book

Index 1

အပိုင်း.....၁

မင်းမကြည့်လို့( အပိုင်း.....၁ )

***************************


''ကိုကို "


ကားပေါ်က ဆင်းဆင်းခြင်း အသံစူးစူးလေးကြောင့်...

သြဇာဂုဏ် လှည့်ကြည့်လိုက်မိသည်....


ဂါဝန်အဖြူကားကား ကလေးနှင့်


နွေဦးနွယ်....


ဒီကောင်မလေး ဒီနှစ်ဆိုရင် ဆယ်တန်းဆိုပေမဲ့..


သူမျက်လုံးထဲ တွေ့နေမြင်နေကြ ကလေးလေးအတိုင်း မပြောင်းလဲ...


'' ပြော ဘာပူဆာချင်လို့လဲ "


အကြောင်းသိနေသည့်မို့ သူပြုံးလိုက်ကာ...


သူမ အနားလျှောက်သွားကာ သေသေသပ်သပ်ဖီးထားသည့် ဆံပင်ကို ခပ်ဖွဖွ ပုတ်လိုက်သည်..


သူ့စကားကြောင့်....


တစုံတခုအလိုမကျသည့် မျက်နှာဖြင့် နှုတ်ခမ်း ပါးပါးကလေးကို မသိမသာ စူ လိူက်သည်...


" မသိရင် နွယ်လေးက လိုတာရှိမှ လာတာကျနေတာပဲ "


''မဟုတ်လို့လား အခုနောက်ပိုင်း လိုတာရှိမှ ဒီကိုကို နားကပ်တာပဲကိုး "


ငယ်စဥ်ကထဲက အတူကြီးပြင်းလာခဲ့ကြသူတွေပီပီ..

ရင်းနှီးမှု့က မောင်နှမ အရင်းနှင့်မခြားချေ....


သူကိုယ်တိုင်ပဲ...


ကိုကို ခေါ်ဖို့ သူမလေးကို မုန့်ကျွေးသင်ပေးခဲ့ရတာဖြစ်ကာ...


တစ်ဦးတည်းသော ကလေးတွေပီပီ..


သူမကလဲ သူ့ကိုခင်တွယ်သလို...


သူကလဲ သူမလေးကို ညီမလေးကို ချစ်ခင်သည်...


သို့သော်...

ခုတလော သူမ သူ့နားအရင်လို မကပ်တော့..


ဆယ်တန်းကျောင်းသူကြီးဖြစ်လာကာ...

အပျိူပေါက်ဖြစ်လာတာကြောင့်လား...

သူ သေချာမသိသော်လည်း...


သူကိုယ်တိုင် တက္ကသိုလ် ကျောင်းသားဘဝရဲ့အပျော်တွေကြားမှာ..

တခါတရံသူမကို မေ့တက်လာသည်...မဟုတ်လား..


'' ကိုကို သူငယ်ချင်းလင်းထက်သူ က နွယ်လေးကို ရည်းစားစာပေးတယ် "


'' ပေးရင် ယူထားလိုက်ပေါ့နွယ်လေးရာ...ကိုကို့ သူငယ်ချင်းပဲဟာ "


သူမ မျက်နှာ ကွက်ခနဲပျက်သွားကာ....


မျက်ရည်တွေက ချက်ချင်းဝဲတက်လာသော်လည်းသူသတိထားမိဟန်မရှိပါ...


'' ပြီးတာပဲ "


ခပ်စောင့်စောင့်ကလေး ထွက်သွားတဲ့ သူမ ကျောပြင်ကို ငေးကြည့်ရင်း


ပြန်တော့မကြိုက်နဲ့နော် ဆိုသည့်စကားကိုတော့ သူ ထပ်မပြောဖြစ်လိုက်ဘူးထင်ပါရဲ့..

သူ့မေမေကို နှုတ်ဆက်ကာ...

စက်ဘီးကလေးနင်းရင် ထွက်သွားတာ..


သူ့ကို တချက်ကလေးပင်လှည့်မကြည့်သွား...


သူ အိမ်ထဲ လှမ်းဝင်လာခဲ့ပေမဲ့...

ရင်ထဲတခုခု လိုအပ်နေသလိုလို...

ဟာတာတာနှင့်..


ဘာကို အလိုမကျလို့ မကျမှန်းမသိ....


ခွေးကောင် လင်းထက် ကလေးကဖြင့် ဆယ်တန်းပဲရှိသေးတာ ရည်းစားစာပေးစရာလား


မတားလိုက်မိတာ..


အခုမှနောင်တရချင်လာသလိုလို ဖြစ်သွားခဲ့ပေမဲ့...


မတားခဲ့တာ မှန်သွားတယ်ဆိုတဲ့အကြောင်း..

နောက်ရက်တွေမှာ သိလိုက်ရသည်..


သူမနဲ့ လင်းထက်သူ တို့ ခါတိုင်းထက်ပိုရင်းနှီလာကြသလို..

မကြာမကြာအတူတွေ့ရတက်သည်...


" ကိုကို "


သူ့ကိုတွေ့တော့ အရင်အတိုင်း ပြုံးပြကာ သူ့အနားအပြေးလာသည်...

လင်းထက်..သူ့ကို အပြင်သွားဖို့ခေါ်နေတည်းက သူ သဘောပေါက်လိုက်သင့်သည်..


" နွယ်လေး က ဘာလို့လင်းထက်နဲ့ပါလာတာလဲ "


''ငါချိန်းထားတာ အပြင်လိုက်ပို့ပေးမလို့ "


'' ဘယ်လဲ "


'' ကစားကွင်းလေ ကိုကိုရဲ့ "


'' အဲ့ဒါကြောင့် အဖော်ရအောင် မင်းကိုပါ ချောဆွဲတာ ''


'' ဒါများ ကိုကို့ ကိုပြောရောပေါ့ ဒါမှမဟုတ်လဲ ကိုကို အိမ်ကိုဝင်ခေါ်မှာပေါ့ "


''နွေဦးက သူနဲ့ငါအကြောင်း တခြားသူတွေကို မသိစေချင်ဘူးတဲ့ "


လင်းထက် ဘာကို ဆိုလိုချင်သလဲ....


သူ သဘောပေါက်လိုက်သည်...


ပကတိ ကြည်လင်နေသည့် သူမ မျက်နှာလေးကို လှမ်းကြည့်ရင်း..


'' ဟားဟား..မင်းတို့က ငါ့ကို အတွဲကြားက လူဖြစ်အောင်လုပ်ကြတော့မလို့ပေါ့ "


'' ဟာ...ကိုကို ကလဲ "


ရဲတက်သွားသည့်မျက်နှာနှင့်...


ရှက်နေတဲ့ သူမလေး...


ဒီကလေးမလေးတောင် ရည်းစား ထားတဲ့အရွယ်ရောက်နေပြီပဲ..


'' ကိုကိုက နွယ်လေးကို စာမေးပွဲ ဖြေနိုင်ရဲ့လားတောင် မမေးဘူး "


'' မှန်ကြောင် စာကြမ်းပိုးလေးပဲဟာ တကူတက မေးစရာလိုလို့လား "


သူတို့နှစ်ယောက်ကြားက အခြေအနေကို အကဲခတ်နေသည့်

လင်းထက်သူ.....


ဒီကောင် နွယ်လေးကို စ သဘောကျ ကတည်းက သူ့ကို အရင်မေးတာဖြစ်သည်..


သူက သူမလေး ဆယ်တန်းမှာ အနှောက်အယှက်ဖြစ်မည်စိုးတာမို့ စာမေးပွဲ ဖြေပြီးမှ ဖွင့်ပြောဖို့ တားထားခဲ့တာ...

တကယ်ဆို..

ရည်းစားစာရ​ကြောင်း...


လာပြောသည့်နေတည်းက....


သူမ စာမေးပွဲ ပြီးတာဖြစ်သည်....


ဒါကိူ အခုမှ ဂျစ်တူးမက ဂျစ်တာ...


'' ကိုကို "


''ဟင် "


ထူးလိုက်တာမဟုတ်ပဲ အတွေးလွန်နေရာမှ ရုတ်တရက်ခေါ်လိုက်တာသည်မို့ အသိဝင်လာတာဖြစ်သည်...


ရည်းစားနှင့် လာချိန်းတွေ့သည့် ကောင်မလေးက...

ရည်းစားနားမကပ်.....


သူ့လက်မောင်းကိုသာ ချိတ်ထားသည်မှာ တောက်လျှောက်..

နောက်ဆုံး ကြားလူက...

သူမဟုတ်ပဲ....လင်းထက် ကအလိုလို ကြားလူပုံပေါက်သွားသည်...

ငယ်သေးတဲ့အရွယ်မို့နေပါလိမ့်မည်....


'' ကိုကို ဟိုမှာ "


သူမလက်ညှိုးထိုးပြရာကိုကြည့်မိတော့ သူမကြိုက်သည့် ရေခဲမုန့်ဆိုင်...

ဘယ်လောက်ပဲ ရည်းစားထားအပျိူကြီး ဒီဇိုင်းဖမ်းပါစေ သူကြိုက်တဲ့ ရေခဲမုန့်ဆိုတွေ့တော့ ခုန်စွစွနှင့် ဟိုဘက် ကားလမ်းကို အပြေးသွားဖို့ပြင်သည်...


'' တီ.........''


ဟွန်းသံကင်းမဲ့ဇုန်တွင်....


ဟွန်းသံကို အသားကုန်ပြုလုပ်ကာ...


ထောင်ထားသည့် ကျောင်းရှိသည်ဖြေးဖြေးမောင်း ဆိုသည့် ဆိုင်းပုဒ်ကို အရှိန်အဟုန်ဖြင့် ကျော်ဖြတ်လာကတည်းက..


သူ့ခန္ဓာကိုယ် တောင့်တင်းသွားကာ...


အသံလာရာ လှည့်ကြည့်ပြီးကြောင်နေသည့်သူမ...


" နွယ်လေး "


သူမ လက်တစ်ဖက်ကို အားကုန်သုံး လှမ်းဆွဲကာ ဘယ်လောက်အတိုင်းအတာအထိ သူမ ကားနှင့် လွတ်ကင်းသည်မသိရသည်မို့


သူရင်ခွင်ထဲဆွဲထည့်လိုက်ကာ.. သူမခန္ဓာကိုယ်ကို ပလက်ဖောင်းဘက်ဆွဲလှည့်ပြီး ကားရှိရာဘက်မှ သူ့ ခန္ဓာကိုယ်ဖြင့်ကာပေးထားရင်း...

မျက်လုံးစုံမှိတ် ထားလိုက်မိသည်...


ဒီကလေးမှ အန္တရာယ် ကင်းဖို့သာ ပထမဦးစားပေး...


ကားက သူ့နောက်ကျောမှ အရှိန်ပြင်းပြင်း ဖြတ်မောင်းသွားကာ...

ကပ်သီးလေး လွတ်သွားခဲ့ပေမဲ့...

အရှိန်မထိန်းနိုင်ဘဲ လမ်းပေါ် လဲကျတော့သည်...


ရင်ခွင်ထဲမှာ သူ့ခါးကိုခပ်တင်းတင်ဖက်တွယ်ထားရင် မျက်လုံးအစုံမှိတ်ထားသည့် သူမ...

နာကျင်မသွားစေရန် လဲကျနေသည့်ကြားက သတိထားရသည်...

သူမ ခန္ဓာကိုယ်လေး သူ့ရင်ခွင်ထဲမှာ မြှပ်နေသည်အထိလူကောင်ထွားသည်ကိုပင်ကျေးဇူးတင်မိတာအကြိမ်ကြိမ်...


ကတ္တရာလမ်းပေါ် သူ့ကျောနှင့်ကျသည်မို့...


ကျောအောင့်သွားသော်လည်း...


သူ့နှုတ်ခမ်းနှင့် အနီးဆုံးနေရာတွင် သူမ ပါးဖောင်းဖောင်းလေး ကို ထိတွေ့ လိုက်ရသည်က...

ရင်ခုန်သံအရှိန်ထိန်းမရတော့...


ငယ်ငယ်က သူ မကြာခဏ နမ်းလေ့ရှိသည့် ပါးဖောင်းဖောင်းလေး တွေဖြစ်သော်လည်း..


အသက်အရွယ်ကြောင့်ထင်သည်....


နမ်းခွင့်မရတာကြာတဲ့ ဒီပါးလေးတွေကို ရင်ခုန်လာမိတာ...


ဒါဟာ...

သွေးသားမတော်စပ်သည့် ယောက်ျားနှင့်မိန်းမကြား ဖြစ်လေ့ရှိသည်မဟုတ်ပါလား..


သူမက ကလေးမို့ဆိုပေမဲ့....


သူကတော့ တက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသားကြီးပင် ဖြစ်နေပြီမို့...


ရုတ်တရက် ရင်ခုန်သံတွေအကြောင်း နားလည်သည့်အရွယ်မဟုတ်လား...


သေချာသည်က ဒီကလေးမကို ရင်ခုန်ခြင်းမဟုတ်...

အထိအတွေ့ကြောင့်ဖြစ်သည်....


'' နွေဦး ''


လင်းထက်ရဲ့ ခေါ်သံနှင့်အတူ ထွက်ပေါ်လာသည့် သူမရဲ့ ငိုသံ


" အီး အဟင့် "


အသံကျယ်ကျယ်နဲ့ထွက်ပေါ်လာသည့် ငိုသံကြောင့် ခုနက ရင်ခုန်သံတွေ ပျောက်ချင်းမလှပျောက်...


" နွေဦး... ညီမလေး ဘာဖြစ်သွားလဲ ဘယ်နားထိသွားလဲ "


ဒီကောင်မလေးအကျင့်အတိုင်းဆို မေးမရနိုင်လောက်သေးသည်မို့...


သူမ ခန္ဓာကိုယ်အနှံ့ သူ့ဘာသူပဲ ​မျက်လုံးတွေရွေ့ကာ အလျှင်အမြန် ကြည့်ပြီး စစ်ဆေးရတော့သည်..

တော်သေးသည်...


ပွန်းပဲ့ရာတောင် မဖြစ်အောင် ကာကွယ်ပေးနိုင်ခဲ့တာမို့ ကျေနပ် သွားမိသေးရဲ့...


'' ကိုကို့လက် .. ကိုကို့လက် "


သူမ အသံကြောင့် လင်းထက်က သူ့ကိုလှမ်းကြည့်ကာ...


" ဂုဏ် မင်းလက်က ရရဲ့လား "


ဒီတော့မှ သူ့လက်တွေသူ ယောင်ရမ်းငုံကြည့်မိသည်..

ဆစ်ကနဲ နာကျင်မှု့နှင့်အတူ 


ပွန်းပဲ့နေကာ သွေးအနည်းငယ် ထွက်နေသည်..


" ပွန်းသွား တာထင်တယ် ရတယ် လင်းထက် ငါတို့ပြန်ရအောင် နွယ်လေးလဲ လန့်သွားတယ်ထင်တယ် "


သူ့စကား အဆုံးမှာ နွယ်လေးကိုရော သူ့ကိုပါ လင်းထက်က ထူပေးသည်...

အငိုတိတ်စပြုနေသည် ကလေးမ ကို လင်းထက်က ကျောပိုးအိတ်ထဲက ရေဘူးထုတ်တိုက်ကာ...

သူ့ကိုလဲသောက်စေသည်...


လူရှင်းနေသည့်လမ်းမို့ ကားကို မိုင်တင် မောင်းသွားပုံက ရမ်းကားလွန်းလှသည်....

ဒီနံပတ်နှင့် ကားပိုင်ရှင် ဘယ်သူ...

သူ သိလိုက်တာမို့....


ဒီတိူင်း ကျော်သွားပေးမည်မဟုတ်ပါ....


အသက်မပြည့်သေးပဲ ကားတက်မောင်းပြီး ရမ်းကားသည့်ကောင်..


တွေ့ကြတာပေါ့.....


rate now: