဆေးထည့်ပေးမယ်လေနော် မရည်ရွယ်ပါဘူး တကယ်ပါခေါင်ရယ် "
ခြစ်လိုက်မိသည့် သူမလက်သည်းမှာ တွေ့ရသည်က သွေးစလေးများ။ သူဘယ်လောက် နာကျင်နေလိုက်မလဲ။ ကိုယ့်နာကျင်မှုက ပါမွှားဖြစ်ရသည်အထိ ကိုယ့်ကြောင့်ဆိုတဲ့ စိတ်တစ်ခုတည်းကြောင့် သူ့အတွက် အင်မတန်ပူပန်သွားမိ၏။ သို့သော် သူက အထိတောင်မခံ။
" ခြွေ ခြွေဆေးထည့်ပေးမယ်နော်၊ ခြွေတောင်းပန်ပါတယ် ခေါင်ရယ် "
ဆေးဘူးလေး အပြေးယူ၍ပြန်လာသော ခြွေသည် ဆိုဖာပေါ် ပစ်စလက်ခက်ထိုင်နေသောသူ့အနား ကပျာကယာသွားထိုင်ရင်း အနာကြည့်ဖို့ အကျီကိုကိုင်လိုက်တော့ သူမလက်လေး ခပ်ဆတ်ဆတ် ပုတ်ချဖယ်ရှားခံရသည်။
" ကျွတ် ကျွတ် တော်တော်နာနေမှာပဲ၊ ခြွေကြည့်ကြည့်မယ်နော် "
အသာချော့မြူသလို အချိုသတ်၍ ပြောပြီး အကျီကို ဘေးသို့ဆွဲယူကြည့်လိုက်သည်။ လက်ချောင်းသုံးချောင်းအစင်းရာက အလျားလိုက် သွေးတွေဆို့နေသည်။ စိတ်မကောင်းဖြစ်သွားသဖြင့် သူမမျက်နှာလေး မှုန်ကုပ်ကျသွားတာကို အကြည့်ရောက်သွားသည်။ နီရဲစွတ်စိုဆဲ အောက်နှုတ်ခမ်းသားလေးအား တစ်ချက်ဖိကိုက်လိုက်တာကိုလည်း မျက်တောင်ခတ်ဖို့မေ့လျော့စွာ စိတ်ဝင်တစား ကြည့်နေမိပြန်၏။ နူးညံ့သော လက်ချောင်းလေးတွေက သူ့ရင်ဘက်အနှံ့ လူးလွန့်ထိတွေ့သွားတာကို ခံစားရတော့ လူက ဖိန်းခနဲ ရှိန်းခနဲ။
" ပြီးပြီ နာသေး... "
မေးဖျားလေးအား ပင့်မော့၍ ပွင့်ဟနေသော ခြွေ့ နှုတ်ခမ်းဖူးလေးအား ငုံထွေးစုပ်ယူလိုက်မိသည်။ ပြီးနောက် သူမခေါင်းလေးအား အသာထိန်း၍ သူ့စိတ်တွေကို လေဟာနယ်ထဲသို့ လွှတ်ပေးလိုက်တော့သည်။
သူမရင်တွေကတော့ ခုန်နေတာပါပဲ၊ ဘာမှန်းသာမသိတာ။
°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°💔💔
ဆက်ရန် >>>
#Ruby Linn
အစပိုင်းအပိုင်းတွေမှာ စကားအသုံးအနှုန်း၊ အပြုအမူတွေဟာ ကြမ်းတမ်းနိုင်ပါတယ်၊ ကြိုသတိပေးတာပါနော်၊ အမှားများပါဝင်ခဲ့သည်ရှိသော် ကျွန်မ၏ညံ့ဖျင်းမှုကြောင့်သာမို့ တောင်းပန်ပါတယ်။