book

Index 12

အပိုင်း (၁၂)

  • Author : Rudylinn
  • Genres : Romance, Drama, Action

မညီမျှတဲ့ချစ်ခြင်း 🕊💔


အခန်းထဲဝင် အပေါ်အကျီလဲပြီး ခါတိုင်းလို ခမောက်ကလေးဆောင်းကာ အိမ်ထဲမှထွက်သွားသော ဓူဝံရဲ့ လက်ဆတ်သည့်ပုံရိပ်ကို သူမရော ငုဝါပါ လှမ်းငေးကြည့်နေကြပြီးမှ...


" ညီမလေးနေဖို့အခန်း မလေးလိုက်ပြမယ် လာ ညီမလေး "


အိမ်ရှေ့သို့ရောက်နေသည့် အကြည့်တို့အား  ဘေးကစကားပြောလာသည့် မလေးဆိုသူထံသို့ ပို့လိုက်၏။ 


" မလေးနာမည်က ငုဝါ၊ ဓူဝံခေါ်သလို မလေးလို့ခေါ်လို့ရတယ်နော်၊ ညီမနာမည်ကရော " 


" ကျွန်မတကယ် မမှတ်မိတာပါ " 


" အာ မလေးမေ့သွားတယ် စိတ်မရှိနဲ့နော် ၊ အခန်းထဲမှာတအောင့်နားပြီး လန်းသွားအောင် ရေချိုးလိုက်နော် လာ " 


တစ်ထပ်တိုက်ခံ သွပ်မိုးအိမ်ကလေးက အလျားရောအနံပါ ရှည်လျားပြီး လူသုံးယောက်နေဖို့အတွက် အတော်ကလေးကျယ်ဝန်းသည်ဟု သူမထင်သည်။ ဘုရားခန်းသည်လည်း သပ်ရပ်သန့်ရှင်းကျယ်ဝန်းနေ၏။ လူတစ်ရပ်မြင့်သည့် ရှိုးကစ်ဗီရိုကြီးကို အိမ်ဦးခန်းနံရံ၌ကပ်၍ထားရှိသဖြင့် ဘေးပတ်လည်တွင် သစ်သားဖြင့် ကာရံလိုက်ရာ အနောက်မှာအခန်းဖွဲ့ထားသလိုဖြစ်သွား၏။ ထိုအခန်း၏ မျက်စောင်းထိုးအခန်းတစ်ခုကို မလေးကဖွင့်ဝင်သွားသည်။ 


" မလေးနဲ့အတူ ညီမ ဒီအခန်းမှာနေရမယ် အဆင်ပြေရဲ့လား "


၁၀ ပေ ပတ်လည်လောက်ရှိသော အခန်းလေးတစ်ခု။ သမံတလင်းပေါ်မှာ သစ်သားကွပ်ပျစ်လေးတစ်ခုရိုက်ကာ အခင်းလုပ်ထား၏။ အိပ်ရာပစ္စည်းတွေ မှန်တင်ခုံနဲ့ အလှပြင်ပစ္စည်းတချို့ရယ် သစ်သားဗီရိုလေးတစ်ခုရယ်သာရှိသော အခန်းကျယ်အတွင်း သူမ အသာဝင်သွားရင်း လှိုက်လှဲစွာ ပြုံးရယ်ကာ....


" အဆင်ပြေပါတယ် မလေး " 


" ဒါဆို ခဏနားလိုက်နော် " 


မလေးက တံခါးပိတ်၍ အပြင်သို့ထွက်သွားသည်။ အခန်းလေးကို တစ်ခါထပ်ကြည့်မိပြီး အခန်းထောင့်တွင် တင်ပျဥ်ခွေထိုင်လိုက်၏။ ခေါင်းရင်းဘက် သူမဦးခေါင်းအထက်၌ သစ်သားပြတင်းပေါက်တစ်ခုရှိသဖြင့် လေဝင်လေထွက်ကောင်းသည်။ ထိုပြတင်းနားမှာ မျက်နှာအပ်၍ လက်နှစ်ဖက်ထောက်ကာ အပြင်သို့ကြည့်ရင်း အသက်ဝဝရှူမိ၏။ တစ်ခြံလုံး သစ်ပင်စိမ်းစိုစိုများဖြင့် ပြည့်နေကာ သဘာဝအငွေ့အသက်တို့ လွှမ်းခြုံလျက်ရှိသော်လည်း စိတ်တွင်း ပူပန်မှုများကို ခဏတာ လျော့ပါးအောင်သာ ဆွဲဆောင်နိုင်သည်။ 


နောက်နေ့ကစ မရင်းနှီးသည့် သည်ပတ်ဝန်းကျင် သည်နေရာမှာ မနက်အိပ်ရာထ၍ ညအိပ်ရာဝင်ရ​တော့မည်။ မျက်လုံးမှိတ်တိုင်း ဖွင့်လိုက်တိုင်း အထီးကျန်နေလိမ့်မည်ထင်သည်။ သူမက ဘာမှမမှတ်မိစေကာမူ သူမကို သိသော လူတစ်ဦးတစ်လေတော့ ဒီလောကရဲ့ တစ်နေရာမှာ ရှိလိမ့်ဦးမှာပါလေ။ သူမအိမ်က ဘယ်မှာများလဲ...၊ အိမ်ပြန်ချင်လိုက်တာ။ 


°°°°°° 


" ညီမလေး ညီမလေး... "


" ရှင် ရှင် " 


" အိပ်ပျော်သွားတာလား " 


ဟုတ်ပါရဲ့...။ အသံကြားမှ နိုးလာပုံထောက်သည်။ ဘယ်အချိန်အိပ်ပျော်သွားသလဲတောင် ကိုယ့်ကိုယ်ကိုယ်မသိလိုက်။ ငုတ်တုတ်ထထိုင်ကာ မျက်နှာကို လက်ဖြင့်ပွတ်မိမှ ပါးမှာသွားရည်တချို့ စေးကပ်နေတာ သိရ၏။ ဘယ်လိုတောင်အိပ်လိုက်တာလဲ၊ သူများအိမ်မှာ စိတ်လွတ်ကိုယ်လွတ်နိုင်လိုက်တာနော်... ။ 


" ဟုတ်တယ်မလေး... " 


ခေါင်းလေးကုပ်၍ ရှက်ရွံ့ရွံ့ပြောမိတော့ မလေးက ရင်းနှီးစွာ ပြုံးရယ်ရင်း... 


" ရတယ် ရတယ် ရေအရင်ချိုးမလား ထမင်းအရင်စားမလား ဗိုက်ဆာနေပြီလား " 


" ဟုတ် ဆာတော့ဆာနေပြီ " 


" အဟင်း ဒါဆိုလာထ မလေးထမင်းပြင်လိုက်မယ် မျက်နှာသစ်ရအောင် "


အခန်းပြင်ထွက်လာတော့ မျက်နှာချင်းဆိုင်မှာ အခန်းတစ်ခန်းတွေ့ရသည်။ အနောက်ဘက်ကို ဆက်လျှောက်သွားရာ အိမ်နောက်ဘက်မှာ မီးဖိုဆောင်ရှိ၏။ အနောက်တံခါးမှဆင်းသွားလျှင် မလှမ်းမကမ်းမှာ တိုက်အိမ်သာတစ်လုံးကို တွေ့ရသည်။ အိမ်သာမရောက်ခင်မှာ စည်ပိုင်းနှစ်လုံးကို ရေချိုးဖို့ပြင်ဆင်ထားဟန်ရှိသည်။ နောက် စဥ့်အိုးကြီးနှစ်လုံးနဲ့ အသေးတစ်လုံးလည်း ဘေးမှာထားရှိ၏။ 


" ဒါက ရေချိုးတဲ့နေရာ မျက်နှာသစ်ဆပ်ပြာက ခြင်းထဲမှာရှိတယ်၊ နေဦး မလေးသွားတိုက်တံအသစ်တစ်ချောင်းသွားယူလိုက်ဦးမယ် " 


အိမ်ပေါ်ပြန်တက်သွားသော မလေးက အပြာရောင်သွားတိုက်တံတစ်ချောင်း လက်ထဲကိုင်၍ ပြန်ဆင်းလာ၏။ ထို့နောက် ထမင်းပွဲပြင်ရန် အပေါ်ပြန်တက်သွားသည်။ မျက်နှာသစ် သွားတိုက်ပြီး အိမ်ပေါ်ရောက်ချိန် မလေးက သူမအား လှမ်းအော်ပြော၏။ 


" မျက်နှာသုတ်ပဝါက အခန်းထဲကတန်းပေါ်မှာရှိတယ် တွေ့လား " 


" ဟုတ် တွေ့တယ် " 


သူမလည်း လှမ်းအော်ပြောရင်း တန်းပေါ်မှပဝါကိုဖြုတ်၍ မျက်နှာသုတ်လိုက်သည်။ ထိုအခိုက်...


" သားပြန်ရောက်တာကြာပြီလား ငုဝါ " 


သက်လတ်ပိုင်းအရွယ် မိန်းမတစ်ယောက်ရဲ့ နွေးထွေးကြင်နာမှုတွေ လွှမ်းနေသောအသံက အိမ်ရှေ့မှ အိမ်ထဲထိလွင့်လာသဖြင့် သူမ အခန်းထဲကနေ နားစွင့်နေလိုက်မိသည်။ 


" အရင်အမောဖြေပါဦး အစ်မသားက မနက်ထဲက ပြန်ရောက်တာ၊ ခု သူလယ်ထဲသွားတယ် ထမင်းတောင်စားမသွားဘူး " 


" ဒါဆို သားပြောတဲ့ ဟိုမိန်းကလေးကရော " 


" ပါလာတယ် သမီးအခန်းထဲမှာ " 


ထို့နောက် အခန်းဘက်သို့ လမ်းလျှောက်လာသံကြားရသဖြင့် သူမ အခန်းပြင်ထွက်လာလိုက်၏။ 


" ထမင်းစားမယ် မလေးပြင်ပြီးပြီ " 


" ဟုတ်ကဲ့ "


အိမ်ရှေ့မှာ စားပွဲဝိုင်းနဲ့ပြင်ထားသည်ကို တွေ့ရပြီး သူမဝင်ထိုင်လိုက်၏။ ထမင်းပွဲအသင့်ပြင်ထားတာမြင်တော့ ရင်ထဲမှာ ဘာကိုဝမ်းနည်းမှန်းမသိ ဝမ်းနည်းလာရသည်။ 


" စားလေးသမီး ဘာဖြစ်လို့လဲ "


ဒေါ်သပြေက အနားလာထိုင်ပြီး ကြက်သားတစ်ဖက်ကို သူမပန်းကန်ထဲခပ်ထည့်ပေးရင်း ရင်းနှီးနွေးထွေးစွာပင် ပြောလိုက်၏။ သူမ ငဲ့ကြည့်ပြီးခေါင်းခါပြလိုက်သည်။ ရေဇလုံထဲ လက်နှိုက်ဆေးပြီး ထမင်းစားမယ်ပြုတော့လည်း စားမရပါ။ ဘာကြောင့်များပါလိမ့်။ ငိုချင်သလိုလို တစ်ခုခုကို တမ်းတသလိုလိုနဲ့ ရင်ထဲ မခံကြည့်မခံသာနိုင်လိုက်တာ။ 


" ဟင်းမကြိုက်ဘူးလား ဘာအဆင်မပြေလို့လဲ တစ်ခုခုဖြစ်နေလား " 


ငုဝါကပါ အနားလာထိုင်ပြီး ဘဲဥမွှေကြော်ခပ်ထည့်ပေးရင်း ဆိုလာပြန်တော့ မျက်ရည်တွေက မျက်ဝန်းအိမ်မှာ ပြည့်လျှံလို့လာသည်။ 


" ကျွန်မမပြောတတ်ဘူး ရင်ထဲမှာတစ်ဆို့ဆို့ကြီးနဲ့ ဝမ်းနည်းသလိုပဲ " 


" နေရာအသစ်မှာ အသားမကျသေးလို့နေပါလိမ့်မယ်ကွယ်၊ အစ်မတို့ကို သူစိမ်းလို့သဘောမထားနဲ့ အားလည်းမနာနဲ့၊ မှတ်ဉာဏ်တွေပျောက်နေတာလည်း ခဏပဲဖြစ်မှာပါကွယ် အတတ်ဘဝက ကုသိုလ်ကံကြောင့်လို့ မှတ်ယူလိုက်နော် ဘာမှစိတ်မကောင်းမဖြစ်နဲ့ " 


လူကြီးတစ်ယောက်ရဲ့ ဆုံးမစကားတွေက သူမကို အင်မတန် စိတ်သက်သာရာရစေခဲ့ပါသည်။ ခဏတော့ စိတ်အေးသွား၏။ သူစိမ်းနှစ်ယောက်ရဲ့ နွေးထွေးတဲ့မေတ္တာကို သူမခံစားရသည်မို့ အဆိုးထဲက အကောင်းလို့ဆိုရမည်။ 


" ကျေးဇူးပါ "


" မလေးတို့အတွက် လူတစ်ယောက်ပိုလာတာ ဘာဝန်ထုပ်ဝန်ပိုးမှမဖြစ်ဘူး၊ အဲ့အတွက်လည်း ညီမစိတ်ထဲမှာ သူများအိမ်မှာနေရတာပဲဆိုပြီး စိတ်အားငယ်မနေနဲ့ ဟုတ်ပလား " 


" အခုလို လူကောင်းတွေနဲ့တွေ့ရတာ ကျွန်မအရမ်းဝမ်းသာပါတယ် ကျေးဇူးလည်းတင်ပါတယ် အမြင်မတော်တာရှိရင် ဆုံးမနိုင်ပါတယ် " 


" ဟုတ်ပြီ စားစား မလေးတို့ကစားပြီးပြီ " 


ဟင်းတွေခပ်ထည့်ပေးပြီး ရေခွက်ပါ ဘေးနားချပေထား၏။ 


" ဟိုလေ " 


" အင်း ပြောလေ "


" ကိုဓူဝံပြောတာကလေ သူက အမေနဲ့အစ်မနဲ့ တူတူနေတာတဲ့ ဟို အစ်မဆိုတာ... " 


" ဒါလား မလေးတို့က အမေကို အစ်မလို့ခေါ်တာ ငယ်ငယ်ထဲက နှုတ်ကျိုးနေပြီ၊ ညီမအတွက်တော့ ကြားရတာတစ်မျိုးဖြစ်နေမှာပေါ့ " 


" ဟုတ်လား မသိလို့မေးတာပါ " 


သူမအပြောကို ဒေါ်သပြေက ခပ်ပြုံးပြုံးလေးကြည့်နေ၏။ ဘာမှဝင်မပြော၊ နောက်မှ ဝင်ပြောသည်။ 


" သမီးလည်း သူတို့ခေါ်သလို အစ်မလို့ခေါ်ပေါ့ " 


" ဟုတ်ကဲ့ " 


စကားပြောရင်းနဲ့ ထမင်းနှစ်ပန်းကန်ကုန်သွား၏။ တစ်ခါမှ မစားဖူးဘူးဟုထင်ရသည့် ငါးပိရည်ကို မြည်းစမ်းကြည့်ခဲ့ရာ ထမင်းပိုမြိန်သွားသည်ဟု ထင်သည်။ 


°°°°°°°°°°


" အစ်မ... ညီမလေးကို နာမည်ဘယ်လိုခေါ်မလဲ ဘာမှမမှတ်မိဘူးဆိုပေမယ့် ခေါ်ဖို့နာမည်တစ်ခုတော့ရှိသင့်တယ်လေနော် " 


ဒါတော့ သူမလည်း ထောက်ခံပါသည်။ လူတိုင်းမှာ နာမည်တစ်ခုတော့ရှိကြစမြဲပေမယ့် သူမမှ မမှတ်မိတော့ဘဲ။ 


" ဟုတ်တော့ဟုတ်ပါတယ် သမီးစဥ်းစားထားတာရှိလို့လား " 


" မရှိဘူးအစ်မ " 


" ဒီညစဥ်းစားတာပေါ့ ချက်ချင်းတော့ဘယ်စဥ်းစားရမလဲ " 


အိမ်ရှေ့ကွပ်ပျစ်မှာ လက်ဖက်ရည်ကြမ်းနဲ့လက်ဖက်သုပ်ပြင်ပြီး စကားထိုင်ပြောနေကြချိန် ဓူဝံ အိမ်ထဲဝင်လာတာတွေ့ရ၏။ 


" ကျောင်းဘေးက ကံ့ကော်ပင်မှာတော့ အဖူးတွေလိုက်နေပြီ အစ်မရေ၊ ကျုပ်တို့အပင်ထက်စောပွင့်မယ်ထင်ပ " 


အိမ်ထဲဝင်လာရင်း ကွပ်ပျစ်မှာ အားလုံးထိုင်နေတာတွေ့ရသဖြင့် သူလှမ်းပြောလိုက်ကာ အစ်မဖြစ်သူ ငုဝါရဲ့ဘေးမှာ တင်ပါးလွှဲဝင်ထိုင်လိုက်ရင်း ရေနွေးကြမ်းတစ်ခွက်ငှဲ့၍ သောက်လိုက်သည်။ 


" ဒီနေ့ပြန်လာတာစောလှချည်လား " 


ဓူဝံကို မိခင်ဖြစ်သူ ဒေါ်သပြေ လှမ်းမေးလိုက်သည်။ 


" မခြောက်သေးတဲ့စပါးတွေကို နက်ဖြန် ရွာထဲဂေါ်နဲ့သယ်လာပြီးလှန်းမယ်လေ၊ ဒါကြောင့် ဒီနေ့စောစောပြန်လာလိုက်တာ အစ်မတို့ စားပြီးကြပြီလား "


" မစားရသေးဘူး မင့်ပြန်အလာကိုစောင့်နေတာ " 


ရေနွေးနောက်တစ်ခွက်ထပ်သောက်ပြီး ခေါင်းတညိတ်ညိတ်ရှိသော ဓူဝံကို သူမလှမ်းကြည့်လိုက်၏။ နားရွက်ဖျားတွေ နီမြန်းနေတာကို ထူးဆန်းစွာ မြင်ရသည်။ ပါးသိုင်းမွှေးစိမ်းစိမ်းတွေကိုတော့ ခပ်ယေးယေးသာ တွေ့ရ၏။ ပြောပုံဆိုပုံ လွတ်လပ်ပေါ့ပါးမှုရှိပုံကိုတော့ စတွေ့ကတည်းက သူမ သတိထားမိခဲ့တာပင်။ 


" ပြောရဦးမယ် သမီးကိုနာမည်တစ်ခုပေးမလားလို့ သားသဘောကရော " 


" ဟင် " 


ဖျတ်ခနဲဆို သူ့အကြည့်ကို မျက်နှာချင်းဆိုင်က သူမဆီပို့လိုက်၏။ ရေချိုးပြီးစ သနပ်ခါးရေကျဲ ပါးကွက်ကြားလေးနဲ့ တောသူမလေးလို သိမ်မွေ့သော မျက်ဝန်းတစ်စုံနဲ့ အကြည့်ချင်းဆုံ၏။ ခေါင်းပေါ်က ပတ်တီးက သူမအား ရုပ်ဆိုးအကျည်းတန်သွားအောင်ထိတော့ မစွမ်းသာပါ။ 


" ကျုပ်က နာမည်မှမပေးတတ်တာ " 


သူမမျက်နှာကိုကြည့်ပြီး သူက ခပ်​အေးအေးပင်ပြော၏။ သူမထင်ထားတာထက် သူက အေးဆေးစွာရှိနေသည်။ ထို့နောက် ရုတ်ခနဲ အကြည့်လွှဲလိုက်ပြီး တစ်ခုခုကို တိုးတိုးရေရွတ်လိုက်သလိုပင်။ သေချာတော့မကြားလိုက်ရ။ 


" ကျူပ်အခု တွေးမိတာတစ်ခုတော့ရှိတယ် " 


" ဘာများလဲ "


ငုဝါက သိလိုစိတ်ပြင်းပျစွာ ချက်ချင်းပင် မေးလိုက်၏။ သူလည်း သူ့အတွေးကို ထုတ်ဖော်ပြောလိုက်သည်။ 


" ကံ့ကော်... အဲ့နာမည်ပဲ ခေါင်းထဲရောက်လာတယ် ခင်ဗျားကြိုက်မကြိုက်တော့မသိဘူး " 


ပြောပြောဆိုဆို ထရပ်လိုက်ရင်း အိမ်ထဲဝင်ဖို့ ခြေလှမ်းပြင်လျက် သူမအား မျက်လုံးချင်းဆုံကာ တစ်လုံးချင်းပြောလိုက်ခြင်းပင်။ 


" ကြိုက်ပါတယ် "


တိုးပေမယ့် သူ သေချာကြားလိုက်မှာပါ။ သူက ပြုံးလိုက်ပြီး အိမ်ထဲဝင်သွားသည်။ နောက်ဆုံး သူမမှာ နာမည်တစ်ခုတော့ရသွားပြီပေါ့။ ကံ့ကော်တဲ့။ သူမ သဘောကျပါတယ်။ ရိုးရှင်းတာကလည်း သူ့ရဲ့ တန်ဖိုးတစ်ခုပဲပေါ့။ 


" မလေးတို့ရွာနာမည်ကလည်း ကံ့ကော်ပဲ၊ ကံ့ကော်ရွာကို ကံ့ကော်ဆိုတဲ့ မိန်းကလေးတစ်ယောက်က ဧည့်သည်အဖြစ်ရောက်လာခဲ့တာ ဆန်းကြယ်တယ်ပြောရမယ် " 


မငုဝါက ထိုစကားကို အားတက်သရောပြော၏။ တကယ်ပဲ ဆန်းကြယ်ခဲ့တာလား။ 


°°°°°°°°°°°°°°°°°


သူမအိပ်ရာထဲ လှဲနေတာ တစ်နာရီနီးပါးရှိပြီ။ ဘေးနားက မငုဝါက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေပေမယ့် သူမက ဘယ်လိုမှအိပ်မရသေးပါ။ အိပ်ရာထဲ လူးလိမ့်နေတာကြားလာတော့ အတူတူအိပ်သည့် မငုဝါနိုးလာမည်စိုးသဖြင့် အသာလေး ငြိမ်နေလိုက်သည်။ အချိန်ကြာကြာ ငြိမ်နေလိုက်ရင် အိပ်ပျော်နိုင်ကောင်းပါရဲ့။ ဇွတ်အိပ်ပျော်အောင်ကြိုးစားလေ အိပ်မပျော်လေမို့ စိတ်ပင်မွန်းကြပ်လာပြီ။ ပြတင်းတံခါးပေါက်ကြားကနေ အလင်းရောင်ပျပျလေးက အခန်းထဲတိုးဝင်နေ၏။ 


ဘယ်လိုမှ ဆက်လှဲမနေနိုင်သည့်အဆုံး တံခါးကိုအသံမမြည်အောင်ဖွင့်ကာ အိမ်ရှေ့သို့ ခြေဖွဖွနင်းကာ ထွက်လာတော့ အိမ်မတံခါးပွင့်နေတာ တွေ့ရသည်။ ဘယ်သူများလဲ... ။ အရှေ့ကိုကျော်၍ ကြည့်လိုက်ရာ ကွပ်ပျစ်မှာတံခါးဘက်ကို ကျောခိုင်းထိုင်နေသည့် ဓူဝံကိုတွေ့လိုက်ရ၏။ သူမ အောက်ကိုဆင်းသွားတော့ သူက လှည့်ကြည့်လာသည်။ 


" အိပ်မပျော်ဘူးလား " 


" အင်း ရှင်ရော " 


" ကျုပ်ကတစ်ရေးနိုးလာတာ၊ ခင်ဗျားကတော့ ခုထိမအိပ်ရသေးဘူးမလား " 


" ရှင်ဘယ်လိုသိလဲ ကျွန်မအိပ်မပျော်တာ " 


" လာထိုင်ပါဦး " 


သူ့ဘေးမှာ သူမသွားထိုင်လိုက်သည်။ သူက ကောင်းကင်ကို မော့ကြည့်နေ၏။ သူ့မျက်နှာက ပြုံးယောင်သန်းနေသည်။ အိပ်ချင်မူးတူးဖြစ်နေသည့်ရုပ် လုံးဝမပေါ်။ သူ့ကြည့်တိုင်း အမြဲလန်းဆန်းနေတာပဲ တွေ့ရ၏။ 


" ကျုပ်ခန့်မှန်းကြည့်ရုံသက်သက်ပါပဲဗျာ "


" ကျွန်မမှာ တွေးစရာတွေအများကြီးရှိတယ်လို့ထင်ပေမယ့် တကယ်တမ်းဘာတွေးလို့တွေးရမှန်းမသိဘူး၊ အဲဒါနဲ့ အိပ်မရဖြစ်နေတာ " 


" လမ်းပျောက်နေတာပေါ့ " 


" ဆိုပါတော့ "


" ခရီးသွားတွေတောထဲမှာ လမ်းပျောက်တဲ့အခါ၊ သင်္ဘောသားတွေ ပင်လယ်မှာလမ်းပျောက်တဲ့အခါ ကောင်းကင်ကဓူဝံကြယ်ကို မော့ကြည့်ပြီး ကိုယ်သွားရမယ့်လမ်းကို ရှာတတ်ကြတယ်တဲ့ " 


" ဒါဆို ဓူဝံကြယ်က လမ်းပြပေးတယ်ပေါ့ " 


" ဟုတ်တယ် "


သူက ကောင်းကင်ကိုမော့ကြည့်ပြီးသာ ပြောနေ၏။ သူမက ကောင်းကင်ကိုတစ်လှည့် သူ့ကိုတစ်လှည့်ကြည့်နေမိသည်။ သူ့မျက်လုံးတွေ ကြည်စင်နေပုံက ဘေးကကြည့်နေသူကတောင် မနာလိုစရာကောင်းလှ၏။ 


" ကူရှာပေးမလား သူက ကောင်းကင်ပေါ်မှာ အတောက်ပဆုံးကြယ်ပဲ၊ ခုနှစ်စင်ကြယ်ထဲမှာ အလင်းလက်ဆုံးပေါ့ " 


သည်တစ်ခါ သူက သူမမျက်နှာကိုငဲ့ကြည့်ရင်းပြောတာမို့ အနည်းငယ် တွန့်သွား၏။ သူမ ခေါင်းညိတ်လျက် ပြုံးပြလိုက်ပြီး အပေါ်မော့ကြည့်ကာ သူပြောသည့် အတောက်ပဆုံးကြယ်ကို ရှာလိုက်သည်။ နင်ဘယ်မှာလဲ လမ်းပြကြယ်...။ 


" သူဒီညမရှိဘူး "


" ဟင် " 


အံ့သြသလိုလေး သူ့မျက်နှာကို ထပ်ကြည့်လိုက်မိပြန်သည်။ သူက ပြုံးနေဆဲပင်။ ပြုံးလျက် သူမအား လှည့်ကြည့်၏။ 


" သူကိုယ်တိုင်လည်း လမ်းပျောက်နေတယ်ထင်တယ်၊ ဒီည သူ့ကို ကောင်းကင်ပေါ်မှာ မတွေ့ရဘူး ခဏအနားယူတယ်ထင်ရဲ့ " 


ဒီညမတွေ့ရတော့ဘူးလို့ သူပြောပေမယ့် သူမ တွေ့လိုက်ရသည်ထင်ပါရဲ့။ သူ့မျက်လုံးတွေက သူ့ပြောသည့် အတော်ပဆုံးကြယ်လေးတွေလို တဖျပ်ဖျပ်လင်းလက်နေ၏။ ကြာကြာစိုက်မကြည့်နိုင်ပါ။ မျက်နှာလွှဲရင်း သူမ ပြုံးလိုက်၏။ 


" မနက်ဖြန် ရွာကဆေးခန်းမှာ ခင်ဗျားခေါင်းကဒဏ်ရာကို ဆေးသွားထည့်ရမယ်၊ မလေးလိုက်ပို့ပေးလိမ့်မယ်၊ ကျုပ်ပြောထားတယ် " 


" ကျေးဇူးပါ " 


" ကျေးဇူးတင်ခံချင်လို့ ကူညီတာမဟုတ်လို့ နောက်တစ်ခါ ကျေးဇူးတင်စကားမပြောပါနဲ့၊ ခေါင်းကဒဏ်ရာသက်သာသွားတဲ့အခါ ကျုပ်ခင်ဗျားကို မြို့ခေါ်သွားမယ်၊ ခင်ဗျားနဲ့ပတ်သက်တာတစ်ခုခုကို ထိတွေ့မိရင် ခင်ဗျားမေ့နေတာတွေ ပြန်သတိရလာရင်ရလာမှာ " 


" ကျေး... အဲ အဟင်း ကျွန်မဘာပြောရမှန်းတောင်မသိတော့ဘူး " 


ဖြန့်ချထားသည့်ဆံပင်တွေကို လက်တစ်ဖက်ဖြင့်စုသိမ်း၍ တစ်ဖက်မှာချထားလိုက်၏။ ခြံထောင့်မှ ညမွှေးပန်းရနံ့စူးစူးကို ခံစားရသည်။ ဇီဇဝါပန်းနံ့နဲ့ စံပယ်ပန်းနံ့တို့သည်လည်း ရောပြွမ်း၍ရလာပြန်ရာ ပန်းပေါင်းစုံ စုံသည့်ညဟု အမည်တပ်ရလိမ့်မည်။ 


" ပြန်အိပ်သင့်ပြီ အိပ်ရေးမဝရင် ခင်ဗျားခေါင်းမူးလိမ့်မယ် " 


" ဒါဆို ကျွန်မဝင်အိပ်တော့မယ် " 


" ကောင်းသောညပါ စိတ်ကိုရှင်းရှင်းထားပြီးအိပ်ရင် ခင်ဗျားအိပ်ပျော်မှာပါ " 


ထုံးစံအတိုင်း ပေါ့ပါးစွာပင်ပြောလိုက်ရင်း ဓူဝံက သူ့အကြည့်တွေကို မဟူရာကောင်းကင်ဆီ ပို့ထားလိုက်သည်။ သူမလည်း အိမ်ထဲမဝင်မီ ကောင်းကင်ကို တစ်ချက်ကြည့်လိုက်၏။ ဒီည လမှမသာဘဲလေ။ ကြယ်တွေပျောက်တာ မဆန်းတော့ပါဘူး။ 


°°°°°°°° 


မနက် ဆေးခန်းသွားပြဖို့ သူမတို့တွေ အိမ်ထဲမှထွက်လာတော့ ရွာလမ်းတစ်လျှောက် ခြေချစရာနေရာလပ်မရှိအောင် စပါးတွေက နေရာအပြည့်ယူထား၏။ သူမ တအံ့တသြဖြစ်သွားသည်။ ဒီလောက်များတဲ့စပါးတွေ ဘယ်တုန်းက ရောက်နေတာပါလိမ့်။ 


" မလေး... ဒီစပါးတွေကို နင်းလျှောက်လို့ဖြစ်ပါ့မလား " 


" ဖြစ်ပါတယ်ညီမရဲ့ ရဲရဲသာနင်း၊ ဆေးခန်းက အရှေ့ပိုင်းမှာရှိတာလေ " 


သူမ ခေါင်းညိတ်ရင်း စပါးတွေကို မရဲတရဲနင်းလျှောက်လိုက်ရသည်။ တချို့ဆို စပါးပေါ်ကနေ ဆိုင်ကယ်တောင်မောင်းသွားကြသေးတာ။ သူမကသာ နေရခက်ခက်ဖြစ်နေ၏။ အားလုံးက သာမန်ရိုးကျလိုပင်။ အင်းလေ စပါးတွေက ဆန်မှမဖြစ်သေးတာ။ ငရဲတော့ မကြီးလောက်ပါဘူးနော်။ 


ဆေးခန်းက ဆရာမက မငုဝါတို့နဲ့ ရင်းနှီး၏။သူမကို ဆေးသေချာထည့်ပေးသည်။ 


" ခေါင်းကဘာဖြစ်တာလဲ ကံ့ကော် " 


" ချောလဲတာပါ " 


" မြို့မှာလဲတာလား " 


" ဟုတ်ပါတယ် "


" သောက်ဆေးတွေရော ရှိသေးလား "


" ရှိပါသေးတယ် နှစ်ရက်စာကျန်သေးတယ် " 


" တစ်ရက်ကြားဆေးလာထည့်နော်၊ ညှော်မမိရင် တစ်ပတ်လောက်နဲ့ အနာကျက်ပါတယ် " 


" ဟုတ်ကဲ့ ကျေးဇူးပါဆရာမ "


ဆေးဖိုးကို မငုဝါကရှင်းပေး၍ ဆရာမကို နှုတ်ဆက်ကာ အိပ်ပြန်လာကြသည်။ လမ်းမှာ ညှော်နဲ့တိုး၍ မြန်မြန်လျှောက်ရသေးသည်။ 


မနက် သူမအိပ်ရာထကတည်းက ဓူဝံကိုမတွေ့ရ။ နေ့လည်လည်းပြန်မလာ။ ညနေစောင်း သူမ ရေချိုးပြီးတော့ မငုဝါက သူမလိမ်းဖို့ သနပ်ခါးအသင့်သွေးပေးထား၏။ မငုဝါရဲ့ အဝတ်စားတွေဝတ်ပြီး သနပ်ခါးလိမ်းပြီးတော့ အိမ်ရှေ့ထွက်လာစဥ် မိုက်ခနဲ တစ်ချက်ဖြစ်သွားသဖြင့် လက်လှမ်းမီရာ တန်းတစ်ခုကို လှမ်းကိုင်၍ မျက်လုံးအသာမှိတ်ထားလိုက်ရသည်။ 


" မူးလို့လား... " 


အနီးနားလေးက ထွက်လာသည့်အသံတစ်ခု။ ခြေသံမကြားလိုက်ရဘဲ အနားဘယ်လိုရောက်လာပါလိမ့်။ ဓူဝံ့အသံပေပဲ။ 


" အင်း "


ပိုမူးမှာစိုးလို့ ခေါင်းမညိတ်ပြဘဲ အသံထွက်ပြောလိုက်သည်။ ထို့နောက် လက်ထဲရောက်လာသော ရှူဆေးဘူးလေးတစ်ခု။ နှာခေါင်းနားတေ့၍ ခပ်ပြင်းပြင်းရှူလိုက်တော့ သက်သာသွား၏။ မျက်လုံးဖွင့်ကြည့်လိုက်တော့ စိုးရိမ်မှုအရိပ်ယောင်တွေ ယှက်သန်းနေသည့် မျက်ဝန်းတစ်စုံနဲ့ ရင်ဆိုင်ရသည်။ 


" ထိုင်လိုက်ပါလား " 


နေရာမှာတင် နှစ်ယောက်လုံးထိုင်ချလိုက်သည်။ သူ့ဆီက သက်ပြင်းချသံကို သူမ ကျယ်လောင်စွာ ကြားရ၏။ 


" အိပ်ရေးမဝလို့ထင်တယ် နေပူထဲရောထွက်သေးလား " 


မျက်လုံးချင်းစုံပြီး စကားသေချာပြောနေသော သူ့ကို ကြည့်ပြီး သူမခေါင်းခါပြလိုက်၏။ 


" မနက်က ဆေးထည့်ပြီးပြန်လာထဲက တနေကုန်ဘယ်မှမထွက်ဘူး " 


" နေပူထဲထွက်ရင် သွေးခဲမှာစိုးလို့ပြောတာ၊ ဒီညတော့ အိပ်ပျော်အောင်အိပ်ပေါ့ တခြားမတွေးနဲ့ အခု မူးသေးလား " 


" ဟင့်အင်း " 


သူက ဘာမှဆက်မပြောဘဲ ထသွားပြီး သူ့အခန်းသူဝင်သွားကာ ချက်ချင်းပြန်ထွက်လာ၏။ သူမ ထိုင်လျက် သူ့အားမော့ကြည့်မိသည်။ 


" ကျုပ် အနောက်ပိုင်းသွားလိုက်ဦးမယ်၊ အစ်မတို့မေးရင် ပြောလိုက်ပေါ့ " 


တနေကုန်အပြင်သွားနေပြီး ခုလည်းခဏပဲ အိမ်ပြန်လာပြီး ချက်ချင်းပြန်ထွက်သွားသောသူက အတော်လေး အလုပ်များတဲ့လူလား။ ဒါကလည်း သူ့ကိစ္စပဲလေ။ သူမ ဘာလို့လိုက်တွေးနေလဲမသိတော့ချေ။ 


ညဘက်အိပ်ရာဝင်တော့မည်ဆို သူမ မသိစိတ်က ကြောက်နေ၏။ သူမ အိပ်လို့ရပါ့မလား။ ကြောက်စိတ်ကို တိုက်ထုတ်ရမည်။ ရအောင် အိပ်မယ်ဟု ဆုံးဖြတ်လိုက်သည်။


" ချောက် ချောက် " 


အိမ်ရှေ့ခန်းမှ နာရီအချက်ပေးသံထွက်ပေါ်လာ၏။ တိတ်ဆိတ်နေသဖြင့် ကျယ်လောင်စွာ မြည်နေသည်ဟု ထင်ရသည်။ ပုရစ်သံတွေကလည်း အိမ်ဘေးပတ်ပတ်လည်မှာ ဆူညံနေ၏။ သူမ အိပ်လို့မရပြန်ပါ။ တစ်စုံတစ်ရာကို လွမ်းဆွတ်သတိရနေသည်ဟု ထင်၏။ ရေလည်းငတ်လာသဖြင့် အခန်းပြင်ထွက်ခဲ့၏။ အခန်းပြင်ရောက်တော့ ရုတ်ခနဲ အပြင်သို့ကြည့်လိုက်မိသည်။ တံခါးပိတ်ထားတာပဲ။ ရေတစ်ဝသောက်ပြီး အိပ်ရာထဲမှာ ပြန်လှဲနေလိုက်သည်။ အိပ်ဆေးသောက်အိပ်ရ ကောင်းမလား။ ဘုရားစာရွတ်နေတာပဲ ကောင်းပါတယ်။ ဒီလိုနဲ့ ဒုတိယမြောက်ညကို ခက်ခဲစွာ ဖြတ်ကျော်ခဲ့ရသည်။ 


နောက်နေ့မှာတော့ တနေ့လုံးလိုလို ဓူဝံကို မတွေ့ရချေ။ မငုဝါတို့ကလည်း စပါးအရောင်းအဝယ်ကိစ္စတွေနဲ့ အလုပ်ရှုပ်နေပုံရသည်။ ထိုနေ့က သူမ တစ်ယောက်ထဲ အိမ်မှာ နေခဲ့ရသည်။ ဒေါ်သပြေကလည်း နေ့လည်ဆို ဘုန်းကြီးကျောင်းမှာ တရားသွားထိုင်၏။ ညနေခင်းဆို အနောက်ပိုင်းက အမျိုးတွေဆီ သွားလည်တတ်သည်။ သူမကို အဖော်ခေါ်ပေမယ့် လမ်းမှာညှော်ကင်းမိမှာစိုးလို့ မလိုက်​ဖြစ်ခဲ့ပါ။ အင်မတန် အထီးကျန်ခဲ့ရတဲ့ နေ့တစ်နေ့ပဲပေါ့။ 


ရွာကလူအတော်များများက ညဆို စောစောအိပ်ရာဝင်တတ်ကြသည်။ တစ်နေ့လုံး အလုပ်နဲ့လက်မပြတ်ဘဲ ဇယ်ဆက်သလို လုပ်ခဲ့ရတော့ ညဘက်စောစောအနားယူခြင်းသာ။ သူမကတော့ ကျင့်သားမရသေး။ နေ့လည်နေ့ခင်း တစ်ရေးတစ်မောအိပ်လေ့မရှိသော်လည်း ညဘက်စောစောအိပ်၍မရခဲ့ပါ။ တဖြည်းဖြည်း ညသည် သူမ၏ ရန်သူလိုလို ဖြစ်လာသလိုပင်။ 


ထိုညလည်း တော်တော်နဲ့အိပ်၍မရခဲ့။ ခြင်ထောင်ထဲ ငုတ်တုတ်ထိုင်နေမိ၏။ တဖြည်းဖြည်း ငိုချင်လာသည်။ သူမ မပျော်ပါ။ ဒေါ်သပြေရော မငုဝါပါ သူမအပေါ်နွေးထွေးပေမယ့် မပြည့်စုံသလိုခံစားရသည်။ ဓူဝံသည်လည်း သူမအပေါ် ကောင်းပါသည်။ 


ထိုစဉ် အပြင်မှ ဂစ်တာသံသဲ့သဲ့ကို ကြားလိုက်ရသည်။ သူမ နားကြားမှားတာလား။ အသံက တိုးလွန်းနေသည်။ နားစိုက်ထောင်လိုက်တော့ ပြတ်သားကြည်လင်စွာ ကြားရ၏။ သီချင်းသံမပါဘဲ ဂစ်တာသံတစ်သံထဲသာ ချိုသာစွာ ထွက်နေခြင်းသာ။ ထိုအသံက သူမနားမှာ ပျံ့လွင့်နေသလို ခံစားရသည်။ ရုတ်တရက် မတ်တပ်ရပ်လိုက်မိ၏။ အသိက အခန်းတံခါးကိုဖွင့်ဖို့ အားသန်နေခြင်းကို အံ့သြယူလိုက်ရသည်။ အပြင်ထွက်ပြီး ထိုဂစ်တာသံကို ကျယ်ကျယ်ပြုပြုကြားချင်သော စိတ်ဆန္ဒတို့ တဖွားဖွားပေါ်လာနေ၏။ ဘယ်အချိန်ရှိနေပြီလဲမသိ။ ထွက်သွားလို့ကောင်းပါ့မလား။ ဓူဝံ ဂစ်တာတီးနေတာပဲ ဖြစ်မှာပါ။ 


အတတ်နိုင်ဆုံး ပြင်းပျသောစိတ်အစဥ်ကို မလွတ်သေးသော သတိဖြင့် ချုပ်လျက် ကိုယ့်အိပ်ရာမှာ တစ်စောင်းလေးပြန်လှဲနေလိုက်သည်။ သာယာသော အသံလေးကို နားထောင်ရင်း သူမမျက်လုံးတွေ မှေးမှိတ်သွား၏။ အသံလေးနားထောင်ပြီး အိပ်ပျော်တော့မည်ထင်သည်။ မအိပ်ပျော်ခင် စက္ကန့်ပိုင်းလေးမှာ ကြား​နေရသည့် ဂစ်တာသံလေးက နားထဲကမထွက်ခဲ့။ 


°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°🕊🕊


ဆက်ရန် >>>


#Ruby Linn


rate now: