book

Index 10

အပိုင်း(၁၀)

  • Author : Rudylinn
  • Genres : Romance, Drama, Action

မညိီမျှတဲ့ချစ်ခြင်း 🕊💔


" ဒီတစ်ပတ် JC မှာ ထိုင်းဟာသကားအသစ်ရုံတင်မှာ ငါလက်မှတ်နှစ်စောင် ဖြတ်လာလိုက်တယ်၊ date ကြမယ်လေ " 


" ဟဲ့ နင်တို့နှစ်ယောက်ထဲလား ငါ့အတွက်ပါတစ်စောင်ပိုဝယ်ခဲ့တာမဟုတ်ဘူး အကျင့်ပုတ် "


ခြွေက သူမအတွက်မပါဘဲ သူတို့ချစ်သူနှစ်ယောက်အတွက်ပဲ ဝယ်လာတယ်အထင်ဖြင့် သူငယ်ချင်းကိုစိတ်ကောက်ဟန်နှင့် နှုတ်ခမ်းဆူပြီး ပြောလိုက်၏။ 


" အဟား ဘယ်ကသာ လက်မှတ်နှစ်စောင်က နင်နဲ့ငါ့အတွက်လေ ခြွေရဲ့၊ date မယ်ဆိုတာ တို့သူငယ်ချင်းနှစ်ယောက်ကိုပြောတာ " 


" အဟုတ် " 


" အင်း အဟုတ် " 


" ဘာစိတ်ကူးတွေပေါက်သလဲမသိဘူးဟေ့ သူသူတစ်ယောက်ကတော့ အဟင်း " 


" လွတ်လပ်ရေးရတုန်း ငါ့သူငယ်ချင်းလေးကို အမှတ်တရတွေအပြည့်ဖြစ်သွားစေချင်ရုံပါကွာ၊ ငါနဲ့သွားလို့ မပျော်ရဘူးဆို ကြိုက်သလိုပြော " 


"Ok တွေ့ကြသေးတာပေါ့ " 


နေ့လည်ကျောင်းဆင်းချိန်မို့ main လမ်းမတစ်လျှောက် ကျောင်းသားကျောင်းသူများ ပခုံးချင်းတိုက်ကာ သွားလာနေကြသည်။ အထပ်ကန်တင်းနဲ့ အောက်ကန်တင်းမှာ နေရာအပြည့်ဖြစ်လောက်ရောပေါ့။ အပြင်စားသောက်ဆိုင်ရဲ့ နေရာလွတ်တစ်ခုကိုရှာပြီး ခြွေတို့ဝင်ထိုင်လိုက်သည်။ လူကျနေ၍ ခဏထိုင်နေခြင်းသာ။ စားစရာမှာလို့မရသေး။ 


" ဟဲ့ ဟဲ့ ဟိုမှာ ကျော်ဝေစိုးကြီးတော့၊ ငါတို့လို နေရာလွတ်ရှာရင်း ကျောင်းပြင်ရောက်လာတာဖြစ်မယ်ဟ " 


သူသူ့အပြောကြောင့် မှာတမ်းခြွေ ဆိုင်အပြင်ဘက်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ဟုတ်ပ ကျော်ဝေစိုးက ဆိုင်တွေ ဆိုင်တွေကို မျက်စိသူငယ်နဲ့ လိုက်ကြည့်နေတာပင်။ 


" ဝင်လာပြီ ဝင်လာပြီ မမြင်ချင်ယောင်ဆောင်နေနော်ခြွေ " 


စနောက်ချင်သဖြင့် သူသူက မမြင်ချင်ယောင်ဆောင်နေပြောလည်း အချည်းနှီးသာ။ သူမတို့ဝိုင်းဆီ စိုက်စိုက်မြိုက်မြိုက်ရောက်လာကာ သူက သူမဘေးခုံလွတ်တစ်ခုံမှာ ဝင်တောင်ထိုင်လိုက်သေးရဲ့။ 


" ငါထိုင်လိုက်ပြီနော် " 


" အေး ထိုင်ပြီးမှပြော " 


သူသူက ပတ်ခနဲ ပြောလိုက်တော့ သူကရယ်ရင်း... 


" ငါ့တွေ့တာတောင် လှမ်းမခေါ်ဘူးနော် ရတယ် ရတယ် "


" ငါတို့သူ့ကိုတွေ့လိုက်လို့လား ဟင် ခြွေ " 


ရစ်ထုပ်က ခြွေ့ဆီ လှည့်လာပြန်သည်။ ခြွေ့ဆီမှာတော့ ပုံကျမခံနိုင်ပေါင်။ သူ့ဆီပြန်ပစ်ရမည်။


" ပြောတတ်ဘူးလေ စောနကတော့ နင်ပဲ ဟိုမှာ ရှာပုံတော်မင်းသားကြီး... တွေ့သွားရင် တံဆိပ်ခတ်မှာစိုးလို့ မမြင်ချင်ယောင်ဆောင်ဆို "


" အမလေး ရှေ့နေခေါ်မှပဲ ဘူးပေါ်သလိုပေါ်တော့တာကိုး ငါ့နှယ်နော် " 


ခြွေရော ကျော်ဝေစိုးပါ ဟက်ဟက်ပက်ပက်ရယ်မိကြသည်။ ထိုအခိုက်တွင် စားပွဲထိုးကောင်လေးရောက်လာရာ မှာစရာရှိတာမှာလိုက်ကြသည်။ 


" ခြွေက အသုပ်နော် ရော့၊ ဒီမှာ လက်ဖက်ထမင်း ငါ့အတွက်က ထမင်းသုပ် ရပြီ ဆာနေတာ " 


သူသူက လာချပေးသည့် ပန်းကန်တွေကို လူမှန်နေရာမှန်ချပေးနေသည်။ သူတင်မဟုတ် ခြွေတို့လည်း ဗိုက်ဟောင်းလောင်းနဲ့မို့ ဆာနေပြီလေ။ စကားပြောတာရပ်ပြီး ခေါင်းငုံ့ကာ စားကြ၏။ 


" အား အစပ်ထိတယ်ဟေ့ အအေးတစ်ဗူးလောက်ဗျို့ " 


လျှာကို လက်တစ်ဖက်က ယက်ခပ်ရင်း ခြွေ လှမ်းအော်ပြောလိုက်သည်။ ထိုအခါ ဘေးနားက ကျော်ဝေစိုးက ကပျာကယာဖြင့်...


" ငါ့မှာရေပါတယ် ရေအရင်သောက်ထားလိုက် ခဏလေး "


သူ့အိတ်ကို အလျင်စလိုဖွင့်ပြီး လက်နှိုက်ကာရှာ၍ ပြန်ထုတ်တော့ ရေသန့်ဘူးလတ်တစ်ဘူးပါလာ၏။ အဖုံးကိုဖွင့်ပြီး သူမဆီ ကမ်းပေးသဖြင့် လှမ်းယူ၍ ဘူးဝကို နှုတ်ခမ်းနဲ့မထိဘဲ မော့သောက်လိုက်တော့သည်။ 


" ကျေးဇူး " 


" အဟမျး အဟမျး... "


သူသူက ဘာဖြစ်သည်မသိ ချောင်းဝင်ဟန့်၏။ လှည့်ကြည့်တော့ ပြုံးတုံ့တုံ့နဲ့။ ဘာလားပေါ့။ သူသူ့ကို ခြွေ တံတောင်နဲ့တွတ်လိုက်သည်။ သူငယ်ချင်းမရဲ့ အဓိပ္ပာယ်ပါပါအကြည့်တွေကို သူမသိသည်လေ။ 


" အတန်းက တစ်ချိန်ပဲကျန်တော့တာနော်၊ တစ်ခါတည်းဆက်ခေါ်လိုက်ပြီးရော ခုတော့ ၂ နာရီကျော်မှဆိုတော့ အိမ်တစ်ခေါက်ပြန်ဖို့ကလည်း အချိန်ကမလောက် " 


" အဲ့တော့ "


လိုရင်းမရောက်သည်မို့ သူသူ့စကားကို ခြွေ ဝင်ထောက်လိုက်သည်။ 


" ငါတို့ပန်းခြံထဲ သွားထိုင်ကြမယ်လေ၊ မရောက်တာလည်းကြာပြီ ကဲ သွားမလား " 


သူသူက သူ့ဆန္ဒကို တင်ပြသည်။ ခြွေက ကန့်ကွက်၏။ 


" ဟေ့အေး နေပူတယ်ဟ လမ်းမလျှောက်ချင်ဘူး၊ ဒီမှာထိုင်နေတာပဲကောင်းတယ် "


" မရဘူးဟာ လာသွားမယ်၊ ပန်းခြံထဲက ရေခဲပေါက်စီက စားကောင်းတယ် ငါနင့်တို့ကို ဝယ်ကျွေးမယ်လေ သွားရအောင်ပါ " 


ခြွေမငြင်းနိုင်အောင် သူသူက အဆွယ်ကောင်းလေသလားမသိ၊ သူမ ခေါင်းညိတ်ပြလိုက်မိသည်။ 


" ကျော်ဝေစိုး... နင်ရောလိုက်မလား " 


" ဟိုကောင်တွေဘယ်ရောက်သွားလဲမသိဘူး မထူးပါဘူး နင်တို့နဲ့လိုက်ခဲ့မယ်ဟာ " 


" အိုကေ နှစ်ယောက်ထဲဆိုပျင်းနေမှာ၊ let's go babae " 


သူမတို့တတွေ အမေရိကန်စစ်စတန်စနစ်ဖြင့် ကိုယ်စားတာ ကိုယ့်ဘာသာရှင်းလိုက်ကြသည်။ ပန်းခြံက ကျောင်းရဲ့ညာဘက်ခြမ်းမှာမို့ သူမတို့ နေပူပူမှာ ခေါင်းပြောင်နဲ့ပဲ ကျောင်းဘက်ပြန်လျှောက်လာရသည်။ ခြွေနဲ့သူသူနဲ့က လက်ချင်းချိတ်ထားပြီး ကျော်ဝေစိုးက သူသူ့ဘက်ခြမ်းမှာ ခပ်လှမ်းလှမ်းက ယှဥ်လျှောက်၏။ သူသူက ညိုတိုတိုလေး ကျော်ဝေစိုးက ပိန်ရှည်ရှည် အသားက ညိုသည့်ဘက်ကူးသည်။ အသားခပ်လတ်လတ် ပိန်ပိန်ပါးလှပ်လှပ် ခန္ဓာကိုယ်နဲ့ အချိုးအစားကတော့ မိန်းမတို့ ရှိသင့်သည့်အချိုးအစားတိုင်းရှိသူမှာ မှာတမ်းခြွေပင်။ 


ပန်းခြံရဲ့ အလယ်နားလောက်မှာ ရေခဲပေါက်စီဆိုင်ရှိ၏။ သူသူက သူ့စကားအတိုင်း သူမတို့ကို ရေခဲပေါက်စီဝယ်ကျွေးသည်။ 


" ဟာ ကိုယ့်ပေါက်စီကိုယ်စားလေ၊ ဘာလို့သူများဟာလာစားတာလဲ မိသူ " 


" သူများပေါက်စီက ကိုယ့်ပေါက်စိထက်ပိုကောင်းတယ်၊ မယုံရင် ငါ့ပေါက်စီစားကြည့် ရော့ " 


လက်ထဲကပေါက်စီအား ပါးစပ်နားထိအတင်းထိုးပေးနေသော သူသူကြောင့် မှာတမ်းခြွေက လည်ပင်းလိမ်ကျစ်၍ ပါးစပ်စေ့လျက် ငြင်းနေရာ ကျော်ဝေစိုးကြည့်၍ မျက်မှောင်ကုပ်ထားရင်း... 


" ပေါက်စီရှေ့က ရေခဲကိုထည့်ပြောပါဟယ် နင်တို့ကလည်း "


ဟု ပြောလာသော ကျော်ဝေစိုးကို သူသူ မျက်ခုံးပင့်ကြည့်လျက် လှမ်းနေသော လက်ကိုပြန်ရုတ်လိုက်၏။ ထို့နောက်...


" ငါတို့ပြောတာ ငါတို့နားလည်တယ်လေ၊ ဟိတ် ကောင်လေးနော် ဘာတွေမဟုတ်တာတွေးနေလဲ အဟီး " 


" ဟာ ဗရွတ်ရွှတ်တောက်နဲ့ ဒီမိန်းကလေးတော့ " 


" အယ် ရှက်သွားပြီ ရှက်သွားပြီ " 


တဟားဟားရယ်နေသော သူသူ ရုတ််တရက်အရယ်ရပ်ကာ.... 


" View view ကောင်းတယ်ဟေ့ " 


သူမတို့ရှေ့က ဖြတ်လျှောက်သွားသောစုံတွဲကိုကြည့်၍ ရေရွတ်လိုက်ခြင်းသာ။ ထို့နောက် သူမလက်အားဆွဲ၍...


" လာ ဟိုဘက်မှာသွားထိုင်ရအောင် " 


စောနကအတွဲက သစ်ပင်ကြီးတစ်ပင်အောက်မှာ ထိုင်သည်။ ခြွေတို့ကလည်း ထိုသစ်ပင်၏ဘေးက သစ်ပင်ခြေရင်းမှာ စုထိုင်လိုက်ကြသည်။ ထိုင်ကတည်းက ထိုအတွဲကို သူသူ မျက်စိအစာကျွေးနေ၏။ ခိုးကြည့်တာမဟုတ်ဘဲ ပေါ်တင်ကြီးရှိုးနေခြင်း။ လက်ကုပ်လည်းမရ တံတောင်နဲ့တွတ်လည်းမရ။ တော်တော်ဆိုးတဲ့ သူသူ။ သူများ အားနာစရာ။ 


" အ ကိုက်တယ်တော့ " 


" ကိုက်တယ် ကိုက်တယ် " 


သူသူကစပြီး ကျော်ဝေစိုးကပါ အသံများဆက်တိုက်ထွက်လာသဖြင့် ခြွေ့မှာ ဟိုကြည့်ဒီကြည့်ဖြင့် မျက်လုံးကလယ်ကလယ်ဖြစ်နေစဥ် တရားခံကို သိလိုက်ရ၏။ လည်ပင်းနားမှာ ဆစ်ခနဲဖြစ်သွားသောကြောင့် လက်ဖြင့် ကိုင်၍စမ်းကြည့်ရာ အထိအတွေ့ကြောင့် တန်းခနဲသိသွား၍ အားလုံးပြိုင်တူ မတ်တပ်ရပ်လိုက်ကြသည်။ နှုတ်မှလည်း... 


" ခါချဥ်တွေ " 


" ဟ အများကြီးပဲ "


အမှန်တော့ ခြွေတို့တွေ ခါချဥ်ပုံကြီးကို တက်နင်းထားခဲ့ကြတာ။ ဖင်ချထိုင်သဖြင့် ခါချဥ်ကောင်တွေက ကိုယ်ပေါ်ထိတက်လာနေကြသည်။ ကပျာကယာခါချပြီး ခုန်ဆွခုန်ဆွဖြင့် ရုပ်ပျက်ဆင်းပျက် နေရာမှ လျှောက်ထွက်လာခဲ့ရသည်။ ဟိုအတွဲကတော့ ကြည့်ပြီး ရယ်နေတော့မှာ။ သူများစိတ်အနှောင့်အယှက်ပေးချင်တာ ကောင်းတယ်လို့တောင် ဆိုချင်ဆိုလိမ့်ဦးမည်။ 


" သူသူရေ... နောက်ထပ်အတွဲချောင်းဦးမလား " 


ဟု ခြွေ လမ်းမှာ ပြစ်တင်စကားဆိုမိသည်။ ထို့နောက် ဝါးလုံးကွဲ ရယ်မိကြ၏။ သုံးယောက်ထဲတွင် မှာတမ်းခြွေ၏ ရယ်သံမှာ အလွင်ဆုံးတည်း။ 


°°°°°°°°°°°°°°°°°°°°°


" ခြွေ " 


" ဟေ " 


" ငါဒီနေ့ နေ့ဝက်ကျောင်းပြေးပြီး ကိုကိုနဲ့သွားတွေ့မလို့ " 


" ဟင် ပိတ်ရက်မှတွေ့ပါလား၊ ကျောင်းတက်နေတုန်းကို နင်ကလည်း "


" အို သူကဒီနေ့ပဲအားတဲ့ဟာကို " 


" မသိတော့ဘူးဟာ " 


" အဲဒါ နင်ပါလိုက်ခဲ့၊ မဟုတ်ရင် နင်တစ်ယောက်ထဲ စာသင်ရမှာ ပျင်းစရာကြီး "


" ပျင်းစရာကြီး ဟုတ်လား ဘယ်သူပြောလဲ " 


" ငါပြောတာ " 


" မလိုက်ချင်ပါဘူး ကန့်လန့်ကန့်လန့် " 


" လိုက်ခဲ့ပါဟယ် ဗဟုသုတရတာပေါ့၊ ကိုယ့်အလှည့်ကျရင် ဆောင်ရန်ရှောင်ရန်တွေသိရတာပေါ့ဟ၊ နော် နော် နော် " 


သူသူ့စကားကို ခြွေ့စိတ်ထဲ ဘဝင်မကျဖြစ်သွား၏။ ခါနေသည့်ခေါင်းက ပိုသွက်ကာ ငြင်းမြဲဆက်ငြင်းလိုက်သည်။ 


" လုပ်ပါဟယ် ငါမုန့်ဝယ်ကျွေးပါ့မယ်၊ မတော်လို့ ငါတို့နှစ်ယောက်ကို ငါ့မိဘတွေရဲ့ အသိမိတ်ဆွေတွေတွေ့သွားရင် ငါကားမှာဟ၊ ငါ့ကိုကူညီစမ်းပါ သယ်ရင်းရယ် နော် " 


သိုးငယ်လေးရဲ့ သနားစရာမျက်နှာအသွင်လိုမျိုးလုပ်ပြကာ အကူအညီတောင်းနေသော သူငယ်ချင်းကို ဘယ်နှလုံးသားနဲ့ ငြင်းဆန်နိုင်မှာတဲ့လဲ။ သူမမှာလည်း သူငယ်ချင်းဆိုလို့ သူသူတစ်ယောက်ထဲရှိတာ။ သူသူကလည်း သူမကို စိတ်ရင်းနဲ့ခင်မင်သည်။ 


နေ့လည်ကျောင်းဆင်းတော့ သူမတို့ အတန်းလစ်ကြ၏။ သူသူတို့က ပန်းခြံမှာပဲ ချိန်းတွေ့ကြသည်။ သူသူတစ်ယောက် ခါချဥ်ကိုက်မှာ မကြောက်မရွံ့ဟု ရယ်စရာတွေးလိုက်မိသေးသည်။ ခြွေ့ကိုတော့ ဝက်သားပျာရည်ထုတ်နဲ့ တစ်ယောက်ထဲ စိတ်ချလက်ချ ထားခဲ့သည်။ အခုဆို သူသူ့တို့အရိပ်ကိုတောင် မတွေ့ရတော့ချေ။ နားကြပ်လေးထုတ်ပြီး mp 3 နားထောင်ကာ ခြွေငြိမ့်နေ၏။ အတော်လေးကြာလာတော့ နားတွေအူလာသဖြင့် နားကြပ်ဖြုတ်ကာ ဟိုနားဒီနား လမ်းလျှောက်သည်။ ပန်းခြံတစ်ခုလုံး အတွဲများကို အများဆုံးတွေ့ရ၏။ သူမသာ အတွဲလွတ်နေတာ။ သူသူက မသွားခင် ကျော်ဝေစိုး ခေါ်ခဲ့ရအကောင်းဟု ရယ်ကျဲကျဲဖြင့် ပြောသွားသေးသည်။ ထုချင်စရာအတိ။ 


ယခုလို ပန်းခြံထဲရောက်နေတာ ဟိုတစ်ယောက်များသိသွားရင်...။ အို မတွေးစမ်းပါနဲ့။ အတွေးညစ်ညစ်ကို တစ်ချက်ခါထုတ်လိုက်ရင်း ပထမစောင့်နေသည့်နေရာသို့ ပြန်လျှောက်လာတော့ သူမထိုင်ခဲ့သည့်ထိုင်ခုံမှာ ကောင်လေးတစ်ယောက်ထိုင်၍ ဖုန်းပွတ်နေလေရဲ့။ မှာတမ်းခြွေ အသာလေးလှည့်ထွက်လာခဲ့သည်။ တစ်ယောက်ထဲမို့ တဖြည်းဖြည်း ပျင်းလာ၏။ သူသူတို့တွေ ညနေစောင်းထိများ တွေ့ကြဖို့ ကြံရွယ်ထားလေသလားမသိ။ သူမတို့ရောက်တုန်းကတွေ့ခဲ့သည့်အတွဲတချို့တောင် ပြန်ကုန်ကြပြီ။ ဒီလောက်ကြာနေတာ ဘာတွေပြောဆိုနေကြသလဲမသိ။ လူက ညစ်ထွေးလာသည်။ နှစ်နာရီကျော်လောက် ရှိသွားပြီထင်။ 


မှာတမ်းခြွေတစ်ယောက် ပိန်လိမ်ရှုံ့တွပြီဖြစ်သောအချိန်တွင် သူသူတို့က လက်ချင်းတွဲ၍ သူမရှိရာလျှောက်လာကြသည်။ ထိုအခိုက် စောင့်ရတာကြာလို့ စိတ်ဆိုးသည့်စိတ်များပျောက်ကာ ပြန်ရွှင်လန်းလာသည်။ တော်သေး ပြန်ပေါ်လာကြ​သေးလို့...။ 


" စောင့်ရတာကြာသွားပလား ချစ်သူငယ်ချင်းလေး အဟင်း၊ မုန့်ထပ်ဝယ်ကျွေးမယ် နှုတ်ခမ်းမချွန်နဲ့တော့ " 


တကယ်ပါ သူသူက ချစ်သူကောင်လေးလို အချော့တော်သည်။ စကားပြောတိုင်း အမြဲပြုံးရယ်နေတာပင်။ ထို့နောက် ကြက်ကြော်ဝယ်ကျွေးသည်။ အိမ်တိုင်ရာရောက်ထိလည်း လိုက်ပို့ပေး၏။ မနက်ကျရင် ရုပ်ရှင်ကြည့်ဖို့မေ့နေမယ်လို့တောင် မှတ်မှတ်ရရ သတိပေးသွားသေးသည်။ ချစ်စရာ သူငယ်ချင်းလေပင်။ 


°°°°°°°°°°°°


" လာ လာ လာ လာ.... " 


သီချင်းလေး တညည်းညည်းဖြစ်နေသော သူမကို မေမေကကြည့်၍ တအံ့တသြမေးသည်။ 


" သမီးလေး ဘာပျော်စရာရှိလို့လဲ မျက်နှာကရွှင်လန်းလို့ပါလား " 


" အဟင်း ပျော်စရာရှိတယ်ရယ်မဟုတ်ပါဘူးမေမေရယ်၊ စိတ်ကြည်လင်နေလို့ပါ၊ မေမေရော နေထိုင်ကောင်းရဲ့လားဟင် " 


" ကောင်းပါတယ်သမီးရယ်၊ သမီးလေးကို အခုလိုပုံလေးနဲ့မြင်ရတော့ ပိုတောင်ကျန်းမာရေးကောင်းသေးတယ် "


" ကိုလွင်တီးခေါင်မှမရှိတာ မမစိတ်ချမ်းသာမှာပေါ့ " 


" အငယ်မ "


မကြားတကြားပြောလိုက်သော အငယ်မပါးစပ်ကို ခြွေ အမိအရလှမ်းပိတ်လိုက်ရသည်။ ပြီးတော့ မျက်လုံးနဲ့ကြိမ်းကာ သတိပေးလိုက်၏။ 


" မမခြွေ သမီးလမ်းထိပ်မှာ မုန့်သွားဝယ်ချင်လို့ အဖော်လိုက်ခဲ့ပေးပါလားဟင် " 


" အင်း လိုက်ခဲ့မယ် " 


အငယ်မက အခန်းထဲပြေး၍ ပိုက်ဆံအိတ်ယူသည်။ သူမလည်း ပိုက်ဆံနည်းနည်းဝင်ယူပြီး ပြန်ထွက်လာတော့... 


" မေမေဘာစားချင်တာရှိလဲ သမီးဘာဝယ်ခဲ့ရမလဲဟင် " 


" စားချင်တာမရှိပါဘူးသမီးရယ် " 


" ဒါဆို အဆင်ပြေတာပဲဝယ်လာခဲ့မယ်နော် " 


" မဝယ်ပါနဲ့ ပိုက်ဆံကုန်တယ် " 


မေမေကတော့ ထုံးစံအတိုင်း ပိုက်ဆံအပိုကုန်မှာဆိုးသည်။ မကုန်သင့်တာမကုန်အောင် သူမကိုလည်း အမြဲသတိပေးလေ့ရှိ၏။ အိမ်တစ်အိမ်မှာ မီးဖိုချောင်က အတွင်းရန်သူ သူခိုးဟု ဆိုတတ်မြဲပင်။ 


" ကိုလွင်တီးခေါင်က ဘယ်တော့ပြန်လာမှာလဲဟင် မမ " 


" သိပါဘူး " 


" ဟိုမှာအကြာကြီးနေရင်ကောင်းမယ်နော် မမခြွေ " 


" ကြည့်စမ်း အငယ်မတောင်ဝလာတာ အကျီတွေကျပ်ထုတ်ကုန်ပြီ " 


" ဟုတ်လား ဟီး " 


" ငါ့ညီမလေးကို အကျီဝယ်ပေးရမယ်၊ မနက်ဖြန် အဲ သန်ဘက်ခါ စျေးထဲသွားကြတာပေါ့ " 


" ချုပ်ပြီးသားဝယ်မပေးပါနဲ့ မမခြွေရယ်၊ ဆိုင်ချုပ်တွေက မသေသပ်ဘူး၊ စျေးလည်းကြီးတယ်၊ သမီးက မမခြွေလက်ရာပဲဝတ်ချင်တာ မမခြွေက အကျီချုပ်တာ သေသပ်တယ်၊ ချုပ်သားကောင်းတယ် လှလည်းလှတယ် "


" အယ် တကယ်လား ငါ့ညီမရဲ့၊ မြှောက်ပြောနေတာများလား "


အငယ်မက ချက်ချင်း ခေါင်းလေးခါပြီး... 


" တကယ်ပြောတာပါ "


" ချုပ်ပေးမှာပေါ့၊ ပြီးတော့ ငါ့ညီမကြိုက်ရာမုန့် လက်ညှိုးထိုးလိုက် ဒီအစ်မဝယ်ပေးမယ် " 


" ယေး.... "


အငယ်မက အသံထွက်ရယ်မောကာ ထတောင်ခုန်လိုက်သေးသည်။ ခြွေ အငယ်မခေါင်းကို ဖွဖွပုတ်ကာ ပြုံးလိုက်၏။ ခြွေလည်း အပူအပင်ကင်းသည့် အငယ်မလိုအရွယ်မျိုးကို ပြန်သွားချင်မိသည်။ ဖြစ်နိုင်ရင် ဖြစ်နိုင်ရင်ပေါ့။ 


°°°°°°°°°° 


Weekend မှာ သူသူနဲ့ခြွေ နှစ်ယောက်တွဲခုံမှာထိုင်ပြီး ရုပ်ရှင်ကြည့်ခဲ့ကြသည်။ တစ်ကားလုံး ဝက်ဝက်ကွဲအောင်ရယ်ရသည်မို့ အချိန်ပေးကြည့်ရတာနဲ့ တန်သည်ဟုဆိုရမည်။ ဗိုက်တွေအောင့်သည်အထိ ရယ်ခဲ့ရသည်။ သူသူဆို မျက်ရည်တောင်စို့လို့။ ရုံထဲက ပြန်အထွက်မှာ သူသူကရယ်လက်စဖြင့် ဗိုက်ကိုနှိပ်ရင်းက...


" အမလေး ရီလိုက်ရတာဟယ် အူတွေတောင်နာတယ် အဟား ကတုံးကတော်တော်မျက်ခွပ်ပြောင်တယ်၊ တစ်ကားလုံး အကျီတစ်ထည်ပဲဝတ်သွားတာ၊ ဖွန်သွားကြောင်တာ ဘောင်းဘီအပြဲနဲ့ ချိန်းတွေ့ပြီးပြန်လာမှသိတယ် အဟက် "


" ဟုတ်ပါ့ဟယ် ပီယဆေးသွားဖော်တာ နေခင်းကြောင်တောင်သွားတယ်၊ ဒါတောင် သရဲမနဲ့တွေ့လိုက်သေးတယ် " 


" သရဲမဟုတ်ပါဘူးဟယ် ကတုံးကောင်ပါ ဆံပင်အတုစွပ်ပြီးခြောက်တာ ဂါဝန်ကြီးနဲ့ "


နှစ်ယောက်သား ဇာတ်ကားအကြောင်းစမြှုပ်ပြန်ရင်း အရယ်မရပ်နိုင်ကြသေးပါ။ သည်လို အားရပါးရ မရယ်ဖြစ်ကြတာလည်းကြာပေါ့။ 


" အပြင်ရောက်တုန်း တို့တွေညစျေးပတ်ကြတာပေါ့ " 


" အပြန်နောက်ကျလို့တော့ မရဘူးနော်သူသူ၊ မေမေက မအိပ်သေးဘဲ ငါ့ကိုစောင့်နေမှာ " 


" သိပါတယ် မကြာပါဘူး၊ မုန့်လည်းစား အလကားရတဲ့ အဆင်လည်းငမ်းပေါ့ဟယ် အဟင်း " 


" ရယ်သံကိုက၊ ကြည့်လုပ်နော် နင့်ကောင်လေးမိနေဦးမယ် " 


" မိုင်နာပါကွာ ကိုကိုက ငါ့စကားတစ်ခွန်းပဲ " 


" အဲလိုလူမျိုးတွေက ပိုကြောက်ရတာ " 


" သွားမယ် လေမပေါနဲ့တော့ " 


တကယ်လည်း ညစျေးရောက်တော့ သူသူက ကောင်လေးချောချောတွေချည်း လိုက်ငမ်းသည်။ သူမတောင် အံ့သြယူနေရ၏။ 


" ဟယ် မဆိုးဘူးနော် လူရည်သန့်လေး " 


" ဖြူချောလေးတော့ " 


" ပြုံးလိုက်တာ သွားတက်လေးပေါ်လာတယ် ကြန်း " 


" သူသူရယ် နင်မရှက်ဘူးလား၊ မျက်လုံးမှိတ်လို့မရရင် ပါးစပ်ပိတ်ထား " 


ခြွေက သူသူ့အစား ရှက်သဖြင့် အနားကပ်ကာ တိုးတိုးသတိပေးမိသည်။ သို့သော် ပြောမရပါ။ သူ့ဘာသာငမ်းတာအားမရလို့ သူမကိုလည်း ဘယ်သူချောလဲ ရွေးခိုင်းနေသေးသည်။ 


" ကဲ သူသူ... ငါပြန်တော့မယ်၊ နင့်ဘာသာငမ်းရင်း နေခဲ့တော့ "


" နေပါဦးဟယ် ငါက နင့်အတွက် အတည်ရွေးပေးနေတာဟ " 


" အာ ရှုပ်ရှုပ်ယှက်ယှက် ဒီလိုတွေ့ကရာရွေးလို့ရရိုးလား၊ လူဟဲ့ မုန့်ပဲသွားရည်စာမဟုတ်ဘူး " 


" အေးပါဟယ် မုန့်ပဲရွေးကြတာပေါ့ အဲ မုန့်ပဲဝယ်စားကြတာပေါ့ " 


" ထုလိုက်ရ "


" ချစ်လို့စတာပါ မိန်းမရယ် " 


နှစ်ယောက်သား ပြန်တည့်သွားကြပြန်ပါသည်။ သူသူက သူမစားချင်တာတွေကို ဝယ်ကျွေးသည်။ စားရင်းသောက်ရင်း စကားလည်းပြောရင်း အချိန်တွေလည်း ကုန်လွန်လာရင်းပေါ့။ 


°°°°°°°°°°°


" နင်တို့နှစ်ယောက် နက်ဖြန်ညနေအားလား " 


မှာတမ်းခြွေနဲ့သူသူ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး သူသူ ပခုံးတစ်ချက်တွန့်လျက် ကျော်ဝေစိုးအား ပြန်မေးလိုက်သည်။


" ဘာလို့လဲ "


" ဘာရယ်တော့မဟုတ်ပါဘူး၊ ရင်းနှီးတဲ့သူငယ်ချင်းတချို့ကို မုန့်လိုက်ကျွေးချင်လို့ပါ အဲဒါကြောင့် အားလား " 


" အားတာပေါ့ မုန့်စားရမယ်ဆို စပယ်ရှယ်အားတာ " 


ဒါမျိုးဆို သူသူတို့က ထိပ်ဆုံးပဲပေါ့။ ခြွေ့မှာသာ သွားရမသွားရ စဥ်းစားရကြပ်နေ၏။ 


" နေပါဦး ဘယ်မှာလိုက်ကျွေးမှာလဲ " 


" my garden မှာ အဆင်ပြေရဲ့လား "


" အင်း " 


" ရင်းနှီးတဲ့ကျောင်းနေဖက်သူငယ်ချင်းတချို့တော့ပါမယ်နော် ကြိုပြောတာပါ၊ ဒါပေမဲ့ လွတ်လွတ်လပ်လပ်နေလို့ရတယ်၊ ခြွေရော လိုက်မယ်မလား "


" ဟင် ​ခြွေက သိပ်မသေချာဘူး " 


" ဘာလို့လဲခြွေရဲ့ " 


" အဲဒါ... " 


ခြွေ သူသူ့ကိုသာ လှမ်းကြည့်လိုက်သည်။ သူသူက သူမမျက်လုံးကိုကြည့်ရုံနဲ့ စိတ်ကိုပါ နားလည်နိုင်သူပင်။ သက်ပြင်းဖွဖွချရင်း ဆင်ခြေပေးရန် စကားရှာနေမိ၏။ လိုက်သွားချင်ပေမယ့် လိုက်သွားလို့မရသည့် အကြောင်းအရင်းလေးတွေက ရှိနေသည်။ 


" ဘာလဲ သူ,မလွှတ်မှာစိုးလို့လား၊ ခေါက်ထားလိုက်စမ်းပါဟာ၊ ဒါနင့်ရဲ့ ပါဆင်နယ်ကိစ္စ၊ သူကလည်း ခရီးထွက်နေတာ စိတ်ပူမနေနဲ့ " 


သူသူက တိုးတိုးကြိတ်ကြိတ်ကပ်ပြော၏။ ကျော်ဝေစိုးက မျက်လုံးအကြောင်သားဖြင့် ခြွေ့ကိုတစ်လှည့် သူသူ့ကိုတစ်လှည့် ကြည့်ကာအကဲခတ်နေ၏။ 


" ဒါပေမဲ့ ငါသူ့ကို ခွင့်မတောင်းဘဲသွားပြီးမှ သူပြန်သိသွားရင် မလွယ်ဘူး၊ ငါခိုးလည်းမလုပ်ချင်ဘူး " 


" ဒါခိုးလုပ်တာမှမဟုတ်ဘဲ နင်နားလည်မှုလွဲနေပြီ၊ သူတောင် ဘာလုပ်တယ် ဘယ်သွားတယ်ဆိုတာ နင့်ကိုပြောဖူးလို့လား၊ မပြောဖူးဘူးမလား အဲဒါသူ့ပါဆင်နယ်ကိစ္စမို့လေ " 


" တိုးတိုးတိုးတိုးနဲ့ ဘာတွေပြောနေကြတာလဲ၊ ငါ့ကိုလည်းပြောပါဦး " 


ကျော်ဝေစိုးအသံကြောင့် သူသူရော ခြွေပါ လှည့်ကြည့်လိုက်ကြသည်။ သူသူက သွက်လက်စွာ ပြောလိုက်၏။ 


" ခြွေလာမှာပါ မပူနဲ့၊ ငါကိုယ်တိုင် သွားခေါ်ပြီးလာခဲ့မယ်၊ အဝကျွေးရမှာနော် နံကြားညှပ်ရုံလောက်မရဘူး " 


" ပါဆယ်ဆွဲချင်သေးလည်းရတယ် " 


" ဒါမျိုးမှ ကြိုက်တာ "


ခြွေ သူသူ့လက်ကိုကုပ်ပြီး မသွားချင်ဘူးဟု တိုးလျစွာ ကပ်ပြောနေ၏။ သူသူက မျက်လုံးမှိတ်ပြပြီး အေးဆေးဟု ပြောသည်။ 


" ငါတို့တွေ မုန့်သွားစားမယ့်အကြောင်း နင်သူ့ကို အသိပေးချင်တာမလား၊ အေး နင်သူ့ကိုပြောပြီးမှ သူ့ကမလွှတ်လို့ ခိုးသွားရရင် နင်ပိုပြီးစိတ်မလုံဖြစ်လိမ့်မယ်၊ ဘာပဲဖြစ်ဖြစ် သူချက်ချင်းတော့ ပြန်လာသေးမှာမဟုတ်ဘူးမို့လား " 


" ညကဖုန်းဆက်တော့ မေးကြည့်သေးတယ်၊ ဘာမှမပြောဘူးဟ အဲဒါကြောင့် "


" ဘာမှမဖြစ်ဘူး ငါတို့က ကော်ဖီဆိုင်သွားမှာလေ ညဘက်လည်းမဟုတ်ဘူး၊ တစ်ခါတလေသွားတာပဲဟာ အန်တီ့ဆီက ခွင့်ပြုချက်ရဖို့ပဲလိုတာ " 


သူသူက သူမမသိစိတ်ထဲက စိုးရိမ်ကြောက်ရွံ့စိတ်တွေကို တိုက်ထုတ်ပေးနေသည်ဟု ထင်လိုက်မိသည်။ ဘာရယ်မဟုတ် စိတ်တွေ အင်မတန်လေးနေ၏။ သူနဲ့ စကားလည်းမများချင် ပြဿနာလည်းမဖြစ်ချင်ပါ။ အတတ်နိုင်ဆုံး ကြိုတင်ရှောင်ရှားခဲ့သော်ငြား...။ 


°°°°°°°°° 


မေမေ့ခွင့်ပြုချက်နဲ့ မှာတမ်းခြွေ သူသူနဲ့ my garden သွားခဲ့ကြ၏။ ကျော်ဝေစိုးရဲ့ သူငယ်ချင်းယောကျ်ားလေးနှစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်က သူမတို့ထက်ကြိုရောက်နေသည်။ ကျော်ဝေစိုးက ခြွေတို့ကိုမြင်တော့ ဖလှဲတကင်းပင်။


" လူစုံပြီလားဟေ့ ကျော်ဝေစိုး "


" စုံပြီ " 


ကျော်ဝေစိုးက သူ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးသည်။ သူမိတ်ဆက်ပေးမှ သူ့သူငယ်ချင်းဟုထင်ထားသော မိန်းကလေးကို သူ့ကောင်မလေးမှန်း သိခဲ့ရတော့ သူသူက ပြုံးစိစိဖြင့် မျက်ခုံးလေးပင့်ချီရင်း ခြွေ့ကိုကြည့်လာတော့ ခြွေက တွေ့လားဟု မေးငေါ့ကာ ရိုးရှင်းစွာ ပြုံးရယ်လိုက်သည်။ သူသူက ကျော်ဝေစိုး ခြွေ့ကို သဘောကျနေတာဟု စိတ်ထဲတစ်ထစ်ချ ယုံကြည်နေပုံပင်။ အခုတော့ သူသူ့စိတ်ထဲရှင်းသွားပြီ။ ခြွေကတော့ အစကတည်းက ရှင်းလင်းခဲ့ပါသည်။ 


" ဒီနေ့ကျွေးတာ အထိမ်းအမှတ်တစ်ခုခုရှိတယ်မလား ဘာလဲပြော ကျော်ဝေစိုး " 


" သူသူတို့က မသိဘူးလား၊ ဒီနေ့​ ကို့မွေးနေ့လေ အဲဒါကြောင့် ကို့အတွက် မေကပွဲလုပ်ပေးပြီး ရင်းနှီးတဲ့သူငယ်ချင်းတွေ ဖိတ်ခိုင်းလိုက်တာ အမှတ်တရဖြစ်အောင်လို့ " 


" သြော် သလိုလား " 


သူသူက ခေါင်းလေးတညိတ်ညိတ်ဖြင့် ပြောလိုက်တော့ ခြွေကလည်း အံ့သြဟန်လေးဖြင့်...


" အဲဒါကိုဘာမှမပြောဘူးနော် ခုတော့ လက်ဗလာနဲ့လာရပြီပေါ့ "


" လက်ဆောင်ပေးမှာစိုးလို့ တမင်မပြောတာလေ၊ ဒီအတိုင်း ကုသိုလ်ရအောင် ဒါနလုပ်တဲ့သဘောပါ " 


" ကိတ်လာပြီ " 


စားပွဲထိုးကောင်လေးက ကိတ်ထည့်ထားသည့် ဗန်းတစ်ခုကိုမယူလျက် လျှောက်လာသဖြင့် အားလုံးမတ်တပ်ရပ်လိုက်ကြသည်။ 


" မေကိတ်မှာထားတာလား " 


" ဟုတ်တယ်လေ surprise "


" ဒီအသက်အရွယ်ကြီး မွေးနေ့ကိတ်ခွဲရမှာ နည်းနည်းတော့ ရှက်တယ်ဟ "


" ကိုကလည်း " 


ကျော်ဝေစိုးချစ်သူက ကိတ်မှာ ဖယောင်းတိုင်တွေ လိုက်စိုက်လိုက်သည်။ ကျော်ဝေစိုးက ရှက်တယ်သာဆိုတာ အကျေနပ်ကြီးကျေနပ်နေတာ အထင်းသား။ ကောင်မလေးက ကိုယ်တိုင်ပြင်ထားတာဆိုတော့ တော်တော်ချစ်ပုံပင်။ ဒါပေမဲ့ သူ့မှာချစ်သူရှိတာ စကားမစပ်မိလို့လားမသိ ကျော်ဝေစိုးက သူမတို့ကို မပြောပြဖူးဘူးမဟုတ်လား။ 


ကိတ်ခွဲပြီးတော့ ချစ်သူနှစ်ယောက် အပြန်အလှန် မုန့်ခွံ့နေကြသည်ကို ဘေးက သူ့သူငယ်ချင်းများက မှတ်တမ်းတင်နေကြ၏။ မြင်သူတိုင်း ကြည်နူးစရာမို့ ​ခြွေလည်း ပြုံးလျက် ကြည့်နေမိ၏။ မေက ကျော်ဝေစိုးကို နာရီတစ်လုံး လက်ဆောင်ပေးတော့ ကျော်ဝေစိုး သွားကြီးဖြီးလို့ သူ့ချစ်သူကို အနမ်းများပေးလေသည်။ ထို့နောက် ကိတ်တွေခွဲဝေစားကာ ပိုတာကို မျက်နှာတွေကို လိုက်သုတ်၏။ 


ထိုအချိန် သူသူက ဖုန်းသွားပြောသဖြင့် လွတ်သွားသည်။ မေကတော့ ကိတ်ခရင်မ်တွေ အများဆုံးပေသူမို့ သန့်စင်ခန်းပြေးရသည်အထိပင်။ ကျော်ဝေစိုးသူငယ်ချင်းတစ်ယောက်ကလည်း အပြင်ခဏထွက်သွားရာ ဝိုင်းမှာ ခြွေရယ် ကျော်ဝေစိုးနဲ့ သူငယ်ချင်းတစ်ယောက်သာ ကျန်နေခဲ့တော့သည်။ 


" မွေးနေ့ရှင်ကြီးက ဘယ်နှနှစ်ပြည့်မွေးနေ့လဲ " 


" အသက်လား အသက်က မှတ်ပုံတင်ပြန်ကြည့်ရဦးမှာ " 


" ရွယ်တူတွေမလား ဒါဆို ၂၀ ပေါ့ " 


" ငယ်ပါသေးတယ် "


" စားနှင့်မလား သူတို့ကိုစောင့်ဦးမလား " 


" အေးကွာ သူတို့ကလည်းကြာလိုက်တာ ခဏတော့စောင့်လိုက်ပါ မေကကောက်တေးမလား " 


" မေက စိတ်မကောက်တတ်ဘူး သဘောထားကြီးတယ် " 


" ချဥ်နေပြန်ပြီ " 


" အဟား မချဥ်ပါဘူးကွာ " 


" ဟို ​ခြွေ သူသူ့နောက်လိုက်ကြည့်ဦးမယ် " 


" တော်ကြာ ခေါ်တဲ့သူပါပေါ်မလာဖြစ်ဦးမယ်၊ ပြန်လာမှာပါ ခြွေ့ကိုတစ်ယောက်ထဲမထားခဲ့ပါဘူး " 


" ထားခဲ့လည်း လိုက်ပို့ပေးမှာ စိတ်ချ " 


စကားတွေပြောရင်း စောင့်နေပေမယ့် သူသူက ပေါ်မလာ။ မေကလည်း ထွက်မလာသေး။ အနည်းငယ် အိုက်စပ်စပ်ခံစားလာရ၏။ juice လေး သောက်နေလိုက်သည်။ ထိုခဏ၌ပင်...


" Are you happy? "


ရုတ်တရက် အနားလေးမှ ကပ်ပေါ်လာသော သြရှရှ အာဏာစက်ပါသည့် အသံကို ကြည်လင်ပြတ်သားစွာ ကြားလိုက်ရတော့ မှာတမ်းခြွေ လက်ထဲက အအေးပိုက်လွတ်ကျသွား၏။ တဖြည်းဖြည်း ခေါင်းငဲ့ကြည့်၍ မတ်တပ်ရပ်လိုက်သောအခါ...


" အနှောင့်အယှက်ဖြစ်သွားလား မှာတမ်းခြွေ " 


လည်ချောင်းအတွင်း ခြောက်သွေ့မှုနှင့်အတူ ခြွေ့နှုတ်မှ ထွက်သွားသောစကားသံက ခြောက်သွေ့အက်ကွဲလျက်....။ 


" ခေါင်! "


ဖွားခနဲ ပေါ်လာသော သူ့ရုပ်သွင်က သူမမျက်လုံးထဲ ဝေဝါးသွားသလိုပင်။ ဘာပြန်ပြောရမည်မသိ ခဏကြောင်နေခဲ့၏။ 

သူ သူဘယ်တုန်းက ပြန်ရောက်တာလဲ... ။ 


" ဝါး... ဒီတစ်ခါဘာငြင်းမလဲ သူခိုးလူမိပြီ၊ ဆင်ခြေပေးပါဦး နားထောင်ချင်လို့ လုပ်ပါ " 


တကယ့်ကို အကြောင်သား သူ့မျက်နှာကို မမြင်ဖူးသလို တွေရပ်ကြည့်နေခဲ့သော မှာတမ်းခြွေ။ ရုတ်ချည်း သူစိမ်းယောကျ်ားတစ်ယောက်ကို ဘွားခနဲမြင်လိုက်ရသဖြင့် ကျော်ဝေစိုးတို့သည်လည်း ဘာမှမပြောတတ် အံ့အားသင့်စွာ ရပ်ကြည့်နေမိကြ၏။ 


" ဒီကောင်ကဘယ်သူလဲ၊ တစ်ပတ်ထဲ မှာတမ်းခြွေ တစ်ပတ်ထဲ... ငါ့အရိပ်နဲ့နင်ကင်းလွတ်ခဲ့တာ၊ ဘာတုန်းက ပတ်သက်လိုက်ကြတာလဲ ဟမ် ဟျောင့် မင်းသူနဲ့ ဘယ်လိုပတ်သက်လဲ " 


လွင်တီးခေါင်က ဘယ်သူမှ ဂရုမစိုက်ဟန်အပြည့်ဖြင့် စားပွဲခုံစောင်းအား လက်တစ်ဖက်ထောက်လျက် ရင်ဘက်ကအကျိီကြယ်သီးတွေကို တစ်ဖက်က ခပ်ကြမ်းကြမ်းဆဲဲဖြုတ်ရင်း မာထန်သောလေသံ အကြည့်ရိုင်းတွေဖြင့် ကျော်ဝေစိုးအားကြည့်ကာ မေးလိုက်၏။ 


ကျော်ဝေစိုး မျက်တောင်တစ်ချက်ခတ်လျက် စကားပြောဖို့ အားယူလိုက်သည်။ 


" ကျွန်တော်တို့က... "


" ဘာလဲ ဘာလဲလို့မေးနေတယ် " 


ချက်ချင်းပင် သတိလက်လွတ် ကျော်ဝေစိုးရင်ဘက်ကို ခေါင်က လက်နှစ်ဖက်ဖြင့် ကြမ်းတမ်းစွာဆုပ်ကုပ်လျက် ဒေါသအငွေ့ထောင်းထောင်းထကာ အော်ဟစ်ပြောလိုက်မှ ​ခြွေ ဝင်တားဖို့ သတိဝင်လာရသည်။ 


" ခေါင် ခေါင် နင့်လက်ကိုလွှတ်၊ မရိုင်းနဲ့ သူက ငါရဲ့သူငယ်ချင်း လွှတ်လိုက် " 


ခေါင့်လက်တွေကို ကျော်ဝေစိုးက အပေါ်မှအုပ်ကိုင်ရင်း အ​ခြေအနေကို နားမလည်ဟန် ဆွံ့အနေ၏။ ဘေးက တစ်ယောက်က ဝင်တားသည်။ ခြွေက ခေါင့်လက်တွေကို ဆွဲယူလိုက်စဥ် မျက်နှာကိုတံတောင်နဲ့တွတ်မိသလိုဖြစ်သွားပြီး သူပြန်တွန်းလိုက်သဖြင့် သူမခန္ဓာကိုယ်က အနောက်သို့ယိုင်သွားကာ လျင်မြန်စွာ ရောက်လာသော သူသူက အသာပွေ့ထိန်းလိုက်၏။ သူမပါးတစ်ဖက်က ကျဥ်တက်သွားကာ ထူပူသွားသည်။ 


" ခင်ဗျားဘယ်သူလဲမသိပေမယ့် ကျွန်တော်က ​ခြွေသူငယ်ချင်းအမှန်ပါ၊ အခု ခင်ဗျားလက်ကို လွှတ်လိုက်တော့ " 


လက်တွေကို ပြန်ရုတ်လိုက်ပြီး သူ့အကြည့်က ခြွေ့ဆီရောက်လာပြန်သည်။ ခြွေ သူသူ့ကို အားကိုးတကြီးကြည့်လိုက်ရာ သူသူက...


" ဟုတ်တယ် ကျော်ဝေစိုးက သူသူတို့နဲ့သူငယ်ချင်းဖြစ်တာမကြာသေးဘူး၊ ပြီးတော့ သူ့မှာချစ်သူရှိတယ် ဟိုမှာ သူ့ချစ်သူ " 


အချိန်ကိုက်ပင်ရောက်လာသော မေ့ကို သူသူက လက်ညှိုးညွှန်ပြလျက် ပြောလိုက်ချိန်မှာ မေကလည်း အနားရောက်လာကာ ကျော်ဝေစိုးလက်မောင်းတစ်ဖက်ကိုကိုင်၍ မသိနားမလည်သော မျက်နှာလေးဖြင့်ပင် သူ့ချစ်သူကို မေးလိုက်သည်က...


" ကို ဘာတွေဖြစ်နေကြတာလဲဟင် " 


ကျော်ဝေစိုးက ခေါင်းတစ်ချက်ခါပြလျက် မေ့လက်ကိုအသာအုပ်ကိုင်လိုက်ပြီး ခြွေ့ကို လှမ်းကြည့်လိုက်သည်။ ​ခြွေ တောင်းပန်သောအကြည့်ဖြင့်သာ ပြန်ကြည့်မိသည်။ မျက်နှာပျက်ရပြီလေ။ 


ခေါင်က သူ့သံသယတွေကင်းသွားသော်ငြား သူမအပေါ် ကျေနပ်ဟန်မတွေ့ရ။ နောက်ဆုံး သူ့ဒေါသတွေ ရောက်လာရာနေရာက မှာတမ်းခြွေဆီကိုပင်။ ထို့ကြောင့် မှာတမ်းခြွေ ခေါင့်ဘက်မျက်နှာလှည့်၍ ... 


" ငါမှားခဲ့သည်ဖြစ်စေ မမှားခဲ့သည်ဖြစ်စေ အနူးညွတ်တောင်းပန်ပါတယ် ကျေနပ်ပါတော့ ကျေနပ်လိုက်ပါ " 


မောဟိုက်နေသည့်ကြားမှ အားယူပြောရသော စကားမို့ တုန်ရီမှုကို ထိန်းမရခဲ့ပါ။ သူသူက သူမလက်အား ခပ်တင်းတင်း နွေးထွေးစွာ ဆုပ်ကိုင်ပေးထား၏။ 


" ငါနဲ့လိုက်ခဲ့ "


လွင်တီးခေါင်လို ပညာတတ် အသိဉာဏ်ကြွယ်ဝသူတစ်ယောက်ရဲ့ ကမှူးရှူးထိုးလုပ်ရပ်တစ်ခုက အားလုံးကို အံ့အားသင့်စေခဲ့မှာ မလွဲမသွေပင်။ 


ခေါင်ထွက်သွားပြီမို့ သူမ သူ့နောက်ကို လိုက်သွားရမည်။ သူသူက သူမလက်အား မလွှတ်ချင်လွှတ်ချင်ဖြင့် လက်ချောင်းတွေကို ဆွဲဆုပ်ထားရင်း လွှတ်ပေးလိုက်ရသဖြင့် စိတ်ကောင်းဟန်မပေါ်။ သူ့ပယောဂလည်း မကင်းဟု ခံစားနေရလိမ့်မည်ထင်။ ထိုအချိန်မှာ သူမ ဟန်ဆောင်၍ပင် မပြုံးပြနိုင်ခဲ့ပါ။ 


ကားထဲရောက်သွားသည်နှင့် ခြွေ အားရအောင် ငိုချလိုက်မိသည်။ သူ့ရှိနေသည်ကိုလည်း ဂရုမစိုက်တော့ပါ။ 


" နင်သောက်ရည်သည်းပြတာနဲ့ ငါက ခွင့်လွှတ်မယ်ထင်လား၊ နင့်ကြောင့် ငါလူအများရှေ့ အရှက်ကွဲခဲ့ရတာ နင့်လုပ်ရပ်ကြောင့် " 


အားရ​အောင်ငိုပြီးပြီမို့ မှာတမ်းခြွေ မျက်ရည်တွေကို လက်ဖမိုးနဲ့ဖိပွတ်သုတ်ပစ်လိုက်ရင်း ဆတ်ခနဲ သူ့အား မော့ကြည့်လိုက်၏။


" ငါကရော နင့်ဆီက ခွင့်လွှတ်မှုဆိုတာကို တောင်းခံနေလို့လား၊ အဟွင်း အိုးကမပူ စလောင်းကပူနေတယ်၊ ငါအမှားမလုပ်ထားဘူး လွင်တီးခေါင်၊ အဲဒါကို ရဲရဲပြောရဲတယ် " 


" ကြိုက်သွားပြီ ဘာလုပ်လုပ် ငါ့ကိုသောက်ဂရုမစိုက်ဘူးလို့ ပေါ်တင်ပြောလိုက်တာပေါ့ ဟုတ်လား၊ ငါနင့်ကို သတိရလို့ အလုပ်တွေဖျက်ပြီး ပြန်လာခဲ့တာ နင်သိလား နင်သိလား "


နှပ်ရည်တွေကို အကျီလက်နဲ့ပင့်သုတ်လိုက်ပြီး ခပ်အေးအေးအကြည့်တွေနဲ့ ပုံမှန်လေသံဖြင့်သာ ခြွေ တိုက်စစ်ဆင်လိုက်သည်။ 


" နင်ပြောသမျှက ငါ့အတွက်ရိုး.နေပြီ " 


" ဘာပြောတယ် " 


ခေါင်က ကားမောင်းနေရင်း လက်တစ်ဖက်လွှတ်ကာ အကျင့်ပါနေသလို သူမလက်မောင်းအား ဆောင့်ဆွဲယူလျက် သူနဲ့နီးကပ်စေသည်။ ကားမောင်းလည်းမပြတ်ပါ။ အားမျက်နာကျင်မှုကို သည်းခံနိုင်သော်လည်း နာကျည်းမှုကိုတော့ ပဲ့ကိုင်ထိန်းချုပ်နိုင်စွမ်းမရှိသဖြင့်... ။ 


" ငါတို့မိသားစု နင်တို့အပေါ်တင်နေတဲ့ ကျေးဇူးကြွေးတွေကို ထမင်းစားကျွန်ခံ အကုန်အစင်ဆပ်နိုင်ပြီး နင့်လောင်းရိပ်အောက်က ထွက်နိုင်တဲ့တစ်နေ့ အဲ့နေ့ရောက်ရင် ငါ့ဆံစမပြောနဲ့ ငါ့အရိပ်တောင် နင်ထိခွင့်မရစေရဘူးမှတ် လွင်တီးခေါင် "


သူမစကားကြောင့် သူအသည်းခိုက်အောင် နာကျင်သွားရရင် ကျေနပ်ပြီ။ ထိုမျှနဲ့ သူမအပေါ် သူလုပ်ခဲ့သမျှ သင်ပုန်းချေနိုင်လိမ့်မည်ဟု ထင်မှတ်မှားခဲ့မိလေသည်။ ဝဋ်ကြွေးပေပဲ။ 


" နင့်ကိုငါချစ်တယ်၊ ငါ့ကိုပဲနင်လက်ထပ်ရမယ်၊ ငါ့အရိပ်အောက်က ထွက်ပြေးဖို့ ဘယ်တော့မှ မကြံစည်မကြိုးစားလေနဲ့၊ ငါအကြောင်းသိတယ်မှတ်လား မှာတမ်းခြွေ " 


နွေခေါင်ခေါင် ကွင်းပြင်ကျယ်ကို မိုးကြိုးအစင်းလောက်ပစ်ချလိုက်သကဲ့သို့ သူ့ဆီက ခြိမ်းခြောက်စကားတွေက သူမတုန်လှုပ်ချောက်ခြားဖို့ တကယ်ပဲ လုံလောက်နေခဲ့၏။ သူမကိုလွှတ်ပေးပြီး ကားကို မိုင်ကုန်မောင်းနှင်ကာ သူ့ဦးတည်ရာက ဘယ်ဆီမသိ။ အသားစိုင်တွေ တဆတ်ဆတ်တုန်ယင်ကာ ကူကယ်ရာမဲ့နေသလိုပင်။ လက်ညှိုးကိုဖိကိုက်ထားပြီး စိတ်ကိုအရင်ဆုံး တည်ငြိမ်အောင်လုပ်နေချိန် ခေါင်က ဘလက်ဘောက်ထဲက ပုလင်းလေးတစ်လုံးကို ထုတ်ယူ၍ ပုလင်းထဲက အဖြူရောင်အရည်တချို့ကို မော့သောက်လိုက်တာကို မျက်လုံးထောင့်ကနေ ရိပ်ခနဲ တွေ့လိုက်ရလေသည်။ 


" နင် အခု ဘာဆေးသောက်လိုက်တာလဲ ခေါင် " 


မှာတမ်းခြွေ၏ အသံက ရှေးယခင်ကလောက် မတုန်ယင်တော့ချေ။ တည်ငြိမ်လာပြီ။ စိတ်ထင့်၍ မေးလိုက်ခြင်းက သူမအတွက် ကူကယ်ရာဖြစ်စေခဲ့သည်လား။ 


" စိတ်ကြွဆေး " 


" ဘာ " 


" နင့်ကိုငါသိမ်းပိုက်မှာ၊ မကြာခင် နင်က ငါထားရာနေ စေရာသွားဖြစ်စေရမယ် " 


" လူယုတ်မာ၊ နင်ဟာ အင်မတန် စိတ်ဓာတ်သိမ်ဖျင်းနိမ့်ကျတဲ့ကောင်ပဲ " 


" အေး ဟုတ်တယ်၊ မကြာခင်နင်တော်ရမယ့်လင်ကို သိဒ္ဓိတင်လိုက်ဦး " 


မထင်ထားခဲ့ပါ... ခေါင် ဒီလောက်ယုတ်ညံ့လိမ့်မယ်လို့။ ခုတော့ ယုံစားမိခဲ့သည့်အရာအားလုံးကို သင်းက တစ်ခါတည်းနဲ့ နင်းဖြတ်မတဲ့လား။ ဟင့်အင်း...။ 


" နင်ငါ့ကို ဒီလိုနည်းနဲ့မရစေရဘူး၊ ငါအသေပဲခံလိုက်မယ် " 


" နင်ဘယ်လောက်သတ္တိရှိလဲ ကြည့်မယ်၊ ပြောတဲ့အတိုင်းဖြစ်မလာရင်တော့ ဒီည နင်ငါ့ဆီကမလွတ်ဘူးမှတ် မှာတမ်းခြွေ " 


ဘာလုပ်ရမလဲ သူ့လက်ကလွတ်အောင် ဘာလုပ်ရမလဲ။ သူက ကားကိုနည်းနည်းမှ အရှိန်မလျော့။ တဖြည်းဖြည်း ညနေဆည်းဆာက ပတ်ဝန်းကျင်ကို ကြီးစိုးကာ နေရောင်ပျောက်ချေပြီ။ အရဲကိုး၍ ခြွေ ခါးပတ်ကိုဖြုတ်လိုက်၏။ သူက သူမအား ငဲ့မကြည့်။ နောက်ဆုံး ဖြစ်ချင်ရာဖြစ် ကားတံခါးကိုဖွင့်ဖို့ ကြံရွယ်လိုက်ပြီး စိတ်ကူးအတိုင်းဖွင့်လိုက်တော့ သူ့ဘက်က လော့ခ်ချထား၏။ 


" ကားရပ် ကားရပ် " 


သူမအသံက သိသာစွာ တုန်ခါနေ၏။ တကယ်ပင် သူပြုသမျှ နုရတော့မည်လား။ မဟုတ်ဘူး...။ တံခါးဖွင့်ရန် သူ့ဘက်ကလော့ခ်ကို ဆွဲချဖို့ လက်လှမ်းပေမယ့် သူဟန့်တားသဖြင့် မအောင်မြင်ပါ။ သူမ မွန်းကြပ်လာ၏။ သူ့တစ်ကိုယ်လုံးလည်း ချွေးဖြင့်ရွှဲနေတာတွေ့ရသည်။ မထူးဇာတ်ခင်းကာ ကားမောင်းနေသည့် စတီယာလက်ကိုင်ကို မှာတမ်းခြွေ ဆွဲလှည့်ပစ်လိုက်ရာ ကားက ခါယမ်းသွား၏။ 


" မသာပေါ်အောင်လုပ်နေတယ်ပေါ့ ဟုတ်လား "


သူမကို လက်တစ်ဖက်ဖြင့် ကားတံခါးဘက်တွန်းထားရင်း လွင်တီးခေါင် ခပ်ဆတ်ဆတ်အော်လိုက်ခြင်း။ သူဘာပြောပြော မျက်လုံးမှိတ်ကာ စတီယာကိုညာဘက်သို့ဆွဲဝိုက်ရာ ခေါင်က ဘယ်ဘက်ပြန်ဆွဲထားသည်။ ထိုအချိန်တွင် သူမကားတံခါးလော့ခ်ကို ချသည့်ခလုတ်အား အမိအရနှိပ်လိုက်နိုင်၏။ အရှိန်လည်း အနည်းငယ်လျော့သွားပြီမို့ သူမအကြံက လွတ်မြောက်ဖို့အတွက်သာ။ လျင်မြန်စွာ ကားတံခါးအား ဆွဲဖွင့်ဖို့ပြင်စဥ် ခေါင်က လက်တစ်ဖက်ဖြင့် လှမ်းဆွဲထားသည်။ သူမက ဆောင့်ရုန်း၏။ 


" ငြိမ်ငြိမ်နေစမ်း " 


သူ့အသံအဆုံး ကားက တစ်စုံတစ်ခုကို တိုက်မိသွားသည့်ပုံဖြင့် ဒုန်းခနဲ အသံကျယ်ထွက်လာပြီး အရှိန်ဖြင့်သွားနေသောယာဥ်ကို ရုတ်တရက် ရှေ့ကနေ ဟန့်တားလိုက်တော့ ကားဘရိတ်အုပ်လိုက်ရာ အရှိန်တွေလွန်ပြီး ရှေ့ကားဘီးက ရပ်တန့်သွားပေမယ့် နောက်ဘီးနှစ်ခုက မြေကြီးနဲ့လွတ်ကာ လေထဲတွင် လည်နေပြီးမှအောက်သို့ပြန်ကျလာကာ ကားဘော်ဒီတစ်ခုလုံး ချာလည်ပတ်ယမ်းနေကာ ကျွမ်းထိုးမောက်ခုန်ဖြစ်သွားတော့သည်။


ကားထဲမှ လူနှစ်ယောက်သည်လည်း အူအသည်းပြောင်းပြန်လှန်သကဲ့သို့ပင်။ 


သူမ သေတော့မှာလား...။ သေမယ်ဆိုလည်း ပွဲချင်းပြီးသေသွားပါစေ။ နာကျင်မှုမခံစားရဘဲနဲ့ပေါ့။ မေမေ... ။ သူမကို မေမေစောင့်နေမှာ။ ဟင့်အင်း မသေပါရစေနဲ့။ ကမ္ဘာလောကကြီးနဲ့ အဆက်အသွယ်မပြက်ခင်လေးမှာ သူမကို ကြိုးလေးတစ်ချောင်းက ရစ်ပတ်ချည်နှောင်စေလိုက်သည်။ ထို့နောက်မှာတော့...။ 


°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°💔💔


ဆက်ရန် >>>


#Ruby Linn


rate now: