book

Index 2

Part- ( 2 )

🌧🌧️️ ကိုကို မုန်းရက်ခဲ့ရင်...🌧️🌧

""ဘုန်းး!!""

""အ..!""

ညွှန်း တစ်ယောက်ထဲ ခြံထဲက ပန်းပင်တွေကိုရေလောင်းနေတုန်း...တစ်စုံတစ်ခုက နောက်ကျောကို အရှိန်ပြင်းပြင်းနဲ့လာထိမှန်တာကြောင့် လန့်သွားမိကာ လူကလည်းရှေ့သို့ယိုင်ကျသွားရတာမို့ ကိုယ်ရှိန်ကိုပြန်ထိန်းလိုက်ရင်း အနောက်ကိုလှည့်ကြည့်တော့...ကျေနပ်ပြုံးကြီးနဲ့စိုက်ကြည့်နေတဲ့ 'မင်းပိုင်စေ'ကိုတွေ့လိုက်ရသည်။

ဒါ တမင်ရန်စတဲ့လုပ်ရပ်မှန်း ညွှန်း သိနေပေမယ့်ဘာမှပြန်မပြောဖြစ်...။ကိုယ့်အလုပ်ပဲ ကိုယ်ဆက်လုပ်နေလိုက်တော့သူက အနားကိုလျှောက်လာကာ...

""ဟေ့ကောင်!...
ငါ့ဘောလုံးကို သွားကောက်ပေးစမ်း!""

ညွှန်း ဘာမှပြန်မပြောဘဲ မသိဟန်ဆောင်နေလိုက်တော့ သူက ညွှန်းကို ဆောင့်တွန်းချလိုက်လေ၏။

""မင်းကဘာကောင်လဲ??
ငါ့အိမ်မှာနေပြီး ငါ့စကားကိုနားမထောင်ဘူး
မင်းတော့ အသားနာချင်ပြီလား""

အကြောင်းမရှိရန်လာရှာနေတာမို့ ညွှန်းလည်းဒေါသထွက်သွားမိပြီး လဲကျနေရာမှ ပြန်ထကာ သူ့ရင်ဘတ်ကိုပြန်ဆောင့်တွန်းလိုက်စဥ်...

""ဟဲ့!! နင်ငါ့သားကိုဘာလို့တွန်းတာလဲ...ဟမ်!
နင်အဆင့်ကများ ငါ့သားကိုလက်နဲ့ထိရတယ်လို့..
သနားလို့အိမ်မှာပေးနေထားရင် ကောင်းကောင်းနေ...
မောင်းထုတ်လိုက်လို့ အရင်နေရာပြန်ရောက်သွားမယ်
အမေရော သားရော ကောင်းကျိုးကိုမပေးဘူး
အရှုပ်ထုပ်တွေ...""

ဒေါ်အိမ်စည်ရဲ့စကားတွေကို နာကျည်းလှသော်လည်း...
လက်တွေ့မှာတော့ ညွှန်း ဘာတစ်ခွန်းမှမတုံ့ပြန်နိုင်ခဲ့...။
သူပြောတဲ့ အရင်နေရာဆိုတာကို ညွှန်းမပြန်လိုပါ။
ဘယ်လိုပဲဖြစ်ဖြစ် ဆက်ပြီးသည်းခံနေရဦးမှာပေါ့..
ကိုယ်က သူများအရိပ်မှာခိုနေရသူကိုးး...

ဒီအဖြစ်အပျက်ကို အိမ်ထဲမှာရှိနေတဲ့ အဖေကြားမှာဆိုပေမယ့် တစ်ချက်လေးတောင်ထွက်လာမကြည့်ခဲ့ပါဘူး...
အခုမှမဟုတ်...ညွှန်းကို 'မင်းပိုင်စေ'ပြသာနာလာရှာတိုင်း၊
ဒေါ်အိမ်စည်က ဒီလိုထိုးနှက်တဲ့စကားတွေပြောတိုင်း အဖေတခါမှ ဝင်ပါဖူးတာမရှိ။အမြဲမသိသလို မကြားသလိုပဲနေတတ်သည်။ ဒါကြောင့် ဒီလိုပြသာနာတွေကြုံတိုင်း တစ်ယောက်ယောက်က လာကူညီပေးဖို့ ညွှန်း မမျှော်လင့်တတ်ပါဘူး...

အခုဆို ညွှန်းဘက်ကအမြဲရှိပေးခဲ့တဲ့ ဘဘချစ်လည်းကွယ်လွန်ခဲ့ပြီလေ။ဒါကြောင့် တစ်နေ့လုံးနေလို့မှ စကားတစ်ခွန်းပြောစရာလူမရှိခဲ့...။
အဖေက သူ့ကိုကျောင်းတော့ပြန်ထားပေးခဲ့တာမို့ အိမ်ကအလုပ်တွေလုပ်ပြီး အားတာနဲ့ ကျောင်းစာကိုပဲ အာရုံစိုက်ကြိုးစားနေခဲ့သည်။
ထုံးစံအတိုင်း ကျောင်းမှာလည်း 'ညွှန်း'က ဘယ်သူကမှအခေါ်အပြောမလုပ်တဲ့ အပယ်ခံကောင်လေးပါပဲ...

သို့သော်...အဲ့ဒီကောင်လေးရဲ့ အထီးကျန်နေ့ရက်တွေကို အဆုံးသတ်စေမယ့် တစ်နေ့မှာတော့...

💭💭💭💭💭💭💭💭💭💭💭💭💭💭💭

""Woww!! ဒါသမီးတို့အိမ်အသစ်လား ဖေဖေ""

""အင်းပေါ့...
ဖေ့သမီးလေးအတွက် မွေးနေ့လက်ဆောင်...
သမီးလေး ကြိုက်ရဲ့လားး??""

""ရွှန်း အရမ်းကြိုက်တယ်...
အိမ်ကအကျယ်ကြီးပဲ""

'ရွှန်း'တကယ့်ကို အပျော်ကြီးပျော်ကာ အိမ်အသစ်လေးထဲပြေးလွှားလျှောက်ကြည့်နေမိသည်။အမှန်ကိုပဲ...ဒီအိမ်က ရွှန်း အရင်နေခဲ့တဲ့အိမ်ထက်အများကြီး ပိုလှ ပိုခမ်းနားသည်လေ...

""မေမေ...သမီးအနောက်ဘက်ကိုသွားကြည့်ဦးမယ်နော်""

အော်ပြောခဲ့ပြီး အိမ်အနောက်ဘက်ကိုပြေးလာခဲ့တော့...

""Wow...ခြံကလည်းအနောက်ဘက်ထိအကျယ်ကြီးပဲ
အိမ်ပြောင်းလာပြီးရင် ဒီနားလေးမှာအပင်တွေစိုက်...""

""ဟင်!!""

ရွှန်း တစ်ယောက်ထဲ စိတ်ကူးကောင်းနေရင်း...တစ်ဖက်ခြံသို့မျက်လုံးရွှေ့အကြည့်မှာ...မြင်လိုက်ရတဲ့ မြင်ကွင်းလေးက အာရုံကိုဖမ်းစားလေ၏။

ရွှန်း အခုစိတ်ကူးနေတဲ့အတိုင်းပင်...တစ်ဖက်ခြံက ကောင်လေးကလည်း ပန်းပင်လေးတွေစိုက်နေတာပါလား...

သူပုံစံလေးက ထူးခြားလိုက်တာ!
ဘေးတစောင်းအနေအထားပဲမြင်ရတာမို့ သူ့မျက်နှာတစ်ခြမ်းကိုပဲမြင်နိုင်ပေမယ့် အဲ့ဒီ့မြင်နေရတဲ့မျက်နှာလေးက...

""ချစ်စရာလေး""

ရွှန်း အသံတိုးတိုးလေးနဲ့ ပြောလိုက်ပေမယ့်...သူက ရုတ်တရက်ဆို ရွှန်း ရပ်နေတဲ့ဘက်ဆီလှည့်လိုက်တာမို့...လန့်ဖျပ်ပြီး နံရံအကွယ်လေးမှာကပ်၍ပုန်းနေလိုက်သည်။

ဟူးး! သူကြားမသွားတာတော်သေးရဲ့...

မျက်နှာလှည့်လာသော်လည်း အပြည့်အဝတော့မမြင်လိုက်ရပါ။ နက်မှောင်ပျော့စင်းနေတဲ့ သူ့ဆံနွယ်ဝဲဝဲလေးက မျက်နှာတစ်ဖက်ခြမ်းကို ဖုံးအုပ်နေပြီး...ပုံမှန်မြင်နေကျ ယောကျ်ားလေးတွေထက် သူ့ဆံပင်ကအနည်းငယ်ပို၍ရှည်သယောင်ရှိသည်။ ပြောရရင် koreaမင်းသားတွေလို စတိုင်များလားမသိ...။

ဘယ်လိုပဲဖြစ်ဖြစ်...မျက်နှာတစ်ခြမ်းလေးကတောင် အတော်လေးတော့ချောသား...

""ဟိ! ဟိ!""

""ဟဲ့! သမီးဘာတွေသဘောကျနေတာလဲ
လာပြန်မယ်လေ""

""မေမေ...သမီးတို့ဘယ်နေ့အိမ်ပြောင်းမှာလဲ""

""နောက်အပတ်ကျပြောင်းမှာလေ...သမီးရဲ့
အခုက ပြင်ဆင်စရာရှိတာတွေပြင်နေတုန်း""

""ဟုတ်""

ရွှန်း စိတ်ထဲတစ်ခုတော့ အခိုင်အမာတွေးထားလိုက်သည်။
အဲ့ဒါက ဒီအိမ်ကိုပြောင်းလာတဲ့အခါ...အဲ့ဒီ့ကောင်လေးနဲ့သူငယ်ချင်းဖြစ်အောင်ကြိုးစားမည် ဆိုတာပါပဲ။

💭💭💭💭💭💭💭💭💭💭💭💭💭💭

"" ဟင်!""

ကျောင်းပိတ်ရက်မို့ ခြံအနောက်ဘက်က သစ်ပင်အောက်မှာထိုင်ရင်း စာကျက်နေတုန်း ခေါင်းပေါ်ကို တစ်ခုခုပြုတ်ကျလာတာမို့ 'ညွှန်း'ဘေးပတ်ဝန်းကျင်ကို လိုက်ကြည့်နေမိ၏။
ဒါပေမယ့် ဘယ်သူကိုမှမတွေ့ရတာနဲ့...ခုနကပြုတ်ကျလာတဲ့အရာလေးကိုပြန်ကောက်ကြည့်တော့ သကြားလုံးလေး...

ကြည့်နေတုန်းမှာပဲ နောက်တစ်ခုက 'ညွှန်း'အရှေ့ကိုပြုတ်ကျလာပြန်၏။ ဒီတစ်ခါတော့တိုက်ဆိုင်မှုမဟုတ်တော့မှန်းသိတာကြောင့် အနီးအနားကို သေချာလိုက်ရှာကြည့်လိုက်တော့...

""အဲ့ဒါ ညီမလေးရဲ့ သကြားလုံးတွေ...
ကိုကို့အတွက်လက်ဆောင်...ယူထားလိုက်လေ""

အသံလာရာဆီမော့ကြည့်တော့ ဖွေးနုနေတဲ့လက်တံဖြူဖြူလေးနှစ်ဖက်ကို အုတ်တံတိုင်းမှာ ယှက်တွယ်လျက်...အပြုံးချိုချိုနဲ့လှမ်းကြည့်နေသော ကောင်မလေးတစ်ယောက်...။

""ဟမ်! မင်း မင်းဘယ်သူလဲ??
ဘာလို့ အဲ့အပေါ်တက်နေတာလဲ အမြင့်ကြီးပဲ...
ပြန်ဆင်း...ပြုတ်ကျမယ်""

""ဆင်းပါဖူး...အောက်မှာလှေကားရှိတယ်""

""သဘောပဲ...""

ပြောမရတဲ့ ကလေးမကိုဆက်မပြောတော့ဘဲ ကျောခိုင်းထွက်ရန်ပြင်လိုက်တော့ သူမ အသံလေးက နောက်ကပါလာပြန်၏။

""ဟာ! ကိုကို...အဲ့လိုမသွားလိုက်နဲ့လေ
ရွှန်းက ဒီအပေါ်အလကားတက်နေတာမဟုတ်ဘူး
သူငယ်ချင်းလာရှာတာ...သိဖို့...ဟင့်!""

""ဒီလိုနည်းနဲ့သူငယ်ချင်းရှာတာ...
ငါတော့တစ်ခါမှမကြားဖူးဘူး...ဘယ်ကသူငယ်ချင်းတွေ့မှာလဲ""

""တွေ့တယ်လေ...အဲ့မှာ ကိုကိုတစ်ယောက်""

""ဘာ...မင်းပြောတာ...ငါ""

ညွှန်း ဇဝေဇဝါနဲ့ ဘေးနားပတ်လည်ပြန်လှည့်ကြည့်တော့လည်း...တခြားဘယ်သူမှမရှိ...။

""ဘယ်တွေရှာနေတာလဲ..
ဟုတ်ပါတယ်...ကိုကို့ကိုပြောနေတာ...
ရွှန်းတို့က အခုမှအိမ်ပြောင်းလာတာ...သူငယ်ချင်းမရှိသေးဘူး...ကိုကိုနဲ့သူငယ်ချင်းဖြစ်ချင်တယ် ရမလား""

""သေချာလို့လား...?
နောက်မှမင်းလန့်ပြေးမယ်လို့ ငါတော့ထင်တာပဲ""

""သေချာတယ် ကတိ!
ဒါနဲ့ကိုကိုသာခေါ်တယ်...အသက်ကဘယ်နနှစ်??""

""၁၇နှစ်...""

""အော်! ကိုကိုပါပဲ...ရွှန်းက ၁၄နှစ် ခုမှကိုးတန်း..
ကိုကိုကရော uniကျောင်းသားလား""

""မဟုတ်ဘူး...ဆယ်တန်းဖြေမှာ""

""ဟမ်! ဘယ်နနှစ်မြောက်၁၀တန်းလဲ
သူများတွေဆို ၁၅နှစ်ကျော်ကျော်၁၆နှစ်လောက်ဆိုဆယ်တန်းအောင်နေပြီလေ...ရွှန်းလည်းနောက်နှစ်ဆိုဆယ်တန်းရောက်...အဲ!""

ကိုယ့်ဘာကိုယ်ပြောနေရင်း...စကားမဆုံးသေးခင်မှာ သူ့မျက်နှာက ချက်ချင်းညှိုးငယ်သွားတာမို့ ရွှန်းလည်းစကားကိုရပ်ပစ်လိုက်သည်။
ဟုတ်ပါရဲ့! သူများကိုယ်ရေးကိုယ်တာကို လျှောက်ဝေဖန်တာလွန်သွားပြီထင်တယ်...သူ့မှာတခြားအကြောင်းရှိလို့လည်းဖြစ်နိုင်တာပဲ...

'ငါ့ပါးစပ်ကတော့လေ' ရွှန်းကိုယ့်ကိုကိုယ်ပဲအပြစ်တင်လိုက်ရင်း...



""ကိုကို...sorryပါနော်...
ရွှန်း လျှောက်ပြောလိုက်တာပါ
ကိုကို စိတ်မကောင်းမဖြစ်ပါနဲ့နော်""

""အင်း...ကိစ္စမရှိပါဘူး""

""အဲ့ဒါဆို ညီမလေးအောက်ဆင်းတော့မယ်နော်
နောက်နေ့မှထပ်လာစကားပြောမယ်""

သူခေါင်းညိတ်ပြလိုက်တော့ သူမလေးကချက်ချင်းဆိုသလိုလှေကားကဆင်းပြီး အိမ်ထဲပြေးဝင်သွားလေ၏။

ညွှန်းလည်း ထိုနေရာလေးမှာတစ်ယောက်တည်းရပ်ရင်း လက်ထဲ ဆုပ်ထားတဲ့သကြားလုံးလေးတွေကိုပြန်ကြည့်နေမိသည်။

'သူငယ်ချင်းဖြစ်ချင်တယ်'တဲ့။
တယ်ထူးဆန်းတဲ့ ကောင်မလေးပါလား...။
ဒီလိုခွင့်တောင်းခံရမှုမျိုးတစ်ခါမှ မကြုံခဲ့ဖူး၊သူငယ်ချင်းလည်းမရှိခဲ့ဖူးတဲ့ ညွှန်းဘဝမှာ...သူမကသာ ပထမဦးဆုံးဆန်းကြယ်မှုလေးဖြစ်နေတာကြောင့် ကိုယ်တိုင်တောင်အံ့အားသင့်နေမိသည်။

ပြီးတော့ တစ်ခုကိုလည်းစိုးရိမ်သည်။သူမအခုလိုပြောတာ သူ့မျက်နှာကိုအသေအချာမမြင်ဖူးသေးလို့ဖြစ်မှာပါ...။
နောက်ပိုင်းကျ သူမကမသိပဲနေပါ့မလား...
ဒါဆိုရင်ရော...သူ့ဆီထပ်လာပြီး သူငယ်ချင်းဖြစ်ချင်တယ်လို့ပြောဦးမှာတဲ့လား...မထင်ပါဘူးလေ...။

ညွှန်း ခေါင်းကိုဖြေးညင်းစွာခါယမ်းလိုက်ပြီး စာကျက်ဖို့ပဲအာရုံစိုက်လိုက်စဥ်...သူမစကားကိုထပ်ကြားယောင်ပြန်၏။

ညွှန်း အရွယ်မှာ သူများတွေဆို ဆယ်တန်းအောင်ပြီးနေပြီတဲ့!...

တကယ်တော့ ညွှန်းတစ်နှစ်မှစာမေးပွဲမကျခဲ့ပါဘူး...
အမေနဲ့နေတုန်းက ကျောင်းတစ်ဝက်တပျက်ဖြစ်ခဲ့တာရော...အဖေလာမခေါ်ခင် မိဘမဲ့ကျောင်းရောက်နေတာတွေကြောင့် ကြားမှာ စာသင်နှစ်တွေအောက်သွားခဲ့ရတာပါ...

ဒါကို သူမကတလွဲတွေထင်သွားလေရဲ့!...

💭💭💭💭💭💭💭💭💭💭💭💭💭💭💭

နောက်တစ်နေ့ရောက်တော့...

""ကိုကို...""

ခြံထဲမှာအမှိုက်ရှင်းနေတုန်း...ခေါ်သံကြားရပြန်သည်။
သူ့ကို 'ကိုကို'လို့ခေါ်မယ့်သူက တခြားမရှိ...တစ်ဦးတည်းသော 'သူမ'ပါပဲ...ထုံးစံအတိုင်း စတွေ့တုန်းကလို အုတ်တံတိုင်းကို ဖတ်လျက်အနေအထားနဲ့ပဲမို့...

""မင်း...တက်ပြန်ပြီ...အဲ့အပေါ်...""

""မတက်ရင်...ဘယ်လိုလို့မြင်ရမှာလဲ...
ကိုကိုလည်းတက်လာခဲ့ လာ...""

အမယ်! သူ့ကိုပါ အဖော်စပ်နေသေးတာကြောင့် ညွှန်းရယ်ချင်သွားရပေမယ့်...မငြင်းမိ။ဒါပေမယ့် သူ့အရပ်က လှေကားလောက်ထိမလိုတာမို့ အနီးကခုံလေးတစ်လုံးကိုယူကာ တက်ရပ်လိုက်တာနဲ့...သူမကိုကောင်းကောင်းမြင်နိုင်ပြီလေ...

""Wow...ကိုကိုကအရပ်ရှည်လိုက်တာ""

""ငါက နောက်နေ့ကျ မင်းထပ်လာမှာမဟုတ်ဘူးထင်နေတာ""

""ဟမ်! ဘာလို့တုန်း""

""ဘာလို့လဲဆိုတော့....
ငါ့ကို ပတ်ဝန်းကျင်က ဘယ်သူကမှ အခေါ်အပြောမလုပ်ချင်ကြလို့ပဲ""

""ဘာလို့လဲဟင်""

""ငါက ရုပ်ဆိုးလို့""

""ဟယ်!မဟုတ်တာပါနော်...ကိုကိုကချောပါတယ်
ရွှန်းစတွေ့ထဲကသိတယ်...ဒါပေမယ့် ကိုကိုရဲ့မျက်နှာတဖက်ကို ဘာလို့...""

""ကောင်မလေး...
မင်းမျက်စိရှေ့မှာမြင်ရတဲ့အရာတိုင်းက အမှန်မဟုတ်ဘူးလေ...သူဟာနဲ့သူလုံလောက်တဲ့အကြောင်းအရင်းရှိကြတာပေါ့""

""......""

""ဒီမှာကြည့်...""

ပြောရင်းပင်...ကိုကိုက သူ့မျက်နှာအပေါ်ဘက်ကဆံပင်တွေကို လှန်တင်လိုက်တော့...သူအမြဲတမ်း ဖုံးကွယ်ထားခဲ့တဲ့ မျက်နှာတစ်စိတ်တပိုင်းရဲ့ အားနည်းချက်က အဲ့ဒီနေရာမှာ...။

စတွေ့တွေ့ချင်း အနည်းငယ်အံ့အားသင့်သွားပေမယ့်...ရွှန်းအတွက်တော့ဘာမှမထူးခြားပါ...။ပြီးတော့ အမာရွတ်က ညာဘက်နားထင်ကနေ ပါးပြင်ဘက်ထိကန့်လန့်ဖြတ်အနေအထားရှိနေသော်လည်း...အရမ်းကြီးကြည့်ရဆိုးအောင်အကျည်းတန်နေတာမျိုးမဟုတ်ပါဘူး...

ပြီးတော့ အခုမှပဲ ကိုကို့မျက်နှာတစ်ခုလုံးကို ရှင်းလင်းစွာမြင်ဖူးလိုက်ပြီလေ...။မျက်ဝန်းနက်နက်ကလေးတွေကိုပိုင်ဆိုင်ပြီး...ဖြောင့်စင်းနေတဲ့နှာတံ...ပါးလွှာပေမယ့် ပိရိသေသပ်နေတဲ့နှုတ်ခမ်းပါးရဲရဲလေးတွေက မိန်းကလေးဖြစ်တဲ့ 'ရွှန်း'ထက်တောင် ပိုပြီးကြည့်ကောင်းနေသေးတာ...။ သူများနဲ့မတူတဲ့ ဆံပင်လေးတွေက နက်မှောင်ပြီး ပျော့ဆင်းနေတာကလည်း ကြည့်ကောင်းစွာ...။အရပ်ကလည်းမြင့်တယ်ဆိုတော့...
စောစောက အားနည်းချက်လေးတစ်ခုသာ ဖယ်လိုက်ရင်...
သူဟာ အတော်ကိုကြည့်ကောင်းချောမောမယ့် သူပါ...

""မင်း ဘာတွေစဥ်းစားနေတာလဲ""

""ဘာမှမစဥ်းမစားပါဘူး...
ကိုကို့အလှအပကို စာဖွဲ့နေတာ...""

""မင်းနော်...လာရွဲ့နေတာလား""

""မဟုတ်ပါဘူး...တကယ်ပြောတာ ..
ကိုကို့မူလမျက်နှာက ချောပါတယ်...
အပေါ်ယံထိခိုက်ဒဏ်ရာလေးရတာ
ဘာမှမပြောပလောက်ဘူး...အခုခေတ်မှာ
နည်းပညာတွေဒီလောက်တိုးတက်နေတာ ..
ဒီအမာရွတ်လေးတစ်ခုက ဘာမှမဖြစ်ဘူး...
ပျောက်အောင်လုပ်လို့ရတယ်""

""မင်းပြောသလောက်လွယ်မလား...
ငါ့မှာအဲ့ဒါမျိုးတွေလုပ်ဖို့ ပိုက်ဆံမရှိဘူး
အခုတောင်သူများအိမ်မှာကပ်နေရတာကို...""

""ပိုက်ဆံက ရှာလို့ရပါတယ် ကိုကိုရယ်...
အခုဆယ်တန်းပြီးရင် နောက်ပိုင်းတက္ကသိုလ်တက်
ဘွဲ့ရရင် အလုပ်လုပ်ပေါ့ ကိုကိုရ...""

အနာဂါတ်မှာတကယ်ဖြစ်နိုင် မဖြစ်နိုင်မသိသေးပေမယ့်အားတက်သရော် ပြောပြနေတဲ့သူမ ပုံစံလေးကတော့ချစ်စဖွယ်လေးပင်။ ဘယ်လိုပဲဖြစ်ဖြစ် သူမနဲ့အခုလိုစကားပြောနေရတာလေးကိုပဲ ညွှန်းရင်ထဲ ပျော်ရွှင်နေမိတာအမှန်...။

""ဒါနဲ့...ကိုကို ဘယ်လိုကြောင့် အဲ့ဒဏ်ရာရခဲ့တာလဲဟင်""

""ငယ်ငယ်က မီးလောင်မှုတစ်ခုကြောင့်ပါ
အဲ့တုန်းက ကိုကို့ကိုကယ်ရင်း...အမေလည်းသေသွားတယ်""

နောက်ပိုင်းအဖြစ်အပျက်တွေကိုတော့ ဆက်မပြောပြဖြစ်တော့ပါ။ ဥွီးအောင်စေရဲ့သားလို့ သူများတွေကိုထုတ်ပြောလို့မဖြစ်ဘူးလေ...

အပြင်သူစိမ်းတွေမေးတိုင်း 'ညွှန်း'ဆိုတာ ဒီအိမ်ကခြံစောင့်ကြီးရဲ့တူအဖြစ်ပဲသိကြတာမဟုတ်လား...။

""ဟင်!""

အတွေးလွန်နေတုန်းမှာပဲ ...နွေးထွေးတဲ့လက်ဖဝါးလေးတစ်ဖက်က ဒဏ်ရာရှိတဲ့ပါးပြင်ဆီလာထိတာမို့ ညွှန်းအံ့သြသွားမိပြီး...သူမဆီပြန်ကြည့်တော့ မျက်ဝန်းမှာမျက်ရည်ကြည်လေးတွေရစ်ဝဲလျက် ....သူ့ကိုစိုက်ကြည့်နေတဲ့ကောင်မလေး...

အမှန်ဆို သူ့ကို ဒီလိုသနားစရာ ..သတ္တဝါအဖြစ်နဲ့ကြည့်ခံရတာကိုသိပ်မကြိုက်ပေမယ့် ဘာလို့မှန်းမသိအခုချိန်မှာတော့ အရင်လိုခံစားချက်မျိုးနဲ့မတူပဲ ရင်ထဲမှာနွေးထွေးလွန်းလေစွ...။

""ကိုကို အရမ်းနာကျင်ခဲ့ရမှာပဲနော်""

ဘာမှပြန်မပြောမိ။
တိုးတိမ်တဲ့ သူမအသံလေးကိုပဲထပ်ပြီးနားစွင့်နေမိသည်။

ဖြတ်သန်းလာတဲ့နှစ်တွေတစ်လျှောက် နာကျင်ခဲ့လားဆိုတဲ့မေးခွန်းကို ဘယ်သူကမှမမေးခဲ့ဖူးပါဘူး...ကောင်မလေးရယ်

ဘယ်လိုကြောင့်များ...မင်းက ဒီလောက်အထိကိုယ့်အပေါ်စာနာ နားလည်ပေးနေရတာလဲ...

'မင်းအမြဲတမ်း ကိုယ့်အပေါ်ဒီလိုလေးပဲ နွေးထွေးစွာဆက်ဆံပေးဖို့မျှော်လင့်မိရင်...ကိုယ်ထပ်ပြီးမှားဦးမှာလား...
အဲ့လို မျှော်လင့်ချက်မျိုးထားသင့်ရဲ့လား...'

""ဒါနဲ့...ကိုကို့နာမည်ဘယ်လိုခေါ် ??""

""ညွှန်း""

""အဲ့တစ်လုံးတည်း..?.""

""အင်း...""

အမှန်ကိုပဲ အခုချိန်မှာ သူ့နာမည်က 'ညွှန်း'တစ်လုံးပဲရှိတော့တာပါ။ အရင်က 'စေညွှန်း'ဆိုပေမယ့် ဒီအိမ်စရောက်တော့ သူနဲ့နာမည်တစ်လုံးတူနေတာကို 'မင်းပိုင်စေ'က မကျေနပ်ခဲ့ဘဲ ပြသာနာရှာတာကြောင့် ညွှန်းကပဲ အလျော့ပေးလိုက်ရကာ...'စေညွှန်း' ကနေ 'ညွှန်း'ဆိုတဲ့နာမည်တစ်လုံးတည်းနဲ့သာ ဆက်ပြီးနေလာခဲ့တာ အခုချိန်ထိ...။

""ညီမလေးနာမည်က ချစ်ရည်ရွှန်း...
မှတ်ထားနော် ကိုကို""

ညွှန်း ခေါင်းကိုပဲငြိမ့်ပြလိုက်တော့ သူမကကျေနပ်စွာပြုံးပြလေ၏။

အဲ့ဒီနေ့ရဲ့ နောက်ပိုင်းနေ့ရက်တွေဟာ...ညွှန်းဘဝရှင်သန်မှုရဲ့ အလှပဆုံးနေ့ရက်တွေဖြစ်လာခဲ့တော့သည်။မကြာခဏဆိုသလို သူမလေးက သူ့ဆီရောက်လာကာစကားတွေလာပြောပေးနေတတ်ပြီး...အချိန်ကြာလာတာနဲ့အမျှ နှစ်ဦးကြားက တွယ်ငြိနှုန်းမှာလည်းတရိပ်ရိပ် ရစ်ပတ်လာခဲ့သလို...သူတို့နှစ်ဦးရဲ့ဒီလိုရင်းနှီးမှုကိုလည်း သူမမိဘတွေက ဘာမှအထူးတလည် ဝေဖန်တာမျိုးမရှိခဲ့။
သူမရဲ့ စာနာတတ်တဲ့နှလုံးသားလေးက သူမမိဘတွေဆီကပဲ အရင်းခံလို့နေမှာပေါ့...။

ဖြစ်နိုင်ရင် ဒီလိုနေ့ရက်လေးတွေကို ကိုယ်ဘယ်တော့မှ မလွဲချော်ချင်တော့ဘူး ညီမလေးရယ်...

မင်းက ကိုယ့်ဘဝရဲ့တစ်ခုတည်းသော အလင်းရောင်ပါ
ဒါကြောင့် တစ်နေ့နေ့မှာ မင်းကိုယ့်ကို မရက်စက်လောက်ဘူး... မပစ်ပယ်လောက်ဘူးလို့ ကိုကို ယုံကြည်နေပါရစေကွာ...။

မင်းတစ်ယောက်ကိုတော့ ယုံကြည်လို့ရမယ် မဟုတ်လား???

💭💭💭💭💭💭💭💭💭💭💭💭💭💭
Part-3 Coming soon!

Tagအတွက်အဆင်မပြေသူလေးတွေရှိရင်ပြောပါရှင်

Readers/writersလေးတွေအားလုံးက VIPပါ

#Seniorတွေအားလုံးကိုလေးစားလျက်
#WineSattCho




rate now: