book

Index 19

အပိုင်း(၁၉)

  • Author : Rudylinn
  • Genres : Romance, Drama, Action

မညီမျှတဲ့ချစ်ခြင်း 🕊💔


" မလေး... အပူလိမ်းဆေးလေးရှိလား " 


" ဘာလုပ်မလို့လဲ "


" ကျုပ်ခြေထောက်ကို လိမ်းချင်လို့ " 


" သွားယူပေးမယ် " 


မလေးက အခန်းထဲသွားပြီး ဒဏ်ကြေလိမ်းဆေးယူကာ သူ့အားပေးသည်။ သူ့ညာဘက်ခြေချောင်းသုံးချောင်းကို အသာလေးပွတ်ကာ လိမ်းလိုက်သည်။ အသားက ညိုတော့မညိုပေမယ့် ပြုတ်ကျသည့်အရှိန်ကြောင့်ရယ် အလေးချိန်ရယ်ကြောင့် အောင့်နေ၏။ 


" ဘာဖြစ်တာလဲ "


" ဟိုနေ့က မာလကာသီးထည့်တဲ့ရေပုံး ခြေထောက်ပေါ်ပြုတ်ကျတာ " 


သူ အမှန်အတိုင်းသာ ဖြေလိုက်သည်။ မလေးက ဘာမှတော့ ဆက်မပြောပါ။ ဆေးဗူးကို သူ့အားပေးထားခဲ့ပြီး အနောက်ပိုင်းသွားမည်ဟု ဆိုကာ ထွက်သွားလေသည်။ အစ်မက နေ့လည်နေ့ခင်း တရေးတမော အိပ်နေ၏။ သူ အပြင်လည်းမထွက်ချင်တာမို့ ရှေ့မှာထွက်ထိုင်စဥ် ကံ့ကော်က အနားရောက်လာသည်။ 


" ရှင့်ခြေထောက်က အတော်နာနေလား " 


" မဖြစ်စလောက်ပါ " 


" ကျွန်မတစ််ခုစဥ်းစားနေတာ " 


ဆိုပြီး သူမက ဆက်မပြောဘဲ ရပ်ထားသည်။ တွေးတွေးဆဆပုံစံကိုလည်း မြင်ရတာမို့ သူမ ပြောလာမည့်အချိန်ကိုသာ သူစောင့်နေလိုက်သည်။ 


" မသက်ကလေးက မျက်စိမမြင်ဘူးနော် "


" အင်း ဘယ်တုန်းကတွေ့လိုက်လဲ " 


" ဟိုနေ့က စျေးဆိုင်မှာတွေ့လိုက်တာ " 


သူမ မျက်နှာက ဝမ်းနည်းသည့်ဘက်သို့ ကူးပြောင်းသွားပြန်သည်။ မျက်လုံးတွေကတော့ လင်းလက်နေ၏။ 


" ကျွန်မ သူ့ကိုစာသင်ပေးချင်လိုက်တာ၊ သူလည်း တခြားကလေးတွေလို စာသင်ချင်ရှာမှာပဲ " 


သူမ ဒါတွေးပြီး စိတ်ညစ်နေတာကိုး။ ဒီအတွက် သူမ စိတ်သက်သာရာရအောင် သူမှာ ပြောစရာသိပ်မရှိပေမယ့် တတ်နိုင်သလောက် သူမ စိတ်ညစ်ပြေအောင် လုပ်ပေးချင်မိသည်။ 


" လူတိုင်းက သူ့ကံကြမ္မာနဲ့သူလာပေမယ့် အားလုံးဟာ ပျော်ရွှင်ဖို့ထိုက်တန်ကြသလို သူတစ်ပါးအပျော်ကို ဖြည့်ဆည်းပေးရုံနဲ့လည်း ပျော်ရွှင်နိုင်တယ်၊ တစ်ခါတလေကျတော့လည်း မျက်စိရှေ့မှာရှိတဲ့ ပျော်စရာကို အဝေးကြီးမှာ လိုက်ရှာနေတတ်ပြန်တယ်၊ သူများကိစ္စတွေကို လိုက်ပူပန်ပေးရတာ စိတ်မလေးဘူးလား ကံ့ကော် " 


သူမ ခေါင်းခါပြလိုက်သည်။ ထို့နောက် ဓူဝံကို သူမ ပြုံးကြည့်ရင်း ...


" ရှင်ရော သူတစ်ပါးအတွက် ပူပန်ပေးရတာ စိတ်မလေးဘူးလား ဓူဝံ "


" ကျုပ် ဘယ်သူ့အတွက်မှ မပူပန်ဖူးဘူးထင်တာပဲ " 


ထိုအခါ ကံ့ကော်က မယုံရေးချမယုံ ဆိုသည့် သဘောဖြင့် ဟက်ဟက်ပက်ပက်ကို ရယ်မောနေတော့သည်။ သူ ပခုံးတွန့်ပြလိုက်မိ၏။ ကံ့ကော် လွတ်လွတ်လပ်လပ် ရယ်မောနေသော အခိုက်အတန့်တွင် သူမမျက်လုံးတွေကပါ ပြုံးရွှင်နေတာကို သူသတိထားမိတာကြာပြီ။ ဒါမျိုး ဘယ်သူ့ဆီကမှ သူမတွေ့ဖူးခဲ့ပါ။ 


" ခင်ဗျားသိလား... ခင်ဗျားစိတ်အားထက်သန်တဲ့ အကြောင်းအရာတစ်ခုခုကို ပြောနေပြီဆို ခင်ဗျားမျက်လုံးတွေက ကြယ်လေးတွေလိုပဲ တောက်ပနေတာ " 


ကံ့ကော်သည် အရယ်ရပ်သွား၍ တည်ကြည်သော မျက်နှာထားလေးဖြင့် လေးနက်စွာ ပြောနေသော ဓူဝံကို အချိန်ကြာမြင့်စွာ ငေးကြည့်နေမိသည်။ သူတို့ကြားတွင် တခဏ တိတ်ဆိတ်အေးချမ်းသွားသည်။ နှစ်ကိုယ်ကြား ဝင်ရောက်လာသည့် လေတွေက အေးကောင်းအေးနိုင်ပေမယ့် ခန္ဓာကိုယ်တွင်းက ပူနွေးသော သွေးကြောလေးတွေကိုတော့ အေးမြစေမှာမဟုတ်။ 


" ရှင့်စကားတွေက သိပ်ကဗျာဆန်တာပဲ၊ ပြောကြကြေးဆို ရှင် ဂစ်တာတီးနေတဲ့အချိန်၊ စက်ပြင်နေတဲ့အချိန်၊ တစ်ယောက်ယောက်ကို ကူညီပေးတဲ့အချိန်ဆို ရှင့်မျက်လုံးတွေကလည်း ကြယ်လေးတွေအတိုင်းပါပဲ တောက်ပပြီး လင်းလက်နေတာ၊ ရှင်က နာမည်နဲ့သိပ်လိုက်တာပဲ သိလား " 


" အဟား ဟား ဟား ... " 


ဓူဝံတစ်​ယောက် ငြိမ်သက်စွာ နားထောင်နေရာမှ ရယ်စရာလည်းမဟုတ်ပါဘဲ ဝါးလုံးကွဲအောင် ရယ်နေလေတော့သည်။ ခေါင်းလေးမော့၍ မျက်လုံးလေးတွေကို မှေးမှိတ်ကာ ပေါ့ပါးစွာ ရယ်အားသန်နေသော ဓူဝံကို သူမ ကြောင်တောင်ငေးကြည့်နေမိသည်။ သူမစကားကို ပြက်ရယ်ပြုတယ်လို့တော့မထင်ပါ။ သို့သော် သူရယ်နေတာကိုကြည့်ရင်း သူမစိတ်ထဲ ခိုးလိုးခုလုဖြစ်လာ၏။ 


" ကျုပ် ကျုပ်ခင်ဗျားကို လှောင်တာမဟုတ်ပါဘူး၊ ကျုပ်ရင်ခုန်သွားလို့ပါ " 


" အို ဘာကိစ္စရင်ခုန်တာလဲ၊ ရင်ခုန်တာက ရယ်စရာလား " 


သူမ စိတ်တိုသလို အသံကိုခပ်မာမာလေးပြောလိုက်သော်လည်း သူက အရယ်ကိုရပ်၍မရသေး။ လက်တစ်ဖက်က ဗိုက်ကြောကို ခဏဖိနှိပ်ထားပြီးမှ မျက်နှာပိုးသတ်၍ မျက်နှာတည်ဖြင့် သူမကို စကားဆိုသည်။


" ဒီလို ဒီလို စောစောက ခင်ဗျားပြောသလို ကျုပ်မျက်လုံးတွေအရောင်တောက်မတောက်တော့မသိဘူး၊ ဒါပေမဲ့ ခင်ဗျား အဲ့စကားပြောနေတဲ့အချိန် ခင်ဗျားမျက်လုံးထဲ သက်တန့်လေးတစ်ခု ဖြတ်ပြေးသွားတာတော့တွေ့လိုက်တယ် " 


သူ့စကားကို နားထောင်ပြီး သူမ ခေါင်းကိုသွက်သွက်ခါလျက် သူ့ကိုမကြည့်ဘဲ...


" အို ရှင်က ရယ်စရာလည်း ပြောတတ်တာပဲ "


ဟု ပြောရင်း မျက်နှာကို ခပ်တည်တည်ထားလိုက်မိသည်။ 


" ကျုပ်တကယ်ပြောတာ၊ စိတ်မထိန်းနိုင်ဘဲရယ်လိုက်မိတာကိုတော့ ကျုပ်တောင်းပန်ပါတယ်၊ ကျုပ်ရင်ခုန်သွားလို့ စိတ်လှုပ်ရှားပြီး ရယ်ချလိုက်မိတာ " 


သူပြောတာတွေက လီဆယ်ပြောတာပါလို့ သူမက ဘယ်ဥပဒေနဲ့ စွဲချက်တင်ရပါ့မလဲ။ စိတ်ရင်းတိုင်းပြောတာမို့လားတော့မသိ၊ သူ့စကားတွေက တစ်ဖက်သား သဘောကျချင်စရာကောင်းတာတော့အမှန်ပင်။ စိတ်ချမ်းသာအောင်လည်း ပြောတတ်သေးသည်။ 


တစ်ယောက်နဲ့တစ်ယောက် ဘာစကားမှမပြောဘဲ ဆက်ထိုင်နေကြစဥ် အိမ်ဘက်သို့ အရုပ်တစ်ရုပ်ကိုင်ပြီး လျှောက်ဝင်လာသော ငွေစင်ကို လှမ်းတွေ့ရ၍ သူမ ပြုံးကြည့်လိုက်သည်။ 


" အိမ်စာလုပ်ပြီးပြီလား ငွေစင် "


" မနက်ထဲက လုပ်ပြီးပြီ " 


အနားရောက်လာသော ငွေစင်က အဝတ်အပိုင်းအစလေးတစ်ခုကိုကိုင်၍ ကော်ရုပ်မလေးရဲ့ ခန္ဓာကိုယ်ကို ဝတ်ပေးနေရင်း သူမအား မကြည့်ဘဲ ပြန်ဖြေတာမို့ ထိုအရုပ်လေးကို သူမကြည့်လိုက်၏။ 


" သူ့မှာ အကျီမရှိဘူးလား " 


" ဝယ်လာတုန်းကတော့ တစ်ထည်ပါလာတယ်၊ ကြာတော့ ပြဲသွားတာ ဟီး အဲဒါကြောင့် သူ့ကို အဝတ်စနဲ့လုံအောင်ဖုံးပေးနေတာလေ သူက မိန်းကလေးဆိုတော့ ရှက်တတ်တယ် "


ငွေစင်ရဲ့ ချစ်စရာကောင်းသော ပြောစကားကြောင့် ဓူဝံ သဘောကျကာ ပြုံးလိုက်သည်။ 


" ဒါဆိုရင် မမ သူ့အတွက် အကျီချုပ်ပေးရမလား " 


" ဟင် တကယ် မမက ချုပ်တတ်လို့လား " 


" နေဦး မမ အပ်နဲ့အပ်ချည်ယူပြီး ပြန်လာခဲ့မယ် "


သူကြည့်နေစဥ် သူမက တကယ်ပဲ အပ်နဲ့အပ်ချည်ယူပြီး ပြန်လာသည်။ နောက် အဝတ်စကို သေချာယူကြည့်နေ၏။ အဖြူရောင်အပ်ချည်စကို အပ်နဖားမှာထိုးလိုက်ပြီးနောက် အစနှစ်စကို ပူးချုပ်လိုက်သည်။ ထိုစဉ် အပြင်ကနေ မလေးပြန်လာတာ တွေ့လိုက်သဖြင့် သူလှမ်းကြည့်စဥ်ခဏ မလေးက အနားရောက်လာပြီး ...


" အိုး ပူလိုက်တာ... ဘာတွေလုပ်နေကြတာလဲ " 


" ငွေစင့်အရုပ်မအတွက် အကျီချုပ်ပေးနေတာလေမလေး... အတော်ပူလာလား ကျွန်မရေခပ်ပေးမယ်လေ " 


" နေ နေ ကံ့ကော်က အကျီချုပ်တတ်တယ်လား " 


မငုဝါက လက်ဝါးကိုဖြန့်၍ မျက်နှာနားကပ်ကာ ယပ်ခက်သလိုခက်နေရင်း အကျီကုန်းချုပ်နေသော ကံ့ကော်ကို ရပ်လျက် မေးလိုက်တော့ ကံ့ကော်က မော့ကြည့်လာပြီး ဇဝေဇဝါဖြစ်နေသော မျက်နှာလေးဖြင့်...


" မသိပါဘူး ဒီလိုပဲချုပ်လိုက်တာပါပဲ မလေးရယ်၊ ကဲ ရပြီ ရော့ ငွေစင် " 


အဖြူရောင်အကွက်ကျဲပါသော ပိတ်စလေးကို ဂါဝန်ကားကားလေးချုပ်ပေးလိုက်ကာ သူမ ငွေစင်ကိုပေးလိုက်တော့ ပြုံးပျော်သွားသည်။ ဒါကိုကြည့်ပြီး သူမလည်း ပီတိဖြစ်မိပါ၏။ ပြီးမှ သူမကိုယ်သူမ သတိထားမိသွားသည်။ တစ်ခါမှ အပ်မကိုင်တဲ့သူမက ဘယ်လိုလုပ် အကျီတစ်ထည်ကို ဖြောင့်ဖြောင့်တန်းတန်း ချုပ်နိုင်နေရတာလဲ။ မြှုပ်ကွယ်နေတဲ့ သူမရဲ့ အတတ်ပညာတစ်ခုများ ဖြစ်နေလေမလား။ 


" ပိတ်စတွေ့မှ သတိရတယ်၊ သီတင်းကျွတ်တုန်းက ဝယ်ထားတဲ့ပိတ်စတွေ ချုပ်မယ်ချုပ်မယ်နဲ့ တစ်ခါမှမချုပ်ဖြစ်သေးဘူး၊ ညနေကျရင် အပ်ချုပ်ဆိုင်သွားဦးမှ " 


မငုဝါက သူ့ကိုယ်သူ သတိပေးသလိုပြောသွားရင်း အိမ်ပေါ်သို့ ခြေသံဖွဖွနင်းကာ တက်သွားလေသည်။ ဓူဝံက သူမချုပ်ထားသည့် အရုပ်မအကျီကို သေချာကြည့်နေ၏။ 

နောက် ငွေစင်ပြန်သွားမှ နှစ်ယောက်စလုံး အပေါ်ပြန်တက်ခဲ့တော့သည်။ 


°°°°°°°°°°°°°


ကလေးတွေကို စာသင်ပြီးချိန်မှ ကံ့ကော်သည် မငုဝါနဲ့အတူ အရှေ့ပိုင်းက စက်ချုပ်အိမ်သို့ အဖော်လိုက်လာခဲ့၏။ 


" မငုဝါ အကျီလာမချုပ်တာတောင်ကြာပြီနော် ခုဘယ်သူ့အတွက်လဲ " 


" ကိုယ့်အတွက်ကိုယ်လာချုပ်တာပါ၊ လာချင်တာတော့ကြာပြီ မအားလို့လေ "


" ကိုယ်တိုင်းယူမယ်နော် ဘယ်လိုပုံစံချုပ်ချင်လဲ " 


" ကြည့်ကောင်းသလိုသာချုပ်ပေး မပြောတတ်ဘူး "


ချိုလေးက ဗလာစာအုပ်နဲ့ ဘောပင်တစ်ချောင်းယူပြီး ပေကြိုးနဲ့ ခန္ဓာကိုယ်အချိုးအစားကိုတိုင်းကာ ရေးမှတ်ပြီး...


" နည်းနည်းဝလာတယ်နော် ခါးက ၂၅၊ ဒါပေမဲ့ ကြည့်ကောင်းပါတယ်၊ လက်ရှည်လား လက်တိုလား " 


" လက်တို " 


နောက် မငုဝါယူလာသည့် ပိတ်စအဆင်ကို ချိုလေးက ဖြန့်ကြည့်ပြီး မငုဝါရင်ဘက်မှာ လာကပ်ကာ...


" ရှေ့ကွဲလေးဆိုလှမယ် ချိုလေးကြည့်ချုပ်လိုက်မယ်နော် " 


" အင်း " 


ကာယကံရှင်ဖြစ်သည့် မငုဝါက အင်းဟု ဆိုပေမယ့် သူမက သိပ်စိတ်တိုင်းမကျသလိုရှိတာမို့ သူမ စိတ်ထဲရှိရာ ပြောကြည့်လိုက်မိသည်။ 


" ဟိုလေ နောက်ကွဲကို ရှေ့မှာ လုံချည်ကပိုတဲ့ ပိတ်စနဲ့ဆက်ဟပ်ပြီးချုပ်ရင် ပိုလှမယ်ထင်တယ်၊ ရင်ဘက်မှာ ကြည်တံလေးနှစ်လုံးသုံးလုံးထည့်ရင် ပိုကြည့်ကောင်းမလားလို့ ကျွန်မအမြင်ကိုပြောတာပါ "


ချိုလေး​က သူမကို သေချာစိုက်ကြည့်ပြီး...


" ဒါဆို ကိုယ်လိုချင်တဲ့ပုံစံကိုဆွဲပြလေ ရော့ " 


သူမရှေ့ကို ဗလာစာအုပ်နဲ့ဘောပင်ထိုးပေးသဖြင့် စာရွက်ပေါ်မှာ သူမလိုချင်သည့်ပုံစံကို သေချာဆွဲပြလိုက်သည်။ မငုဝါက သူမအပြုအမူကိုကြည့်၍ အံ့အားသင့်နေပုံပေါ်သည်။ 


" ကောင်းပြီလေ မငုဝါရော ဒီပုံစံကြိုက်ရဲ့လား၊ ချိုလေးအဲ့ပုံအတိုင်းချုပ်ပေးရမှာလား " 


" မလေးက ဘယ်ပုံဖြစ်ဖြစ်အဆင်ပြေတယ် " 


ချိုလေးက အင်တင်တင်နဲ့ ခေါင်းညိတ်ပြီး စာရွက်ရဲ့ထိပ်မှာ မငုဝါဟု အမည်တပ်ကာ ချုပ်စက်မှာပြန်ထိုင်၍ လုံချည်ကို ဓားစက်လိုက်နေလိုက်သည်။ 


" ဘယ်နေ့လောက်ရမလဲ ချိုလေး " 


" တစ်ပတ်နေရင်လာယူနော် "


ပြောရင်း ဓားစက်လိုက်နေသော ချိုလေးကို သူမ ကြည့်လိုက်တော့ ပုံစံမကျသဖြင့် ပါးစပ်ကနေ လွှတ်ခနဲ ပြောမိပြန်သည်။ 


" ဟို အစ်မချိုလေး ကျွန်မဆရာလုပ်တာတော့မဟုတ်ပါဘူးနော်၊ အစ်မချိုလေးချုပ်တာလည်း နည်းလမ်းမှန်ပါတယ်၊ ဒါပေမဲ့ လုံချည်အနားစရဲ့ ဒီဘက်ဘေးကနေ ချုပ်ရင် ပိုသေသပ်မယ်ထင်တယ် " 


ကံ့ကော်သည် လက်ညှိုးဖြင့်ထိုးပြလျက် ပုံစံပြလိုက်ရာ ချိုလေးက သူမအား စိတ်မရှည်စွာ ပုပ်သိုးနေသော မျက်နှာဖြင့် မော့ကြည့်ရင်း...


" ချိုလေးက အခုမှစက်ချုပ်တာမဟုတ်ဘူး၊ နှစ်ချီနေပြီ ဒီပုံစံအတိုင်းချုပ်လာတာ၊ ညီမက ဘယ်မှာသင်ထားသလဲမသိပေမယ့် ချိုလေးလက်ရာ သေသပ်တယ်မသေသပ်ဘူးဆိုတာ ဝတ်ဖူးတဲ့သူတိုင်းသိတယ်၊ မငုဝါကို မေးသာကြည့် " 


သူမက စေတနာနဲ့ပြောတာကို တစ်ဖက်က နားမလည်တော့ ဝေဒနာတွေ ဖြစ်ကုန်ပြီ။ သူမကြောင့် မငုဝါကို မျက်နှာမပျက်စေချင်သလို မချိုလေးကိုလည်း တကယ်အားနာသွားမိသည်။ 


" ဟို ကျွန်မဆိုလိုတာ အဲလိုမဟုတ်ပါဘူး၊ ဘာစိတ်မှလည်းမရှိပါဘူး ကျွန်မရဲ့အမြင်ကို ဒီအတိုင်း ပွင့်ပွင့်လင်းလင်းပြောပြရုံပါ၊ အစ်မချိုလေး ကျွန်မကို စက်ခဏငှားပါလား လက်တွေ့ပြချင်လို့ " 


ချိုလေးက စက်ချုပ်ခုံမှာ ထိုင်နေရာမှ ခဏထပေးတာမို့ သူမဝင်ထိုင်လိုက်ကာ အပ်ချုပ်စက်ပေါ် ခြေထောက်တင်၍ လက်ကစက်ရဲ့ဘီးပေါ် အသာလေးလိမ့်ရင်း ခြေထောက်က ခြေနင်းခုံကိုနင်းလိုက်လေသည်။ စက်အသွားကိုလိုက်၍ လက်ကရွေ့လျားသွားပုံမှာ ကျွမ်းကျင်မှုအပြည့်ဖြင့်။ 


ထိုအခြေအနေကို မငုဝါရော ချိုလေးပါ မျက်တောင်မခက်ကြည့်နေကြ၏။ သူမကတော့ ပေါ့ပါးစွာပင် လုံချည်တစ်ထည်ကို ကောင်းမွန်သေသပ်စွာ ချုပ်ပြလိုက်သည်။ 


" ကြည့်ကြည့်ပါဦး " 


ထိုင်ခုံမှဖယ်၍ သူမချုပ်ထားသော လုံချည်ချုပ်ရိုးကြောင်းကို မချိုလေးအား ပြလိုက်လေသည်။ ချိုလေးကကြည့်၍ ဘာမှမပြောပေ။ ထိုအခါမှ သူမလည်း သက်ပြင်းချလိုက်မိ၏။ အပ်ချုပ်ဆိုင်ကနေ ပြန်အထွက်မှာမှ သူမ မျက်နှာပူရမှန်းသိတော့သည်။ ဘာတွေလုပ်မိလို့ လုပ်မိမှန်းလည်း မသိတော့ချေ။ 


" မလေးရေ... ကျွန်မဘာတွေလုပ်မိလို့ ဘာတွေပြောမိမှန်းလည်းမသိတော့ဘူး အားနာလိုက်တာ "


" အမှန်တော့ မလေးက အံ့သြနေတာ၊ ကံ့ကော်ကို ဒီလိုမျိုး တခြားပုံစံမြင်ရလိမ့်မယ်မထင်ဘူးလေ " 


မငုဝါပြောမှ သူမငိုင်တွေသွားသည်။ တကယ်ပဲ သူမ တခြားပုံစံပြောင်းသွားခဲ့တာလား။ ညနေ ထမင်းစားပြီးတော့ မငုဝါက ဒေါသပြေတို့ကို စက်ချုပ်အိမ်ကအကြောင်းတွေ အကုန်ပြန်ပြောပြနေသဖြင့် သူမ မျက်နှာပူသွားမိသည်။ ဒေါ်သပြေကလည်း အံ့သြသံလေးစွက်လျက်...


" အင်း ကံ့ကော်က စက်ချုပ်တတ်တာ ကျိန်းသေသလောက်ပါပဲ၊ မချုပ်တတ်တဲ့သူဆို လက်ကို အပ်ပေါက်နေပြီပေါ့၊ ခုမှ ကံ့ကော်ရဲ့ ပုန်းကွယ်နေတဲ့ အရည်အချင်းတွေ ပေါ်လာတာကိုး၊ ကောင်းကောင်းအသုံချရင် အကျိုးရှိမှာပါ " 


" ကျွန်မကိုယ်တိုင်လည်း လုံးဝမထင်ထားတော့ အံ့အားသင့်နေခဲ့တာ၊ အပ်ချုပ်စက်ကိုမြင်တော့လေ စိတ်ထဲရင်းနှီးနေတာတော့ အမှန်ပဲ "


" သေချာပါပြီ ကံ့ကော်က မြို့မှာဒီဇိုင်နာဖြစ်ချင်ဖြစ်နေမှာ " 


မငုဝါရဲ့အပြောမှာ တကယ်ပင် သူမ မျောပါသွားတော့သည်။ မျှော်လင့်ချက်ရောင်နီလေးသန်းလာပြီမို့ ဘဝက နေပျော်စရာဖြစ်သွားသည်။ အတိတ်ကိုလည်း ပြင်းပြင်းပျပျ ပြန်မှတ်မိချင်သွား၏။ သို့သော် ယခု ပစ္စုပ္ပန်ကိုလည်း မစွန့်လွှတ်ချင်ပါ။ 


°°°°°°°°°°°°


နောက်တစ်နေ့ညနေခင်း၌ အိမ်ရှေ့မှာ အပ်ချုပ်စက်တစ်လုံးရောက်နေတာ တွေ့ရသဖြင့် သူမ အောက်သို့ဆင်းလာကာ စူးစမ်းမိ၏။ ဘယ်သူ့စက်များလဲ၊ ဘာလို့ဒီရောက်နေတာလဲဟု တွေးတောနေစဥ် ဓူဝံ အသံကို ကြားရသည်။


" စက်အဟောင်းတစ်လုံးရောင်းတာနဲ့ ကျုပ်ဝယ်လာခဲ့တာ " 


" ဟင် " 


မကြားလိုက်လို့မဟုတ်ဘဲ ရုတ်တရက် နားမလည်သလိုဖြစ်သွားသည်မို့ အာမေဋိတ်သံ ပြုလိုက်မိခြင်းသာ။ 


" မဟုတ်မှ ဒါ... "


" အင်း "


ဒါဆို သူမအတွက်ပေါ့၊ ဘာလို့များ...။ ဒါဟာ သူ့ရဲ့ စေတနာသက်သက်ဆိုတာ သူမ ချွင်းချက်မရှိ မှန်းဆနိုင်ပေမယ့် သူမအနေနဲ့ ဘယ်လိုမှလက်သင့်မခံနိုင်ပါ။ သူမ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ရင်း ...


" ကျွန်မ ကျွန်မအတွက်ဆို လက်မခံပါရစေနဲ့၊ ဒါဟာ သိပ်ကိုတန်ဖိုးကြီးလွန်းပါတယ် " 


အားငယ်ဖျော့တော့သော လေသံဖြင့် သူ့မျက်ဝန်းတွေကို သေးသိမ်သောစိတ်နဲ့ သူမကြည့်ရင်း ပြောလိုက်သည်။ သူ့ဆီက ချက်ချင်း တုံ့ပြန်စကားကို ကြားရပါသည်။ 


" ကျုပ်စေတနာကို နားလည်ရင် လက်ခံပါ၊ ကျုပ်ကူညီတာ မျှော်လင့်ချက်ကင်းပါတယ်၊ 

အဖြူထည်သက်သက်ပါ " 


" ခက်နေပါပြီရှင် ကျွန်မ ရှင်တို့မိသားစုရဲ့ အကူအညီယူရတာ နည်းမှမနည်းတော့ဘဲ၊ ဘယ်လိုပြန်ဆပ်... "


" ခင်ဗျားတွေးနေတာတွေရပ်လိုက်ပါ၊ ကူညီတာဟာ ကျေးဇူးတင်ခံချင်လို့ မဟုတ်သလို ဘာပြန်ရရမယ်ဆိုတဲ့ ပုဂ္ဂလိကမျှော်လင့်ချက် ကျုပ်မှာမရှိဘူး၊ ခင်ဗျားအရင်က ဘာတွေဘယ်လိုရှိရှိ ကျုပ်ကူညီတာ သန့်သန့်လေး၊ ခင်ဗျားငြင်းမယ်ဆိုရင် ကျုပ်စေတနာကို စော်ကားတယ်လို့ သတ်မှတ်ရမှာပဲ " 


ဓူဝံက ယတိပြတ်ပြောလိုက်တော့ သူမ ဘာမှမပြောတတ်တော့။ သူနဲ့ယှဥ်ပြီးလည်း သူမမှာ မပြောနိုင်ပါဘူး။ တစ်ဖက်လူက စေတနာမေတ္တာအားကြီးလွန်းနေရင်လည်း တစ်ဖက်မှာ လက်ခံနိုင်စွမ်းမရှိဘဲ သိမ်ငယ်သွားရတတ်တာ လောကနိယာမပဲလား။ သည်တစ်ခါမှာတော့ ပျော်ရွှင်ဝမ်းမြောက်ရမယ့်အစား စိတ်အားညှိုးငယ်သွားရလေသည်။


" ဘယ်လောက်ပေးဝယ်ခဲ့ရသလဲဟင် " 


" သိပ်မများပါဘူး အဟောင်းစျေးနဲ့ပါ အချင်းချင်းဆိုတော့ လျော့ပေးလိုက်တယ်၊ နည်းနည်းပြန်ပြင်ပြီးရင် နင်းလို့ရပြီ " 


ပြောပြောဆိုဆို ဓူဝံသည် သူ့စက်ပြင်ပစ္စည်းထုပ်သွားသယ်လာပြီး အပ်ချုပ်စက်ရှေ့မှာ ဆောင့်ကြောင့်ထိုင်လိုက်သည်။ စက်က မသုံးတာကြာပြီဆိုတော့ ဆေးရောင်မှိန်ကာ တချို့နေရာတွေက သံချေးကိုက်နေ၏။ ဘီးကို တစ်ချက်လှည့်ပေးလိုက်ပြီး ဝက်အူလှည့်နေရာတွေကို အမဲဆီသုတ်လိုက်၏။ အားလုံးကို စိတ်ရှည်လက်ရှည်လုပ်ပေးနေသော ဓူဝံကို ဘေးတစ်စောင်းအနေအထားကနေထိုင်၍ သူမ ကြည့်နေသည်။ သူမအကူအညီကို မလိုသော်ငြား အနားမှာ အသင့်ရှိနေပေးမိသည်။ 


" ဟင် ဒီစက်က ဘယ်ကဘယ်လိုရောက်နေတာလဲ " 


" ကျုပ်ဝယ်လိုက်တာလေ မလေးရဲ့ " 


" ဘယ်ကပိုက်ဆံနဲ့လဲ " 


" ကျုပ်စုထားတာရှိပါတယ်ဗျာ မလေးကအထင်သေးလို့ " 


ကံ့ကော် ငုတ်တုတ်လေးထိုင်နေရင်း မလေးကို အသာမော့ကြည့်လိုက်မိသည်။ မငုဝါက သူမကို တစ်ချက်ကြည့်၍...


" ဝယ်တာကဟုတ်ပါပြီ မလေးတို့မှ စက်မချုပ်တတ်ဘဲ ကံ့ကော်ပြန်သွားရင်... " 


မငုဝါ စကားမဆုံးခင် ဓူဝံက သူ့အစ်မကို မျက်လုံးပြူးလျက် ဖျတ်ခနဲ လှည့်ကြည့်လိုက်တာမို့ မငုဝါလည်း စကားမှားသွားပြီမှန်း သိလိုက်ကာ သူ့စကားသူပြန်ပြင်လိုက်သည်။ 


" ဘာပဲဖြစ်ဖြစ် စက်လေးချုပ်နေတော့ ကံ့ကော်လည်း အပျင်းပြေတာပေါ့၊ ကောင်းပါတယ် "


ဟုတ်သားပဲ... သူမက တစ်နေ့အိမ်ပြန်ရမှာ။ သူမမှာ အိမ်ရောရှိရဲ့လား၊ မိသားစုကရော ဘယ်မှာလဲ...။ အားလုံးကိုပြန်မှတ်မိသွားရင် ဒီပတ်ဝန်းကျင် ဒီနေရာလေးကို ထားခဲ့ရမှာပေါ့။ တွေးရင်း ရင်ထဲမှာ လေးနစ်လာသည်။ 


" စက်ချုပ်ဖို့ တခြားဘာပစ္စည်းတွေ လိုသေးလဲ " 


" ဟင် " 


အတွေးထဲ နစ်နေတာမို့ သူပြောတာ သူမ သေချာမကြားလိုက်ဘဲ နောက်တစ်ခေါက် ပြန်မေးလိုက်ပြီးမှ...


" အပ်ချည်ရယ် ကော်ရယ် ပေကြိုးရယ်လောက်ပဲ လိုတာပါ "


" ဒါဆို ကျုပ်သွားဝယ်လိုက်မယ် " 


" မဟုတ်တာ ကျွန်မဘာသာသွားဝယ်လိုက်ပါ့မယ် " 


" ရတယ် ကျုပ်အဲ့ဘက်သွားစရာလေးရှိလို့ " 


ဓူဝံက အနောက်ပိုင်းကို လျှောက်ထွက်သွားတာမို့ အိမ်ရှေ့မှာ မငုဝါနဲ့ သူမသာ ကျန်ရစ်ခဲ့သည်။


" ကံ့ကော်... " 


" ရှင် " 


သူမ လှည့်ကြည့်ရင်း ထူးလိုက်သည်။ 


" မလေးမှာ မချုပ်ရသေးတဲ့ ပိတ်စတွေရှိတယ်၊ အစ်မရောပဲ ကံ့ကော်စမ်းချုပ်ကြည့်နော် ကံ့ကော်လက်ရာကို မလေးဝတ်ကြည့်ချင်တယ် သိလား "


" တကယ်နော် မလေး " 


" တကယ်ပေါ့ ကံ့ကော်ရဲ့၊ လှလှလေးတော့ ချုပ်ပေးရမယ်နော် " 


" ကျွန်မကို ယုံကြည်ပေးတာ ကျေးဇူးတင်ပါတယ်မလေးရယ်၊ ပြောမပြတတ်အောင်ပါပဲ " 


သူမ မျက်လုံးလေးတွေက တစ်ဖန်ပြန်လည် ဝင်းလက်သွားလေသည်။ ဘာပဲဖြစ်ဖြစ် သူမ စမ်းကြည့်ရမည်။ စိတ်ဓာတ်ခွန်အားတို့ ရောက်ရှိလာသဖြင့် အားမာန်တို့ ပြန်လည်ပြည့်တင်းလာ၏။ 


°°°°°°°°°°°°°°°°°°°


အပေါ်အကျီတစ်ထည်ကို သူမ တစ်မနက်သာ အချိန်ပေးချုပ်လိုက်ရသည်။ တစ်ခါတလေ စိတ်ပါဝင်စားမှုများသွားရင် နာရီပိုင်းသာ ကြာ၏။ မငုဝါက သူမချုပ်ပေးသည့် အကျီကိုဝတ်၍ တမင်ရွာထဲလမ်းလျှောက်ထွက်ကာ ' ဒီအကျီလှလား၊ အဲဒါ ကံ့ကော်ချုပ်ပေးတာလေ ' ဟု ကြော်ငြာဝင်တတ်သေးသည်။ ထို့ကြောင့် သူမထံ အကျီလာချုပ်သူတွေ တစ်စတစ်စတိုးလာပြီး အားတဲ့အချိန် စက်ချုပ်၍ ညနေဆို စာပြေးသင်ကာ သူမမှာ အချိန်မလောက်တော့ပေ။ 


" မလေးစဥ်းစားထားတာ တစ်ခုရှိတယ်၊ အဲဒါက အကျီလည်းချုပ် ပိတ်စလည်းရောင်းဆိုရင်ရော၊ ဘာလို့ဆို အကျီချုပ်ဖို့ ပိတ်စကို မြို့တက်ပြီး တကူးတကသွားဝယ်နေရတယ်လေ " 


" ဆိုးတော့မဆိုးဘူးနော်မလေး... မြို့ကဝယ်တဲ့ပိတ်စကို အမြတ်နည်းနည်းတင်ပြီး ပြန်ရောင်းရင် သူတို့လည်းအဆင်ပြေ၊ ကိုယ့်အတွက်လည်း အဆင်ပြေပေါ့ " 


မငုဝါနဲ့ ကံ့ကော်က အတွေးတူကာ ဒေါ်သပြေကလည်း သူမတို့စိတ်ကူးကို ထောက်ခံပြီး အကောင်အထည်ဖော်ဖို့ ပြောသည်။ 


" အဲလိုဆို ကျုပ်တို့နက်ဖြန်မြို့တက်တာပေါ့၊ မလေးပါလိုက်ခဲ့လေ " 


" အေး ကောင်းတယ် "


သူမတစ်ယောက်ထဲ စိတ်အားထက်သန်တာမဟုတ် အားလုံးကပါ စိတ်အားထက်သန်တော့ တိုင်တိုင်ပင်ပင်နဲ့ အလုပ်လုပ်ရတာ အရမ်းအဆင်ပြေသည်။ 


မနက်စောစော၌ သုံးယောက်သား ဆိုင်ကယ်တစ်စီးဖြင့် မြို့တက်ခဲ့ကြသည်။ ပိတ်စတွေကြားမှာ ပျော်နေသော ကံ့ကော်ကိုတွေ့ရတော့ သူမရဲ့ တကယ်ပျော်ရွှင်ရာအစစ်အမှန်က ဘာလဲဆိုတာ သူသိလိုက်သည်။ တစ်မနက်ခင်းလုံး စျေးထဲကမထွက်ရဘဲ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်ကာ ကိုယ့်အကြိုက်ကို မတွေ့တွေ့အောင် လိုက်ရှာနေသော ကံ့ကော်သည် ပင်ပန်းသည့်ပုံလည်း မပေါ်ပေ။ 


နောက်ဆုံးဆိုင်တစ်ဆိုင်မှာ ပိတ်ဖောက်ဇာတွေ စျေးတန်သဖြင့် ဆိုင်ရှင်နဲ့ စျေးညှိပြီး လိုသလောက်ဖြတ်နေစဥ် သူမ ​ခြေထောက်အောက်သို့ ရောက်လာသော ခပ်မာမာပစ္စည်းတစ်ခုကြောင့် ခြေထောက်ကြွကြည့်လိုက်ရာ တွေ့လိုက်ရသည်က လက်စွပ်လေးတစ်ကွင်း...။ 


လက်စွပ်ကို ယူကြည့်လိုက်တော့ စိန်လက်စွပ်ဖြစ်နေသည်။ အနားမှာ ပိုင်ရှင်များ ရှိနေမလားလို့ သူမ မျက်လုံးကစား၍ ရှာကြည့်လိုက်ပြီး လက်စွပ်ကို သေချာပြန်ကြည့်လိုက်သောအခါ လက်စွပ်ကိုင်ထားသည့် သူမရဲ့ ဘယ်ဘက်လက်သန်းကြွယ်မှာ စိန်လက်စွပ်လေး ဝတ်ထားတာတွေ့ရသဖြင့် လန့်ဖျပ်သွားကာ လက်စွပ်ကို လွှတ်ချမိမတက်ဖြစ်သွားပြီးမှ သေချာပြန်ကိုင်ထားလိုက်ရ၏။ သူမလက်ကို မရဲတရဲ ပြန်ကြည့်တော့ လက်စွပ်ကို မတွေ့ရတော့ပေ။ မျက်လုံးများ မှောက်တာလား။ ဒါပေမဲ့ ဘယ်ကနေ ကြောက်လန့်စိတ်က ဝင်ရောက်လာရသလဲ။ အသားစိုင်တွေ တုန်ရီလာပြီး ငိုချင်လာသလိုပင်။  


" ညီမ ညီမ... " 


နားနားကကပ်ခေါ်တာတောင် သူမ မကြားရသဖြင့် အနားမှာရှိနေသော မငုဝါက သူမပခုံးကို လှမ်းပုတ်၍ သတိပေးမှ သူမ လှုပ်လှုပ်ရှားရှား ဖြစ်သွားမိသည်။


" ညီမလက်ထဲက လက်စွပ်က အစ်မလက်စွပ်ပါ၊ လက်နဲ့ချောင်နေလို့ သတိထားနေရက်နဲ့ ဘယ်အချိန်ပြုတ်ကျသွားမှန်းမသိလိုက်ဘူး " 


စကားသံတွေက သူမနားထဲ လျှံထွက်နေပေမယ့် လက်ထဲကလက်စွပ်ကိုတော့ သူမရှေ့မှ အမျိုးသမီးရဲ့လက်ထဲ ပြန်ထည့်ပေးလိုက်သည်။ 


" ကံ့ကော် ဘာဖြစ်တာလဲ "


ဓူဝံက ကျောက်ဆစ်ရုပ်ပမာ ကြောင်တောင်တောင်ရပ်နေသော ကံ့ကော်ကို သတိထားမိသွား၍ မေးလိုက်တော့ သူမက တုန်ယင်သော အက်ကွဲသံလေးဖြင့် ဖြေရှာသည်။ 


" လက်စွပ်... စောနက ကျွန်မရဲ့ ဘယ်ဘက်လက်သန်းကြွယ်မှာ လက်စွပ်ဝတ်ထားတာတွေ့လိုက်တယ် " 


" ဘယ်မှာလဲကံ့ကော်ရဲ့ မရှိပါဘူး "


မငုဝါက သူမရဲ့လက်ကို ယူကြည့်ပြီး ပြောလိုက်တော့ ကံ့ကော်က ခေါင်းကိုသွက်သွက်ခါရင်း...


" တကယ် တကယ်တွေ့လိုက်တာ ပြီးတော့ "


တစ်ခုခုဆက်ပြောချင်ပေမယ့် တကယ်တမ်း နှုတ်က ထွက်မလာခဲ့ပါ။ ထိုခံစားချက်က သေလောက်အောင် မွန်းကြပ်သည်။ ပြီးနောက် ကယောင်ကတမ်းဖြင့် ကိုယ့်လက်ကိုယ် ပြန်ကြည့်ရင်း တုန်လှုပ်သွား၏။ နဂိုက ရှိခဲ့တာ သေချာတယ်၊ ဒါပေမဲ့ အခုဘယ်ရောက်သွားတာလဲ...။ အပြင်းအထန် ဦးနှောက်ကို အလုပ်ပေးလိုက်သဖြင့် လူက မိုက်ခနဲ တစ်ချက်မူးဝေသွားလေသည်။ 


" ပြန်ကြမယ် တစ်နေကုန်လျှောက်သွားနေတော့ ပင်ပန်းသွားတာဖြစ်လိမ့်မယ် ပြန်မယ် ပြန်မယ် " 


မငုဝါက ကံ့ကော်အရိပ်အခြေကြည့်၍ ပြန်ဖို့အတွက် ဆိုင်းပင်းလေသည်။ ဓူဝံက ကံ့ကော်လက်ထဲက အထုပ်တွေကို သိမ်းကြုံးဆွဲယူလိုက်ပြီး သူတစ်ယောက်ထဲကိုင်ကာ အထဲမှာ ကြပ်သိပ်နေသဖြင့် ကံ့ကော်ကို အပြင်သို့ မြန်မြန်ထွက်စေလိုက်၏။ သူမ ကြည့်ရတာ ဘယ်လိုမှအဆင်မပြေပါ။ ဟန်တောင်မဆောင်နိုင်ဘဲ နွမ်းဖက်နေသည့်ပုံပေါ်လွင်လှသည်။ 


သူတွေးနေမိတာက သူမပြောသည့် လက်စွပ်ဆိုတာကိုပင်။ သူမ အတိတ်ကဖြစ်ရပ်တစ်ခုကို ဆက်စပ်မိသွားပြီး သတိရသွားတာများလားဟု သူတော့ ထင်မိသည်။ ဘယ်ဘက်လက်သန်းကြွယ်မှာဆိုတော့ သူထင်တာသာမမှားခဲ့ရင် ...။ 


°°°°°°°°°°°°°


နောက်နေ့တွေမှာတော့ စက်ချုပ်လိုက် စာသင်လိုက်ဖြင့် ပုံမှန်အတိုင်းဖြတ်သန်းနေရာ ဓူဝံ တစ်နေကုန်ပျောက်နေတာကိုလည်း သူမ သတိမထားမိချေ။ ညရောက်မှ ဓူဝံ ပြန်မရောက်သေးမှန်းသိသော်လည်း တစ်ခါတလေအိမ်ပြန်နောက်ကျတတ်တာမို့ အမှုမဲ့အမှတ်မဲ့သာ နေလိုက်မိသည်။ ထိုညက အတော်လေးပင်ပန်းတာမို့ သူမ စောစီးစွာ အိပ်ပျော်သွားလေသည်။ 


နောက်တစ်နေ့တွင်လည်း ဓူဝံကို မတွေ့ရတော့ သူမ စိတ်ထဲ မတင်မကျဖြစ်မိ၍ မငုဝါကို ဖွင့်ဟမေးမိသည်။ 


" မလေး ... ဓူဝံကိုလည်းမတွေ့ဘူးနော် " 


" ဓူဝံလား သူမြို့တက်သွားတယ်လေ၊ သူ့သူငယ်ချင်းတွေဆီသွားတာထင်တယ် ခါတိုင်းလည်း သွားနေကျလေ၊ သူက သူငယ်ချင်းတွေဆို သိပ်ခင်တာ " 


" သြော် " 


သွားနေကျတဲ့...။ ဒါပေမဲ့ ဘာလို့ သူမစိတ်ထဲ တစ်မျိုးဖြစ်နေတာလဲ။ မဟုတ်မှ သူမကို မပြောသွားလို့များလား။ အို ဘာကိစ္စ သူမကို ပြောသွားရမှာလဲ။ သူမနဲ့လည်း မပတ်သက်ပါဘဲ။ တစ်နေ့လုံး ထိုစိတ်က သူမကို လွှမ်းမိုးထားသလိုရှိတာမို့ မနည်းဖျောက်ယူနေရ၏။ ညဘက်တွေ သူ့ဂစ်တာသံကို ကြားနေကျမို့ ယခုဂစ်တာသံမကြားရတော့ အောက်မေ့သလိုတော့ရှိသား။ နောက်နေ့ကျ ပြန်လာမှာပဲဟု တွေးထင်လိုက်သည်က တက်တက်စင်အောင် လွဲသွားမှန်း ညအိပ်ရာဝင်မှ သိခဲ့ရသည်။ သူမ တော်တော်နဲ့ အိပ်မပျော်ခဲ့ပါ။ ဖျာပေါ်မှာ အချိန်အတော်ကြာ လူးလိမ့်နေရသည်။ နောက် အိပ်မက်ဆိုးမက်ပြီး လန့်နိုးလာတော့ သူမပါးပြင်မှာ မျက်ရည်တွေနဲ့။


အိပ်မက်ဖမ်းအဆောင်ကို ခေါင်းရင်းမှာ ချိတ်ထားလျက် အိပ်မက်ဆိုးတွေမမက်တာ ကြာနေပြီးမှ ဘာကြောင့် ဗြုန်းခနဲ ထမက်ရသလဲ။ အိပ်မက်က ကြောက်လန့်စရာကောင်းသည်။ ခါတိုင်း သူမကို လာလာခေါ်နေသည့် လူတစ်ယောက်ကို ယနေ့မှာတော့ ဝိုးတဝါးမြင်လိုက်ရ၏။ သွေးလန့်သလို ခြောက်ခြားနေမိကာ မျက်ရည်တွေကို လက်ဖမိုးဖြင့် အသာသုတ်ပစ်ရင်း သူမ  အပြင်သို့ လေညှင်းခံရန် ထွက်လာပြီးမှ အချိန်ကြည့်လိုက်တော့ နံနက် ၂ နာရီခွဲနေပြီ။ 


ခဏထွက်ထိုင်ပြီး ချမ်းစိမ့်စိမ့်မို့ အထဲပြန်ဝင်၍ တရားမှတ်ကာ သူမ ကြိုးစားအိပ်လိုက်ပါသည်။ မိုးလင်းခါနီးမက်သည့် အိပ်မက်ကတော့ စိတ်ချမ်းမြေ့စရာကောင်းသည်။ 


" ငုဝါ " 


" ရှင် အစ်မ " 


" ဓူဝံတစ်ယောက် ဘယ်တော့ပြန်လာမယ်ပြောလဲ " 


" မသိပါဘူးအစ်မရယ် ဘာမှပြောမသွားဘူး၊ ခါတိုင်းလိုဆို တစ်ပတ်လောက်ကြာမလားပဲ " 


ဒေါ်သပြေတို့တွေသည် စကားတပြောပြောနဲ့ ထမင်းစားရင်း တီဗွီကြည့်နေကြသည်။ သူမကတော့ မဆာသေးတာမို့ မနက်ဖြန်အပြီးချုပ်ရမည့် အထည်တွေကို လက်စသတ်နေလိုက်၏။ စက်ကို လမ်းမဘက်သို့ မျက်နှာချင်းဆိုင်လှည့်ထားသဖြင့် တီဗွီကို ကျောခိုင်းထားသလို ဖြစ်နေသည်။ ကြည့်နေကျ ဇာတ်လမ်းက မလာသေးတာမို့ မငုဝါ ချန်နယ်ပြောင်းလိုက်ကာ သီချင်းလာနေသဖြင့် ဖွင့်ထားလိုက်သည်။ သူမလည်း စက်ချုပ်နေရင်း နားထောင်မိ၏။ သီချင်းနာမည်က ဟေမာနေဝင်းနဲ့ ဆုန်သင်းပါရ်တို့ ဆိုထားသည့် ' မင်းကြောင့် ' တဲ့။ 


🎶 တိမ်တွေပျံလာတာမော့ကြည့်လို့ သီချင်းဆိုတာကောင်းတယ် 🎶


🎶 မင်းကြောင့်မို့ မင်းကြောင့်မို့ သီချင်းကလေးဆိုချင်တယ် 🎶


🎶 မြေပြင်ပေါ် လူတွေအားလုံးပေါ့ ပြုံးပျော်နေလားကွယ် 🎶


🎶 မင်းကြောင့်မို့ မင်းကြောင့်မို့ ပြုံးလိုက်ကြပျော်ရွှင်တယ် 🎶


🎶 ရင်ခုန်တယ် ချစ်ရတာ အရာရာပြောင်းလဲခဲ့ပါတယ် 🎶


🎶 ရင်ခုန်လို့ချစ်တတ်ပြီ ဒါဟာ မင်း မင်းကြောင့်နော် 🎶


🎶 လာပါလာပါကွယ် တွေ့ကြဖို့စောင့်နေတယ်အချစ်ရယ် 🎶


🎶 မင်းကြောင့်မို့ မင်းကြောင့်မို့ တမ်းတတတ်နေပြီလေ 🎶


🎶 လာလာ လာ... လာ... လာ... 

လာ လာ လား... လား... 🎶


🎶 မင်းကြောင့် မင်းကြောင့်ပါနော် အရမ်းပဲချစ်တတ်ပြီ 🎶


🎶 မင်းကြောင့် မင်းကြောင့်ပါနော် လွမ်းလည်းလွမ်းတတ်ပြီ 🎶


🎶 ရင်ခုန်သံတွေ သိပ် မြန် 🎶


🎶 ကြင်နာ ပါတော့ကွယ်... 🎶


🎶 အသည်းနှလုံး လှိုက်လို့ခုန်တော့ 🎶


🎶 အားလုံး မင်းကြောင့်ကွယ်...  🎶


သီချင်းမှာ လူက နစ်မျောနေကာ ဘီးလှည့်လိုက်ချိန် ရုတ်တရက် လက်ကို အပ်ကလာပေါက်မိသွားလေသည်။ နာကျင်သွားသော်လည်း ကြိတ်မှိတ်ကာ သည်းခံရင်း လက်ကို ပါးစပ်ထဲထည့်၍ ငုံစုပ်ထားလိုက်၏။ ဆက်ချုပ်ဖို့ စိတ်မပါတော့တာမို့ ထိုင်နေရာမှထရပ်၍ ထမင်းစားဖို့ပြင်စဥ် ရုတ်ခနဲ အရိပ်တစ်ခုကို လှစ်ခနဲ တွေ့လိုက်ရသည်မို့ သူမ လမ်းမဘက်သို့ လှမ်းမျှော်ကြည့်လိုက်ရာ နေရောင်အောက်ကနေ အိမ်ထဲလှမ်းဝင်လာသော ပုံရိပ်ကြောင့် သူမ နှလုံးသားက ဒိတ်ခနဲ ခုန်လှုပ်သွားလေသည်။ 


" ဓူဝံ " 


သစ်လွင်သောဟန်ပန်ဖြင့် လွယ်ထားသည့်အိတ်ကို ခေါင်းပေါ်မှ ကျော်ချွတ်လိုက်ရင်း အိမ်ပေါ်သို့ ခပ်သော့သော့တက်လာသော ဓူဝံက ကံ့ကော်ကို နူးညံ့စွာ ပြုံးပြလိုက်သည်။ ယခု သူမတို့ကြား အလွှာပါးလေးတစ်ခုတောင် ခြားနေသည်ဟု မခံစားရတော့ချေ။ 


°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°🕊🕊


ဆက်ရန် >>>


#Ruby Linn


rate now: