book

Index 7

Part-( 7 )

🌧🌧️️ ကိုကို မုန်းရက်ခဲ့ရင်...🌧️🌧

""တီ!....တီ!""

ဦးကောင်းကင် သူ့ဆီဖုန်းဆက်လာသူထံ သွားတွေ့ပြီး
ပြန်အလာ ခြံထဲ ကားဝင်လိုက်တာနဲ့ မလှမ်းမကမ်းမှာ
ထိုင်နေသော 'စေညွှန်း'ကိုတွေ့လိုက်ရ၏။

""ဒီကောင်လေး ကြည့်ရတာလည်း
အမြဲငေးငေးငိုင်ငိုင်နဲ့ဘာတွေများတွေးနေတာပါလိမ့်...
မောင်နိုင်...သူ့ကိုသွားခေါ်လိုက်ပါကွယ်
စကားပြောမလို့""

""ဟုတ်ကဲ့""

ဧည့်ခန်းထဲ ထိုင်စောင့်နေပြီး ခဏကြာတော့...

""ကျွန်တော့်ကို ပြောစရာရှိတယ်ဆို""

""အော်! အေး...ထိုင်ဦး""

""ဟုတ်ကဲ့...
ကျွန်တော်လည်း ဦးလေးကိုပြောစရာရှိပါတယ်""

""ဟေ! ဟုတ်လား...
ကဲ! ဆိုပါဦး...မင်းအရင်ပြော"

""ဟို! ကျွန်တော်ဒီမှာနေတာရက်ကြာနေပြီလေ...
ဦးလေးရဲ့ကားနဲ့တိုက်မိတာက ဘာမှလည်းသိပ်မဖြစ်ဘဲ
ဒီလို အိမ်ပေါ်ထိ အလကားတက်နေတာက
မကောင်းဘူးထင်လို့ပါ...ဒါကြောင့်""

""ဒါကြောင့် မင်းဒီကသွားတော့မယ်...
ပြောနေကျစကားပဲလေ...ဟုတ်တယ်မလား?""

""ဟုတ်..ဒါပေမယ့်...
ကျွန်တော်တစ်ခုလောက်တောင်းဆိုချင်ပါတယ်""

""ပြောကြည့်ပါဦး""

""ကျွန်တော် အိမ်ကထွက်လာကတည်းက
သုံးစရာပိုက်ဆံ ပါမလာခဲ့ပါဘူး...အဲ့ဒါ...""

ဆက်ပြောရန်ခက်သလိုအမူအရာနဲ့ အကျပ်ရိုက်နေသောထိုကောင်လေးကိုကြည့်ရင်း ဦးကောင်းကင် ပြုံးမိရ၏။ဒီလို ရိုးသားနေလို့လည်း သူများက သူ့ကို သူခိုးဖြစ်အောင်ချောက်တွန်းတာ ခံရတာပေါ့...။အခုတော့ ဒီကောင်လေးနဲ့ပတ်သက်တဲ့အတိတ်အကြောင်း အဖြစ်မှန်တွေအားလုံးကို ဦးကောင်းကင် သိလာခဲ့ပါပြီ။ ဒီကလေးရဲ့ဘဝက သနားစရာပါ...။ပြီးတော့ သူကိုယ်တိုင်ကလည်း ဒီကလေးကိုစမြင်ကတည်းက သားလေးတစ်ယောက်လို ရင်းနှီးတွယ်တာခဲ့သည် မဟုတ်လား...

""မင်း ငါ့ဆီက လမ်းစရိတ်တောင်းနေတာပေါ့...
ကဲ! ပေးလိုက်ပြီထား...မင်းဘယ်ကိုသွားမှာလဲ""

""အဲ့ဒါက ကျွန်တော့်ကိစ္စပါ""

""သား!""

ခေါင်းငုံ့ထားလျက်မှ ထိုလူကြီးဆီက ကြားလိုက်ရသောအသံကြောင့် ညွှန်း အံ့အားသင့်သွားမိသည်။ဒီနာမ်စားကို အဖေအရင်းကတောင်မှ ထုတ်မခေါ်ဖူးတာလေ။ သူစိမ်းတစ်ယောက်ဆီကကြားလိုက်ရတယ်ဆိုပေယ့်...ညွှန်း အတွက်တော့ နွေးထွေးမှုကိုပေးစွမ်းနိုင်လေ၏။

""မင်း ဘယ်မှသွားစရာမလိုဘူး...
ဒီနေ့ကစပြီး မင်းက ငါ့ရဲ့တရားဝင် သားဖြစ်သွားပြီ""

""ဗျာ! ဘယ်လို...""

""ဟုတ်တယ်...
မင်းကို ငါ့သားအဖြစ် အပြီးအပိုင်မွေးစားလိုက်ပြီ
ငါက မင်းအဖေ...ပြီးတော့ ဒါက မင်းအိမ်ပဲ""

အံ့သြပါ့...ဒီစကားတွေကို နားရှိလို့သာကြားရပေမယ့်
ညွှန်း စိတ်ထဲမယုံနိုင်။ ဒီလူကြီးက ဘယ်လိုကြောင့်များ မနေ့တနေ့ကမှသိတဲ့ သူ့လိုလူကို ဘယ်လိုယုံကြည်ချက်နဲ့...

""ဘာတွေစဥ်းစားနေတာလဲ သား""

ထိုလူကြီးက သူတွေးနေတာကိုသိလို့ထင်ရဲ့...မေးခွန်းက တန်းခနဲရောက်လာတာမို့...

""ဟို...ဦးလေးက အရမ်းများအယုံလွယ်နေသလားလို့ပါ
အကယ်၍ ကျွန်တော်က လူဆိုးလူမိုက်ဖြစ်နေရင်ရော...
ကျွန်တော့်အကြောင်းလည်း ဘာမှမသိဘဲ...""

""မင်းအကြောင်းကို daddyသိသင့်သလောက်သိပြီးပါပြီ
ပြီးတော့ ငါလူကဲခတ်တဲ့စွမ်းရည် အဲ့လောက်မညံ့ပါဘူးကွ""

""........""

""ကဲ! သားလက်ခံတယ်မဟုတ်လား??
ဒါပေမယ့် တစ်ခုတော့ရှိတယ် ...
မင်းက ငါ့သားဖြစ်သွားတဲ့အချိန်ကစပြီး
မင်းရဲ့ အရင်တုန်းက ဘဝနေထိုင်မှုကိုမေ့ပစ်ရမယ်
လူသစ် စိတ်သစ်နဲ့ ဘဝအသစ်ကို daddyကပေးမယ်""

""ဘဝအသစ်??""

""အင်း...မင်းအရင်က ပတ်သက်ခဲ့သမျှ
အတိတ်က လူတွေအားလုံးကိုမေ့ပစ်ခဲ့လိုက်...
အဲ့လိုလုပ်နိုင်ပါ့မလား...""

ညွှန်း ဇဝေဇဝါနဲ့ပဲခေါင်းကိုငြိမ့်လိုက်မိသည်။
စိတ်ထဲမှာတော့ အခုထိမယုံနိုင်သေး...။လူတွေကို အယုံမလွယ်တတ်တာကိုက သူ့အတွက်စွဲမြဲနေတဲ့အကျင့်တစ်ခုဖြစ်နေသည်လေ...။သို့ပေမယ့် အခုချိန်မှာ ဒီကမ်းလှမ်းချက်ကို မိုက်ရူးရဲစွာ ငြင်းပယ်ပြီး ထွက်သွားရမယ့် ဦးတည်ရာလည်းမရှိသေးဘူးဆိုတော့....။

💭💭💭💭💭💭💭💭💭💭💭💭💭💭

ဦးအောင်စေတစ်ယောက် နံရံထက်က နာရီဆီမော့ကြည့်ရင်း ဧည့်ခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေမိသည်။
ည(၁၂)နာရီကျော်နေပြီဖြစ်သော်လည်း သားဖြစ်သူရော ဇနီးဖြစ်သူပါ အိမ်ကိုတစ်ယောက်မှပြန်မလာကြ...။ဒီသားအမိရဲ့အကျင့်ပျက်မှုကတော့ ကြာလေပိုဆိုးလေပါပဲလား...

""တီ!""

စဥ်းစားနေတုန်းမှာပဲ ခြံထဲသို့ ကားတစ်စီးဝင်လာလေ၏။
ကားပေါ်က ကျော့ကျော့မော့မော့လေးဆင်းလာသူကတော့ ဇနီးဖြစ်သူ ဒေါ်အိမ်စည်...။ ညသန်းခေါင်ရောက်နေလည်း မျက်နှာမှာတော့ မိတ်ကပ် နှုတ်ခမ်းနီ အထင်းသားနဲ့ပါပဲလား....

""ဘယ်အချိန်ရှိနေပြီလဲ...""

ဧည့်ခန်းမှာ လူထိုင်နေတာတောင်အဖက်မလုပ် အပေါ်ထပ်တက်သွားတော့မယ့်ဆဲဆဲမှာ ဦးအောင်စေဟန့်တားလိုက်ခြင်းဖြစ်သည်။

ပြောလိုက်သံကြားမှ ခြေလှမ်းတို့ကိုရပ်တန့်ကာ...

""အော်! ကျမ ဟိုဘက်မှာ ဝိုင်းကောင်းနေလို့ပါရှင်""

""မင်း အဲ့ဒီလောင်းကစားတွေ...ဖဲရိုက်တာတွေ
မတော်နိုင်သေးဘူးလား...မင်းအမေတစ်ယောက်မဟုတ်ဘူးလား...မင်းကိုယ်တိုင်က ဒီလိုအကျင့်ပျက်နေရင် မင်းရဲ့သားကို ဘယ်လိုဆုံးမမလဲ""

""နေပါဦး!
ရှင်ကရော ဘာဖြစ်နေတာလဲ...
ဘယ်တုန်းက ကျမကိစ္စတွေကိုစိတ်ဝင်စားတတ်သွားတာလဲ
ပြီးတော့ အခုတလောရှင့်ကြည့်ရတာ ငူငူငိုင်ငိုင်နဲ့
အပြစ်တွေလည်းရှာတတ်လာတယ်
ဘာလဲ! ရှင့်ရဲ့မယားငယ် အိမ်ဖော်မကမွေးတဲ့
တိတ်တိတ်ပုန်းသားလေးပျောက်သွားလို့...
ရှင်စိတ်ထိခိုက်နေတာမလား""

""တော်စမ်း! မင်းမဆိုင်တာတွေပြောပြီး
စကားလွှဲဖို့မကြိုးစားနဲ့...ငါပြောတာ မင်းတို့သားအမိအကြောင်း...ပြီးတော့ သူဒီမှာမရှိတော့တာတောင်
မင်းတို့သူ့ကိုအလွတ်မပေးနိုင်သေးဘူးလား""

""မပေးနိုင်ဘူး...
ကျမကတော့ အဲ့ဒီကောင်ရဲ့မျက်နှာကိုမြင်တိုင်း
ရှင် ကျမအပေါ်သစ္စာဖောက်ခဲ့တယ်ဆိုတဲ့အတိတ်က
ရင်ထဲ တနုံ့နုံ့နဲ့လာဆွနေသလိုပဲ...
ဒါကြောင့်လွန်ခဲ့တဲ့ဆယ်နှစ်ကတည်းက သူ့ကိုဒီအိမ်ပေါ်ခေါ်မတင်နဲ့လို့ကျမပြောပြီးသား...ဒါကို ရှင်က မရမကသွားခေါ်လာခဲ့တာလေ...""

"".......""

""ပြီးတော့ ရှင်က ကျမတို့ရှေ့မှာသာ
သူ့ကိုဂရုမစိုက်သလိုလုပ်နေတာ...တကယ်တမ်းတော့
ရှင့်သားကို သေမလောက်ချစ်နေတယ်မလား...
အခုလည်း သူပျောက်သွားတဲ့နေ့ကစပြီး ရှင် ဟိုပြေးဒီပြေးနဲ့လိုက်စုံစမ်းနေတယ်ဆိုတာ ကျမမသိဘူးများထင်နေလား?
တစ်ခါတည်းပြောထားလိုက်မယ်...ရှင်အခုနေနေတဲ့
ဒီအိမ်က ကျမအိမ်....ရှင်လုပ်နေတဲ့စီးပွားရေးလုပ်ငန်းကလည်း ကျမမိဘတွေရဲ့အမွေ...ရှင့်ပိုင်ဆိုင်မှုတစ်ခုမှမပါဘူး
ဒီတော့ သူ့ဆန္ဒနဲ့သူထွက်သွားတဲ့ရှင့်သားကို နောက်တစ်ခါတော့ အိမ်ပေါ်ထပ်တက်မလာပါစေနဲ့...""

""ဟူးး!""

အိမ်ထဲသို့ဝင်လိုက်တာနဲ့ မြင်လိုက်ရတဲ့မြင်ကွင်းနဲ့ကြားရတဲ့စကားသံတွေကြောင့် 'ပိုင်စေ'စိတ်ပျက်စွာပဲသက်ပြင်းချလိုက်မိ၏။

""မာမီတို့က ညသန်းခေါင်ထိ တစ်ပွဲတစ်လမ်းနွှဲပြီး
ရန်ဖြစ်နေတုန်းလား...စိတ်ပျက်တယ် ...
သွားတာပဲကောင်းတယ်""

""ဟဲ့! သား အခုပဲပြန်ရောက်တယ်
ဘယ်ကိုပြန်ထွက်မလို့လဲ""



""အိမ်မှာ နားငြီးတယ်လေဗျာ...
ဘော်ဒါတွေရှိတဲ့ clubကိုပဲပြန်ဒိုးတော့မယ်
အော်! ဒါနဲ့မာမီ သားဆီမှာ ရေခမ်းနေလို့...
နည်းနည်းပါးပါးဖြည့်ပေးလိုက်ဦး""

""ကဲ! ရော့ပါရှင်...
ဒီတစ်ညတော့ဒါပဲသုံးလိုက်...
နောက်နေ့မှ မာမီထပ်ပေးမယ်""

""Ok ! မာမီ...love you""

ပေးလိုက်တဲ့ ပိုက်ဆံတစ်ထပ်ကိုယူကာ အိမ်ထဲကထွက်သွားတဲ့ သားဖြစ်သူကိုကြည့်ရင်း ဦးအောင်စေ ဖြေးညှင်းစွာခေါင်းခါလိုက်မိ၏။ ကိုယ့်သားဖြစ်သူက ဒီလိုသုံးဖြုန်းပျော်ပါးနေတာကိုလည်း အမေလုပ်သူက မတားတဲ့အပြင် သူကပါရေလောင်းပေးနေသေးသည်။ ဒါကို အဖေဖြစ်သူကဝင်ပြောပြန်ရင်လည်းကြိုက်မှာမဟုတ်လို့ ပြောမနေတော့ပါ။
အရင်ကလည်း ခဏခဏပြောနေပေမယ့် နားမှမဝင်ဘဲ...။
အမေဖြစ်သူရဲ့အလိုလိုက်မှုကြောင့် ဒီကောင်လေးတော့ တစ်နေ့တခြား ပိုပိုပြီး ပျက်စီးနေချေပြီ..။

ဒါနဲ့ ဟိုကလေးရော အဆင်ပြေနေရဲ့လားမသိ။
အများရှေ့မှာဘယ်လိုပဲ ဥပေက္ခာနဲ့နေပြပါစေ...ဖြတ်တောက်မရတဲ့ ကိုယ့်ရဲ့သွေးသားမို့ ရင်ထဲမှာတော့ရှိနေသလို
ဒီသားလေးကိုလည်းချစ်ပါသည်။ခုနက ဇနီးသည်ပြောခဲ့သလိုပဲ ဒီအိမ်နဲ့လက်ရှိလုပ်ငန်းရဲ့အရင်းအမြစ်တွေအားလုံးက အိမ်စည့်မိဘတွေဆီကဆင်းသက်လာခဲ့တာပါ...

ဟိုးအရင်တစ်ချိန်ကတော့ ဦးအောင်စေဆိုတာလည်း
ဆင်းရဲတဲ့သာမန်ကောင်လေးတစ်ယောက်ပါပဲ။ ရိုးသားကြိုးစားမှုကြောင့် အလုပ်ရှင်သူဌေးရဲ့သမီးဖြစ်သူနဲ့အကြောင်းပါခဲ့ပြီး ဒီလိုဘဝအခြေအနေမျိုးရခဲ့တယ်ဆိုပါတော့...။ဘဝတစ်လျှောက် အမြဲလိုမှန်ကန်စွာနေထိုင်လာခဲ့ပါလျက် တစ်ခုတည်းသောအမှားကြောင့် အိမ်ထောင်ရေးဖောက်ပြန်မိသလိုဖြစ်ခဲ့ရကာ...ရုတ်တရက်မို့ ထိုအမှားကိုတာဝန်ယူရန် ဝန်လေးခဲ့မိသည်။

သို့ပေမယ့် အချိန်တွေကြာလာတော့ ကိုယ့်အမှားကိုယ်ဆင်ခြင်မိကာ ဒုတိယဇနီးဖြစ်သူနဲ့ကလေးကို ပြန်လည်ရှာဖွေခဲ့ပေမယ့် သူမက မီးမတော်တဆမှုကြောင့် သေဆုံးခဲ့ပြီဖြစ်ကာ...သားလေးကိုလည်းမိဘမဲ့ဂေဟာမှာရှာတွေ့ခဲ့သည်။ ဒါနဲ့ပဲ မိဘမဲ့ဂေဟာလိုနေရာထက် အဖေအရင်းဖြစ်တဲ့ ကိုယ့်မျက်စိအောက်မှာထားတာက ပိုသင့်တော်မယ်လို့ဆုံးဖြတ်ကာ တရားဝင်ဇနီးနဲ့အတိုက်အခံလုပ်လို့ အိမ်ပေါ်ခေါ်တင်လာခဲ့သည်။
ဒီအိမ်မှာလည်း သားလေးအတွက်အဆင်မပြေလှမှန်းသိပေမယ့်... အမြဲလိုအနိုင်ကျင့်အပြောအဆိုခံရတာလည်းမြင်နေပေမယ့် အဖေတစ်ယောက်ရဲ့အာဏာနဲ့ကာကွယ်ရပ်တည်ပေးတာမျိုးတော့လုပ်မပေးနိုင်ခဲ့...။ဘာလို့လဲဆိုတော့...သူ့ဘက်ကဒီလိုလုပ်ရင် နဂိုကတည်းကအမြင်မကြည်တဲ့ ဟိုသားအမိက ပိုလို့ နှိပ်စက်အနိုင်ကျင့်ကြမှာသိလို့ပါ...

ဒါကြောင့်ပဲ လူတွေရှေ့မှာအမြဲလို ဥပေက္ခာနဲ့နေပြရင်း...အခုထိတောင် သားလို့ နွေးထွေးစွာထုတ်မခေါ်ခဲ့ဖူးသလို...'စေညွှန်း'က ဦးအောင်စေရဲ့သားပါလို့ အများသိအောင်ပြောမပြနိုင်ခဲ့...။

ဒါက အဲ့ဒီ့ကောင်လေးရဲ့ဘဝကို ပိတ်လှောင်ထားတာနဲ့အတူတူပဲမဟုတ်လား...။

သူလည်း တော်တော်စိတ်နာနေခဲ့မှာပါပဲ...

အဖေက မင်းဘဝကို ကောင်းမွန်အောင် ကူညီမပေးနိုင်ခဲ့ဘူး
တစ်ခါတလေမှာ အနားနားမှာခေါ်ထားပြီး ဒဏ်ရာပေးတာထက်...အဝေးကိုပျံသန်းခွင့်ပေးလိုက်တာက ပိုပြီးတော့ ချစ်ရာရောက်သလိုပါပဲ...

ဒါတွေကို တစ်နေ့ကျရင် အဖေရှင်းပြခွင့်ရချင်ပါသေးတယ်...'သား'...။

💭💭💭💭💭💭💭💭💭💭💭💭💭💭

""ဒေါက်! ဒေါက်!""

မနက်အစောကြီးပဲရှိသေးပေမယ့်...တံခါးခေါက်သံထွက်ပေါ်လာတာမို့ တံခါးသွားဖွင့်လိုက်တော့...မြင်လိုက်ရတဲ့သူတွေကြောင့် ညွှန်းအံ့သြသွားရသည်။

သူ့အခန်းရှေ့မှာ အနောက်တိုင်းဝတ်စုံအပြည့်နဲ့ရပ်နေသူ လူငါးယောက်...

""ခင်ဗျားတို့ကဘယ်သူတွေလဲ""

မေးလိုက်တော့ ငါးယောက်စလုံးက သူ့ကို တန်းစီဦးညွှတ်လိုက်ပြီး...

""မင်္ဂလာပါ သခင်လေး
ကျွန်တော်တို့ကို သခင်လေးလိုအပ်တာရှိရင်ခိုင်းဖို့
သခင်ကြီးလွှတ်လိုက်တာပါ""

""ဟမ်! ခိုင်းဖို့??
ငါးယောက်တောင်...""

""ဟုတ်ကဲ့ပါ...အခုတော့...အောက်ထပ်မှာ
breakfastစားဖို့သခင်ကြီးစောင့်နေပါတယ်""

""အော်! အင်း""

ညွှန်း အံ့သြစွာပဲ...ခေါင်းကိုကုတ်လျက်...breakfastဝိုင်းသို့ရောက်ခဲ့ရ၏။

ဟိုငါးယောက်ကလည်း အနောက်ကနေထပ်ကြပ်မကွာလိုက်လာရင်း ဘေးနားမှာတန်းစီရပ်နေကြပြန်သည်။

""သား...ဘာတွေအလိုမကျဖြစ်နေလဲ""

သိလိုက်ပြန်ပြီပေါ့...သူ့မျက်နှာအမူအရာက ဒီလောက်ပဲဖတ်ရလွယ်နေသလားမသိ...။သူ့စိတ်ထဲတစ်ခုခုတွေးတာနဲ့ ဒီဦးလေးက ရိပ်မိနေပြီးသား...။

""ဟို!...သူတို့တွေ...""

""အင်းလေ...သူတို့တွေက
သားလိုအပ်တာရှိရင်ခိုင်းဖို့...""

""အဲ့လောက်လည်းမလိုပါဘူး...
ပြီးတော့ ဒီလောက်လူအများကြီးဘေးမှာရှိနေတာ
မနေတတ်ဘူး...မကြိုက်ဘူး""

""ကဲ! ဟုတ်ပါပြီကွာ...""

ပြောရင်းပင်...ဦးကောင်းကင်က သွားတော့ဆိုသောအမူအရာပြလိုက်မှ ဟိုလူတွေလည်းထွက်သွားကြလေ၏။

""သား ...ဒီမှာကြည့် daddyပြောပြမယ်
မင်းကအခု ဦးကောင်းကင်ရဲ့သား စေညွှန်းဖြစ်နေပြီလေ
အဲ့ဒီ့နေရာနဲ့လိုက်ဖက်တဲ့ levelနဲ့ညီအောင်နေတတ်ဖို့ကြိုးစားပါ...အခုနေသားမကျသေးတာ ထား...
ဒါပေမယ့်...ရအောင်လေ့ကျင့်ရမယ်""

""ဟုတ်ကဲ့""

""ပြီးတော့ daddyပြောထားတာမမေ့နဲ့
မင်းရဲ့အတိတ်မှာဘာတွေပဲဖြစ်ခဲ့ပါစေ...
အဲ့ဒီကနေ ရအောင်ရုန်းထွက်ပါ...မင်းကအရင်နဲ့မတူညီတဲ့
စေညွှန်းဖြစ်ရမယ်...""

"".......""

""ပြီးတော့ daddyကဒီမှာအမြဲမနေဘူး...ဒီကလုပ်ငန်းတွေကိုကကြည့်ပေးမယ့်သူရှိတယ်လေ...
မကြာခင်မှာ Singaporeကိုပြန်မယ်...
သားအတွက်လည်း ပြည်ပထွက်ခွာဖို့အားလုံးစီစဥ်ထားပြီးပြီ""

""ဒီနိုင်ငံကနေတောင် ထွက်သွားရမှာလား""

""တစ်သက်လုံးမဟုတ်ပါဘူးကွာ
ခဏတဖြုတ် မင်းရဲ့အတိတ်တွေနဲ့ဝေးရာဆီခေါ်သွားမလို့ပါ
စိတ်ပြေလက်ပျောက်ပေါ့...အချိန်မရွေးပြန်လာလို့ရတာပဲ
ဒီမှာလည်း မင်းအတွက်ကောင်းတဲ့အမှတ်တရတွေမကျန်ခဲ့ဘူး မဟုတ်လား""

စကားအဆုံးမှာ ညွှန်း သက်ပြင်းရှည်တစ်ခုကိုချလျက်...ခေါင်းကိုလည်းငုံ့ချလိုက်ပါ၏။
အမှတ်တရတဲ့!
ညွှန်းအတွက်တော့ အမှတ်တရဆိုတာ 'သူမ'တစ်ယောက်ပဲရှိတာပါ...
'ချစ်ရည်ရွှန်း'ဆိုတာ 'ညွှန်း'ဘဝရှင်သန်မှုရဲ့တစ်ခုတည်းသောအမှတ်အသား...။
အခုတော့ ဒါကလည်း မေ့ပစ်ရမယ့်အတိတ်တစ်ခုတဲ့လား...

ဟင့်အင်း! ငါမေ့ပစ်မယ့်အထဲ မင်းတော့မပါဘူး ချစ်ရည်ရွှန်း

ငါ မင်းကိုသိပ်ချစ်ခဲ့သလို...သိပ်လည်းယုံကြည်ခဲ့တယ်...
ဒါပေမယ့် မင်းဘက်က အရင် ငါ့ကိုစွန့်ပစ်လိုက်တာနော်...

(ဒါက ဖြစ်သင့်တဲ့ကိစ္စပဲလေ)

(ကိုကိုကြီးနဲ့ကျမကို အစထဲက လူကြီးချင်းသဘောတူပြီးသား...ဒါကိုကျမဘက်က အသာတကြည်လက်ခံလိုက်ရုံပဲ)

(ရှင်ထင်နေသလိုမဟုတ်ဘူး...ရှင်နဲ့မဆိုင်ပါဘူး)

(ကျမက စိတ်ခံစားချက်နဲ့ဘဝရှေ့ရေးကိုခွဲခြားတတ်တယ်)

စဥ်းစားနေဆဲမှာပင် နားထဲပဲ့တင်ထပ်လာတဲ့စကားသံတွေကြောင့် ခေါင်းကိုခါယမ်းထုတ်ပစ်လိုက်၏။

မမုန်းရက်ခဲ့ဘူးဆိုပေမယ့်...ခွင့်မလွှတ်နိုင်တာလည်း သေချာသည်။
ငါ့ကို နာကျင်စေခဲ့တဲ့ ဒီလုပ်ရပ်အတွက် တနေ့ကျရင်မင်းဆီက အလျော်ပြန်တောင်းမယ်...
ဟုတ်တယ်...အခုတော့ ငါ့ကိုယ်ငါ ပြုပြင်ပြောင်းလဲရမယ်
မင်း သိပ်မက်မောတဲ့ အတိုင်းအတာနဲ့ ငါမင်းရှေ့ကို တစ်နေ့ပြန်လာခဲ့မယ်...

သိပ်နောက်မကျခင်...တနေ့ပေါ့...။

💭💭💭💭💭💭💭💭💭💭💭💭💭💭💭
Part-8 Coming Soon!

ကိုကိုက ရက်စက်မှုအပေါင်း သရဖူဆောင်းလို့..
အကြံဆိုးကြီးနဲ့ပြန်လာမှာပါနော်...😤😤
အဲ့ကျမှ ကိုကို့ကို မေတ္တာမပို့ကြပါနက်😛


Readers/writersလေးတွေအားလုံးကVIPပါ

#Seniorတွေအားလုံးကိုလေးစားလျက်
#WineSattCho💙💜


rate now: