book

Index 4

Part-( 4 )

🌧🌧️️ ကိုကို မုန်းရက်ခဲ့ရင်...🌧️🌧

"" ကိုကို ""

ညွှန်း တစ်ယောက် ခြံထဲက ခုံလေးမှာထိုင်ကာ
တစ်စုံတစ်ခုကို အာရုံစူးစိုက်ကြည့်နေတုန်း
အနောက်က သူမ ခေါ်သံလေးကြားလိုက်တာမို့
အမြန်ထရပ်ရင်း ကြည့်နေသောထိုအရာလေးကိုလည်းစာအုပ်တစ်အုပ်ကြားထဲ အမြန်ညှပ်ထည့်လိုက်၏။

သူမကတော့ စူးစမ်းတဲ့အကြည့်တွေနဲ့အနားရောက်လာကာ

""ကိုကို...ဘာတွေဖွက်နေတာလဲ""

သူ့အနောက်ကိုလည်း ကျော်ကြည့်ရင်းမေးလာတာမို့...

""ဟင့်အင်း! ဘာမှမဟုတ်ပါဘူး ညီမလေးရဲ့""

""ဟင့်! ကိုကိုနော်!
တစ်ခုခုဖွက်လိုက်တာ မြင်ရဲ့သားနဲ့...
ပြီးတော့ အဲ့ဒါရွှန်းလာမှ...""

""မဟုတ်ပါဘူးဆို...""

""မရပါဘူး...ကြည့်မယ် ပြ...အခု""

""....""

""ကြည့်! မပြဘူးနော်...အာ့ဆို စိတ်ကောက်""

ပြောရင်း သူမကခြေကိုဆောင့်လျက်မျက်နှာကိုလည်းစူပုပ်ကာတစ်ဖက်လှည့်သွားလေ၏။
သူမငယ်ငယ်ထဲက စိတ်ကောက်ပြီဆို အဲ့ပုံစံလေးဖြစ်သွားတာပင်။ အဲ့လိုဖြစ်ပြီဆိုလည်း တော်ရုံနဲ့ချော့မရအောင် ကောက်တတ်တာမို့...ညွှန်းမှာ ပျာပျာသလဲဖြစ်သွားရပြီး...

""စိတ်တော့မကောက်လိုက်ပါနဲ့ကွာ...
ကဲ!..ဒီမှာကြည့်...
ကြည့်ပြီးရင် မရယ်ရဘူးနော်""

""အင်းပါဆို...""

ပြောရင်း ကိုကို့လက်ထဲကနေ ဖျတ်ခနဲဆွဲလုကာ ကြည့်တော့

""ဟင်! ဒါက...""

ရွှန်းတွေ့လိုက်ရတာက ပုံတူပန်းချီလေးဖြစ်ပြီး...
အဲ့ဒီပုံထဲက ကောင်မလေးက ရွှန်း ကိုယ်တိုင်ဖြစ်နေသည်။
ခဲနဲ့သာ ဆွဲထားတယ်ဆိုပေမယ့် အတော့်ကိုသေသပ်လှပတဲ့လက်ရာပင်။

""ကိုကို ပန်းချီဆွဲတာ အဲ့လောက်တော်မှန်း
ရွှန်းတောင် မသိခဲ့ရပါလား""

""တူလား...
ကိုကိုဆွဲထားတာ ဘယ်သူ့ပုံမှန်းတန်းသိတယ်ပေါ့""

""ဟယ်! ရွှန်းကကိုယ့်ပုံတောင် ကိုယ်ပြန်မသိရအောင်
အရူးမို့လို့လား""

""ကိုကိုတော်လို့ပေါ့ အဲ့ဒါ...""

""ဟုတ်ပါပြီ...
ဒါနဲ့ ဆွဲလို့ပြီးသွားပြီလား...
ရွှန်း ယူသွားတော့မယ်လေ""

""ဟမ်! မပြီးသေးပါဘူး""

""ဒါဆိုဘယ်တော့ပေးမှာလဲ??""

""အော်! ပေးချင်လို့ပဲ ဆွဲနေတာကိုလေ
လာမယ့် ညီမလေးမွေးနေ့ကျ ပေးမယ်""

""အင်း...ပြီးရော ကတိနော်""

💭💭💭💭💭💭💭💭💭💭💭💭💭

""တောက်!""

ခြံထဲကမြင်ကွင်းကို အပေါ်ထပ်ဝရံတာမှလှမ်းကြည့်ရင်း ဒေါသတကြီးတက်ခေါက်လိုက်သူက မင်းပိုင်စေ...

ကြည့်ပါဦး...နှစ်ယောက်သား ပြောဆိုရယ်မောနေကြတာ...မိုးမမြင် လေမမြင်...။
ဘေးပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက်တော့ပါလား...

အရင်ကလည်း သူတို့နှစ်ယောက်ဒီလိုတပူးတတွဲရှိနေကြတာသိပေမယ့် ဘာကိုမှ အထူးတလည်ခံစားရခြင်းမရှိသလို ဂရုလည်းမစိုက်ခဲ့။ဘာလို့ဆို ဟိုကလေးမက ဒီကောင့်ကိုကြိုက်နေလိမ့်မယ်လို့ လုံးဝကိုမထင်ခဲ့တာကြောင့်ပါ...

ညွှန်းကိုပဲ အထင်သေးမိသလား...
ရွှန်းကိုပဲ အထင်ကြီးမိတာလားမသိပေမယ့်
ဒီကိစ္စနဲ့ပတ်သက်ပြီး သူတစ်ကွက်လိုသွားခဲ့လေပြီ။

'အခုတော့ပျော်နေလိုက်ပေါ့...
မကြာခင်မှာ မင်းရဲ့အဲဒီ့ပျော်ရွှင်မှုတွေကို ငါဖျက်ဆီးတော့မှာ...မင်းချစ်လှပါချည်ရဲ့ဆိုတဲ့ အဲ့ဒီမိန်းကလေးကို မင်းရှေ့မှာပဲ ငါရအောင်လက်ထပ်ပြမယ်...'

တကယ်လည်း သူလှုပ်ရှားခဲ့ပြီးပါပြီ။
မေမေတို့ဆီမှာ ရွှန်းကိုချစ်ကြောင်း လက်ထပ်လိုကြောင်း ဖွင့်ပြောခဲ့ပြီးသလို...နှစ်ဖက်စလုံးက မိဘတွေလည်း သဘောတူလိုလားကြတာမို့ မကြာခင်မှာ 'ချစ်ရည်ရွှန်း' က 'မင်းပိုင်စေ'ရဲ့သတို့သမီးဖြစ်လာတော့မှာလေ...

'မင်း အရှုံးပေးဖို့သာပြင်ထားလိုက်တော့ စေညွှန်း'

💭💭💭💭💭💭💭💭💭💭💭💭💭💭

"" ညီမလေး...""

ရွှန်း ခြံထဲက ဒန်းလေးပေါ်ထိုင်နေတုန်း ကြားလိုက်ရတဲ့ ခေါ်သံလေးကြောင့် လှည့်ကြည့်လိုက်တော့...ခြံဝမှာရပ်နေတဲ့ ကိုကို့ကို တွေ့လိုက်ရတာမို့...

""ကိုကို ...ဝင်လာလေ""

လှမ်းပြောလိုက်မှ ရွှန်း ထိုင်နေတဲ့အနားကိုလျှောက်လာလေ၏။ သိကျွမ်းလာတဲ့နှစ်တွေတစ်လျှောက်မှာ ကိုကို ရွှန်းတို့ခြံဘက်ကို ကူးလာတာမျိုးက ကြုံတောင့်ကြုံခဲပါ...ရွှန်းကသာ သူ့ကိုတွေ့ချင်လို့ ဟိုဘက်ခြံကိုမကြာခဏသွားလည်နေရတာ...အခုတော့ ကိုကိုက ရွှန်းဆီလာတယ်ပေါ့...

""ရော့! ပန်းချီဆွဲလို့ပြီးသွားပြီ""

""ပြောတော့မွေးနေ့မှပေးမှာဆို...""

""အင်း...မွေးနေ့ကမနက်ဖြန်လေ ညီမလေးရဲ့
အဲ့ဒါကြောင့် ကြိုပေးတာ""

""လာ...ထိုင်လေ""

ရွှန်း ဘေးကနေရာလွတ်လေးကို ညွှန်ပြရင်းပြောတော့ ကိုကိုကလည်း မငြင်းရှာပဲ...ဘေးမှာဝင်ထိုင်လိုက်လေ၏။

""ကိုကို့ကို ရွှန်းတစ်ခုမေးချင်တယ်
အမှန်အတိုင်းဖြေမှာလား""

""အင်း ဖြေမှာပေါ့
ဘာများလဲ""

""ကိုကို့ ရင်ထဲမှာ ရွှန်းရဲ့နေရာအမှန်ကဘာလဲ??""

မထင်မှတ်သော မေးခွန်းက ညွှန်းရင်ထဲ အကြီးအကျယ် လှုပ်ခတ်သွားစေ၏။
ဘယ်လိုဖြေလိုက်ရမလဲ??
အမှန်အတိုင်းပြောလိုက်လို့ သူမကစိတ်ဆိုးသွားခဲ့ရင်ရော...

""ကိုကို...ဖြေလေ""

""ညီမလေး...
ရွှန်းက ကိုကို့ရဲ့ညီမလေးလေ""

သူမရဲ့လေးနက်တဲ့မျက်ဝန်းတွေကို ရင်ဆိုင်မကြည့်တော့ဘဲ အကြည့်လွှဲကာ ပြောလိုက်တဲ့အဖြေစကားက ရင်ထဲမှ အမှန်တရားနဲ့ဆန့်ကျင်စွာ...

""ညီမလေးဆိုတာသေချာလို့လား
အမှန်ဖြေမယ်လို့ ပြောထားတယ်လေ...""

""......""

""ဟုတ်ပြီလေ ...တကယ်သေချာရင်
ရွှန်းမျက်လုံးကို တည့်တည့်ကြည့်ပြီးပြန်ဖြေ...
ဒီအတိုင်းပဲဖြေနိုင်ခဲ့ရင်...နောက်ဘယ်တော့မှထပ်မမေးတော့ဘူး""

သူ့ကိုကြည့်နေတဲ့ သူမမျက်လုံးတွေက စူးရှတောက်ပလွန်းနေ၏။ ထိုအကြည့်နက်နက်လေးတွေကို ပြန်ပြီးရင်ဆိုင်ကြည့်ချိန်မှာပဲ...ထိန်းချုပ်ထားရန်မတတ်နိုင်တော့သော ရင်ခုန်သံနဲ့အတူ ဖွင့်ပြောဖို့ခက်နေတဲ့ ချစ်စကားများသည် နှုတ်ဖျားမှ အစီအရီထွက်ကျလာတော့၏။

""သိပ်ချစ်တယ်...
မဖြစ်သင့်မှန်း မချစ်သင့်မှန်းသိပေမယ့်...
အဲ့လိုသိရက်နဲ့ပဲ...ညီမလေးကို အရမ်းချစ်မိခဲ့တယ်...
ကိုကို့ကို...ညီမလေး စိတ်ဆိုး...""

စကားတို့မဆုံးသေးခင်မှာပဲ သူ့ပုခုံးပေါ် ခေါင်းလေးမှီတင်လာတဲ့ သူမကြောင့် ညွှန်း စကားတို့ပင် မဆက်နိုင်အောင် စိတ်လှုပ်ရှားနေမိရင်း...

""ကိုကို့ကို စိတ်ဆိုးလားဟင်""

""အင်း...ဆိုးတယ်""

""....""

""ဒီလိုစကားကို ရွှန်းက ထုတ်မေးမှပြောတယ်လေ...
ဘာလို့အစထဲကမပြောလဲ""

""ဟို..!""

""ရွှန်းပြောပြမယ်..နားထောင်နော်...
ရွှန်းကလေ သူများရဲ့အားနည်းချက်ကို အပြစ်တစ်ခုလိုကြည့်တတ်သူမဟုတ်ပါဘူး ကိုကိုရယ်...
ကိုကို ဘာကြောင့် ရွှန်းကိုဖွင့်ပြောဖို့ခက်ခဲနေမှန်းရွှန်းသိတယ်...""

"".......""

""ကိုကိုနဲ့ရွှန်းက ဟိုးငယ်ငယ်ထဲက သိလာကြတာ...
ကိုကို့စိတ်ထင် ရွှန်းက အဲ့လောက်တောင်
ယုံကြည်စရာမကောင်းဘူးလား...ကိုကို့အပေါ်ရွှန်းဘယ်လိုသဘောထားနေလဲ...နည်းနည်းတောင်မရိပ်မိဘူးလား""

""ကိုကိုက တစ်ယောက်ယောက်ကိုယုံကြည်ရမှာကြောက်သလို...ယုံကြည်မိပြီးမှ သစ္စာဖောက်ခံရမှာကို ပိုကြောက်တယ်...ဒါပေမယ့် ကိုယ့်ဘဝမှာ အယုံကြည်ရဆုံး အချစ်ရဆုံးက မင်းပါပဲ ညီမလေးရယ်""

""အင်း...ရွှန်းက ကိုကို့အနားမှာပဲအမြဲရှိနေမှာ...
ဘယ်လိုအကြောင်းနဲ့မှ ထားမသွားဘူး...နော်...
ရွှန်းကိုပဲ ယုံလိုက်...ဟုတ်ပြီလား...""

သူပြုံးကာ ခေါင်းငြိမ့်လိုက်တော့ သူမကလည်း သဘောတကျလေးပြုံးနေလေ၏။

""ကိုကို...""

""ဟင်!""

""ညီမလေးလည်းလေ...
ဟိုးငယ်ငယ်ထဲက...ကိုကို့ကို...""

""ဂျိမ်းး!""

'ကိုကို့ကို ချစ်နေခဲ့တာ'လို့ပြောမယ့်စကားမှမဆုံးသေး ခြံတံခါးကို 'ဂျိမ်းခနဲ'အသံမြည်အောင်ဆောင့်တွန်းလျက်...ရွှန်းတို့ ရှိရာဆီသို့ ခြေလှမ်းကျဲကြီးတွေနဲ့ ဒေါသတကြီးလျှောက်လာနေသော 'မင်းပိုင်စေ'...

""ချစ်ရည်ရွှန်း ...မင်းလာခဲ့စမ်း!""

မျက်နှာကလည်း အတော့်ကိုခက်ထန်တင်းမာနေကာ...ရွှန်းရဲ့လက်တစ်ဖက်ကိုလည်းအတင်းလာဆွဲနေတာမို့...


""ဘာလုပ်တာလဲ...ရွှန်းလက်ကိုလွှတ်""

""ငါနဲ့လိုက်ခဲ့""

""မလိုက်ဘူး""

"'မင်းပိုင်စေ ရွှန်းကမလိုက်ဘူးလို့ပြောနေတယ်လေ
မင်းဘာလို့ပြသာနာရှာနေတာလဲ""

ပြောလျက် ကိုကိုကပါ ရွှန်းရဲ့နောက်လက်တစ်ဖက်အားလှမ်းဆွဲထားလေ၏။

""မင်းနဲ့မဆိုင်ဘူး...ဝင်မရှုပ်နဲ့
ငါမင်းနဲ့ နောက်မှရှင်းမယ်""

အခြေအနေကရှုပ်ထွေးလွန်းနေ၏။
ဒီအချိန်မှာ ရွှန်းမိဘတွေအိမ်မှာရှိမနေတာတော်သေးသည်။

ကိုကိုနဲ့ မင်းပိုင်စေနှစ်ယောက်စလုံးက အလျော့မပေးဘဲ ရွှန်းရဲ့လက်တစ်ဖက်ဆီကို ဆွဲထားကြလေ၏။
ကိုကို့လက်က အားမပါလှသော်လည်း...တစ်ဖက်ကမင်းပိုင်စေကတော့ အညှာအတာမဲ့စွာ အတင်းဖိဆုပ်ထားတာမို့ ရွှန်းရဲ့လက်ကောက်ဝတ်လေးမှာ နီရဲနေပြီးအတော်လည်းနာကျင်နေရသည်။

""ကိုကိုကြီး...ရွှန်းလက်ကိုလွှတ်ပါ
လက်အရမ်းနာနေပြီ""

လွှတ်စေချင်လို့ ပြောလိုက်တာက 'မင်းပိုင်စေ'ကိုဖြစ်ပေမယ့် တကယ်လက်လွှတ်ပေးလိုက်သူက 'ကိုကို'...။

ဒီလိုမျိုး ကိုကို့ဘက်ကစပြီးအလျှော့ပေးလိုက်တာက ရွှန်းကို မထိခိုက်စေလိုတာကြောင့်ဆိုတာကိုလည်း ရွှန်းနားလည်နေပါသည်။ တဇွတ်ထိုးဆန်လွန်းသူ
'မင်းပိုင်စေ'ကသာ ကိုကို့လက်က လွတ်သွားတာနဲ့ အတင်းကို သူ့ဘက်ဆွဲခေါ်ကာ ခြံပြင်မှာရပ်ထားတဲ့သူ့ကားပေါ်ကို တက်စေပြီး ကားကိုလည်း ထိုနေရာမှ
တရကြမ်းမောင်းထွက်လာခဲ့၏။

နေရာမှာရပ်ကျန်ခဲ့တဲ့ ညွှန်းမှာလည်း ထိုလုပ်ရပ်ကြောင့် ဒေါသဖြစ်နေရပေမယ့် သူအလျော့မပေးလိုက်ရင် ကြားထဲက ညီမလေးစိတ်ညစ်နေရမှာစိုးလို့ပါ။

ပြီးတော့ ဒီနေ့ ညွှန်းအရမ်းလည်းပျော်ပါသည်။
ထင်မှတ်မထားချိန်မှာ သူ့ရင်ထဲက စကားတွေကို သူမ
သိအောင်ဖွင့်ပြောနိုင်ခဲ့ပြီး...သူမဘက်ကလည်း သူနဲ့ထပ်တူကျတဲ့ ချစ်ခြင်းမျိုးရှိနေတဲ့အရိပ်အယောင်ကို တွေ့လိုက်ရသည်လေ...။

တကယ်တော့ 'မင်းပိုင်စေ'ရဲ့လုပ်ရပ်တွေကို ညွှန်းသည်းခံနိုင်စွမ်းမဲ့ခဲ့တာကြာပါပြီ။ အခုနေတဲ့အိမ်က အဖေအရင်းရဲ့အိမ်ဆိုပေမယ့် သူစိမ်းတွေကြားမှာနေရသလိုပါပဲ...။ဒီမှာ ကြာကြာဆက်နေရင် သူ့ရဲ့ဘဝအတွက် ဘာဆိုဘာမှတိုးတက်ဖို့မရှိ။ ဒါကြောင့် ဒီအိမ်ရဲ့အရိပ်က ထွက်သွားဖို့ ညွှန်းမကြာခဏစဥ်းစားနေမိသည်။ ဒါပေမယ့် မခွဲလိုတဲ့ သံယောဇဥ်ကြိုးလေးကလည်း ချည်နှောင်မိနေပြီး...အဖေအရင်းကတောင် ပစ်ပယ်ထားတဲ့ သူ့ကို တခြားဘယ်သူကများ ကူညီပေးနိုင်ပါ့မလဲ...။

💭💭💭💭💭💭💭💭💭💭💭💭💭💭💭

""တီ!...တီ...!""

""ကိုကိုကြီး...ကားကိုဘယ်လိုမောင်းနေတာလဲ
အရှိန်လျှော့လိုက်...""

ပြောသော်လည်း သူက လုံးဝမလျှော့ဘဲ ပိုလို့တောင် အရှိန်တင်လိုက်သေးသည်။ ရွှန်းတို့ကားလေးက ဘေးက ကားတွေအကုန်လုံးကို ကွေ့ဝိုက်ကျော်တက်ကာ...ဖြတ်ခဲ့တဲ့လမ်းတစ်လျှောက် ကားဟွန်းသံတွေလည်းဆူညံနေရတာမို့...

""ကိုကိုကြီး...ကားကိုရပ်လိုက်...
ရပ်လိုက်လို့...""

""စိတ်ချပါ...မင်းမသေစေရဘူး""

""ရှင်ဘယ်လိုဖြစ်နေတာလဲ""

""ကျွီးးး!""

ရွှန်း အသံကျယ်ကာ အော်ပြောလိုက်မှ ကားဘရိတ်ကိုဆောင့်နင်းကာ ကားကိုလည်း လမ်းဘေးတစ်နေရာသို့ထိုးရပ်လိုက်ရင်း...

""ငါဘာဖြစ်လဲ...မင်းမသိဘူးလား""

""........""

""မင်း အဲ့ကောင်နဲ့ ရင်းရင်းနှီးနှီးဆက်မနေပါနဲ့
ငါ လုံးဝမကြိုက်ဘူး""

""အဲ့ဒါ ရှင်နဲ့ဘာဆိုင်လဲ
ရွှန်းနဲ့ကိုကိုက အရင်ထဲက အဲ့လို...""

""အရင်နဲ့အခုက မတူဘူး...
မင်းကို ငါနောက်ဆုံးအကြိမ်သတိပေးမယ်
မင်းသူနဲ့ထပ်မပတ်သက်ပါနဲ့""

""ရှင်ပြောသလို ရွှန်းကဘာကြောင့်လုပ်ရမှာလဲ""

""အေး! မင်းငါ့စကားကိုနားမထောင်ရင်တော့
ငါကလည်း ဟိုကောင့်ကို ဒီအတိုင်းကြည့်နေမှာမဟုတ်ဘူး...""

""ဟင်းး! လာပြီးခြိမ်းခြောက်မနေပါနဲ့
မကြောက်တတ်ဘူး""

""အေးလေ! ငါဘာလုပ်နိုင်တယ်ဆိုတာ မင်းစောင့်ကြည့်ရင်သိမှာပေါ့...သူကငါ့အိမ်မှာ ကပ်နေရတဲ့ အစေအပါးအဆင့်ပဲရှိတာ...သူ့တစ်ယောက်ကို ဒုက္ခပေးဖို့ ငါ့အတွက် သိပ်လွယ်တယ်""

""ရှင်! ရှင်ဘာတွေကြံစည်နေတာလဲ...""

""ကြံစည်နေတာတွေတော့ အများကြီးပဲ
အဲ့ဒီ့အကြံတွေ အထမမြောက်စေချင်ရင်တော့
မင်း ငါ့စကားကိုနားထောင်လေ...
ပြီးရင် မကြာခင်မှာ မင်းသိရမယ့်ကိစ္စတစ်ခုရှိသေးတယ်...အဲ့ဒါကိုလည်း လက်ခံလိုက်""

ပြောနေတဲ့ ပုံစံကိုကြည့်ရတာတော့ တကယ်ကို တစ်ခုခုကြံစည်ထားပုံပါ။ သူ့လိုလူဆီမှာ ကောက်ကျစ်တဲ့ ဥာဏ်တွေရှိတာအဆန်းတော့မဟုတ်။ သူတကယ်ပဲ ကိုကို့ကို ဒုက္ခပေးဖို့ကြံစည်နေတာများလား...။

💭💭💭💭💭💭💭💭💭💭💭💭💭💭💭

အိမ်ပြန်ရောက်တော့လည်း ကိုကိုကြီးပြောလိုက်တဲ့စကားတွေကိုပဲ ရွှန်း မရပ်မနားစဥ်းစားနေမိ၏။
သူတကယ်ပဲ စိတ်ပျက်ဖို့ကောင်းလွန်းပါသည်။ သူ့ကိုမချစ်ဘူးလို့ ပြောခဲ့ပြီးတာတောင် သူကအခုထိဇွဲမလျော့နိုင်သေး။ တကယ်ဆို ကိုကိုကြီးအတွက်လည်း မိန်းကလေးမရှားပါဘူး...သူအခုလိုမျိုး ရွှန်းဆီ ဇွတ်အတင်းတွယ်ကပ်နေတာက ကိုကို့ကို မရှုံးချင်တဲ့ မာနကြောင့်ပဲဖြစ်မည်။

""သမီး""

စဥ်းစားနေတုန်းမှာပဲ...မေမေ့ခေါ်သံက ဧည့်ခန်းဆီမှထွက်ပေါ်လာတာမို့...

""ရှင်...မေမေ""

""မေမေပြောစရာရှိလို့ ဒီကိုခဏလာဦး""

""ဟုတ်""

ရွှန်း မေမေရှိရာဆီလျှောက်သွားလိုက်ပြီး အနားမှာဝင်ထိုင်လိုက်ချိန်အထိ...မေမေက ရွှန်းကို အကဲခတ်တဲ့မျက်လုံးတွေနဲ့ကြည့်နေတာ ရွှန်းသတိထားမိသည်။

တစ်နည်းအားဖြင့် ဒါဟာ အန္တရာယ်သတိပေးချက်တစ်ခုခုထုတ်ပြန်တော့မယ့် အနေအထားမှန်း ရွှန်းခံစားလို့ရနေသလိုလို...

""မေမေ...သမီးကိုဘာပြောမလို့လဲဟင်""

""သမီးနဲ့ ဟိုဘက်ခြံကကောင်လေး...
လိုအပ်တာထက် ပိုရင်းနှီးနေကြသလား""

""ရှင်! မေမေပြောတာ ...
ကိုကိုလား...""

""မေမေဘာပြောမှန်း သမီးသိပါတယ်...
မေမေအမှန်အတိုင်းသိချင်တယ်...
သူနဲ့ သမီး ချစ်သူတွေဖြစ်နေလား""

""ရှင်!...မဟုတ်...မဟုတ်ပါဘူး မေမေရဲ့
ကိုကိုနဲ့သမီးက ချစ်သူတွေမဟုတ်ဘူး""

တကယ်လည်း ချစ်သူတွေမဟုတ်သေးပေမယ့် တစ်ယောက်နဲ့ တစ်ယောက်ဝန်ခံခဲ့ပြီးသလို..ရွှန်းက ချစ်တယ်လို့ ဖွင့်ပြောတော့မယ့် စက္ကန့်ပိုင်းလေးအလိုမှာ မင်းပိုင်စေကဝင်ရှုပ်ခဲ့တာကိုးး

""အင်း ဒါဆိုကောင်းတယ်
သမီး သူနဲ့သိပ်အရောတဝင်မနေနဲ့တော့
အရင်က သမီးတို့အသက်ငယ်သေးလို့
မေမေဘာမှဝင်မပြောခဲ့တာ...
အခုက အရွယ်ရောက်နေကြပြီ...
သမီးဘက်က သူ့ကိုသံယောဇဥ်ပိုနေမှန်းလည်း မေမေသိတယ်""

""......""

""အစစအရာရာ ပြည့်စုံနေတဲ့
သမီးတောင် သူ့အပေါ်ဒီလိုဖြစ်ရင်...
သူကရော...သမီးကိုမတွယ်တာပဲနေပါ့မလား
အရင်က မေမေလည်းသူ့ကိုသနားလို့ ကိုယ့်သားလေးတစ်ယောက်လို သဘောထားချစ်ခင်ပေးခဲ့ပါတယ်...
ဒါပေမယ့် အဲ့လိုဆိုပြီး ကိုယ့်သမီးတစ်ယောက်လုံးကိုတော့ သူ့လက်ထဲထည့်ပေးဖို့မဖြစ်နိုင်ဘူး သမီး""

""မေမေ...
ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို ပစ်ပယ်လို့တော့မရဘူးလေ
သူ့ဘဝမှာ ခင်တွယ်စရာဆိုလို့ သမီးတို့ပဲရှိတာ...
မေမေ သူ့ဘက်ကကျမစဥ်းစားတော့ဘူးလား""

""မေမေက သူ့အမေမဟုတ်ဘူးသမီး...
သမီးအမေ..အဲ့တော့ ကိုယ့်သမီးဘဝထက်တော့ ပိုပြီးအရေးမပေးနိုင်ဘူး""

"".......""

""ပြီးတော့ သမီးကိုတစ်ခါတည်းပြောလိုက်မယ်
သမီးနဲ့ သား ပိုင်စေကို မကြာခင်မှာစေ့စပ်ပေးတော့မယ်...သမီးကျောင်းပြီးတာနဲ့ လက်ထပ်ပွဲလုပ်ပေးမယ်
မေမေတို့နှစ်ဖက်မိဘတွေ အားလုံးစီစဥ်ထားပြီးပြီမို့ ဒီလိုပဲ သိထားပါ""

ပြောပြီးတာနဲ့ မေမေက ထွက်သွားလေ၏။
အရင်ကဆို မိဘတွေက ရွှန်းအပေါ် အရမ်းကြီး ချုပ်ချယ်တာမျိုးမရှိခဲ့။ ရွှန်းရဲ့ခံစားချက်နဲ့ ဆုံးဖြတ်ချက်ကိုလေးစားပြီး မမှားသင့်တာ မမှားဖို့ ဘေးကထိန်းကွပ်ပေးရုံလောက်ပဲရှိသည်။ အခုလို မဖြစ်မနေ လုပ်ကိုလုပ်ရမယ်ဆိုတဲ့ အမိန့်ဆန်တဲ့ပုံစံမျိုးအထိဖြစ်လာရအောင် ဘေးလူတွေ ဘယ်လောက်ထိသွေးထိုးထားတယ်မသိ။

အဓိကကတော့ 'မင်းပိုင်စေ'ပဲဖြစ်မယ်ဆိုတာ ရွှန်းသိပါတယ်...နေ့လည်ကပဲ သူပြောခဲ့တဲ့ ရွှန်းလက်ခံရမယ့်ကိစ္စဆိုတာ ဒါပဲပေါ့...

ရွှန်း ဒီကိစ္စကို ငြင်းရင် သူတကယ်ပဲ ကိုကို့ကို ဒုက္ခပေးလိမ့်မယ်...

ဟင့်အင်း! မဖြစ်ဘူး...ကိုကို့ကို ဒုက္ခမရောက်စေချင်ဘူး...

ဒါပေမယ့် ရွှန်း ကိုကိုကြီးကိုလည်းလက်မထပ်နိုင်ဘူး..

ဘုရားရေ! ရွှန်း ဘယ်လိုလုပ်ရပါ့မလဲ ကိုကိုရယ်...

ညီမလေးကို ကယ်ပါဦး...။

💭💭💭💭💭💭💭💭💭💭💭💭💭💭

Part-5 Coming Soon!

Readers/writersလေးတွေအားလုံးက VIPပါ

#Seniorတွေအားလုံးကိုလေးစားလျက်
#WineSattCho
Show m


rate now: