book

Index 17

Part-( 17 )

🌧🌧️️ ကိုကို မုန်းရက်ခဲ့ရင်...🌧️🌧


ရွှန်း တခဏတော့ လမ်းမပေါ်မှာ ဒီအတိုင်းရပ်နေမိသေးပေမယ့် ကိုကိုလာပြန်ခေါ်မှာကို စောင့်နေခြင်းလည်းမဟုတ်ပါ။ လာပြန်ခေါ်မယ်လို့လည်း မထင်ပါဘူးလေ...။ ညနေလည်းစောင်းနေပြီမို့ လမ်းမပေါ်မှာ မိန်းကလေးတစ်ယောက်ထဲရပ်နေရင်မကောင်းတာကြောင့် ရွှန်းခြေလှမ်းတို့ကိုရွှေ့လိုက်စဥ်မှာပဲ...အခုမှတစ်စုံတစ်ခုသွားသတိရမိသည်။ ဖုန်းနဲ့ပိုက်ဆံအိတ်က ကားပေါ်ပါသွားလိုက်ပြီပဲ...။ 'ဆင်းတော့'ဆိုသည့် အမိန့်ဆန်ဆန်စကားရဲ့နောက်...ရွှန်း အယောင်ယောင်အမှားမှားနဲ့ ဘာမှယူဖို့တောင်သတိမရခဲ့မိပေ...။

ကိစ္စမရှိပါဘူးလေ! အရင်ဆုံးTaxiစီးသွားပြီး အိမ်ရောက်မှပိုက်ဆံပေးလို့လည်းရတာပဲ..။ ဒီအထိကအဆင်ပြေသွားပေမယ့် ကိစ္စကဘယ်မှာရှိလည်းဆိုတော့ ဖြတ်သွားတဲ့ကားတွေက တစ်စီးမှမရပ်ခြင်းပင်..။ပြီးတော့ taxiကားလည်းလာတာသိပ်မတွေ့ ...။ ခဏအကြာမှာတော့ အဖြူရောင်ကားလေးတစ်စီးက ရွှန်းရဲ့အရှေ့နားမှာ ရပ်လိုက်တာမို့...လှမ်းကြည့်လိုက်တော့...

""ဟဲ့! ရွှန်း...နင်ခုနပဲပြန်သွားပြီး...ဘယ်လိုလုပ်ဒီမှာတစ်ယောက်တည်းဖြစ်နေတာလဲ?""

""အင်း...မေသဲရယ်...ဟိုလေ...""

""ကဲ! ဘာပဲဖြစ်ဖြစ်နောက်မှပြော..လာ တက်!""

ကားပေါ်ရောက်မှပဲ ရွှန်းလည်းသက်ပြင်းချနိုင်တော့သည်။
အခုကအတော်လေးမှောင်နေပြီကို...မေသဲနဲ့သာမတွေ့ရင် ရွှန်းဘယ်အချိန်မှအိမ်ပြန်ရောက်မယ်မသိတော့ပါ...

""ပြော! ဘယ်လိုဖြစ်ရတာ?""

""ငါစကားပြောမှားသွားလို့...ကိုကို နည်းနည်းစိတ်ဆိုးသွားတာ""

""ဟမ်! ဘယ်လိုပဲဖြစ်ဖြစ်လေ...မိန်းကလေးတစ်ယောက်တည်းကို လမ်းပေါ်မှာထားပစ်ခဲ့စရာလား
တော်သေးတာပေါ့...ငါပြန်မယ့်လမ်းနဲ့ကြုံလို့...""

"".......""

""နင်မှန်မှန်ပြော...ရွှန်း
နင်နဲ့သူအဆင်ပြေတယ်ဆိုတာ ဟုတ်ရောဟုတ်ရဲ့လား""

မေးလိုက်မှပဲ ခုနကတည်းကပြိုမလိုလို အုံ့မှိုင်းနေသည့် မျက်ဝန်းတို့မှ မျက်ရည်များစီးကျလာကာ တဖြေးဖြေးနဲ့ရှိုက်ကြီးတငင် ငိုချလိုက်သည့် ရွှန်းကြောင့် မေသဲမှာ တအံ့တသြဖြစ်သွားမိရင်း...ကားကိုလည်း လမ်းတစ်နေရာသို့ထိုးရပ်လိုက်မိ၏။

""ရွှန်း...နင် နင်ဘာဖြစ်လို့လဲ""

""ကိုကိုက ငါ့အပေါ်အရင်လိုမဟုတ်တော့ဘူး
ငါနဲ့မင်းပိုင်စေ စေ့စပ်ခဲ့တာ...နောက်ပြီးလက်ထပ်ရမလိုဖြစ်သွားခဲ့တာတွေကို စိတ်ဆိုးနေတယ်...ပြီးတော့...ငါ့ကို...""

ရှိုက်သံတွေကြားမှ ပြောပြနေသည့်စကားသံတို့ကို မေသဲအသေအချာတော့ကြားနေရပါ၏။ ရွှန်းက အဲ့ဒီ့ စေညွှန်းဆိုတဲ့သူအပေါ် ဘယ်လောက်ထိချစ်မှန်း မေသဲသိပါသည်။ သူထွက်သွားတုန်းက ရွှန်းမှာ သေမလောက်ခံစားခဲ့ရတာကို...သူကဖြင့် ရွှန်းအပေါ်ဒီလိုဆက်ဆံသည်တဲ့လား!
ရွှန်းက သူလာခေါ်တဲ့နောက်လိုက်သွားမှန်းသိရတော့ အဆင်ပြေနေကြမယ်ပဲ ထင်ခဲ့မိပြီး...အဆက်အသွယ်မလုပ်ဖြစ်လည်း စိတ်မပူခဲ့တာ...မှားချေပြီ...။

""နင် မင်းပိုင်စေနဲ့စေ့စပ်တာ သူ့ကိုကယ်ချင်လို့လေ..
ပြီးတော့ လက်ထပ်ပွဲကိစ္စကလည်းနင်ဘာမှမသိခဲ့တာ...အဲ့ဒါကိုမရှင်းပြဘူးလား နင်က""

""ငါ ပြောပြပါတယ်...ဒါပေမယ့် သူမယုံဘူး...
ငါ့ကိုလည်း မခွင့်လွှတ်ဘူး...
သူအရမ်းပြောင်းလဲသွားတယ်ဟာ..အရင်က ငါသိခဲ့တဲ့ကိုကိုမဟုတ်တော့သလိုပဲ...အခုချိန်မှာ သူ့ရင်ထဲမကျေနပ်ချက်တွေ အငြိုးတွေပဲရှိတယ်""

""နင်ဘာလို့ဒီလောက်ထိစိတ်ဆင်းရဲခံပြီး သူ့အနားမှာနေ,နေလဲ?နင်က မိဘတွေကိုတောင်ကျောခိုင်းပြီး သူ့ကိုရွေးခဲ့တာ...သူကတော့နင့်အပေါ်မှာ ဒီလိုတွေလုပ်ရက်တယ်...
နင်ဟာ...တန်လို့လား?""

'တန်လား'ဆိုတော့...ရွှန်းဘယ်လိုပြန်ဖြေရမည်နည်း
ဒါဟာ ဘယ်တုန်းကမှ မစဥ်းစားခဲ့ဖူးသော အမေးမို့ အဖြေက အသင့်ရှိမနေခဲ့ပေ...။

""ကဲ! နင်လည်းမငိုနဲ့တော့...
နင်သူ့ကိုမတွေ့ချင်ဘူးဆိုလည်းရတယ်...ဒီနေ့အိမ်မပြန်နဲ့တော့...ငါ့အိမ်ကိုလိုက်ခဲ့""

""ဟင်! ငါ အဲ့လိုမပြောပါဘူး...""

သူ့ကို ဒီလောက်ထိငိုစေတဲ့သူကို မတွေ့ချင်ဘူးလို့ တစ်ခွန်းလေးမှ မဟတဲ့အပြင်...ခေါ်သွားပေးမယ့်သူကိုတောင်ငြင်းဆန်နေသေးသည့် ရွှန်းကတကယ်ကိုအသည်းယားစရာပင် ...။စိတ်ရှိတိုင်းသာဆို အော်ပြောဆူငေါက်ပစ်ချင်မိပါရဲ့...

""မရပါဘူး...နင့်ကို သူဒီမှာပစ်သွားတာတောင် အိမ်ပြန်ပြီးသူ့မျက်နှာကြည့်ဦးမလို့လား...နည်းနည်းလေးတောင်မာနမရှိဘူးလား နင့်မှာ...""

ပြောရင်းပင် မေသဲက ကားကိုမောင်းထွက်လေ၏။သူ့ကြည့်ရတာ ရွှန်းကိုတကယ်ပဲခေါ်သွားမည့်ပုံစံနှင့်...

""ကိုကိုစိတ်ပူနေမလား မသိဘူး...""

""အမလေး! စိတ်ပူရင်အစကတည်းက နင့်ကိုလမ်းပေါ်ထားမသွားဘူး...နေပါစေ...ရှာချင်လည်းရှာနေပါလေ့စေ...
ပစ်ထားလိုက်...""

""ဒါပေမယ့် သူက...""

ရွှန်း စကားကိုမဆက်မိဘဲ ငြိမ်ငြိမ်လေးသာနေလိုက်တော့သည်။ ရင်ထဲကစကားတွေကို တစ်ယောက်ယောက်ထံဖွင့်ပြောရရင် အနည်းငယ်တော့စိတ်သက်သာမည်မဟုတ်လား...။ဒီတော့လည်း သူငယ်ချင်းထံလိုက်သွားဖို့ ရွှန်းမငြင်းဆန်မိတော့ချေ။ ကိုကိုစိတ်ပူနေမလားတွေးမိပေမယ့် ရွှန်းဘာပဲဖြစ်ဖြစ်ဂရုစိုက်နေမှာမဟုတ်ဘူး ဆိုတဲ့အဖြေပဲ အကြိမ်ကြိမ်ရတာမို့ ဆက်မတွေးဖြစ်ခဲ့ပေ...။

~~~~~💞💞💞💞~~~~~

တစ်ဖက်မှာတော့ စိတ်တွေယောက်ယတ်ခတ်ကာ သူမကို အပြေးအလွှားရှာနေမိသူက 'စေညွှန်း'ပင်...။ ဘာရယ်မဟုတ်စကားလေးတစ်ခွန်းကြောင့် သူဒေါသထွက်သွားမိရကာ ရွှန်းကို လမ်းပေါ်မှာတစ်ယောက်တည်းထားခဲ့မိသည်။တကယ်ဆို ဒီလောက်ထိမဖြစ်သင့်ပါဘဲ...သူကိုက အဲ့ဒီမိသားစုနဲ့ပတ်သက်ရင် ဆတ်ဆတ်ထိမခံခါးသီးနေမိတာ...။
ရွှန်း ပြောချင်တာကိုနားမလည်လို့မဟုတ်ပေမယ့် သူမကပါတစ်ဖက်သို့ပါချင်နေသည့်အပြောကြောင့် ညွှန်း ဒေါသဖြစ်သွားခဲ့ရတာပါ။ အရင်တစ်ချိန်က အဲ့ဒီမိသားစုတွေ သူ့အပေါ်ဘယ်လိုဆက်ဆံခဲ့သလဲဆိုတာ သူမမသိတာလည်းမဟုတ်...။

""ကျစ်! ဘယ်ရောက်သွားရတာလဲကွာ""

ညမှောင်လာလေ ညွှန်း ရင်ထဲစိုးရိမ်စိတ်တို့ကပို၍ကြီးစိုးလာရသည်။ ဖုန်းဆက်ကြည့်တော့လည်း ဖုန်းနဲ့အိတ်က ဒီအတိုင်းကားပေါ်မှာပါလာတာမို့ ပိုလို့ပင်စိတ်ပူလာမိသည်။ထားခဲ့ပြီးကာမှ 'မှားပြီ'ဟူသောအသိကြောင့်ချက်ချင်းပင်နောက်ကြောင်းပြန်လှည့်ခဲ့ပေမယ့် ထိုနေရာမှာသူမ ရှိမနေတော့...။၁၅မိနစ်တောင်မကြာသေးသည့်အချိန်လေးအတွင်းချက်ချင်းကိုပျောက်သွားလိုက်တာ...အိမ်ကိုဖုန်းဆက်ကြည့်တော့လည်း ပြန်မရောက်သေးဘူးလို့သာ ကြီးမှုံကတွင်တွင်ပြောနေလေ၏။

အချိန်ခဏလောက်ကြာတော့မှ ညွှန်းတစ်စုံတစ်ခုကိုသတိရသွားကာ ခုနကတွေ့ခဲ့သော သူမရဲ့သူငယ်ချင်းအိမ်လိပ်စာကို မိုးZမှတစ်ဆင့်စုံစမ်းခိုင်းလိုက်ပြီး...သိရတာနဲ့ ထိုနေရာသို့ဦးတည်ထွက်လာခဲ့တော့သည်။

~~~💞~~~

""တီ...တီ!""

ကားဟွန်းသံကြောင့် တံခါးလာဖွင့်ပေးသူက ခုနတွေ့ခဲ့သည့်မိန်းကလေးပင်။ ညွှန်းကိုကြည့်သည့်မျက်လုံးတွေကလည်း
တခုခုကိုမကျေနပ်နေသည့်ပုံစံဖြင့်...

""ရှင် ဒီကိုဘာလာလုပ်တာလဲ?""

""ရွှန်းကိုပြန်လာခေါ်တာ""

ခပ်တည်တည်မျက်နှာထားနဲ့ပဲပြောလာလေ၏။ စောစောကတော့လမ်းမှာထားပစ်ခဲ့တာသူမဟုတ်တဲ့အတိုင်းပင်..။
အရင်က ရွှန်းအိမ်ကိုသွားလည်ခဲ့ရင်း မေသဲ သူ့ကိုတွေ့ဖူးပေမယ့် မရင်းနှီးခဲ့..။အဲ့အချိန်တုန်းက ဒီလိုရမ်းရမ်းကားကားပုံစံမျိုးတော့မဟုတ်တာသေချာပါသည်...

""သူအိပ်ပျော်နေတယ်...ရှင့်ကြောင့်ဝမ်းနည်းလို့ငိုနေရင်းခုနလေးကမှအိပ်ပျော်သွားတာ...ဒီတစ်ညတော့ထားခဲ့လိုက်
မနက်ဖြန်ကျမှ ကျမပြန်လာပို့ပေးမယ်""

""ဘာလို့ထားခဲ့ရမှာလဲ...
အခုချက်ချင်းခေါ်သွားမယ်..ဘယ်မှာလဲ သူ""

ပြောမရတာကြောင့် မေသဲလည်း ရွှန်းရဲ့အခန်းကိုပြပေးလိုက်၏။

ညွှန်းအခန်းထဲရောက်တော့ သူမက တကယ်ပင်အိပ်ပျော်နေပြီမို့ နှိုးမနေတော့ဘဲ ဒီအတိုင်းသာ ပွေ့ချီခေါ်သွားရန်ပြင်လိုက်စဥ်...သူမ မျက်လုံးလေးများဖျတ်ခနဲပွင့်လာကာ လန့်နိုးသွားလေသည်...

""ဟင်! ကိုကို...""

""အင်း...ဟုတ်တယ် ကိုယ်ပဲ...
မင်းကိုအိမ်ပြန်ဖို့လာခေါ်တာ...ဘာမှမဖြစ်ဘူး ဆက်အိပ်လေ""

ပြောရင်းနဲ့ပင် ကိုကိုက ရွှန်းရဲ့ကိုယ်လေးအားပွေ့ချီရန်ပြင်လိုက်တာမို့...

""ရတယ် ကိုကို
ရွှန်း နိုးသွားပြီ မအိပ်တော့ဘူး""

""မင်းကတော့ သူများအိမ်မှာလာတောင်အိပ်နေနိုင်တယ်ပေါ့
ငါ့မှာ ဘယ်လောက်စိတ်ပူပြီးလိုက်ရှာနေရလဲ မင်းသိရဲ့လား
သွားမယ်ဆိုလည်း ကိုယ့်အိမ်ကိုပြန်မှပေါ့...ဘာလို့စိုးရိမ်ရအောင်လုပ်ရတာလဲ""

""တကယ် စိုးရိမ်တာလည်း ဟုတ်ဘဲနဲ့""

မျက်လွှာလေးချကာ မကြားတကြားပြောလိုက်သည့်စကားသံလေးက တိုးလျသော်လည်း...အဲ့ဒီ့စကားလေးရဲ့နောက်ကွယ် ညွှန်းရင်ထဲက ဒေါသတို့ ဘယ်ဆီလွင့်ပျောက်ကုန်ပြီမသိတော့...ဆူငေါက်လက်စ စကားတို့တောင်ချက်ချင်းပင် အစပျောက်သွားခဲ့ရလေ၏။

""Sorryကွာ...ကိုကိုဒီလောက်ထိဒေါသမထွက်သင့်ဘူး
မင်းကိုလည်းတစ်ယောက်ထဲမထားခဲ့သင့်တာကို...

တောင်းပန်ပါတယ်ကွာ""

""ရပါတယ်...ကိုကိုအခု ရွှန်းကိုလာရှာတာပဲလေ""

မချော့ခင်ကတည်းက ပျော့ချင်နေခဲ့သူမို့ ဒီတစ်ခါမှာလည်းကိုကိုပဲ အနိုင်ရပါသည်။ တောင်းပန်စကားကိုချက်ချင်းပင်လက်ခံခဲ့ပြီး ကိုကိုနဲ့ပြန်လိုက်ခဲ့တော့...သူငယ်ချင်းဖြစ်သူမှာ မျက်စောင်းတရွယ်ရွယ်ဖြင့် ကျန်နေခဲ့လေ၏။

ဘယ်ကိစ္စမှာမဆို အမြဲတမ်း 'ရပါတယ်''အဆင်ပြေတယ်''ကိုကို့သဘောပါ' ဆိုတဲ့စကားလုံးတွေပဲပြောထွက်ခဲ့ပေမယ့်
ထိုစကားလုံးတွေရဲ့အောက်မှာ ထိရှသောနာကျင်ခြင်းတို့
အလျဥ်းမရှိခဲ့ဘူးဆိုပါလျှင်...ဒါဟာ မုသားသက်သက်ပဲဖြစ်ပေလိမ့်မည်..။.ကိုကို့ရဲ့ဥပေက္ခာနဲ့ အနိုင်ယူမှုတွေကြောင့် ရွှန်းရင်ထဲနာကျင်ခဲ့ရသလို ထင်မှတ်မထားတဲ့ဂရုစိုက်မှုတွေက ရင်ကိုနွေးထွေးစေခဲ့ပြန်သည်။

ကိုကို့အနားမှာနေရတာက တစ်ခါတလေ ရွှန်း သိပ်ပြီးပျော်ရွှင်ရသလို...တစ်ခါတလေကျတော့လည်း သိပ်ကိုပင်ပန်းလွန်းပြီ ကိုကိုရယ်...

ဒါပေမယ့် ရွှန်းက ဒီအနှောင်အဖွဲ့လေးဆီမှာ မက်မောစွာတွယ်ငြိနေချင်သေးတာမှ ရူးရူးမိုက်မိုက်ပါပဲ...
ဘယ်သောအခါမှလည်း နောင်တမရခဲ့...။

~~~~~💞💞💞💞~~~~~

""ခွမ်း!!""

""မမလေး...ဘာဖြစ်တာလဲ...ဘာဖြစ်လို့လဲဟင်""

ကြမ်းပြင်ပေါ်ကျကွဲသွားတဲ့ဖန်ခွက်လေးကိုကြည့်ကာ ကြီးမှုံက ပျာပျာသလဲမေးလာတာမို့...

""ဟင့်အင်း! ဘာမှမဖြစ်ဘူး...
ရွှန်း မတော်တဆလက်ချော်သွားတာပါ""

""သြော်! လာ...ကြီးမှုံသိမ်းလိုက်မယ်
မမလေးသတိထားပြီးလျှောက်လာနော်...နင်းမိမယ်""

""ဟုတ်""

ရွှန်း ကိုယ့်ကိုကိုယ်ထိန်းကာ မနည်းလျှောက်လာခဲ့ရပါ၏။
ကြီးမှုံစိတ်ပူမှာစိုး၍သာ လျှော့ပြောလိုက်ပေမယ့်...တကယ်က ရွှန်း ခေါင်းထဲ မိုက်ခနဲမူးဝေသွားခြင်းကြောင့်ပါ...အခုရက်ပိုင်းတွေမှာ ရွှန်းမကြာခဏဒီလိုပဲမူးဝေနေသလို...ပျို့အန်ချင်စိတ်လည်းဖြစ်ပြီး အနံ့ပြင်းပြင်းတွေကိုလည်း မခံနိုင်တော့ပေ...။အစက သိပ်သတိမထားမိပေမယ့် အခုတော့ သံသယအတွေးလေးက တစ်စွန်းတစဝင်ရောက်လာလေပြီ...။ အကယ်၍...အကယ်၍များ...ရွှန်း ထင်သလိုဖြစ်နေခဲ့ရင်...ကိုကိုက ဘာများပြောလိမ့်မလဲ...
ဘယ်လိုပဲဖြစ်ဖြစ် သေချာအောင်တော့အတည်ပြုကြည့်ရဦးမှာပါပဲ...

~~~~💞💞💞💞~~~~

""ညွှန်း...နင်ကလေ...ငါ့အပေါ်သိပ်စိမ်းကားနေတာပဲနော်""

""ဘာဖြစ်လို့လဲ...ငါကဒီအတိုင်းပဲကို""

""ဟင့်အင်း...မတူပါဘူး ငါသိတယ်
နင်က ငါ့ကိုဂရုမစိုက်တော့ဘူး...နင့်မိန်းမကိုပဲဂရုစိုက်နေတာ""

""ဟ! သူနဲ့တော့ ယှဥ်စရာလား
ငါ့မှာဂရုစိုက်စရာဆိုလို့အဲ့ဒါလေးတစ်ယောက်ပဲရှိတာ""

""နင်ကလေ အမှတ်ကိုမရှိဘူး
ဒါဖြင့် ငါကရော""

""နင်ကငါ့သူငယ်ချင်းလေဟာ...
ဘာတွေလာရစ်နေတာလဲ...
နင်ရော ဟိုကိုမပြန်သေးဘူးလား?

""ကြည့်...ကြည့်...နင်ကငါ့ကိုပြန်စေချင်ပြီပေါ့လေ""

""မဟုတ်ပါဘူး...ဟိုကနင့်မိဘတွေကစိတ်ပူနေမှာစိုးလို့""

""ဟင်း! အလျှောက်ကောင်းသွားတယ်မှတ်!""

စကားပြောနေရင်းကနေ မှန်ချပ်ကလေးတွေအနားသို့လျှောက်သွားပြီး အောက်ဘက်သို့ငုံ့ကြည့်မိစဥ် ကားတစ်စီးပေါ်မှ ဆင်းလာသည့် 'ချစ်ရည်ရွှန်း'ကိုတွေ့လိုက်ရတာမို့...Suzyမျက်မှောင်ကျုံလိုက်မိသည်။

သူက ဘာလာလုပျတာလဲ??
ခါတိုင်းဆို ညွှန်းရဲ့companyအထိသူမ လိုက်မလာတတ်ပေ။ အခုကျဘာလာလုပ်တယ်မသိပေမယ့် မျက်နှာကတော့ပြုံးရွှင်နေလေ၏။ ဘာပဲလာလုပ်လုပ်ကိစ္စမရှိပါ...အဲ့ဒီမျက်နှာကအပြုံးကို Suzyအလွယ်လေးပင်ဖျက်ဆီးပစ်လိုက်နိုင်သည်...

တခြားသူတွေရဲ့အမြင်မှာတော့ Suzyရဲ့လုပ်ရပ်တွေဟာ အကျည်းတန်ချင်တန်နေလိမ့်မည်။ ကိုယ်နဲ့မဆိုင်တဲ့ကိစ္စကို ဝင်ရှုပ်သည်ဟုလည်းထင်နိုင်သည်။ သို့ပေမယ့် ကိုယ်ခံစားရတာ ကိုယ်သာသိတယ်မဟုတ်လား...လွန်ခဲ့တဲ့လေးနှစ်တာကာလလုံး ညွှန်းရဲ့ဘေးမှာ စာနာနားလည်မှုအပြည့်နဲ့ နေပေးခဲ့ပေမယ့်... တစ်ခါလေးမှတောင် Suzyအပေါ်ယိမ်းယိုင်မလာခဲ့ဖူးတဲ့ ညွှန်းရဲ့နှလုံးသားက ဘယ်လောက်ထိများ သူမအတွက် ခိုင်တည်နေခဲ့ပါသလဲ...အခုလည်း ပါးစပ်ကသာစိတ်ဆိုးတယ်ပြောနေပေမယ့် စိတ်ထဲမှာတော့ အဲ့ဒီမိန်းကလေးကို အသက်လိုချစ်နေတယ်ဆိုတာ Suzyသိတာပေါ့...။ ကိုယ်ပိုင်ဆိုင်ခွင့်မရခဲ့တဲ့ နှလုံးသားကို...သူမ ပိုင်ဆိုင်နေခြင်းအတွက်...Suzyမကျေနပ်နိုင်သလို...ပိုပြီးအတိအကျဝန်ခံရရင် မနာလိုဖြစ်မိတာပါ...။ ဒါကြောင့်ပဲ မကြာခဏဆိုသလို သူတို့နှစ်ယောက်ကြားကိုဝင်နေမိတာလေ...

အခုလည်း Suzyရဲ့မျက်နှာထက် မစင်ကြယ်သောမဲ့ပြုံးတစ်ခုက ပေါ်ထွက်လာခဲ့ပြီး...ထိုမိန်းကလေးအခန်းထဲရောက်မည့်အချိန်ကိုမှန်းကာ ညွှန်းအနားကိုလျှောက်သွားလိုက်ရင်း..အခန်းတံခါးလေးပွင့်လာချိန်မှာတော့...ချက်ချင်းပင် အကြံအစည်ကိုပုံဖော်လိုက်လေ၏။

ညွှန်းလည်း ရုတ်တရက်ပဲ အင်္ကျီကော်လံစကိုဆွဲကာ နှုတ်ခမ်းများကိုအတင်းဖိကပ်နမ်းခံလိုက်ရတာကြောင့် အံ့အားသင့်ကာ...အတင်းရုန်းထွက်လိုက်ပေမယ့် ရှုပ်ထွေးသောအခြေအနေရဲ့အစပြုမှုကို တားဆီးရန်အချိန်မမှီခဲ့တော့ပေ။

""ကိုကို...""

ခေါ်သံသဲ့သဲ့လေးရဲ့ လားရာသို့ ညွှန်း အလန့်တကြားလှမ်းကြည့်လိုက်မိသည်။တစ်ဆက်တည်းမှာပဲ Suzyရဲ့စက်ဆုပ်ဖွယ်လုပ်ရပ်ကိုလည်း သဘောပေါက်သွားရကာ

""မင်း...ဒါဘာလုပ်တာလဲ""

""ညွှန်းရယ်...နင်ကလည်းအဆန်းလုပ်လို့
နင်နဲ့ငါက ဒီလိုပဲရင်းနှီးနေတာပဲကို...""

""မင်း ဘာတွေလျှောက်ပြောနေတာလဲ
ရွှန်း...သူပြောနေတာတစ်ခုမှမဟုတ်ဘူး...
ကိုကိုရှင်းပြမယ်...""

ညွှန်း ပြောနေရင်းမှ သူမအနားသို့သွားလိုက်ပေမယ့်...မလှုပ်မယှက်ဖြင့်...ရပ်မြဲတိုင်းရပ်နေကာ သူ့ထံသို့ငေးကြည့်နေသည့်မျက်ဝန်းများက ပထမတော့ မယုံနိုင်အောင်အံ့သြသွားသည့်အကြည့်...ပြီးတော့ နာကျည်းသည့်အကြည့်မှ တဖြေးဖြေးနဲ့ အေးစက်ခြင်းသို့ပြောင်းလဲသွားလေ၏။

""မဟုတ်ဘူး...မင်း ကိုယ့်ကိုအဲ့လိုမကြည့်နဲ့...
မင်း ထင်နေသလိုမဟုတ်ဘူး...""

""ရှင်လိုချင်တဲ့အဆုံးသတ်က ဒါလား စေညွှန်း""

ပြတ်သားလွန်းနေသည့်စကားသံက ညွှန်း ရင်ကိုတစ်စစီဆုပ်ခြွေလိုက်သည့်နှယ်...

""မဟုတ်ဘူး...ကိုယ်မင်းအပေါ်သစ္စာမဲ့တဲ့လုပ်ရပ်မျိုးလုံးဝမလုပ်ဘူး""

ပြောလျက် လှမ်း၍ဆုပ်ကိုင်လိုက်သည့်လက်ဖျားလေးက ညွှန်း လက်ထဲမှ အတင်းရုန်းလွှတ်နေလေ၏။ ညွှန်းကလည်းလုံးဝကိုအလွတ်မပေးဘဲ တင်းတင်းကျပ်ကျပ်ဖမ်းဆုပ်ထားလိုက်ရင်း...

""မရဘူး...ကိုယ် မင်းကိုသွားခွင့်ပြုဘူး""

""လက်လွှတ်! အခုချက်ချင်း...""

ဘယ်လိုပဲဆက်ရှင်းပြပါစေ...သွေးပူနေတဲ့အချိန်မှာ ဘာတစ်ခုမှ နားမဝင်တော့မှာမို့ ညွှန်းဘက်ကပဲ အလျှော့ပေးရန်ဆုံးဖြတ်လိုက်ပြီး...ဆုပ်ကိုင်ထားတဲ့ လက်လေးအားဖြေလျော့ပေးလိုက်ရသည်...

လက်ကိုလွှတ်ပေးလိုက်သည်နှင့်...ရွှန်းလည်း ထိုနေရာမှချက်ချင်းလှည့်ထွက်လာခဲ့တော့၏။

အရာရာမှာ သည်းခံခွင့်လွှတ်ပေးခဲ့ခြင်းတို့က ဒီတစ်ကြိမ်မှာတော့ ခံနိုင်ရည်ကုန်ဆုံးခဲ့လေပြီ။ ဘယ်ကိစ္စမှာမဆို အမြဲတမ်း သူ့စေလိုရာဆုံးဖြတ်ချက်အတိုင်း နေပေးခဲ့သမျှသည်းခံခြင်းတို့ကို သူနင်းခြေပစ်ခဲ့သည်။ ဘယ်လောက်ပဲ ရွှန်းအပေါ်မကျေနပ်ဖြစ်နေပါစေ...ဒီလိုပုံစံမျိုးအထိတော့သစ္စာမပျက်ပါဘူးလို့ ထင်ခဲ့မိသမျှ ယုံကြည်ခြင်းတွေကို သူရိုက်ချိုးပစ်ခဲ့သည်။ နောက်ဆုံး ငယ်စဥ်ကတည်းက သူ့တစ်ယောက်တည်းအတွက် တသမတ်တည်း ထားရှိခဲ့သမျှချစ်ခြင်းတို့အပေါ် ရက်ရက်စက်စက်ကို ပစ်ပယ်ခဲ့သည်...

တော်လောက်ပြီ...ကိုကို....
ရှင်ရဲ့ ရက်စက်မှုနဲ့ ဥပေက္ခာတွေက ကျမ ရှင့်အပေါ်မှားခဲ့ဖူးတယ်လို့ ယူဆတဲ့အရာလေးတချို့ထက် အဆပေါင်းများစွာပိုနေပြီ...

ဒီလောက်နဲ့ဆို...ရှင် ကျေနပ်သင့်ပါပြီ...။....။

~~~~💞💞💞💞~~~~

Continue to >>> Final Part

Readers/Writersလေးတွေအားလုံးက VIPပါ

#WineSattCho


rate now: