book

Index 13

အပိုင်း(၁၃)

  • Author : Rudylinn
  • Genres : Romance, Drama, Action

မညီမျှတဲ့ချစ်ခြင်း 🕊💔


" အစ်မ အဲ့သင်္ဘောတွေ အရင်ကမမြင်ဖူးဘူးနော် " 


" သူတို့က စပါးကုန်သည်တွေ အထက်ကလာကြတာ ဒီလိုအချိန်ဆိုပုံမှန်ပဲ " 


" သြော် အများကြီးပဲနော် " 


ကမ်းမှာကပ်ထားသည့် သင်္ဘောတွေပေါ်ကနေ သူတစ်လူငါတစ်မင်းနဲ့ အလုအယက်ဆင်းနေကြ၏။ စပါးကုန်သည်ဆိုတော့ စပါးလာဝယ်ကြတာပေါ့။ သူတို့မှာလည်း လွယ်အိတ်ကိုယ်စီနဲ့။ သူမလည်း အထူးအဆန်းမို့ လှည့်ကြည့်လှည့်ကြည့်နဲ့ ဒေါ်သပြေနဲ့အတူ ဆက်လျှောက်လာခဲ့သည်။ 


" မသပြေတို့ ဒါဘယ်လဲ "


" ဘုန်းကြီးကျောင်းဘက်သွားမလို့လေ စားပြီးကြပြီလား "


" ခုလေးတင်ပြီးတယ်၊ ဘာလဲ မြို့ကလာတဲ့ အမျိုးကို ခုမှပွဲထုတ်တယ်ပေါ့ ရောက်ကတည်းက အိမ်ထဲမှာပဲထားပြီးတော့နော် " 


အိမ်တိုင်းလိုလို ရှေ့မှာကွပ်ပျစ်လေးတွေ ဆောက်ထားပြီး နေ့လည်နေ့ခင်းဆို ထွက်ထွက်ထိုင်တတ်ကြတာ ပုံမှန်ထင်သည်။ ထိုအန်တီက သူမကိုကြည့်ရင်း လှမ်းပြောတာမို့ ပြုံးပြလိုက်၏။ 


" မဟုတ်ပါဘူးအေ ထွက်ပါတယ် ဒီဘက်မရောက်တာပါ " 


" ရေနွေးကြမ်းဝင်သောက်သွားပါဦးလား စကားလေးဘာလေးပြောရအောင် " 


" အပြန်မှပဲသောက်တော့မယ်နော့ " 


" အပြန်ဝင်ခဲ့နော် " 


ဒီလိုနဲ့ ရှေ့ဆက်လျှောက်လာခဲ့၏။ လမ်းမှာ ဒေါ်သပြေကို လှမ်းနှုတ်ဆက်သူက အိမ်တိုင်းလိုလိုပင်။ အိမ်တစ်အိမ်ရှေ့အရောက်မှာတော့ ဒေါ်သပြေက အိမ်ထဲလှမ်းကြည့်ပြီး အထဲဝင်သွားရာ သူမပါ လိုက်ဝင်သွားလိုက်သည်။ 


" အရီးတို့ပါလား လာအိမ်ထဲဝင် "


မငုဝါတို့အရွယ် အစ်မတစ်ယောက်က အိမ်ရှေ့မှာ စပါးခွံရွေးနေရင်း ပျူငှာစွာ နှုတ်ဆက်၍ အိမ်ထဲခေါ်ကာ ခေါင်းရင်းမှာလိပ်၍ထောင်ထားသည့် သင်ဖြူးဖျာခပ်လတ်လတ်တစ်ချပ်အား ဖြန့်ခင်းပေး၏။ 


" ဖွားကြည်တစ်ယောက်နေကောင်းရဲ့လား မိလှသိမ်း... ဒီရက်ပိုင်းအတော်ပူတယ်နော် "


" ဟုတ်ပါ့အရီးရယ် ပူချက်ကမပြောပါနဲ့၊ ဖွားကြည်ခင်မျာ လူးလိမ့်နေတာပဲ " 


" ခုအိပ်နေသလား " 


" ဟုတ်တယ် ထမင်းစားပြီးတစ်ရေးမှေးနေကျလေ " 


" အင်း အင်း အိပ်ပါစေ၊ ဒါဆို ဟိုဘက်လျှောက်လိုက်ဦးမယ် " 


" ဟုတ်ကဲ့ သူလေးက မြို့ကလာတယ်ဆိုတာလား " 


သူမပြုံးလျက် ခေါင်းညိတ်ကာ ' ဟုတ်ပါတယ် ' လို့ ဖြေလိုက်၏။ 


" ကြားတော့ကြားတယ် လူကအခုမှမြင်ဖူးတာ ဓူဝံနဲ့ရွယ်တူလောက်နေမယ်နော်၊ နာမည်ဘယ်လိုခေါ်လဲဟင် " 


" ကံ့ကော် ပါ "


" ကံ့ကော်ရွာကိုလာတာဆိုတော့ ကံ့ကော်သူလုပ်တော့မယ်ထင်တယ် ကံ့ကော်လေးက " 


ရုတ်တရက်မို့ မလှသိမ်းပြောသော စကားရဲ့ရည်ရွယ်ချက်ကို သူမအထာမပေါက်ပါ။ ပြုံး၍သာ အိမ်ထဲမှ ထွက်လာခဲ့၏။ ကံံ့ကော်သူလုပ်တော့မယ်ဆိုတာက...။ 

လမ်းပေါ်ရောက်မှ ဒေါ်သပြေက သူမအား ပြောသည်။


" ဖွားကြည်ဆိုတာက ဒီရွာရဲ့ အသက်အရှည်ဆုံးအဖွားပဲ သူ့အသက်က ၁၀၅ နှစ်ရှိပြီ၊ သန်သန်မာမာပဲ လူကူစရာမလိုဘူး ကိုယ်ထူကိုယ််ထသွားနိုင်လာနိုင်တယ် " 


" ကုသိုလ်ကံကောင်းလိုက်တာ ရောဂါတွေဘာတွေရောရှိလားဟင် " 


" ရောဂါကြီးကြီးမားမားတော့မဖြစ်ဘူး သာမန်ဖျားတာနာတာလောက်ပဲ ဖြစ်သံကြားတယ်၊ မိလှသိမ်းက ဖွားကြည်ရဲ့မြေးလေ၊ သားသမီးတွေမရှိကြတော့ဘူး မြေးနဲ့နှစ်ယောက်ထဲနေတာဆိုတော့ ရွာကဝိုင်းစောင့်ရှောက်ထားကြတာ "


လမ်းလျှောက်ရင်း စကားပြောလာကြကာ ဘုန်းကြီးကျောင်းကို လှမ်းမြင်ရ၏။ အပြင်ဘက်မှာ ဖိနပ်ချွတ်ထားခဲ့၍ ကျောင်းဝင်းသို့ ဝင်လာခဲ့သည်။ ကျောင်းဝင်းက ကျယ်သည်။ ကုက္ကိုပင်ကြီးနှစ်ပင်နဲ့ သရက်ပင်ကြီးတစ်ပင်ရဲ့ဘေးမှာ တစ်ထပ်တိုက်ကျောင်းရှိ၏။ ကျောင်း၏မျက်နှာချင်းဆိုင်တွင် သိမ်ကျောင်းရှိသည်။ ဘေးပတ်လည်တွင် ငှက်ပျောပင်တွေ စီတန်းစိုက်ထားကာ တချို့အပင်တွေက သီးတောင်နေပြီ။ သြဇာပင်တွေလည်းရှိသည်။ နဂါးမောက်ပင်တွေတောင် တွေ့ရ၏။ 


ကျောက်ဆင်းတုဘုရားက ဘုရားကျောင်းဆောင်အတွင်း သပ္ပါယ်စွာ ကြည်ညိုသဒ္ဒါပွားဖွယ်ရာ စံမြန်းနေ၏။ သူမ သုံးကြိမ်တိုင်တိုင်ရှိခိုးဦးချ၍ စိတ်နှလုံးအေးချမ်းကာ ခဏအကြာဖူးမြော်နေမိသည်။ ကျောင်းတိုင်ဆရာတော်သည်လည်း အလွန်ကြည်ညိုဖွယ်ကောင်းပေသည်။ ဥပဓိရုပ်က တင့်တယ်၍ သင်္ခန်း၏တန်ခိုးတော်ကြောင့် မြင်ရသူမှာ ဦးခိုက်မိမှာ မလွဲမသွေပင်ဖြစ်သည်။ 


စာသင်ကျောင်းက ဘုန်းကြီးကျောင်းနဲ့ လမ်းသာခြား၏။ ကျောင်းရှေ့က ကံ့ကော်ပင်သည် အဖူးတွေဝေနေပြီ။ ဘုန်းကြီးကျောင်းရှေ့မှာလည်း ပိတောက်ပင်အိုကြီးတစ်ပင်ရှိ၏။ 


" ရွာမှာက မူလာတန်းနဲ့အလယ်တန်းပဲရှိတာလေ အထက်တန်းတက်မယ်ဆိုရင် ကလေးတွေက သထုံမြို့ပေါ်မှာ သွားတက်ကြရတာ၊ ဒါပေမဲ့ ရှေ့နှစ်က အထက်တန်းကျောင်းရွာမှာလျှောက်ထားတာ ကျလာပြီ သိပ်တောင်မကြာသေးဘူး၊ ဒီနှစ်ကုန်ဆောက်ဖြစ်မယ်ထင်တယ် တစ်နှစ်စီမံကိန်းဆိုပဲ " 


" ကောင်းတာပေါ့ ဒါဆို ရွာကကလေးတွေ ကိုယ့်ရွာမှာကိုယ် အေးဆေးစာသင်လို့ရပြီ၊ ခုကလေးတွေ ကံကောင်းတာပေါ့နော် " 


" ဟုတ်တယ် သားကျောင်းတက်တုန်းကဆို နေပူမိုးရွာ ထီးတစ်လက်နဲ့ သူများဆိုင်ကယ်နောက်က တုတ်တုတ်နောက်ကလိုက်စီးပြီး ကျောင်းတက်ခဲ့ရတာ၊ သားကကျောင်းပျက်ခဲတယ် တစ်နှစ်တစ်တန်းနှစ်ချင်းပေါက်ပဲ စာလည်းတော်တယ် " 


အိမ်ဘက်သို့ပြန်လျှောက်လာရင်း စကားဦးက ဓူဝံဘက်လှည့်သွားသော ဒေါ်သပြေရဲ့မျက်နှာမှာ အပြုံးတွေဝေကာ မျက်လုံးမှာတော့ ဂုဏ်ယူဟန်အပြည့်ဖြင့်။ 


" ဒါဆို သူကျောင်းပြီးပြီပေါ့နော် " 


" သားက ၁၀တန်းအောင်ပြီး တက္ကသိုလ်ဆက်မတက်ဘူး၊ အစ်မတို့က ဆက်ထားမယ်ပြောပေမယ့် သူက မိဘလက်ငုတ်လက်ရင်းဖြစ်တဲ့ လယ်ကိုပဲဆက်ဦးစီးလုပ်ခဲ့တာ၊ အစ်မတို့က သူစက်ပြင်တာဝါသနာပါလို့ တက္ကသိုလ်ဆက်တက်ပြီး ပညာဆက်လေ့လာဆိုတာကို သူက အစ်မတို့ကိုငဲ့တယ်ထင်တယ် မတက်ဘူးလေ " 


" သြော် " 


သူ့မှာလည်း သူ့အကြောင်းနဲ့သူရှိနေခဲ့တာကိုး။ ဘာရယ်မဟုတ် သက်ပြင်းလေးချရင်း ခမောက်ကလေးစောင်းလျက် အိမ်ပြန်လာသော ဓူဝံပုံစံကို ရုတ်ခနဲ မြင်ယောင်လိုက်မိသည်။ တစ်ခါမှ သူ့ဆိီမှာ ငြိုငြင်တဲ့ပုံစံမမြင်ခဲ့ဖူးပါ။ 


အတွေးတွေနဲ့ အိမ်ထဲအဝင်မှာ ဦးလေးကြီးနှစ်ယောက် ပဝါကိုခေါင်းပေါင်းလျက် လွယ်အိတ်လွယ်၍ အိမ်ထဲမှထွက်လာတာကို မြင်လိုက်ရသည်။ ဒေါ်သပြေ့ကိုပြုံးပြသွား၏။ အထဲဝင်လာချိန် ဓူဝံကို တွေ့လိုက်ရသည်။ 


" စပါးစျေးဘယ်စျေးတဲ့လဲသား " 


" ၉ သိန်းစျေးတဲ့ အစ်မ၊ နောက်ထပ်စျေးထက်ကျဖို့ အလားအလာရှိပုံပဲ၊ ခုနေ တစ်ဝက်လောက်ဖြစ်ဖြစ်ရောင်းထားလိုက်ဖို့ပြောသွားတယ် အစ်မသဘောကရော " 


ခင်းထားသည့်ဖျာပေါ် ဒေါ်သပြေဝင်ထိုင်ရင်း စဥ်းစဥ်းစားစားဖြင့် ပြောလိုက်၏။ 


" ဒါဆို ရောင်းချင်ရောင်းထားလိုက်ပေါ့ " 


" ကောင်းပြီ စားစပါးနဲ့ မျိုးစပါးအတွက်ချန်ထားပြီး ကျန်တာကျုပ်ရောင်းလိုက်မယ် " 


" အင်း ကြည့်လုပ်လိုက်လေ " 


" ကျုပ်သွားစီစဥ်လိုက်ဦးမယ် အစ်မ " 


" သူတို့ချက်ချင်းမပြန်သေးရင် ထမင်းတစ်နှပ်လောက်လာစားဖို့ ဖိတ်လိုက်ဦး " 


သူတို့ပြောတဲ့ တချို့စကားတွေကို သူမနားမလည်ပေမယ့် ခပ်လှမ်းလှမ်းမှာထိုင်နေရင်း နားထောင်နေလိုက်၏။ ဗဟုသုတအနေနဲ့ပေါ့။ မငုဝါက အနားမှာ ကန်စွန်းရွက်သင်နေ၏။ သူမလည်း ဝင်ကူလိုက်သည်။ ထုံးစံအတိုင်း ဓူဝံ ခမောက်စောင်း၍ အပြင်ပြန်ထွက်သွားသည်။ အပြင်ခဏခဏထွက်နေတာ သူ့အသားအရေတွေက ကွက်၍ မဲသွားတာမျိုး ညိုသွားတာမျိုးမရှိ၊ နီရဲ၍ ခပ်လတ်လတ်အသားအရေအတိုင်းပင်။ 


" အစ်မငုဝါ အစ်မငုဝါ အရီး... " 


" ဝေ့ " 


မငုဝါက အသံပေးလိုက်၏။ ခြံထဲဝင်လာတာလည်းမတွေ့။ အသံကို နီးကပ်စွာကြားရပြီး အိမ်တံခါးဝမှာ လူက ဘွားခနဲပေါ်လာသည်။ ဘယ်ကဘယ်လိုဝင်လာလဲမသိ။ 


" ဝက်သားတစ်တွဲပိုနေလို့ အစ်မငုဝါတို့ယူဦးမလားလို့ လာပြတာ " 


" ပြစမ်း ကြည့်ရအောင် အသားကောင်းလားလို့၊ အိမ်မှာ ဘယ်သူမှအဆီမစားဘူး " 


" အသားကရှယ်ပဲ အရီးရဲ့ " 


ကြယ်စင့်လက်ထဲက ဝက်သားတွဲကို ဒေါ်သပြေ စေ့စေ့ငှငှ လှည့်ပတ်ကြည့်လိုက်၏။ နောက် သဘောကျသော မျက်နှာထားဖြင့်... 


" မဆိုးပါဘူး ဘယ်စျေးလဲ " 


" ၈၀၀၀ စျေး အရီး " 


" အေးအေး ယူထားလိုက်မယ် ပိုက်ဆံတစ်ခါတည်းယူသွား၊ သမီးရေ ပိုက်ဆံသွားယူလိုက်ဦး " 


" ဟုတ် " 


မငုဝါက ပိုက်ဆံထယူသည်။ ကောင်မလေးက သူမအားကြည့်၍ တစ်ခုခုပြောချင်သည့်ပုံပင်။ သွားကလေးဖြဲ၍ မျက်တောင်မခတ် ကြည့်နေ၏။ 


" ဒီကအစ်မက ဝက်သားစားတယ်မလား " 


သူမကို ကောင်မလေးကမေးတာမို့ ခေါင်းညိတ်ပြရင်း...


" စားပါတယ်ညီမ " 


" ညီမနာမည်က ကြယ်စင် ၊ ခြေရင်းကအိမ်မှာနေတယ်လေ အစ်မပျင်းရင် လာလည်နော် " 


" ကောင်းပါပြီ " 


" အစ်မက ဒီမှာကြာဦးမှာလား "


" ဘာလို့လဲဟင် " 


" ဟို ဘာမှမဟုတ်ပါဘူး ကြာကြာနေလို့ပြောမလို့ပါ အစ်မကချောတယ်သိလား " 


" ဘာမှလည်းမဆိုင်ဘူးနော် မိကြယ်စင် ရော့ " 


ပြောပြောဆိုဆို မငုဝါက ပိုက်ဆံကမ်းပေးရင်း ပြောလိုက်ရာ ကြယ်စင်က စပ်ဖြဲဖြဲလုပ်ပြပြီး ခြေရင်းဘက်ခြံစည်းရိုးကြားထဲကနေ သူ့အိမ်ဘက်ခြမ်းသို့ဝင်သွား၏။ ခန္ဓာကိုယ်က သေးတာမို့ ခြံစည်းရိုးကြားထဲဝင်လို့ဆန့်သည်။ သူမ လိုက်ကြည့်ရင်း သဘောကျကာ ပြုံးလိုက်မိသည်။ 


" ကျွန်မဘာကူညီပေးရမလဲဟင် အားမနာပါနဲ့ ခိုင်းချင်တာခိုင်းပါနော် " 


ဟု ပြောလိုက်သော်လည်း မငုဝါရော ဒေါ်သပြေရောက သူမအား ဘာမှမခိုင်းကြပါ။ လုပ်စရာမရှိဘူး နေသာသလို လွတ်လွတ်လပ်လပ်နေ ဟုသာပြော၏။ ခေါင်းကဒဏ်ရာက အတော်လေး ကျက်လာပြီမို့ ပတ်တီးစည်းစရာမလိုတော့ပေ။ 


°°°°°°°°°


အရောင်းအဝယ်ကိစ္စစကားပြောဆိုပြီး ဓူဝံအိမ်ပြန်လာကာ ရေမိုးချိုးပြီးနောက် အိမ်ရှေ့မှာ လျှော်ဖွပ်ပြီးသော အဝတ်များအား လှန်းနေစဥ် အိမ်ရှေ့ဖြတ်လျှောက်သော ဘကြီးအောင်က သူ့တွေ့သည်နှင့် ခြံနားထိလျှောက်ဝင်လာပြီး...


" မင့်သူငယ်ချင်းသက်ထွေးတော့ အရက်သောက်ပြီး ထုံးစံအတိုင်း သေးထွက်နေပြီဟေ့၊ ခုလေးတင် ကျုပ်သူ့အိမ်ရှေ့ကအဖြတ်မှာ သောင်းကျန်းနေတာတွေ့လိုက်ပါ့ " 


" ဟော ဘယ်သူတိုက်လိုက်ပြန်တာလဲမသိဘူးဗျာ " 


" သူ့သဘောနဲ့သူသောက်တာနေမှာပါကွာ အကြောင်းသိတွေတော့ ဒီကောင့်ကိုဘယ်သူမှအရက်မတိုက်ပါဘူး " 


" ခက်တယ်ဗျာ " 


" ကဲ ကျုပ်သွားပြီ " 


သူခပ်ညည်းညည်းလေး ရေရွတ်စဥ် ဘကြီးအောင်က လျှောက်ထွက်သွားလေသည်။ စိတ်ညစ်ညူးသွား၍ သက်ပြင်းချရင်း သူအိမ်ထဲဝင်လာလိုက်သည်။ 


" ဘာလဲ သက်ထွေးတစ်ယောက် ဂြိုလ်ကြွပြန်ပြီလား " 


အကြောင်းသိနေသည့် ဒေါ်သပြေ လှမ်းပြောလိုက်၏။ သူ ခေါင်းသာညိတ်ပြလိုက်သည်။ စွပ်ကျယ်အကျီကို ကောက်စွတ်ပြီး ပုဆိုးလဲကာ ပြန်ထွက်လာရင်း...


" ကျုပ်သွားကြည့်လိုက်ဦးမယ် " 


" သွားလည်းဘာထူးမှာလဲ မင်းတားလို့ရတာမှမဟုတ်ဘဲ မူးလာရင် မိဘတောင်မနိုင်တဲ့ဟာကို " 


" ဦးသက်တို့သနားပါတယ် ကျုပ်သွားဦးမှပါ " 


ပျာပျာသလဲ အိမ်ထဲမှ ထွက်သွားသော ဓူဝံကိုကြည့်၍ ဘာတွေများအရေးကြီးလဲဟု သူမ တွေးလိုက်မိ၏။ သူမ ရေချိုး အဝတ်စားလဲပြီးလို့ထွက်လာတော့ သူတို့ပြောတဲ့ စကားသံတွေကို နားစွန်နားဖျား သဲ့သဲ့ကြားလိုက်ရသည်။ 


" ဘာဖြစ်လို့လဲဟင် မလေး " 


" သက်ထွေးပေါ့ သူကမသောက်ရင်အကောင်းပါ သောက်ပြီးရင်တော့ သွေးဆိုးတယ် သူဆိုးပုံဆိုးနည်းကတစ်မျိုး... " 


လေးတွဲစွာ ပြောလိုက်သော မငုဝါရဲ့စကားသံထဲမှာ အလိုမကျမှုများပါဝင်နေ၏။ 


°°°°°


သက်ထွေးတို့အိမ်ရှေ့မရောက်ခင်ထဲက ရိုက်သံပုတ်သံတွေကို ကျယ်လောင်စွာ ကြားနေရ၏။ ဓူဝံသည် သူ့ခြေလှမ်းတွေကို မြန်သထက်မြန်အောင် ခပ်သွက်သွက်လျှောက်လိုက်သည်။ 


" ဒုန်း ဝုန်း ဒိုင်း ဂွမ်း "


သက်ထွေးက အိမ်ပေါ်ရှိ အိုးခွက်ပန်းကန်များ ဗီရိုတွေကို ရိုက်ခွဲဖျက်ဆီးနေသော အသံပလံတွေ၊ အိမ်နံရံတွေကို ခြေထောက်နဲ့ကန်ဖျက်ဆီးနေတာတွေကို လမ်းမကနေ အတိုင်းသားလှမ်းမြင်ရ၏။ ဖခင်ဦးသက်နဲ့ မိခင်ဒေါ်ဝကြီးတို့သည်လည်း လိုက်ဆွဲနေတာ ခါးမှာလုံချည်ပုဆိုးတွေ မနည်းကပ်ယူနေရသည်။ နောက် ပစ္စည်းတွေလည်း ပွစာကျဲပြီး ထိန်းမနိုင်သိမ်းမရသည့်အဆုံး ဦးသက်က မီးဖိုချောင်က ဓားမဆွဲယူ၏။ သူအိမ်ထဲ အမြန်ပြေးဝင်သွားပြီး ဦးသက်ကို အရင်တားရသည်။ 


" ဦးသက် စိတ်လျော့ပါဗျာ၊ သူမူးနေလို့ပါ ကျုပ်ချော့ပြောပါ့မယ် " 


" နေဦး ငါဒီကောင့်ကိုလုပ်မယ် " 


သူဆွဲနေသည့်ကြားက ဘုရားကျောင်းဆောင်ရှေ့ ခွေခေါက်မှောက်နေသော သက်ထွေးထံ ဦးသက်ပြေးသွား၍ သားဖြစ်သူကို အတင်းဆွဲထူမကာ အငြှိုးဖြင့်ထိုးနေသလို မျက်ခွပ်ကိုလိမ့်ပိန့်ထိုးတော့သည်။ သက်ထွေး သတိလွတ်နေပေမယ့် သူ့ကိုနာကျင်အောင်လုပ်သည့် ဖခင်ကို ဘာတစ်ခုမှ ပြန်မလုပ်ပါ။ ဒါဟာ ဖခင်မှမဟုတ် မူးနေချိန် သူ့ကိုဘာလုပ်လုပ် သူပြန်မလုပ်ဘဲ ခေါင်းငုံ့ခံလေ့ရှိသည်။ တစ်ခုရှိတာက အိမ်ကပစ္စည်းတွေကတော့ သူဖျက်ဆီးလို့ ဘာတစ်ခုမှအကောင်းတိုင်းရှိတော့မည်မဟုတ်ပေ။ 


" ဦးသက်ရယ် တော်ပါတော့ဗျာ၊ သူအမူးပြေသွားရင် ဖြစ်ခဲ့သမျှဘာမှမှတ်မိတော့တာမှ မဟုတ်တာ၊ ဦးသက်ကိုလည်း သူဘာမှပြန်မလုပ်ပါဘူး စိတ်လျော့ပါ "


" ခွေးသူတောင်းစား တောက် မူးလာရင် အိမ်ကရှိသမျှ ပစ္စည်းအကုန်ဖျက်ဆီးတယ်၊ သူများတွေမူးလာရင် ရန်ဖြစ်လို့အလျော်ပေးရတာပဲရှိတယ် သူကအိမ်ကဟာ ဖျက်ဆီးတာ ကောင်းကျိုးမပေးဘူး ဆင်း အိမ်ပေါ်ကဆင်းစမ်း လူကမွေးထားပြီး လူစကားနားမလည်ဘူး သောက်ပြဿနာလှည့်ပတ်ရှာတယ် တောက် " 


သက်ထွေးကို ဦးသက်က ဂုတ်ပိုးကကိုင်၍ အိမ်အောက်သို့ ကန်ချပြီးပြောနေ၏။ သက်ထွေးမှာ မျော့မျော့သာရှိတော့သည်။ အိမ်အောက် ဇောက်ထိုးကျမသွားအောင် သူလှမ်းဆွဲထားလိုက်လို့သာ မဟုတ်ရင် ခွေးကျကျတော့မည်။ 


" ကျုပ်ကြားထဲက တောင်းပန်ပါတယ် ဦးသက်ရယ်... သူ့အကြောင်းလည်းသိသားနဲ့ဗျာ သူကောင်းနေတုန်းကဆို ဘယ်လောက်အလုပ်ကြိုးစားလဲ ဘုရားတရားလည်းလုပ်တယ် ဒီကောင်ဘယ်လိုဖြစ်ပြီးသောက်လာလဲ ကျုပ်နောက်နေ့မေးကြည့်ပါ့မယ်၊ ခု သူလည်းအိပ်ပျော်သွားပါပြီ " 


" ဟုတ်ပါတယ်ကိုသက်ရယ် ကျွန်မသေသာသေချင်တယ် ထွက်သွားတုန်းကအကောင်း ခြင်းဝိုင်းသွားမယ်ဆိုပြီး ဘယ်သူသွေးထိုးလိုက်သလဲမသိဘူးတော် " 


နောက်တော့ ဦးသက်က စိတ်လျော့သွားဟန် မောပန်းသောခန္ဓာကိုယ်ကို လျော့ချကာ ခြေကုန်လက်ပန်းကျစွာ ထိုင်ချလိုက်လေ၏။ သူလည်း နွမ်းနယ်စွာ သက်မချလိုက်လေသည်။ သက်ထွေးမျက်နှာတစ်ခုလုံး ဖူးယောင်ကာ လက်တွေလည်းပေါက်ပြဲဒဏ်ရာတွေနဲ့။ သူ့ခန္ဓာကိုယ်ကို အိပ်ရာထဲ တရွတ်တိုက်ဆွဲ၍ ခေါ်သိပ်ပေးလိုက်ပြီးမှ ဓူဝံအိမ်ပြန်လာခဲ့တော့သည်။ 


အိမ်ရောက်တော့ ထမင်းမစားကြသေးဘဲ သူ့ကိုထိုင်စောင့်နေကြပေမယ့် သူစားမဝင်တော့။ အခန်းထဲသာ ဝင်လှဲနေလိုက်၏။ အပြင်မှာ အစ်မတို့ Mrtv -4 က ည ၇ နာရီတိုင်းလာသည့် ဇာတ်လမ်းတွဲကိုကြည့်ရင်း ထမင်းစားနေကြပြီ။ 


ထိုအခိုက် ကြယ်စင် အိမ်ပေါ်သို့တက်လာသည်။ ပြီးနောက် သူတို့နဲ့အတူ ကားထိုင်ကြည့်နေ၏။ 


" စိုးအောင်က အေးကိုချစ်ရှာပေမယ့် သူ့အမေက အေးကိုမှသဘောမကျတာ ကြည့်နေ ယူပြီးရင်နှိပ်စက်ဦးမှာ နော် အစ်မငုဝါ " 


" အေးလေ ယောင်းမချောလေးကလည်း တစ်မျိုးရှုပ်ဦးမှာ " 


ဇာတ်ကားကြည့်ရင်း ထမင်းစားတာမို့ ဇိမ်ပြေနပြေစားနေကြပြီး ဇာတ်လမ်းကိုလိုက်ပါစီးမျောကာ ခံစားချက်တွေကို သွန်ချနေကြ၏။ 


" နောက်ဆုံး အေးက ကလေးတစ်ယောက်နဲ့ ရွာပြန်သွားရတယ်လေ အဲ့မှာ " 


" ဟာ အစ်မကလည်း... " 


" အရီးကလည်း " 


" ဘာတုန်း ငါကရုပ်ရှင်ကြည့်ဖူးပြီးသား ရုပ်ရှင်ထဲမှာ မိုးမိုးမြင့်အောင်က " 


" အစ်မက ဇာတ်လမ်းကြိုပြောတော့ သမီးတို့ကြည့်ရတာ ဖီးလ်ငုတ်တာပေါ့ အစ်မရဲ့ " 


" ​အေးပါအေးပါ ကြည့်ကြည့် " 


ဒေါ်သပြေက ထမင်းစားပြီးပြီမို့ ပန်းကန်ထားခဲ့၍ လက်ဆေးရန်ထသွားသည်။ သူမတို့သာ ကျန်ခဲ့၏။ ထိုစဉ် သူမနားထဲ စကားသံတချို့ဝင်ရောက်လာသည်။ 


" မင်းသားက မင်းသမီးကို အရမ်းချစ်တာ မမရဲ့ သိလား " 


" ဟင် " 


နားနားကပ်ပြောလာသည်မို့ သူမ ဟင်ခနဲ အသံထွက်သွားသည်။ ပြီးတော့ အသံက ပျောက်သွား၏။ ကြယ်စင်ပြောလိုက်တာများလား။ 


" ကြယ်စင်... စောနက မမကိုတစ်ခုခုပြောလိုက်သေးလား " 


" ပြောပါဘူး ကြယ်စင်ကားကြည့်နေတာလေ " 


" ဟုတ်လား "


သူမနားနဲ့ ဆက်ဆက်ကြားလိုက်တာ သေချာသည်။ ကြယ်စင်က မပြောဘူးဆိုတော့ နားကြားမှားတာပေါ့။ ဒါပေမဲ့ အသံက ဘာလို့ရင်းနှီးနေတာလဲ။ မမ... လို့ ခေါ်လိုက်တဲ့အသံက အရမ်းကိုရင်းနှီးလွန်းတယ်။ နွေးထွေးသော ခံစားချက်ကို ခံစားရသည်။ စိတ်ထဲမရှင်းလင်းသည်မို့ မှိုင်တွေသွားရတော့သည်။ 


°°°°°°°°°°°°°°°°


ညဥ့်မနက်ခင် အပြင်မှ ဂစ်တာသံလွင်လွင်လေး ပျံ့လွင့်လာပြန်၏။ ထိုညက သူမအပြင်ထွက်လာခဲ့သည်။ အဖြူရောင်ဂစ်တာလေးကို ရင်ခွင်ထဲပိုက်ထား၍ ကြိုးတွေညှိနေသော ဓူဝံက သူမအနားရောက်လာသည်ကို ရုတ်တရက် သိဟန်မပေါ်ပါ။ တအောင့်ကြာမှ မော့ကြည့်လာပြီး... 


" သြော် ကျုပ်ကြောင့် နိုးသွားတာလား " 


" မဟုတ်ပါဘူး " 


တစ်ရေးမှ အိပ်ရသေးဟန်မပေါ်သော်လည်း သူမမျက်လုံးတွေက မှိုင်းဝေနေ၏။ ရှင်းရှင်းပြောရရင် ဝမ်းနည်းနေသည့် အရိပ်အယောင်တွေ ယှက်သန်းနေတာကို သူတွေ့နေရ၏။ သူ ပြုံးပြလိုက်ပြီး ဂစ်တာခေါက်လိုက်သည်။ သူမက ရပ်၍ သူ့အား တောက်လျှောက်ကြည့်နေသည်မို့ သူ ဖြည်းညှင်းစွာ မော့ကြည့်လျက်...


" နက်ဖြန် ကျုပ်မြို့တက်စရာရှိတယ် ခင်ဗျားလိုက်မလား " 


" ရှင်ခေါ်ရင်လိုက်မှာပေါ့ " 


" ခင်ဗျားလိုက်ရင် ကျုပ်ခေါ်ပါတယ် " 


" သြော်ကွယ် လိုက်ပါ့မယ်ဆိုနေ " 


" ခေါ်ပါမယ်ဗျာ " 


သူနောက်သလို ပြောလိုက်တော့ သူမက ဟက်ဟက်ပက်ပက်ကလေးရယ်၏။ မျက်လုံးက ရီဝေမှုတွေ ပျောက်သွားသည်။ သူ့ကြည့်နေစဥ်မှာပင် သူ့ညာဘက်ခြမ်းမှာ သူမက ဝင်ထိုင်ပြီး သူ့ဂစ်တာကို စူးစိုက်စွာ ကြည့်နေ၏။ 


" ရှင်သီချင်းရောဆိုတတ်လား " 


" အင်း ကျုပ်အခုတော့ မဆိုချင်ဘူး " 


" ဘာလို့လဲ "


သူပြန်မဖြေမိပါ။ ဒီအတိုင်း သံစဥ်ကိုသာ တီးခတ်လိုက်သည်။ သူမဆီက စကားသံ တိုးတိုးထွက်လာ၏။ 


" ရှင့်ဂစ်တာသံက နားထောင်လို့ကောင်းတယ် " 


" ကျေးဇူးပါ ကျုပ်ပရိသတ်တစ်ယောက်တိုးပြီပေါ့ဗျာ " 


" ရှင့်ပရိသတ်ကို ညတိုင်းမတီးပြချင်ဘူးလား " 


" ခင်ဗျားသီချင်းဆိုပြလေ၊ ခင်ဗျားဆိုတာကို ကျုပ်တီးပြမှာပေါ့ " 


" အဟား ကျွန်မမဆိုတတ်ဘူး " 


" ဂစ်တာတီးတာ ကျုပ်အတွက်အပန်းမကြီးပါဘူး တီးပြနိုင်ပါတယ် " 


သူ့ဂစ်တာသံကို အသံတိတ်၍ ဆက်နားထောင်နေလိုက်သည်။ ညကနက်သည်ထက်နက်၍ လ၏ငွေရောင်အဆင်းက တောက်သည်ထက်တောက်လာသည်။ ဂစ်တာသံက စမ်းရေပမာ ငြိမ့်ညောင်းစွာ စီးဆင်းလျက်ပင်။ ခေါင်းလေးမော့လိုက်ပြီး မျက်လုံးအစုံကို မှေးမှိတ်ကာ ခံစားနေချိန် သံစဥ်က ရုတ်တရက် ရပ်သွားသဖြင့် မျက်လုံးဖွင့်၍ ငဲ့ကြည့်လိုက်၏။ သူက ဂစ်တာလေးပိုက်ထား၍ ကောင်းကင်ကိုမော့ကြည့်နေသည်။ လက ယနေ့ညလည်း မသာပါ။ 


" ရှင့်ကိုကြည့်ရင် အမြဲလန်းဆန်းနေတာပဲနော်၊ ညဘက်ဆို ညဥ့်နက်မှအိပ်တယ် မနက်ဆိုလည်း ကျွန်မတို့မနိုးခင် ရှင်နိုးနေပြီနော် " 


" ကျုပ်တို့အရွယ်က ဖွံ့ဖြိုးဆဲကာလ တက်လူကိုး " 


" ကျွန်မသိချင်တာတစ်ခုရှိတယ် မေးလို့ရမလား " 


" မေးပါ " 


မျက်လုံးချင်းဆုံ၍ သူပြောလိုက်၏။ 


" ရှင်ဘာလို့ တက္ကသိုလ်ဆက်တက်လို့ရရဲ့သားနဲ့ ဆက်မတက်တာလဲဟင် " 


" ဒါလား အဲဒါပြောရရင်ရှည်တယ်ဗျ "


" ရှင်ပြောချင်တဲ့ဆန္ဒရှိရင်ပြောပါ ကျွန်မနားထောင်နေပါတယ် "


သူ ပြုံးလိုက်ပြန်ပါသည်။ စကားပြောဖို့ပြင်တိုင်း သူက ဦးစွာပြုံးတတ်၏။ ထို့နောက် ခပ်ဆွေးဆွေးပင် ပြောလေသည်။ 


" ကျုပ်အဖေက ကျုပ် ၁၄ နှစ်သားအရွယ်မှာ ပိုးထိပြီးဆုံးသွားတယ်၊ အဖေဆုံးပြီး အစ်မနဲ့မလေးက မိန်းမသားတန်မဲ့ လယ်လုပ်ပြီး ကျုပ်ကိုကျောင်းဆက်ထားခဲ့တယ်၊ ၁၀ တန်းအောင်တဲ့အထိ အပူအပင်မရှိကျောင်းတက်ခဲ့ရတယ်ပေါ့ဗျာ၊ ကျုပ် ဂုဏ်ထူး သုံးခုနဲ့အောင်ခဲ့တယ်၊ နည်းပညာတက္ကသိုလ်တက်ဖို့ ကျုပ်အစက စိတ်ကူးသေးတယ်ဗျ၊ ဒါပေမဲ့ အစ်မတို့လယ်လုပ်တာကို ကျုပ်မကြည့်ရက်ဘူး လယ်အလုပ်မလုပ်ပါနဲ့လို့ ကျုပ်ပြောခဲ့တာကို အစ်မက ပြတ်ပြတ်သားသားပဲ ပြန်ပြောခဲ့တယ် ' ကျန်တဲ့မျိုးဆက်အကုန်ပြက်လို့ရတယ် လယ်သမားမျိုးဆက်တော့ ပြက်လို့မဖြစ်ဘူးတဲ့၊ စပါးစိုက်မယ့်သူမရှိရင် လူတွေငတ်ကုန်လိမ့်မယ် သူ့တစ်သက်တော့ စပါးစိုက်မယ်လို့ ' ပြောခဲ့တာ၊ အဲ့တော့ ကျုပ်တွေဝေနေစရာမလိုတော့ဘူးလေ ကျုပ်ကိုယ်တိုင်လယ်ထဲဆင်းခဲ့တယ် အစ်မတို့ အရင်ကထက် မပင်ပန်းတော့ဘူးပေါ့ဗျာ၊ အစ်မက ကျုပ်လယ်ထဲဆင်းတာကြည့်ပြီး ငိုခဲ့ဖူးတယ်၊ ရွံ့နွံထဲဆင်းတာမကြည့်ရက်လို့ ပညာသင်ပေးခဲ့တာကိုတောင်မှ နောက်ဆုံး လယ်ထဲရောက်နေရပြီဆိုပြီးပေါ့ " 


သူစကားအရှည်ကြီးပြောပြီး သူမကို လှည့်ကြည့်လိုက်ရာ သူမက ကရုဏာသက်သော မျက်ဝန်းနဲ့ သူ့အား တွေတွေလေးကြည့်နေတာတွေ့ရ၏။ ပြောင်ရှင်းဝင်းမွတ်နေသော မျက်နှာလေးက ကြည်လင်အေးချမ်းနေသည်။ သို့သော် သက်ပြင်းခပ်ရှိုက်ရှိုက်ရှူသွင်းလိုက်တာကို သူ ကြားလိုက်ရသည်။ သူ အကြည့်လွှဲလိုက်ပြီး သူ့ဂစ်တာကြိုးတွေကို လက်နဲ့ဖွဖွတို့ထိကစားရင်း မတိုးမကျယ်အသံဖြင့် သူ့စကားကိုပြန်ဆက်လိုက်၏။ 


" ဒါပေမဲ့ ကျုပ်က ကျုပ်ရဲ့ဝါသနာကို မစွန့်လွှတ်ခဲ့ဘူး၊ ဝါသနာဆိုတာ စွန့်လွှတ်ဖို့မှမဟုတ်တာ၊ စပါးတွေရိတ်သိမ်းပြီးချိန်မှာ စက်ပြင်တာကို လေ့လာခဲ့တယ်၊ ဂစ်တာတီးတယ်၊ အဓိကကတော့ ကိုယ်လုပ်နေတာကို ပျော်ရွှင်ဖို့ပဲလိုတာ၊ လုပ်ချင်တာမလုပ်လိုက်ရလို့ နောက်မှ နောင်တရနေတာမျိုး ကျုပ်မလိုချင်ဘူး "


" ရှင့်ခံယူချက်ကိုကြားပြီး ကျွန်မအားတက်မိပါတယ် ဓူဝံ " 


သူက ပခုံးတစ်ချက် တွန့်ပြကာ သူမမျက်လုံးတွေကို စူးစူးနစ်နစ်စိုက်ကြည့်ပြီး ပြောလိုက်သည်က...


" ခင်ဗျားမျက်လုံးတွေက လှပါတယ်၊ တစ်ခါတစ်ခါ ဝမ်းနည်းနာကျင်တဲ့ပုံဖြစ်နေတာကိုတော့ ကျုပ်မကြိုက်ဘူး " 


" အလိုရှင် " 


" ကျုပ်ပွင့်လင်းလွန်သွားရင် တောင်းပန်တယ် " 


သူက သူပြောချင်တာပြောပြီး တစ်ဖက်သားအလိုမကျမှုကို ခံစားရသည်မို့ ချက်ချင်းတောင်းပန်စကားဖြင့် တုန့်ပြန်လိုက်မိ၏။ 


" ဒီလိုဘယ်ရမလဲ တောင်းပန်တဲ့အနေနဲ့ ညတိုင်းဂစ်တာတီးပြီး ရှင်ဆန္ဒရှိရင် သီချင်းလည်းဆိုပြရမယ် " 


" ဟာ မလျော့ဘူးနော် " 


" အင်း " 


" မနက်စောစောသွားမှာဆိုတော့ ကျုပ်တို့ဒီလောက်နဲ့ပဲ နှုတ်ဆက်ကြတာပေါ့ " 


" ဟုတ်ပါပြီ " 


သူမ အရင်အိမ်ပေါ်တက်သွားပြီးမှ သူနောက်ကလိုက်ဝင်သွားကာ တံခါးပြန်ပိတ်လိုက်သည်။ တိုင်ကပ်နာရီကိုလှမ်းကြည့်လိုက်ရာ ၁၁ နာရီစွန်းခါစပဲ ရှိသေး၏။ အိပ်ချင်စိတ်အရှင်းမရှိသေးပေမယ့် မနက်မြို့တက်မှာမို့ အိပ်ဖို့ဆိုင်းပြင်ရပြီ။ 


သူ့ကို သီချင်းဆိုပြဖို့ ပထမဆုံးပွင့်ပွင့်လင်းလင်းတောင်းဆိုဖူးတဲ့ မိန်းကလေးရဲ့စိတ်ကို တစ်ဆိတ်တော့ သူစိတ်ဝင်စားမိသွားတာကို သတိပြုမိလိုက်သည်။ သူ့အာရုံထဲ မိန်းကလေးတစ်ဦးဝင်လာတာကလည်း ဒါပထမဆုံးပင်။ အိပ်မပျော်ခင် ခေါင်းရင်းပြတင်းတံခါးကို လှဲနေရင်း ခေါင်းမော့ကြည့်လိုက်စဥ် ကောင်းကင်တစ်နေရာမှ လင်းလက်နေသည့် အလင်းတန်းတစ်ခုကို စူးစူးရှရှတွေ့လိုက်ရသည်။ ဒီညတော့ လမ်းပြကြယ်က လမ်းမပျောက်တော့ဘူးပဲ...။ 


°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°🕊🕊


ဆက်ရန် >>>


#Ruby Linn


rate now: