မညီမျှတဲ့ချစ်ခြင်း 🕊💔
နှစ်ဆန်းတစ်ရက်နေ့ နှစ်တစ်နှစ်ရဲ့ ပထမဆုံးနေ့မှာ မွန်မြတ်သည့် အလုပ်တစ်ခုကို သူမ ကျေနပ်စွာ ပြုလုပ်ခွင့်ရခဲ့ပါသည်။
အနီရောင်အောက်ခံမှာ အညိုနုရောင်အပွင့်ခပ်နုတ်နုတ်ရှိသော လုံချည်ကို ခြေမျက်စိဖုံးအောင် ဝတ်ထားသော ကံ့ကော်သည် အသားရောင်ရင်စေ့ လက်စကအကျီလေးရဲ့အောက်နားစကို လက်ဖြင့်ဆွဲချရင်း တစ်ဖက်မှ တံမြက်စည်းကိုင်၍ ဘုရားရင်ပြင်၌ လှည်းကျင်းနေ၏။ တစ်ဖက်မှာရှိသော ကြယ်စင်သည်လည်း သူမနည်းတူပင်။ ဘုရားရင်ပြင် တစ်ဖက်ခြမ်းမှာတော့ မိန်းကလေးနှစ်ယောက် သုံးယောက်က သစ်ရွက်ခြောက်တွေကို လိုက်ကောက်နေ၏။
ဓူဝံနဲ့ ပိုင်ဦးက မြတ်ရိုင်းတွေကို ဓားတစ်လက်ကိုယ်စီကိုင်၍ လိုက်ရှင်းနေသည်။ နောက် ကုဋီသွားဆေးသည်။ မျိုးချစ်က ကျောင်းပေါ်ကသောက်ရေအိုးကို ရေဖြည့်နေ၏။ တချို့မိန်းကလေးတွေက ကျောင်းပေါ်မှာ လှည်းကျင်းနေကြသည်။
ဆံပင်တွေ မျက်နှာကို လာရောက်အုပ်ကွယ်ထိတွေ့တာကို မကြိုက်သဖြင့် ဆံပင်တွေကို အကုန်စုစည်းချည်နှောင်ထားသည့်ကြားက ရှေ့ဆံပင်တိုတွေက မျက်နှာပေါ်သို့ တချို့တစ်ဝက်ပြေကျနေသဖြင့် သူမ စိတ်မရှည်စွာ အပေါ်သို့ဖြစ်သလို သပ်တင်လိုက်၏။ ထို့နောက် အမှိုက်တွေကိုစု၍ ဂေါ်ပြားထဲထည့်ကာ အမှိုက်ပုံးထဲသွားပစ်စဥ် ကြယ်စင်က သူမနားတိုးကပ်လာပြီး...
" အစ်မကံ့ကော်... ကြယ်စင်တစ်ခုလောက်အကူအညိီတောင်းချင်လို့ "
" ပြောလေ ဘာများလဲ "
" ဟိုလေ ဒီကိစ္စကို ဘယ်သူမှမပြောပါနဲ့နော် "
စကားအသွားအလာကြည့်ရသလောက် အရေးကြီးသော ကိစ္စဖြစ်မှန်းသိလိုက်၍ သူမ ကြယ်စင်ကို ခေါင်းညိတ်ပြလိုက်တော့ ကြယ်စင်က လေသံကိုလျော့ကာ နှစ်ကိုယ်ကြားရုံ ပြောလေသည်။
" ဟို အစ်မနားလည်အောင် ဘယ်လိုပြောရမလဲဆိုတော့... ဒီလိုအစ်မရာ ကြယ်စင်က ရန်ကုန်အထည်ချုပ်စက်ရုံတစ်ခုမှာ အလုပ်လုပ်တာ သင်္ကြန်ပိတ်ရက်မို့ ရွာကိုပြန်လာတာ၊ အမှန်ဆို ဒီနေ့ပြန်ရမှာ ဒါပေမဲ့ နက်ဖြန်မှပြန်တော့မယ်၊ အဲဒါ သူက ကြယ်စင်မပြန်ခင် ကြယ်စင်ကို တွေ့ချင်လို့တဲ့၊ အဲဒါ အစ်မကူညီပေးပါလားဟင် "
" ခဏ ခဏနော် "
ကြယ်စင်ပြောသွားသည့်ထဲမှာ သူမ နားမရှင်းတာပါသွားသဖြင့် ဖြတ်မေးလိုက်သည်။
" စောနက သူ သူဆိုတာက ... "
" အဲဒါ ကြယ်စင်ချစ်သူကိုပြောတာပါ "
" သြော် သူက ဘယ်မှာနေတာမို့လဲ ကြယ်စင်ကို မမက ဘယ်လိုကူညီပေးရမှာလဲ "
" သူက ဟိုဘက်ရွာမှာနေတာ၊ ကြယ်စင်တစ်ယောက်ထဲဆို ထွက်လို့ရမှာမဟုတ်ဘူး အစ်မနဲ့ဆိုရင်တော့ ဘယ်သူမှသိမယ်မထင်ဘူး၊ အဲဒါကြောင့်ပါ ကူညီပါနော် နော်အစ်မ "
" ဟုတ်ပါပြီ တွေ့ဖို့ကရော ဘယ်မှာတွေ့မှာမို့လဲ "
" အရှေ့ပိုင်းက ကွမ်းခြံမှာပါ "
" တစ်ယောက်ထဲတော့မသွားပါနဲ့၊ အဖော်လိုက်ပေးဆို လိုက်ပေးမယ်လေ "
" ယေး ပျော်လိုက်တာ "
ကြယ်စင်က သူ့အသံ မဆိုသလောက်ကျယ်သွားသဖြင့် သူ့ပါးစပ်သူလက်နဲ့အုပ်ကာ ဖွဖွရယ်နေသည်။
" ဒါဆို ကြယ်စင် အစ်မကို ညနေအိမ်မှာလာခေါ်မယ်နော် "
" အင်းပါ "
ဒီကလေးမက ချစ်သူနဲ့ပါလား။ သူမ မျက်လုံးထဲမှာ ကလေးဟုသာ မြင်နေသဖြင့် နည်းနည်းတော့ နှမြောမိသလိုပင်။ ထင်တောင်ထင်မထားခဲ့။ ကြယ်စင်က ရန်ကုန်မှာတောင် တစ်ယောက်ထဲ အလုပ်သွားလုပ်နေတဲ့ မိန်းကလေးပဲ။ ကိုယ့်စိတ်ကိုယ် ပိုင်နိုင်စွာ ထိန်းချုပ်ဦးဆောင်နိုင်ဖို့ပဲ လိုအပ်တာမဟုတ်လား။ တကယ်တော့ အသက်အရွယ်ဆိုတာ ကိန်းကဏန်းတစ်ခုပါလေ။
" ကလေးတွေ ကျောင်းပေါ်တက်ခဲ့ကြဦး ဘုန်းဘုန်းခေါ်နေတယ် "
ကပိယကြီးရဲ့ ဆော်သြမှုကြောင့် လုပ်လက်စတွေ လက်စသတ်ခဲ့၍ သူတို့တွေ ခြေထောက်လက်ထောက်ဆေးကာ ကျောင်းပေါ်တက််ခဲ့ကြသည်။ ထို့နောက် ကျောင်းတိုင်ဘုန်းဘုန်းအား ဦးတိုက်ရှိခိုးကြ၏။ ဘုန်းဘုန်းက ကလေးတွေကို ဆုပေးပြီးနောက်...
" မုန့်ဟင်းခါးတွေချက်ထားတယ် အနောက်မှာသွားစားကြ "
" တင်ပါ့ဘုရား "
ဘုန်းဘုန်းကို အလျင်အမြန်ပင် ဦးကုန်းချ၍ အနောက်ဘက်သို့ ပြိုင်တူပြေးသွားကြ၏။ စားပွဲဝိုင်းနဲ့ တစ်ယောက်စာပြင်ထားသည်မို့ သူတို့တွေ အခန်သင့်ဝင်ထိုင်လိုက်ကြသည်။
" ငါက မုန့်ဟင်းခါး "
" ခေါက်ဆွဲဒီဘက်ပို့လိုက် "
" ပဲကြော်လေးထည့်ပေးစမ်းပါ လက်လှမ်းမမီလို့ "
အသံတွေ တစ်ယောက်တစ်ပေါက် ခဏတော့ ဆူညံသွား၏။ မစားသေးဘဲ သူများတွေကိုလိုက်ကြည့်နေသော ကံ့ကော်က ဓူဝံဘေးတွင်မို့ သူမအား ငဲ့ကြည့်၍ ....
" ခေါက်ဆွဲမကြိုက်လို့လား၊ ကျုပ်လဲပေးရမလား "
" ဟင့်အင်း "
သူမက ပြုံးလျက် ညင်သာစွာ ခေါင်းကိုယမ်းခါရင်း ဇွန်းကိုကိုင်လိုက်သည်။ ပြီးနောက် ဟင်းချိုထည့်ကာ တစ်ဇွန်းခပ်စားသည်ကိုကြည့်ပြီးမှ သူလည်း စားလိုက်သည်။ ထိုစဉ် သူ့ခြေထောက်က ကျုံ့ကျုံ့လေးထိုင်နေသည့် သူမခြေချောင်းလေးကို မတော်တဆ ထိမိသွားရာ သူနောက်ဆုတ်ထိုင်လိုက်၏။ ခံတွင်းတွေ့သွားသည်ထင်ရဲ့၊ သူမက တစ်ပွဲကို ခဏလေးကုန်သွားပြီး လိုက်ပွဲတောင် ထပ်ထည့်နေသည်။
" ဒေါ်ကြီးဝင်းလက်ရာဖြစ်မယ် ဒါကြောင့်စားကောင်းနေတာ "
" တို့တွေစားပြီးရင် ခါတိုင်းလို သက်ကြီးရွယ်အိုတွေကို ခေါင်းဆေးမင်္ဂလာပြုကြတာပေါ့ "
" အင်း နှစ်ယောက်တစ်တွဲ လူစုခွဲပြီးသွားကြမယ် "
" ဇာက ဓူဝံနဲ့ပဲ တွဲမှာနော် "
သူဇာက ရိုးရိုးသားသားပြောလိုက်သည်ဆိုသော်လည်း အဓိပ္ပာယ်နှစ်ခွထွက်သွားကာ အများရှေ့မှာမို့ နှစ်ဦးစလုံးရဲ့ ဂုဏ်သိက္ခာကြောင့် ဓူဝံ သူဇာကို ခပ်တန်းတန်းစိုက်ကြည့်လိုက်၏။ ထိိုအခါမှ သူဇာက သူ့အား ယောင်နနလှမ်းကြည့်နေရှာသည်။ သူ ဘာမှတော့မပြောပါ။
" အနောက်ပိုင်းကို သူဇာတို့သွားလိုက်၊ တို့တွေ အရှေ့ပိုင်းကိုသွားလိုက်မယ်၊ အလယ်ပိုင်းကိုတော့ ကံ့ကော်နဲ့... "
" ကျုပ်အတူလိုက်သွားလိုက်မယ် "
ပိုင်ဦးက ကပျာကယာ ဝင်ပြောလိုက်တာမို့ ကံ့ကော် ပိုင်ဦးနဲ့ အတူသွားဖြစ်သွား၏။ သူမ ဓူဝံကို လှမ်းကြည့်လိုက်တော့ ဓူဝံက ရေနွေးကြမ်းငှဲ့သောက်နေ၏။ သူ့အပြုအမူက အလွန်ပင် အေးဆေးနေသည်။ သူမ ဘာရယ်မဟုတ် သက်ပြင်းလေးခိုးချလိုက်၏။ စိတ်ထဲ မတင်မကျလေးတစ်ခုဖြစ်နေကာ ပုံမှန်ထက် သွေးအေးနိုင်လွန်းသော ဓူဝံကို သူမဘက်ကလည်း ပြောစရာမရှိခဲ့ပါ။ သူတောင်မှ နေနိုင်သေးတာပဲ။
°°°°°°°°°°
အနောက်ပိုင်းမှာ အသက် ၇၀ ကျော်သော အဘိုးအဘွား သုံးယောက်သာရှိသည်။ သူတို့တွေ နှစ်ဆန်းတစ်ရက်နေ့တိုင်း အိမ်တိုင်ရာရောက်သွားကာ ကုသိုလ်ပြုနေကြမို့ လူကြီးတွေက သူတို့အား နွေးထွေးစွာ ကြိုဆိုကြမြဲ။
" လာကြ လာကြ ကလေးတို့ "
အိမ်ရှေ့မှာ ခုံလေးတွေချကာ ဓူဝံက အဘိုးအဘွားတွေကို လက်သည်းညှပ်ပေးချိန် သူဇာက ခြေသည်းညှပ်ပေး၏။ ထို့နောက် သူဇာက သူတို့ယူလာသည့် တရော်ကင်ပွန်းနဲ့ အဘွားကို ခေါင်းလျှော်ပေးရာ ဓူဝံက ဘေးကနေ အလိုက်သင့် ရေလောင်းချပေးသည်။ သူဇာက လက်သည်းနဲ့မကုပ်ခြစ်မိအောင် ခပ်ဖြည်းဖြည်း လျှော်ပေးသလို ဓူဝံကလည်း မျက်စိထဲဆပ်ပြာမဝင်အောင် သေချာဂရုစိုက်ရေလောင်းပေးသည်မို့ အားလုံးအဆင်ပြေပြေနဲ့ ပြီးစီးသွားသည်။
" ကဲ ဒါဆို ကျုပ်ပြန်တော့မယ် "
" နေပါဦး ဓူဝံကလည်း... အိမ်ထဲဝင်ပါဦး ထမင်းစားပြီးမှပြန်လေ နော် "
" မစားတော့ပါဘူး အိမ်မှာလုပ်စရာတွေရှိလို့ "
" ဓူဝံကလည်း... နေပါဦးဆိုတာကို တကယ်ပဲ "
ဘယ်လိုမှ တားမရဘဲ ဓူဝံက ပြန်သွားသည်မို့ သူဇာ ဒေါထနေ၏။ သူငယ်ချင်းဆိုပေမယ့် ဓူဝံက သူမကို ပုံမှန်အတိုင်းဆက်ဆံကာ သူမဘက်ကသာ လိုက်အရောဝင်နေသလိုမို့ ဓူဝံကို တကယ်ပဲ ကိုင်ဆောင်ချင်မိသည်။
°°°°°°
ဓူဝံ အိမ်ပြန်ရောက်ချိန် ကံ့ကော်က သူ့ထက်ပင် အိမ်ကိုစောရောက်နေသည်။ မလေးနဲ့အတူ အိမ်သန့်ရှင်းရေးလုပ်နေ၏။ သူ အနောက်ဘက်ဝင်လာသောအခါ ရေဇလားထဲမှာ စောင်တွေရေစိမ်ထားတာတွေ့သည်မို့...
" ဒီစောင်တွေ မနက်ထဲကစိမ်ထားတာမလားမလေး... ကျုပ်လျှော်လိုက်မယ်နော် "
" ဟေ အေးအေး "
သူလှမ်းအော်လိုက်တော့ အိမ်ရှေ့ဘက်က မလေးကလည်း ပြန်အော်ပြောသည်။ ထို့နောက် သူ ပုဆိုးတိုတိုပြင်ဝတ်၍ ရေထဲက စောင်တစ်ထည်ကိုထုတ်ယူလိုက်ကာ ကျောက်ပြားပေါ်ချ၍ အဝတ်ရိုက်သည့်တုတ်ဖြင့် ချေးများစင်အောင် ယောကျာ်းအားထုတ်သုံးကာ ရိုက်လျှော်လိုက်၏။ နောက်စောင်တစ်ထည်ကိုလည်း ထိုနည်းလည်းကောင်းပင်။ လျှော်ပြီးသားစောင်ကို ရေဇလားထဲထည့်ကာ လက်ဖြင့်နှဲလိုက်၏။ ချည်ထည်က သူတစ်ယောက်ထဲ အဆင်ပြေပေမယ့် ဂွမ်းစောင်ကို ရေညစ်ဖို့အတွက် တစ်ယောက်လိုသည်မို့ သူ လှမ်းအော်ရပြန်သည်။
" မလေးရေ... ဒီမှာရေညစ်ကူဦး "
ချည်စောင်ကို နောက်ဖေးက ဝါးတန်းပေါ်ပစ်တင်၍ ဓူဝံရေညစ်နေစဥ် ခြေသံသဲ့သဲ့ကြားပြီး သူလှည့်ကြည့်လိုက်တော့ အနားရောက်လာသူက ကံ့ကော်ပင်။
" မလေးကပန်းအိုးတွေလဲနေလို့ ကျွန်မလာကူပေးတာ "
" အင်း "
ရေစင်သလောက်ရှိသွားပြီဖြစ်သော ချည်စောင်ကို တန်းပေါ်ဖြန့်လှန်းရင်း သူ လည်ချောင်းသံဖြင့် ပြောလိုက်ကာ ရေထဲကဂွမ်းစောင်ကို ဆွဲယူလိုက်ပြီး ရသလောက်ရေညစ်ကာ အစွန်းတစ်ဖက်ကို သူမကိုကိုင်ခိုင်းထားလျက် သူက စောင်တစ်ဖက်စွန်းကနေကိုင်ထားရင်း ရေညစ်လိုက်စဥ် သူမဘက်က စောင်စက အောက်သို့ ဘုတ်ခနဲပြုတ်ကျသွား၏။
"အယ် ဆောရီး ဆောရီး "
သူမက စောင်ကို ကုန်းကောက်ပြီး ပျာပျာသလဲ ပြောမိ၏။ သူက ဘာမှမပြောဘဲ သူမလက်ထဲကစောင်ကိုလှမ်းယူပြီး ရေထဲနစ်ကာဆေးလိုက်ပြီးနောက် ...
" တင်းတင်းကိုင်ထားနော် "
" အင်း ဒီတစ်ခါပြုတ်မကျအောင် ကျွန်မ ဘုတ် "
သူမ ပြောနေရင်း စောင်က ထပ်ပြုတ်ကျသွားပြန်တာမို့ ဘာဆက်ပြောရမည်မသိတော့ဘဲ ဓူဝံကို သူမ မရဲတရဲမော့ကြည့်လိုက်တော့ သူက သူမအား မျက်နှာတည်ဖြင့် ကြည့်နေတာမို့ စိတ်အားငယ်သွားရသော်လည်း...
" အဟွင်း... "
သူက ရုတ်တရက် အသံထွက်အောင် ရယ်လေသည်။ သူမ မျက်နှာနွေးသွားပြီး စောင်ကို ပြန်ကောက်လိုက်ရာ သူကလည်း ငုံ့အကောက်နဲ့မို့ ခေါင်းချင်း ဒုတ်ခနဲ စောင့်မိသွား၏။
" အ "
အသံသေးသေးလေးထွက်သွား၍ သူမ နောက်ဆုတ်ရှောင်ကာ ခေါင်းလေးပွတ်၍ ခါးပြန်မတ်လိုက်စဥ် ဓူဝံ စောင်ကောက်၍ ...
" ဒီနေ့တော့ စောင်တစ်ထည်လျှော်လို့ပြီးမှာပါ၊ ခင်ဗျားတစ်ခါမှစောင်မလျှော်ဘူးတာ သေချာသွားပြီ "
" မမြှောက်ပါနဲ့ ဒီတစ်ခါလက်ထဲကလွှတ်မကျအောင် တင်းတင်းကိုင်ထားပါ့မယ် "
" ဟော ခင်ဗျားကစိတ်ဆိုးသွားတာလား "
" မဟုတ်ပါဘူး ကျွန်မခေါင်းနာသွားလို့ပါ "
" အဟက် "
" မရယ်နဲ့နော် "
" အဟား... "
အို ပြောလဲဆိုးလေမို့ ကံ့ကော် မျက်စောင်းတစ်ချက် ရွယ်လိုက်တော့သည်။ တော်တော်အရယ်သန်နေတာဟုလည်း စိတ်ထဲက ရွဲ့စောင်းလိုက်၏။ ဒီတစ်ခေါက်မှာတော့ အဆင်ပြေပြေနဲ့ စောင်တစ်ထည် ရေပြောင်အောင်ညစ်လို့ပြီးသွားပြီ။ နှစ်ယောက်စလုံးလည်း ရေမချိုးရဘဲ ရွှဲရွှဲစိုကုန်၏။ ထိုအခိုက် မလေးက နောက်ဖေးရောက်လာပြီး...
" ဓူဝံတို့စောင်တစ်ခါလျှော်တာ ငါဘုရားပန်းအိုးလဲပြီးပြီ အိမ်ကြမ်းတိုက်ပြီးပြီ "
" ကျုပ်တို့လည်းပြီးပါပြီဗျာ "
" ရေပါတစ်ခါတည်းချိုးလိုက် နှစ်ယောက်လုံး စိုရွှဲနေတာပဲ၊ မလေး မနေ့က တရော်ကင်ပွန်းဝယ်ထားတာရှိတယ် အဲဒါနဲ့ ခေါင်းလျှော်လိုက်ကြ "
" ကျုပ်ကရတယ်နော် ခေါင်းလျှော်ရည်နဲ့လျှော်လိုက်မယ် "
" လျှော်ဆိုလျှော်လိုက်လေကွယ် နှစ်သစ်မှာ စိတ်သစ်လူသစ်ဖြစ်အောင်လို့ "
" ဟုတ်ပြီ လျှော်လိုက်မယ်နော် ဟုတ်ပြီလား "
" ဟွန်း ဒီကောင်လေး ဒီနေ့စကားတော်တော်ပြောနေရတယ် "
ဓူဝံ အိမ်ထဲဝင်ဖို့ နောက်ဖေးလှေကားမှာထိုင်နေသည့် မငုဝါဘေးက ဖြတ်အလျှောက် မငုဝါ မျက်စောင်းထိုးရင်း ပြောလိုက်ခြင်းဖြစ်ရာ သူမကြည့်၍ တိုးတိုးရယ်လိုက်မိသည်။
ထို့နောက် အိမ်ပေါ်တက်၍ သူမ အဝတ်စားလဲကာ ရေချိုးဖို့ပြန်ဆင်းခဲ့တော့ မငုဝါကလည်း ထဘီရင်လျားနဲ့ တရော်ကင်ပွန်းရည်ထုပ်ကိုင်၍ အနားရောက်လာ၏။
" တစ်ယောက်တစ်ဝက် လျှော်ကြမယ်ကံ့ကော်၊ ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့ဆိုတော့ ပိုက်ဆံမထွက်ချင်လို့ မလေးမနေ့ကတည်းက ဝယ်ထားတာ "
" ဒီနေ့ ဘာလို့ပိုက်ဆံမထွက်ချင်ရတာလဲဟင် မလေး "
ငုဝါက အထုပ်ဖောက်လိုက်ပြီး ရေခွက်ထဲလောင်းထည့်ရင်း...
" ဒီနေ့ပိုက်ဆံထွက်ရင် တစ်နှစ်လုံး ငွေထွက်များပြီး ငွေဝင်နည်းတတ်တယ်လို့ ရှေးလူကြီးတွေကပြောတာပဲ "
" အဲလိုလား "
ငုဝါက ကိုယ်ပေါ်ရေအရင်လောင်းချိုးလိုက်ပြီးမှ ခေါင်းလောင်းချိုး၏။ ပြီးနောက် တရော်ကင်ပွန်းနဲ့ ခေါင်းကို ဖြည်းညင်းစွာ ပွတ်သပ်၍လျှော်လိုက်သည်။ သူမလည်း မငုဝါလုပ်သလိုပင် လိုက်လုပ်မိ၏။ ဇိမ်နဲ့မချိုးနိုင်ဘဲ သူမ မြန်မြန်ချိုးပြီး မြန်မြန်ပြန်တက်လာခဲ့သည်။ အဝတ်စားအရင်ဝတ်ပြီးမှ သနပ်ခါးလိမ်းနိုင်သည်။ ရှင်မတောင်သနပ်ခါးကို ကျောက်ပြင်မှာ များများသွေး၍ မျက်နှာကိုအရင်လိမ်းကာ ပါးပြင်နှစ်ဖက်မှာ ပါးကွက်သေးသေးတင်လိုက်၏။ ထို့နောက် လည်ပင်း လက်မောင်းကို ကျန်သည့် သနပ်ခါးများနဲ့ လိမ်းလိုက်သည်။ ပြီးနောက် မငုဝါလိမ်းဖို့အတွက်ပါ သနပ်ခါးသွေးထားလိုက်သည်။
ခေါင်းမှာပေါင်းထားသော တဘတ်ကိုဖြေချလျက် ဆံပင်ကို ရေစင်အောင်သုတ်နေသော ကံ့ကော်သည် အိမ်ရှေ့ကွပ်ပျစ်ဆီ လျှောက်သွားလိုက်၏။ ရေသုတ်ပြီးသွားသော်လည်း ဆက်ထိုင်နေလိုက်သည်။ အတော်လေးကြာတော့ သူမ အိမ်ပေါ်ပြန်တက်ဖို့ပြင်စဥ် ဓူဝံက အောက်ဆင်းလာသည်မို့ သူမ နေရာမှ မရွေ့မိတော့။ သို့သော် သူက ခေါင်းရင်းဘက်ကနေ အနောက်ဘက်သို့ လျှောက်သွားတာမို့ သူမ လိုက်ကြည့်မိ၏။ တစ်အောင့်နေမှ အရှေ့ဘက်ပြန်လျှောက်လာသော သူ့လက်ထဲမှာ တစ်စုံတစ်ခုပါလာသည်။
ဘာလေးလဲ စပ်စုမိတော့ ကံ့ကော်ပန်းခိုင်တစ်ခိုင်နဲ့ သူက သူမဆီ ဦးတည်လာ၍ မော့ကြည့်လိုက်မိသည်။
" ခင်ဗျားပန်ချင်မလားလို့လေ "
" အဟင်း ကျေးဇူး "
သူမ လက်မနှေးဘဲ သူပေးတာကိုတောင်မစောင့်၊ ကိုယ့်ဘာသာ လှမ်းယူလိုက်ပြီးမှ အနည်းငယ် မျက်နှာပူသွားရလေသည်။ ဘယ်တတ်နိုင်မလဲ၊ ယူပြီးနေမှကို...။ နားကြားမှာညှပ်၍ သူမပန်လိုက်၏။ ပြီးနောက် သူ့ဘက်လှည့်၍ ပြုံးပြလိုက်သည်။ သူကလည်း ပြုံးပြ၏။ ယောကျ်ားတိုင်းဟာ နွေးထွေးတဲ့အပြုံးနဲ့လိုက်ဖက်ချင်မှလိုက်ဖက်နိုင်ပေမယ့် ဓူဝံကတော့ ထိုအပြုံးနဲ့လိုက်သည်ဟု သူမ ထင်မိသည်။
" ခင်ဗျားကို ကျုပ်တစ်ခုမေးချင်တယ် "
ကံ့ကော်က သူ့အား မျက်လွှာပင့်ကြည့်သည်။ သူ့မျက်လုံးကို သေချာစိုက်ကြည့်နေတာပင်။ စူးစမ်းသောမျက်လုံးများမို့ သူဖွဖွရယ်မိ၏။ သူမအဖြေကို သူသိနေပြီမို့ သူ့စကားကို ဆက်လိုက်သည်။
" ကံ့ကော်လို့ ကျုပ်ခင်ဗျားကို နာမည်ပေးတုန်းက ပြီးစလွယ်ပေးခဲ့တယ်ထင်လား "
" ဟင် ဟင့်အင်း ဘာလို့မေးတာလဲ "
" ကံ့ကော်ပန်းရဲ့အဓိပ္ပာယ်ကို သိလား "
ကံ့ကော်က သူမလက်ထဲက ပန်းခိုင်ကို ငုံ့ကြည့်ရင်း ခေါင်းခါပြသည်မို့ သူ လေးနက်စွာပင် ဆိုလိုက်သည်။
" သူ့အဓိပ္ပာယ်က မပြောင်းလဲသော ထာဝရအချစ် တဲ့ "
ဘေးချင်းယှဥ်ထိုင်နေသည့် ဓူဝံကို သူမ ဖျတ်ခနဲ လည်ပင်းလေးလိမ်ကြည့်လိုက်၏။ သူ ဘာရည်ရွယ်ချက်နဲ့ ဒီစကားပြောတာလဲဟူသော အတွေးက သူမခေါင်းထဲ ဦးစွာဝင်လာသည်။ သူ့ဆီမှာ မရိုးသားသည့်အကြည့်များ အမူအယာများ မတွေ့ရသဖြင့် အကြပ်ရိုက်သွား၏။ သူကလည်း သူမအား တန်ပြန်စိုက်ကြည့်နေရာ ရင်ထဲ သိမ့်ခနဲ ခံစားလိုက်ရသော်လည်း သူ့ဆီမှ သူမအကြည့်တို့ ဖယ်ခွာခြင်းမပြုခဲ့။
မျက်တောင်လေးတွေကို ပုတ်ခက်ပုတ်ခက်လုပ်နေပြီး သတိလက်လွတ်ဖြင့် ခပ်ဟဟပွင့်နေသော နှုတ်ခမ်းနှစ်လွှာ၏ပိုင်ရှင် သူရှေ့က မိန်းကလေးရဲ့ မျက်နှာရိပ်ကို အကဲခတ်ရသည်မှာ သူ့အတွက် စိတ်ဝင်စားစရာကောင်းလွန်းနေသည်။
" ကိုကြီး ကျုပ်ဝင်ခဲ့မယ်နော် "
" ပိုင်ဦး လာလေကွာ "
အသံပြုပြီးဝင်လာသည့် ပိုင်ဦးဆီ နှစ်ဦးသားအကြည့်ရောက်ပြီး ဓူဝံက ပြုံးလိုက်ရင်း...
" တစ်နေ့တစ်ခေါက်တောင် အိမ်ဘက်လှည့်မလာတဲ့သူက ဒီရက်ပိုင်း အိမ်အလာစိပ်နေပါလား ပိုင်ဦး "
" အဲ ဟို အဲဒါ ကိုကြီး... "
ပိုင်ဦးက ခေါင်းအောက်ငုံ့ပြီး ဟိုကုပ်ဒီကုပ်နဲ့မို့ သူယူလာသည့် ကံ့ကော်ပန်းတွေကိုကြည့်၍ ...
" ကံ့ကော်ကိုပန်းလာပေးတာမဟုတ်လား "
" အဲ ဟုတ်တယ် "
" အိမ်မှာလည်း ကံ့ကော်ပင်ရှိတယ်လေကွာ "
" ကျုပ်မေ့သွားတယ်ကိုကြီး၊ အိမ်ရှေ့မှာ ကံ့ကော်ပန်းတွေဝေနေတာမြင်တာနဲ့ မမကိုပေးချင်သွားလို့ "
ပိုင်ဦးက ကံ့ကော်ကိုလှမ်းကြည့်၍ ပြောလိုက်ရာ သူမနားမှာညှပ်ထားသည့် ပန်းကိုမြင်လိုက်သည်နှင့်...
" ဒါဆို ကျုပ်ပြန်ဦးမယ် "
" နေဦးလေ ယူလာပြီးမှ ပေးခဲ့ပေါ့ "
သူမအပြောကြောင့် ပိုင်ဦးအားတက်သွားကာ လက်ထဲကပန်းတွေကို ကံ့ကော်ဆီ သွားပေးလိုက်ပြီး...
" အဲ့ပန်းတွေနွမ်းသွားရင် ဝတ်ဆံကို သနပ်ခါးထဲထည့်လိမ့်နော် အရမ်းမွှေးတာ "
" အဲလိုထည့်လိမ်းလို့ရတယ်လား "
" အင်း "
" ကျေးဇူးပဲနော် ပိုင်ဦးကုသိုလ်ရအောင် မမဘုရားကပ်ပေးမယ် "
ပိုင်ဦးက ကံ့ကော်ကို ပြုံးကြည့်ရင်း ခေါင်းညိတ်ပြသည်။ တကယ်တော့ ပိုင်ဦးဟာ ဓူဝံလက်ထဲမှာ ကြီးပြင်းလာသည့် ကလေးတစ်ယောက်။ ယောကျ်ားချင်းဖြစ်နေတာကတစ်ကြောင်း ပိုင်ဦးအကြောင်းကို သူ အူမချေးခါးမကျန် အကုန်သိသည်။ ကလေးတစ်ယောက်ရဲ့စိတ်ကိုလည်း နားလည်သည်။ ပိုင်ဦးက သူ့အတွက်တော့ ညီအရင်းလေးတစ်ယောက်လိုချစ်ရသည့် ကလေးပင်။
°°°°°°°°°°°°°°°
" မလေး... ကျွန်မအရှေ့ပိုင်းခဏလမ်းလျှောက်ထွက်လိုက်ဦးမယ် ကြယ်စင်နဲ့ "
" ကြယ်စင်နဲ့လား သွားလေ၊ ပြန်လာရင် ထမင်းစားကြမယ် "
" ဟုတ်မလေး "
ကံ့ကော်နဲ့ ကြယ်စင် လက်ချင်းတွဲ၍ ခပ်ဖြည်းဖြည်းပင် လျှောက်လာခဲ့ကြပေမယ့် တစ်ချက်တစ်ချက် ကြယ်စင်က ရှေ့ရောက်ရောက်သွားသည်။ သူမကိုင်ထားသည့် ကြယ်စင်လက်တွေဟာလည်း အေးစက်နေ၏။ မျက်နှာလေးကလည်း မပွင့်တပွင့်ပန်းလေးလို ဖြစ်နေလေသည်။
သူမ ကွမ်းခြံကို ဖြတ်သွားဖြတ်လာမြင်ဖူးသော်လည်း တစ်ခါမှ ခြံထဲမရောက်ဖူးပေ။ ခြံက အတော်ကျယ်ပြီး ကွမ်းရွက်တွေကို ဝါးတန်းထိုးကာ အတန်းလိုက်ခပ်စိပ်စိပ် ညီညာစွာ စိုက်ထားတာကို တွေ့ရသည်။ အထဲဝင်သွားတော့ ကောင်လေးတစ်ယောက်က မတ်တပ်ရပ်စောင့်နေရာမှ သူမတို့ဘက် လျှောက်လာနေ၏။ ထိုအခိုက် ကြယ်စင်က သူမလက်ကိုဖြုတ်၍ ရှေ့သို့လျှောက်သွားနှင့်သည်။ ဒါ ကြယ်စင့်ကောင်လေးပေပဲ။
ထို့နောက် ကြယ်စင်က သူမနား ခပ်သုတ်သုတ်ပြန်လျှောက်လာပြီး...
" ဟို ဒီမှာခဏစောင့်ပေးနော်အစ်မကံ့ကော်၊ ကြယ်စင်တို့ ဟိုနားမှာရှိနေမယ်၊ ဒါ အစ်မအတွက် အုန်းသီးပျာရည်ထုပ် "
" သိပ်မကြာနဲ့နော် "
အထုပ်တစ်ထုပ်ကို ကြယ်စင်က လက်ထဲထိုးထည့်ခဲ့ပြီး သူ့ကောင်လေးရှိရာ လျှောက်သွားသည်။ ကွမ်းတန်းဘေးက သစ်သားတုံးတစ်ခုပေါ်မှာ ထိုင်လိုက်ပြီး အထုပ်ထဲက အုန်းသီးပျာရည်ထုပ်ကို သူမ ဖောက်လိုက်၏။ ကိုယ်ရောက်နေသည့် ပတ်ဝန်းကျင်ကို တစ်ချက်စူးစမ်းလိုက်ပြီးမှ ပျားရည်ထုပ်ကို နည်းနည်းကိုက်မြည်းလိုက်၏။
ကောက်ညှင်းက နူးအိနေပြီး အုန်းသီးနဲ့တွဲစားလိုက်တော့ အရသာထူးသွား၏။ အုန်းသီးမပါဘဲ စားကြည့်လိုက်သော် ထိုအရသာကို သူမ စားဖူးသလိုပင်။ တစ်နေရာရာမှာ စားဖူးနေသည်။ သို့သော် သူမ ဒီရွာကိုရောက်ထဲက ဒါ ပထမဆုံးအုန်းသီးပျာရည်ထုပ်စားဖူးခြင်းသာ။ ခေါင်းကုပ်လိုက်ပြီး ခြေထောက်နားကို အကြည့်ရောက်သွားရာ ပုရွက်ဆိတ်အနီကောင်တွေကို တွေ့သွားရသည်မို့ တခြားနေရာသို့ လျှောက်သွားလိုက်၏။
အထုပ်ကိုကိုင်ထားပြီး ဟိုသည်လျှောက်ကာ ကြယ်စင်တို့ကို စောင့်နေလိုက်သည်။ သိပ်ကြာလို့မကောင်းပေ။ ရွာဖျားထိလျှောက်ရင်တောင် ထန်ကုန် ၁၅ မိနစ် မိနစ် ၂၀ ပဲ ကြာသည်မဟုတ်လား။ ခုဟာက နာရီဝက်လောက်ရှိရော့မည်။ ခြံထဲမှာ ဘယ်သူမှ မတွေ့ပေမယ့် ကွမ်းလာဝယ်သူတစ်ယောက်ယောက်ကများ သူမတို့ကို မြင်သွားရင် မကောင်းပေ။ လိုက်ကြည့်တော့ အနောက်ဘက်မှာ ဓနိမိုးအိမ်လေးတစ်အိမ်တွေ့၏။
ကြယ်စင်တို့ အရမ်းကြာနေတာမို့ လိုက်သွားရင်ကောင်းမလား စိတ်ကူးနေစဥ်မှာပင် ကြယ်စင်တို့ပြန်ထွက်လာတာကို တွေ့လိုက်ရာ သူမ အသက်ရှူချောင်သွား၏။ ကြယ်စင်တို့အတွဲကို ကြည့်နေရင်း သူမမျက်လုံးထဲ ကြယ်စင်နေရာမှာ မိန်းကလေးတစ်ယောက်၏ ပုံရိပ်က ဝိုးတဝါးထင်ဟပ်နေသည်။ သူမ မြင်နေရတာ ကြယ်စင်ပါ။ ဘယ်ကမိန်းကလေးက ပေါ်လာရတာလဲ။ အနားရောက်တော့ တခြားမိန်းကလေးတစ်ယောက်၏ အသွင်ပြင်ကို ထင်းခနဲ မြင်လိုက်ရရာ သူမ ချာခနဲ မူးနောက်သွား၏။
" အရမ်းကြာသွားလားအစ်မ ဘာဖြစ်လို့လဲဟင် "
မျက်လုံးမှိတ်ထားရင်း ခေါင်းကိုလက်တစ်ဖက်ဖြင့် ဖိကိုင်ထားသော ကံ့ကော်၏နှုတ်မှ ရုတ်တရက် ထွက်သွားသည်က...
" ခေါင်းမူးသွားလို့ပါ သူသူ "
" ဟင် ဘယ်သူ့ကိုပြောလိုက်တာလဲအစ်မ "
နားထင်နားကို ဖိကိုင်ထားလျက် ကြယ်စင့်ကို သူမ မော့ကြည့်လိုက်ပြီး...
" မမ ဘာပြောလိုက်လို့လဲ "
" စောနက အစ်မ သူသူလို့ပြောလိုက်တယ်လေ "
" သူသူ ..."
သူမနှုတ်မှ ပထမဆုံးရွတ်ဆိုမိသည့် သူစိမ်းတစ်ယောက်၏နာမည်က နှုတ်ဖျားမှာစွဲနေသလို တရင်းတနှီးဖြစ်နေသဖြင့် ကိုယ့်ကိုယ်ကိုယ် အံ့အားသင့်သွား၏။ သူသူ... နောက်တစ်ကြိမ် စိတ်ထဲမယ် ရေရွတ်လိုက်မိသည်။ သူသူ ဆိုတာ ဘယ်သူများလဲ... ။
" ပြန်ကြမယ်လေ "
သူမ ခေါင်းညိတ်၍ ခြံထဲမှ လေးပင်နှေးကွေးစွာ လျှောက်လာခဲ့၏။ အသိစိတ်က လူနဲ့တော့ ကပ်မနေပါ။ ကွမ်းခြံထဲမှာ သူမ အမြင်အာရုံ၌ပေါ်လာသော မိန်းကလေးက ဘယ်သူများဖြစ်မလဲ။ သူသူ သူသူ... ဒီနာမည်ကိုလည်း ရင်းနှီးပါတယ်၊ မဟုတ်မှ သူမနဲ့ ပတ်သက်တဲ့သူများ ဖြစ်နေမလား။
စဥ်းစားတွေးတောရင်း ခေါင်းက မူးနောက်နောက်ဖြစ်လာသည်။
" အစ်မခေါင်းမူးနေတယ်ဆို နေရောကောင်းရဲ့လား "
" အိမ်ကထွက်လာတုန်းကအကောင်းပဲ၊ အခုမှ ဘာဖြစ်သလဲမသိဘူး "
" မဟုတ်မှ ကြယ်စင်ခေါ်လာလို့များ... "
" မဟုတ်ဘူး မဟုတ်ဘူး "
ကြယ်စင်က အိမ်ရှေ့ထိလိုက်ပို့သည်။ အိမ်ထဲဝင်လာသော သူမခြေလှမ်းများ ခါတိုင်းလို သွက်လက်မနေပါ။ သိချင်တာကို မသိရ၍ စိတ်ထဲ တနုံ့နုံ့ဖြစ်နေ၏။
" ကံ့ကော် ဘာဖြစ်လို့လဲ၊ မျက်နှာကတစ်မျိုးပဲ "
" ဟိုလေ မလေး... "
သူမ ပြောဖို့ကြံရွယ်ပြီးမှ ဘာပြောရမည်မသိသဖြင့် တုန့်ဆိုင်းသွား၏။ ပြန်ပြောဖို့အတွက် သူမ ဘာကိုမှ ရေရေရာရာမသိဘဲ။
" အင်း ဘာပြောမလို့လဲ "
" ဟို ဘယ်ကဘယ်လိုပြောရမလဲ မသိလို့ "
" မလေးရေ... နက်ဖြန် အစ်မတရားစခန်းထွက်မယ်ပြောတယ် "
မရှေးမနှောင်းပင် အိမ်ထဲဝင်လာသော ဓူဝံက လှမ်းပြောလိုက်သော်လည်း သူ့ဆီ ဘယ်သူမှ အာရုံမရောက်ပေ။ မလေးနဲ့ ကံ့ကော် စကားထိုင်ပြောနေသည့် နေရာသို့ သူလျှောက်သွားလိုက်သည်။
" စိတ်ထဲရှိတာသာပြောလိုက် ဒါမှပေါ့သွားမှာ "
မလေးရဲ့ ဘေးနားမှာ ဝင်ထိုင်သော ဓူဝံကို သူမတစ်ချက်ကြည့်ပြီးမှ မလေးအား ပြန်ကြည့်ကာ...
" စောစောက ကြယ်စင်နဲ့လမ်းလျှောက်တုန်းက ကြယ်စင့်ကို တခြားမိန်းကလေးတစ်ယောက်လိုမျိုး မြင်လိုက်မိတယ်၊ ပြီးတော့ သူသူလို့ ပါးစပ်က လွှတ်ခနဲ ခေါ်လိုက်မိသေးတာ၊ သူ့ကို အတော်လေး ရင်းနှီးတယ်လို့ ခံစားရပေမယ့် သေချာစဥ်းစားမရပြန်ဘူး "
" သြော် အဲလိုဆို ဖြည်းဖြည်းချင်းစဥ်းစားပေါ့ ညီမရဲ့၊ သိချင်လို့ အတင်းအကြပ်ဖိအားပေးစဥ်းစားလေ စဥ်းစားလိို့မရလေပဲ၊ ကံ့ကော်သာ ကိုယ်နဲ့ရင်းနှီးကျွမ်းဝင်တဲ့နေရာမှာရှိနေရင် ဒီထက်ပိုလွယ်ကူလိမ့်မယ် "
မလေးစကားတွေ နားထောင်ပြီး ရင်လေးစွာ သူမ သက်ပြင်းချမိ၏။ ဘယ်အချိန်မှ ပျောက်ဆုံးနေတဲ့ သူမမှတ်ဉာဏ်တွေ ပြန်ရမှာလဲ။ အချိန်တွေလွန်ကာမှ ပြန်မှတ်မိခဲ့ရင်ရော၊ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ရနိုင်မလား။ အတိတ်ရော အနာဂတ်ရောက သူမအတွက် စမ်းတဝါးဝါးဖြစ်နေ၏။ ခက်တာက လက်ရှိအချိန်မှာ ရပ်တန့်နေ၍ မရတာပင်။
" ကျုပ်မြို့တက်ဖြစ်ရင် လက်လှမ်းမီသလောက် စုံစမ်းပါဦးမယ် "
ကံ့ကော်စိတ်သက်သာအောင် သူထိုစကားသာပြောလိုက်၏။ တကယ်တမ်းမှာ ဘယ်ကစရမလဲ လမ်းစပျောက်နေတာကဆိုးတယ်။
သူမရဲ့အတိတ်ကို ပြန်မှတ်မိခဲ့ရင် အပျော်ဆုံးက သူပဲဖြစ်မှာပါ။ အမြန်ဆုံးမှတ်မိဖို့လည်း သူဆုတောင်းပေးမြဲပင်။ ဘာလို့ဆို သူမက ဧည့်သည်လေ။ ဧည့်သည်ဆိုတာ အချိန်တန်ရင် ကိုယ့်အိမ်ကိုယ် ပြန်စမြဲပဲ။ ဘယ်သူမှ ဘာအကြောင်းနဲ့မှ ဆွဲထားလို့ရမယ်မထင်ပါဘူး။ အချိန်တွေကြာလာတာနဲ့အမျှ ကြုံတွေ့ရသမျှက အကောင်းရောအဆိုးရော ဒွန်တွဲနေနိုင်တယ်။ ဘာကိုပဲဖြစ်ဖြစ် သူလက်ခံဖို့ အဆင်သင့်မဖြစ်သေးဘူး။
ဓူဝံ ခါးမတ်၍ နေရာမှထကာ အခန်းထဲသို့ ဝင်လာခဲ့သည်။ သူ့အခန်းပြတင်းပေါက်မှ လှမ်း၍ကြည့်လျှင် အနောက်ဘက်ခြံထောင့်မှာရှိသော ကံ့ကော်ပင်ကို အပွင့်တွေငွားငွားစင့်စင့်ပွင့်လျက် စိတ်ချမ်းမြေ့စွာ တွေ့မြင်ရ၏။ ကံ့ကော်ပန်းရဲ့ ဂုဏ်ရည်တစ်ခုက အပင်မှာနေလည်း မွှေးသလို နွမ်းခြောက်သွားရင်လည်း မွှေးစမြဲပင်။
°°°°°°°°°°°°
" အစ်မ "
" ဟေ "
" ကိုမျိုးချစ်တို့ မြို့တက်ပြီး စပါးကြိတ်မလို့တဲ့၊ ကျုပ်တို့လည်း စပါးနှစ်တင်းလောက် သူတို့နဲ့ ရောကြိတ်မလားလို့ "
" ကြိတ်ထားတာတွေ ရှိသေးတယ်မလား "
" နည်းနည်းပဲရှိတော့တယ်လေ အစ်မရဲ့၊ အဟောင်းနဲ့အသစ်နဲ့ ရောစားမလားလို့ပါ "
" အေးပါ အေးပါ သားပါလိုက်သွားမှာလား "
" ကျုပ်လိုက်သွားမယ်လေ "
" ခါတိုင်းလို ညနေပြန်ရောက်မှာမလား သွား သွား "
" အစ်မဘာမှာဦးမလဲ "
" မရှိပါဘူး ငုဝါသာမေးကြည့် "
" မလေးလိုချင်တာရှိရင် ကျုပ်ကိုမှာလိုက်လေ "
" လမ်းကြုံရင် မြက်တံမြက်စည်းတစ်ချောင်းသာဝယ်ခဲ့၊ ကံ့ကော်ရော ဘာမှာမလဲ "
" မှာစရာမရှိပါဘူး "
" ကဲ ဒါဖြင့် ကျုပ်သွားပြီ "
အပြာစင်းပုဆိုးနဲ့ ရှပ်လက်ရှည်အကျီနဲ့ ဘေးလွယ်အိတ်ကို သိုင်းလွယ်ပြီး ခမောက်လေးစောင်းကာ ဓူဝံ အိမ်ထဲမှ ခပ်သော့သော့လေး လျှောက်ထွက်လာခဲ့သည်။
မျိုးချစ်တို့အိမ်ရှေ့တွင် ရပ်ထားသော ဒိန်းဒေါင်းပေါ်သို့ မျိုးချစ်တို့မိသားစုတတွေ စပါးအိတ်တွေကို ထမ်းတင်နေကြ၏။
" ကိုမျိုးချစ်... ကျုပ်လည်း ခင်ဗျားတို့နဲ့အတူ စပါးလိုက်ကြိတ်ချင်လို့၊ နှစ်တင်းထဲပါဗျာ ဖြစ်လား "
" ဖြစ်တာပေါ့ကွ "
" ဒါဆို ကျုပ်အိမ်ရှေ့မှာခဏရပ်ပေးဗျာ "
သူတို့အိမ်ရှေ့မှာ ဒိန်းဒေါင်းရပ်သွားတော့ သူစပါးအိတ်တွေပေါ်က ခုန်ဆင်းပြီး အိမ်ထဲဝင်ကာ စပါးနှစ်တင်း ပခုံးပေါ်ထမ်း၍ ဒိန်းဒေါင်းပေါ်လှမ်းတင်လိုက်ပြီး မြို့သို့ စပါးအိတ်တွေပေါ်ကထိုင်လိုက်လာခဲ့တော့သည်။
" ကျုပ် စျေးထဲခဏဝင်လိုက်ဦးမယ် ကိုမျိုးချစ်၊ ခင်ဗျားမှာချင်တာရှိလား "
" ပြီးမှပဲလိုက်ခဲ့တော့မယ်ကွာ စျေးမှာဆုံကြတာပေါ့ "
" ကောင်းပြီ "
ဧရာဝတီမြစ်ကမ်းဘေးက မေခလာဆန်စက်မှာ စပါးကြိတ်ပြီးသည်နှင့် ဓူဝံ မြို့စျေးထဲ ဝင်လာခဲ့လေသည်။ အမှန်တော့ သူ ပစ္စည်းတစ်ခုလိုချင်လို့ ကိုမျိုးချစ်တို့နဲ့အတူ လိုက်လာခြင်းဖြစ်သည်။ သူလိုချင်သည့် ပစ္စည်းလေးက တစ်စျေးလုံးမှာ ရှာမတွေ့။ သူလည်း ညစ်သွားသည်။ နောက် စတိုးဆိုင်တွေ အလှကုန်ပစ္စည်းဆိုင်တွေဘက် ခြေဦးလှည့်ခဲ့၏။ ရှားရှားပါးပါး ဆိုင်လေးတစ်ဆိုင်မှာ ကျန်နေသေးသော ပစ္စည်းလေးကို သူကံကောင်း၍ ရရှိခဲ့သည်။ ဗိုက်ဟောင်းလောင်းနဲ့ တစ်မြို့လုံးနီးနီးပတ်ခဲ့တာမို့ လမ်းမှာ ကြက်သားနဲ့ထမင်းကြော်တစ်ပွဲဝင်စားခဲ့ရသည်။ နောက် မလေးမှာသည့် မြက်တံမြက်စည်းကို မမေ့မလျော့ သူဝယ်ခဲ့ပြီး ကိုမျိုးချစ်တို့နဲ့ ဆုံနေကျနေရာကို ပြန်လာတော့ သူတို့က သူ့ထက် အရင်ရောက်နှင့်နေပြီ။
" မင်းကွာ ကြာလိုက်တာ၊ ဘယ်တွေလျှောက်သွားနေတာလဲ "
" ကျုပ်လိုချင်တဲ့ ပစ္စည်းလေးတစ်ခု ရှာနေလို့ပါဗျာ၊ ကျုပ်တောင်းပန်ပါတယ် "
" ရရောရခဲ့လား "
" ရခဲ့ပါတယ် "
" ဒါဆိုလည်းပြီးတာပဲ ပြန်ကြမယ်ဟေ့ "
ဒိန်းဒေါင်းပေါ်ရောက်တော့ ကိုမျိုးချစ်က သူ့အား ခင်မင်ရင်းနှီးစွာ လှမ်းနောက်သည်။
" ရည်းစားနဲ့ သွားချိန်းတွေ့တဲ့ ကံကောင်းတောင် မင်းထက်အရင်စောရောက်တယ်၊ ကြည့်ရတာ မင့်ပစ္စည်းက အတော်အရေးကြီးပုံထောက်တယ်နော် ဓူဝံ၊ ကျုပ်ကြည့်လို့ရမလား "
ဓူဝံ မျိုးချစ်ကို ဘာမှမဆိုဘဲ ဒီအတိုင်း ပြုံးစစဖြင့် ကြည့်နေတာမို့ မျိုးချစ်က သူ့ကို ပခုံးချင်းတိုက်၍ ကျီစယ်ပြန်သည်။ သူ ပြုံး၍ ပြတ်ကျန်ခဲ့သော သစ်ပင်အစုလေးတွေ ကောက်ရိုးပုံလေးတွေ ငှက်လေးတွေကို လိုက်ကြည့်ရင်း ပျော်မွေ့နေသည်။
လောလောလတ်လတ် ကြိတ်လာသော ဆန်အိတ်ကို မျိုးချစ်က သူ့ပခုံးပေါ်ပင့်ပေးသဖြင့် ဆန်အိတ်ကိုထမ်း၍ တစ်ဖက်က အိတ်အမည်းနဲ့ တံမြက်စည်းကို ပူးကိုင်ကာ အိမ်ထဲဝင်လာခဲ့၏။ လက်ထဲက ပစ္စည်းကိုချပြီး အနောက်ဘက်သို့ ဝင်သွားကာ ဆန်အိတ်ကို မီးဖိုချောင်ရဲ့ ထောင့်တစ်နေရာတွင် ထောင်ထားခဲ့၍ ဓူဝံ ပြန်ထွက်လာခဲ့ရာ...
" ဟိုအိတ်အမည်းထဲက ဘာလဲ "
" ကံ့ကော်အတွက်ပါမလေး "
မလေးက ပခုံးတွန့်ပြလျက် တံမြက်စည်းကိုင်၍ အနောက်ဘက်ဝင်သွားတာမို့...
" မလေး... သူရော "
" အခန်းထဲမှာ ကံ့ကော်ရေ... "
" ရှင် "
မလေးက လှမ်းအော်ခေါ်လိုက်တော့ ကံ့ကော်က ချက်ချင်းပြန်ထူးပြီး တံခါးဖွင့်၍ ထွက်လာသည်။
" ဓူဝံက ပေးစရာရှိလို့တဲ့ "
မလေးက လမ်းကြောင်းပေးလိုက်ပြီး ဆက်လျှောက်သွား၏။ ဓူဝံ အိတ်အမည်းသွားယူကာ သူမကို အပြင်ထွက်ခဲ့ဖို့ မျက်နှာရိပ်ပြရင်း သူအိမ်အောက်သို့ဆင်းသွားလိုက်သည်။ နောက် အိတ်ထဲမှ သူထုတ်လိုက်သော ပစ္စည်းလေးကြောင့် သူမ အတန်ကြာ မှင်သက်သွားခဲ့ရသည်။
" ခင်ဗျားအတွက်... ကြိုက်ရဲ့လားမသိပေမယ့် သူက မကောင်းတဲ့အိပ်မက်တွေကို ဖမ်းချုပ်ပေးတယ်တဲ့၊ ကျုပ်လည်း စမ်းမကြည့်ဘူးတော့ ဟုတ်မဟုတ် မပြောတတ်ဘူး "
သူ့ရဲ့ စကားသံကြားမှ သူမ အသိစိတ်ဝင်လာခဲ့ရသည်။ Dream Catcher (အိပ်မက်ဖမ်းအဆောင်) လို့ခေါ်တဲ့ အဖြူရောင် ငှက်မွှေးတစ်ချောင်းသာ တွဲလွဲကျနေသော ချစ်စရာပစ္စည်းလေးကို သူမ ငိုင်တွေကြည့်နေရင်း တဒိတ်ဒိတ်တိုး၍ ခုန်နေသော နှလုံးခုန်သံက စက္ကန့်မလပ်မို့ ရုတ်ချည်း အားပျက်နွမ်းနယ်သွားသလိုပင်။
ဘယ်လိုများမေးလိုက်တာလဲ... ကြိုက်တာပေါ့၊ ကြိုက်တာမှ ပြောမပြတတ်အောင်ပါပဲ။
" ဘာလို့ ကျွန်မကိုပေးတာလဲဟင် "
" ညညတွေမှာ ခင်ဗျားအိပ်မက်ဆိုးတွေမက်ပြီး လန့်နိုးတယ်မလား... အဲဒါကြောင့်ပါ "
" အို ရှင်အဲဒါဘယ်လိုသိသလဲ "
" တစ်ညက ခင်ဗျားအိပ်မက်မက်ပြီး လန့်နိုးတော့ မလေးရေထခပ်ပေးတာ ကျုပ်ကြားလိုက်တယ်လေ "
" ဒါဆို ရှင်မအိပ်သေးဘူးပေါ့ "
" ကျုပ်လည်း လန့်နိုးလာခဲ့တာပါ "
အို ဘယ်လိုများ နွေးထွေးလိုက်တဲ့ စေတနာလဲဟင်။
သူ့ဆီက dream catcher ကို လှမ်းယူလိုက်သော သူမရဲ့ လက်ကတုန်ယင်နေတာမို့ လက်နှစ်ဖက်နဲ့ သေချာကိုင်ယူလိုက်ရ၏။ တုန်ရီလှိုက်မောစွာနဲ့ပင် အဆောင်ပစ္စည်းလေးအား သူမ တယုတယ ကိုင်တွယ်ပွတ်သပ်ကြည့်မိသည်။
ပျော်လွန်းလို့ မျက်ရည်ကျမတက်ပါပဲ ဓူဝံရယ်...။ ရှင့်ရဲ့ နှလုံးသားက ဘာလို့ ဒီလောက်တောင် နွေးထွေးကြင်နာနေရသလဲ။
ပြည့်ဝတဲ့ ရှင့်ရဲ့ စေတနာတွေကို ကျွန်မ အပြည့်အဝမခံယူနိုင်ဘူး ဖြစ်နေတယ်။
ကံ့ကော်သည် နူးညံ့သော အပြုံးလေးကို နှုတ်ခမ်းထက် စီခြယ်လျက် ဝဲတက်လာသော မျက်ရည်တွေကို သိုဝှက်ရင်း သူမအား နွေးထွေးစွာ ကြည့်နေသော ဓူဝံဘက် ခေါင်းလေးလှည့်လျက်...
" စကားကြွယ်တဲ့ရှင့်ကို ကျေးဇူး ဆိုတဲ့ စကားအပြင် ကျွန်မမှာ ပြောစရာမရှိတော့ပါဘူး ဓူဝံရယ် "
" လုံလောက်ပါပြီ၊ အဲ့ဒါနဲ့တင် ကျုပ်အတွက် လုံလောက်ပြီ "
ထိုစကားကိုကြားရခိုက် သူမနှလုံးသားက မခံမရက်နိုင်အောင် ကွဲကြေသွားသလို ဆို့နစ်ဝမ်းနည်းသွားရတော့သည်။
°°°°°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°🕊🕊
ဆက်ရန် >>>
#Ruby Linn