book

Index 6

Part-( 6 )

🌧🌧️️ ကိုကို မုန်းရက်ခဲ့ရင်...🌧️🌧

""အား! ကျစ်!""

ခေါင်းထဲက တဆစ်ဆစ်နာကျင်ကိုက်ခဲမှုနဲ့အတူ လေးလံနေသော မျက်ခွံတို့ အားယူဖွင့်ကြည့်လိုက်ပါ၏။ အရင်ဆုံးတော့ မျက်နှာကျက်ဖြူဖြူကိုတွေ့ရပြီး...နောက်တဖြေးဖြေးမျက်လုံးကိုရွှေ့ကြည့်တော့ ဘေးနားမှာ လူကြီးတစ်ယောက်ရှိနေသည်။ သူက ညွှန်းကို စိုးရိမ်နေတဲ့မျက်ဝန်းများနဲ့ကြည့်နေပေမယ့်...သေချာတာက ထိုလူကြီးကို ညွှန်းမသိပါ။

""လူလေး...သတိရပြီလား?
သက်သာရဲ့လား?ဘယ်လိုနေသေးလဲ""

""ကျွန်တော် ဘယ်ကိုရောက်နေတာလဲ""

""ဆေးရုံလေ...
အန်ကယ့်ကားနဲ့မင်းကိုတိုက်မိခဲ့တာ...
မင်းမမှတ်မိဘူးလား""

""မှတ်မိပါတယ်""

အေးစက်စက်ပဲဖြေချလိုက်တော့သည်။စိတ်ထဲမှာလည်း...'ငါ မသေသေးပါလား'ဆိုတဲ့အတွေးကြောင့် စိတ်ရှုပ်သွားရ၏။
အမှန်တော့ သူ့ဆီကားတစ်စီးဦးတည်လာနေပြီး တိုက်မိသွားပြီလို့ ခံစားလိုက်ရတဲ့နောက်ဆုံးအသိမှာ အသက်ပါ ပါသွားလိုက်စေချင်သည်။
ဒီလောကမှာ သူ ရှင်သန်ချင်စရာ အကြောင်းပြချက်လည်း
မရှိတော့ပြီ...။

""လူလေး...မင်းသတိမေ့နေတာ ၃ရက်ကျော်နေပြီ
မင်း ဘယ်သူဘယ်ဝါဆိုတဲ့ အထောက်အထားကလည်းပါမလာတော့လေ...မင်းမိသားစုတွေကို ဆက်သွယ်ဖို့ကအဆင်မပြေဘူးဖြစ်နေတာ...အခုမင်းသတိရလာပြီဆိုတော့...မင်းအိမ်သားတွေကို ဆက်သွယ်...""

""ကျွန်တော့်မှာ အိမ်မရှိဘူး
မိသားစုလည်းမရှိဘူး""

""ဟေ!""

ထိုလူငယ်လေးရဲ့အဖြေစကားကြောင့် ဦးကောင်းကင်မျက်ခုံးတစ်ချက်ပင့်မိရင်း...စိတ်ထဲမှာလည်းအတွေးပေါင်းများစွာ...

'ဒီကောင်လေးက ဘယ်လိုပါလိမ့်'

'အိမ်ပြေးလား??'

'ကြည့်ရတာ မကောင်းတဲ့သူပုံလည်းမပေါက်ပါဘူး'

""ကျွန်တော်သွားတော့မယ်""

တွေးနေတုန်းမှာပဲ စိတ်မြန်လှတဲ့လူငယ်လေးက ချက်ချင်းကိုထထွက်ရန်ပြင်လေတော့...

""ဟေ့!...နေပါဦးကွ
မင်းကလည်း စိတ်မြန်လိုက်တာ""

""......""

""မင်းမှာ ဒဏ်ရာတွေနဲ့ဘယ်ကိုသွားမှာလဲ""

""မသိဘူး""

""ကောင်းကွာ!""

အပြောအဆိုလက်ပေါက်ကပ်ပြီး...ဂျစ်ကန်ကန်ပုံစံလေးဖြစ်နေသော ထိုကောင်လေးကို ဦးကောင်းကင်ကတော့ သဘောကျနေလေသည်။ ဦးကောင်းကင်ဆိုတာ ဒီနိုင်ငံမှာ ထိပ်တန်းစာရင်းဝင်တဲ့ ကျော်ကြားသူတစ်ဦးပါ...။Golden Skyဆိုတဲ့နာမည်နဲ့ စီးပွားရေးလုပ်ငန်းပေါင်းများစွာကို ဦးစီးအုပ်ချုပ်နေသူဖြစ်ပြီး...နိုင်ငံရပ်ခြားအထိပါ စီးပွားရေးနယ်ပယ်ချဲ့ထွင်ထားနိုင်သူ...။

သို့သော် ဒီလိုပြည့်စုံချမ်းသာမှုတွေရဲ့နောက် ဝမ်းနည်းဖွယ်အတိတ်ဇာတ်ကြောင်းတစ်ခုကရှိနေလေ၏။လွန်ခဲ့သော ၁၀နှစ်က မိသားစုအပျော်ခရီးတစ်ခုမှာ ပြင်းထန်သောယာဥ်တိမ်းမှောက်မှုကြောင့် ဇနီးနဲ့တစ်ဦးတည်းသောသားဖြစ်သူကို ဆုံးရှုံးခဲ့ကာ...တစ်ယောက်တည်းအထီးကျန်စွာအသက်ရှင်လာခဲ့ရပြီး...အဲ့ဒီ့အတိတ်ဆိုးကြောင့် ဒီနိုင်ငံက အပြီးအပိုင်ထွက်ခွာခဲ့ရင်း...နိုင်ငံရပ်ခြားမှာပဲအခြေချနေထိုင်ခဲ့သည်။

ဒီနိုင်ငံက စီးပွားရေးလုပ်ငန်းတွေကိုတော့ ယုံကြည်ရသူတွေနဲ့လွှဲအပ်ထားရင်း အခါအားလျော်စွာ ပြန်လာစစ်ဆေးတတ်သည်လေ...အခုလည်း ဒီကိုရောက်တာ နှစ်ပတ်ပင်မပြည့်သေး...ဒီကောင်လေးနဲ့ရေစက်ပါလို့လာဆုံနေရသည်။

ပြီးတော့ ဘယ်လိုကြောင့်ရယ်မသိ...အမည်တောင်မသိရသေးတဲ့ ထိုကောင်လေးကို ဦးကောင်းကင်ရဲ့စိတ်ထဲ ရင်းနှီးသံယောဇဥ်ဖြစ်နေမိသလို...သားလေးသာအသက်ရှိခဲ့ရင် ဒီအရွယ် ဒီပုံစံလေးဖြစ်မှာပဲ...ဆိုပြီးပထမဆုံးတွေးမိလေ၏။
ခါတိုင်းဆို သားနဲ့ရွယ်တူကောင်လေးတွေ ...တွေ့တိုင်းလည်းထိုသို့မခံစားရပေမယ့်...အခုကျ ဒီကောင်လေးကိုတွေ့ရတဲ့ခံစားချက်က ရင်ထဲတစ်မျိုးဖြစ်နေသည်။

""မင်းရဲ့ နာမည်က...""

""စေညွှန်း""

""မင်းဘယ်ကလာခဲ့တာလဲ""

""မဖြေချင်ဘူး""

""ဟုတ်ပါပြီ...
ဒါဆိုလည်း မင်းနားလိုက်ဦး""

ပြောလိုက်တော့ ချက်ချင်းကိုကုတင်ပေါ်ပြန်လှဲချလိုက်ရင်း မျက်လုံးအစုံကိုလည်းမှိတ်ထားလေ၏။

ဦးကောင်းကင်ကတော့ ညွှန်းအနားကနေထွက်မသွားဘဲ အနားလေးမှာထိုင်စောင့်ရင်း...ထိုကောင်လေးရဲ့မျက်နှာကိုလှမ်းကြည့်နေမိ၏။

ကောင်လေးရဲ့မျက်နှာက ကြည့်ကောင်းချောမောမယ့်ပုံစံပေမယ့် ညာဘက်ပါးပြင်ထက် မီးလောင်မှတ်တစ်ခုလိုအမာရွတ်လေးရှိနေသည်....ပြီးတော့ သူမေ့မြောနေစဥ်ကာလမှာ ပါးစပ်က ယောင်ရမ်းခေါ်နေခဲ့တဲ့ 'ညီမလေး'ဆိုသောနာမ်စားတစ်ခုနဲ့...မပီဝိုးတဝါး ပြောနေသောစကားသံတွေအရ...ဒီကောင်လေးမှာ ကောင်းမွန်တဲ့အတိတ်တော့ ရှိခဲ့မှာမဟုတ်မှန်း ဦးကောင်းကင် ရိပ်မိပြီးသားပါ...။

အခုလည်း ဒီကောင်လေးကသူ့နာမည်အပြင် ဘာမှထုတ်မပြောလိုပေမယ့်...မနေနိုင်စွာပဲ သူ့အကြောင်းတွေကိုသိရဖို့စုံစမ်းဦးမည်...။

💭💭💭💭💭💭💭💭💭💭💭💭💭💭

""ကိုကို...""

စွဲမြဲနေသော နာမ်စားတစ်ခုကို ရေရွတ်ရင်း ရွှန်းအိပ်မက်ကနိုးထပြန်ခဲ့သည်။ ကိုကိုထွက်သွားတဲ့နေ့ကစလို့ ရွှန်းအိပ်မပျော်တဲ့ရက်ပေါင်းများခဲ့ပြီဖြစ်သလို...ခဏလေးမှေးမှိတ်အိပ်ပျော်သွားမိတိုင်းလည်း ကိုကို ရွှန်းရှေ့က ကျောခိုင်းထွက်သွားတယ်ဆိုတဲ့ တူညီတဲ့အိပ်မက်ကိုပဲ မက်နေတတ်၏။
အခုဆို ကိုကိုပြန်မလာတာ တစ်ပါတ်တောင်ကျော်နေပြီ။

'ဘယ်တွေသွားပြီး ဘာတွေလုပ်နေပါလိမ့်...'
'ကိုကိုရယ်...'

ကိုကိုမရှိတော့မှန်းသိလည်း ရွှန်းအပြင်တခြားဘယ်သူကမှ စိုးရိမ်စိတ်ပူတဲ့အရိပ်အယောင်မရှိသလို...လိုက်လည်းမရှာကြ။ အင်းပေါ့လေ...သူတို့အတွက်တော့ အိမ်ကအလုပ်သမားလေးတစ်ယောက်ပျောက်တာ ဘာအရေးလဲ...
သူမရှိရင် နောက်တစ်ယောက်ရှာမှာပေါ့...

ညနေရောက်တော့...ရွှန်း ကိုကိုတို့ခြံဘက်ထွက်ခဲ့လိုက်၏။

ဒီနေ့လည်း ကိုကိုပြန်မလာပြန်ဘူး...

တွေးရင်းနဲ့ပဲ ရွှန်း ခြေလှမ်းတို့က ကိုကိုနေခဲ့ဖူးတဲ့အခန်းလေးဆီ ဦးတည်ရွေ့လျားလိုက်သည်။ အမှန်တော့ ဒီတစ်လျှောက်လုံးမှာ ရွှန်း ကိုကို့အခန်းကိုမရောက်ဖူးခဲ့။ လာလည်တိုင်းခြံထဲမှာပဲစကားပြောခဲ့ကြတာ...။ယောကျ်ားလေးတစ်ယောက်တည်းနေတဲ့အခန်းကို ရွှန်း မဝင်သင့်ဘူးထင်လို့လေ...။အခုတော့ အခန်းပိုင်ရှင်က မရှိပေမယ့်...တစ်ခုခုများသိရမလားအထင်နဲ့ တံခါးလေးကို တွန်းဖွင့်ကာ ဝင်လာလိုက်သည်...

ယောကျ်ားလေးတစ်ယောက်နေတဲ့အခန်းနဲ့မတူအောင် အခန်းထဲမှာ ရှင်းလင်းသပ်ရပ်နေ၏။ အခန်းထဲမှာဘာပစ္စည်းမှသိပ်မရှိပေမယ့် သစ်သားစားပွဲထက်မှာတော့ စာအုပ်လေးတစ်ချို့ကအစီအရီ...။
ထိုစာအုပ်လေးတွေကြားမှ အနက်ရောင်အဖုံးနဲ့ စာအုပ်လေးကို ရွှန်းလှမ်းယူလိုက်ပြီး .. အထဲကိုဖွင့်ကြည့်တော့...

""ဟင်!...ဒါ ကိုကို့ရဲ့ ဒိုင်ယာရီ"

အမှန်ကိုပဲ...စာမျက်နှာထက်က လက်ရေးဝိုင်းလေးတွေက ကိုကို့လက်ရေးဖြစ်သလို...ရေးထားတဲ့အကြောင်းအရာတွေကတော့ ရွှန်းနဲ့ပတ်သက်တဲ့အကြောင်းတွေချည်း...တစ်ချို့စာမျက်နှာတွေမှာဆို...ရွှန်းရဲ့နာမည်ကိုပဲ စာမျက်နှာတစ်ခုလုံးအပြည့်ဖြစ်အောင်...အခါခါချရေးထားတာလည်းရှိသည်။

ဒါနဲ့ပဲ...ရွှန်း တခြားစာအုပ်တွေကိုပါ လှန်လှောရှာကြည့်တော့...ဒိုင်ယာရီရေးမှတ်ထားတာတွေ အများကြီးပါလား...

ရေးထားသမျှစာအုပ်တိုင်းမှာလည်း ရွှန်းနဲ့ပတ်သက်တာတွေပဲဖြစ်ပြီး...ငယ်ဘဝကနေ အခုချိန်ထိ ရွှန်းကိုယ်တိုင်မမှတ်မိဘဲ ဝေဝါးနေခဲ့တဲ့ အမှတ်တရတစ်ချို့တောင်ရှိနေလေရဲ့...။

စာလေးတွေကို ပြန်ဖတ်ရင်း ရွှန်းရင်ထဲကဝမ်းနည်းမှုတို့ကလည်း အတိုင်းအဆမဲ့စွာ...။

ပြီးတော့...စားပွဲထောင့်လေးမှာတင်ထားတဲ့ ဖန်ပုလင်းလေးဆီ အကြည့်ရောက်မိစဥ်...တွေ့လိုက်ရတဲ့ အရာလေးတွေကြောင့် ရွှန်း အရမ်းပဲအံ့အားသင့်သွားရ၏။
အဲ့ဒီဖန်ပုလင်းထဲမှာရှိနေတာက...ရွှန်း စိတ်ကူးပေါက်တိုင်း ကိုကို့ဆီမကြာခဏပေးခဲ့ဖူးတဲ့ Candyလေးတွေ...
ရွှန်းဘက်က အမှတ်တမဲ့လုပ်ခဲ့တဲ့အသေးအဖွဲလေးတွေကို သူဒီလောက်အလေးအနက်ထားမယ်မထင်မိခဲ့ပါဘူး...
ဒီလိုအသေးစိတ်လှသော အရာတွေကိုတောင် ကိုကိုကအမှတ်တရအဖြစ်သိမ်းထားခဲ့တာပဲ...

ဒီတစ်ခါမှာတော့...ထိန်းမနိုင်တော့သော မျက်ရည်တွေက ပါးပြင်ထက် တသွင်သွင်စီးကျလာလေတော့၏။

""မင်း ဒီမှာဘာလုပ်နေတာလဲ""

အနောက်ကအသံကြားပေမယ့် ..ရွှန်းလှည့်မကြည့်...။
ကိုကိုကြီးဆိုတဲ့ အဲ့ဒီ့လူကို မျက်နှာလည်းမမြင်ချင်သလို အသံလည်းမကြားချင်...။ဒါပေမယ့် ကိုယ်က သူ့အိမ်ထဲရောက်နေမိတာကိုးး...

""ငါမေးနေတယ်လေ""


ရွှန်း ဘာမှပြန်မဖြေဘဲ...ကိုကို့စာအုပ်လေးတွေယူကာ ထွက်သွားမည်အပြု...

""မင်းဘာဖြစ်နေတာလဲ...
ဘာလဲ...ဟိုကောင်ပျောက်သွားလို့ လွမ်းနာကျနေတာလား""

""ကျမမှာ ရှင်နဲ့ပြောစရာစကားမရှိဘူး""

""အင်းပေါ့လေ...ခံစားလိုက်ဦးပေါ့...
မင်းက သိပ်ရယ်ရတာပဲ...ဘာမဟုတ်တဲ့ အစေခံကောင်ကိုမှတမ်းတမ်းစွဲ သံယောဇဥ်ကြီးနေတယ်""

"""......""

""ဒီမှာ...ငါပြောပြမယ်
မင်းအကောင်က ဒီအိမ်ကထွက်ပြေးသွားပြီထင်တာပဲ
နောက်လည်း ဘယ်တော့မှပြန်လာတော့မှာမဟုတ်ဘူး
သူက မင်းကိုလည်းစိတ်နာသွားပြီထင်တယ်...
သူမရှိတာပဲ ကောင်းပါတယ်...
မျက်စိမနောက်ရတော့ဘူးပေါ့""

""ကျမကတော့ ကိုကို့ကို တွေ့အောင်ပြန်ရှာမှာပဲ...
ပြီးတော့ ကျမရှင်နဲ့စေ့စပ်ခဲ့တာ ကိုကိုပြန်လာနိုင်အောင်ကူညီဖို့လုပ်ခဲ့တာ...အခုအဲ့ဒီကိစ္စက မရှိတော့ဘူး ပြီးသွားပြီ""

ရွှန်း ပြောချင်တာ ပြောပြီးတာနဲ့...သူ့ရှေ့ကချက်ချင်းထွက်လာခဲ့လိုက်သည်။

""မင်းအတွေးတွေက အရမ်းကလေးဆန်တာပဲ ..
မင်း ထင်သလောက်လွယ်မလား ကြည့်ကြသေးတာပေါ့ကွာ...ဟား...ဟား!...
အခုဆို မင်းအကောင်က ဆွေမရှိမျိုးမရှိနဲ့ဘယ်လမ်းဘေးမှာသေနေလဲတောင်မသိဘူး...မင်းရှာနိုင်ရင်ရှာကြည့်လေ""

နောက်ပါးဆီမှ ရယ်သံနှောလျက်ပြောနေတဲ့ လှောင်ပြောင်စကားတွေကို ရွှန်း ဥပေက္ခာပြုလျက် ကျောခိုင်းလာခဲ့သည်

'ရွှန်း ကိုကို့ကို တွေ့အောင်ရှာမယ်
ကိုကိုအထင်လွဲနေခဲ့ရင်လည်း...ကျေနပ်တဲ့အထိတောင်းပန်ပါမယ်...
ကျေးဇူးပြုပြီး ကိုကို ညီမလေးကို မမုန်းလိုက်ပါနဲ့နော်...'

💭💭💭💭💭💭💭💭💭💭💭💭💭💭💭

""သခင်ကြီး!...
ဒါက စုံစမ်းခိုင်းထားတဲ့အချက်အလက်တွေပါ""

ဦးကောင်းကင် မိမိအားကမ်းပေးလာတဲ့ စာရွက်တစ်ချို့ကိုလှမ်းယူလိုက်ရင်း...

""ဟိုကလေးရော...""

""ခြံထဲမှာပါ...ခင်ဗျ""

""အေး!...သူ့ကိုကြည့်ထားလိုက်ပါဦး
သူက စိတ်မြန်လက်မြန်ရယ်...
တော်ကြာ...ရောက်ရာပေါက်ရာထွက်သွားမှဖြင့်...""

""ဟုတ်ကဲ့...ကျွန်တော်သွားကြည့်လိုက်ပါမယ်""

ထိုလူထွက်သွားမှပဲ...စာရွက်တွေကိုတစ်ချက်ပြန်ကြည့်လိုက်မိသည်။ ဆေးရုံကဆင်းပြီးကတည်းက သွားမယ်ပဲတကဲကဲလုပ်နေသော ထိုကောင်လေးကို အကြောင်းပြချက်မျိုးစုံနဲ့အချိန်ဆွဲကာခေါ်ထားရသည်။ဘယ်ကိုသွားမယ်မှန်းလည်းမသိ။..သူ့အကြောင်းကိုဘာမှထုတ်မပြောပြလေတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲစုံစမ်းရပြီး ...အခုမှပဲသိရတော့မည်...

သိရတဲ့အကြောင်းအရာတွေကတော့ ဘာမှထူးထူးခြားခြားမရှိပါလား...သူ့မှာမိသားစုမရှိဘူးဆိုတာအမှန်ပဲကိုးး..
သူဌေးအိမ်တစ်အိမ်မှာ...အလုပ်လုပ်ပြီး ..မကြာသေးခင်က ပစ္စည်းခိုးမှုနဲ့ အမှုဖွင့်ခံရ...

""ဟေ!""

ဒီနေရာမှာတော့...ဦးကောင်းကင် အနည်းငယ်အံ့အားသင့်သွားမိရင်း...

'မဖြစ်နိုင်ပါဘူး'လို့လည်း တစ်ဆက်တည်းတွေးမိလိုက်သည်။
ဒီကောင်လေး ဒီလိုလုပ်ရပ်မျိုးလုပ်မယ်လို့ သူလုံးဝမယုံကြည်...။

ဘယ်လိုပဲဖြစ်ဖြစ် သူ့စိတ်ထဲမှာလည်း ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ပြီးပြီဖြစ်သလို...ပြန်ပြင်ဖို့လည်းမရှိတော့...။
ဒီကောင်လေး ခေါင်းမမာဖို့ပဲလိုသည်...။

စဥ်းစားပြီးတာနဲ့...ဖုန်းကိုထုတ်ကာ...ရင်းနှီးသောရှေ့နေတစ်ယောက်ထံဖုန်းခေါ်လိုက်ပြီး...

""အင်း...ကျွန်တော်စာရွက်စာတမ်းတစ်ခုပြင်ချင်လို့"'

""......""

""ကလေးတစ်ယောက်ကို အမွေစားအမွေခံအဖြစ်မွေးစားချင်တယ် ...လိုအပ်တာတွေပြင်ဆင်ပေးပါ""

ရှေ့နေနဲ့ ဖုန်းပြောပြီးတာနဲ့ ...ဦးကောင်းကင်ဆီသို့ ဖုန်းနံပါတ်တစ်ခုထပ်ဝင်လာပြန်တာမို့...

""Hello!...""

""".........."""

""Ok!ပါ...ကျွန်တော်လာတွေ့ပါမယ်
မဟုတ်ရင်တောင် ကျွန်တော့်ဘက်ကဆက်သွယ်မလို့ပါပဲ""

(ဘယ်သူဆက်တာလဲဆိုတာ...ပြောပြဖူး😛)
💭💭💭💭💭💭💭💭💭💭💭💭💭💭💭💭
Part-7 Coming Soon!

Readers/writersလေးတွေအားလုံးက VIPပါ

#Seniorတွေအားလုံးကိုလေးစားလျက်
#WineSattCho💙💜


rate now: