book

Index 3

Part-( 3 )

🌧🌧️️ ကိုကို မုန်းရက်ခဲ့ရင်...🌧️🌧

(5)နှစ်ကြာပြီးနောက်...

""ရွှန်းရေ...ရွှန်းလေး""

""ဟာ!...ကိုကိုကြီး...ရွှန်း ဒီမှာ""

ထမင်းစားခန်းကနေ လှမ်းပြောသံကြားရပေမယ့်
လူကတော့ ထွက်မလာတာကြောင့် 'ပိုင်စေ'လည်း
သူမ ရှိရာဆီလျှောက်သွားလိုက်ရင်း...

""ရွှန်း ဒီနေ့ကျောင်းမသွားဘူးလား""

""အမလေးတော်! ဒီနေ့ကSundayကြီးလေ""

""အော်! အေး ဟုတ်သားပဲ""

""ဒါနဲ့ ရွှန်းကိုပြောစရာရှိလို့လား""

""ဟင့်အင်း! ပေးစရာရှိလို့ ...ဒီမှာကြည့်""

ပြောလျက် သူ့လက်ထဲပါလာတဲ့ ကတ္တီပါဗူးအနက်လေးကိုဖွင့်ပြီး ရွှန်းဆီ ကမ်းပေးလေ၏။

အထဲမှာရှိနေတာက အရောင်တွေတဖျပ်ဖျပ်တောက်ပနေတဲ့ စိန်ဆွဲကြိုးလှလှလေးဖြစ်နေတာမို့...ရွှန်းလည်းအံ့အားသင့်သွားရပြီး...

""ကိုကိုကြီး...ဒါကဘာအတွက်""

""နောက်လ ၂၀ရက်နေ့...
ရွှန်းလေးရဲ့ အသက်၂၀ပြည့်မွေးနေ့အတွက်
ကိုယ့်ရဲ့လက်ဆောင်လေ...ကြိုက်လား""

""မွေးနေ့က နောက်လမှကို...
ဘာလို့အခုလာပေးတာလဲ""

""ပေးချင်လို့ပေါ့""

မျက်နှာပေါ်မှာ အဓိပ္ပာယ်နက်နဲသော အပြုံးတစ်ပွင့်
ဖန်တီးလျက် ...ရွှန်းမျက်နှာကိုလည်းသေအချာစိုက်ကြည့်ကာ ပြောလိုက်တဲ့အဖြေစကားက...နားထဲတစ်မျိုးဖြစ်နေရ၏။

ဟိုးးအရင်ကတော့ ရွှန်း နဲ့ မင်းပိုင်စေက မေးထူးခေါ်ပြောထက်မပိုတဲ့ အဆင့်သာရှိကြပြီး စကားပင်သိပ်မပြောဖြစ်ခဲ့။
ဒါပေမယ့် ရွှန်း အရွယ်ရောက်လာတဲ့ အခုနောက်ပိုင်းကျမှ သူက ရွှန်းနဲ့တရင်းတနှီးခေါ်ပြောဖို့ကြိုးစားလာပြီး...
တန်ဖိုးကြီးလက်ဆောင်တွေလည်း မကြာခဏပေးသည်။
အခါများစွာမှာ ရွှန်း အလိမ္မာသုံးငြင်းပစ်နိုင်ခဲ့ပြီး တစ်ခါတစ်ရံတော့ အားနာလို့လက်ခံထားရတာလည်းရှိပြန်သည်။

အိမ်နီးချင်းဖြစ်တာကြာလာတဲ့အပြင်...စီးပွားရေးစပ်တူကိစ္စတွေကြောင့် မိဘတွေချင်းလည်းရင်းနှီးနေပြီဖြစ်ကာ
'မင်းပိုင်စေ'ကတော့ ရွှန်းတို့အိမ်ကို တံခါးမရှိ ဓားမရှိ ဝင်ထွက်နိုင်သူဖြစ်နေပြီ။

ဒါပေမယ့် ရွှန်းကတော့ ကိုကိုကြီးအပေါ် အတိုင်းအတာ
တစ်ခုထက်ပိုပြီး ရင်းနှီးလို့မရ။
သူ့အကြောင်းတွေကိုလည်း သိနေတာကိုးး။
မိဘအသိုင်းအဝိုင်းကျယ်ပြန့်ပြီး...ငွေကြေးချမ်းသာကာ ရုပ်ရည်ကလည်းချောမောပြန်တော့ အဲ့ဒီ့အရှိန်တွေနဲ့ပဲ
လူဂုဏ်ထံသူဌေးသားပီသစွာ ငွေကိုရေလိုသုံး...
ချစ်သူရည်းစားဆိုလည်း သူကိုယ်တိုင်ပင်မမှတ်မိလောက်အောင် သက်စေ့တွဲနိုင်သူ...
ပြီးတော့ အဆိုးဆုံးက သူဟာ ကိုကို့အပေါ်အမြဲပဲအနိုင်ကျင့်လွန်းသူမဟုတ်လား...။

ရွှန်းအတွက်တော့ ဟိုးငယ်စဥ်ဘဝ စတွေ့ချိန်ထဲက
အခုချိန်ထိ ရင်းနှီးတွယ်တာရသူဆိုလို့ 'ကိုကို'တစ်ယောက်ထဲသာရှိသည်။ဒါကိုလည်း ရွှန်းကိုယ်တိုင်ရွေးချယ်ခဲ့တာဖြစ်လို့...ကိုကိုက ဒီလောကမှာ ရွှန်း ဂရုအစိုက်ရဆုံး သူစိမ်းတယောက်...။

ကိုကို့အပေါ်မကောင်းတဲ့သူကို ရွှန်းကလည်းမနှစ်သက်ပါ။
အခုလိုမျိုး 'ကိုကိုကြီး'ဆိုတဲ့နာမ်စားနဲ့ ရင်းနှီးသမှုပြုနေရတာမိဘတွေရဲ့သဘောနဲ့ လူမှုရေးအရကြောင့်ပါ...
ပြီးတော့နောက်တစ်ခုက ရွှန်းသာ ဒီလို အသာတကြည်မပြောဆိုပေးရင် သူ အရင်ဆုံးပြသာနာရှာမယ့် ပစ်မှတ်က
'ကိုကို'ပဲဖြစ်မှာစိုးရိမ်ရသည်လေ...။

""ကြိုက်ရဲ့လား...လက်ဆောင်ကို""

ရွှန်းအတွေးလွန်နေရာမှ သူ့အသံကြောင့် သတိပြန်ဝင်လာကာ...

""အင်း...ကြိုက်ပါတယ်
ဒါပေမယ့် မွေးနေ့လက်ဆောင်ဆိုတော့
မွေးနေ့မှပဲယူမယ်လေ...
အခု ကိုကိုကြီးပြန်သိမ်းထား""

""ကဲပါကွာ...ပေးမယ့်ဟာ...
ဘယ်နေ့ပေးပေး ဘာမှမထူးဘူး
ယူထားလိုက်တော့ ဟုတ်ပြီလား""

ရွှန်းဘာမှပြန်မပြောရသေးခင် လက်ဆောင်ဗူးကို လက်ထဲအတင်းပြန်ထည့်ပေးပြီး...အိမ်ထဲကထွက်သွားလေ၏။

ကိုကိုကြီးဆိုတာ...အဲ့လိုလည်းဇွတ်တရွတ်နိုင်သူပဲလေ
အမြင်ကပ်စရာ...။

💭💭💭💭💭💭💭💭💭💭💭💭💭💭

""ကိုကို""

ညွှန်း ခြံထဲမှာအလုပ်လုပ်နေတုန်း
ခေါ်သံနဲ့အတူ ခြံထဲပြေးဝင်လာနေတဲ့
ပန်းနုရာင်ပုံရိပ်လေးကိုလှမ်းကြည့်ကာ
ရင်ထဲမှာလည်း နှလုံးခုန်သံတွေမြန်ဆန်နေရ၏။

ရင်းနှီးခဲ့တဲ့နှစ်တွေတစ်လျှောက် သူမကတော့ သူ့အပေါ် အဖြူရောင်ဆိုပေမယ့်...ညွှန်းဘက်ကတော့ တိတ်တခိုး အရောင်တွေပြောင်းနေခဲ့တာ...သူမ သိများသိခဲ့ရင်...စိတ်ဆိုးလေမလား...

""ကိုကို...ကိုကို!...
ဘာတွေစဥ်းစားနေတာလဲ...
ဒီမှာ ခေါ်နေတယ်လေ""

""ဟမ်! ဘာမှမစဥ်းစားပါဘူး ညီမလေးရဲ့""

""ပြီးတာပဲ...ရွှန်းကျောင်းသွားတော့မယ်""

""အင်း...သွားလေ""

""သွားမှာပါ...ကိုကို့ကိုပေးစရာရှိလို့...ရော့!""

ပြောရင်း သူ့လက်ထဲကိုထည့်ပေးလိုက်တာက...
ရောင်စုံသကြားလုံးလေးတွေဖြစ်နေတာမို့...ညွှန်းပြုံးလိုက်မိရင်း...

""ငယ်ငယ်တုန်းကအတိုင်း...သကြားလုံးတွေပဲလား""

""ဟာ! ဒါတွေကရိုးရိုးမဟုတ်ဘူးနော်..ဆန်းဆန်း""

""ဘာဆန်းတာလဲ""

""ရွှန်းက အမြဲ candyလေးတွေစားတတ်လို့ဆိုပြီး
ကျောင်းမှာ ရွှန်းကို crushနေတဲ့ကောင်လေးတွေ ပေးထားတာ...အစုံပဲ...အဲ့ထဲကနေခွဲယူလာတာ""

""အော်! ဒါက လာကြွားနေတာပေါ့""

""ဟယ်!မဟုတ်ပါဘူး...ပြောမယ်နော်
ကိုကို ဒီသကြားလုံးတွေကို ရိုးရိုးမစားနဲ့ဝါးစားပစ်လိုက်""

""ဘာလို့လဲ""

""ဟာ! ဒါတွေက ရွှန်းအနားကပ်ချင်တဲ့ကောင်တွေပေးထားတာလေ...ဒါတွေကို ကိုကိုကဝါးစားပစ်လိုက်ရင် သူတို့လည်း ရွှန်းအနားလာမကပ်ရဲတော့ဘူး ကျေပြီ...အဲ့လိုသတ်မှတ်တာ...""

""ဘာစိတ်ကူးတွေလဲကွာ...
မဟုတ်တာတွေ...ဘာမှမဆိုင်တာကို...""

""တကယ်ပါဆို...ကျိန်းသေဝါးစားလိုက်နော်
သွားပြီ""

ပြောပြီးတာနဲ့ ထိုနေရာမှလှစ်ခနဲပြေးထွက်လာခဲ့ပြီးကားပေါ်ပြန်ရောက်မှ ကိုကိုရှိရာဆီတစ်ချက်လှမ်းကြည့်လိုက်တော့ ကိုကိုက သကြားလုံးလေးတွေကိုငုံ့ကြည့်ကာ ပြုံးနေလေရဲ့...။

တကယ်တော့ ရွှန်းပြောခဲ့တဲ့ ရောက်တတ်ရာရာ စကားတွေက သိပ်မဆီလျော်မှန်း ရွှန်းကိုယ်တိုင်လည်းသိနေပေမယ့်...အခုလို ကိုကို့အပြုံးလေးမြင်ရရင် ကျေနပ်ပြီလေ...။ ဒီလိုပြောခဲ့တာက ကိုကိုဟာ ရွှန်းဘဝအတွက် အရေးပါတဲ့သူ၊ ဘယ်ကိစ္စကိုမဆို ပြောပြအသိပေးချင်တဲ့သူဖြစ်ပြီး ရွှန်းအတွက် ကာကွယ်ဖြေရှင်းပေးဖို့အခွင့်အရေးရှိတဲ့သူဆိုတာကို သွယ်ဝိုက်သောနည်းနဲ့ပြောပြချင်တာလည်း ပါသည်။

ကိုကို...
ကိုကို....သိရဲ့လား? ? ?
ကိုကို့ရဲ့ ...အပြုံးလေးတစ်ချက်က ရွှန်းရင်ထဲဘယ်လောက်ထိ နွေးထွေးစေတယ်ဆိုတာ...

ပြီးတော့ ရှင်အမြဲတမ်း ညီမလေးလို့ တဖွဖွခေါ်နေတဲ့ဒီကောင်မလေးက ရှင့်ကိုသိပ်ချစ်မိနေတယ်ဆိုတာ...။

💭💭💭💭💭💭💭💭💭💭💭💭💭💭

ညဘက်ရောက်တော့ ညွှန်း အိပ်မပျော်သေးတာနဲ့ အခန်းပြတင်းလေးမှတစ်ဆင့် အပြင်ဘက်ဆီငေးကြည့်နေမိရင်း...တစ်ဖက်ခြံထဲသို့လည်း အကြည့်ရောက်မိစဥ် ခြံထဲက ဒန်းလေးပေါ်မှာထိုင်ကာ ဖုန်းပြောနေသော သူမ ကိုတွေ့လိုက်ရသည်။

ဘာတွေပြောနေတယ်မသိပေမယ့်...ပြုံးရွှင်နေတဲ့ သူမမျက်နှာလေးကို လှမ်းကြည့်ရင်း...ညွှန်းပါအလိုလိုလိုက်ပြုံးမိရသည်။

ညွှန်းအတွက်တော့ သူမက အဲ့လိုစွမ်းနိုင်သူပါ။
ဘဝတစ်ခုလုံးအတွက် တစ်ဦးတည်းသော မြတ်နိုးရာမို့ သူမကသာ သူ့ရဲ့အရာရာ...။

ဒါပေမယ့် အခုချိန်မှာတော့ သူတို့နှစ်ဦးရဲ့ဘဝအခြေအနေဟာ တစ်နေ့တခြား အလှမ်းဝေးလာနေပါပြီ။ ရင်ထဲမှာ ဘယ်လောက်ပဲချစ်ချစ်...လက်တွေ့မှာတော့ မဖြစ်နိုင်တဲ့ အိပ်မက်တစ်ခုသာ...။ဒါကို ညွှန်းကိုယ်တိုင်က အသေအချာနားလည်သလို...သူမက ပြန်ချစ်လာဖို့ဆိုတာကိုလည် မမျှော်လင့်ရဲ...။

အခုဆို သူမက အရောင်အသွေးစုံလင်စွာ အစွမ်းကုန်လှပဖူးပွင့်နေတဲ့ ပန်းလေးတစ်ပွင့်ဖြစ်နေပြီ။ သူမရဲ့အလှအပကြောင့် ပတ်ဝန်းကျင်က ပုရိသအတော်များများရဲ့ နှလုံးသားပိုင်ရှင်ဖြစ်ပြီး...ကျောင်းမှာဆိုလည်း နှစ်တိုင်းလို The Whole Queenအဖြစ်သတ်မှတ်ခြင်းခံခဲ့ရတာ အခုနောက်ဆုံးနှစ်အထိ...။ အလှဓာတ်ပုံလေးတွေကြောင့် Social mediaမှာလည်း လူပြောများ ရေပန်းစားကာ Followerသောင်းချီထိပိုင်ဆိုင်သူ...။ ပညာအရည်အချင်းနဲ့ မိဘအသိုင်းအဝိုင်း... ဘာဆိုဘာမှလိုအပ်ချက်မရှိ...။

ထို ထိုသော ကောင်းခြင်းတွေနဲ့ ရွှေမင်းသမီးလေးကို 'ညွှန်း'လိုလူက ရာရာစစ မျှော်လင့်ရဲစရာ အကြောင်းရှိပါ့မလား...။

မင်း ကိုကို့ကို ခွဲခွာသွားမယ့်နေ့ရက်တွေ တကယ်ရောက်လာခဲ့ရင်...ကိုယ်ဘယ်လိုလုပ်ရပါ့မလဲ....

ညီမလေးရယ်...

💭💭💭💭💭💭💭💭💭💭💭💭💭💭

""ဟဲ့...ရွှန်း...""

ရွှန်းတစ်ယောက်ထဲ ကျောင်းcanteenမှာထိုင်နေတုန်း အနောက်က လှမ်းခေါ်သံကြောင့် လှည့်ကြည့်တော့ ချစ်လှစွာသော သူငယ်ချင်းနှစ်ယောက်...

""ဘယ်လိုလုပ် အာကျယ်ကြီးနဲ့ခေါ်နေတာတုန်း
ငါထွက်မပြေးပါဘူး""

""ဟဲ့...နင့်ကိုလေ ရန်နိုင်တို့အုပ်စုကမေးနေတယ်
သူတို့ကောင်ကို ဘယ်တော့အဖြေပေးမှာလဲတဲ့""

""ဘယ်တော့မှမပေးဘူး...cancel""

""ဟင်...နင်ကလည်း...""

""ဘာဟင်လဲ?? မှန်မှန်ပြောစမ်း..


နင်တို့တွေ သူ့ဆီက ဘာတွေကပ်စားထားသေးလဲ""

""ဘာမှမစားပါဘူး...
နင့်ကိုအံ့သြလို့...ငါတို့အခုကျောင်းတောင်ပြီးတော့မယ် uni lifeမှာ အပျင်းပြေလေး တစ်ယောက်တစ်လေတောင်မတွဲတော့ဘူးလား...လာသမျှအကုန်cancelဆိုတာချည်းပဲ""

သူတို့ကတော့ပြောမှာပေါ့...ရွှန်းအပါအဝင်သူငယ်ချင်း ၃ယောက်မှာ ကျန်နှစ်ယောက်လုံးက rsနဲ့မမတွေလေ...ရွှန်းတစ်ယောက်ကသာ ဘယ်သူ့ကိုမှစိတ်မဝင်စား...လာကပ်သမျှကိုလည်း အကုန်ငြင်းပစ်နေတာမို့ တစ်ချို့ယောကျ်ားတွေရဲ့ပါးစပ်ဖျားမှာ အချေကြီးတဲ့ မာနမင်းသမီးဖြစ်နေရပြန်၏။

ဒါပေမယ့် ကိုယ့်ရင်ထဲက ခံစားချက်ကို ကိုယ် ကိုယ်တိုင်ထက် ဘယ်သူကပိုသိနိုင်ပါ့မလဲ...

ရွှန်း တခြားသူတွေကိုစိတ်မဝင်စားတာ ချစ်လို့မရတာက...တစ်စုံတစ်ယောက်ကို ချစ်မိနေလို့ဖြစ်ပြီး...တစ်နေ့မှာ သူဖွင့်ပြောလာဖို့ကို စောင့်စားမျှော်လင့်နေလို့ပါ...

တကယ်တော့ ရွှန်းသိတယ်...ကိုကိုလည်း ရွှန်းကိုချစ်နေပါတယ်။ သူတစ်ခါမှ သံသယဝင်စေမယ့်စကားမျိုးတောင် မဖွင့်ဟခဲ့ဖူးပေမယ့် သူ့မျက်လုံးအကြည့်လေးတွေကို ရွှန်းဖတ်တတ်တယ်...ဒါပေမယ့် ဘာကြောင့်ရယ်မသိ ကိုကိုက အခုထိနှုတ်ဆိတ်နေတုန်း...မတူညီတဲ့ဘဝတွေလို့ ယူဆပြီး...သိမ်ငယ်စိတ်ကြောင့်များ...

""ရွှန်းလေး...""

အတွေးတို့မဆုံးသေးခင်မှာပဲ...နာမည်ခေါ်သံထပ်ကြားရတာမို့...လှည့်ကြည့်လိုက်တော့...

""ဟင်...ကိုကိုကြီး...ဘယ်လိုလုပ်ကျောင်းထိ""

""အမလေး ကိုကိုကြီးတို့များနော်...ခုတလော ကျောင်းကိုခြေလှမ်းတွေစိပ်နေလိုက်တာ""

သူငယ်ချင်းနှစ်ယောက်ကပါ ဝင်ပြောလေတော့၏။
ရွှန်းအိမ်ကို ဝင်ထွက်နေကျ သူငယ်ချင်းတွေမို့ ကိုကိုကြီးနဲ့လည်းသိကျွမ်းရင်းနှီးနေကြတာပါ...ဒါကြောင့်အပြောအဆိုလည်း ရဲ ကြတာပေါ့...

သူငယ်ချင်းတွေရဲ့ စ သလိုအပြောကြောင့် ကိုကိုကြီးက သဘောကျသလိုပြုံးလိုက်ရင်း...

""မဟုတ်ပါဘူးကွာ...
ကိုယ်က ရွှန်းလေးကိုပြောစရာရှိလို့
လာ ကိုယ်နဲ့တစ်နေရာလိုက်ခဲ့""

ပြောရင်းလက်ကပါဆွဲခေါ်နေတာမို့ ရွှန်းလည်းထလိုက်လာခဲ့ရသည်...။
💭💭💭💭💭💭💭💭💭💭💭💭💭💭

""ဘာပြောမလို့လဲ...ပြောလေ""

""ကိုယ်...ရွှန်းလေးကိုချစ်တယ်""

""ဟမ်!...""

ရုတ်တရက်ပြောချလိုက်တဲ့ စကားကြောင့် ရွှန်းလည်းအံ့အားသင့်သွားမိရင်း...

""ကိုကိုကြီး...ဘာပြောတာ""

""ဟုတ်တယ်...ကိုယ် မင်းကိုချစ်နေတာကြာပြီ""

""ဟာ! အဓိပ္ပာယ်မရှိတာ...ကိုကိုကြီးမှာရည်းစားတွေဒီလောက်များတာကို.. ဘယ်လိုလုပ်ရွှန်းဆီ မြှားဦးလှည့်လာရတာလဲ""

""သူတို့တွေနဲ့ မင်းကမတူဘူးလေ
သူတို့က အပျော်တွဲတာ...မင်းကိုကချစ်တာ""

""ရွှန်းကတော့ ကိုကိုကြီးကိုမချစ်ဘူး...
ပြီးတော့ ရွှန်းမှာ ချစ်တဲ့သူရှိပြီးသား""

""ဘာ!..
ဘာလဲ...မင်းပြောတာ...ဟိုကောင်လား""

""ဘယ်သူဖြစ်ဖြစ်...အဲ့လောက်ထိရှင်သိစရာမလိုပါဘူး""

""တကယ်ပဲ...ဟိုကောင်ကိုးး
အင်းပေါ့လေ...မင်းတို့က ငယ်ငယ်ထဲက
ပူးပူးကပ်ကပ်နဲ့ ငယ်ကျွမ်းဆွေတွေဖြစ်ခဲ့တာကိုးး""

""........""

""ဒါပေမယ့် ငါမင်းကို အထင်ကြီးမိသွားတာပဲ
မင်းက အဲ့လိုကောင်လောက်ကို စာရင်းမရှိဘူးထင်ခဲ့တာ...နောက်ဆုံးတော့ မင်းရဲ့ ယောကျ်ားလေးရွေးချယ်တဲ့အမြင်က အဲ့ဒီ့အဆင့်လောက်ပဲလား""

သူ့ရဲ့ အထင်သေးသလိုအကြည့် အပြောနဲ့အမူအရာတွေကြောင့် ရွှန်းရင်ထဲ ဒေါသတွေတောက်လောင်နေမိသလို...လူလူချင်းဒီလောက်ထိခွဲခြားပြောဆိုနေတဲ့ သူ့စိတ်ဓာတ်ကိုလည်း အတော်လေးခါးသီးနေရ၏။

""ကဲပါ...နောက်မှဆက်ပြောမယ်
အခုတော့ပြန်ကြစို့""

ပြေပြေလည်လည်ပုံစံနဲ့ပဲ ပြောလာတာမို့ ရွှန်းလည်း နောက်ထပ်ဘာမှဆက်မပြောဖြစ်တော့...။
💭💭💭💭💭💭💭💭💭💭💭💭💭💭💭

'ပိုင်စေ'အိမ်ပြန်ရောက်တော့ ခြံထဲမှာ အဖေ့ကားကို ရေဆေးနေတဲ့ 'ညွှန်း'အား ခပ်လှမ်းလှမ်းမှရပ်ကြည့်မိရင်း ရွှန်းပြောခဲ့တဲ့စကားတွေပြန်ကြားယောင်နေမိ၏

'ချစ်ရည်ရွှန်း...မင်းက ငါ့ကိုကျ ငြင်းပြီး...
ဒီကောင့်ကိုမှ ကြိုက်နေတယ်...
ဟက်! မင်းအမြင်တွေသိပ်မကောင်းဘူးထင်တယ်'

နေ့ခင်းက သူ ရွှန်းကို ဘာမှအချေအတင်ပြန်မပြောခဲ့ပေမယ့် စိတ်ထဲမှာတော့ အကြီးကြီးပေါက်ကွဲနေမိသည်...ခံပြင်းစိတ်လည်းပါတာပေါ့...
သူနဲ့ ယှဥ်ရင် အစစအရာရာနိမ့်ကျနေတဲ့ ငမွဲကောင်ကို ဒီလိုအချစ်ရေးကိစ္စနဲ့မှ အညံ့မခံလိုပါ...

'ငါ့နာမည်ကိုက မင်းပိုင်စေ...
ငါပိုင်ချင်တာမှန်သမျှ...ပိုင်စေရမယ်
မင်းလို အကျည်းတန်ရုပ်နဲ့ကောင်ကများ ရာရာစစ ငါရည်ရွယ်တဲ့ ငါ့မိန်းကလေးကို မျှော်ကြည့်ရဲရတယ်လို့...
အဲ့ဒီရဲ့ အကျိုးဆက်က ဘာဖြစ်မယ်ဆိုတာ မင်းကိုပြပေးရသေးတာပေါ့...'

ညွှန်း ရှိရာဆီ လှမ်းကြည့်နေရင်းကပဲ...'မင်းပိုင်စေ'ရဲ့မျက်နှာထက် ခပ်ရေးရေးအပြုံးတစ်ခုပေါ်ထွက်လာခဲ့သည်...

ထိုအပြုံးရဲ့ နောက်ကွယ်က ကောက်ကျစ်မှုနဲ့ လှည့်ဖျားမှုတွေသည်...မကြာခင်မှာ ညွှန်းဆီသို့ ဦးတည်လာတော့မယ်ဆိုတာ...။

💭💭💭💭💭💭💭💭💭💭💭💭💭
Part-4 Coming Soon!

Readers/writersလေးတွေအားလုံးက VIPပါ

#Seniorတွေအားလုံးကိုလေးစားလျက်
#WineSattCho


rate now: