မညီမျှတဲ့ချစ်ခြင်း 🕊💔
ကံ့ကော်သည် မလေးကို ပုစွန်ကူကိုင်ပေးရင်း အကြံတစ်ခုရသွားသည်။
" မလေး... ဒီပုစွန်ကို ရဲယိုရွက်နဲ့ အုပ်ချက်ရင်ရော အတော်စားကောင်းမှာနော် "
" ဟုတ်တယ် မလေးတစ်ခါချက်စားဖူးတယ် ကောင်းတယ်၊ အိမ်မှာက ရဲယိုရွက်မရှိဘူး ကံ့ကော်ရဲ့၊ ဒေါ်ဘုတ်ဆုံတို့အိမ်မှာတော့ ရှိမယ်ထင်တယ် "
" ဒါဆို ပုစွန်ကိုင်ပြီး ကျွန်မသွားမေးကြည့်လိုက်မယ် "
ပုစွန်ထုပ်နီးနီး အကောင်ကြီးတာမို့ ခေါင်းရောအမြီးပါ အခွံချွတ်သဖြင့် နည်းနည်းတော့ ကြာသွားသည်။ နောက် လက်ကို ဆပ်ပြာနဲ့စင်အောင်ဆေးပေမယ့် ညှီနံ့က လက်မှာ စွဲကျန်နေသေး၏။ လက်သုတ်ပြီး သူမ ခြေရင်းဘက်အိမ်သို့ ကူးသွားလိုက်သည်။
" ဒေါ်ဘုတ်ဆုံ... "
အသံပေးပြီး အိမ်ပေါက်ဝမှာရပ်၍ သူမ အထဲသို့ လှမ်းမျှော်ကြည့်လိုက်၏။
" နင် ဒါလေးတောင် မရေးတတ်ဘူးလား၊ အသတ်ထည့်ပါဆို ဘယ်နှခါပြောရမလဲ ဟမ် "
အိမ်ရှေ့ခန်း ထမင်းစားပွဲမှာ စာရေးနေသော ငွေစင်ကို ဒေါ်ဘုတ်ဆုံက အားမလိုအားမရဟန်ဖြင့် ဒေါသပါပါပြောဆိုနေပြီး လက်ကလည်း သမီးဖြစ်သူရဲ့ ခေါင်းကို တခွပ်ခွပ်နဲ့ ခေါက်နေသေးသည်။ သူမ ရင်ထဲမကောင်းဖြစ်သွား၍ အောက်မှာဖိနပ်ချွတ်ခဲ့ပြီး အိမ်ပေါ်တက်သွားလိုက်သည်။
" သမီးလည်း ထည့်တာပဲ၊ မေ့မေ့သွားတာ "
" အကြီးမက ဉာဏ်ကောင်းသလောက် နင်က ထုံကိုထုံတယ်၊ နှစ်ချင်းပေါက်မအောင်ရင် ငါနင့်ကို ပိုက်ဆံအကုန်ခံပြီး ကျောင်းမထားဘူးနော်၊ နင့်အစ်မလို အထည်ချုပ်စက်ရုံပဲပို့မှာ "
" ဟင့် ဟင့် အင့် "
ငွေစင်ရဲ့ မျက်ရည်တွေက စာရွက်ပေါ် ပေါက်ခနဲပေါက်ခနဲ ကျသွားကာ တအင့်အင့် ရှိုက်ငိုနေသဖြင့် နှပ်ရည်တွေဟာလည်း ပါးစပ်ထဲသို့ စီးကျလာလေသည်။
" ဒေါ်ဘုတ်ဆုံရယ်... ကလေးကငယ်ပါသေးတယ်၊ မရိုက်ပါနဲ့နော် ချော့ပြောရင်ရပါတယ် "
" ကျောင်းဖွင့်ရင် သူငယ်တန်းတက်ရတော့မယ် မငယ်တော့ဘူးကံ့ကော်၊ သူ့ကို များများမသင်ဘူး တစ်နေ့နည်းနည်းပဲသင်တာ၊ ဒီနေ့သင် နောက်နေ့ပြန်မေးရင် သူ့မှာ မသိတော့ဘူး... ငါပြောရင်း စိတ်တိုလာပြီ ဒီကောင်မလေးတော့ ကြာရင် အရိုးတခြားအသားတခြားဖြစ်တော့မယ် "
" မလုပ်ပါနဲ့ မလုပ်ပါနဲ့ဒေါ်ဘုတ်ဆုံရယ်... သူ့ထက်ဆိုးတဲ့ကလေးတွေ အများကြီးရှိပါတယ်၊ ကိုယ့်ကလေး ဘယ်လောက်ဉာဏ်ထုံထုံ သူ့ရှေ့မှာ မပြောရဘူးဒေါ်ဘုတ်ဆုံရဲ့ "
ဒေါ်ဘုတ်ဆုံရဲ့ ခံယူချက်အမှားကို တည့်မတ်ပေးရန် သူမ စိတ်ကူးလိုက်သည်။ ထို့ကြောင့် ဒေါ်ဘုတ်ဆုံ အလွယ်နားလည်အောင် ဖျောင်းဖျပေးမိ၏။
" ဒေါ်ဘုတ်ဆုံနားလည်လွယ်အောင် ကျွန်မရှင်းပြမယ်နော်... ကျွန်မတို့ အခုထွန်းနေတဲ့ မီးသီးကို တီထွင်ခဲ့တဲ့သူကလေ ငယ်ငယ်က စာသင်ကျောင်းက ဒီကလေးကို စာသင်ပေးလို့မရလို့ အိမ်ပြန်လွှတ်ခဲ့တယ်၊ ကလေးက စာသင်ဖို့ စိတ်အားထက်သန်ပေမယ့် စာကျက်လို့မရဘူးဖြစ်နေတာ၊ ကလေးက သူ့အမေကို မေးတယ် ' မေမေ သားကို ဘာလို့ ကျောင်းမပို့တာလဲဟင် ' ဆိုပြီး သူ့အမေက ဘာပြန်ပြောလဲဆိုတော့ ' သားရယ်... သားက အရမ်းတော်ပြီးဉာဏ်ကောင်းလို့ ကျောင်းကိုလာစရာမလိုတော့ဘူး အိမ်မှာပဲ မေမေနဲ့စာကျက်ရမယ် ' လို့ ပြောခဲ့တယ်၊ ကျောင်းမှာ စာမသင်ရတဲ့ကလေးဟာ တစ်နေ့မှာ လျှပ်စစ်မီးသီးကို တီထွင်နိုင်ခဲ့တယ်တဲ့ "
သူမ ပြောတာကို ဒေါ်ဘုတ်ဆုံ သဘောပေါက်လား မပေါက်ဘူးလား မသိသော်လည်း နားစိုက်ထောင်နေတာ တွေ့ရ၏။ ငွေစင်လေးကလည်း မျက်ရည်တွေသုတ်ရင်း သူမမျက်နှာကို တမေ့တမော မော့ကြည့်နေတာမို့ နွေးထွေးစွာ ပြုံးပြလိုက်သည်။ တစ်ခါတလေ အပြုံးလေးတစ်ပွင့်က မထင်မှတ်ထားရလောက်အောင် နှစ်သိမ့်ဖော်ဖြစ်စေနိုင်ပါသည်။ ဒါကို တစ်ယောက်သောသူကြောင့် သူမ လက်တွေ့ခံစားခွင့်ရခဲ့ပါသည်။
" ဒါပေမဲ့ ကံ့ကော်ရယ်... ဒီကလေးမက ..."
" အကယ်၍ ဒေါ်ဘုတ်ဆုံခွင့်ပြုမယ်ဆိုရင် ကျွန်မ ငွေစင်လေးကို စာသင်ပေးမယ်လေ "
ဒေါ်ဘုတ်ဆုံက သက်ပြင်းလေးချပြီး...
" သင်ကြည့်ပေါ့၊ တော်ကြာ သင်လို့မရဘူးဆိုပြီး မိဘလက်ပြန်အပ်မှာ မြင်ယောင်ပါသေးတယ်တော် "
" အို ဒေါ်ဘုတ်ဆုံကလည်း... "
ထိုမျှသာပြောမိပြီး သူမ ခေါင်းကိုညင်သာစွာ ခါယမ်းလိုက်မိသည်။ လူတစ်ယောက်မှာရှိတဲ့ ခိုင်မြဲစွာ ဆုပ်ကိုင်ထားသည့် မှားယွင်းသောခံယူချက်ကို ဖြိုဖျက်ဖို့ အတော်ခက်ပါလား။ အမှန်ကိုမြင်တာတောင် မျက်စိမှိတ်ထားမယ့် လူမျိုးတွေလည်း အများကြီးရှိနေမှာ...။
" ဒါနဲ့ ကံ့ကော်အိမ်လာတာ ဘာကိစ္စလဲ "
" ဟုတ်သားပဲ ရဲယိုရွက်ရှိလား လာမေးတာ၊ ရှိရင် နည်းနည်းလောက်ပေးပါလားဟင်၊ ပုစွန်နဲ့အုပ်ချက်ချင်လို့ပါ "
" ရှိတယ် နောက်ဖေးမှာ၊ နေဦး သွားယူလိုက်ဦးမယ် "
ဒေါ်ဘုတ်ဆုံ အနောက်ဘက်ထသွားတော့ သူမ ငွေစင်လေးကိုကြည့်ပြီး အားပေးလိုက်သည်။
" ညနေကျရင် မမအိမ်လာခဲ့၊ ငွေစင်ကို မမစာသင်ပေးမယ်နော် "
" မမက ငွေစင်စာမေ့သွားရင် မေမေ့လို ရိုက်မှာလားဟင် "
" မရိုက်ပါဘူး အိမ်စာလုပ်မလာရင်တော့ အရိုက်ခံရနိုင်တယ် "
သူမ မျက်ခုံးလေးပင့်ချီ၍ ငွေစင်ကို သဲ့သဲ့ပြုံးလျက် ပြောလိုက်ရာ ငွေစင်က ခေါင်းညိတ်ပြီး...
" ဟုတ်ကဲ့ပါ ငွေစင် မမဆီမှာ စာလာသင်မယ်နော် "
" ကောင်းပါပြီရှင် "
ဒေါ်ဘုတ်ဆုံအိမ်က သူမပြန်လာတော့ မငုဝါကို ဖြစ်သမျှ အကျိုးအကြောင်း ပြောပြလိုက်သည်။ မငုဝါက စာသင်ပေးဖို့ကို အားပေး၏။
" မလေးရေ... တစ်ဖက်ကမ်းက ဦးသက်ပြင်းတို့ရေတင်စက် ပျက်လို့တဲ့ ကျုပ်ကိုလှမ်းခေါ်နေလို့ သွားလိုက်ဦးမယ် "
" ဟုတ်လား ဒါဆို မာလကာသီးတွေပွတာတွေ့ရင် စျေးပေးပြီး ဝယ်ခဲ့စမ်းပါ "
" ရေမတင်ရတော့ အသီးလိုက်ပါဦးမလားမသိဘူး၊ တွေ့ရင်တော့ ဝယ်ခဲ့မယ် "
ဓူဝံက ဟင်းချက်နေသည့် မငုဝါကို လာပြောသွားပြီး အိမ်ရှေ့သို့ ထွက်သွားစဥ် သူမ မငုဝါကို သိချင်စိတ်ဖြင့် မေးလိုက်၏။
" ဟိုဘက်ကမ်းမှာ မာလကာပင်တွေ စိုက်ထားတာလားမလေး "
" အင်း "
" သွားကြည့်ချင်လိုက်တာ "
" အဲဒါဆို ဓူဝံနဲ့လိုက်သွားလေ "
" ဖြစ်ပါ့မလား "
" ဘာမဖြစ်စရာရှိလဲ "
" သူက အလုပ်နဲ့သွားတာဆိုတော့ "
" ဒါလား လိုက်သွားချည် ခုအိမ်ရှေ့မှာပဲရှိဦးမယ် မာလကာသီးအစစ်တောင်းခဲ့ "
" ဟုတ်မလေး "
သူမ ပျော်သွားပြီး အပြေးကလေးထလိုက်သွားလိုက်သည်။ အိမ်နားလောက်မှာတွေ့မယ်ထင်ပေမယ့် သူမ နောက်ကနေ မပြေးရုံတမယ် လျှောက်သွားတာတောင် တံတားနားရောက်မှ ဓူဝံကို လိုက်လို့မီသည်။
" ဘယ်သွားမလို့လဲ "
" ရှင်နဲ့ ဟိုဘက်ကမ်းလိုက်မလို့ "
" သြော် အဲဒါစောစောကမပြောဘူး၊ ခေါင်းစောင်းလည်းမပါဘူး လာ လာ "
ဓူဝံက စက်လှေနဲ့မသွားဘဲ ရိုးရိုးလက်နဲ့လှော်သည့် လှေအသေးနဲ့ သွားဖို့ပြင်သည်။ သူမကို လှေထဲဆင်းခိုင်းတော့ သူမက ကြောက်နေ၏။ သူ အရင်လှေထဲဆင်းလိုက်ပြီး တံတားပေါ် တုံတုံချိချိရပ်နေသည့် သူမဆီ လက်တစ်ဖက်ကမ်းပေးလိုက်ရင်း...
" မကြောက်နဲ့ ရဲရဲဆင်း "
" ဟင့်အင်း ကြောက်တယ် "
" ကဲ ကျုပ်တစ်ယောက်လုံး လှေထဲရှိနေတာကို ခင်ဗျားက ဘာကြောက်တာလဲ "
သူ့စကားကြောင့် သူမက မျက်နှာ တစ်ချက်မဲ့သွားရင်း လှေကိုကြည့်လျက်...
