မညီမျှတဲ့ချစ်ခြင်း 🕊💔
စာသင်ကျောင်းရှေ့၌ ရုတ်ရုတ်သဲသဲ အုံးအုံးကြွပ်ကြွပ်ဖြင့် လူများ ပြင်ဆင်လုပ်ကိုင်နေကြပုံမှာ လူငယ်တွေချည်းမို့ အားမာန်တက်ကြွဖျတ်လတ်ဟန်ကို တွေ့ရပေလိမ့်မည်။
ရွာရဲ့ ကာလသားတချို့က အုန်းလက်တွေနဲ့ မဏ္ဍပ်ထိုးနေကာ အုန်းသီးတွေကိုတော့ မြေကြီးပေါ်ဖင်ထိုင်ချ၍ အုန်းခြစ်တွေနဲ့ အားရပါးရ ခြစ်နေကြသည်။
တစ်ဖက်မှာလည်း ကောက်ညှင်းဆန်နဲ့ဆန်ကြမ်းကို ရော၍ကြိတ်ထားသော မုန့်နှစ်အား ဝိုင်းနေအောင်လုံး၍ အလယ်ကိုလက်ညှိုးထိုးထည့်ကာ ကွမ်းညှပ်နဲ့ခြမ်းထားသည့် ထန်းလျက်ခဲသေးအား ထည့်လုံးပြီး ရေနွေးဆူဆူအိုးထဲသို့ ပစ်ထည့်ကာ အလျင်မီအောင် လုံးနေကြတာက မိန်းကလေးတစ်အုပ်စု။
လုံးပြီးသား မုန့်လုံးရေပေါ်လုံးတွေကို ဗန်းပေါ်မှာ အရင်စီထားပြီး ရေနွေးဆူမှ အိုးထဲကမုန့်လုံးရေပေါ်တွေဆယ်ထုတ်ပြီးမှ ဗန်းထဲမှ မုန့်လုံးရေပေါ်တွေကို အသာပစ်ထည့်ရတာမို့ လက်ကမလည်ပေ။ ကလေးလူငယ်မရွေး စတုဒီသာ မဏ္ဍပ်သို့ရောက်လာကာ ဝိုင်းကူညီလုပ်ပေးနေကြ၏။
" ဦးဦးဖျားဖျားမစားနဲ့နော် ဘုန်းကြီးကျောင်းအရင်ပို့ရမှာ "
" ဖယ်ထားပြီးပါပြီ မြည်းကြည့်တာပါ ဟဲဟဲ "
" အေး လုပ်လုပ် ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူမယ် "
ကလေးတွေက လုံးလိုက် ပေါက်ပြဲသွားတဲ့မုန့်တွေကို နှိုက်စားနေလိုက်နဲ့ ဟုတ်နေ၏။ ပြီးတော့ အကြံနဲ့ အိမ်ကနေ ငရုတ်သီးစိမ်းတွေကို ကတ်ကြေးနဲ့ညှပ်ကာ အိတ်ထဲခိုးထည့်လာကြသေးသည်။ လုံးပြီး အနောက်မှာ ငရုတ်သီးတွေကို တချို့မုန့်တွေထဲ ထည့်နေတာကို လူကြီးတွေကတော့မသိချေ။ ဘယ်သူကံစမ်းမဲ ပေါက်မည်မသိ။ သူမ လှမ်းကြည့်နေရင်း ကိုယ့်ဘာသာကိုယ်ထည့်ပြီး ငရုတ်သီးမိသွားသူတစ်ယောက်တော့ တွေ့သွားပြီ။ လူလစ်တာချောင်းပြီး အသာလေးထွေးထုတ်လိုက်သော ကလေးမလေးရုပ်က
အတော်လေးစပ်သွားသည့်ပုံ။ သို့သော် ကြိတ်မှိတ်ခံနေရှာ၏။
ကလေးတွေတော်တော်ဆိုးတာပဲဟု တွေးရင်း သူမမုန့်ဆက်လုံးနေလိုက်သည်။ သူမအနီး၌ အားနဲ့အင်နဲ့ အုန်းသီးခြစ်နေသော ဓူဝံ ဘေးမှာ အုန်းသီးခွံတွေ မနည်းမနော တွေ့နေရ၏။ ဒီကြားထဲ ရေလောင်းချင်သည့် ကလေးတွေကို နောက်မှလောင်းဖို့ တားထားရသေးသည်။ ပိုင်ဦးကလည်း အုန်းသီးကူခြစ်ပေးနေ၏။ မုန့်လုံးရေပေါ်အပြင် မုန့်ကြာစိပါ ထပ်လုံးနေကြသည်။
" ဟေး... "
ဓူဝံဆီက အသံထွက်လာ၍ မုန့်လုံးနေရင်း သူမ လှမ်းကြည့်လိုက်တော့ သူဇာက အနောက်ကနေ ဓူဝံကို ရေလောင်းလိုက်သဖြင့် ဓူဝံလန့်သွားပြီး အော်လိုက်ကာ ရုတ်ခနဲ မတ်တပ်ရပ်မိရက်သားဖြစ်သွား၏။
နောက်လှည့်ကြည့်လိုက်ရာ သူဇာကို တွေ့သွားသဖြင့် သူ့ကိုယ်ပေါ် က ရေစက်တွေကို လက်နဲ့သပ်ချရင်း...
" ဘယ်လိုလုပ်လိုက်တာလဲ သူဇာ၊ မပြောမဆိုနဲ့ "
" အယ် လန့်သွားလား ဓူဝံ၊ ဇာက အံ့သြသွားအောင်လို့ အသံမပေးတာပါ၊ ရော့ မကျေနပ်ရင် ဇာ့ကိုပြန်လောင်းလေ "
ရေတစ်ဝက်ကျန်နေသေးသည့် ဖလားကို ဓူဝံထံ ထိုးပေးရင်း ငြူစူစူလေး ပြောလိုက်သော သူဇာကို သူခေါင်းခါပြလိုက်ကာ...
" မလောင်းပါဘူး လုပ်ကိုင်နေရင်း ရေစိုဝတ်နဲ့နေရမှာ အေးမှာပေါ့ "
ပြောပြောဆိုဆို ဓူဝံ ပြန်ထိုင်လိုက်ကာ အုန်းသီးတစ်လုံးကိုယူ၍ ဓားနဲ့ ခွက်ခနဲ ခွဲလိုက်၏။ အုန်းရည်ကိုသွန်ကာ အထဲက ပချီသွေးကိုတော့ ဘေးက ကလေးတစ်ယောက်ကို ပေးကျွေးလိုက်သည်။
" မရဘူးကွာ၊ ဇာ့ကိုဘယ်သူမှရေမလောင်းရသေးဘူး လမ်းမှာရေလိုက်လောင်းတာတောင် မနည်းတားယူခဲ့ရတာ၊ ဇာ့ကိုပြန်လောင်းမှကျေနပ်မယ် ကြားလားဓူဝံ "
သူဇာက စိတ်ကောက်သည့်ဟန်လေးဖြင့် ခြေထောက်ကို မသိမသာစောင့်ကာ အနောက်ကနေ ကလေးတစ်ယောက်လို ပူဆာနေသည်။
" ဒီလောက်ဖြစ်နေတာ ခေါင်းကနေလောင်းသာချလိုက်စမ်းပါကွာ ဓူဝံ၊ နားကို ငြီးနေတာပဲ... "
မဏ္ဍပ်ထိုးနေသည့် ကိုမျိုးချစ်က မြင့်မြတ်ပြောသည့် အခြောက်လေသံ အခြောက်ဟန်ပန်နဲ့ ဝင်နောက်လိုက်တာမို့ အားလုံး တသောသောနဲ့ ပွဲကျသွားလေသည်။ သူမလည်း လိုက်ရယ်လိုက်မိ၏။ သို့သော် ဓူဝံက ပြုံးတောင်မပြုံးပေ။ သူလုပ်စရာရှိတာဆက်လုပ်နေပြီးမှ လည်ပြန်လှည့်၍ ရေဖလားယူကာ သူဇာ့ပခုံးစွန်းကို စွတ်ရုံသာ ငြိမ်သွားအောင် လောင်းပေးလိုက်သည်။ ထိုအခါမှ သူဇာက ပြုံးနိုင်ရယ်နိုင်တော့သည်။ ဓူဝံဘေးမှာ ထိုင်ခုံယူ၍ သူဇာက ဝင်ထိုင်ပြီး တီးတိုးစကားတွေ ပြောနေသည်။ တစ်ချက် တစ်ချက် သူဇာ့ရယ်သံလေးလွင့်လာသော် သူမ လှမ်းကြည့်မိသောအခါ ဓူဝံရဲ့အပြုံးမျက်နှာကို တွေ့ရလေသည်။ ဘာသိဘာသာနေ၍ သုံးဆင့်ချိုင့်ထဲကို မုန့်တွေထည့်ပြီး ဘုန်းကြီးကျောင်းပို့ဖို့ ပြင်နေလိုက်၏။
" ဘုန်းကြီးကျောင်းကို ကံ့ကော်သွားပို့မှာလား "
" ဟုတ် အဆင်ပြေရင် သွားပို့ပေးမယ်လေ တခြားဘယ်သူလိုက်ဦးမလဲမသိဘူး "
ပိုင်ဦးက သူပါလိုက်မည်ဟု ပြောသဖြင့် နှစ်ယောက်အတူ ထွက်လာခဲ့ကြ၏။ ဓူဝံတို့နားကဖြတ်အလျှောက်မှာ သူတို့ကို ငဲ့မကြည့်မိအောင် သတိထားခဲ့သည်။ ပိုင်ဦးက ချိုင့်လေးကိုင်ပြီး တစ်ဖက်ကဖိနပ်ချွတ်ကိုင်ကာ အရှေ့မှ အရင်လျှောက်ဝင်သွား၍ သူမ နောက်မှ ဖြည်းဖြည်းသာ လျှောက်လာခဲ့၏။
ပြန်အထွက်မှာ ဘုန်းကြီးကျောင်းရှေ့က ပိတောက်ကို ပိုင်ဦးက တစ်ခတ်ချိုး၍ သူမအား ပေးသည်မို့ သည်တစ်ခါ ခေါင်းစည်းကြိုးကြားမှာညှပ်၍ သေချာပန်လိုက်သည်။ မပန်ခင် ပန်းကိုတစ်ဝ နမ်းမွှေးလိုက်သေး၏။ ပိတောက်ရနံ့က ကြိုင်လှိုင်နေသည်မို့ သဘောကျမိသည်။
မဏ္ဍပ်ထိုးပြီးပြီမို့ စောင်းဘောက်ကနေ သင်္ကြန်သီချင်းတွေတောင် ဖွင့်နေလေပြီ။
🎶 မြူးကြွတဲ့တေးသံ ပျံ့လွင့်လို့နေ
ကူးပြောင်းစ တန်ခူးလေမှာ 🎶
🎶 တစ်ယောက်တစ်လှည့်မို့ လှမ်းကာဖြန်းပတ်ကြစဥ်
ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ 🎶
🎶 ခေါင်းကလေးမော့လို့ ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ 🎶
🎶 ပျော်ပျော်ရွှင်ရွှင် တီးမှုတ်ကြတဲ့ပွဲမှာ
ငိုနေရှာတဲ့ ပန်းပိတောက်ဖူးတွေထဲ 🎶
🎶 ရာသီအချိန်မီ လှမ်းပွင့်ခဲ့တဲ့ပိတောက်ကို
ပန်ဆင်ပါရင် လှသတဲ့တင့်မှာမို့ 🎶
🎶 မိုးပြေးနဲ့အရောက်လာ ပန်းပွင့်ဖို့ရာ
မြူးကြွတဲ့ သင်္ကြန်အခါ 🎶
🎶 လန်းဆန်းတဲ့မိုးရယ် မိုးပြေးလေးရယ်
ပိတောက်ပန်းပွင့်ရုံ စိုရုံဖြန်းပက်ဦး 🎶
🎶 မိုးပြေးလေးရေ
သင်္ကြန်မိုးလေးရေ စိုရုံဖြန်းပက်ဦး 🎶
သင်္ကြန်သီချင်းတွေထဲမှာ သင်္ကြန်မိုးသီချင်းကို အကြိုက်ဆုံးမို့ စိတ်ထဲမှ ခပ်တိုးတိုးလိုက်ညည်းမိရင်း မဏ္ဍပ်သို့ သူမ ပြန်လျှောက်လာခဲ့လေသည်။ စားပွဲတွေပြင်ပြီး စတုဒီသာကျွေးဖို့ ဝိုင်းပြင်နေတာမို့ သူမပါ ကူပြင်ပေးစဥ် ကလေးတစ်အုပ်က ရေပုံးတွေ ရေပြွတ်တွေနဲ့ သူမဆီ ပြေးလာနေကြသည်မို့ အနားမရောက်ခင် အမြန်တားလိုက်ရသည်။
" ခုမပတ်နဲ့ဦးနော် ကလေးတို့၊ ဒီမှာ မမကူလုပ်ပေးလိုက်ဦးမယ် ပြီးမှပတ်နော် ဟုတ်လား လိမ္မာတယ်... "
သူမ ချော့ပြောလိုက်တော့ ကလေးတချို့က ပြန်လှည့်ထွက်သွားပေမယ့် ရေပုံးသယ်လာသည့် ၇ နှစ် ၈ နှစ်အရွယ်ကောင်လေးက သူမကို သူ့ရင်ပုံးနဲ့လှမ်းပတ်ပြီး ပြေးထွက်သွားတော့သည်။
" ဟာ "
ရုတ်တရက်မို့ ဟာ တစ်လုံးတည်း ဆိုလိုက်နိုင်ပြီး သူမ စိတ်ကသိကအောက်ဖြစ်သွားရ၏။ ကိုယ်တစ်ပိုင်းလုံး စိုရွှဲကုန်လေပြီ။ လေတစ်ချက်ဝေ့တိုက်လိုက်တိုင်း အကျီက အသားမှာကပ်နေကာ စိမ့်၍အေးလာသည်။
" ဒီကလေးတွေကတော့ "
အဖြစ်အပျက်အကုန်မြင်လိုက်သော ဓူဝံက စုပ်သတ်လိုက်ရင်း သူ့အပေါ်ရှပ်အကျီကိုချွတ်လိုက်ပြီး သူမနားလျှောက်သွားကာ ကမ်းပေးလိုက်၏။ သူက အောက်မှာ စွပ်ကျယ်လက်စကဝတ်လာတာမို့ အဆင်ပြေသည်။
" ဝတ်ထားလိုက် ခင်ဗျားချမ်းနေမှာပေါ့ "
သူပေးသော အကျီကို သူမ အပေါ်ကနေ ထပ်ဝတ်လိုက်ပြီး သူ့ကို ကျေးဇူးတင်စကားပြောဖို့ပြင်စဥ် အနားမှာ မရှိတော့ပေ။
အရှေ့က ကြယ်သီးနှစ်လုံးကိုတပ်ရင်း သူမ သဲ့သဲ့ပြုံးလိုက်မိသည်။ ထိုအချိန် စောင်းဘောက်ကနေ ဖွင့်ထားသော သီချင်းက နောက်တစ်ပုဒ်ပြောင်းသွား၏။
🎶 ကျီစားသလား... 🎶
🎶 စိတ်တော့မဆိုးနဲ့ 🎶
🎶 ကျီစားသလား 🎶
🎶 ပြောပြ 🎶
🎶 ကျီစားရင်စိတ်ဆိုးမလား 🎶
🎶 နောက်လိုက်တော့ဘေဘီ နောက်လိုက်တော့ 🎶
🎶 စိတ်ဆိုးလားပြောဦး 🎶
🎶 ဒီအရိပ်မှာလာပါနားပါ မုန့်လုံးရေပေါ်တွေစားကြ 🎶
🎶 ငရုတ်သီးပါရင်တော့အားနာ စိတ်မဆိုးတတ်ဘူးမဟုတ်လား 🎶
🎶 နှစ်တိုင်းတို့မဏ္ဍပ်ထဲလာ ဝင်နားရင်အဆာပြေပေါ့နော် 🎶
🎶 ရယ်ရအောင်ပျော်စရာကောင်းအောင်
မုန့်လုံးရေပေါ်တွေစား 🎶
🎶 ဒီသင်္ကြန်ရက်များမှာ ပျော်စရာနဲ့ စ,စရာ ပျော်ပျော်ပါးပါးအားပေးလိုက်ကြစို့ လာပါ ဖိတ်ခေါ်တယ် 🎶
🎶 စေတနာနဲ့ကျွေးတာ ခင်မင်ရင်တော့စားပါ 🎶
🎶 ငရုတ်သီးလေးဝါးလိုက်မိလို့တော့ ရှင်စိတ်မဆိုးပါနဲ့ 🎶
" ငရုတ်သီးထိတယ်ဟေ့ ဘယ်သူထည့်တာလဲ "
" အို ဘယ်သိမလဲ စေတနာနဲ့ကျွေးတာပဲ စားစား "
" ငရုတ်သီးဝါးမိပြန်ပြီ ဘယ်နှလုံးတောင်ထည့်ထားတာလဲဟ "
" သင်္ကြန်တွင်းစိတ်မဆိုးရဘူးလေ ရုပ်ဆိုးမယ်နော် "
" ကလေးတွေထည့်တာ ကျွန်မတို့လည်းမသိဘူး "
လူကြီးတွေက ပြန်တောင်းပန်နေရကာ ကလေးတွေကတော့ ပြုံးဖြီးဖြီး စပ်ဖြဲဖြဲ သဘောတွေ့နေကြ၏။
🎶 ရွှေမေတ္တာထားတယ်လားကွာ 🎶
🎶 ငရုတ်သီးတွေလောက်တော့သနားတယ် 🎶
🎶 သေဆေးတောင်မင်းကကျွေးရင် ကိုယ်မငြင်းဘူးယုံရဲ့လား 🎶
🎶 ငရုတ်သီးစပ်သွားရင်သနားပါ 🎶
🎶 ချိုတဲ့အချစ်များထပ်ကျွေးနော် 🎶
🎶 အိမ်အထိတောင်တို့လိုက်စားမယ် 🎶
🎶 မင်းအသည်းလေးကျက်ပြီလား 🎶
🎶 ကျီစားသလား 🎶
ကလေးတွေကို ပြန်ကျွေးတော့ သူတို့လေးတွေက အလည်တွေမို့ မစားဘဲ ပတ်ပြေးနေသည်။ နောက် မုန့်ပန်းကန်ယူပြီး မဏ္ဍပ်မှာ ငုတ်တုတ်ထိုင်နေသည့် ဓူဝံဘက် လှည့်လာကြ၏။
" ကိုကြီးဓူဝံ နည်းနည်းလောက်စားပါဦး ပါးစပ်ဟ ပါးစပ်ဟ ရှယ်ကောင်းတယ် "
သူ ခေါင်းခါပြီး အတင်းငြင်းလည်းမရတာမို့ ကလေးတွေအလိုကျစားလိုက်တော့ တစ်လုံးနှစ်လုံး ငရုတ်သီးထိ၏။ အစထဲက အစပ်သိပ်မစားသူမို့ ပုံမှန်ထက် နှစ်ဆနီးပါး စပ်သည်ဟု ခံစားနေရကာ ရေသန့်ဘူးလိုက်ရှာရသည်။
" အစ်မကံ့ကော် ဒီမှာရေသန့်ဘူး ကိုကြီးကိုပေးလိုက်နော် "
ကြယ်စင်ကလည်း ငရုတ်သီးထည့်တဲ့အထဲမှာပါတာမို့ အဆူခံရမှာစိုးသည့်ပုံပင်၊ သူမလက်ထဲ ရေသန့်ဘူးထိုးထည့်လာသဖြင့် ဓူဝံကို သွားပေးလိုက်၏။
" ကျေးဇူးပဲ "
သူမလက်ထဲက ရေသန့်ဘူးကို အမြန်ဆွဲယူပြီး တကျိုက်ကျိုက်နဲ့မော့သောက်နေသော ဓူဝံကို ကြည့်ကာ သူမစိတ်ထဲ သနားမိသလိုပင်။
" ကျေးဇူးတင်ခံချင်လို့ လုပ်ပေးတာမှမဟုတ်ဘဲ နောက်တစ်ခါကျေးဇူးတင်စကားမပြောပါနဲ့ ဟုတ်လား "
သူမက သူ့စကားနဲ့သူ့ပြန်ချေလိုက်တာမို့ ရေသောက်နေရင်းက ဓူဝံ ခေါင်းတဆတ်ဆတ်ညိတ်ပြရှာသည်။ ပြီးတော့ ခပ်ဖွဖွရယ်သည်။ ရေအကုန်သောက်လိုက်တာမို့ အဖုံးပြန်ပိတ်ကာ သူ့လက်ထဲကိုင်ထားလိုက်၏။
မျက်စိအောက်လေးတင် ဓူဝံပျောက်နေသည်မို့ သူဇာလိုက်ရှာရင်း မြို့ကလာတဲ့ မိန်းကလေးနဲ့အတူရှိနေတာကိုတွေ့တော့ စိတ်ထဲဂျေဝင်မိသလိုပင်။ အနားသို့ မြန်မြန်လျှောက်သွားကာ ဓူဝံလက်တစ်ဖက်ကို ပိုင်နိုင်စွာဆုပ်ကိုင်လိုက်ရင်း...
" ဓူဝံ... ဇာပြန်တော့မယ် ဇာ့ကိုလိုက်ပို့ပေးနော် "
" အင်း "
ဓူဝံက သူဇာနဲ့အတူ လျှောက်ထွက်သွားသည်မို့ သူမလည်း မငုဝါတို့ဆီ ပြန်လာလိုက်ပြီး...
" မလေး... ကျွန်မအိမ်ပြန်တော့မယ်၊ အကျီတွေစိုနေလို့ "
" ကံ့ကော်အရင်ပြန်နှင့် မလေးသိမ်းဆည်းပြီးမှ ပြန်လာခဲ့မယ်၊ တစ်ယောက်ထဲဖြစ်လား ကြယ်စင်ကိုအဖော်ခေါ်သွားမလား "
" ရတယ်မလေး ဖြစ်တယ် "
" အင်း အင်း "
အိမ်သို့ပြန်သည့်လမ်းမှာ သူမကို ရေဝိုင်းလောင်းကြသဖြင့် တစ်ကိုယ်လုံးရွှဲရွှဲစိုသွားတော့သည်။ ခန္ဓာကိုယ်က ပိန်ပိန်သေးသေးမို့ ကြွက်စုတ်ကလေးလို ဖြစ်၍လာသည်။ အိမ်ထဲအမြန်ဝင် ရေမြန်မြန်ချိုးလိုက်သည်။
°°°°°°°°°
သူဇာကို အိမ်ပြန်လိုက်ပို့ပြီး ဓူဝံ ဗိုက်နာလာတာနဲ့ အိမ်သို့ သုတ်ခြေတင် ပြန်လာခဲ့၏။ အိမ်ထဲကမန်းကတန်းဝင်လာပြီး အနောက်သို့ ခပ်သုတ်သုတ်လျှောက်ဝင်သွားစဥ် လုံချည်ရင်လျားနဲ့ ရေချိုးနေသော ကံ့ကော်ကို ရုတ်တရက် မျက်လုံးထောင့်ကနေ ရိပ်ခနဲ တွေ့လိုက်တာမို့ လှမ်းနေသည့် ခြေလှမ်းအား တပ်ပြန်ဆုတ်ကာ အိမ်ရှေ့သို့ ပြန်ပြေးရတော့သည်။ စိတ်ထဲမှလည်း သေစမ်းဟု ကိုယ့်ကိုယ်ကိုယ် ပြစ်တင်ပြောဆိုလိုက်မိသည်။ သူမရှိနေတာကို မေ့နေကာ ခါတိုင်းလို ကိုယ့်ကိစ္စကိုယ်အာရုံရောက်နေသည်မို့ ဘာမှမစဥ်းစားမိလိုက်။ သူမတော့ သူ့ကို ဘယ်လိုထင်သွားမည်မသိ။ သက်ထွေးတို့အိမ်သို့ ဦးတည်နေရင်း သူခေါင်းစားနေကာ မျက်နှာတွေလည်း ပူထူနေ၏။
သူမ ရေချိုးအဝတ်လျော်နေစဥ် ဓူဝံနောက်ကျောကို ရုတ်ခနဲ တွေ့လိုက်မိသလိုပင်။ စိတ်ထင်တာများလား၊ သူတကယ်ပဲ ပြန်လာတာလား။ ကပျာကယာ လုံချည်လဲအဝတ်လှန်းပြီး အိမ်ပေါ်တက်လာတော့ ဘယ်သူ့အရိပ်အယောင်မှ မတွေ့ရပေ။ စိတ်ထင်တာပဲဖြစ်မှာပါလေ။ သူမ အဝတ်စားလဲ သနပ်ခါးလိမ်းပြီးမှ မလေးက ရေအရွှဲသားနဲ့ တုန်တုန်ခိုက်ခိုက်ဖြင့် အိမ်ပေါ်သို့ တက်လာလေသည်။
" ဟူး ချမ်းလိုက်တာ... ကံ့ကော်ဗိုက်ဆာပြီလား၊ ဒီမနက်ဘာမှမချက်ရသေးဘူးနော်၊ မနေ့ကကျန်တဲ့ ကြက်သားကို အာလူးနဲ့ရောလိုက်မယ် မလေးအဝတ်လဲပြီးရင်ချက်မယ် ခဏပဲ "
" ရတယ် မလေးရေအရင်ချိုးလိုက်၊ ကျွန်မချက်ထားလိုက်မယ် "
" ဖြစ်ရဲ့လား ခဏပဲစောင့်ပါ မလေးဘာသာလုပ်လိုက်မယ် "
" ဖြစ်ပါတယ် မလေးအအေးပတ်လိမ့်မယ် သွားတော့ "
သူမ ပြောပြောဆိုဆို အနောက်ဘက်မီးဖိုချောင်ထဲ ဝင်သွားလိုက်သည်။ အာလူးအကြီး နှစ်လုံးကို အခွံခွာ လေးစိတ်စိတ်ပြီး မနေ့ကကျန်သည့် ကြက်သားနဲ့ ရောချက်လိုက်သည်။ ကြက်ဥကတ်ထဲမှာ ကြက်ဥတွေရှိသေးတာမို့ ခြင်းထဲမှာ ဆူးပုတ်ရွက်တွေကိုတွေ့လိုက်ရာ ကြက်ဥသုံးလုံးနဲ့ဆူးပုပ်ကို ရောမွှေကြော်လိုက်၏။ မငုဝါ ရေချိုးလို့လည်းပြီး သူမဟင်းချက်လို့လည်းအပြီး ကွက်တိပင်။
မငုဝါအဝတ်စားလဲပြီး အပြင်ထွက်လာတော့ ထမင်းပွဲ အသင့်မြင်လိုက်ရ၏။ မနက်ကချက်ထားသည့် ထမင်းအိုးကိုလည်း အပူပြန်ပေးဖို့ အချိန်မီလိုက်သေးသည်။
" ညီမက တကယ်ချက်တတ်တာပဲ၊ မြည်းကြည့်လိုက်ဦးမယ် "
ကြက်ဥဆူးပုပ်မွှေကြော်လေးကို နည်းနည်းခပ်စားလိုက်ပြီး မငုဝါက မျက်ခုံးပင့်၍...
" အင်း အစ်မသာရှိရင် ညီမလက်ရာက မလေးလက်ရာထက် ပိုကောင်းတယ်လို့ပြောမှာ မြင်ယောင်သေးတယ် "
" အဟင်း "
သူမ ဝမ်းသာပီတိဖြစ်ကာ ပြုံးလိုက်မိသည်။ ဒေါ်သပြေက သင်္ကြန်တွင်း ၇ ရက် တရားစခန်းဝင်သွားသည်။ မငုဝါက သင်္ကြန်တွင်းဆို ဒေါ်သပြေ တရားစခန်းဝင်နေကျဟု ဆို၏။
" ဓူဝံ ဘယ်ရောက်သွားတာလဲ၊ သူအိမ်ပြန်မယ်လို့ပြောသွားတာ မတွေ့ပါလား "
" ကျွန်မ သူ့ကို တွေ့မိလိုက်သလိုပဲ သိပ်တော့မသေချာဘူး "
" ဒီကောင်လေး သူဇာအိမ်မှာ ထမင်းတော့မစားလောက်ပါဘူး၊ တစ်ယောက်ယောက်က ဆွဲထားတာနေမယ် "
မငုဝါ သူ့ဘာသာရေရွတ်သလိုပြောရင်း ထမင်းစားလိုက်သည်။ သူမလည်း စားလိုက်၏။ သူမတို့ ထမင်းစားလို့မပြီးခင် ဓူဝံ ရောက်လာသည်။
" လာ လာ မောင်မင်းကြီးသားဘယ်ရောက်နေတာလဲ "
သူ မျက်နှာတွေပူထူသွားပြီး လက်ဆေးလိုက်ရင်း...
" သက်ထွေးတို့အိမ်သွားနေတာ "
လို့ တိုးတိုးပြောလိုက်သည်။
" ညကျမှ မလေး ပဲကြီးစိမ်လိုက်မယ်၊ မနက်ကျရင် ငါးခြောက်ထောင်းနဲ့ ငံပြာရည်ဆီသတ်နဲ့ စားတာပေါ့၊ ဒီနေ့တော့ ကံ့ကော်လက်ရာပဲစားလိုက်ဦး "
" ကံ့ကော်ချက်ထားတာလား "
သူ ထမင်းငုံ့စားရင်း ကံ့ကော်ချက်ထားတာလို့ မလေးကပြောလိုက်ရာ သူအံ့သြသွားသဖြင့် ခေါင်းမော့လိုက်ရင်း သူမကိုကြည့်ကာ မေးလိုက်တော့ သူမက သူ့အားလှမ်းကြည့်၍ ခေါင်းညိတ်ပြသည်။ သူမပြောမှ အရသာကို သေချာခံစား၍ စားလိုက်မိရာ တကယ်လည်း ဒီလက်ရာက မလေးလက်ရာမဟုတ်။ သို့သော် စားလို့ကောင်းသည်။ သူခံတွင်းတွေ့၏။
" စားကောင်းတယ် "
" အင်း "
ဟန်တောင်မဆောင်နိုင်ဘဲ သူမ ပြုံးရယ်လိုက်မိကာ အင်း ဟု ရယ်သံစွက်လျက် ပြောလိုက်မိသည်။ ရင်ထဲ လှိုက်၍ဝမ်းသာနေကာ စိတ်ထဲ ယခုလို တစ်ခါမှ ချီးကျူးမခံရဖူးသလိုပင်။ နောက်လည်း ချက်ကျွေးရမည်။ သူမ ဟင်းချက်တတ်သည်ဆိုတာ အရင်ကသတိမထားမိခဲ့။ ယနေ့မှ စိတ်လိုလက်ရ ဝင်ချက်မိရာ ချက်တတ်ကြောင်းသိသွားခဲ့ရသည်။ မျက်နှာက အပြုံးတို့မစဲနိုင်။ ဓူဝံ သူမကို ကြည့်နေသည်ကိုလည်း သတိမထားမိခဲ့ပါ။
" ဒီညနေ ကိုတင်သိန်းတို့အဖွဲ့နဲ့အရင်ကန်မှာမဟုတ်လား ဓူဝံ "
" ဟုတ်တယ် "
" သူတို့အဖွဲ့မှာ ကိုတင်သိန်းရယ် မင်းဇော်ရယ်ပဲ ကောင်းကောင်းကန်တတ်တာပါ "
" ဖြိုးလေးတို့ကိုလည်း လျော့တွက်လို့မရဘူးမလေး "
ဓူဝံတို့ပြောသောစကားကို သူမကောင်းကောင်းနားမလည်ပါ။ အထူးသဖြင့် ဘာကိုကန်လို့ကန်မယ်မှန်းမသိ အူကြောင်ကြောင် သူမစဥ်းစားနေစဥ်...
" ညနေ ဓူဝံတို့ဘောလုံးကန်တာကို သွားကြည့်ကြမယ်နော် ကံ့ကော်၊ တစ်ရွာလုံးသွားကြမှာ ဘယ်သူမှကျန်ခဲ့မှာမဟုတ်ဘူး "
" ဘယ်မှာကန်ကြမှာလဲ ဘယ်သူတွေနဲ့လဲဟင် "
" ရွာရှေ့ဖျားမှာကန်ကြမှာ ဆယ်အိမ်စုတစ်စုလေ "
" သြော် လိုက်ခဲ့မှာပေါ့မလေးရဲ့ "
ထမင်းစားသောက်ပြီး တရေးတမောအိပ်ကာ ညနေ ၃ နာရီကျော်လောက်မှာ ရွာသားတွေ အလျှိုလျှိုထွက်လာကြ၏။ လူငယ်တွေရော လူကြီးတွေလည်းပါသည်။ ဓူဝံလည်း အဝတ်စားလဲကာ သွားဖို့အသင့်ဖြစ်နေ၏။ ခါတိုင်း ပုဆိုးကိုသာအဝတ်များတာတွေ့ရသော ဓူဝံက ယနေ့ အားကစားဘောင်းဘီဒူးအုပ်အနီရောင်ကို ဝတ်ထားပြီး စပို့ရှပ်လက်တိုအဖြူရောင်ကို လိုက်ဖက်စွာ ဝတ်ထား၏။ လယ်ထဲမဆင်းရသည်မို့ လတ်သည့်အသားအရေက ဖြူသည့်ဘက်သွားသည်။ ခန္ဓာကိုယ်ကျစ်လစ်၍ အရပ်ရှည်သဖြင့် သူမ အမြဲမော်မော်ကြည့်ရ၏။
" ကဲ မလေးတို့လည်းသွားကြမယ် "
ထင်မထားလောက်အောင်ပင် လမ်းမပေါ်၌ လူများပြည့်လျှံနေ၏။ ဘောလုံးကွင်းရှိသည့် အရှေ့ဖျားသို့ တော်တော်လေးလျှောက်သွားရသည်။ စကားတပြောပြောနဲ့မို့ ကြာလို့ကြာမှန်းမသိသော်လည်း တော်တော်ဝေးဝေးလျှောက်ရတာကိုတော့ သတိပြုမိ၏။
မြက်တွေပြောင်ရှင်းနေအောင် ရိတ်ထားသော ကွင်းပြင်ကျယ်၏ အစွန်နှစ်ဖက်၌ ဂိုးတိုင်နှစ်ခုရှိ၏။ ကွင်းပြင်၏ဘေးတွင် ပရိသတ်တွေ စုရုံးကာ ဘောလုံးကန်မည့်အချိန်ကို ရပ်စောင့်နေကြသည်။
ဓူဝံတို့က ကွင်း၌နေရာယူနေကြပြီ။ ထို့နောက် ခေါင်းပန်းလှန်ပြီး နေရာရွေးကာ ကန်ဖို့အတွက် ဒိုင်လူကြီးရဲ့ ခွင့်ပြုချက်ကိုစောင့်နေကြပြီးနောက် ကွင်းလယ်ဒိုင်ရဲ့ ခရာသံကြားသည်နှင့် ဓူဝံက သူ့အသင်းသားတွေဆီ စတင်ကန်ပေးလိုက်၍ ပွဲကိုစတင်လိုက်သည်။
သူမ ဘောလုံးပွဲ တစ်ခါမှ မကြည့်ဖူးသဖြင့် ဘယ်သူကဘယ်သူ့အသင်းဘက်ကလည်း သူမလုံးလုံးမသိပါ။ မငုဝါလက်ခုပ်တီးရင်လိုက်တီး ထခုန်ရင်လိုက်ခုန် မကျေမချမ်းထအော်ရင်သူမလည်းလိုက်အော်၍ ယောင်နနလေးဖြစ်နေ၏။ သို့သော် သူမ အကြည့်နဲ့အာရုံကတော့ ဓူဝံဆီမှာ အမြဲဦးတည်နေလျက်။
ဓူဝံ ဘောလုံးကို တစ်ဖက်ဂိုးတိုင်ဘက်သို့ဆွဲလာရင်တော့ သူမစိတ်ထဲ လှိုက်ခနဲ ဝမ်းသာ၍ စိတ်ပါလက်ပါ အားပေးမိ၏။ လက်ခုပ်သံအကျယ်ဆုံးတီးပေးမိ၏။
ကွင်းပြင်မှာ လိမ့်သွားသော ဘောလုံးကို တစ်ဖက်နဲ့တစ်ဖက်လိုက်လုစဥ် ခြေထောက်တွေကြားထဲမှ ဓူဝံက လှည့်ကာပတ်ကာလိမ်ကာခေါက်ကာ ယူသွားလျှင် မွှေးညှင်းစိမ်းစိမ်းလေးတွေ သန်မာစွာပေါက်ရောက်နေသော ခြေသလုံးကိုပါ သတိပြုမိသည်။
" ဖိုးပိုင်ဆွဲလာပြီ... ဓူဝံကိုပေးလိုက် ပေးလိုက်လေ "
ဘေးနားက မငုဝါက အသံအကျယ်ဆုံးဖြင့် လက်ခုပ်လက်ဝါးတီးကာ အော်ဟစ်အားပေးနေစဥ် တကယ်ပဲ ပိုင်ဦးက သူဆွဲလာသော ဘောလုံးကို တစ်ဖက်မှလာလုသည့်သူ့အား လိမ်ခေါက်၍ ရှောင်ကွင်းသွားပြီး ညာတောင်ပံမှာရှိသည့် ဓူဝံဘက်သို့ အဖြောင့်ပေးလိုက်လျှင် ဓူဝံက အမိအရဖမ်းယူလျက် ဂိုတိုင်ဘေးနားသို့ချိန်ကာ တစ်ဟုန်ထိုး ကန်သွင်းလိုက်လေသည်။
" ဂိုးပြီဟေ့ ဂိုးပြီ နိုင်ပြီ နိုင်ပြီ "
သုံးဂိုးနှစ်ဂိုးနဲ့ အပြတ်အသက် အနိုင်သွင်းလိုက်နိုင်သည်။ မငုဝါတို့ ကြယ်စင်တို့သည် အသံကုန်ဟစ်၍ ကြုံးအော်ကာ အောင်ပွဲခံလိုက်၏။ သူမပါ အပျော်ကူး၍ ဓူဝံကို လှမ်းကြည့်လိုက်ရာ ချွေးတွေရွှဲနစ်နေသော ခန္ဓာကိုယ်အားသယ်လျက် သူမတို့ဆီ လျှောက်လာနေ၏။ သူ့မျက်နှာမှာလည်း အပြုံးတွေနှင့်။ အနားရောက်တော့ ကြယ်စင်က...
" ကိုကြီးဓူဝံ တော်တယ်သိလား "
ဓူဝံ ပြုံးပြလိုက်သည်။ မောနေတာမို့ အသက်ကိုဖြည်းဖြည်းရှူရင်း နဖူးကစီးကျလာသည့် ချွေးတွေကို လက်ဖြင့်အသာသပ်ချလိုက်၏။
" ကဲ ဒါဆို ပြန်ကြမယ် "
သူတို့အိမ်ဘက်သို့ ပြန်လျှောက်လာသောလမ်းတွင် စောနက သူတို့အား ရှုံးခဲ့သည့် ကိုတင်သိန်းတို့အဖွဲ့က မကြားတကြားလှောင်ပြောင်ခနဲ့သွားကြ၏။ ဓူဝံက မသိသလိုပင် ခပ်ပြုံးပြုံးဆက်လျှောက်သွားလိုက်သည်။ ဘေးမှာလည်း သူနဲ့တစ်ဖွဲ့တည်းဖြစ်သည့် ပိုင်ဦးတို့ မျိုးချစ်တို့လည်း အတူပါလာသည်။ သူ ပြဿနာမဖြစ်ချင်ပါ။ ကိုတင်သိန်းတို့ ရှုံးမဲမဲနေတာကိုလည်းသူသိ၏။ ပြိုင်ပွဲမှာ အနိုင်အရှုံးနှစ်ခုပဲရှိသည်။ ပြိုင်ပွဲမှာ ဖြစ်ခဲ့သမျှ ပွဲမှာပဲသူထားခဲ့၏။ ဒါကြောင့် ပိုတောင်ကင်းကင်းရှင်းရှင်းနေချင်သေးသည်။
" မောရင် ချွေးသုတ်ပေးမယ့်သူလေးက ဘေးမှာအသင့်ပါလာတာကိုးကွ၊ မနိုင်ဘဲနေတော့မလား၊ နောက်ဆို တို့လည်း အဖော်လေးခေါ်လာရမယ် "
" နာမည်ဘယ်လိုခေါ်လဲမေးကြည့်လိုက်လေ နောက်ပွဲတွေ ငှားချင်ငှားလို့ရအောင် "
ဒါကိုတော့ သူတင်းသွားသည်။ ယောကျာ်းတွေဖြစ်ပြီး မိန်းမလိုမိန်းမရ ပြောနေတာကို သူအမုန်းတီးဆုံးပင်။ ဒါဟာ ယောကျ်ားကောင်းတို့ရဲ့ လုပ်ရပ်မဟုတ်။ ငြိမ်ခံနေရင် ပိုရောင့်တက်ပေမယ့် သူစလုပ်ရင် နောက်မှာတစ်ပြုံကြီးပါလာပေလိမ့်မည်။ ဒါကို သူအတပ်သိနေ၏။
" ကိုကြီး ဒါသူတို့တွေ မမကိုစောင်းပြောနေကြတာ ကျုပ်ပြန်ပြောလိုက်မယ် "
" နေစမ်း မီးမပွားနဲ့ပိုင်ဦး "
ပိုင်ဦးကို သူလက်တစ်ဖက်ကဆွဲထားပြီး သူ့နောက်မှာ လျှောက်လိုက်လာသည့် ကံ့ကော်ကိုကြည့်လိုက်တော့ မျက်နှာလေးက သိသာစွာ ပျက်ယွင်းနေလေသည်။
" နာမည်မပြောချင်ဘူးလား ဟိုမိန်းကလေး "
" တောက် "
စကားတွေက တဖြည်းဖြည်း ဖောင်းလာပြီမို့ ဓူဝံ တောက်တစ်ချက် ပြင်းပြင်းထန်ထန် ခေါက်လိုက်တော့ အနားတစ်ဝိုက်မှာ အသံတွေ တိခနဲ တိတ်ကျသွားတော့သည်။ သူဘာမှမပြောဘဲ ဆတ်ခနဲ တစ်ချက်စိုက်ကြည့်လိုက်သည်။ ပြီးနောက် ပုံမှန်အတိုင်း ဆက်လျှောက်သွားချိန် ခနိုးခနဲ့စကားသံတွေ မကြားရတော့ပေ။
ပြဿနာဖြစ်တော့မည်ဟု သူမတွေးထင်လိုက်တိုင်း ဓူဝံက ထိုပြဿနာကို သာသာလေး ကိုင်တွယ်ဖြေရှင်းသွားနိုင်သဖြင့် အံ့မခန်းဖြစ်ကျန်ခဲ့ရ၏။
သင်္ကြန်အကျနေ့ကို သူမပျော်ရွှင်စွာ ဖြတ်သန်းခွင့်ရသဖြင့် ကျေနပ်မိသည်။ အကြတ်နေ့မှာ မုန့်လက်ဆောင်းစတုဒီသာကျွေးသဖြင့် သူမတို့ သွားကူညီပေးလိုက်ကြသေးသည်။ ညနေ ဓူဝံတို့ ဘောလုံးကန်တာကို သွားကြည့်ခဲ့ရာ ဓူဝံတို့အဖွဲ့ ဗိုလ်လုပွဲတက်ရသောကြောင့် တစ်ဖွဲ့လုံးပျော်နေကြ၏။ အတတ်နေ့မှာတော့ အပြိုင်အဆိုင် အကြိတ်အနယ်ပင် ယှဥ်ပြိုင်ကြသည်။ တစ်ဖက်နဲ့တစ်ဖက် လက်ရည်ညီ၍ နောက်ဆုံးအချိန်ထိ သရေနဲ့ပြီးသွားသဖြင့်
ပင်နယ်တီကန်ရာ ၅ ဂိုး ၄ ဂိုးနဲ့ ဓူဝံတို့ ဗိုလ်စွဲသွားသည်။ အားလုံးက အပျော်ကြီးပျော်နေပေမယ့် ဓူဝံကတော့ ပုံမှန်ပင်။ ထူး၍ ပျော်ရွှင်ဝမ်းမြောက်ခြင်းမတွေ့ရ။
ဘာလိုလိုနဲ့ နှစ်တစ်နှစ်တာ ကုန်ဆုံးခဲ့ပြီပေါ့။ နှစ်ဟောင်းက အညစ်အကြေးတွေကို အတာရေနဲ့ ဆေးကြောခဲ့ပြီးပြီ။ နှစ်သစ်မှာ အတွေ့အကြုံသစ်တွေ အိပ်မက်တွေ မျှော်လင့်ချက်တွေကို စိတ်သစ်လူသစ်နဲ့ ထိတွေ့ဖြတ်ကျော်ခွင့်ရပြီး အရာအားလုံး အဆင်ပြေချောမွေ့ပါစေသား...။
ဘုရားရှိခိုးပြီးတော့ သူမ လေးလေးနက်နက် ဆုတောင်းလိုက်ကာ အိပ်ရာမှာ အသာလဲလျောင်းလိုက်၏။ တနေကုန် ကျောမဆန့်ရသေးတာမို့ အကြောတွေက ဗြိုးဗြိုးဗျစ်ဗျစ်ထမြည်ကြသည်။ ဒီည သူ့ရဲ့ ဂစ်တာသံကို မကြားရသေး။ ဘယ်အချိန်ရှိနေပြီလဲ မသိချေ။ တစ်ဖက်သို့ စောင်းလိုက်ချိန်မှာ ဂစ်တာခေါက်သံကို ညင်သာစွာ ကြားလိုက်ရသဖြင့် လူကအလိုလိုခေါင်းထောင်သွားရသည်။ ထို့နောက်မှာတော့ လုံးဝထင်မထားတဲ့ အသံတစ်ခု... ။
🎶 ညလေးတစ်ည လလေးကမသာ ဘဝလေးထဲ 🎶
🎶 သူလေးရောက်လာ ဘယ်သူလဲမေးတာ မမေးပါနဲ့တဲ့ 🎶
🎶 ဂစ်တာလေးနဲ့ဆိုညည်းတဲ့အခါ အိုသီချင်းသည် 🎶
🎶 ကိုယ့်နှလုံးသား ခဏလေးအတွင်းမှာ ကျွမ်းဝင်ခဲ့ 🎶
ချိုသာတဲ့နူးနူးညံ့ညံ့အသံလေးက ယောကျာ်းလေးတစ်ယောက်ရဲ့ အသံဆိုတာ လုံးဝယုံနိုင်ဖွယ်ရာမရှိပေ။ နားစိုက်ထောင်နေရင်း ရင်ထဲ လှပ်ခနဲလှပ်ခနဲဖြင့် မြန်လာသောနှလုံးခုန်သံက ဂစ်တာသံနဲ့ ထပ်တူကျကာ စီးချက်ညီနေ၏။ ဘာကိုမှ တားဆီးဖို့စိတ်ကူးမရှိပါဘဲ လှစ်ခနဲ အခန်းပြင်ထွက်လိုက်မိ၏။ စိတ်ဆန္ဒထက် လူကရှေ့ပိုရောက်နေတာကို ထူး၍ဆန်းမနေတော့ပါ။ အိမ်တံခါးဘောင်ကို မှီနွဲ့ရပ်ရင်း သူ့ကျောပြင်ကိုငေးကာ သီချင်းသံကို အာရုံခံစားနေလိုက်တော့သည်။
🎶 ဂါထာမန္တန်တွေထက်အစွမ်းထက်သော
နှုတ်ခမ်းလေးနဲ့ ရင်ခုန်မှော်ဝင်စေသည် ဒီအခန်းထဲ 🎶
🎶 နာမည်ဘယ်လိုခေါ်လဲ အတင်းကာမေးကြည့်တော့ကွယ် 🎶
🎶 သဘာဝလို့ပြောခဲ့တယ် 🎶
🎶 အို အို အိုး... အိုး အို အို အချစ်တွေရယ် သူလေသင်ပေးတယ် 🎶
🎶 အို အို အိုး... အိုး အို အို သူ့နာမည် သဘာဝလို့ပြောခဲ့တယ် 🎶
🎶 အိုး အို အို အိုး အို အို.... 🎶
အို တဒိတ်ဒိတ်ခုန်နေသည့် နှလုံးသားလေးက ပြောမပြတတ်အောင်ပါပဲ။ သူမ ဆက်၍ရပ်နေနိုင်အား မရှိတော့ဘဲ နေရာမှာ ထိုင်ချလိုက်ရသည်။ အသံကြားသွားလို့ထင်ရဲ့၊ သူက အသံတိတ်သွား၍ ဂစ်တာကို ဖွဖွဆက်တီးနေသည်။ ဆက်ဆိုပါဦး... သူမစိတ်ထဲကနေ တောင်းဆိုလိုက်၏။ ဒါကို သူများ ကြားသွားသလားထင်မှတ်ရသည်၊ နဂိုထက် တိုးလျသော အသံဖြင့်ဆက်ဆိုပေမယ့် ကြည်လင်နေဆဲပင်။
🎶 ဘဝလေးက လလေးကမသာ ညလေးထဲ သူလေးရောက်လာ ကိုယ့်နှလုံးသားရဲ့မီးအိမ်ငယ် 🎶
🎶 ခဏလေးပါ ခဏလေးပဲဆိုတဲ့ သီချင်းရယ် 🎶
🎶 သူဆိုပြတဲ့အခါ ကိုယ့်နှလုံးသားကနားမလည် 🎶
🎶 ဂျစ်ပစီတွေလို အကြာကြီးမငြိတွယ်တတ်တဲ့ အသည်းမယ် 🎶
🎶 လေနှင်ရာ နှင်လေတဲ့ ခရီးသည် 🎶
🎶 အာရုံချိန်မှာ ကိုယ့်နံဘေးနားကို စမ်းသပ်ကြည့်တော့ကွယ် အေးစက်သော ကွက်လပ်တစ်ခုတွေ့တယ် 🎶
🎶 အို အို အိုး ... အချစ်တွေရယ် သူလေသင်ပေးတယ် 🎶
🎶 အိုး အို အို... အလွမ်းတွေလည်း သင်ပေလို့သွားခဲ့တယ် 🎶
🎶 အို အို အိုး... အလွမ်းတွေရယ် သူလေသင်ပေးတယ် 🎶
🎶 သူ့နာမည် သဘာဝလို့ပြောသွားတယ် 🎶
🎶 အိုး အို အို... အိုး အို အို.... 🎶
သီချင်းတစ်ပုဒ်ပြီးသွားပေမယ့် ပြီးလို့ပြီးမှန်းတောင်မသိလိုက်ရ။ သူမ လုံးဝ နစ်မျောသွားတာပင်။ နေရာမှာ ကြောက်ရုပ်လေးလို မှင်သက်ကာငြိမ်သက်နေသော သူမကို သူလည်ပြန်ငဲ့ကြည့်၍ ပြုံးလိုက်မိသည်။
" နားထောင်ပြီးရင်လည်း တစ်ခုခုပြောဦးလေ "
ညဥ့်နက်နေပြီမို့ ဓူဝံ မတိုးမကျယ်လေသံဖြင့် လှမ်းပြောလိုက်တော့ သူမက ဝိုင်းစက်လှပသော မျက်ဝန်းတွေဖြင့် ငေးကြည့်နေရာမှ ကော့ညွှတ်နက်မှောင်နေသည့် မျက်တောင်တွေကို တဖျတ်ဖျတ်ခတ်လျက် ဟက်ခနဲ တစ်ချက်ရယ်လိုက်သဖြင့် သူ မျက်မှောင်ကုတ်လိုက်မိ၏။
" ရှင်က ကျွန်မကို ညှို့ယူထားတာကိုး၊ ချက်ချင်း ကျွန်မက ဘာပြောနိုင်ဦးမှာလဲ "
သူမစကားနားထောင်ပြီးမှ သူပါ ဟက်ခနဲ ရယ်ချလိုက်မိလေသည်။ ပြီးတော့ ခေါင်းတဆတ်ဆတ်ညိတ်နေမိ၏။
" ထားပါတော့ဗျာ ချီးကျူးတယ်လို့ သဘောထားလို့ရတယ်မို့လား "
သူမက ပြုံးလျက် သူ့ရဲ့တောက်ပသော မျက်လုံးအစုံကို ရဲဝင့်စွာ စိုက်ကြည့်ရင်း...
" အဲ့ထက်ပိုတယ်၊ အရမ်းနားထောင်လို့ကောင်းတယ်ဆိုတာထက်ပိုပါတယ်၊ ကျွန်မ ဒီထက်ပိုမပြောတတ်တော့ဘူး ဂွတ်ဒ်နိုက် "
ကြည်စင်နေသော မျက်လုံးတွေက ကြယ်လေးတွေလို တောက်ပရွှန်းလဲ့၍ အပြစ်ကင်းစင်သော မျက်နှာလေးကလည်း ပန်းရောင်သန်းလျက်ရှိနေတာကို သူမဖုံးကွယ်ဖို့ ကြိုးစားလိုက်သော်လည်း သူ မြင်မိအောင်မြင်လိုက်သေးသည်။
ဓူဝံသည် ဂစ်တာကြိုးတွေကို လက်ဖြင့် တစ်ချက်ခတ်လိုက်ရာ ထွက်လာသော သံစဥ်က သူ့နှလုံးခုန်သံကို လွန်ဆန်၍မရခဲ့။ ပထမဆုံးဖြစ်ပေါ်လာသော ထူးဆန်းသည့်ခံစားချက်ကို သူနှစ်ခြိုက်စွာ လက်ခံလိုက်မိပါသည်။ နွေးထွေးစွာဖြစ်ပေါ်လာသည့် အတ္တကင်းသော ခံစားချက်မှန်သမျှ သူနှစ်သက်မြတ်နိုးသည်။
သည်ည မဟူရာကောင်းကင်ကို ငွေသော်တာလမင်းက သူ့အလင်းရောင်ဖြင့် လွှမ်းခြုံထားလေသည်။ ကြယ်တွေလည်းစုံသော ထိုညက သူ့အား အဆုံးစွန်ထိ ရင်ခုန်စေခဲ့၏။ မျက်လုံးဖွဖွမှိတ်လိုက်သောအခါ လေတစ်ချက်နှော့လိုက်တိုင်း နှာသီးဖျားလာထိတွေ့သော မွှေးရနံ့ကြောင့် သူ ပြုံးရယ်လိုက်သည်။ ဒါ ကံ့ကော်ရနံ့ပေပဲ...။
°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°🕊🕊
ဆက်ရန် >>>
#Ruby Linn