book

Index 11

(အပိုင်း ၁၁)

  • Author : Rudylinn
  • Genres : Romance, Drama, Action

မညီမျှတဲ့ချစ်ခြင်း 🕊💔


" ဒုတ် ဒုတ် " 


ဒုတ်ဒုတ်မြည်သံနှင့်အတူ အဖြူရောင်ဆေးသုတ်ထားတဲ့ စက်လှေတစ်စင်းသည် မြစ်ပြင်ကျယ်အလယ်၌ လှေဦးက ရေအလျဥ်ကို ထိုးခွဲ၍ တစ်စုံတစ်ခုနဲ့အပြိုင် အားသွန်ခွန်စိုက် ရွေ့လျားမောင်းနှင်လျက်ပင်။ လှေတစ်စင်းလုံးမှာ နှီးခမောက်ကိုခပ်ငိုက်ငိုက်ဆောင်းလျက် ပုဆိုးကို ခြေမျက်စိအထက် ဝတ်ဆင်ထားပြီး အဖြူရောင်ရှပ်လက်တိုအကျီသည် လေ၌လွင့်မျော၍ ပိန်ပါးပါးခပ်လတ်လတ်အသားအရည်တွင် ကပ်၍နေသော စက်ခေါင်းတွင်ရပ်လျက်ရှိသည့် လုလင်ပျိုတစ်ယောက်သာ လိုက်ပါစီးနင်းလာလေသည်။ 


ထိုလူ၏ ဖျတ်လတ်သန်မာသော သွေးကြောစိမ်းတို့ပေါ်နေသည့် စက်ကိုထိန်းကိုင်ထားသော လက်တစ်ဖက်က ညာဘက်သို့ယိမ်းလိုက်လျင် လှေဦးကလည်း ညာဘက်သို့ချိုးကွေ့ဝင်သွားသည်ကိုကြည့်၍ ရှေ့သွားချွန်လေးနှစ်ဖက်ပေါ်အောင် ပြုံးရယ်လိုက်သော မျက်နှာလေးက လူငယ်တစ်ယောက်၏ ပျိုမြစ်နုငယ်မှုအပေါင်းတို့ကို တစ်ထိုင်တည်းတွေ့ရပေလိမ့်မည်။ 


သူ၏ခေါင်းလေးကိုမော့၍ ရွှေအိုရောင်ယှက်သန်းလျက်ရှိသော ကောင်းကင်ကိုကြည့်လိုက်၏။ သူ့မျက်နှာပေါ်က အပြုံးတွေကလည်း လွင့်စင်သွားခြင်းမရှိပါဘဲ ပို၍တက်ကြွကာ ဘယ်ဘက်သို့ချိုးကွေ့လိုက်ပြန်သည်။ 


ကမ်းစပ်တစ်လျှောက် မြေကွက်လပ်များတွင် လူနေအိမ်များအစား လူတစ်ရပ်မျှရှည်သော မြတ်ရိုင်းတို့အစားထိုးပေါက်ရောက်လျက် လေအဝှေ့၌ ညင်သာမှုမရှိ အချင်းချင်းရိုက်ခတ်ကာ ယိမ်းနွဲ့၍ကဗျာများ သီကုံးနေကြသည်ထင်။ 


ကွေ့သုံးကွေ့ကိုကျော်ဖြတ်ပြီးသကာလ ကမ်းပေါ်မှာ လူနေအိမ် ကျိုးတို့ကျဲတဲကို မြင်ရပြီ။ သူမောင်းဖြတ်လာသည့် မြစ်တစ်လျှောက် အမှောင်ရိပ်တို့ တရိပ်ရိပ်ဖုံးလွှမ်းသွားရာ ကျန်သေးသည့် အလင်းရောင်ရှိရာ ရှေ့သို့သာဆက်၍ဆက်၍ မောင်းနှင်လျက်။ မောပန်းသည်မရှိဘဲ သူ့ရည်မှန်းချက်အတိုင်း နေမဝင်ခင် ကမ်းစပ်သို့အရောက်သွားရမည်။ 


ရှေ့တစ်လံလောက်မှာ ကမ်းနားကနေ ကမ်းစပ်နားထိဆောက်ထားသော သစ်သားတံတားကို လှမ်းမြင်ရသည်နှင့် စက်ရှိန်သတ်ကာ လှေဦးသို့အပြေးတစ်ပိုင်းလျှောက်သွားရင်း လှေကြိုးကိုအသင့်အနေအထားကိုင်မြှောက်ကာ လှေကမ်းကပ်သည်နှင့်တစ်ပြိုင်နက် သစ်သားတိုင်နဲ့ပူးကပ်ချည်နှောင်၍ တစ်ဆက်တည်း တံတားပေါ်သို့ လွှားခနဲခုန်ကျော်တက်လိုက်ရာ အနောက်မှ ထပ်ကြပ်မကွာလိုက်လာသည့် နီညိုရင့်ရောင်ရှိသည့် နေမင်းသည်လည်း မောပန်းစွာ လက်နက်ချ၍ အနောက်ဘက်သို့ဆုတ်ကာ ကွယ်ပျောက်သွားချေပြီ။ 

သည်နေ့အဖို့ ဘယ်သူအနိုင်ရလဲ မသဲကွဲချေ။ 


ခမောက်အနားကွပ်ထားသည့်နေရာကို လက်ဖြင့်ကိုင်၍ ခေါင်းပေါ်မှချွတ်လိုက်တော့ ရှေ့လကမှ မြို့တက်ညှပ်ထားသော သူ့ဆံပင်တွေက အနည်းငယ်မြင့်မောက်ဟန်ရှိသော မျက်ခုံးရိုးပေါ်သို့ ကပိုကရိုဝဲကျလျက်ရှိသည်။ ထို့နောက် သူညာဘက်သို့ ဆက်လျှောက်လာခဲ့ရာ ကုက္ကိုင်ပင်ကြီးတစ်ပင်နားကပ်၍ ဝါးခြမ်းတွေနဲ့ဝင်းခတ်ထားသော ခြံကြီးတစ်ခြံအတွင်းသို့ သွက်လက်စွာလှမ်းလျှောက်ဝင်သွားလိုက်၏။ ခမောက်ကို အိမ်ရှေ့က သစ်သားကွပ်ပြစ်ပေါ်တင်ခဲ့၍ အိမ်ထဲဝင်လာတော့ တံခါးဖွင့်ထားပေမယ့် အထဲမှာ ဘယ်သူမှမရှိ။ 


ထို့ကြောင့် အပြင်ပြန်ထွက်၍ အဝတ်တန်းပေါ်မှ ရေလဲပုဆိုးတစ်ထည်ကိုယူကာ တံတားဆီ ပြန်လျှောက်လာခဲ့တော့သည်။ တံတားမှ စက်လှေပေါ်ခုန်ချ၍ စက်လှေပေါ်မှ ရေထဲသို့ ဒိုင်ဗင်ထိုးကာ ခုန်ချလိုက်လေသည်။ ခွေးကူးလေးကူးပြီးနောက် အချိန်မလင့်ခင် ပြန်တက်လာခဲ့ရသည်။ အမှန်ဆို ရေထဲဆင်းပြီးရင် ပြန်ကိုမတက်ချင်တော့တာ။ မြို့တက်ရဦးမည်မဟုတ်လား။ မှောင်စလည်းပြုပြီမို့ သည်နေ့တော့ ရေသေ့စိတ်ဖြေကာ ရေစိမ်ခဲ့ရသည်။ 


အိမ်ထဲဝင်လာချိန် ဆိုလာနဲ့ချိတ်ထားသော မီးသီးကိုထွန်းထားသဖြင့် အပြင်ကထက်တော့ ပိုလင်းထိန်နေ၏။ ယခုမှ ထမင်းပွဲပြင်နေသည့် မလေးကိုလှမ်းတွေ့ရသဖြင့်... 


" မလေး... စောစောကဘယ်ရောက်နေတာလဲ၊ ကျုပ်ပြန်လာတော့ ဘယ်သူမှမတွေ့ဘူး " 


" သြော် စောစောက တို့စရာအတွက် ခြံနောက်မှာ မလေးရှောက်ရွက်တွေသွားခူးနေတာ၊ အစ်မကတော့ ရွာနောက်ပိုင်းသွားတယ် " 


" အစ်မက ထမင်းစားပြီးမှသွားတာလား " 


မျက်နှာသုတ်တဘက်နဲ့ ကိုယ်ကိုရေခြောက်အောင်သုတ်ရင်း အိမ်ရှေ့မှာထမင်းပွဲပြင်နေသည့် မလေးနားလျှောက်သွားကာ သူမေးလိုက်၏။ 


" အေး ဟုတ်တယ် "


လက်ထဲပါလာသည့် နို့နှစ်ရောင်ရှပ်လက်တိုအကျီကို ဝတ်လိုက်ပြီး ကြယ်သီးသေချာတပ်ကာ လက်ဆေးခွက်ထဲလက်နှိုက်ဆေး၍ ကြမ်းပြင်မှာဖင်ချထိုင်လိုက်သည်။ မလေးက သူ့အရပ်နဲ့ထမင်းစားပွဲမီအောင် သစ်သားခုံပုလေးနဲ့ ထိုင်ရသည်။ 


" မြို့တက်မလို့ဆို မိုးချုပ်နေပြီ၊ မနက်မှသွားပါလား " 


မလေးက သူ့ပန်းကန်ထဲ ဘဲဥချဥ်ရည်ဟင်းကိုခပ်ထည့်ပေးရင်း စိုးရိမ်ကြောင့်ကြမကင်း ပြောလိုက်သည်။


" မဖြစ်ဘူးမလေးရဲ့၊ ကျုပ် သွားမယ်သွားမယ်နဲ့ နေ့​ရွှေ့ညရွှေ့လုပ်လာတာများပြီ၊ သန်းအောင်တို့ကိုလည်း ဒီနေ့တော့ ကျုပ်ဆက်ဆက်လာခဲ့မယ်ပြောထားတာ "


" အပြန်ညနက်မှာစိုးလို့ပြောနေတာ၊ ဟိုတစ်ခါလို သန်းခေါင်သန်းလွဲ ဆိုင်ကယ်မောင်းပြီးပြန်မလာနဲ့နော်၊ အစ်မစိတ်ပူလိမ့်မယ် သွားမှာဆို ညသာအိပ်လိုက်၊ မနက်မှပြန်လာချည် " 


" ကိစ္စမြန်မြန်ပြတ်လို့ အချိန်မလင့်သေးရင်လည်း ပြန်လာတာပေါ့၊ မလေးသိပ်စိတ်မပူပါနဲ့၊ ကျုပ်ကလေးမဟုတ်တော့ပါဘူး " 


သူရဲ့ တစ်ဦးတည်းသောအစ်မဖြစ်သူ မလေးလို့ချစ်စနိုးခေါ်ရတဲ့ မငုဝါကို စိတ်ပြေရာပြေကြောင်းပြောရင်း ထမင်းဆက်စားလိုက်၏။ မလေးက ထမင်းလုတ်ပါးစပ်ထဲသွင်းဖို့လုပ်ပြီးမှ သတိရဟန်ဖြင့်... 


" ဒါနဲ့ စပါးတွေအခြေအနေရော " 


" နက်ဖြန်သန်ဘက် လယ်ထဲဆက်လှန်းလိုက်ဦးမယ်၊ ပြီးရင် ရွာထဲဂေါ်နဲ့သယ်လာပြီး ဆက်လှန်းဖို့ စီစဉ်ထားတယ် " 


" အင်းပါ စားများများစား " 


ထမင်းဖြူပေါ်  ငရုတ်သီးများများထည့်ထားသည့် ရေကြိုငါးပိရည်ပျစ်ပျစ်ကို နည်းနည်းဆမ်းလိုက်ပြီး ရှောက်ရွက်လေးမြှုပ်ကာ ပလုတ်ပလောင်းစားလိုက်၏။ သူက အသားဟင်းမပါရင်နေ ငါးပိရည်တို့စရာပါရုံနဲ့ မြိန်ရှက်စွာ စားနိုင်သည့်လူပင်။ အနည်းဆုံး နှစ်ပန်းကန်လောက်က အသာလေး။ 


စားသောက်ပြီး ပန်းကန်ဆေးကြောပြီးနောက် ဖလန်နယ်လက်ရှည်အကွက်စင်းမိုးပြာရောင်အကျီကို အပေါ်ကနေထပ်ဝတ်လိုက်၏။ နောက် အိမ်တံခါးမကြီးရဲ့ဘေး ရေအိုးစင်မှာ ရေတစ်ဝက်ခပ်သောက်ရင်း ပန်းကန်းတွေသိမ်းနေသည့် အစ်မဖြစ်သူကို လှမ်းအော်ပြောလိုက်သည်။ 


" ကျုပ်သွားပြီနော်မလေး... အစ်မကို မလေးပဲ အကျိုးအကြောင်းပြောလိုက်တော့ " 


" ဂရုစိုက်သွား ငါ့မောင်ရေ... " 


ကွပ်ပျစ်အောက်မှာ သိမ်းထားသည့် စက်ပစ္စည်းပြင်ကိရိယာတန်ဆာပလာအထုပ်ကို ဆွဲထုတ်ကာ ဂုံးအောက်မှာထားသော ဆိုင်ကယ်ခြင်းထဲထည့်လိုက်ရင်း ဆိုင်ကယ်ကို ခြံပြင်သို့ထုတ်လိုက်၏။ ပြီးနောက် ဆိုင်ကယ်စက်နိုးကာ ဂီယာနံပါတ်တစ်ထိုး၍ စထွက်ပြီးနောက် နှစ် သုံး လေး ချိန်းလိုက်သည်။ 


ရှေးယခင်က မြေလမ်းဖြစ်ခဲ့သော သူတို့ရွာလမ်းမကြီးသည် ယခုတော့ ကွန်ကရစ်လမ်းဖြစ်နေပြီ။ လကလည်း ထိန်ထိန်သာ၏။ အစိုးရမီးမရသေးသော်လည်း ရွာကအိမ်တိုင်းနီးပါး ဆိုလာနဲ့ အင်ဗာတာနဲ့ပင်။ ရွာကမထွက်မီ လမ်းမှာ ဘကြီးအောင်နဲ့ဆုံ၏။ ဘကြီးအောင်က သူ့ဆိုင်ကယ်သံကို မှတ်မိပုံရပြီး လူကိုသေချာမမြင်ရသေးခင်မှာ လှမ်း၍နှုတ်ဆက်လေသည်။ 


" ကျုပ်ကောင်ကြီး မြို့တက်မလို့နဲ့တူတယ်ဟေ့ " 


" ဟုတ်ပါ့ဗျာ ရေတင်စက်တစ်လုံးပျက်လို့ ကျုပ်ကိုလှမ်းခေါ်တာကြာပြီ ခုမှပဲ သွားရတော့တယ် ဘကြီးအောင်ရေ... နို့ ဘကြီးအောင် ရွာနောက်ပိုင်းက ပြန်လာတာလား "


" မှန်သဗျ " 


" ဘာမှာဦးမလဲဗျ " 


" သိပ်များများစားစားမဟုတ်ပါဘူး ဖြစ်နိုင်ရင်ပေါ့ကွာ၊ မြို့က ငယ်ငယ်ချောချောအမျိုးသမီးတစ်ယောက်လောက် မောင်ရင်နိုင်ရင် ဆိုင်ကယ်ပေါ်တင်ခေါ်ခဲ့စမ်းပါကွာ၊ လူလွတ်ဆိုပိုသဘောကျ "


" ဘကြီးအောင်ကဗျာ ကျုပ်အကောင်းမှတ်လို့ သွားပြီဗျို့ " 


ဆိုင်ကယ်စက်ပြန်နိုးပြီး မောင်းထွက်တော့ ဘကြီးအောင်က နောက်ကနေ လှမ်းအော်သေးတာ...။ 


" ခုခေတ်မှာ သူခိုးဓားပြတွေရန်ကပဲ ကြောက်ရတာမဟုတ်ဘူး ငါ့ကောင်ရေ မိန်းမလှလေးတွေရန်ကလည်း ကြောက်ရတယ်၊ ကြည့်ရှောင်ဟေ့ " 


သူ ရယ်မိသည်။ အဲဒါ လူပျိုကြီး ဘကြီးအောင်မြတ်ပဲလေ။ ဘယ်သူမှတ်လို့လဲ။ ဆက်မောင်းသွားရာ ဆက်သွယ်ရေးတာထိပ်မှာ ကိုဖိုးလူနဲ့ ဆုံပြန်ပါရော။ ဒီနေ့အဖို့ သူမြို့ရောက်ပါဦးမလား။ 


" ဟော ညကြီးမိုးချုပ် မြို့တက်မလို့လား ငါ့ကောင် " 


" ဟုတ်တယ်ကိုဖိုးလူ ကျုပ်စက်ပြင်သွားမလို့ " 


" လယ်ငါးရာခွင်တောင်ရှိတာကွာ မိသားစုသုံးယောက်ထဲ တခြားအလုပ်မလုပ်ဘဲ ထိုင်စားလို့ရတယ်၊ အပင်ပန်းခံစက်ပြင်စရာလိုသေးလို့လားကွ၊ ကျုပ်တို့လို လယ်မပိုင်ယာမပိုင်လူတွေ လုပ်ဖို့လည်းထားပါဦး " 


" စက်ပြင်တာ ကျုပ်ဝါသနာလေဗျာ ကိုဖိုးထူးခင်ဗျားလည်းသိသားနဲ့၊ ပစ္စည်းဥစ္စာဆိုတာ မမြဲပေမယ့် ဘယ်သူမဆို လုပ်နိုင်ကိုင်နိုင်တုန်း ရှာဖွေထားမှ၊ ကဲ အချိန်မလင့်ခင် ကျုပ်သွားပြီ " 


" မနက်မှတွေ့မယ်ဟေ့ " 


ထို့နောက် သူ သထုံမြို့ပေါ်တက်လာခဲ့သည်။ သူတို့ရွာကနေ သထုံမြို့ကို နှစ်နာရီကျော်လောက် မောင်းရသည်။ သထုံကနေ ပဲခူးသွားမယ်ဆို ဆိုင်ကယ်နဲ့ သုံးနာရီနီးပါးမောင်းရ၏။ ညဘက် လသာသာမှာ သီချင်းလေးညည်းရင်း တစ်ယောက်ထဲ ဆိုင်ကယ်မောင်းရတာ သူအနှစ်သက်ဆုံး အလုပ်တစ်ခုပင်။ 


°°°°°°°°° 


စက်ပြင်ပြီးချိန်က ၉ နာရီဝန်းကျင်လောက်မို့ သန်းအောင်တို့ သူ့ကိုအတန်တန်ဆွဲထားသည့်ကြားက အစ်မတို့မိန်းမသားနှစ်ယောက်ထဲကျန်ခဲ့တာမို့ စိတ်ပူတာကြောင့် ညတွင်းချင်း ရွာသို့ ပြန်မောင်းလာခဲ့သည်။ သန်းအောင်ရဲ့အိမ်က သထုံမြို့ဖျားမှာမို့  မြို့ထဲအရင်ဝင်ရသည်။ အချိန်က မစောတော့တာမို့ လမ်းမှာ ကိုယ်ပိုင်ကားနဲ့ တက်စီကားတချို့သာ အတော်ကြာမှ တွေ့ရ၏။ မြို့ထဲကအဖြတ် black spot နေရာများ၌ သတိထား၍ ဆိုင်ကယ်ကို ဖြည်းဖြည်းမောင်းရသည်။ 


" ကယ် ကယ်ကြပါ ဟင့် မ လုပ်ပါနဲ့ "


အဝေးတစ်နေရာ ချောင်ကျသောနေရာ၌ရပ်ထားသည့် ကားတစ်စီးမှ ထွက်ကျလာသော မိန်းကလေးတစ်ဦး၏ အကူအညီတောင်းသံ။ နားကြားများလွဲတာလား။ ဒါမျိုးတွေ ဖြစ်တတ်ပါတယ်လေ။ သူ့စိတ်ထဲ မသိုးမသန့်ဖြစ်သွားရင်း ပုံမှန်အတိုင်းဆက်မောင်းလာရာ ထိုကားနဲ့ နီးကပ်လာ၏။ 


" ဟင့်အင်း... လွှတ်ပေးပါ " 


ပို၍နီးကပ်လာမှုကြောင့် အသံက ရှင်းလင်းစွာ ထွက်ပေါ်လာသည်။ ထိုကားထဲကပင်။ အို ဘာဖြစ်ဖြစ် ကိုယ်နဲ့မှမဆိုင်တာ။ သူများကိစ္စ ဝင်မပါတာကောင်းပါတယ်။ အလိုတူမှန်းမသိ မတူမှန်းမသိ။ 


" ကယ်ကြပါ.... " 


တက်စီကား အဖြူရောင်ကို သူဖြတ်မောင်းချိန် အသံက ထွက်လာပြန်သည်။ သည်တစ်ခါ ဘယ်လိုမှ မသိကျိုးကျွံ မမြင်ယောင်မဆောင်နိုင်တော့။ ဖြစ်ချင်ရာဖြစ်ကွာ...။ 


" ဟိတ် " 


အနည်းငယ် ရှိန်သွားမလားဆိုတဲ့စိတ်နဲ့ မာန်ပါပါအသံလေးဟစ်၍ ဆိုင်ကယ်ဒေါက်ထောက်ကာ ထိုကားဆီ သူပြေးသွားမိ၏။ အနောက်တံခါးကဖွင့်ထားပြီး ယောကျာ်းတစ်ယောက်က ထိုကားထဲကိုယ်တစ်ပိုင်းဝင်နေပြီး သူ့အသံကြောင့် ထိတ်ထိတ်ပျာပျာဖြစ်သွားဟန် အပြင်ထွက်လာ၏။ 


" တစ်ခုခုဖြစ်နေတယ်မလား "


မေးလည်းမေး ကားထဲလည်းလှမ်းကြည့်တော့ မိန်းကလေးတစ်ယောက် ပတ်လက်ကလေး။ 


" မဖြစ်ပါဘူး ကိုယ့်လမ်းကိုယ်သွား " 


ထိုလူက ကားထဲမှမိန်းကလေးကို သူမမြင်အောင် ခန္ဓာကိုယ်နဲ့ကွယ်ပြီး စိတ်မရှည်စွာ ပြီးစလွယ် မြန်မြန်ပြောသည်။ 


" ကူညီပါ... "


မိန်းကလေးရဲ့ အားဖျော့တိုးလျသောအသံကို သူကောင်းစွာ ကြားလိုက်ရ၏။ ထိုလူ့ကိုကြည့်လိုက်တော့ ခေါင်းနပန်းကြီးသွားသည့်ပုံပင်။ လှုပ်လှုပ်ရှားရှားဖြင့် တံတွေးမြိုချပြီး... 


" နေမကောင်းလို့ပါ " 


ဟု ပြောရင်း ထိုလူက ကားရှေ့ခန်းတံခါးကို ဆွဲဖွင့်ပြီး အထဲဝင်ဖို့ပြင်စဥ် သူကလည်း မဆိုင်းမတွပင် ကားနောက်ခန်းတံခါးကို ဆွဲဖွင့်ကြည့်လိုက်လျင်...


" ဟာ " 


နွမ်းဖက်ဖြူဖျော့နေသောပုံစံဖြင့် မိန်းကလေးတစ်ဦးက ကားပြင်သို့ ယိုင်တိယိုင်တိုင် ထွက်လာရာ သူလှမ်းဆွဲထားလိုက်၏။ 


" ခင်ဗျား ဘယ်လိုဖြစ်တာလဲ "


" သူ သူ ကျွန်မကို... "


ဟု ပြောနေရင်း မိန်းကလေးက သူ့လက်ပေါ် ပျော့ခွေလဲကျသွားပါတော့သည်။ ကားသမားကို သူလှမ်းကြည့်ချိန် ထိုလူက အောက်တောင်ဆင်းမကြည့်ဘဲ လျင်မြန်စွာ မောင်းထွက်သွားတော့သည်။ 


" ဟိတ် ဒီမှာ ဒီမှာ ကျုပ်ခေါ်တာကြားလား " 


ရင်ခွင်ထဲက မိန်းကလေးရဲ့မေးစေ့ကို ဆွဲယူလှုပ်ယမ်းရင်း သူမေးလိုက်သည်။ သူမကိုယ်လေးက အေးစက်နေသည်။ မျက်နှာပေါ်အုပ်နေသည့် ဆံပင်တွေကို ဖယ်ရှားရင်း အနောက်သို့သပ်တင်ပေးလိုက်တော့ ....


" ဟာ သွေးတွေပါလား " 


သူမဆံပင်နဲ့ထိလိုက်မိသည့် သူ့လက်မှာ သွေးတွေပေသွား၏။ ထိုအခိုက် သူမနားထင်နားက သွေးတွေစီးကျလာသောအခါ ' ဘုရား ' ဟု တလိုက်မိတော့သည်။ သည်တစ်ခါ ခေါင်းနပန်းကြီးရသူက ကယ်တင်ရှင်သူပင်။ ဘယ်လိုလုပ်ရမလဲ။ ဒီအတိုင်းထားခဲ့လို့ သွေးထွက်လွန်သွားရင်ဖြင့်။ သူ့အဖြစ်က ထိုင်နေတုန်းကအကောင်း ထသွားမှကျိုးမှန်းသိ ဆိုသလိုဖြစ်နေပြီထင်ပါရဲ့။ 


ဆေးခန်းပို့ရမလား ဆေးရုံပို့ရမလား ဝေခွဲမရဖြစ်နေပေမယ့် နောက်ဆုံး ဆေးရုံသို့သာ ဆိုင်ကယ်နဲ့ခေါ်လာခဲ့သည်။ သူ့အပေါ်အကျီချွတ်ပြီး သူမကိုအနောက်ကထားကာ ပြုတ်မကျအောင် သူ့ကိုယ်နဲ့သူမကို အကျီဖြင့် သိုင်းပတ်ကာ ခေါ်လာခဲ့ရခြင်းသာ။ ဆေးရုံခေါ်သွားရင် စစ်လားမြန်းလားဖြစ်မှာသိပေမယ့် သူမက သတိလစ်နေတာမို့ များများမစဥ်းစားနိုင်ပါ။ 


" လူနာဘာဖြစ်တာလဲ " 


" ဟို ချော်လဲပြီး အုတ်ခုံနဲ့ခေါင်းနဲ့ဆောင့်မိတာပါဆရာမ၊ ကြည့်ပေးပါဦး "


" ရိုးရိုး accident ဆိုတာ သေချာလား၊ လူနာနဲ့ဘာတော်သလဲ " 


" ကျုပ်ညီမဝမ်းကွဲပါ မတော်တဆဖြစ်တာပါ " 


" ကောင်းပြီ ထိုင်စောင့်နေ " 


ထိုင်စောင့်နေတဲ့။ သူကတော့ မီးခဲဖင်ခုထိုင်ထားသလို အပူတပြင်းဖြစ်နေ၏။ ကိုယ်နဲ့လည်း ဘာမှမသက်ဆိုင်ဘဲ ဘယ်လိုကုသိုလ်ပဋ္ဌာန်းစက်ကြောင့် ဒီလိုမျိုးလာဆုံရသလဲ။ ခင်ဗျားအဖြစ်ကလည်း ဆိုးလှပါတကား မိန်းကလေးရယ်။ 


ဆရာဝန်တွေက မိန်းကလေးရဲ့ခေါင်းကို ဓာတ်မှန်ရိုက်ခိုင်းပြီး အနာကိုဆေးကြောသုတ်သင်ကာ သွေးနှစ်ပုလင်းသွင်း၏။ လူနာမှတ်တမ်းတွင် လူနာရှင်အဖြစ် သူလက်မှတ်ထိုးပေးလိုက်ရပြီး လေးချက်ချုပ်လိုက်ရသည်တဲ့။ ယခုထိ သတိလည်မလာသေး။ ဖြူဖပ်နေတဲ့ သနားစရာမျက်နှာလေးနဲ့ ဒီမိန်းကလေး ဘာတွေကြုံခဲ့ပါလိမ့်။ သူမ သတိပြန်ရမှ သူလည်းအိမ်ပြန်ရမည်မို့ ထိုင်သာစောင့်နေလိုက်၏။ ထိုအချိန်အတွင်း မလေးကို သူပြန်မလာနိုင်ကြောင်း ဖုန်းဆက်အကြောင်းကြားလိုက်သည်။ 


' လူ့အသက်တစ်ချောင်း ကယ်ကောင်းပါတယ်လေ။ ကုသိုလ်ဆိုတာ ယူတတ်ဖို့ပဲလိုတာပါ ' ဟု စိတ်ကောင်းလေးကို မွေးမြူလိုက်ရသည်။


°°°°°°°°°°°°°°°°°°° 


မနက်လင်းအားကြီးမှာ ထိုမိန်းကလေးက ကတုန်ကယင်ဖြင့် လန့်နိုးလာသည်။ သူလည်း တစ်ရေးနိုးချိန် ဖြစ်၏။ 


" ခင်ဗျားသတိရပြီလား " 


နိုးနိုးချင်း သူစိမ်းတစ်ယောက်၏မျက်နှာနဲ့ ဆေးရုံတစ်ခု၏ အငွေ့အသက်ကို သူမဦးစွာရလိုက်သည်။ ဘယ်လိုရောက်လာတာလဲ မမှတ်မိချေ။ သူမ နောက်ဆုံးမှတ်မိသည်က...


" ကား ကားသမားရော " 


" ထွက်ပြေးသွားပြီ " 


ရင်ဘက်ကို လက်ကလေးဖြင့် အသာဖိရင်း အသက်ငွေ့ငွေ့ချလိုက်မိသည်။ ဒါဆို သူက သူမကို ဆေးရုံခေါ်လာတာပေါ့။ 


" ရှင် ရှင်က ကျွန်မကို ဆေးရုံခေါ်လာတာလားဟင် " 


" ဟုတ်တယ် ခင်ဗျားသတိရလာပြီဆိုတော့ ကျုပ်ပြန်တော့မယ်၊ ခင်ဗျားဘယ်မှာနေတာလဲ ခင်ဗျားအုပ်ထိန်းသူကို ကျုပ်အကြောင်းကြားပေးမယ် " 


" ရှင် " 


ရိုးရိုးမေးခွန်းလေးတစ်ခုကို ထိုမိန်းကလေးက သူ့အား အံ့အားသင့်စွာ အကြောင်သားငေးကြည့်နေ၏။ သူ မျက်မှောင်ကြုတ်လိုက်သည်။ 


" မသိဘူး " 


" ဘယ်လို " 


" ကျွန်မမသိဘူး " 


" ဘာကိုမသိတာလဲ၊ ခင်ဗျား နာမည် လိပ်စာ ပြောလေ " 


" ဟင့်အင်း ကျွန်မမမှတ်မိဘူး " 


ခေါင်းတစ်ခုလုံး ထိုးကိုက်ကာ ဘာမှစဥ်းစားမရဘဲ မူးနောက်လာသဖြင့် လက်နှစ်ဖက်ဖြင့် ခေါင်းကိုဖိကိုင်ထားရင်း အသားစိုင်တွေ တုန်ရီနေကာ ရင်ထဲမှာတလှပ်လှပ်နဲ့ ခံစားရခက်နေသည်။ ထိုမြင်ကွင်းကြောင့် သူလည်း ဘာမှဆက်မမေးနိုင်တော့ဘဲ ဆရာဝန်ပြေးခေါ်လိုက်ရ၏။ 


" အခုဘယ်လိုခံစားနေရလဲ၊ ခေါင်းမူးခေါင်းကိုက်ဖြစ်လား အန်ချင်လား " 


" အန်တော့မအန်ချင်ပါဘူးဆရာ ခေါင်းတော့နည်းနည်းမူးတယ် ပြီးတော့ ဘာမှစဥ်းစားလို့မရဘူး " 


" ခေါင်းထိထားတဲ့သူ ၃၀ ရာခိုင်နှုန်းလောက်က ယခုလို လက္ခဏာတွေကြုံရတတ်ပါတယ်၊ တချို့က ရက်ပိုင်းလောက်ဖြစ်တတ်တယ် တချို့ကျ လပိုင်း အခိုက်အတန့်တစ်ခုလောက်ကြာသွားတတ်ကြတယ်၊ ဓာတ်မှန်အ​ဖြေကတော့ ကောင်းပါတယ်၊ မမှတ်မိတာကို အရမ်းကြိီးမစဥ်းစားပါနဲ့ ဆရာတို့စောင့်ကြည့်တာပေါ့ " 


" ဟုတ်ကဲ့ပါ "


မျက်နှာညှိုးငယ်စွာဖြင့် ခေါင်းလေးငုံ့ကာ မျှော်လင့်ချက်မဲ့လျက် စိတ်ဓာတ်ကျလုလုဖြစ်နေကာ လမ်းပျောက်နေသည်။ သူမ ဘယ်သူလဲ။ ဘယ်ကလာလဲ။ ဘယ်ကိုပြန်သွားရမလဲ။ 


" ခင်ဗျားအခုဘာတွေမှတ်မိလဲ၊ ကျုပ် ခင်ဗျားကို ကားသမားလက်ထဲက ကယ်လာခဲ့တာ၊ ခင်ဗျားနဲ့ ကားသမားနဲ့ဘယ်လိုပတ်သက်လဲ အဲဒါကိုရော ခင်ဗျားမှတ်မိလား " 


သူမ ခေါင်းလေးမော့လာပြီး ရှေ့ကသူ့ကို မျက်လုံးလေးတွေ မှေးစင်းလျက် တွေကြည့်နေမိသည်။


" ကျွန်မ ကျွန်မမှတ်မိတာဆိုလို့ ကားလမ်းမဘေးတစ်နေရာက ချုံပုတ်တွေကြားထဲမှာ သတိလစ်နေခဲ့တာ၊ နိုးလာတဲ့အချိန်မှာ ကျွန်မခေါင်းကအရမ်းနာလို့ လက်နဲ့စမ်းမိမှ သွေးတွေထွက်နေမှန်းသိတာ ဘယ်လိုဒဏ်ရာရတာလဲ ကျွန်မမသိဘူး၊ အနားမှာ ဘယ်သူမှမရှိဘူး အကူအညီတောင်းဖို့ ဖြတ်သွားဖြတ်လာကားတွေကို တားပြီးအကူအညီတောင်းပေမယ့် ဘယ်သူမှမရပ်ပေးကြဘူး၊ တချို့ကားက ရပ်ပေမယ့် ကျွန်မကို သရဲတစ္ဆေမှတ်ပြီး ကြောက်လန့်ပြီး မောင်းထွက်သွားကြတာ၊ တချို့ကလည်း ဘာကြောင့်လည်းမသိပါဘူး မရပ်ပေးဘူးလေ၊ ကျွန်မလည်း ခြေဦးတည့်ရာလျှောက်သွားရင်း ဟိုကားသမားနဲ့တွေ့တာပဲ သူက ဆေးရုံပို့ပေးမယ်ဆိုပြီး ကျွန်မကို လိမ်ခေါ်သွားခဲ့တာ မှောင်ရိပ်ကွယ်တဲ့နေရာရောက်တော့ မဖွယ်မရာပြုဖို့ ကြံတော့တာပဲ၊ ရှင်ရောက်လာပေလို့သာပေါ့၊ မဟုတ်ရင် မဟုတ်ရင် ကျွန်မဘဝတော့ " 


" ဟုတ်ပါပြီ ဟုတ်ပါပြီ ကျုပ်ကူညီလိုက်တာမှန်သွားတာပေါ့၊ အဓိကအကြောင်းက ကျုပ် အခုအိမ်ပြန်မှဖြစ်မယ် " 


" ရှင်! ကျွန်မကိုထားခဲ့မှာလားဟင် " 


" ခင်ဗျားနဲ့ကျုပ်က ဘာမှမှမပတ်သက်ဘဲဗျ၊ ကျုပ်မှာအလုပ်တွေရှိသေးတယ်၊ အစက ခင်ဗျားသတိရလာရင် ခင်ဗျားမိသားစုကို အကြောင်းကြားပြီး ကျုပ်ပြန်မယ်ပေါ့ဗျာ ဟင်း ခုတော့ "


မိန်းကလေးက ခိုကိုးရာမဲ့သော အသွင်ပြင်ဖြင့် သူ့ကို အသနားခံသလို ကြည့်လာရင်း... 


" ကျွန်မ ဘယ်ကိုသွားရမှန်းမသိပါဘူး၊ ဘာမှလည်းမမှတ်မိဘူး စဥ်းစားလို့လည်းမရဘူး 

ကျွန်မတောင်းပန်ပါတယ်၊ ကျွန်မကို မထားခဲ့ပါနဲ့နော် "


" ဟာဗျာ ခင်ဗျားကို ကျုပ်အိမ်ခေါ်သွားလို့မဖြစ်ဘူး " 


" ရှင်က တစ်ယောက်ထဲနေတာမို့လား " 


" မဟုတ်ပါဘူး စုစုပေါင်းသုံးယောက်၊ ကျုပ်က ကျုပ်အမေ ကျုပ်အစ်မနဲ့ တူတူနေတာ " 


မိမိအဖြစ်ကိုမိမိပြန်တွေးမိရင်း စိတ်မကောင်းဖြစ်သွားသည်။ ဘယ်သူ့အဖေခေါ်ရမှန်းမသိ အမေခေါ်ရမှန်းမသိ ယုတ်စွအဆုံး မိမိနာမည်တောင်မသိ။ တွေးရင်းက မျက်ရည်လေးတွေ ရစ်ဝဲလာလျက်... 


" ရပါတယ် ကျွန်မရှင့်ကို ဒုက္ခမပေးချင်ပါဘူး၊ ရှင်ပြန်ချင်ပြန်နိုင်ပါတယ် " 


" ကျုပ်က လူပျိုလေးဗျ " 


" ရှင်! "


သူ့စကားကြောင့် ငိုချင်စိတ်ပျောက်ကာ ရုတ်တရက် ရယ်ရမလိုလိုဖြစ်သွားရင်း နားမလည်ဟန် သူမ အာမေဋိတ်သံပြုမိ၏။ 


" ကျုပ်စကားအဓိပ္ပာယ်က ခင်ဗျားဂုဏ်သိက္ခာကို စော်ကားတာမဟုတ်ဘူးနော်၊ ကျုပ်ကလူပျိုဆိုတော့ ခင်ဗျားကို ကျုပ်အိမ်ခေါ်သွားရင် ပတ်ဝန်းကျင်က အထင်မြင်လွဲနိုင်တယ်မို့လား ခင်ဗျားထိခိုက်မှာစိုးလို့ အဲဒါပါ " 


" ရှင်ပြောတာလည်းဟုတ်ပါတယ်၊ ကျွန်မကံပေါ့ ဆရာဝန်ပြောသလို ရက်ပိုင်းလောက်မေ့နေတာလည်း ဖြစ်နိုင်တာပဲ၊ ကျွန်မကိုထားခဲ့ပါ ရှင်စိတ်​ဖြောင့်ဖြောင့်နဲ့ပြန်နော် " 


ခုတင်ပေါ်အသာပြန်လဲလိုက်ရင်း စောင်ကို ရင်ဘက်နားထိရောက်အောင် ဆွဲယူခြုံထားလိုက်၏။ သူ့ကိုငဲ့ကြည့်နေသော သူမမျက်လုံးများကတော့ မျှော်လင့်ချက်အပြည့်ဖြင့်။ သူလည်း မပြန်လို့မဖြစ်တာမို့ သူမကို ထားခဲ့လိုက်သည်။ ဆေးဖိုးဝါးခကုန်ကျစရိတ်တွေကိုတော့ reception မှာ ရှင်းပေးခဲ့၏။ 


အကယ်၍ ဆေးရုံဆင်းတဲ့အထိ သူမဘာမှပြန်မမှတ်မိရင် ဘယ်လိုလုပ်မလဲ။ သူဆေးဖိုးပဲပေးခဲ့တာ ထမင်းဟင်းကျ သူမဘယ်လိုစားမလဲ။ နောက် အဝတ်စားတွေကလည်း မနေ့ကဝတ်ထားတာတွေ။ ဟာ... ။ တွေးမနေစမ်းပါနဲ့။ သတ္တဝါတစ်ခု ကံတစ်ခုပဲလေ။ 

မတော်တရော်နဲ့တွေ့သွားရင်ရော...။ ကျစ် ခြေဦးက ရှေ့လှည့်နေပေမယ့် စိတ်ကတော့ နောက်ကြောင်းပြန်နေ၏။ ပေါက်တဲ့နဖူး ခုမှ မထူးတော့ပါဘူးလေ။ ပို့မယ့်ပို့ ကူတို့ရောက်အောင်ပို့ရမှာပေါ့။ 


သူမရှိရာ ပြန်လှည့်လာခဲ့ချိန် လူနာခုတင်မှာ သူမကိုမတွေ့တော့ချေ။ ခဏအတွင်း ဘယ်ရောက်သွားပါလိမ့်။ ဘေးခုတင်တွေကို မေးကြည့်တော့လည်း မသိလိုက်ဘူး မတွေ့ဘူးလို့ ဘူးခါ၏။ ဆရာမတွေသွားမေးတော့ သူတို့လည်း မတွေ့ဘူးဟုဆိုသည်။ 


" ရှင်ပြန်မလို့ဆို " 


သူမခုတင်ရှိရာ နောက်တစ်ခေါက်သွားကြည့်တော့မှ ခုတင်စွန်းမှာ ထိုင်နေသောသူမက တအံ့တသြနဲ့ သူ့အား လှမ်းမေးသည်။ သူက သူမမေးခွန်းကို မဖြေအားသေး။ 


" ခင်ဗျား စောနက ဘယ်သွားတာလဲ " 


" မျက်နှာသွားသစ်တာ ဘာဖြစ်လို့လဲဟင် "


အနားလျှောက်သွားပြီး လည်တိုင်ကို လက်ဖြင့်ပွတ်လျက် နှုတ်ခမ်းတွေကို လျှာနဲ့တစ်ချက်သပ်လိုက်ရင်း သူမမျက်နှာကိုကြည့်၍...


" ခင်ဗျားဆန္ဒရှိရင် ကျုပ်နဲ့အတူလိုက်လို့ရတယ် ကျုပ်ကိုယုံတယ်ဆိုရင်ပြောပါတယ် "


စိန်ပွင့်လေးတွေလိုလက်နေပြီး ပုလဲတွေလိုကြည်လင်အေးမြနေတဲ့ မျက်လုံးတစ်စုံက သူ့အား ခေတ္တခဏ စိုက်ကြည့်ရင်း သွေးရောင်လွှမ်းစပြုသည့် နှုတ်ခမ်းပါးလေးက ခပ်သဲ့သဲ့လေးပြုံးလိုက်ပြီးမှ ခေါင်းကို တစ်ချက် ဆတ်ခနဲ ညိတ်ပြလာ၏။ သူလည်း ပြန်ပြုံးပြလိုက်သည်။ အပြုံးတွေက ထပ်တူညီဟန်ရှိ၏။ 


°°°°°°°°°°°°°°° 


ဆရာဝန်တွေက ဆေးရုံမှာတစ်ညထပ်အိပ်ကာ သူမအခြေအနေ စောင့်ကြည့်ချင်သေးပေမယ့် ကိုယ့်သဘောဆန္ဒနဲ့ကိုယ် ဆေးရုံကနေ ဆင်းလာခဲ့ကြ၏။ သူမကိုယ်မှာဝတ်ထားသည့် ဂါဝန်ကညစ်ပတ်နံစော်နေတာမို့ သူမအတွက် လုံချည်နဲ့ရင်ဖုံးဝယ်ပေးလိုက်ရသည်။ ဦးထုပ်တစ်လုံးပါဝယ်၍ ခေါင်းကပတ်တီးမမြင်စေရန် ဆောင်းခိုင်းထားလိုက်၏။ 


" ကျွန်မကိုခေါ်လာတာ အဆင်ပြေရဲ့လား၊ ရှင့်အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ပါဘူးနော် ရှင့်အိမ်ကရော ကျွန်မကိုလက်ခံပါ့မလားဟင်၊ အားမနာပါနဲ့ ကျွန်မကို ဒီမှာထားခဲ့လည်းရပါတယ် " 


" ခုမှတော့ ဖြစ်အောင်လုပ်ရမှာပေါ့၊ ခင်ဗျားခေါင်းတွေဘာတွေမူးပြီး ပြုတ်မကျအောင် ကျုပ်ပခုံးကိုသေချာကိုင်ထား သိပ်မမောင်းရပါဘူး ကျုပ်ရွာကိုရောက်တော့မှာ " 


ခပ်ဖြည်းဖြည်းမောင်းတာဖြစ်သော်လည်း အန္တရာယ်ကြိုကာကွယ်သည့်အနေဖြင့် သူ့ပခုံးကိုကိုင်ခိုင်းခြင်းသာဖြစ်သည်။ ရှေ့နားဆို သူ့ရွာကိုရောက်တော့မှာမို့ ဖြစ်လာနိုင်သည့်ကိစ္စမှန်သမျှ ကြိုတွေးနေမိသည်။ ရွာနာမည်ဆိုင်းဘုတ်ကိုကျော်လာခဲ့၍ တာထိပ်ကနေ ရွာထိထဲ ၁၅ မိနစ်နီးပါး မောင်းဝင်ရသေးသည်။ ရွာထဲစဝင်သည်နှင့်... 


" ပြန်လာပြီလားငါ့ကောင်ကြီး၊ နောက်မှာလည်း မိန်းကလေးချောချောနဲ့ပါလားကွ " 


ကျောင်းစောင့်ဦးပေကြီးက ကျောင်းဝင်းထဲက လှမ်းအော်ပြောခြင်းပင်။ 


" ဟာ ကျုပ်ပြောတဲ့အတိုင်း ဆိုင်ကယ်နောက်တင်ခေါ်လာတာပဲဟ " 


ဒါကတော့ အိမ်ရှေ့မှာ ထွက်ရပ်နေသည့် ဘကြီးအောင်ရဲ့ စကားသံကျယ်ကျယ်ပေါ့။ 


" ကျုပ်သူငယ်ချင်းတော့ စွံပြီထင်တယ်ဟေ့၊ ဘယ်ကဘယ်လို မိန်းကလေးတွေ့သွားလဲမသိဘူး ကောင်းသဗျာ " 


ကျောင်းနေဖက်သူငယ်ချင်း ဖိုးမောင်က လမ်းမှာတွေ့၍ မျက်စနဲ့ ပြောခြင်းသာ။ ထိုသူတွေကို ဖြေရှင်းနေရရင် သူအိမ်ပြန်ရောက်မည်မဟုတ်တော့။ သူ့အိမ်က ရွာလယ်မှာရှိတာပင်။ ရွာလယ်မှာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းလည်းရှိ၏။ 


ဂုံးအောက်မှာ ဆိုင်ကယ်ထိုး၍ သူတို့အိမ်ပေါ်တက်လာတော့ ငုဝါက အိမ်ပြင်ထွက်ကြို၏။ ကြည့်ရတာ ဘယ်မှမသွားဘဲ သူတို့အလာကို စောင့်နေပုံပင်။ သူခန့်မှန်းတာအမှန်ဆို မကြာခင် အိမ်နီးနားချင်းတွေလည်း သူတို့အိမ်ကို ရောက်လာကြတော့မည်။ ခုတောင် အိမ်ရှေ့မှ ဖိနပ်သံကြားရသလိုပင်။ 


" ငုဝါရေ... နင့်မောင်ပြန်လာတာ မိန်းကလေးတစ်ယောက်ပါပါလာတယ်ဆို " 


ခြေရင်းအိမ်က ဒေါ်ဘုတ်ဆုံကြီးအသံက စူးလို့။ အိမ်ထဲတောင်မဝင်ရသေး မျက်လုံးကအရင် ရှေ့ကြိုရောက်နေပြီ။ 


" ဧကန္တ မိန်းမခိုးလာတာများလား " 


ကိုဖိုးလူရဲ့မိန်းမ မခွာညိုကလည်း နောက်ကျမခံ ထမီစလေးမ၍ သူတို့အိမ်ထဲ ဝင်လာ၏။ ဘကြီးအောင်ရဲ့ညီမ ဒေါ်မူမူကလည်း မရှေးမနှောင်းပင် ရောက်လာသည်။ သူတို့အကြောင်းကြိုသိနေသည့် သူနဲ့ငုဝါကတော့ သူမကိုကြည့်ပြီး အားနာသွားရသည်။ သူမကလည်း ဘာပြောသာမှာလည်း ထိုင်ခုံမှာ ကျောက်ရုပ်လိုထိုင်ပြီး မျက်လုံးကတော့ ဟိုကြည့်သည်ကြည့်ပေါ့။ 


" ဘယ်ကသာဗျာ ခင်ဗျားတို့ပြောတာ တစ်ခုမှမဟုတ်ရပါဘူး၊ သူက အစ်မအမျိုးထဲကပဲ မြို့က ကျုပ်ပြန်တော့ သူလည်း ရွာကိုအလည်လိုက်ချင်တယ်ဆိုလို့ ခေါ်လာတာ၊ တစ်ခါမှမရောက်ဖူးလို့တဲ့လေ " 


သူပြောတာကို မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ အားလုံးက သူ့ကိုတစ်လှည့် သူမကိုတစ်လှည့် အကဲခတ်ကြည့်နေကြပြီး လူကဲခတ်တာတော်သည့် ဒေါ်ဘုတ်ဆုံက...


" ဟုတ်ရဲ့လားဟယ် မသပြေမှာ ဒီလိုချောချောလှလှအမျိုးရှိလို့လား၊ မသပြေရဲ့ အမျိုးအားလုံးနီးပါး ကျုပ်တွေ့ဖူးပါတယ်၊ သူ့မျက်နှာကိုတော့ မကြပ်မိဘူး၊ ရွာလည်းတစ်ခါမှမရောက်ဖူးဘူးဆိုတော့ ကျုပ်မယ် ယုံရခက်ခက်နော် " 


" မယုံလည်းနေဗျာ အစ်မကိုသာမေးကြည့်တော့ " 


" မသပြေဘယ်သွားလဲ ငုဝါ မတွေ့ပါလား " 


ဒေါ်မူမူ့အမေးကို ငုဝါက...


" အစ်မဘုန်းကြီးကျောင်းမှာ တရားသွားထိုင်တယ်လေ ဒေါ်မူရဲ့၊ နေ့တိုင်းပဲဥစ္စာ " 


" မေ့လို့တော်ရေ မေ့လို့ " 


" သူ့နာမည်က ဘယ်လိုခေါ်တုန်း၊ ဖြူဖပ်ဖြူလျော်ပေမယ့် ချောသားတော့ " 


မခွာညိုကလည်း မသိမသာစပ်စု၏။ သူတို့တွေ ရုတ်တရက် အငိုက်မိကုန်ကြသည်။ သူမနာမည်မှမသိဘဲကို။ ထိုအခိုက် အခြေအနေကိုရိပ်စားမိဟန်တူသော ငုဝါက ကြားဝင်လိုက်ရသည်။ 


" နောက်မှမေးတော့ ဒီမှာခရီးပန်းလာမှာပေါ့ ရေမိုးချိုး ထမင်းစားဖို့အဆင်သင့်ပဲ " 


" တို့တွေလည်းပြန်လိုက်ဦးမယ်တော် အလုပ်ရှိသေးတယ် " 


" ပြန်ဦးမယ် ဟင်းချင်တုန်းတန်းလန်းကြီးမို့ " 


နောက်ဆုံးတော့ အားလုံးကိုပထုတ်နိုင်ခဲ့သည်။ ငုဝါက ရေခပ်၍ သူမကိုတိုက်သည်။ 

အိုးထဲကမို့ အေးပါသည်။ ကိစ္စလည်းရှင်းပြီမို့ သူလည်း လုပ်စရာရှိတာလုပ်ရမည်။ 


" မလေး... ကျုပ်လယ်ထဲသွားလိုက်ဦးမယ်၊ သူ့ကို မလေးပဲကြည့်ထားလိုက်နော် "


" အေး အေး ထမင်းစားမသွားဘူးလား " 


" မစားတော့ဘူးဗျာ နေမမြင့်ခင်သွားမှ " 


" ဟို ကူညီခဲ့တာတွေအားလုံးအတွက် ကျွန်မရှင့်ကို ကျေးဇူးအများကြီးတင်ပါတယ်နော် ကို... "


သူမသွားခင်လေးအမိအရ ကျေးဇူးတင်ချင်တာမို့ မဆိုင်းမတွပြောလိုက်ပြီးမှ သူ့နာမည်မသိရသေးတာကို သူမသွားသတိရသည်။ 


" ဓူဝံ ကျုပ်နာမည် ဓူဝံ " 


" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကိုဓူဝံ " 


°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°🕊🕊


ဆက်ရန် >>>


#Ruby Linn


rate now: