book

Index 14

အပိုင်း(၁၄)

  • Author : Rudylinn
  • Genres : Romance, Drama, Action

မညီမျှတဲ့ချစ်ခြင်း 🕊💔


" ဖြည်းဖြည်းမောင်းနော် ဂရုစိုက်သွားကြ " 


အိမ်ရှေ့မှာထွက်၍ သတိပေးစကားပြောပြီး ဓူဝံတို့ဆိုင်ကယ် ဘုန်းကြီးကျောင်းဘက် ချိုးကွေ့ဝင်သွားသည်ကို လှမ်းကြည့်ပြီးမှ ဒေါ်သပြေ အထဲပြန်ဝင်ခဲ့တော့သည်။ 


လမ်းပေါ်မှာ စပါးတွေဖြန့်ခင်းထားဆဲမို့ ဓူဝံ ဆိုင်ကယ်ကို သတိထားထိန်းမောင်းနေရင်း ရှေ့ဘီးက အနည်းငယ်ချော်သွားရာ အနောက်ကပခုံးကိုင်လိုက်လာသည့် ကံ့ကော်က သူ့ခါးအား အလန့်တကြားလှမ်းဖက်လာသည်။ 


" ဘာမှမဖြစ်ဘူး ကျုပ်မောင်းနေကျ " 


ထိုအခါ ခါးပေါ်မှလက်ကိုဖယ်ကာ ပခုံးနှစ်ဖက်ကို ခပ်တင်းတင်းဆုပ်ကိုင်လာသော လက်တွေရဲ့ နွေးထွေးမှုကို သူခံစားနေရသည်။ ဟိုင်းဝေးလမ်းပေမယ့် ပုံမှန်အတိုင်း  မိုင် ၄၀ ကျော်ကျော်လေးသာ သက်တောင့်သက်သာ မောင်းနှင်လာလိုက်သည်။ 


" အရင်က ဆိုင်ကယ်စီးဖူးတယ်လို့ ခံစားမိလား " 


" ဟင့်အင်း မခံစားရဘူး " 


မျက်နှာကို ဖြတ်တိုက်သွားသောလေထုက သန့်စင်ကာ ယခုလိုဆိုင်ကယ်နောက် လိုက်စီးရသည့် ခံစားချက်က တစ်မျိုးလေးဖြစ်နေ၍ သူမနှင့်ရင်းနှီးမှုမရှိတာကိုတော့ အသေအချာပြောနိုင်သည်။ 


နာရီအတန်ကြာ ဆိုင်ကယ်စီးပြီး သထုံမြို့ဆိုသည့်ဆိုင်းဘုတ်ကို ဖြတ်မောင်းပြီးသကာလ မြို့ထဲရောက်ရှိလာသည်။ ဖြည်းဖြည်းမောင်းသည်မို့ ပတ်ဝန်းကျင်ကို သေချာကြည့်ခွင့်ရပါသည်။ နေရာဒေသက သူမနဲ့ မနီးစပ်သလို ခံစားရ၏။ ယခုမှ မြင်ဖူးသည့် မြင်ကွင်းမျိုးတွေပင်။ 


တစ်နေရာမှာ ဆိုင်ကယ်ရပ်သွားသဖြင့် သူမ အောက်ဆင်းလိုက်ပြီး ဘေးဘီဝဲယာလိုက်လံကြည့်လိုက်၏။ သူမစိတ်ထဲ ဘယ်လိုမှမခံစားရ။ သာမန်လိုပင်။ 


" ကျုပ်တို့စျေးထဲဝင်ကြမယ် " 


" အင်း ဦးထုပ်ချွတ်ပေးဦးလေ " 


" သြော် အင်း " 


ဓူဝံ သူ့ဦးထုပ်ကိုသာ သူချွတ်လိုက်ပြီး သူမဦးထုပ်ကို ချွတ်ပေးဖို့ မေ့သွားခြင်းပင်။ သူဦးထုပ်ချွတ်ပေးလိုက်ပြီး ခြင်းထဲထည့်ကာ မြို့မစျေးထဲ နှစ်ယောက်အတူ ဝင်လာခဲ့၏။ 

ဘေးနားက သူမက သူသွားရာနောက်သာ လျှောက်လိုက်နေသည်။ ကြည့်ရတာ ဒီပတ်ဝန်းကျင်နဲ့ ရင်းနှီးပုံမရပေ။ အရင်ဆုံး ဟင်းစားတန်းထဲသွားပြီး မလေးမှာလိုက်သည့် ပုစွန် ကြက်သားနဲ့ ငါးမြစ်ချင်းတွေ ဝယ်နေစဥ် သူမက ဟိုဟိုဒီဒီလျှောက်ကြည့်နေသည်။ ပြီးတော့ တိုးတိုးကပ်ပြောသည်။ 


" အဲ့ပုစွန်တွေကမလတ်ဘူး ဟိုဘက်ကလတ်တယ် ဒိီမှာမဝယ်နဲ့ " 


ခါတိုင်း မလေးနဲ့အတူ သူလိုက်ဝယ်နေကျမို့ နည်းနည်းပါးပါး ဝယ်တတ်ခြမ်းတတ်သော်လည်း အသားဟင်းတွေ လတ်မလတ်တော့ သိပ်မကြည့်တတ်ပေ။ ထို့ကြောင့် ကံ့ကော်ကိုသာ သူအားကိုးလိုက်သည်။ 


" ပုစွန်တွေဘယ်စျေးလဲ အန်တီ " 


" ၂၀၀ စျေးနဲ့ယူသွား ဒီမနက်မှ ပိုက်မိထားတာတွေ လတ်တာတော့မမေးနဲ့ မြင်တဲ့အတိုင်းပဲ " 


" မလေးက ဘယ်လောက်ဝယ်ခိုင်းလိုက်တာလဲ " 


" ဘယ်လောက်လို့မပြောဘူး ကြည့်ဝယ်ဖို့ပဲပြောလိုက်တာ " 


သူမက သူ့လှည့်မေးပြီး ပုစွန်တွေတစ်ချက်ပြန်ကြည့်ကာ...


" ၅၀၀ ဖိုးသာ ထည့်လိုက်အန်တီ " 


ချိန်ခွင်နဲ့ချိန်ပြီး ပိုပိုသာသာထည့်ပေးတယ်နော်ဟု စျေးသည်က ပြောကာ ကျွတ်ကျွတ်အိတ်နဲ့ထည့်ပြီးပေးတော့ ဓူဝံက ပိုက်ဆံရှင်းလိုက်သည်။ 


" နောက်ဘာဝယ်ဦးမလဲ " 


" အခြောက်အခြမ်းနည်းနည်းလောက်ဝယ်မယ် " 


ဓူဝံက ရှေ့ကဦးဆောင်ကာ ကံ့ကော်က နောက်ကလိုက်သည်။ ကုန်​ခြောက်ဆိုင်မှာ ဓူဝံ လိုအပ်တာတွေဝယ်နေစဥ်မှာလည်း သူမမျက်လုံးတွေက တောင်မြောက်ကျီးကန်းတောင်းမှောက်ကြည့်နေလေသည်။ တချို့အရာတွေက သူမအတွက် အထူးအဆန်းဖြစ်နေသည်ထင်။ သို့သော် သူမအကြည့်တွေက ဘယ်တော့မှ တစ်နေရာထဲမှာ ရပ်တန့်မနေပါ။ 


လူတွေအများကြီးထဲမှာမှ တစ်ယောက်တစ်လေလေးများ သူမကို သိတဲ့သူနဲ့ တွေ့ရရင် ဘယ်လောက်ကောင်းလိုက်မလဲ။ တကယ်များတွေ့ခဲ့ရင် အတိုင်းမသိပဲပေါ့။ 


" သွားမယ် ကံ့ကော်... "


" ဟင် အင်း " 


" တစ်ခုခုသတိရလို့လား " 


" သတိရချင်တာ " 


ဖျော့တော့သောအသံလေးနဲ့ တုန့်ပြန်လာသော သူမမျက်လုံးတွေမှာ ဝမ်းနည်းမှုတွေ ခိုတွဲနေပြန်သည်။ သူ နှစ်သိမ့်ပြုံးပြုံးလျက် သူမလက်ကို ဖျတ်ခနဲဆွဲယူကာ အထည်ဆိုင်တွေဘက်သို့ ခြေဦးလှည့်လိုက်ပြီး မိန်းမဝတ်အကျီဆိုင်ရှေ့ရောက်မှ ကိုင်ထားသည့်လက်ကို သတိရပြီး လွှတ်ပေးလိုက်မိသည်။ 


" ကြိုက်တာယူ ကျုပ်ဝယ်ပေးမယ် " 


" ကျေး ကျေးဇူးပါ "


သူကဝယ်ပေးမယ်ပြောတော့ သူမက အားတုံ့အားနာဖြစ်သွားဟန် ကျေးဇူးတင်စကားဆိုပြန်သည်။ အဝင်ဝနားမှာရပ်ကာ သူမဝယ်တာကိုစောင့်နေလိုက်၏။ သူသိပ်ကြာကြာမစောင့်လိုက်ရဘဲ သူမက ခဏအတွင်း အကျီဝယ်ပြီးသွားပြီ။ တွေ့ရာကောက်ဝယ်လိုက်သလား အောက်မေ့မိ၏။ ပိုက်ဆံရှင်းပေးပြီးနောက် သူမကို အလှပြင်ပစ္စည်းရောင်းသည့်ဆိုင်ကို လိုက်ပြလိုက်သည်။ မိတ်ကပ်တို့ဘာတို့ ဝယ်ချင်လိမ့်မည်ထင်ပေမယ့် သူမက ဘာမှမဝယ်ဘဲ ပြန်ထွက်လာတော့ သူအနည်းငယ် အံ့သြသွားရသေးသည်။ 


" ကျုပ်သူငယ်ချင်းတစ်ယောက်နဲ့ ခဏသွားတွေ့လိုက်ဦးမယ် ခင်ဗျားဘယ်မှာစောင့်နေခဲ့မလဲ " 


" ဟိုနားကဆိုင်မှာ စောင့်နေမယ်လေ " 


" တစ်ခုခုသောက်ရင်းစောင့်နေပေါ့ ကျုပ်မကြာပါဘူး မြန်မြန်ပြန်လာခဲ့မယ် " 


" ရပါတယ် " 


အအေးဆိုင်မှာ ထောပတ်သီးဖျော်ရည်သောက်ပြီး သူမ ဓူဝံကို ထိုင်စောင့်နေလိုက်၏။ အအေးဆိုင်က ဝိုင်းသုံးဝိုင်းသာရှိပြီး လူရှင်းသည်။ ခဏကြာမှ ကောင်လေးနဲ့ကောင်မလေး နှစ်ယောက် ဆိုင်ထဲဝင်လာ၏။ အအေးကုန်သွားပေမယ့် ဓူဝံကလည်း ပြန်မလာသေး ဆိုင်ကလည်းလူပါးသည်မို့ ဆက်ထိုင်နေစဥ် ဘယ်တုန်းက ဆိုင်ထဲဝင်လာမှန်းမသိသည့် ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်က စောစောက ကောင်လေးနဲ့အတူလာသည့် ကောင်မလေးထံ လျင်မြန်စွာ ရောက်သွားပြီး နင်တစ်လုံးငါတစ်လုံးဖြင့် ဒေါသကြီးစွာ အော်ဟစ်ပြောဆိုနေသည်။ 


သူမလည်း ရုတ်တရက်မို့ လန့်ဖျပ်သွားပြီး ကျောဘက်မှာရှိသည့် သူတို့ကို လှည့်ကြည့်လိုက်မိသည်။ ကောင်မလေးခင်မျာ ခေါင်းငုံ့ပြီး သူပြောသမျှ ငြိမ်နားထောင်နေရှာသည်။ ဘေးက ကောင်လေးကလည်း ပါးစပ်အဟောင်းသား။ ဘာပြဿနာဖြစ်ကြလဲမသိပေမယ့် ယခုလို လူရှေ့သူရှေ့ အော်ဟစ်ပြောဆိုဖို့တော့ မသင့်ဟု သူမတွေးလိုက်သည်။ 


မကျေမချမ်းနဲ့ ဒေါသတကြီးပေါက်ကွဲနေသော ကောင်လေးက ကောင်မလေးလက်ကို ဆောင့်ဆွဲလိုက်တော့ ကောင်မလေးက ပျော့ဖက်စွာ သူ့လက်ထဲပါသွားပြီး ရှက်ရွံ့စွာစိုက်ကြည့်လိုက်သည့် ကောင်မလေးမျက်လုံးတွေကို သူမ ရင်းနှီးသလို ခံစားလိုက်ရလေသည်။ 


" နင်က သစ္စာမရှိတဲ့မိန်းမ၊ ငါ့နောက်ကွယ်မှာ တခြားကောင်နဲ့လာချိန်းတွေ့နေတာ ငါမသိဘူးထင်နေတယ်ပေါ့ ဟုတ်လား " 


" နင်ဘာတွေလာပြောနေတာလဲ မဟုတ်မဟပ်တွေ ငါ့ကိုလာစွပ်စွဲမနေနဲ့ " 


ကျောက်ရုပ်လေးတစ်ရုပ်လို ထိုမြင်ကွင်းကို အကြောင်သားငေးကြည့်နေမိသည်က စိတ်ညှို့ခံလိုက်ရသူလိုပင်။ အသက်ရှူဖို့ပင် မေ့နေသယောင် ထင်မှတ်ရသည်။ မိမိကိုယ်တိုင်ဖြစ်နေသလို ထိတ်လန့်စိတ်တွေဝင်လာ၍ ခြေဖျားလက်ဖျားတွေ အေးစက်လာသည်မှာ အံ့အားသင့်စရာ။ 


" ကံ့ကော်... ခင်ဗျားအဆင်ပြေရဲ့လား " 


မျက်နှာရှေ့တည့်တည့်မှာ ဓူဝံက လာရပ်၍ အော်ခေါ်လိုက်မှ သတိတစ်ချက် ဝိုးတဝါးဝင်လာ၏။ 


" အင် " 


ယခုမှ အသက်ရှူဖို့သတိရသူလိုမျိုး လေကိုခပ်ပြင်းပြင်းရှိုက်ရှူလိုက်ပြီး ချက်ချင်း ဘာစကားမှ ပြန်မပြောနိုင်သေးပါ။ 


" ဘာဖြစ်လို့လဲ "


စကားပြန်ပြောဖို့ အားယူနေရသေးတာမို့ ခေါင်းသာယမ်းပြလိုက်၏။ ဘာကြောင့် သူမရင်တွေ တလှပ်လှပ်တုန်နေရသလဲ အ​ဖြေရှာမရခဲ့။ ရွာကိုပြန်သည့်လမ်းမှာ သူမငိုင်တိငိုင်တိုင်ဖြင့် စိတ်နဲ့လူမကပ်သလိုရှိနေသည်။ ကိုယ့််ကိုယ်ကိုယ်ပင် နားမလည်နိုင်ပါ။ 


အိမ်ရှေ့ဆိုင်ကယ်ရပ်တော့မှ အိမ်ရောက်ပြီမှန်းသိရသည့်အဖြစ်ပင်။ ပစ္စည်းတွေစုထည့်ထားသည့် ကျွတ်ကျွတ်အိတ်အမဲကိုဆွဲ၍ သူမအိမ်ထဲဝင်လာသည်မှာ အခွံကြီးသက်သက် လမ်းလျှောက်လာသူလိုဖြစ်နေ၏။ အိတ်ကိုချ၍ သူမ ရေတစ်ခွက်အပြည့်ခပ်ကာ တစ်ကျိုက်တည်း မော့သောက်ချလိုက်၏။ ရင်ထဲ အေးမသွားပါ။ ရေငတ်တော့ပြေသွားသည်။ နောက် အခန်းထဲ ဝင်ကာလှဲနေလိုက်၏။ 


" ဟဲ့ ဓူဝံ... ကံ့ကော်ဘာဖြစ်လာတာလဲ " 


" ကျုပ်လည်းသေချာမသိဘူး၊ ကျုပ်သူ့ကို အအေးဆိုင်မှာ ခဏထားခဲ့တုန်းကအကောင်းပဲ၊ ပြန်လာမှ အခုလိုအေးတိအေးစက်ပုံစံဖြစ်သွားတာ " 


" နင်က အဲဒါမေးမကြည့်ဘူးလား "


" ရော် မေးကြည့်တာပေါ့မလေးရယ်... သူမှမဖြေချင်ဘဲကို " 


" ကဲ ကဲ ထမင်းစားမယ်၊ ကံ့ကော်ရေ ထမင်းစားကြမယ်ဟေ့ " 


" ဟုတ် မလေး " 


လှုပ်စိလှုပ်စိနဲ့ အခန်းထဲမှ ထွက်လာသော ကံ့ကော်ကို သူကြည့်ပြီး အားမရပါ။ သူမေးပေမယ့် သူမက မပြောတော့ ဘာတတ်နိုင်မှာတဲ့လဲ။ 


" ဒါက ငါးကြင်းကိုမီးဖုတ် ကြက်သွန်ဖြူနီနဲ့ ငရုတ်သီးကိုထောင်း ငါးပိရည်ဖျော်ထားတာ စားကြည့် ကံ့ကော် " 


" ဟုတ်ကဲ့ "


ငါးပိရည်နည်းနည်းခပ် ထမင်းပေါ်ဖြူပြီး နယ်ဖက်စားလိုက်ရာ ခံတွင်းတွေ့သွား၍ သူမ သဲ့သဲ့ပြုံးလိုက်ရင်း...


" စားကောင်းတယ်မလေး " 


" အေးအေး ကောင်းရင်များများစား " 


" အစ်မရော ဘယ်သွားလဲ "


" အစ်မကစားပြီးလို့ အပြင်ထွက်သွားတယ် " 


" သြော် " 


ဓူဝံကလည်း ဟင်းမနှိုက်ဘဲ ငါးပိရည်နဲ့ သရက်သီးကိုသာနှိုက်သည်။ ခရမ်းဂျွတ်သီးလေးလည်းပါလို့ စားလို့ရှယ်ကောင်း၏။ သူမလည်း ဓူဝံအားပါးတရစားနေသည်ကို အားကျကာ အပြိုင်လိုက်စားမိသည်။ ဗိုက်ဆာလို့ စောနက ကတုန်ကယင်ဖြစ်တာလို့ပဲ သူမ သဘောထားလိုက်တော့သည်။ 


" ဓူဝံရေ ဓူဝံ ... " 


" ဗျို့ " 


ထမင်းစားပြီးလို့ လက်သုတ်နေစဥ် အိမ်ရှေ့မှ ခေါ်သံကြားလို့ သူအသံပေးပြီး ထွက်လာခဲ့လိုက်တော့ ရွာနောက်ပိုင်းက ပေကြီးကို လှမ်းတွေ့ရသည်။ 


" ကိစ္စရှိလို့လား ကိုပေကြီး " 


" ညက ကန်စင်းရိုးပေါ်တင်ထားတဲ့ မောင်ပိန်တို့ရေစုတ်စက် သူခိုးခိုးခံရတဲ့အကြောင်း မင့်ကြားပြီးပလား " 


" ကျုပ်မကြားမိဘူး " 


" အဲဒါလာပြောတာဟေ့ လယ်ထဲမှာရှိတဲ့စက်တွေကို ရွာကလူတွေ အိမ်ပြန်သယ်လာကြပြီ မင်းတို့လည်းသတိထားရအောင် လာပြောတာ သွားဦးမယ် "


" ကျေးဇူးပဲ ကိုပေကြီးရေ " 


ပြန်ထွက်သွားသော ကိုပေကြီးကို ဓူဝံကြည့်၍ ခေါင်းတခါခါရှိနေစဥ် မငုဝါအနားရောက်လာပြီး...


" ဒါဆို တို့စက်တွေလည်းသွားသယ်ရမှာပေါ့ " 


" အဲလိုပဲလုပ်ရတော့မှာပေါ့ " 


" ညနေမှသွားသယ်ကြမယ် အခုနေပူတယ် " 


ဓူဝံ ခေါင်းညိတ်ပြီး သူတို့လယ်ကိုကူလုပ်ပေးသည့် လယ်စာရင်းငှားတွေဆီ ထွက်သွားလိုက်၏။ အကျိုးအကြောင်း သွားပြောပြရမည်။ 


သူမလည်း လယ်ထဲလိုက်ချင်တာမို့ မငုဝါဆီမှာ ခွင့်တောင်းလိုက်မိသည်။ မငုဝါက ကြည်ကြည်ဖြူဖြူပင် လိုက်ခွင့်ပြု၏။ ​


နေအေးမှ သူမရယ် ဓူဝံတို့မောင်နှမရယ် စက်လှေရပ်ထားသည့် တံတားဆီသို့ လျှောက်လာစဥ် လမ်းမှာ လင်မယားရန်ပွဲနဲ့တိုး၏။ သူတို့က အကြီးအကျယ် ရန်ဖြစ်နေကြသည်။ ဘယ်သူမှ ဝင်ဆွဲလို့မရ။ ဆွဲတဲ့သူ ဓားကြည့်ဆိုပြီး ယောကျာ်းဖြစ်သူက ဓားကြိမ်းကြိမ်းနေတာကို ကြက်သီးထဖွယ် သူမမြင်နေကြားနေရ၏။ ထို့ကြောင့် ဝင်ဆွဲမယ့်သူမရှိတော့။ 


လမ်းမပေါ်ကနေသာ ဓူဝံ ခြံထဲကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ကိုသောင်းက ပုဆိုးတိုတိုဝတ်ပြီး မစိုးက လုံချည်ကို စုံတောင်ဆွဲ၍ သတ်ပုတ်နေကြ၏။ မြင်ကွင်းက ဘယ်လိုမှ အမြင်မတင့်တယ်တဲ့အပြင် လက်ပိုက်ကြည့်နေရမည့် အနေအထားမဟုတ်။ ထို့ကြောင့် ခြံဝထိ ခြေလှမ်းကျဲဖြင့် သူလျှောက်သွားတော့ အနောက်မှ မလေး၏ လှမ်းအော်ဟန့်တားသံကြားရသည်။ ဓူဝံကိုကြည့်၍ သူမလည်း ထိတ်ခနဲ ဖြစ်သွား၏။ ရန်တွေဘာတွေဖြစ်ကြရင် ဘယ်လိုလုပ်မလဲ။ ဓူဝံအတွက် သူမစိတ်ပူပန်သွားမိသည်။ 


" ကိုသောင်း " 


ဒေါသသံ စိုးစဥ်းမျှမပါဘဲ ဓူဝံ ခပ်ကျယ်ကျယ်အော်လိုက်တော့ မစိုးရဲ့ဆံပင်ကို လက်တစ်ဖက်ဖြင့် ဆွဲကိုင်ထားသည့် ကိုသောင်းက သူ့အား ဆတ်ခနဲ လှည့်ကြည့်လာ၏။ 


" သူများလင်မယားကိစ္စ ကျုပ်ဝင်ပါတာမဟုတ်ပေမယ့် ယောကျာ်းတစ်ယောက်က မိန်းမတစ်ယောက်ကို လက်ပါတာကိုတော့ ကျုပ်လက်ပိုက်မကြည့်နိုင်ဘူး၊ ခင်ဗျားတို့ဖြစ်ချင်ရင် အိမ်ထဲမှာဖြစ်လေ၊ လျှာနဲ့သွားကိုက်မိမှာပဲ စကားနဲ့ပဲဖြေရှင်းပေါ့၊ ပတ်ဝန်းကျင်မှာ မသင့်တော်တာလုပ်ပြီး ဘယ်သူမှဝင်မပါနဲ့ဆိုတာ ခင်ဗျားဘာသဘောလဲ " 


ဓူဝံက ခပ်အေးအေးပင် သူပြောချင်တာကို လိုရင်းရောက်အောင် တစ်လုံးချင်းပြောသွား၏။ သူ့မျက်လုံးတွေက ကြောက်ရွံ့ခြင်းကင်းကာ သတ္တိဟူသော ခွန်အားနဲ့ အမှန်တရားဆိုယုံယုံကြည်ကြည်လုပ်ရဲသော ခံယူချက်က သူ့အတွက် ကာဗာတစ်ခုလိုဖြစ်နေသည်။ သူ့မှာ ဘာလက်နက်မှမပါ။ ကိုသောင်း ဓားနဲ့ခုတ်ရင်လည်း အခုတ်ခံရနိုင်သည်။ သို့သော် သူက သွေးအေးအေးပင် ခြံပြင်မှာ ရပ်လျက်ရှိနေဆဲ။


" ဘာသဘောမှမဟုတ်ပါဘူးကွာ မင်းပြောသလို ငါတို့တွေ ကတောက်ကဆဖြစ်ရုံပါ " 


ထိုအခါမှ မစိုးက ပြေလျော့နေသည့် သူ့လုံချည်ကို ခပ်တင်းတင်းပြန်ဝတ်နိုင်သည်။ အကျီတွေကိုလည်း ဆွဲဆန့်နေ၏။ ကိုသောင်းကလည်း နီမြန်းနေသည့် သူ့မျက်နှာကို မထားတတ်ဟန် မူပျက်ပြီး နေရခက်စွာရှိနေသည်မို့ ဓူဝံ နောက်လှည့်ပြန်ခဲ့သည်။ 


" တော်သေးတာပေါ့ မလေးရယ်... ကျွန်မဖြင့် အဲ့လူက ဓူဝံကို တစ်ခုခုလုပ်လိုက်ပြီမှတ်နေတာ ဟူး " 


" ဒီရွာမှာ ဓူဝံနဲ့မတည့်တဲ့သူမရှိသလောက်ပဲ၊ လူကြီးလူငယ်မရွေး ဓူဝံကို ခင်မင်လေးစားကြတယ်၊ ပြီးတော့ ကိုသောင်းက ဓူဝံကျေးဇူးမှမကင်းဘဲ သူ့စပါးတွေ ရေထဲမျောသွားတုန်းက ဓူဝံပဲ လိုက်ဆယ်ပေးခဲ့တာလေ " 


" အဲလိုကိုး.... " 


ခုမှ အသက်ဝဝရှူနိုင်တော့သည်။ အမြင်မတော်ရင် ကူညီတတ်သည့် ဓူဝံစိတ်ဓာတ်ကို သူမ လေးစားအားကျမိသွား၏။ သူ့မှာ အဲလိုစိတ်ရှိလို့ပဲ သူမကို ကူညီခဲ့ပြီး အခုလို သူမ ဘေးမသီရန်မခရှိနေနိုင်တာပေါ့။ 


°°°°°°°°°


" ကံ့ကော်အခုမြင်နေရတဲ့ လယ်ကွက်ကြီးက မလေးတို့လယ်တွေလေ " 


" ဟိုးထိလား မလေး... " 


" အင်း " 


" ဒါဆိုမြင်ကွင်းတစ်ဆုံးပေါ့ အကျယ်ကြီးပဲ "


" ဟုတ်ပါ့ " 


စပါးတွေ ရိတ်သိမ်းပြီးပြီမို့ မြေကွက်လပ်က ဟာလာဟင်းလင်းဖြစ်နေကာ မြက်ခြောက်တွေက မြေကြီးပေါ် အတုံးအရုန်းလဲပြိုနေကြ၏။ အမိုးအကာမရှိသည့် လယ်ထဲမှာ နေ့ဆို ဘယ်လောက်များပူလိုက်မလဲ။ နေပူပူမှာ 

လယ်လုပ်စားကြသည့်သူများကို သနားကရုဏာသက်မိ၏။ ပင်ပန်းလို့ဆိုပြီး စပါးစိုက်မယ့်သူမရှိတော့ရင် သူမတို့ ဆန်ကိုစျေးကြီးပေးဝယ်စားရုံမက ဆန်အစားဂျုံကို အစားထိုးစားရနိုင်ချေရှိသည်။ မြေကွက်လပ်အလယ်မှာတော့ အဝတ်ဝတ်ပေးထားသည့် စာခြောက်ရုပ်ကြီးရှိ၏။ ရှူရှိုက်လိုက်သည့်လေထဲတွင် စပါးရနံ့တွေ ကပ်ပါလာသည်။ ထိုခံစားချက်ကို သူမ နှစ်သက်၏။ အပြည့်အဝလွတ်လပ်သည်ဟု ခံစားမိသောကြောင့်ပင်။ 


တစ်ဖက်မှာတော့ စက်ပစ္စည်းတွေနဲ့ အလုပ်ရှုပ်နေသော ဓူဝံနဲ့ ငုဝါ...။ 


" မလေး... ကျွန်မဘာကူညီပေးရမလဲဟင် "


" ရတယ် ရတယ် ကံ့ကော်မလုပ်တတ်ဘူး၊ တော်ကြာနေ စာရင်းငှားတွေလာတော့မှာ " 


" စာရင်းငှား " 


သူမက စကားအသုံးအနှုန်းကို နားမလည်တာမို့ သံယောင်လိုက်ကာ ရေရွတ်လိုက်မိ၏။ 


" မလေးတို့စပါးစိုက်ရင် ကူလုပ်ပေးဖို့ငှားထားတဲ့သူတွေကိုပြောတာလေ " 


" သြော် အဲဒါကိုပြောတာလား စာရင်းငှားဆိုတာ " 


" ဟုတ်ပါ့ " 


ပြောပြောဆိုဆို သူမတို့ဘက်ကိုလျှောက်လာနေသည့် လူတစ်အုပ်ကို တွေ့ရသည်။ ယောကျ်ားတွေရော မိန်းမတွေရော ၅ ယောက် ၆ ယောက်လောက် ရှိမည်။ 


" စာရင်းငှားတွေကို မလေးတို့ရွာကမရရင် တစ်ခြားရွာကငှားရတာ၊ တချို့တွေက ပင်ပန်းလို့ မြို့တက်အလုပ်လုပ်ကြတယ်၊ ကောက်ရိတ်တဲ့အချိန် ခြွေလှေ့ထိုးတဲ့အချိန်ဆို လူကငှားလို့မရဘူး အပြိုင်လုငှားကြရတာ စျေးပိုပေးပြီးတော့၊ အဲဒါတောင် တချို့က ဂဂျီဂချောင်လုပ်ကြသေးတယ် " 


" မလွယ်ဘူးနော် "


မငုဝါပြောတာနားထောင်ပြီး ရင်ထဲစကားတွေအများကြီးပြောလိုက်မိပေမယ့် တကယ်တမ်း မလွယ်ဘူးနော် ဟုပဲ ပြောထွက်သွားသည်။ လူများတော့ မြန်မြန်ဆန်ဆန်ပင် ရိတ်သိမ်းခြွေလှေ့စက် ရေတင်စက်တွေကို လှေပေါ် ခဏလေးတင်ပြီးသွား၏။ 

လှေဆိပ်ကိုပြန်လျှောက်အလာ လမ်းမှာ ကလေးတွေ စွန်လွှတ်နေတာ တွေ့ရသဖြင့် သူမ မော့တော့မော့တော့နဲ့ လျှောက်လာရင်း ကြည့်မိသည်။ 


" ခင်ဗျားသဘောကျလို့လား " 


" အင်း " 


" လွှတ်ကြည့်ချင်လား " 


" အဲလိုရလား "


ဓူဝံက ပြုံးရင်း ကလေးတစ်ယောက်ဆီက စွန်တစ်ခုကို ခဏငှားလိုက်သည်။ ထိုအခိုက်တွင် မငုဝါတို့က စာရင်းငှားအုပ်စုနဲ့ ရှေ့ရောက်သွားပြီ။ 


" ဒီမှာတွေ့လား လေလာတဲ့ဘက်ကို စွန်ကိုထားပြီး ဘီးကိုဒီလိုဖြည်းဖြည်းချင်းလှည့်ရတယ် "


ကောင်းကင်မှာ စွန်သုံးခုရှိနေသည်။ အဖြူ အပြာ အနီ သုံးခုတွင် သူ့စွန်က အဖြူရောင်ပင်။ ဓူဝံစွန်လွှတ်တာကိုကြည့်ပြီး သဘောကျကာ သူမလည်း လွှတ်ကြည့်ချင်စိတ်ပေါ်လာ၏။ 


" ရော့ လုပ်ကြည့် " 


သူ့ဆီက ဘီးကိုလက်ပြောင်းယူလိုက်စဥ် စွန်က သူမလက်ထဲရောက်သည်နှင့် အပေါ်မတက်ဘဲ အောက်စိုက်သွားသည်။ သူမ ဓူဝံကို အကူအညီတောင်းသလိုလှမ်းကြည့်လိုက်တော့ သူက ဖွဖွပြုံးပြီး...


" လေလာတဲ့ဘက် ကြိုးစကိုဆွဲလိုက် မခက်ပါဘူးလုပ်ကြည့် ဒီလိုပုံစံမျိုး " 


ဓူဝံက စွန်ကိုမကိုင်ဘဲ လက်ဟန်အမူအယာဖြင့် သူမကို သင်ပြနေ၏။ သူပြောသည့်အတိုင်းလုပ်ပေမယ့် စွန်က အပေါ်မရောက်အောက်မရောက်ဘဲ လေထဲတဝဲလည်လည်ဖြစ်နေသည်။


" ရွာထဲရောက်မှ စွန်ဝယ်ပြီးလွှတ်ကြည့်၊ ခုတော့ ကျုပ်တို့ပြန်ကြမယ် မလေးတို့စောင့်နေလိုက်ပြီ " 


သူမလက်ထဲက စွန်ကိုပြန်ယူပြီး ကလေးလက်ထဲ ထည့်ပေးလိုက်ကာ ကလေးခေါင်းကို ဖွဖွပုတ်လျက် လျှောက်ထွက်လာခဲ့လေတော့သည်။ လှေဆိပ်မှာ လှေကထွက်ဖို့အဆင်သင့်ဖြစ်နေကာ သူတို့ကိုစောင့်နေတာမို့ ဓူဝံလှေပေါ် အရင်ခုန်ချလိုက်ပြီး သူမဆီ လက်တစ်ဖက်ကမ်းပေးလိုက်၏။ သူ့လက်တစ်ဖက်ကို ဆုပ်ကိုင်၍ လှေထဲမရဲတရဲဆင်းလာသော သူမကို သေချာထိန်းကိုင်ပြီး လှေထဲနေရာချပေးလိုက်ပြီးသည်နှင့် စက်လှေက စတင်ထွက်တော့သည်။ 


သူမအဖို့ မြင်သမျှ အထူးအဆန်းဖြစ်နေမှာမလွဲတာမို့ သူလှမ်းကြည့်လိုက်တော့ ထင်သည့်အတိုင်း မျက်တောင်တောင်မခတ်တော့ဘူးလား ထင်ရလောက်အောက် နှုတ်ခမ်းနှစ်လွှာ ဖွင့်ဟ၍ ပတ်ဝန်းကျင်ကို တမေ့တမောငေးကြည့်နေပုံက ဘာရယ်မဟုတ် သူ့အား အားကြီးစွာ ဆွဲဆောင်ထား၏။ 


စက်လှေကို အရင်အတိုင်း တံတားဆိပ်မှာကပ်၍ စက်ပစ္စည်းတွေကို သူတို့အိမ်ထဲ ဝိုင်းမ၍သွင်းကြ၏။ ကံ့ကော်နဲ့ငုဝါက အိမ်ထဲအရင်ဝင်သွားကာ ငုဝါက ပစ္စည်းတွေ နေရာချထားဖို့ လမ်းပြပေး၏။ အားလုံးပြီးစီးတော့ ရေနွေးကြမ်းသောက်ပြီး ပြန်သွားကြသည်။ 


မိုးလည်းချုပ်ပြီမို့ အင်ဗာတာစက်နဲ့ဂျွိုင်းကာ မီးသီးတွေနဲ့ ပန်ကာတွေကို ဖွင့်လိုက်သည်။ တစ်အိမ်လုံးလင်းထိန်သွားကာ ထမင်းစားဖို့ပြင်ဆင်ချိန် ဒေါ်ဘုတ်ဆုံတို့ သားအမိတစ်တွေရဲ့ အသံကိုကြားလိုက်ရ၏။ နောက် စကားတပြောပြောနဲ့ အိမ်ထဲဝင်လာကြသည်။ အနောက်မှ ဒေါ်ခွာညိုတို့လည်းပါလာ၏။ 


" ထမင်းစားကြတော့မလို့လားဟေ့ " 


" ဟော ဒေါ်ဘုတ်ဆုံတို့ပါလား လာကြ " 


မငုဝါက နောက်ဖေးကနေ လှမ်းအော်ပြောလိုက်ရင်း ထမင်းခူးနေသည့် ကံ့ကော်ကို ပြီးရင်ထွက်လာခဲ့ဟု ပြောကာ ဟင်းပန်းကန်တွေယူပြီး အရင်ရှေ့ကထွက်သွားသည်။ 


" မခွာညိုတို့လည်းပါတာကိုး စားပြီးကြပြီလား "


" ကြာလှပေါ့ စကားလေးဘာလေးပြောရအောင် ထွက်လာခဲ့တာ စားကြ စားကြ၊ ဒါနဲ့ ဓူဝံရော " 


" ရှိတယ် ဓူဝံရေ... ထမင်းစားမယ်ထွက်ခဲ့ " 


ဓူဝံ အခန်းထဲမှထွက်လာပြီး ဒေါ်ဘုတ်ဆုံတို့ကို ပြုံးပြကာ ထမင်းစားပွဲ၌ ဝင်ထိုင်လိုက်သည်။


" လူစုံပါလား လာစားကြပါလား ဟင်းတော့မကောင်းဘူးပေါ့ဗျာ " 


" ဓူဝံတို့များ အပြောလေးတွေကနော်၊ စားပြီးခဲ့ပါပြီ ကိုယ့်ဘာသာဝအောင်စား " 


သူ နှစ်ခြိုက်စွာ ပြုံးလျက် အစ်မပန်းကန်းထဲကို သရက်သီးသုပ်ခပ်ထည့်၍ အရင်ဦးချပြီးမှ သူ့ထဲထည့်ကာ စားလိုက်သည်။ 


" မသပြေရော ဘယ်သွားလဲ "


" အစ်မရှိတယ် အနောက်မှာ " 


သူပြောနေရင်း ဒေါ်သပြေနဲ့ ကံ့ကော်က အနောက်ကထွက်လာသည်။ ဒေါ်သပြေက ခေါင်းရင်းဘက်မှာထိုင်ပြီး ကံ့ကော်က ဓူဝံဘေးမှာ ထိုင်လိုက်၏။ ငုဝါက ထမင်းမစားခင် ဧည့်သည်တွေစားဖို့ လက်ဖက်လေးပြေးသုပ်ပြီး ချပေးလိုက်သည်။ တီဗွီလည်း ဖွင့်ပေးထားသည်။ 


" သောကြာနေ့ ကိုကျော်သူတို့အလှူရှိတယ်နော် သွားကူလုပ်ပေးကြမယ်မလား " 


" ကူလုပ်ပေးရမှာပေါ့ တစ်ရွာတည်းသားချင်းပဲ " 


ဒေါ်ဘုတ်ဆုံက ဒေါ်ခွာညိုကို မေးလိုက်ပြီး တဆက်တည်း ဒေါ်သ​ပြေကိုပါ မေးလိုက်၏။ 


" မသ​ပြေတို့ရော သွားမယ်မလား သွားရင်အတူသွားရအောင်လို့လေ " 


" အင်း အတူသွားတာပေါ့ " 


" ဒီလာတုန်းက လမ်းမှာ သူဇာလေးနဲ့တွေ့ခဲ့တယ် သိလားဓူဝံ " 


ခေါင်းငုံ့စားနေသော ဓူဝံ ဒေါ်ခွာညိုကို မော့ကြည့်လိုက်ပြီး ပြုံးပြကာ ခေါင်းသာညိတ်ပြလိုက်၏။ ပြီးနောက် ဆက်စားနေကာ ဝပြီမို့ ပန်းကန်ယူ၍ အနောက်မှာသွားဆေးလိုက်သည်။ 


" ဓူဝံက သူဇာကို ပုံမှန်အတိုင်းပဲနော်၊ သူဇာကသာ ဓူဝံအပေါ် တရင်းတနှီးရှိတာ " 


ဒေါ်ခွာညိုက သူ့ဘာသာပြောသလို တစ်ယောက်ထဲဆက်ပြောနေ၏။ တီဗွီကြည့်နေသော ကြယ်စင်က ရုတ်တရက်ထပြီး...


" ဘာလိုလိုနဲ့ သင်္ကြန်ရောက်တော့မယ်နော် ပျော်စရာကြီး ဟီး... အစ်မကံ့ကော် ကြယ်စင်တို့ရွာမှာ သင်္ကြန်ကျသိလား၊ အရမ်းပျော်စရာကောင်းတာ "


ကြယ်စင်က ရွှင်မြူးစွာ အားပါးတရပြောနေသည်မို့ သူမ ခေါင်းညိတ်ပြလိုက်၏။


" အလှူအစနေ့ဝိုင်းကူလုပ်ရင် ကံ့ကော်ပါခေါ်ခဲ့ပေါ့ မသပြေရဲ့၊ အတွေ့အကြုံအသစ်ပေါ့၊ မပြန်သေးဘူးမလား " 


" အင်း ခေါ်ခဲ့မယ်၊ ကံ့ကော်က ဒီမှာကြာကြာနေဦးမှာ " 


အမျိုးလည်းမဟုတ်ဘဲ သူစိမ်းအိမ်မှာ အခန့်သားထိုင်စားနေသည့် သူမအဖြစ်ကို ပြန်သတိရကာ စိတ်ထဲတစ်မျိုးတစ်မည် ဝမ်းနည်းသလိုဖြစ်သွား၏။ သူမ မျက်နှာမကောင်းတာကို ဒေါ်သပြေက ရိပ်မိပုံထောက်သည်။ သူမအား နွေးထွေးကြင်နာစွာ ပြုံးပြသည်မို့ အားတက်သွားမိသည်။ မငုဝါတို့ စကားထိုင်ပြောနေချိန် သူမ အခန်းထဲသာဝင်၍ နေနေလိုက်သည်။ တနေကုန် ဟိုလုပ်ဒီလုပ်မို့ နေသာထိုင်သာရှိပေမယ့် ညဘက်တွေမှာဆို ဘာကို သတိရလို့ရမှန်းမသိ လွမ်းဆွတ်သလို ခံစားနေရ၏။ 


ဘာမှန်းမသိတဲ့ ခံစားချက်တွေနဲ့ နေ့တစ်နေ့ကို ထပ်ပြီးကုန်ဆုံးခဲ့ပြန်ပြီ။ 


ခြင်ထောင်ချပြီး အထဲဝင်ကာ ဘုရားစာရွတ်၍ ပူဇော်ပြီး ရတနာသုံးပါးနဲ့မိဘနှစ်ပါးဆရာသမားများအား ရည်စူးကာ ရှိခိုးကန်တော့လျက် အိပ်ရာဝင်လိုက်၏။ ထူးထူးဆန်းဆန်း ယနေ့ညမှာတော့ အိပ်ရာပေါ် ကျောချလိုက်သည်နှင့် ခေါင်းအုံးနဲ့ခေါင်းထိလိုက်သည်နှင့် တန်းအိပ်ပျော်သွားသည်မှာ အံ့သြဖို့ကောင်းသည်။ 


လူတစ်ယောက် အမှောင်ထဲကို မကြောက်မရွံ့နဲ့ တိုးဝင်သွားနေတာ။ သူမ ကြည့်နေစဥ် ထိုလူက လှည့်ကြည့်လာသည်။ အမှောင်ထဲမှာမို့ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရချေ။ ထိုလူအား သေချာကြည့်နေရင်း ရင်ထဲသိမ့်ခနဲ တုန်သွား၏။ မျက်လုံးတွေက အမှောင်ထဲမှာ ရဲရဲတောက်နေသည်။ ပြီးတော့ တစ်လှမ်းချင်းလျှောက်လာပြီး တစ်နေရာမှာ ရပ်တန့်ကာ သူမအား စိုက်ကြည့်နေ၏။ သူ့အကြည့်တွေက လူတစ်ယောက်ကို သေစေနိုင်လောက်သည်ဟု ထင်မိသည်။ ရေနစ်နေသူတစ်ယောက် ရုတ်တရက် ရေထဲမှ ဘွားခနဲ ပေါ်လာသလို မွန်းကြပ်မှုများနှင့် ဟိုက်ထိုး၍ သူမ အိပ်ပျော်နေရာမှ ငေါက်ခနဲ နိုးထလာရသည်။ လူက ဟောဟဲလိုက်နေ၏။ သူမ အိပ်မက်မက်နေခဲ့တာပဲ။ 


" ကံ့ကော်... အိပ်မက်ဆိုးတွေမက်လို့လား " 


ပါးစပ်ကို ခပ်ကျယ်ကျယ်ဟ၍ အသက်ကိုရှိုက်၍ရှိုက်၍ရှူနေရသည်မို့ မငုဝါရဲ့အမေးအား ခေါင်းကိုသာ အဆက်မပြက် ညိတ်ပြကာ ဖြေလိုက်တော့သည်။ 


" မလေး ရေသွားခပ်ပေးမယ် " 


မလေးခပ်ယူလာသည့်ရေကို တစ်ခါတည်းအကုန်မသောက်နိုင်ဘဲ နည်းနည်းချင်းစီသောက်လိုက်ရသည်။ 


" ဘာမှမဖြစ်ဘူးနော် ဒီအတိုင်း အိပ်မက်လေးပဲ၊ မလေးအနားမှာရှိတယ်နော် ပြန်အိပ်လိုက် ပြန်အိပ်လိုက် " 


တံတွေးမြိုချ၍ စိတ်ကိုတည်ငြိမ်အောင် ခဏထိုင်နေလိုက်ပြီးမှ ပက်လက်ကလေးလှဲ၍ ရင်ဘက်ပေါ်စောင်ပါးလေးတစ်ထည်တင်အိပ်လိုက်သည်။ အခုထိ ရင်ထဲ တလှပ်လှပ် တုန်ယင်နေသေးသည်။ 


ပုံရိပ်တစ်ခု...။ တိတိကျကျပြောရရင် ယောကျ်ားတစ်ယောက်ရဲ့ပုံရိပ်တစ်ခုက သူမကို လှမ်းခေါ်နေသလို ခံစားရ၏။ သူ့အကြည့်တွေက သူမအပေါ် အလွန်အမင်း လွှမ်းမိုးထားသည်ဟု ထင်သည်။ ထိုယောကျာ်းက ဘယ်သူများဖြစ်မလဲ။ ဘာလို့ သူမကို လွှမ်းမိုးထားနိုင်ရတာလဲ...။ အမေးရှိရင် အဖြေရှိရမှာပေါ့။ 


°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°🕊🕊


ဆက်ရန် >>>


#Ruby Linn


rate now: