မညီမျှတဲ့ချစ်ခြင်း 🕊💔
မနက်ပိုင်းအိမ်မှာ ချက်ပြုတ်စားသောက်ပြီး နေ့လည်ဘက်ကျတော့ တစ်အိမ်တစ်ယောက် ကြက်သွန်လှီးဓားတစ်ချောင်းယူ၍ အလှူအိမ်သို့ ကူညီချက်ပြုတ်လုပ်ကိုင်ရန် ထွက်လာကြသည်။ ငုဝါသည်လည်း နေ့လည်ဘက် ထမင်းစားပြီး ခြေရင်းက ဒေါ်ဘုတ်ဆုံနဲ့အတူ အလှူအိမ်သွားမည်မို့ ကံ့ကော်ပါ ကူဖော်လှောင်ဖက်ရအောင် လိုက်သွားလိုက်သည်။
ရွာနောက်ပိုင်း ခြံကျယ်ကြီးထဲက တလင်းပြင်တွင် ကြက်သွန်ဖြူနီခွာနေသော အမျိုးသမီးအုပ်စုကို တွေ့ရသဖြင့် သူမတို့လည်းဝင်လိုက်၏။ အပေါ်မှာ ဖျင်မိုးထားသည်။ မကြာမီ ဓူဝံလည်း အလှူအိမ်သို့ရောက်လာ၏။ ရွာရဲ့ ကာလသားတော်တော်များများလည်း ရောက်နေကြသည်။
သူမကို ကြက်သွန်ဖြူပဲခွာခိုင်းသည်။ အမွှာကကြီးတာမို့ ခွာရတာအဆင်ပြေ၏။ အသေးဆို လက်ဝင်နေဦးမည်။ အနီခွာကြသူများ မျက်ရည်တရွှဲရွှဲ နှပ်တရွှဲရွှဲ ဖြစ်နေ၏။
" ဆားကိုင်ပြီးခွာမှနဲ့တူတယ် မဟုတ်ရင် ဒီနေရာမှာ မျက်ရည်တွေအိုင်ထွန်းကုန်လိမ့်မယ် "
" ဟုတ်တယ် ဟုတ်တယ် "
" ဘယ်မှာသွားယူရမလဲ ကျွန်မသွားယူပေးမယ်လေ "
အဖြူတွေက ခွာလို့ပြီးတော့မှာမို့ သူမ သွားယူပေးဖို့ မေးလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။
" အိမ်ပေါ်မှာမေးလိုက် ကံ့ကော် "
လက်ထဲကဓားကို စားပွဲပေါ်ခဏချထားလိုက်ပြီး အိမ်ရှေ့က လှေကားထစ်သုံးထစ်ကိုနင်း၍ အိမ်ပေါ်တက်သွားလိုက်ပြီး အနောက်ဘက်ဝင်သွားလိုက်၏။ တစ်ယောက်ယောက်ကိုမေးပြီး ဆားအိုးယူလာကာ သူမ အောက်ထပ်ပြန်အဆင်းတွင် ဒန်အိုးသုံးလုံးကိုဆင့်၍သယ်လျက် အိမ်ပေါ်တက်လာသော ဓူဝံနှင့် မျက်နှာချင်းဆိုင်ဆုံရာ ဘေးကပ်ရပ်ရင်း သူမ ဖွဖွပြုံးပြလိုက်သော်လည်း ဓူဝံက တစ်ချက်မျှကြည့်၍ ဘေးကနေ ဖြတ်ကျော်လျှောက်ထွက်သွားလေသည်။
ဘာလို့များပါလိမ့်ဟု တွေးလိုက်ပြီး ကြက်သွန်လှီးသည့်နေရာသို့ သူမပြန်လာလိုက်၏။ နောက် ဆားအိုးကိုပေးလိုက်ပြီး သူများတွေ လုပ်သလို ဓားမှာ ဆားနည်းနည်းပွတ်ကာ အခွံခွာထားသော ကြက်သွန်တွေကို ခပ်ပါးပါးလှီးဖြတ်လိုက်သည်။ ဘယ်လိုပင် ဆားပွတ်ထားစေကာမူ အလုံးရေများလာသောအခါ နှာခေါင်းမွှန်လာပြီး တခွီးခွီးဖြစ်လာချေပြီ။
" ဟက်ချိုး ဟက်ချိုး.... "
" ကံ့ကော်ပါ တို့တွေနဲ့ ဓာတ်ကူးသွားပြီဟေ့ "
" အဟင်း "
ဓားကိုင်ထားသည့်လက်နဲ့ပင် နှာခေါင်းကိုလက်ဖမိုးနဲ့ အကြမ်းပတမ်းဖိသုတ်ပစ်ကာ ဝဲတက်လာသော မျက်ရည်တွေကြောင့် အမြင်ဝေဝါးလာသဖြင့် သူမ မျက်လုံးခဏမှိတ်ထားလိုက်ရသည်။ ပြန်ဖွင့်လိုက်ချိန် ဓူဝံက သူမမြင်ကွင်းထဲ ဝင်ရောက်လာကာ လှမ်းကြည့်နေစဥ် မျက်တောင်ခတ်လိုက်သဖြင့် မရည်ရွယ်ဘဲ မျက်ရည်က မျက်ခမ်းစပ်မှ ဖြုတ်ခနဲ ကြွေကျသွားတာကို သူမြင်သွားရာ သူမ ရှက်စိတ်ဖြင့် မျက်လွှာချလိုက်မိလေသည်။ ရင်ထဲမှာလည်း တဒိန်းဒိန်းဖြင့်။ နောက် မျက်လုံးထောင့်စွန်းကနေ သူ့အား လှမ်းခိုးကြည့်လိုက်ရာ ပြုံးစိစိဖြင့် သူမကိုကြည့်နေရာမှ အကြည့်လွှဲသွားလေသည်။
သူမလည်း မျက်ရည်တွေသုတ်၍ ဘာရယ်မဟုတ် ပြုံးရယ်လိုက်မိပါ၏။ ထို့နောက် ခေါင်းငုံ့၍ ကြက်သွန်သာဆက်လှီးနေလိုက်သည်။ လှီးပြီးသားကြက်သွန်နီတွေကို မငုဝါတို့က အိမ်ထဲသယ်သွားသဖြင့် သူမ စားပွဲပေါ်ပွစာကျဲ၍ ကျန်ခဲ့သော ကြက်သွန်ဖြူနီခွံတွေကို စုကာ တောင်းထဲထည့်၍ လွှင့်ပစ်ရန်ကြံရွယ်လိုက်သည်။
" မမ... ကျုပ်ကိုပေး "
" ဟင် "
အနောက်ဘက်မှ ထွက်လာသော ခပ်တိုးတိုးသြရှရှအသံကြောင့် သူမ ကျောက်ဘက်သို့ လှည့်ကြည့်လိုက်တော့...
" ကျုပ်သွားလွှင့်ပစ်ပေးမယ် "
" သြော် အင်း "
ခပ်ငယ်ငယ် ကောင်လေးက သူမလက်ထဲမှ တောင်းကို မေးငေါ့ပြ၍ ပြောလိုက်မှ သူမသဘောပေါက်သွားကာ ခေါင်းတစ်ချက်ဆတ်ပြရင်း ကျေးဇူး ဟု ဆိုကာ တောင်းကို ထိုကောင်လေးအား ပေးလိုက်၏။ မငုဝါကို မျက်လုံးကစားရင်း ရှာလိုက်တော့ ငါးရိုးနွှင်သည့်ဘက်ခြမ်းရောက်သွားပြီမို့ သူမ အနားလျှောက်သွားလိုက်ပြီး အရိုးကူနွှင်ပေးရင်း မငုဝါကို မေးလိုက်သည်။
" မလေး... ဒါဘာလုပ်ဖို့လဲဟင် "
" ငါးခြောက်ထောင်းလုပ်ဖို့လေ ကံ့ကော်ရဲ့ "
ငါးကြင်းကို နနွင်းနဲ့ဆီသတ်ထားတာတွေကို မြန်မြန်ပြီးရန် နှစ်ယောက် သုံးယောက် စုပြီး အရိုးနွှင်နေခြင်းပင်။ ထိုအခိုက် ခပ်လှမ်းလှမ်း ကွပ်ပျစ်မှာ ရေဆေးထားသော ကြွေပန်းကန်တွေကို အဝတ်ခြောက်နဲ့ရေစင်အောင်သုတ်နေသော ဒေါ်စံပယ်ဆီက အသံထွက်လာသည်။
" တစ်ယောက်လောက် ပန်းကန်တွေ ကူသုတ်ပေးပါလား အိမ်ပေါ်ကတောင်းနေပြီ၊ တစ်ယောက်ထဲမနိုင်တော့လို့ "
မငုဝါက သူမအား ပန်းကန်သွားကူသုတ်ခိုင်းသဖြင့် လက်ဆေးလိုက်ပြီး ပန်းကန်တွေပြောင်အောင် သုတ်ပေးလိုက်သည်။
" ဖိုးပိုင်... ဒီပန်းကန်တွေ အိမ်ပေါ်သယ်သွားပေးစမ်းပါဟယ် "
အနားမှာ တဝဲလည်လည်လုပ်နေသော ပိုင်ဦးအား မစံပယ် ပြောလိုက်သည်။
သူမ ပန်းကန်တွေဆက်သုတ်နေရင်း ခြောက်သွားသည့်ပန်းကန်တွေ လာသယ်သောသူအား မော့ကြည့်လိုက်တော့ စောနက ကြက်သွန်ခွံတွေ သွားပစ်ပေးသော ကောင်လေးဖြစ်နေ၏။ သူမတို့လည်း ကျန်နေသည့်ပန်းကန်တွေကို အပေါ်သယ်သွားလိုက်သည်။
" ကျုပ်ကိုပေး "
လက်တစ်ဝက်မှာပင် သူမလက်ထဲက ပန်းကန်တွေကို ကောင်လေးက အကုန်သယ်သွား၏။ နောက်တစ်ခေါက် သွားပို့တော့လည်း ရှေ့နည်းတူပင်။ အိမ်ပေါ်မှာ ပန်းကန်တွေသေချာနေရာချထားပြီးချိန် အောက်သို့ပြန်ဆင်းလာတော့ မငုဝါက ကွပ်ပျစ်မှာ ရေနွေးကြမ်းထိုင်သောက်နေ၏။
" ကံ့ကော် ဒီကိုလာ "
ဖိနပ်ချွတ်၍ ကွပ်ပျစ်ပေါ် ကျုံ့ကျုံ့လေး ထိုင်နေကာ မငုဝါငှဲ့ပေးသည့် ရေနွေးကြမ်းကို သူမ အရသာခံကာ နည်းနည်းချင်းသောက်နေလိုက်၏။ လက်ဖက်ခြောက်က လေးလေးပင်ပင်နဲ့ သောက်လို့ကောင်းသည်။
တစ်ဖက်မှာလည်း ဝက်သားခုတ်တဲ့သူနဲ့ ကြက်သားကိုင်တဲ့သူနဲ့ ထောင့်ကိုစီနေ၏။ ဓူဝံကို ခေါင်းလေးလှည့်ပတ်ရှာလိုက်ပေမယ့် မတွေ့တော့ပါ။ ပြန်သွားပြီထင်ပါရဲ့။
" ဟိုကလင်မယားက အလှူရှင်လေ၊ အကျီအနီနဲ့တစ်ယောက်က သူတို့သမီး... ကျန်တဲ့လူတွေက ရွာကဝိုင်းကူလုပ်ပေးတဲ့သူတွေပေါ့ "
မငုဝါ လက်ညှိုးထိုးပြသည်နောက် သေချာလေးလိုက်ကြည့်၍ ခေါင်းလေးအသာညိတ်မိ၏။ ထိုစဥ် အလှူရှင်အန်တီကြီးက ဒီဘက်လျှောက်လာကာ...
" ငုဝါတို့ ညနေထမင်းစားပြီးမှ ပြန်ရမယ်နော် အကုန်ချက်ထားတယ်၊ လာဝိုင်းကူလုပ်ပေးတဲ့သူတွေ စားရအောင်လို့ "
" မစားတော့ပါဘူး ဒေါ်သက်ရယ်... အိမ်မှာချက်ထားတယ် "
" အယ် ဒါဆို မနက်စောစောလာရမယ်နော် အားလုံးကိုကျေးဇူးအများကြီးတင်တယ် "
" ဒါဆို ကျွန်မတို့သွားလိုက်ဦးမယ်နော် ဒေါ်သက်၊ စိတ်ချ မနက်စောစောလာခဲ့မယ် "
တချို့က ကူလုပ်ပေးပြီး သူမတို့လို ပြန်သွားပေမယ့် တချို့ကလည်း ကျန်နေခဲ့သေးသည်။ ဒေါ်ဘုတ်ဆုံတို့သားအမိကတော့ သူမတို့နဲ့ ပြန်လိုက်လာသည်။
" ဟယ် ပိတောက်တွေဖူးနေပါလား၊ အခုမှတွေ့တယ် ဒါကြောင့် အလာတုန်းက မွှေးနေတာကိုး "
ဘုန်းကြီးကျောင်းရှေ့မှာ စိုက်ထားသော ပိတောက်ပင်နားရောက်တော့ ရုတ်တရက် မော့ကြည့်မိချိန် ပိတောက်ဖူးတွေတွေ့ရသည်မို့ သူမ အလန့်တကြား ရေရွတ်မိသွားသည်။
" ညက မိုးတဖြိုက်နှစ်ဖြိုက်ရွာလိုက်တာကိုး... သင်္ကြန်ကျအောင်တောင်မစောင့်တော့ဘူး ဧကန္တ ပိတောက်က မိုးကိုပိုချစ်သွားလို့နေမယ်နော် စောစောပွင့်တာလေ "
ကြယ်စင်က သူ့ဘာသာသူပြောရင်း သဘောကျကာ တခစ်ခစ်ရယ်နေသည်။ ဘာပဲဖြစ်ဖြစ် သူ့အတွေးလေးက ချစ်စရာကောင်းသည်မဟုတ်လား...။
နက်ဖြန်ဆို မိုးထိသည့် ပိတောက်ပင်တိုင်း ပိတောက်တွေဝေနေပေတော့မည်။
°°°°°°°°°°
အလှူသွားဖို့ သူမမှာ အဝတ်စားကောင်းကောင်းကန်းကန်းမရှိသဖြင့် မငုဝါက သူမနှင့်တော်နိုင်မည့် မြန်မာဝမ်းဆက်တစ်စုံကို သူမအား ပေးဝတ်သည်။ အစစ်အနေနဲ့ အလှတောင် ပြင်ပေးလိုက်သေးသည်။
ပိတောက်ခြောက်ရောင် ကချင်လုံချည်နဲ့ ငုဝါရောင် ပြောင်ရင်စေ့ခါးအတိအကျီလေးက သူမနှင့် အနည်းငယ်ချောင်နေသော်လည်း မငုဝါထက် သူမက အရပ်ပိုရှည်သဖြင့် ခါးအတိအကျီက ခါးပေါ်ရောက်နေ၏။ မငုဝါကတော့ သူမနဲ့ပိုတောင် လိုက်သည်ဟု ဆိုကာ အပိုင်ပေးသည်။
မငုဝါကလည်း မရမ်းစေ့ရောင် ကချည်ချိတ်လုံချည်နဲ့ ခရမ်းနုရောင် ပြောင်ရင်ဖုံးအကျီကို ဝတ်ထားသည်။ ဖိနပ်ကိုတော့ နှစ်ယောက်လုံး ကတ္တီပါအနက်ရောင်အပါးကိုသာ စီးထားပါသည်။
အလှူမှာ သူမတို့မိန်းကလေးအဖွဲ့က ဧည့်ခံရသည်။ လိုက်ပွဲပြင်ရသည်။ ဓူဝံက ယောပုဆိုးနက်ပြာ အဖြူရောင်ရှပ်လက်ရှည်ကို တံတောင်ဆစ်နားထိ ခေါက်တင်၍ သီးစုံဟင်းရည်ပုံးကိုဆွဲကာ လိုက်ထည့်ပေးနေပါသည်။ သူက သူမတို့ထက် စောစီးစွာ အိမ်မှထွက်သွားခြင်းဖြစ်သည်။ ဒေါ်သပြေကတော့ အညိုနုရောင် ပိုးသားဝမ်းဆက်နဲ့ ခေါင်းရင်းမှာ လူကြီးတွေနဲ့ထိုင်စကားပြောနေ၏။
ဟင်းပွဲလိုက်နေစဥ် အနားရောက်လာသော ပိုင်ဦးက သူမကို ပိတောက်ခတ်တစ်ခတ်ပေး၏။
" မမပန်ဖို့ "
" ကျေးဇူးပါ "
ပိတောက်ပန်းကို ထုံးဖွဲ့ထားသည့် ဆံပင်ထဲ ဖြစ်သလိုထိုးထည့်ကာ လွတ်နေသည့်ဝိုင်းတွေမှာ သူမ ထမင်းပန်းကန်တွေလိုက်စဥ် ပိုင်ဦးက လိုက်ပွဲပြင်ပြီးသားတွေ ယူလာပြီး ဆေးရမည့်ပန်းကန်တွေကို အနောက်သို့ပြန်သယ်သွားလေသည်။ ထမင်းစားချိန်မှာ လူက ပြုံရောက်လာကာ လိုက်ပွဲထည့်သူတော့ လက်မလည်တော့။ ထို့ကြောင့် ကလေးဝိုင်းတစ်ဝိုင်း သီးသန့်ပြင်ကျွေးလိုက်ရသည်။ မနက်က အပြေးအလွှား မုန့်ဟင်းခါးတစ်ပွဲစားထားတာသာ ဗိုက်ထဲရှိတာမို့ ယခု သူမဗိုက်ထဲ စစ်တွေတိုက်နေပြီ။
" လုပ်ကိုင်ပေးတဲ့သူတွေ တချို့တစ်ဝက်ဝင်စားလိုက်လေ အချိန်လင့်နေပြီ စားကြ "
မငုဝါက သူမကို ဆာပြီလားမေးသည်မို့ အမှန်တိုင်းသာ ဖြေလိုက်သည်။
" ကဲ ဒါဆို စားမယ် လာ "
လွတ်သွားသော ဝိုင်းတစ်ဝိုင်းမှာ ထမင်းပန်းကန် ၇ ချပ်ပြင်ပြီး မိန်းကလေးတွေ ဝိုင်းထိုင်လိုက်ကြသည်။
" တစ်ယောက်လာလေ ဒီမှာ တစ်ပန်းကန်လွတ်နေတယ် "
" ဓူဝံသွားလိုက် မနက်တည်းက ဘာမှမစားရသေးဘူးမလား သွားသွား ဝင်စားလိုက် ဓူဝံ "
ဒါကြောင့် သူ ဝင်စားလိုက်သည်။ ဆာနေတာ အူလိပ်နေပေမယ့် တကယ်တမ်းတော့ ဟုတ်တိပက်တိ မစားနိုင်ပါ။ ပန်းကန်ထဲက ထမင်းကို ကုန်အောင်မနည်းစားယူရသည်။ ဟင်းစားနည်းသူမို့ သူ့ပန်းကန်ထဲမှာရှိသည့် ဟင်းဖက်တွေကို မလေးပန်းကန်ထဲ ထည့်ပေးလိုက်ပြီး ပန်းကန်ဆွဲကာ အနောက်ဘက်သို့ ထွက်လာခဲ့လိုက်တော့သည်။
လက်သာဆေးသွား ပြောပေမယ့် ကိုယ့်ပန်းကန်ကိုယ်ဘာသာ အတင်းဆေးလိုက်သည်။ နောက် ပန်းကန်ဆေးသည့်နေရာနားမှာ ခဏထိုင်နေလိုက်၏။
" ဓူဝံ ဘာဖြစ်လို့လဲ "
မလေးအမေးကို သူခေါင်းခါပြလိုက်သည်။
" ဗိုက်အောင့်လို့လား "
" နည်းနည်းပါ "
" အစာကြေဆေးစားလိုက်လေ လာလာ "
မလေးက သူ့အား အစာကြေဆေးတောင်းကျွေးပြီး ခဏထိုင်နေလိုက်တာမို့ နည်းနည်းတော့သက်သာသွားသလိုပင်။ အလှူပြီးတော့ သိမ်းစရာရှိတာသိမ်း ဘုန်းကြီးကျောင်းက ငှားလာသည့် စာပွဲတွေထိုင်ခုံတွေ သေချာပြန်အပ်ပြီးတာနဲ့ ဓူဝံ အိမ်ပြန်လာခဲ့သည်။ မလေးတို့က လှည်းကျင်းပြီး ဆေးကြောနေတာမို့ ကျန်ခဲ့၏။
ခဏတဖြုတ်နားပြီး ခြံထဲကအပင်တွေ ရေလောင်းရင်း ပုဆိုးတွေရေစိုသွားသည်မို့ သူပါ တစ်ခါတည်း ရေချိုးလိုက်သည်။ ထိုအခိုက် အိမ်ထဲပြေးဝင်လာသော ကံ့ကော်ကို သူရေချိုးနေရင်း လှမ်းတွေ့ရသည်မို့ ရင်ထိတ်သွားကာ ဒီအတိုင်း သူမအနား ပြေးသွားမိ၏။
" ဘာဖြစ်တာလဲ "
" ဟို ဟို... "
အမောတကောဖြင့် လက်ညှိုးက ခြံပြင်သို့ညွှန်ပြလျက် ခါးကိုကိုင်းညွတ်ကာ အသက်ကို ခက်ခဲစွာ ရှူရှိုက်နေသော ကံ့ကော်ကို မစောင့်နိုင်တာမို့ သူအပြင်ထွက်ကြည့်လိုက်တော့ ဦးစိန်တို့အိမ်က ခွေးကို အမြီးလေးတနှံ့နှံ့နဲ့တွေ့ရပြီး နောက်မှ မလေးကိုပါ ခပ်သုတ်သုတ်လျှောက်လာတာ တွေ့ရသည်။
" ဓူဝံ ဘာထွက်လုပ်တာလဲ ကံ့ကော်အိမ်ပြန်ရောက်ပြီမလား "
" အင်း အပြေးအလွှားနဲ့ဝင်လာတာပဲ၊ ဘာဖြစ်သလဲ ကျုပ်အပြင်ထွက်ကြည့်တာ ဒီကောင့်လက်ချက်ဖြစ်လိမ့်မယ် "
ပြန်လှည့်ထွက်သွားပြီဖြစ်သော ခွေးနက်ကို သူ တစ်ချက်ကြည့်ကာပြောလျက် ခြံထဲပြန်ဝင်လာတော့ ကံ့ကော်က အိမ်ပေါ်တက်သွားနှင့်ပြီ။
" ကံ့ကော် ခုနက ဘာဖြစ်တာလဲ "
" ဟိုခွေးက ကျွန်မကိုတွေ့တာနဲ့ ထိန်းမနိုင်သိမ်းမရ လိုက်ဆွဲတော့ ကျွန်မလည်းကြောက်ပြီး ခြံထဲတစ်ချိုးတည်းပြေးလာတာ မလေး "
" ဟာ အဲ့ခွေးက မကိုက်တတ်ပါဘူး၊ ခုလိုက်ဆွဲတယ်ဆိုတော့ ကံ့ကော်ကံနိမ့်နေလို့ဖြစ်မယ် ဘုရားတရားများများလုပ်၊ ရေသောက်ပြီးပလား "
" ဟုတ်ကဲ့ "
ကြောက်စိတ်မပြယ်သေးဘဲ ခုထိ သူမရင်တုန်ပန်းတုန်ဖြစ်နေဆဲပင်။ တကယ်ပဲ သူမ ကံနိမ့်နေတာများလား...။
°°°°°°°°°°
" မမ "
" ဟင် "
ဘုရားပန်းကပ်ရန် ခြံထဲကအာစီယံသပြေတွေခူးဖို့ သူမ ခြံထဲဆင်းလာစဥ် ဟိုနေ့က ကောင်လေးကို တွေ့ရပြန်သည်။ သူ့လက်ထဲမှာ ရေဖလားခွက်နှင့် သူမဆီ လျှောက်လာနေ၏။
" မမကို ရေလောင်းချင်လို့ ရလား "
" ဟင် ဟို "
" ဒီနေ့က သင်္ကြန်အကျနေ့လေ၊ အဲဒါကြောင့် မမကို ဦးဦးဖျားဖျားရေလောင်းချင်လို့ "
" ဟုတ်လား ရ ရပါတယ် လောင်းချင်လောင်းလေ "
" ဒီအတိုင်းလောင်းရင် မမအေးမှာစိုးလို့ ကျုပ်သပြေခတ်နဲ့ လောင်းမယ်နော် "
" အဟင်း ကောင်းပါပြီ "
ကောင်းလေးက အနားက အာစီယံသပြေတစ်ခတ်ကိုကျိုး၍ ရေဖလားထဲနစ်ကာ သူမပခုံးကို အသားလေးထိရုံထိသည်။ သူမ ပြုံး၍ သူ့အပြုအမူလေးကို သဘောကျကာ ငြိမ်ခံနေမိ၏။ ကောင်လေးက အများဆုံးရှိလှ ၁၅ ၁၆ ပေါ့။ စိတ်ကစားတတ်သည့် အရွယ်မဟုတ်လား။ သူမကတော့ မောင်ငယ်လေးလို့ပဲ သဘောထားမိသည်။
" မမ တစ်လှည့် ပြန်လောင်းလို့ရမလား "
သူမက မေးလိုက်တော့ ကောင်လေးက ဝမ်းပန်းတသာနဲ့ ခေါင်းတဆတ်ဆတ်ညိတ်ပြရှာသည်။ ရေဖလားနဲ့ သူ့ပခုံးနားသို့ အသာအယာပဲ လောင်းလိုက်တော့ ကောင်လေးက ပြုံးရယ်နေ၏။
" ကျေးဇူးပါမမ "
" ရပါတယ် "
အိမ်ရှေ့မှာ ပိုင်ဦးအသံကြားတာမို့ ဓူဝံအပြင်ထွက်ကြည့်လိုက်ရာ ကံ့ကော်ကိုပါ တွေ့ရသည်။ ပိုင်ဦးရဲ့ ခန္ဓာကိုယ်တစ်ခြမ်းကလည်း ရေတွေစိုရွှဲနေ၏။
" ပိုင်ဦးပါလား ဘာကိစ္စလဲဟေ့ "
" ဟို ဘာမှမဟုတ်ပါဘူး ကိုကြီးရာ၊ အခုမှနိုးတာလား အရီးတို့ရော နေကောင်းတယ်မို့လား "
" အေးကွ "
ဓူဝံ သူတို့အနားလျှောက်သွားတော့ ပိုင်ဦးက သူ့ကို နှုတ်ဆက်ပြီး ပြန်လှည့်ထွက်သွားသည်။
" ကျုပ်တို့နဲ့ ပိုင်ဦးနဲ့က ဆွေမျိုးနီးစပ်တော်တယ်လေ၊ ဒီကောင်လေး ဘာလာလုပ်တာလဲ "
" ဟို ကျွန်မကို ရေလောင်းချင်လို့တဲ့ "
" သြော် အဟွင်း... "
သူ နှစ်ခြိုက်စွာ ပြုံးရယ်လိုက်ရင်း သူမကို တစ်ချက်ကြည့်လိုက်စဥ် ပခုံးနားတစ်ဝိုက်မှာ ရေကွက်စိုနေတာ တွေ့ရ၏။
" ကျုပ်လည်းလောင်းလို့ရလား "
" အို လောင်းချင်လောင်းပေါ့ "
" အလကားပြောတာပါဗျာ "
" ဒါနဲ့ ပိုင်ဦးက ကျောင်းနေသေးလား "
" ပိုင်ဦး ၈ တန်းအောင်တော့ ဆက်မတက်ဘဲ တစ်နှစ်အောက်လိုက်တယ်၊ ရွာမှာ အထက်တန်းကျောင်းဖွင့်ရင် ပြန်တက်မယ်ပြောတာပဲ "
" သူက ဘာလို့ ဆက်မတက်တာလဲ "
" နွေရာသီကျောင်းပိတ်ရက်မှာ ပိုင်ဦးအဖေဆုံးသွားတယ်လေ၊ အဲဒါကြောင့်ထင်တာပဲ၊ သူ့ကို ပြန်တက်ခိုင်းပေမယ့် မြို့မှာသွားတက်ရမှာစိုးလို့ မတက်တာလည်းပါမယ်ထင်တယ် "
" သူ့မှာ အဖေမရှိတော့ဘူးလား "
သနားကရုဏာသက်စွာ သူမ လေးလေးနက်နက် ပြောလိုက်မိသည်။ ဓူဝံကို လှမ်းကြည့်လိုက်တော့ သူက တချူတံတစ်ခုသွားယူပြီး ခြံထောင့်က သရက်ပင်နားသွားကာ သရက်သီးတွေကို တချူနဲ့ခူးနေ၏။ တချို့က အောက်ပြုတ်ကျလာသည်မို့ သူမ အပြေးကလေးသွားကောက်လိုက်သည်။
" ခင်ဗျားခေါင်းပေါ်ပြုတ်ကျမယ် ဘေးကပ်နေ "
" မကျအောင်ခူးပေါ့ "
" နေဦး ကျုပ်သရက်သီးကို ပြောလိုက်ဦးမယ်၊ အောက်ပြုတ်ကျရဲ ပြုတ်ကျကြည့်စမ်း "
" အဟက် "
သူမ အသံထွက်ရယ်မောလိုက်ကာ သရက်သီးတွေ ဆက်ကောက်ပြီး ကွပ်ပျစ်ပေါ်သွားတင်ထားလိုက်သည်။ အလုံး ၂၀ လောက်ရှိမည်။ တချို့က အစိမ်း၊ တချို့က ဝင်းရောင်နေပြီ။ ရင်ကွဲသီးတွေပင်။
" သရက်သီးခူးလက်စနဲ့ အုန်းညွှန်းလေးတက်ခူးလိုက်ပါလား ဓူဝံ "
" သင်္ကြန်ကြိုဖို့အတွက်လား မလေး "
" အေး "
ဓူဝံ ပုဆိုးတိုတိုဝတ်ကာ သရက်ပင်ဘေးက အုန်းပင်ပေါ် တွယ်တက်သွားလိုက်ပြီး အုန်းညွှန့်တွေကို ရသလောက်ခူးကာ အရည်သောက်အုန်းသီးတစ်လုံးတွေ့တာနဲ့ သူခူးကာ အောက်ပြန်ဆင်းလာခဲ့လိုက်သည်။
" အုန်းညွှန့်တွေအများကြီးပါလား "
" တခြားလူတွေ လိုရင်ပေးလို့ရတာပေါ့ မလေးရယ်၊ တမာနဲ့မြေစာပါ တစ်ခါတည်း ကျုပ်ခူးလိုက်မယ် အိမ်မှာ သပြေက ရှိနေတာပဲ "
" အေး အေး "
" ဟောဒီက ပဲပြုတ် ပဲပြုတ်... "
ပဲပြုတ်အော်သံကြောင့် ဓူဝံ ကံ့ကော်ကို အလျင်အမြန် မေးလိုက်သည်။
" ခင်ဗျား ပဲပြုတ်နဲ့ ထမင်းဆီစမ်းစားမလား "
" အင်း "
" အစ်မ ဒီကိုခဏ "
ပဲပြုတ်သည်အစ်မက ပဲပြုတ်တောင်းရွက်ပြီး သွက်လက်စွာ အိမ်ထဲဝင်လာရာ ဓူဝံ တောင်းကို အောက်ချပေးလိုက်၏။
" ဘယ်လောက်ဖိုးယူမလဲ မောင်လေး "
" တစ်ဆယ်သားပေးပါ ဘယ်လောက်လဲ "
" ၃၀၀ ပါ မောင်လေး၊ ပဲစျေးတွေတက်တယ်လေ၊ အရင်လိုပြုတ်ရင် မပွားတော့ဘူး "
ဓူဝံ ဘာမှမပြောဘဲ သူ့အကျီအိတ်ကပ်ထဲက နှစ်ရာတန်တစ်ရွက်နဲ့ ရာတန်တစ်ရွက် ထုတ်ပေးပြီး တောင်းပြန်ပင့်ပေးလိုက်၏။ နှုတ်မှလည်း...
" ရောင်းကောင်းပါစေ အစ်မ "
" ငါ့မောင်ပြောသလို ရောင်းကောင်းချင်ပါတယ်ကွယ် "
သူပြုံးပြလိုက်ပြီး အိမ်ထဲဝင်လာခဲ့ကြသည်။ သူကိုယ်တိုင် နယ်ထားသော ထမင်းဆီစမ်းနဲ့ပဲပြုတ်ကို အားလုံးဝိုင်းစားလိုက်ကြ၏။
°°°°°°°°
ညနေစောင်း အညောင်းပြေလမ်းလျှောက်ထွက်ချိန် ကြယ်စင်တို့လည်း သူမတို့နဲ့အတူပါလာ၏။
" ဒီကလေးလေးက ကြယ်စင့်ညီမလား "
" ဟုတ်တယ် ကြယ်စင်တို့ကညီအစ်မနှစ်ယောက် သူက ငွေစင် "
ကလေးမလေးက ၅ နှစ်လောက်ပဲ ရှိဦးမည်။ ကြယ်စင်နဲ့မတူဘဲ အသားဖြူဖြူလေးနဲ့ ဆံပင်ကုပ်ဝဲလေး ပါးဖောင်းဖောင်း သွားတက်လေးနဲ့။
" ဟိုနေ့က ကြယ်စင်တို့အိမ်ကနေ ကလေးသံတွေကြားနေရတာ ငွေစင့်အသံကိုး "
" ဟုတ်ပါ့ အစွာလေးလေ "
" မမကြယ်စင်နော် "
" ဘာလဲ "
အသက်ချင်းကွာတာမို့ နှစ်ယောက်လုံးက ဆတ်ဆတ်ထိမခံ သူတစ်ပြန်ကိုယ်တစ်ပြန်ဖြစ်နေကြသည်။ သူတို့လေးတွေကိုကြည့်ပြီး သဘောကျနေမိသည်။ သူမမှာလည်း မောင်နှမအရင်းအချာတွေ ရှိနေလေမလား။ သူမကို လိုက်ရှာမည့်သူ မရှိတော့ဘူးလား။ ဒီမှာ ဘယ်အချိန်ထိ နေရပါ့မလဲ။ ကြာလာလို့ ငြိုငြင်လာရင် သူမ ဘယ်ကိုသွားရပါ့မလဲ။
" မလေး... လမ်းလျှောက်ထွက်တာလား အိမ်ထဲဝင်ပါဦးလား "
သူဇာက ဆိုင်ရှေ့ဖြတ်လျှောက်သော ငုဝါကို လှမ်းတွေ့လိုက်ရသဖြင့် အိမ်ထဲအတင်းဆွဲခေါ်၍ ပါလာ၏။
" အလှူတုန်းက သူဇာ့ကို မလေးမတွေ့မိသလိုပဲနော် "
" ဟုတ်တယ် ဇာမြို့တက်ပြီး ဆိုင်အတွက်လိုအပ်တာလေးတွေ သွားဝယ်နေလို့လေ၊ ခဏနော် ဇာလက်ဖက်သွားသုပ်လိုက်ဦးမယ် "
" ရတယ် သူဇာလေး မသုပ်တော့နဲ့၊ မလေးတို့ ဟိုနားဒီနားလျှောက်ရုံပဲလို့ အစ်မကိုပြောလာခဲ့လို့လေ "
" ဒါနဲ့ ဓူဝံရောဟင်၊ ဟွန့် သူနေနိုင်နေတာ အိမ်ဘက်တောင် တစ်ခါမှလှည့်မလာဘူး "
" သူလည်းဘယ်ထွက်လဲမသိပါဘူး "
သူဇာ မျက်နှာလေးတစ်ချက်ညှိုးသွား၏။ ကုန်စုံဆိုင်တစ်ဖက်နဲ့ ဒီကြားထဲ အလုပ်တွေရှုပ်နေတော့ ဓူဝံကို ခုရက်ပိုင်းတွေမှာ မတွေ့ရသဖြင့် မျှော်နေမိ၏။
" မမကြယ်စင် ပြန်မယ်လေ "
ငွေစင်က မျက်နှာလေးရှုံ့မဲ့၍ ကြယ်စင့်အကျီလက်ကိုဆွဲ၍ ပူဆာနေ၏။ သူဇာ ကံ့ကော်ဆီ အကြည့်ရောက်သွားပြီး ရွာထဲကလူတွေပြောပြောနေသည့် မြို့ကလာတဲ့ ဓူဝံအမျိုးဖြစ်မည်ဆိုတာကို တွက်ဆလိုက်သည်။
" ဒါဆို မလေးတို့ပြန်လိုက်ဦးမယ်နော်၊ ဓူဝံကို ဒီဘက်လွှတ်လိုက်မယ် "
" ကျေးဇူးပဲနော် မလေး "
သူဇာတို့အိမ်ထဲက ပြန်ထွက်လာတော့ အိမ်တိုင်းအိမ်တိုင်း အိမ်ရှေ့မှာ အကြိုအိုးတွေထားထားတာ တွေ့ရသည်။ အိုးရှေ့မှာ ဖယောင်းတိုင် အမွှေးတိိုင် အချိုရည်ပုလင်းတွေတောင် စားပွဲတစ်ခုပေါ်မှ ချထားသေးသည်။ သူမ မမြင်ဘူးတာမို့ တအံ့တသြလိုက်ကြည့်မိ၏။
" ဟိုမှာ ကိုဓူဝံ "
သူတို့ဘက်ကို လျှောက်လာနေသော ဓူဝံနဲ့ သက်ထွေးကို ကြယ်စင်က တွေ့သွားပြီး လှမ်းပြောလိုက်သည်။
" ဒါဘယ်သွားကြမလို့လဲ "
" ကိုကျော်သူရဲ့ မီးစက်ပျက်သွားလို့တဲ့ ကျုပ်သွားကြည့်လိုက်ဦးမယ် "
" အတော်ပဲ သွားရင်း သူဇာ့ဆီဝင်လိုက်ဦး၊ မင်းကိုမေးနေတယ် "
" ဝင်လိုက်မယ်လေ "
" သက်ထွေး... နင်လည်း ကြည့်နေကြည့်စားနော် အိမ်ကပစ္စည်းတွေ ကုန်သလောက်ရှိနေပြီမလား၊ ပြီးရင် နင်ပဲပြန်ရှာရတာ "
" မငုဝါကလည်းဗျာ "
သူမရှေ့မှာမို့ ကိုသက်ထွေးရှက်သွားသည်ထင်ပါရဲ့။ မျက်နှာကြီးရဲပြီး ခေါင်းကုပ်ရင်း ရှိုးတိုးရှမ်းတမ်းဖြစ်သွားတာကို သူမ မြင်လိုက်ရသည်။ ဓူဝံက ထုံးစံအတိုင်း ပြုံးတုံ့တုံ့နဲ့ပဲ။ သူမ သူ့ကို လှမ်းကြည့်လိုက်ရာ သူကလည်း သူမကို လှမ်းကြည့်၍ပြုံးပြရင်း ရှေ့ဆက်လျှောက်သွားလေသည်။
သူဇာနဲ့ ဓူဝံနဲ့က သူငယ်ချင်းအရင်းတွေလို့ မငုဝါက စကားစပ်မိရင်း သူမကို တစ်ခါပြောပြဖူး၏။ စောနက သူဇာ့အပြုအမူကိုကြည့်ရုံနဲ့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို သိနိုင်သည်။
ဓူဝံက ညစဥ်ညတိုင်း ဂစ်တာတီးမပျက်ကွက်ခဲ့ပါ။ အပြင်ထွက်နားမထောင်ပေမယ့် သူမ အိပ်ရာထဲမှာပဲ သူ့ဂစ်တာသံကို နားထောင်လေ့ရှိသည်။ အရင်ဆို အတွေးများပြီး တော်တော်နဲ့ အိပ်မပျော်နိုင်ဖြစ်ခဲ့ပေမယ့် သူဂစ်တာသံကို နားထောင်ပြီးနောက်ပိုင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေခဲ့၏။ သူမအတွက် သူ့ဂစ်တာသံက အိပ်ဆေးဖြစ်မှန်းမသိဖြစ်လာခဲ့ချေပြီ။
°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°🕊🕊
ဆက်ရန် >>>
#Ruby Linn