" လှေလေးကသေးသေးလေး မှောက်မှာကြောက်တယ်၊ ကျွန်မ ရေမကူးတတ်ဘူး "
" ကျုပ်ကူးတတ်တယ် ခင်ဗျားအသက်ကို ကျုပ်အသက်နဲ့ အာမခံတယ်၊ ကဲ ကျုပ်လက်ကိုကိုင်ပြီး ဆင်းပါတော့ "
ဓူဝံက အဲ့လောက်ပြောနေမှတော့ သူမ မဆင်း၍မရတော့။ ဓူဝံလက်ကို တစ်ဖက်ကကိုင် တစ်ဖက်က တံတားစွန်းကိုကိုင်ပြီး လှေ၏ဝမ်းဗိုက်ထဲ အသာဆင်းလိုက်သည်။
ထို့နောက် ဒူးနှစ်ဖက်ပိုက်၍ မလှုပ်ရှားဘဲ ငြိမ်ငြိမ်လေးထိုင်နေလိုက်၏။ ဓူဝံက သူမကို ကြည့်ပြီး ဖွဖွပြုံးသည်။ အဲ့အပြုံးကို သူမမကြိုက်ပါ။
လှေဦးနားမှာထိုင်သော ဓူဝံသည် လှော်တက်ကို ဘယ်ညာပြောင်းကိုင်၍ ကျွမ်းကျင်စွာ လှော်ခက်ရာ လှေက ခပ်ဖြည်းဖြည်း ကမ်းမှခွာလေသည်။
" ဘာဖြစ်လို့ စက်လှေနဲ့မသွားတာလဲ ဓူဝံ "
" အနီးလေးပဲဟာကို ဆီကုန်ခံပြီး စက်လှေနဲ့မသွားတော့ဘူး၊ ဟိုဘက်ကမ်းကို ရိုးရိုးလှေနဲ့ပဲ ကျုပ်အမြဲကူးတယ် "
သူမ ခေါင်းညိတ်ပြီး ရေထဲကို ကြည့်လိုက်သည်။ ရေက ကြည်လင်မနေသလို နောက်ကျိမနေပါ။ ဗေဒါတို့ ဒိုက်တို့ အဝေးမှာ မျောပါလာတာကို လှမ်းမြင်ရသည်။ ထိုဗေဒါတွေကို ဘဲအုပ်က လိုက်ထိုးဆွနေ၏။ ဓူဝံကိုပြန်ကြည့်လိုက်တော့ သူက သာသာလေး လှော်နေဆဲပင်။ ကမ်းဘက်ကို နောက်ကျောပေး၍ ဆောက်ထားသော အိမ်တွေကို သူမလိုက်ကြည့်ရင်း လှေက တစ်ဖက်ကမ်းမှာ ကပ်သွား၏။ သစ်သားတံတားမှာ လှေကိုကပ်ထား၍ သူမကို အရင်တက်ခိုင်းသည်။ ပြီးမှ သူ ကုန်းပေါ်တက်သွားပြီး လှေထဲက စက်ပြင်သည့်ပစ္စည်းတွေယူကာ လှေကြိုးကို တံတားမှာချည်ထားခဲ့၏။
ကုန်းပေါ်ရောက်ရောက်ချင်း သွပ်မိုးပျဥ်ကာအိမ်လေးတစ်လုံးကို ဦးစွာတွေ့ရသည်။
" ဗျို့ ဦးသက်ပြင်း "
" လာကွ မင်းကိုမျှော်နေတာ "
အသားဖြူဖြူ ထောင်ထောင်မောင်းမောင်း ဘောင်းဘီတိုနဲ့ အပေါ်အကျီမဝတ်ထားသဖြင့် ပူတင်းနေသည့်ဗိုက်က ရှေ့ထွက်နေသော ဦးလေးကြီးသည် အသံအရင်ပေး၍ လူက အိမ်ဘေးကနေ ပတ်၍ထွက်လာလေသည်။
" မင်းလာမှပဲကွာ မဟုတ်ရင် တစ်နေ့တစ်နေ့ ငါရေခပ်လောင်းရတာ မလွယ်ဘူး ငါ့ကောင်ရေ "
" ဦးသက်ပြင်းက ကျုပ်ကိုစောစောမှမပြောဘဲကို၊ ကဲ ကျုပ်သွားကြည့်လိုက်ဦးမယ်၊ ဒါနဲ့ အရီးရော မတွေ့ပါလား "
" ရှိပါ့ ထမင်းအိုးတည်နေတယ် "
သူတို့နှစ်ယောက်က ရှေ့ကလျှောက်သွားကာ ကံ့ကော်က နောက်မှာရပ်ကျန်ခဲ့တာမို့ သူ လက်ယပ်ခေါ်လိုက်မှ သူမက နောက်မှကပ်၍ လျှောက်လိုက်လာသည်။
" ဦးဆုံးပျက်တုန်းက မင်းဆီလာသေးတယ် မင်းမြို့တက်သွားတယ်ပြောလို့ အနောက်ပိုင်းက ချက်ကြီးကို ခေါ်ပြင်တာ ခဏပါပဲကွာ ပြန်ပျက်တာပဲ၊ မင်းက အိမ်မြဲတဲ့ကောင်မဟုတ်တော့ခက်တယ်၊ ငါ့စက်ကလည်း မင်းလက်နဲ့ထိမှ ကောင်းတာဆိုတော့ မင်းကိုပဲ မျှော်ရတာပေါ့ကွာ "
" ဟာ ဒါတော့ မြှောက်ပြောတာဖြစ်သွားပြီ၊ ကျုပ်က နတ်လိုဟက်ချလောင်းလည်း မလုပ်တတ်ပါဘူးဗျာ၊ ပြင်လို့ရတာလည်းရှိသလို မရတာလည်းရှိတယ်၊ မပူပါနဲ့ဗျာ ခါတိုင်းလို ကျုပ်စေတနာထည့်ပြီး ပြင်ပေးမယ် ဟုတ်လား "
" အားကိုးပါတယ်ကွာ လိုတာရှိပြောပေါ့ "
ဓူဝံ ရေတင်စက်ကို တစ်ချက်နှစ်ချက် စက်နိုးကြည့်ပြီး စက်အဖုံးကိုဖြုတ်ကာ အထဲကို သေချာစစ်ကြည့်လိုက်သည်။ ဦးသက်ပြင်းကလည်း အနားမှာရပ်၍ သူ့နည်းတူ လိုက်ကြည့်သည်။
" အင်ဂျင်ဗျ... အင်ဂျင်က သိပ်အလုပ်မလုပ်ချင်တော့ဘူး သူ့ကိုခိုင်းထားတာလည်း ကြာပြီမဟုတ်လား၊ ဒီအတိုင်း မျှင်းသုံးလို့ရအောင် ကျုပ်ကြိုးစားကြည့်ပေးမယ်၊ ဒါပေမဲ့ အသစ်လဲစေချင််တယ်ဗျာ၊ ဒီစက်နဲ့ပဲ အလုပ်လုပ်နေတာဆိုတော့လေ "
" မင်းသဘောပဲပေါ့ မြို့တက်ရင် အသစ်တစ်လုံးဝယ်လာခဲ့ကွာ ငါပိုက်ဆံပေးလိုက်မယ် ဟုတ်ပလား "
ဓူဝံ ခေါင်းညိတ်ပြီး အင်ဂျင်ကို ပြန်စစ်လိုက်သည်။ ထို့နောက် နည်းနည်းပြုပြင်ပြီး အဖုံးပြန်တပ်ကာ စက်နိုးကြည့်လိုက်တော့ ဒုတ်ဒုတ်နဲ့ အသံထွက်လာပြီး ရေလိုက်လာသည်။ သူ့ပစ္စည်းတွေကို အိတ်ထဲပြန်ထည့်ကာ ကံ့ကော်ကို သတိရသွား၍ လှည့်ကြည့်လိုက်တော့ သူမက မာလကာပင်တွေနား ရောက်နေလေရဲ့။
" ကျုပ် မာလကာသီးနည်းနည်းလောက် ဝယ်ချင်လို့ "
" နည်းနည်းမဟုတ်ဘူး ပွတာတွေ့ရင် ခူးသာခူးသွား ဟောဟိုမှာရေပုံး အဲ့မှာ အကြိုက်ခူး၊ ကျုပ်ဟိုဘက်ခြံရေတင်လိုက်ဦးမယ် "
ဓူဝံ ရေတင်စက်နားက ရေပုံးအမည်းအကြီးကိုယူပြီး သူမနားသို့ လျှောက်သွားလိုက်သည်။ မာလကာသီးတွေက အပင်တိုင်းမှာ ပြွတ်ခဲနေကာ တချို့အသီးတွေက မှည့်တောင်နေပြီ။ ရေနိုင်လို့နေမှာ ဟု တွေးလိုက်ရင်း အသီးတွေကြည့်ကာ သွားရည်ကျနေသော သူမအား...
" ပွတာတွေ့လား "
" ဟင် အင်း ဟိုမှာ ဟိုမှာရော "
ကံ့ကော် လက်ညှိုးတစ်ချောင်းသုံး၍ အပင်တိုင်းကို လိုက်ထိုးပြကာ ရွှင်မြူးနေသည်။ ဒါကြောင့် သူမကို ကြိုက်တာ ခူးခိုင်းလိုက်၏။ သူကတော့ ရေပုံးကိုင်ပြီး သူမခူးပြီးသား မာလကာသီးတွေကို လိုက်သယ်ပေးလိုက်သည်။
" အို အများကြီးဖြစ်နေပြီ၊ ရှင်လေးနေမှာပဲ ကျွန်မသယ်မယ် ပေး "
" ရတယ် ဟိုနားမှာနှစ်လုံး အဲဒါခူးပြီးရင်တော်ပြီ "
ခပ်လှမ်းလှမ်း အပင်အောက်နားမှာရှိသည့် အလုံးကြီးကြီး ဖွေးနေသော မာလကာသီးနှစ်လုံးကို သူ ညွှန်ပြရင်း ပြောလိုက်၏။ နောက် သူမ သွားခူးတာကို မလိုက်သွားတော့ဘဲ သူရပ်ကြည့်နေလိုက်သည်။
" ရှောက်ပင်တွေရှိတယ်နော် သတိထား ဆူးဦးမယ် "
" အင်းပါ အို "
သူပြောတာတောင် နောက်ကျနေသည်။ သူမက အဆူးစူးပြီးနေပြီ။ သူ မျက်စိဒေါက်ထောက်ကြည့်နေတာတောင် သူမက တော်ကာမကျ။
" မလှုပ်နဲ့ အဲ့မှာရပ်နေ ကျုပ်လာမယ် "
" ရတယ် ရတယ် မလာနဲ့ ကျွန်မဘာသာလုပ်မယ် "
ရှောက်ပင်က တစ်ပင်လုံး အရိုးပြိုင်းပြိုင်းကျနေတာမို့ ဆူးတွေက ဘေးသို့ ပြန့်ကားနေကာ သူမ ခြေထောက်ကို ရှောက်ဆူးတစ်ခတ်က လာထောက်ထားပြီး နောက်တစ်ခတ်က လုံချည်မှာလာညှိနေသဖြင့် သူ့ကို သူမ အသည်းအသန် တားနေခြင်းသာ။ ဒါကို သူက သူမနား လျှောက်လာနေသည်မို့ လုံချည်ကဆူးကို အတင်းဆွဲဖြုတ်နေသော ကံ့ကော်။
" အတင်းမဖြုတ်နဲ့ "
" မလာနဲ့ ရတယ်ဆို "
ကိုယ်ကိုကိုင်းညွတ်ကာ ဒူးနားမှာညှိနေသောဆူးကို သူမ မရမက အတင်းဆွဲဖြုတ်ပြီး ခေါင်းမော့ကြည့်လိုက်စဥ်ခဏ ဓူဝံက ဆူးကိုဖြုတ်ဖို့ အောက်ငုံ့လိုက်ချိန် ထင်မထားဘဲ သူမပါးပြင်နဲ့ သူ့နှာခေါင်း ချိတ်မိသွားရာ...
" ဘုတ် "
ဓူဝံလက်ထဲက ရေပုံးသည် အောက်သို့ ပြုတ်ကျသွားသည်မှာ သူ့ခြေထောက်ပေါ်သို့သာ။ နာရကောင်းမှန်းမသိတော့ဘဲ မက်မွန်သီးရောင်သန်းနေသည့် သူမမျက်နှာကို သူ တအံ့တသြ ဆွံ့အစွာ ငေးကြည့်နေပြီးမှ ကိုယ်ကို နောက်သို့ သုံးလှမ်းတိတိ ဆုတ်လိုက်မိ၏။
" ဟို ကျုပ် ကျုပ် "
သူ့နှာသီးဖျားကရနေသည့် ကံ့ကော်ပန်းနံ့ဆီသာ ဓူဝံ အာရုံရောက်နေပြီး စကားတွေလည်း ထစ်ငေါ့ကုန်တော့သည်။ သူမလည်း ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာမထားတတ်သည့်ပုံမို့ သူ ဘာလုပ်ရမည်မသိတော့။
" ဓူဝံ... မာလကာသီးခူးပြီးပြီလား၊ အရီး ထမင်းရည်ငှဲ့နေလို့ မခူးပေးအားတာ "
" အမ် "
ဓူဝံ ကံ့ကော်ကို နောက်ကျောခိုင်းလိုက်ပြီး ဦးသက်ပြင်းရဲ့ဇနီးဖြစ်သူကို တွေကြည့်နေပြီးမှ သူ ခြေထောက်ပေါ်ပိနေသည့် ရေပုံးကို ဆွဲမလိုက်ရင်း...
" ခူးပြီးပြီအရီး... ဘယ်နှလုံးမှန်းတောင် မသိတော့ပါဘူး တွက်ကြည့်ပါဦး၊ ဘယ်လောက်ဖိုးလဲလို့ "
" အဖိုးအခတွေလုပ်မနေနဲ့ ယူသွား၊ အရီးတို့လည်းမရောင်းအားလို့ နက်ဖြန်ဆို မှည့်ကုန်လောက်ပြီ "
သူ ကြောင်တောင်တောင်ဖြင့် ခေါင်းညိတ်လိုက်ကာ ရေပုံးသယ်ပြီး အိမ်ဘက်သို့ လျှောက်လာခဲ့ပြီးမှ သူမကို ထားခဲ့မိပြီမှန်းသတိရ၍ နောက်ပြန်လှည့်ဖို့ပြင်စဥ် သူမက အရီးနဲ့အတူ လျှောက်လာသည်မို့ သက်ငွေ့လေးချလိုက်မိသည်။ သူ့အပြုအမူကြောင့် သူမ သူ့ကို စိတ်ဆိုးသွားပြီလားမသိဘူး၊ ပြဿနာပဲ။ သူ့မျက်နှာကို လက်ဖြင့်အုပ်ကာ တစ်ချက်ပွတ်သပ်လိုက်ရင်း...
" ဒါဆို ကျုပ်တို့ပြန်တော့မယ်နော် ဦးသက်ပြင်း "
" နေပါဦး ရေနွေးကြမ်းလေးသောက်ပြီး စကားပြောရအောင်၊ ပညာကြေးဘယ်လောက်ပေးရမလဲပြောဦး "
" မသောက်တော့ပါဘူး အချင်းချင်းတွေဗျာ ပေးမနေနဲ့၊ နောက် မာလကာသီးတွေကလည်း အများကြီးပဲ ကျုပ်ကူရောင်းပေးမယ် "
" လုပ်ပြီ ရောင်းပေးစရာမလိုဘူး အဲ့ရေပုံးနဲ့ထည့်သယ်သွား "
" သွားပြီနော် ဦးသက်ပြင်းနဲ့အရီး "
" အေး အေး "
လှေပေါ် ရေပုံးကို အရင်တင်ပြီးမှ သူဆင်းလိုက်သည်။ ပြီးနောက် တံတားကို လက်ဖြင့်ကိုင်ထားပြီး သူမဆီ သူလက်တစ်ဖက်ကမ်းပေးလိုက်ကာ မျက်နှာလွှဲထားလိုက်၏။ သူမက သူ့လက်ကိုင်ကာ လှေထဲဆင်းလာပြီး သေချာထိုင်ပြီးနောက် သူလှေကြိုးကိုဖြုတ်၍ ညာလက်ဖြင့် လှေလှော်လိုက်၏။ အလာတုန်းက ရေစုန်မို့ သက်သောင့်သက်သာလှော်လာခဲ့ပေမယ့် အပြန်က အဆန်မို့ အားစိုက်လှော်ရသည်။
လှေလှော်နေရင်း သူမမျက်နှာကို မျက်လွှာပင့်ကြည့်မိတော့ သူမက မျက်နှာလွှဲထားလေသည်။ သူကလည်း စိတ်ထဲမှာ ဘဝင်မကျဖြစ်နေရင် မနေတတ်သူမို့ စိတ်ထဲရှိတာ ပြောချလိုက်၏။
" ကံ့ကော်... ခင်ဗျား ကျုပ်ကို စိတ်ဆိုးနေလား "
သူ့ဘက် မျက်နှာလှည့်မလာဘဲ သူမက သူ့အား မျက်လုံးဖြင့် ဝေ့ကြည့်လာပြီး ခေါင်းယမ်းပြ၏။ တကယ်စိတ်ဆိုးနေတာပဲ ဟု သူတွက်လိုက်မိသည်။
" ကျုပ်တကယ်မရည်ရွယ်ပါဘူးဗျာ အဲဒါမတော်တဆဖြစ်သွားတာပါ ခင်ဗျားကျေနပ်အောင် ကျုပ်ဘာလုပ်ပေးရမလဲ "
စိတ်မဆိုးပါဘူးဆိုတာကို သူမဘယ်လိုပြောရပါ့မလဲ။ နှုတ်ကလည်း ဖွင့်ဟပြဖို့ တုံ့နှေးနေမိတယ်။ သူမ ခေါင်းသာကုပ်မိ၏။ ရှက်စိတ်ကလည်း မပြယ်သေးပေ။ စောနတုန်းကဆို လူကို ပူထူနေတာပဲ။ သူ့မျက်နှာတောင် ရဲရဲမကြည့်ရဲသေးပါ။ ဒါကို သူက သူမစိတ်ဆိုးနေတယ်လို့ မှတ်ယူနေပုံပါပဲ။
သူမ ခေါင်းကို အပေါ်မော့ထားလိုက်တော့ တိမ်ဖြူဖြူအစုလေးတွေက သူမတို့နောက် လိုက်နေသလိုပင်။ တသွင်သွင်စီးဆင်းနေသည့် ရေအလျင်ကလည်း သူမတို့လှေနဲ့ ဆန့်ကျင်ဘက်သို့ ဦးတည်လျက်ရှိသည်။
သူမတို့တွေ ကုန်းပေါ်ပြန်တက်လာတော့ ဓူဝံက ရေပုံးကိုဆွဲလျက်...
" ကျုပ် မာလကာသီးတွေသွားရောင်းလိုက်ဦးမယ်၊ ခင်ဗျားပြန်နှင့် "
" ထမင်းပြန်မစားတော့ဘူးလား "
" ပြန်လာမှပဲစားတော့မယ်၊ သြော် မလေးဖို့ မာလကာသီးယူသွားလိုက်ဦး "
ကံ့ကော်လက်ထဲ မာလကာသီးတွေ ထည့်ပေးလိုက်ပြီး အနောက်ပိုင်းသို့ သူလျှောက်လာခဲ့လိုက်သည်။
°°°°°°°°°°°°°°°°°°°°°
နေ့လည်ပိုင်း ထမင်းစားချိန်ပြီးတော့လည်း ဓူဝံ အိမ်ပြန်မလာဘဲ ညနေခင်းမှပြန်လာပြီး ထမင်းစား၏။ ကံ့ကော် ငွေစင်ကို စာသင်နေတာတွေ့ရသဖြင့် သူ အံ့သြသွားသည်။ ဘယ်ကဘယ်လို စာသင်ဖြစ်သွားသည်မသိ။ စာသင်နေသောအသံကို နားထောင်ကောင်းကောင်းဖြင့် သူနားထောင်နေမိကာ ထမင်းစားဖို့ပင် မေ့နေလေသည်။
" အိမ်စာလုပ်လာခဲ့နော် မလုပ်လာရင် တုတ်ကြီးကြီးကောက်လာခဲ့ သိလားငွေစင် "
" ဟုတ်ကဲ့ "
" မနက်ဖြန်လည်း ဒီလိုအချိန်ပဲလာခဲ့ "
ငွေစင်က ခေါင်းတဆတ်ဆတ်ညိတ်ပြရင်း ရုတ်ခနဲ သူမပါးပြင်လေးကို နမ်းမွှေးလိုက်သဖြင့် မျက်လုံးလေးပြူးသွားပြီး ပြုံးလိုက်မိ၏။
" ဝါး သနပ်ခါးနံ့လေးက မွှေးနေတာပဲ "
သူမ မျက်နှာနားကခွာပြီး ငွေစင်က ပြုံးရယ်ရင်း ပြုံးလိုက်သော်လည်း သူမကတော့ မပြုံးနိုင်တော့ဘဲ မျက်နှာလေး ပူနွေးလာသည်ကို သတိပြုမိသဖြင့် မျက်စောင်းထိုးမှာ ထမင်းစားနေသော ဓူဝံဆီ မရည်ရွယ်ဘဲ ကြည့်လိုက်မိရာ ဓူဝံကလည်း သူမအား ကြည့်နေသည်မို့ သူမ ရှက်ရွံ့ရွံ့ဖြင့် မျက်လွှာချလိုက်မိသည်။ သူမ နှလုံးသားကလည်း ထပ်တူပူနွေးနေပါသည်။
°°°°°°°°°°
ဒေါ်ဘုတ်ဆုံက သူ့သမီးလေး စာလိုက်နိုင်လာသဖြင့် သူမကို အတော်လေးအမွှန်းတင်ချီးကျူးနေသည်။ အိမ်နားက ကလေးအမေတွေကလည်း သူ့တို့ကလေးတွေကို သူမဆီ လာအပ်ကာ စာသင်ပေးဖို့ အကူအညီတောင်းသည်မို့ စာသင်ရသည့်ကလေးတွေများလာတာကြောင့် ဓူဝံက စာသင်ခုံတွေ ရိုက်ပေးရသည်ထိပင်။
ဒေါ်သပြေကလည်း သူမကို အသင်အပြကောင်းသည် ဟုဆိုကာ ချီးကျူးပါသည်။
" ကုသိုလ်တွေထဲမှာ ပညာကုသိုလ်ဟာလည်း မွန်မြတ်တာပဲ၊ ရှေ့ဘဝတုန်းက ပညာဒါနတွေလုပ်ခဲ့လို့ ယခုဘဝမှာ ပညာတတ်တွေ ပညာရှိတွေဖြစ်နေတာ၊ အစ်မတို့က ဒီဘဝမှာ ပညာနည်းတာ ရှေ့ဘဝက ပညာကုသိုလ်နည်းခဲ့လို့ဖြစ်မယ် "
ထိုသို့လည်း သူမကိုကြည့်ကာ တွေးတွေးဆဆဖြင့် ပြောခဲ့သည်။ သူမကတော့ ကလေးတွေကို စာသင်ပေးနေရလို့ နေရတာ ပို၍အဓိပ္ပာယ်ရှိကာ ကျေနပ်နေမိသည်။
°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°🕊🕊
ဆက်ရန် >>>
#Ruby Linn