book

Index 1

Part- ( 1 )

🌧🌧️️ ကိုကို မုန်းရက်ခဲ့ရင်...🌧️🌧
""ကယ်ကြပါဦး! မီးဗျို့...မီးတွေလောင်နေတယ်""

လူနွမ်းပါးရပ်ကွက်လေးတစ်ခုရဲ့ တိတ်ဆိတ်နေဆဲ ညအချိန်ဟာ ကြောက်လန့်တကြားအော်ဟစ်သံ၊လှုပ်ရှားပြေးလွှားသံတွေနဲ့ ဆူညံနေတော့၏။
မီးကိုအစပျိုးခဲ့တာကတော့ ဘာပိုင်ဆိုင်မှုမှသိပ်မရှိရှာတဲ့
သားအမိနှစ်ဦးတည်းနေထိုင်ရာ အိမ်ကလေးမှဖြစ်လေသည်။

ရပ်ကွက်ကသေးငယ်ပြီး အိမ်တွေချင်းလည်းနီးကပ်လှတာကြောင့် မီးက မြန်ဆန်စွာပင် တစ်ဆင့်ချင်းကူးစက်သွားလေ၏။လမ်းတွေကလည်းကျဥ်းမြောင်းတော့ မီးသတ်ကားအကူဝင်လာဖို့ကလည်း အတော်ပင်ကြိုးစားယူနေရသည့်အခြေအနေမှာ...အရပ်ထဲကလူတွေက တတ်အားသမျှကူညီ၍မီးကိုငြိမ်းပေးကြပေမယ့်...မီးတောက်တွေကတော့အဆမတန်ကြီးမားလာနေဆဲ...။

တောက်လောင်နေတဲ့ ထိုမီးတောက်တွေကြား... အိမ်ထဲက သားအမိနှစ်ဦးမှာလည်း ကူကယ်ရာမဲ့စွာပိတ်မိနေလေ၏။

""မေမေ...သားကြောက်တယ်...သားတို့သေရတော့မှာလား""

""သားလေး မကြောက်နဲ့နော်..မေမေတို့ဒီထဲကရအောင်ထွက်ကြမှာ...သားမျက်စိကိုမှိတ်ထားနော်""

ဒေါ်ရည်မွန်က သားဖြစ်သူကိုတင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားရင်း အိမ်ထဲထွက်လို့ရနိုင်မယ့်အခွင့်ကိုရှာနေမိသည်။သို့သော်လည်း မီးတောက်တွေကပြင်းထန်နေပြီး မီးခိုးတွေကြောင့် အသက်ရှူတွေတောင်ကြပ်လာသည်အထိ...

""ကယ်ကြပါ...ကျမသားလေးကိုကယ်ပေးကြပါ""

ထိုစဥ်မှာပဲ အိမ်ထဲရှိ သစ်သားတိုင်တစ်ခုက ဘေးဘက်ကိုလဲကျသွားကာ အပြင်ထွက်ရန်လမ်းတစ်ခုရသွားတာမို့ သားဖြစ်သူကိုပွေ့ချီကာ မီးတောက်တွေထဲကနေ အတင်းပြေးထွက်လိုက်စဥ်...ကံမကောင်းစွာနဲ့ပဲ မီးစွဲနေတဲ့သစ်သားတန်းတစ်ခုက သူတို့သားအမိရဲ့ပြေးလမ်းပေါ်သို့ ပြုတ်ကျလာလေ၏။

""အားးး!""

မျက်နှာတစ်ဖက်ဆီက ပူလောင်နာကျင်မှုနဲ့အတူ အဝေးကိုတွန်းထုတ်ခြင်းခံလိုက်ရတာကြောင့် မြေပြင်ပေါ်လဲကျကာသတိလစ်မေ့မြောသွားမတတ်...။သူ့ကို တစ်စုံတစ်ယောက်က လာရောက်ခေါ်ဆောင်မှန်းသိလိုက်ပေမယ့် မျက်လုံးတွေဖွင့်မကြည့်နိုင်ခဲ့တော့ပဲ သူ့ကမ္ဘာဟာ ခေတ္တမျှတိတ်ဆိတ်သွားတော့သည်။

ဘာပဲဖြစ်ဖြစ် အသက်ရှင်နိုင်ခဲ့ပြီဆိုတဲ့...နောက်ဆုံးအသိတစ်ခုနဲ့သာ...။

💭💭💭💭💭💭💭💭💭💭💭💭💭💭
(1 နှစ်ခန့်ကြာပြီးနောက်...)

""ယေးး! Goal""

""ဟုတ်ပြီ..ဒီတစ်ခါငါ့အလှည့်""

ပျော်ရွှင်စွာ ဆော့ကစားနေတဲ့ ရွယ်တူကလေးတွေကို
'စေညွှန်း'အားကျစွာလိုက်ငေးနေမိသည်။

လွန်ခဲ့တဲ့ တစ်နှစ်...အဲ့ဒီညရဲ့မီးလောင်မှုက နဂိုကတည်းကကံကောင်းမှုမရှိတဲ့သူ့ဘဝထဲ...နောက်ထပ်ကံဆိုးမှုတွေကိုပါထပ်လောင်းပေါင်းထည့်လိုက်သလိုပင်...။သူ့ကိုကယ်ဖို့ကြိုးစားရင်း အမေဖြစ်သူလည်း အဲ့ဒီ့မီးလောင်ပြင်မှာပဲ သေဆုံးခဲ့ရသလို...သူ့မျက်နှာတစ်ဖက်မှာလည်း အကျည်းတန်အမာရွတ်တစ်ခုနဲ့...။

""Goal! ဒါပဲလေ...""

'ညွှန်း' ငေးကြည့်နေရင်းကပဲ...ထိုအုပ်စုအနားသို့လျှောက်သွားလိုက်ရင်း...

""ငါလည်း မင်းတို့နဲ့အတူကစားချင်တယ်
ငါ့ကိုခေါ်ပါကွာ""

စကားအဆုံးမှာ ထိုအုပ်စုက 'ညွှန်း'မျက်နှာကိုစေ့စေ့ဝိုင်းကြည့်ကြပြီး...စတင်ရယ်မောတော့၏။

""ဟား! ဟား! မင်းကများ...""

""အေ့လေ...ငါတို့နဲ့ကစားချင်ရင်
နင့်မျက်နှာကို အရင်ကုဦး!""

""ဒီမှာဟဲ့! ငါတို့က ရုပ်ဆိုးတဲ့သူတွေနဲ့မကစားဘူး""

""ဟုတ်တယ်...လာ သူငယ်ချင်းတို့ သွားကြမယ်""

တစ်ယောက်တစ်ခွန်းဝိုင်းပြောလျက် အသီးသီးထွက်ခွာသွားကြတဲ့ ထိုသူတွေကိုကြည့်ရင်း 'ညွှန်း'လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။

ဒီလိုစကားတွေကြားရတာ ပထမဆုံးလည်းမဟုတ်တော့ပါဘူး။ ဒီတစ်နှစ်လုံးပဲပေါ့...အမေကလွဲရင် ဆွေမျိုးနီးစပ်တစ်ယောက်မှမရှိခဲ့သူမို့ အမေဆုံးသွားတော့ သူ့ဘဝက တွယ်ရာမဲ့စွာ မိဘမဲ့ဖြစ်သွားခဲ့ရသည်...။ဒါကြောင့်လည်း အရပ်ကလူကြီးတွေတိုင်ပင်ပြီး ဒီနေရာကို ပို့ပေးခဲ့ကြတာပေါ့...။

မိဘမဲ့ကလေးတစ်ယောက်ရှိရမယ့်နေရာက...မိဘမဲ့ကလေးကျောင်းပဲလေ...။

ဒီကိုစရောက်ကတည်းက ရွယ်တူကလေးတွေအများကြီးတွေ့ရပေမယ့် သူငယ်ချင်းတော့တစ်ယောက်မှမရှိခဲ့။
တခြားသူတွေနဲ့ရင်းနှီးဖို့ ကြိုးစားပေမယ့်...သူအမြဲပြန်ရခဲ့တာက ခုနကလို လှောင်ပြောင်ခံရမှုတွေချည်းသာ...။
ဒါပေမယ့်လည်း အမှတ်မရှိတဲ့နှလုံးသားက တစ်နေ့မှာသူတို့ငါ့ကိုလက်ခံလာမှာပါဆိုတဲ့ ဖြေသိမ့်မှုတစ်ခုနဲ့ ကြိုးစားကြည့်နေတုန်း...။

ဒါကလည်းမထားကောင်းတဲ့မျှော်လင့်ချက်ပဲထင်ပါရဲ့!
ရက်တွေကြာလာတာနဲ့အမျှ ဒါဟာ မပြည့်မြောက်နိုင်ဘူးလို့ သေချာလာတဲ့နောက်... သူ တဖြေးဖြေးနဲ့နှုတ်ဆိတ်လာတော့သည်။တစ်နေကုန်ဘယ်သူ့ကိုမှစကားမပြောဘဲ တစ်ယောက်ထဲသာငေးငိုင်နေတတ်လာသည်။ဒီလိုဆိုတော့လည်း သူတို့တွေက အလွတ်မပေးပြန်။

တစ်နေ့တစ်မျိုးအကြောင်းရှာ ရန်စ ကာ ပြသာနာလုပ်ကြပြန်သည်။

"ဗြန်းးး! ချလွမ်းး!""

နေ့လည်စာကျွေးချိန်မှာ 'ညွှန်း'ကိုယ့်ဝေစုလေးကိုယ်ယူကာလှည့်အထွက်...အနောက်ကနေ ဆောင့်တွန်းခံလိုက်ရတာကြောင့် လူကရှေ့သို့မှောက်လျက်လဲကျကာ...ထမင်းဟင်းတွေလည်း မြေပြင်ပေါ်ကျဲပြန့်ကုန်တော့၏။

ရုတ်တရက်မို့ ပြန်မထနိုင်သေးခင်မှာ တွန်းတဲ့သူကအနားကပင်ထွက်သွားချေပြီ...။

""ဟယ်!သားလေး...စေညွှန်း...
ထ ထ! လာ အန်တီအသစ်ပြန်ထည့်ပေးမယ်နော်""

ထမင်းချက်အဒေါ်ကြီးကလာဆွဲထူပေမယ့်...ညွှန်းကျေးဇူးတင်စကားတောင်မပြောဖြစ်ခဲ့ဘဲ ထိုနေရာမှထပြေးလာခဲ့သည်။စိတ်ထဲမှာလည်း အတော့်ကိုဒေါသဖြစ်နေမိရင်း
နီးစပ်ရာသစ်ပင်ဆီသွားကာ ဒေါသကိုထွက်ပေါက်ပေးသည့်သဘောနဲ့ ထိုသစ်ပင်ကိုပဲ လက်သီးနဲ့တရစပ်ထိုးနေမိ၏။

အဆတ်မပြတ်တဲ့လက်သီးချက်တွေကြောင့် သူ့လက်ခုံမှာ ပွန်းပဲ့ဒဏ်ရာတွေရကာ သွေးတွေလည်းစို့လာသည်။

တကယ်ဆို ဒီနေရာမှာရှိသမျှကလေးတွေအားလုံးက မိဘမရှိကြတဲ့ ဘဝတူချင်းတွေပါ...။အဲ့ထဲမှာ သူ့ကိုမှဒီလိုဝိုင်းပြီးချိုးနှိမ်နေကြခြင်းက အကျည်းတန်နေတဲ့ဒီမျက်နှာကြောင့်ပဲ မဟုတ်လား...

'မင်းတို့ဘာလို့ငါ့ကိုအလွတ်မပေးနိုင်ရတာလဲ ???'

'မုန်းတယ်...မင်းတို့အားလုံးကိုမုန်းတယ်'

'ငါ ဒီနေရာမှာလည်းမနေချင်တော့ဘူး'

နာကျည်းခံပြင်းစိတ်တွေ ဝမ်းနည်းစိတ်တွေကြောင့် မျက်ဝန်းမှမျက်ရည်တွေလည်းစီးကျလာတာမို့...
ထိုမျက်ရည်တွေကို လက်နဲ့ခပ်ကြမ်းကြမ်းပဲပွတ်သုတ်ပစ်လိုက်ရင်း...

'မငိုဘူး...မင်းတို့ရဲ့လှောင်ပြောင်မှုတွေကြောင့် ငါဘယ်တော့မှငိုမှာမဟုတ်ဘူး...'

""သား...စေညွှန်း...""

အနောက်က ခေါ်သံကြားလိုက်တာမို့ သူလှည့်ကြည့်လိုက်တော့ ကျောင်းအုပ်ဆရာမကြီးပါလား...

""ဆရာမကြီးနဲ့ခဏလိုက်ခဲ့ပါကွယ်...
သားကိုတွေ့ချင်တဲ့သူ ရှိတယ်""

တွေ့ချင်တဲ့သူဆိုတဲ့ အသုံးကြောင့် ညွှန်း ဇဝေဇဝါဖြစ်သွားမိသည်။ဘယ်သူကများတွေ့ချင်တာပါလိမ့်...

ဆရာမကြီးခေါ်တဲ့အခန်းရောက်တော့...

""မင်းက စေညွှန်းလား.???.""

မေးလိုက်သည့်လူကြီးက ခန့်မှန်းခြေအသက်လေးဆယ်ကျော်လောက်ရှိမည်ဖြစ်ပြီး...လူပုံစံကလည်းတကယ့်ကိုဝတ်ကောင်းစားလှနဲ့ သူဌေးတစ်ယောက်ပုံစံပါ...ပြီးတော့ရုပ်ရည်အားဖြင့်လည်း အတော့်ကိုချောမောခံ့ညားသူ...

""ဟုတ်ပါတယ်...""

""မင်းအတော်အရွယ်ရောက်နေပြီပဲ...
အခု မင်းအသက်က..""

""၁၃နှစ်ပါ""

""အော်...! ဒီအရွယ်တောင်ရောက်နေပြီပေါ့""

""ဒါနဲ့ ဦးလေးကဘယ်သူလဲ...
ကျွန်တော့်ကို သိလို့လား""

""ဦးလေးမဟုတ်ပါဘူးကွ...ငါက မင်းအဖေ""

""ဗျာ!""

အဖေဆိုတဲ့အသုံးအနှုန်းကြောင့် ညွှန်း အလွန်အံ့အားသင့်သွားမိသည်။သူ့မှာအဖေရှိသေးတယ်လို့ အမေကတစ်ခါမှမပြောဖူးခဲ့...။အဖေသေပြီလို့သာသိခဲ့တာ...အခုကျ ဒီလူကြီးက အဖေတဲ့လား...

""မင်းအမေက ဒီအကြောင်းတွေ
မင်းကိုပြောပြခဲ့မှာမဟုတ်ဘူး...
ဒါပေမယ့် ငါကမင်းအဖေဆိုတာအမှန်ပါ...
အဖေရှိရက်နဲ့ ဒီလိုနေရာမှာနေတာက
မဖြစ်သင့်ဘူး မဟုတ်လား...""

""ကျွန်တော်....""

""ကဲ! မင်းရုတ်တရက်မယုံနိုင်သေးရင်လည်း
ဒီလိုစဥ်းစားကြရအောင်...မင်းကို ငါက
ဒီနေရာကနေမွေးစားတယ်လို့မှတ်လိုက်""

"".....""

""နောက်ကျမှ မင်းမသိသေးတဲ့အကြောင်းတွေကို
ပြောပြမယ်...ဟုတ်ပြီလား""

""ဦးလေးက ကျွန်တော့်ကိုဒီနေရာကနေ ခေါ်သွားမှာလား""

""ဒါပေါ့...မင်းသဘာတူရင်
ငါ့အိမ်မှာလိုက်နေလို့ရတယ်""

ညွှန်း တစ်ချက်စဥ်းစားလိုက်သည်။
ဘယ်လိုပဲဖြစ်ဖြစ် သူဒီနေရာကနေထွက်သွားချင်နေတာအမှန်။အကယ်၍ အချိန်ကိုက်ပေါ်လာသော ဒီလူကြီးနဲ့မှလိုက်မသွားရင်...နောက်ထပ်သူ့ကိုမွေးစားမယ့်သူဆိုတာလည်းရှိနိုင်ဦးမှာမို့လို့လား...။

အတွေးဆုံးတာနဲ့ 'ညွှန်း'ခေါင်းကိုဆတ်ခနဲငြိမ့်ပြလိုက်ပြီး...

""ကျွန်တော်လိုက်ခဲ့ပါမယ်""

💭💭💭💭💭💭💭💭💭💭💭💭💭💭💭
သို့သော် အဖေ့အိမ်ဆိုသော နေရာအသစ်ကလည်း ညွှန်းအတွက်တော့ အဆင်ပြေလှတယ်မဟုတ်ပါ...။


အဖေ့မှာ လက်ရှိဇနီးမယားဖြစ်သူ ဒေါ်အိမ်စည်နဲ့ ညွှန်းထက်အသက်မတိမ်းမယိမ်းလေးသာကြီးမယ့် 'မင်းပိုင်စေ'ဆိုသော သားတစ်ယောက်လည်းရှိနေသည်။

သူဒီအိမ်ကို စရောက်တဲ့နေ့ကတည်းက ထိုသားအမိရဲ့မျက်လုံးတွေမှာ မလိုလားတဲ့အရိပ်အယောင်တွေအပြည့်...
ဒါပေမယ့် ညွှန်းကတော့ ဂရုစိုက်မနေတော့ပါ...
ဂရုမစိုက်ဖြစ်အောင်လည်းနေတတ်ခဲ့ပြီ...။

နာကျင်ရတာတွေကို ဘယ်သူ့ကိုမှထုတ်မပြောတတ်တော့ဘဲရင်ထဲမှာသာ စုဆောင်းထားပါများတော့...ဒီ၁၃နှစ်သားလေးရဲ့ရင်ထဲမှာ...ဒဏ်ရာဒဏ်ချက်တွေအပြည့်ဖြစ်နေခဲ့ရပြီ။

""သား...လူလေး မအိပ်သေးဘူးလား""

""မအိပ်သေးဘူး ဘဘချစ်
ဘဘရော...အိပ်မပျော်လို့လား...
ခြေထောက်တွေညောင်းရင်သားနှိပ်ပေးမယ်လေ""

""ရပါတယ်ကွယ်...ဘဘကတရေးနိုးတာ
လူလေးမအိပ်သေးတာတွေ့လို့ထွက်လာတာ...""

ဘဘချစ်ဆိုတာ ဒီအိမ်ကသက်တမ်းရင့်ခြံစောင့်ကြီးတစ်ဦးပါ...။ပြီးတော့ ညွှန်းအပေါ်အလေးပေးချစ်ခင်တဲ့သူဆိုလည်းမမှား...။ညွှန်းဒီအိမ်ကိုစရောက်ကတည်းက နွေးထွေးစွာဆက်ဆံပေးခဲ့တဲ့ တစ်ဦးတည်းသောသူပေါ့...။

ဒီအိမ်မှာနေခဲ့တာကြာပြီဖြစ်လို့ အရင်ကအကြောင်းတွေကိုလည်း အားလုံးသိမှီခဲ့ပြီး...မေမေတစ်ခါမှမပြောပြခဲ့ဖူးတဲ့အတိတ်အကြောင်းတွေကိုလည်း ဘဘချစ်ဆီကနေ ညွှန်းသိခဲ့ပြီးပါပြီ...။

သူပြောပြပုံအရ...ညွှန်းရဲ့အမေ ဒေါ်ရည်မွန်ဟာ ...ဒီအိမ်ကအိမ်အကူဖြစ်ခဲ့ဖူးပြီး...အိမ်ပိုင်ရှင် ဦးအောင်စေ အရက်တွေမူးလာတဲ့တစ်ညမှာ...မှားယွင်းခဲ့သောအခြေအနေကြောင့်
ယခုလက်ရှိ 'စေညွှန်း'ဆိုတဲ့အရှုပ်ထုပ်လေးက ဒီလောကမှာရှင်သန်နေခြင်းဖြစ်သည်။

အိမ်အကူနဲ့ကလေးရသွားတဲ့အဖြစ်ကို ဦးအောင်စေကလက်မခံချင်ခဲ့သလို...တရားဝင်ဇနီး ဒေါ်အိမ်စည်ကလည်း ငွေအထပ်လိုက်ပုံပေးကာ အိမ်ကမောင်းထုတ်ပစ်ခဲ့ပြီး အစဖျောက်နေခိုင်းခဲ့သည်။ဒေါ်ရည်မွန်ကတော့ ငွေတစ်ပြားတစ်ချပ်မှမယူခဲ့ဘဲ ဒီအတိုင်းထွက်လာခဲ့ပြီး...သားတစ်ယောက်ကိုလည်းလောကအလယ် ရောက်အောင်ခေါ်သွင်းခဲ့ကာ...ဆယ်နှစ်ကျော်အောင်ကျွေးမွေးပြုစုပေးခဲ့သည်...။

ဒီအထဲမှာ ညွှန်း နားမလည်တာတစ်ခုက 10နှစ်ကျော်အစဖျောက်နေခဲ့တဲ့ သူတို့သားအမိကို ဦးအောင်စေကဘာ့ကြောင့်အခုချိန်မှပြန်လာရှာရသလဲ...??

အခုလာရှာပြီးတော့ရော...သားတစ်ယောက်အဖြစ်အသိအမှတ်ပြုထားလို့လား...??
စရောက်ကတည်းက ခြံစောင့်ဘဘချစ်နဲ့အတူ အခန်းကျဥ်းလေးတစ်ခုမှာသာနေရပြီး အိမ်ကအောက်ခြေသိမ်းအလုပ်တွေအကုန်လုပ်ရသည့် အခိုင်းအစေတစ်ယောက်သာသာ...။

ဒါပေမယ့်လည်း 'အရင်နေရာထက်တော့ တော်ပါသေးတယ်လေ'ဆိုတဲ့အတွေးနဲ့ပဲ ကိုယ့်စိတ်ကိုယ်နှစ်သိမ့်ထားလိုက်ပြီး...ခိုင်းစေသမျှကိုလည်း ဘယ်တော့မှ မငြီးငြူခဲ့...။

ပြီးတော့ ဒီအိမ်သားတွေရှေ့ကလွဲရင် တခြားသူစိမ်းတွေရှေ့မှာ အဖေလို့ထုတ်မခေါ်ရဘူးဆိုတဲ့ ကန့်သတ်ချက်ကရှိနေသေးရဲ့...။
ဒါဆိုဘာကြာင့်များ မင်းအဖေဆိုပြီးလာပြောနေရသေးလဲ...

အေးပေါ့လေ...အရင်ကအမှားအတွက် အသက်ကြီးမှတာဝန်ယူချင်စိတ်ရှိလာပေမယ့်... ဒီလိုအကျည်းတန်ရုပ်နဲ့သားဖြစ်နေလို့ အဖေလည်းရှက်ရှာမှာပေါ့...
ဒါတွေက ဘယ်သူ့အပြစ်မှမဟုတ်ပါဘူးလေ...။
သွေးသားဆိုတဲ့ တာဝန်သိတတ်မှုကြောင့် ပြန်လာရှာခဲ့ပေးတာကိုက အဆိုးထဲက ကံကောင်းမှုတစ်ခုပါပဲ...။

"ဟူးးး!"

ညွှန်း တစ်ယောက်ထဲတွေးရင်း ထိန်ထိန်သာနေတဲ့လမင်းကိုမော့ကြည့်လျက်...သက်ပြင်းရှည်တစ်ခုကိုသာချလိုက်မိသည်။

တခြားသူတွေရဲ့ ဘဝဖြစ်တည်မှုတွေက ဘယ်လိုရှိလဲ..
ဘယ်လောက်ခက်ခဲနေကြလဲ...မသိပေမယ့် 'စေညွှန်း'
ဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့ဖြစ်တည်မှုကတော့ အစကတည်းက မှားယွင်းနေခဲ့သလိုပါလား....။
💭💭💭💭💭💭💭💭💭💭💭💭💭💭💭💭
Part-2 Coming Soon!

မင်းသားအကြောင်းရှည်နေလို့...ဒီအပိုင်းမှာမင်းသမီးမပါလိုက်ဘူး😥...နောက်အပိုင်းကျမှမင်းသမီးလေးလာမယ်နော်!

Tag အတွက်အဆင်မပြေသူလေးတွေရှိရင်ပြောပါနော်

Readers/writersလေးတွေအားလုံးက VIPလေးတွေပါ

#Seniorတွေအားလုံးကိုလေးစားလျက်
#WineSattCho




rate now: