book

Index 1

အပိုင်း(၁)

  • Author : Rudylinn
  • Genres : Romance, Drama, Action

မညီမျှတဲ့ချစ်ခြင်း 🕊


🎶 Up with it girl 🎶

မင်းရဲ့စိတ်ကို မြင့်ထားလိုက်ပါ ကောင်မလေး


🎶 Rock with it girl 🎶

ညင်ညင်သာသာလေး ကလိုက်ပါဦး ကောင်မလေး


🎶Show dem it girl 🎶

အကနဲ့ပြလိုက်စမ်းပါ ကောင်မလေး


🎶 Bounce with it girl 🎶

ခုန်ပေါက်လိုက်စမ်းပါ ကောင်မလေး


🎶Dance with it girl 🎶

ကလိုက်ပါဦး ကောင်မလေး 


🎶 Get with it girl 🎶

အကနဲ့အနိုင်ယူလိုက်ပါတော့ ကောင်မလေးရေ


🎶 Come on, Come on, turn the radio on 🎶

လာပါ လာပါ ရေဒီယိုကို ဖွင့်လိုက်ပါကွာ 


🎶It's Friday night and I won't be long 🎶

ဒီနေ့က သောကြာနေ့ဖြစ်နေပြီးတော့ ငါကြာကြာအချိန်မဆွဲတော့ပါဘူးလေ 


🎶Gotta do my hair, I put my make up on 🎶

ငါ့ဆံပင်ကို ပြင်ဆင်ပြီးတော့ မိတ်ကပ်လည်း လိမ်းရဦးမယ်လေ 


Cheap Thrills သီချင်းကို DJ နဲ့ အသံချိန်ညှိကာ ခပ်မြူးမြူးဖြင့် ကခုန်နေကြသော လူတစ်စု၌ အနည်းငယ် စိတ်ကသိကအောက်ဖြစ်နေပြီး တစ်စုံတစ်ရာ စိုးထိတ်နေသော မိန်းမငယ်လေးတစ်ယောက် ပါဝင်နေ၏။ ဒါကို ဘယ်သူသတိပြုမိမှာပါလိမ့်။ 


" ဟေး ချီးယား... ဝူး " 


" ငါနည်းနည်းပဲသောက်မယ်နော် " 


" ဟမ် "


အသံကကျယ်နေလေတော့ နားနားကပ်လာတဲ့ သူငယ်ချင်းဖြစ်သူကို လေသံမြင့်၍ အော်ပြောလိုက်၏။ 


" နည်းနည်းပဲသောက်မယ်လို့ " 


လက်ထဲက ဝိုင်နီခွက်ကို မြှောက်ပြလျက် ပြောလိုက်တော့ သိပ်ကြားရဟန်မတူသော်လည်း အထာပေါက်ဟန်ဖြင့် ခေါင်းညိတ်ပြတာ တွေ့ရသည်။ သောက်သာသောက်ရတယ် စိတ်ထဲမသိုးမသန့်ရယ်ပါ။ အစထဲက သီးချင်းသံကြား၍ ထကချင်တဲ့ ပိုးလေးကရှိနေရာ အနည်းငယ် လှုပ်ယမ်း၍ အများနည်းတူ ကလိုက်မိ၏။  


" အာ့ " 


အနောက်ကနေ တစ်ယောက်က သူမပုခုံးအား ဆောင့်ဆွဲလိုက်သဖြင့် မျက်ခနဲအောင့်သွားကာ ချာခနဲ မျက်နှာချင်းဆိုင်မိသွားသည်။ ထို့နောက် စူးစူးနစ်နစ်စိုက်ကြည့်နေသော မျက်လုံးတစ်စုံကို မီးရောင်စုံအောက်မှာ စီးမိုးမြင်လိုက်ရစဥ် လိပ်ပြာမသန့်တော့သလို ရင်ထဲ လှပ်ခနဲ တုန်ခါသွားရချိန် ရုတ်ခနဲ လက်မောင်းအရင်းကနေ အားပါပါဆောင့်ဆွဲခံရပြန်ရာ လူကြားထဲမှ ဆွဲထုတ်သွားသော သူ့နောက် လက်မောင်းအောင့်သည့်ကြားက ကိုးရိုးကားရားပါသွားရသည်။ 


" နင် နင် ငါ့လက်ကိုလွှတ် " 


" ပိတ်ထား " 


" အ " 


ကားထဲသို့ အရုပ်တစ်ရုပ်ကို ပစ်ထည့်သလိုမျိုးခံရသဖြင့် နာကျည်းစွာ နှုတ်ခမ်းအား ဖိကိုက်လျက် နာနေဆဲ လက်မောင်းကိုပင်အသာပွတ်နေလိုက်သည်။ ဒင်း သည်လိုအချိုးမျိုးချိုးတာ တစ်ခါနှစ်ခါမကတော့။ ကျင့်သားရအောင် အလေ့အထဖြစ်အောင် သူလုပ်နေသည့်ကြားက သူမအတွက် ရင်းနှီးသယောင်ရှိလာခဲ့ပေမယ့် ထိုအချိန်တိုင်း သူ့အား ခွန်းတုံ့ပြန်ချင်စိတ်ကိုတော့ ချုပ်တည်းထားရ၏။ 


" နင်ငါ့ကွယ်ရာမှာ ခြေရှုပ်နေတယ်ပေါ့၊ သောက်ချိုးတွေပြင်နော်၊ ငါမသိဘူးထင်တယ်ပေါ့၊ ငါနင့်ကို ဘာပြောထားလဲ ဟမ် " 


" မေမေ့ကိုခွင့်တောင်းပြီးမှ ငါလာခဲ့တာ၊ ငါပြစ်မှုကျူးလွန်နေတာမဟုတ်ဘူး၊ စကားပြောတာဆင်ခြေနော် " 


" ဘာ ဘာပြောတယ်၊ သတ္တိရှိရင် ပြန်ပြောစမ်းပါ " 


အလိုလိုကို ခေါင်းငုံ့ကျသွားတာပါ။ သတ္တိမရှိတာမဟုတ် သွေးဆိုးသည့် သူ့ဒေါသကို ဆွဖို့မရဲပါ။ ဆွမိခဲ့ရင်ဖြင့် နောက်ဆက်တော့ အကျိုးဆက်ကိုမတွေးရဲ။ ပြောသာပြောရတယ် သူ့ကို သွားဆွမိပြီထင်ရဲ့။ 


" ကြည့်နေကြည့်စားနော် အဟွင်း သောက်ချိုးလေးတွေပြင်၊ ငါ့စိတ်ကိုမဆွမိစေနဲ့၊ ကျောင်းဆက်တက်ချင်သေးတယ်ဆိုရင်ပေါ့ " 


သူမ သူ့အား မကျေမနပ်မျက်ထောင့်နီကြီးဖြင့် ကြည့်လိုက်တော့... 


" အား " 


ပါးစောင်အား ဖျစ်ညစ်ဆုပ်ကိုင်ခြင်းခံရသဖြင့် သူ့လက်အား ဖိကိုင်လျက် နာကျင်စွာ ညည်းသံထွက်သွားရင်း လက်တွေကို အတင်းဆွဲဖြုတ်၍ မျက်ရည်တွေ ဝေ့ဝဲရစ်သီလာလျက်...။ 


" နင်ဘယ်တုန်းက ငါ့ကိုအဲ့လိုကြည့်ဖူးလဲ ဟမ် ပြင်စမ်း " 


ထပ်မံစိုက်ကြည့်နေသဖြင့် သွေးတွေဆူပွက်ကာ သူမအား သူ လက်ဖြင့်ရွယ်လိုက်တော့ ချက်ချင်း မျက်လုံးမှိတ်သွားမှ သူ အနည်းငယ် သွေးအေးသွားသည်။ 


" တောက် " 


သူ့အကျီကို သေချာပြန်ဆွဲဆန့်ပြီး သက်ပြင်းဖွဖွချကာ ကားမောင်းထွက်တော့ သူမဆီမှ ရှိုက်သံသဲ့သဲ့ကြားရသည်။ ထို့ကြောင့် ပြုံးလိုက်၏။ 


အိမ်ရှေ့ကားရပ်တော့ သူပါ လိုက်ဆင်းလာသဖြင့် သူ ခပ်ကုပ်ကုပ်ဖြင့် အိမ်ထဲဝင်လာခဲ့သည်။ 


" ပြန်လာပြီလား ဟော သားပါပါလာတာလား " 


" အန်တီမအိပ်သေးဘူးလား " 


" အေးကွယ် မိုးချုပ်နေလို့ သမီးပြန်အလာကိုစောင့်နေတာလေ " 


ဒေါ်စက်ရီ လက်ကပုတီးကို ချကာ အပြုံးလေးဖြင့် ပြောလိုက်ရင်း သမီးဖြစ်သူကို ကြည့်တော့ မျက်နှာလေး ညှိုးငယ်နေတာတွေ့ရ၏။ 


" နောက်ကျနေလို့ ပွဲလုပ်တဲ့နေရာထိလိုက်သွားပြီး သားပြန်ခေါ်လာတာလေ၊ သူ့ကိုမဆူပါနဲ့ အန်တီရယ် တစ်ခါ​တလေ သူလည်း ရွယ်တူမိန်းကလေးတွေလို လွတ်လွတ်လပ်လပ်ပျော်ချင်ရှာမှာပေါ့ ဟုတ်လား " 


သူမဘက်လှည့်ကာ ပြုံးထေ့ထေ့ဖြင့် မေးလိုက်သည့် သူ့ကို နီကျင်နေသည့် မျက်ဝန်းဖြင့် ငဲ့ကြည့်ရင်း စိတ်ထဲ နာကျင်သွားရသည်။ အပြောင်းအလဲမြန်ပါ့။ မသိရင် မြွေအရေခွံချွတ်လဲလိုက်သလိုပါပဲလားလေ။ နှစ်ယောက်ထဲဆို ကြိတ်အနိုင်ကျင့် အထက်စီးဆန်ဆက်ဆံတက်သည့်သူက မေမေ့ရှေ့ကျ လူလိမ္မာလေးတစ်ယောက်လို။ သူမ ဘာလို့သည်းခံနေရတာလဲဆို သူက မေမေ့သူငယ်ချင်းရဲ့သားမို့လို့လား၊ သူမသူငယ်ချင်းမို့လို့လား၊ ပန်းနာရင်ကျပ် နှလုံးရောဂါရှိသည့် မေမေဆေးဝါးကုန်ကျစရိတ်တွေအတွက် သူတို့မိသားစုအပေါ် မှီခိုကာ ကျေးဇူးကြွေးတွေ တင်နေတာမို့လို့လား။ အသက်ခပ်ပြင်းပြင်းရှူလိုက်တော့ ရင်ဝက အောင့်မျက်သွားရတာတော့ အသေအချာပင်။


" သားက နားလည်မှုရှိလိုက်တာ၊ သမီးလေးက မပွင့်တပွင့်နဲ့ သားက သမီးလေးကို စိတ်ရှည်ပေးနော် "


" ဒါပေါ့ဗျာ "


ဖျတ်ခနဲ သူမ လက်တစ်ဖက် ဆွဲယူခံလိုက်ရသော် တွန့်သွားမိ၏။ သူက သူ့ပေါင်ပေါ်ရှိ သူမလက်အား တင်းတင်းဆုပ်ကိုင်ပွတ်သပ်နေရာ အံကလေး မသိမသာ ကြိတ်ထားမိသည်က အံ့သြဆွံ့အ မျက်မှုန်းကျိုးလွန်းလို့သာ။  


°°°°°


အပြင်မှာနေရှိန်ပြင်းလှသည်ဟု ထင်သော်လည်း အမိုးအရိပ်အောက် အေးအေးလူလူစားသောက်နေရသည့် သူမတို့အဖို့ တိတ်ဆိတ်ကာ အေးငြိမ်းနေ၏။ သူမက ထမင်းကို အေးအေးသာသာ စားနေသော်လည်း အနားရှိသူကတော့ ဖုန်းအကြည့်အပျက် အစားလည်းမပျက်ပေ။ 


" သန့်စင်ခန်းသွားလိုက်ဦးမယ် သိလား " 


သူ့ဆီက အတည်ပြုချက်မရသဖြင့် သူမမှာ ထသွား၍မဖြစ်သေး။ ထပ်လည်း မပြောမိ။ စိတ်မရှည် ဒေါသအိုးမို့ အာရုံပျက်တယ် အသံထွက်မည်ကို မုန်းသောကြောင့်ပင်။ တခဏအကြာ သွားဟူသောသဘော ခပ်လွယ်လွယ် မေးဆတ်ပြမှ စားလက်စတစ်ဝက်တစ်ပျက်ရပ်၍ ထထွက်လာခဲ့လိုက်သည်။ 


" ဟဲ့ ခြွေ " 


" ဟော မျိုးနိုင် တစ်ယောက်ထဲလား " 


" အေး နင်ရော " 


" ခေါင်နဲ့အတူလာတာ " 


" သွားလိုက်ဦးမယ် "


" အင်း " 


အမှတ်တမဲ့တွေ့၍ နှုတ်ဆက်အပြီး ဆက်လျှောက်ဖို့ပြင်တော့ ခပ်လှမ်းလှမ်းက အသံက သူမဆီ လွင့်လာသည်။


" အဲ့ကောင် ဘယ်သူလဲ "


" ဟမ် " 


လှည့်ကြည့်ပြီး မျက်မှောင်ကြုတ်သွားပြီးမှ သဘောပေါက်ဟန်ဖြင့် သူမ ပြောလိုက်သည်။


" သူသူ့ကောင်လေးလေ " 


" မယုံဘူး ဟေ့ နေဦး " 


ပြောပြောဆိုဆို သူမအားဖြတ်လျှောက်ပြီး မျိုးနိုင်အား လှမ်းခေါ်တော့ တုံ့ခနဲ ရပ်၍ လှည့်ကြည့်လာသော မျိုးနိုင်ကို ခေါင်က ခပ်ဆတ်ဆတ်မေးလိုက်၏။ 


" မင်းက သူသူ့ကောင်းလေးဆို ဟုတ်လား" 


ကြောင်သွားပြီး ခေါင်းညိတ်ပြသော မျိုးနိုင်က အူကြောင်ကြောင်ဖြစ်သွားရင်း... 


" ဘာဖြစ်လို့လဲ "


ဘာမှထပ်မဆိုတော့ဘဲ သူမလက်ကိုသာ ဆွဲ၍ အရှေ့ဘက်သို့ ခေါင်ပြန်လျှောက်သွားတော့ သူမ မျိုးနိုင်ကို အားနာသောအကြည့်ဖြင့်သာ ကြည့်ခွင့်ရလိုက်သည်။ ပြီးနောက် ဘေလ်ရှင်းပြီး ထွက်သွားသည်မို့ ကျန်နေသေးသည့် ထမင်းပန်းကန်ကို နှမြောတသ ဝမ်းဟာဟာဖြင့် ငေးကြည့်လျက် သူ့နောက်သို့သာ။ 


°°°°°°


" ဟဲ့ ကျောင်းဝင်းထဲမှာ ဘယ်သူမှမရှိတော့ဘူး ငါနဲ့အတူလိုက်ပြန်ပါလား ခြွေ " 


" နေပါစေ သူသူရာ၊ ငါဆက်စောင့်လိုက်ပါ့မယ်၊ နောက်ကျနေပြီ နင်ပြန်တော့ သူသူ " 


" ခေါင်က တော်တော်လွန်လာပြီ၊ နင်မို့လို့ သည်းခံနိုင်တာ၊ ငါဆို သူဖြဲကိုယ်ဖြဲ သူကျောကိုယ်ကျော သူချေကိုယ်ချေပဲ " 


သူသူ့ကို ပြုံးသာပြနိုင်သည်။ ခပ်ယဲ့ယဲ့လေးရယ်ပါ။ အားလုံးပြန်သွားပြီး တိတ်ဆိတ်နေသော ကျောင်းဝင်းထဲ ခေါက်တုံ့ခေါက်ပြန် လျှောက်နေသော သူမနဲ့ ကျောင်းအိုကြီးများသာ ကျန်ရစ်သည်။ နာရီဝက်မလာ တစ်နာရီမလာ နာရီအတော်ကြာ ရောက်လာသော သူက စိတ်မရှည်စွာ မြည်တွန်တောက်တီးသော စကားသံနှင့် အရင်ဆုံး သူမကို ထိုးနှက်သည်။ 


" မြန်မြန်တက် မိုးရွာတော့မယ်ထင်တယ် လခွီးပဲ ကျစ် " 


သူ့က သက်မဲ့ဖြစ်သည့် သူ့အားပြန်မလုပ်နိုင်သည့်အရာကိုတောင် သည်းခံနိုင်စွမ်းမရှိ။ သူ့ကိုယ်သူတော့ အတော်ဟုတ်လှပြီထင်နေပုံထောက်သည်။ နေ့တိုင်းလိုလို သူလာကြိုသည့်အချိန်ကို စောင့်ကာ အတူပြန်ရသည်။ ဘယ်လောက်ကြာကြာ စောင့်ရသည်။ အဝေးသင်သာတက်သည့် ခေါင်က ဖခင်ရဲ့ စီးပွားရေးလုပ်ငန်းတွင်ပါဝင်လုပ်ကိုင်နေရသဖြင့် သူမနှင့် day တက်ချင်သော်လည်း မတက်ရသဖြင့် သူမကိုပါ အဝေးသင်အတူတက်ဖို့ ခဏခဏတိုက်တွန်းဖူးသည်။ မေမေ့ကို အပူကပ်ထားသဖြင့် သူမ ခုချိန်ထိ day တက်နေရခြင်းသာ။ 


°°°°°


" အအေးသောက်ပြီးရင် အတန်းလစ်ပြီး ရုပ်ရှင်ကြည့်မလားလို့ ဆရာမဒေါ်ခင်မူရဲ့ အတန်းချိန်ဆိုတော့ အသာငြိမ်ကုပ်နေရတဲ့ တို့ဘဝက ဆိုးလှပါသကော အဟွန့် " 


တမင် ငိုသံလုပ်ကာပြောသော သူသူ့စကားကို အဝင်းက ထောက်ခံ၏။ 


" အတူတူပဲ သွားကြည့်မို့ဟာ တီချယ့်ရဲ့ လူရှေ့မရှောင်သူရှေ့မရှောင် မိန်းကလေးပါမချန် မညှာမတာဘုဘောက်ပြောတတ်လွန်းတဲ့ ပါးစပ်ကြီးကို ကြောက်လွန်းလို့ပါတော် " 


သူမ ပြုံးလိုက်၏။ ပန်းရောင်သန်းသော ပါးလေးက မို့တက်သွား၏။ အနည်းငယ် ရှည်လျားသွယ်လျသော လက်ချောင်းလေးတွေဖြင့် ပိုက်ကိုကိုင်ကာ စတော်ဘယ်ရီဖျော်ရည်အား ပါးစပ်တစ်ပြည့်ငုံစုပ်လိုက်သည်။ ထို့နောက် သူသူဆက်ပြောသော စကားကို ပြုံးစစဖြင့် ကြည့်နေလိုက်၏။


" ဟဲ့ ညည်းလေ ညည်းကောင်လေးလက်ချိတ်ပြီး ငါတို့အခန်းရှေ့က ဖြတ်လျှောက်သွားတာလေ၊ ဟိုအကောင် နင် ငါ့ကိုတွေ့မှ နင့်ကောင်မလက်ဖြုတ်ပြီး လွယ်အိတ်နဲ့ မျက်နှာကွယ်သွားတာ အတော်ဟုတ်နေတယ်ဟုတ်လား၊ ဟိုတစ်ယောက် ညည်း ငါ့အတန်းလစ်တာ ရည်းစားနဲ့သွားချိန်းတွေ့တာမှတ်လား၊ ကျောင်းပြီးအောင်တော့ စောင့်ကြပါအေ " 


တီချယ့်ရဲ့ ဟန်ပန်အမှုအရာအတိုင်း တထေရာထဲကို ပြောနေတော့ အားလုံးတဟားဟား အော်ရယ်မိကြသည်။ တီချယ်ပြောတာလည်း ဟုတ်နေတာပဲ။ တီချယ့်အတန်းချိန်ဆို လူစုံတက်စုံတွေ့ရသည်။ tutorial မှာသာ တွေရတတ်သည့် ကျောင်းသားတွေတောင် တီချယ့်ချိန်ဆို လူစေ့၏။ အဲ့ကျမှ မမြင်ဖူးသည့် မျက်နှာတွေ မြင်ရတော့သည်။ 


" ဟဲ့ ဟိုမှာ နင့်လူလာနေတယ် " 


" အို ငါ့လူဟုတ်ပါဘူး " 


သူတို့လှမ်းကြည့်နေရင်း ဆိုက်အပြည့် ဂိုက်အပြည့်ဖြင့် ခေါင်က သူတို့အနား လျှောက်လာသည်ကို ဝိုင်းကြည့်နေကြ၏။ 


" သွားမယ် " 


မတ်တပ်ရပ်လျက် နေကာမျက်မှန်ကိုတောင်မချွတ်တော့ဘဲ အလျင်လိုဟန်ဖြင့် တိုတိုတုတ်တုတ်ပြောကာ လှည့်ထွက်ဟန်ပြင်နေသည်မို့ သူမ ဟမ်ခနဲ ဖြစ်သွား၏။ သူမက ထိုင်နေတာမို့ သူဖျတ်ခနဲ ငဲ့ကြည့်လာသည်။ သေချာပေါက် မျက်မှန်အောက်က သူ့မျက်လုံးတွေ ဒေါသငွေ့ထွက်နေမှာ။ 


" အတန်းရှိသေးတယ် တစ်ချိန်ပဲ " 


" လိုက်ဆိုလိုက်ခဲ့ " 


" မဖြစ်ဘူး " 


သူက ချက်ချင်း ခါးတစ်ဖက်ထောက်လိုက်သည်။ သူက စကားအပိုပြောတတ်သူမဟုတ်။ သူမက ခေါင်းကြောမာနေတော့ သူ စိတ်အချဥ်ပေါက်သွားသည်။ လက်ကိုဆွဲယူဆောင့်ဆွဲခေါ်တော့ ရုတ်ပျက်ဆင်းပျက်ဖြင့် ရက်လျက်သားဖြစ်သွား၏။ သူက လူကြားထဲလည်းမရှောင်။ ဘယ်သူ့မှ လူမထင် ဂရုမစိုက်တာလည်း သူ့စရိုက်။ ရိုင်းစိုင်းတာက သူ့အကျင့်။ 


" လူကြားထဲမှာနော် အတန်းဖျက်လို့မရဘူး တစ်နာရီစောင့် လိုက်ခဲ့မယ် " 


" လွှတ် " 


" လိုက်မှာလား မလိုက်ဘူးလား "


" ဟင့်အင်း " 


သူမလက်အား ခပ်ကြမ်းကြမ်းဆုပ်ကိုင်ဖျစ်ညစ်ရင်း... 


" ဘာ "


" မလိုက်ဘူး " 


စကားသံနှင့်ထပ်တူ လူပုံအလယ် သူမပါးအား နမ်းမွှေးလိုက်သော သူ့ကြောင့် လူတစ်ကိုယ်လုံး ကြက်သီးဖြာထ၍ ကြက်သေသေသွားသလား လိပ်ပြာလွင့်သွားသလား နှလုံးရပ်သွားသလား မသိတော့ချေ။ တလှပ်လှပ်ခုန်နေသော ရင်ခုန်သံနှင့် ခပ်ထေ့ထေ့သူ့အပြုံးမျက်နှာ​က မျက်လုံးထဲ ဝင်ရောက်စီးနင်းလာတော့ ဘာကိုမှ မစဥ်းစားတော့ဘဲ သူ့ပါးပြင်ထက် သူမလက်တစ်ဖက် နေရာယူသွားရာ သူ့မျက်နှာပေါ်က မျက်မှန်လွင့်ထွက်သွားတော့သည်။ သူဟာ မျက်နှာနှစ်ဖက် လျှာနှစ်ခွနဲ့ ဘီလူးကောင်၊ ဒဿဂီရိထက်တောင် မျက်နှာများသေးတဲ့ အကောင်။ ဒီနေ့ကစ သူ့ကို ဘာမှသည်းမခံတော့ဘူး သူတစ်ပြန်ကိုယ်တစ်ပြန်ပဲ၊ တွေ့ကြတာပေါ့။ 


ထို့နည်းအတူ သူ့ထံမှ ချက်ချင်းတုံ့ပြန်မှုကိုလည်း လက်ခံရရှိပြန်သည်။ အတင်းကာရော လက်ကိုဆောင့်ဆွဲ နေရာမှ ဆွဲခေါ်ကာ ကားပေါ်အတင်းထိုးထည့်ပြီး သူမလက်တွေကို ကားခါးပတ်ကြိုးဖြင့် သေချာချည်နှောင်ကာ ကားပေါ်အလျင်မြန်တက်ကာ ဘေးနားဝင်ထိုင်သော သူ့ကို အံတင်းတင်းကြိတ် နီစွေးသောမျက်လုံးများဖြင့် သူ့အား ကြည့်နေတော့ သူမနား တဖြည်းဖြည်းကပ်လာပြီး မျက်နှာနား တရိပ်ရိပ်တိုးလာရာ ကိုယ်လေးလွန့်လူး၍ ခေါင်းခါယမ်းကာ အသေရုန်းကန်နေသော်လည်း သူက သူမခေါင်းအား ဖမ်းယူထိန်းမတ်၍ သူ့နှုတ်ခမ်းရဲ့ ဦးတည်ရာက သူမရဲ့ နူးညံ့ထွေးဥသော နှုတ်ခမ်းလွှာဆီသို့...။ 


" အင့် အွင့် အင်း ဟင့် " 


လက်က နည်းနည်းမှ လှုပ်မရတာ ဆိုးရွားလွန်းသည်။ သူ​က အခွင့်ကောင်းယူ​ကာ တရိပ်ရိပ် ဖဲ့ခြွေနေ၏။ အတင်းစေ့ပိတ်ထားသော နှုတ်ခမ်းကို လျှာဖြင့်ထိုးခွင်းဖွင့်ဟနေသော သူ့လျှာအား ခပ်ဆတ်ဆတ် ဖိကိုက်ချလိုက်တော့ ခွာသွားသည်။ မဲ့ပြုံးကိုဆင်မြန်း၍ သူ့လက်တွေက သူမခါးအား တအားဖျစ်ညစ်လိုက်ရင်း အပေါ်သို့တရစ်ချင်းတိုးလာရာ လန့်ဖျပ်သွားရင်း... 


" ခေါင်! ဟင့်အင်း " 


" ကိုက်ဦးလေ ထပ်ကိုက်လိုက် " 


ပြီးနောက် မညင်သာသော အနမ်းများ ကျူးကျော်လာပြန်သည်။ တွေ့မယ်၊ သူ့လက်ထဲက လွတ်လို့ကတော့လား။ အကြောင်းသိမယ်။ အခုတော့ သူမပါးပြင်မှာ စိုစွတ်လျက်...။ လည်တိုက်တစ်ဝိုက်မှာလည်း အနီကွက် အညိုကွက်များက မြင်ရက်စရာမရှိ၊ အကျည်းတန်လျက်။ သူမအိမ်ရှေ့ကားရပ်တော့ သူကကြိုးဖြည်ပေးတာမို့ အောင့်သက်သက်ဖြင့် အကြံထုတ်ကာ ကားပေါ်မှ ဆင်းလာခဲ့လိုက်သည်။ ပူထူနေသည့် နှုတ်ခမ်းတွေကိုလည်း ပွတ်သပ်လျက်ပေါ့။ 


" ကားပေါ်ကဆင်းခဲ့ ပြစရာရှိလို့ "


သူမ ခေါ်လိုက်တော့ ချက်ချင်း ဆင်းမလာသေး၊ စဥ်းစားဟန်ပြုပြီးမှ ဆင်းလိုက်တော့ သူမကြိတ်ပြုံးလိုက်ရင်း ရုတ်ချည်း မျက်နှာပြန်တည်လျက် ဖွင့်ထားသည့်ကားတံခါးအား လက်ထောက်လျက်ရှိနေသော သူ့ဘောင်းဘီဂွကြားသို့ အရှိန်ဖြင့် ပြေးကန်လိုက်ပြီးသည်နှင့် နေရာမှ ချာခနဲ လှည့်ထွက်ကာ မအီမသာ ကွတစ်ကွတစ်ဖြစ်ကျန်ခဲ့သည့် သူ့ကို ကျေနပ်အားရစွာ လည်ပြန်တစ်ချက် ကြည့်မိအောင် ကြည့်လိုက်သေးသည်။ သူ့ကို ထိုသို့လုပ်လိုက်ရသော်လည်း အငိုက်မိသွားဟန်တူသောကြောင့် အပြည့်အဝ စိတ်ကျေနပ်မှုမရ။ ဘာပဲဖြစ်ဖြစ် သူ့အားပြန်လုပ်နိုင်ခဲ့ပြီ ဟူသောစိတ်ဖြင့် အားတင်းမိသည်။ 


" မင်း! သေမယ် မှာတမ်းခြွေ... "


အနောက်မှာ လွင်တီးခေါင်ဟူသော ဘီလူးခေါင်း ၁၀ လုံး ထက်ပိုသည့် သူ့ရဲ့ ခြိမ်းခြောက်သံသာ ကျန်ရစ်ခဲ့တော့သည်။ ကြောက်လိုက်ပါဘိ။ 


လွင်တီးခေါင်နဲ့ မှာတမ်းခြွေတို့ကို ပိုမိုနီးစပ်စေသည်က နှစ်ဖက်မိဘတွေရဲ့ စေ့စပ်ပေးထားမှုတဲ့။ 


°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°💔💔


ဆက်ရန် >>>


#Ruby Linn


( ကြိုက်ရဲ့လား၊ ကြမ်းရဲ့လား )


rate now: