book

Index 9

Part-[ 9 ]

ကြင်နာသူ ... ရွှေမင်းသား

(or)

 သူ့ 'ချစ်ခြင်း' ကြောင့် 'လင်း'ပါသည်။


••••••••••• Part-[ 9 ] •••••••••••


""အိန်ဂျယ်လ်...ညီမလေး ပျင်းနေပြီလား""


""မပျင်းပါဘူး မမရဲ့""


""ဒီနားမှာလူတွေအများကြီးပဲ...လျှောက်မသွားနဲ့ ငြိမ်ငြိမ်ထိုင်နေ""


""ဟုတ်""


ခေါင်းကိုငြိမ့်ကာ ပါးစပ်ကလည်းဖြေလိုက်ပြီးမှ ကိုကိုရှိရာဆီ လှမ်းကြည့်နေမိ၏။ ခပ်လှမ်းလှမ်းမှာ ရှိနေပေမယ့် လူတွေအများကြီးရှိနေရင်တောင် အဲ့ဒီလူတွေထဲကနေ မူကွဲထွက်ပြီး ထူးခြားစွာလင်းလက်နေတတ်သူမို့ ကိုကိုကသာ အတောက်ပဆုံးပါပဲ။


!ချောလိုက်တာ...ကိုကို့အနားမှာအလင်းရောင်လေးတွေ လက်နေသလိုပဲ!


ပြုံးကာကြည့်နေရင်းမှ ဘေးဖက်သို့ အကြည့်ရောက်မိတော့ မိန်းကလေးတစ်စုက ဖုန်းတွေကိုယ်စီနဲ့ စုရုံးနေကြလေပြီ။ ပြီးရင် ဓာတ်ပုံတွေရိုက်ကြ...စကားတွေလာပြောကြဦးမယ်..ဟွန့်!!


အခုဆို မမနေခြည်က အိန်ဂျယ့်လ်ကို ကိုကို့shootingရော studioဘက်ကိုရောလိုက်ခွင့်ပြုထားသည်မို့ အမြဲလိုလို shootingရောက်ဖြစ်ပြီး ကိုကိုနဲ့လည်းတွေ့ရတာပေါ့။ အိမ်မှာလည်း တစ်ယောက်တည်း ပျင်းနေရတာကိုး...။ ကိုကိုကလည်း အိန်ဂျယ်လ်လိုက်လာတာကို ဘာမှမပြောလို့တော်သေးရဲ့။ သူက အပြင်မှာဆို မျက်နှာတည်တတ်ပေမယ့် အိန်ဂျယ့်လ်ကိုတော့ တစ်ခါမှ ရင့်ရင့်သီးသီးမဆက်ဆံဖူးဘဲ ဘာလေးပြောလိုက် ပြောလိုက် စိတ်ချမ်းသာအောင်တုံ့ပြန်ပေးတတ်တာမို့ ကိုကိုနဲ့အတူရှိနေရရင် အိန်ဂျယ်လ်အရမ်းကိုပျော်သည်။ ကိုကို ပြုံးတာလေးများမြင်လိုက်ရင် ရင်ဘတ်ထဲ ဆူဆူညံညံနဲ့ ပုံမမှန်လှုပ်ရှားမှုတွေဖြစ်ကာ ရွေ့လျားနေတဲ့ နာရီစက္ကန့်တွေကိုတောင် ရပ်ထားပစ်လိုက်ချင်သည်အထိ။


အိန်ဂျယ်လ်နဲ့ကိုကိုက တွေ့ခဲ့ရတာမကြာသေးပေမယ့် ရင်းနှီးနွေးထွေးတဲ့ဆက်ဆံရေးလေးရှိတာ တကယ်ကိုကံကောင်းပါသည်။ ကိုယ့်အတိတ်က ဘာဇာတ်ကြောင်းတွေရှိခဲ့မှန်း ရေရေရာရာပုံမဖော်နိုင်သေးပေမယ့် ကြာလာတာနဲ့အမျှ ပြန်တောင်မမှတ်မိချင်တော့ပါဘူး။ အိန်ဂျယ်လ်က မကောင်းတဲ့အတိတ်ဆိုးတွေနဲ့ ပတ်သက်နေသူသာဖြစ်ခဲ့ရင် ကိုကိုက မုန်းများမုန်းသွားမလားမသိဘူး။ ဟင့်အင်း! ဒါတွေမတွေးချင်ပါဘူး...ဘဝအမှန်ဆိုတာကိုလည်း ပြန်မရှာတော့ဘဲ ဒီအတိုင်းလေးသာ ကိုကို့အနားနေသွားရရင် သိပ်ကောင်းမှာပဲ။


""ဘာတွေစဥ်းစားနေတာလဲ?""


အတွေးလွန်ကာ စဥ်းစားနေရင်းမှ ရုတ်တရက်အနားက ပြောလိုက်သောအသံကြောင့် ခေါင်းလေးဆတ်ခနဲဖြစ်သွားရကာ...


""ကိုကို...အလုပ်ပြီးသွားပြီလား?""


""ဟင့်အင်း! မင်းရောနေ့လည်စာ စားပြီးပြီလား""


""ဟုတ်""


အမေးကိုဖြေပြီးတာနဲ့ တစ်နေရာသို့လှမ်းကြည့်ကာ ငြိမ်သက်နေတဲ့ မျက်ဝန်းတို့က ဘာကိုစဥ်းစားသွားရပြန်တယ်မသိ။ မျက်နှာလေးကလည်း သိပ်မလန်းတာကြောင့် သူ အလိုမကျစွာမျက်မှောင်ကျုံမိသွားရပြီး အိန်ဂျယ့်လ်အနားသို့ရွှေ့ထိုင်လိုက်မိ၏။


""နေမကောင်းဘူးလား""


""ကောင်းပါတယ် ကိုကိုရဲ့""


""ဒါပေမယ့် မင်းမျက်နှာမကောင်းဘူး""


""ဟင်! သိသာနေလို့လား""


""အင်း...ဘာဖြစ်လို့လဲ""


""ကိုကို့အကြောင်းတွေးမိလို့လေ""


အဖြေစကားကြောင့် အံ့သြသွားရပြန်သည်။ သူတွေးတာ ကိုယ့်အကြောင်း၊ ဒါဆို ဒီလိုမှိုင်တွေသွားတာ ကိုယ့်ကြောင့်ပေါ့လေ...


""အိန်ဂျယ်လ်က မကောင်းတဲ့လူဆိုရင်ဘယ်လိုလုပ်မလဲလို့ တွေးမိတယ်...အဲ့လိုသာဆို ကိုကိုက အိန်ဂျယ့်လ်ကို မုန်းလိုက်မှာလားဟင်?""


မေးခွန်းလေးရဲ့ အဆုံး၌ သူ့ထံမှအဖြေစကားတစ်ခုကို မျှော်လင့်နေသည့်မျက်ဝန်းလေးများဖြင့်ဆုံရလေ၏။ 'မုန်းလိုက်မှာလား'တဲ့! မဖြစ်နိုင်တာပဲ ကလေးရယ်...ကိုယ်က မင်းကို ဘယ်လိုလုပ်မုန်းနိုင်ပါ့မလဲ...မချစ်မိသွားဖို့တောင် ကြိုးစားနေရတာပါ။ မင်းကသာ အချိန်တန်ရင် ကိုယ့်ကို မေ့ပစ်ခဲ့မှာ...။


""ဖြေလေ..ကိုကို""


""မင်းသာ အရင်စဥ်းစားပါဦး

အဲ့ကျမှ ဆုံးဖြတ်တာပေါ့""


""......""


""အိပ်ချင်နေလား..မျက်လုံးက စင်းနေပြီ""


""ဟုတ်...နည်းနည်း""


""အိပ်ချင်လည်း အိမ်မှာအိပ်နေခဲ့တာမဟုတ်ဘူး

ဘာလို့ ဒီကိုလိုက်လာလဲ""


""အဲ့ဒါက..shootingပြီးရင် မုန့်လိုက်ကျွေးမယ်ဆိုလို့""


""ဘယ်သူကလဲ?""


""မမ""


""ဟုတ်တယ်...အလင်းရေ

အဲ့ဒါကြောင့် အိပ်ချင်တာကို မအိပ်ဘဲလိုက်လာတာ""


""ကိုကို မနက်ဖြန်ကျရင် နယ်showပွဲရှိတယ်ဆို""


""အင်း...တစ်ရက်ပဲသွားမှာ""


""အစ်မ မလိုက်လို့တကယ်အဆင်ပြေရဲ့လား အလင်း""


""တစ်ရက်ထဲပဲ...ရတယ်""


ဒီတစ်ခွန်းသာ ပြောဖြစ်ပေမယ့် တကယ်က အစ်မကို မခေါ်တာ အိန်ဂျယ့်လ်ကြောင့်ပါ။ စရောက်ကတည်းက ညဘက်တစ်ယောက်တည်းမထားဖူး၍ အခု အစ်မ မရှိရင် ကြောက်နေမှာစိုးလို့ သူ မလိုက်ခိုင်းခြင်းပါ။ ရာသီဥတုက အေးတော့ ခေါ်သွားရင်လည်း အဲ့ဒီ့နုနုနယ်နယ်လေးက ကျိန်းသေနေမကောင်းဖြစ်မှာ။ ခက်တာပဲ...နေရာတကာကို လိုက်တွေးပေးလွန်းနေတဲ့ ဒီစိတ်နဲ့လည်း မဖြစ်တော့ပါဘူး..ဟူး!!


""အိပ်ချင်ရင်...ကားထဲမှာသွားအိပ်နေလေ""


""ဟင့်အင်း..ရတယ်

မအိပ်ဘူး""


""အိပ်ချင်မှာပေါ့...ညဘက်တွေဆို မအိပ်ဘူးလေ

ဂိမ်းတွေဆော့တယ်...နင်ရိုက်ထားတဲ့ ဇာတ်လမ်းတွေထိုင်ကြည့်တယ်..အဲ့လိုတွေဆိုးနေတာ..ပြောလည်းမရဘူး""


""ဟင်...မမ အဲ့လိုတိုင်မပြောနဲ့လေ""


အခုမှ မျက်နှာလေးရှုံ့မဲ့၍ ခေါင်းတရမ်းရမ်း၊လက်တကာကာ ဖြစ်နေလေတဲ့ ချာတိတ်မကို သူ ခပ်တည်တည်နဲ့ လှမ်းကြည့်တော့ မျက်နှာငယ်နဲ့ပြန်ကြည့်နေလေ၏။ ကြည့်ဦး! အဲ့ဒီ့မျက်နှာလုပ်နေတော့ ဒီက ဆူရမှာလား...မဆူရဘူးလား?


""မင်းကို ဖုန်းပေးသုံးတာ အကြောင်းရှိရင်ဆက်သွယ်လို့ရအောင်လေ...အဲ့လိုတွေလုပ်နေရင် ပြန်သိမ်းပစ်မှာနော်""


""အလင်း...မင်းသမီးရောက်နေပြီ

စရိုက်မယ်တဲ့""


""Ok! ""


တစ်ဖက်ကိုဖြေပြီးတာနဲ့ ကိုကို အနားကထွက်သွားတော့မှ သက်ပြင်းလေးခိုးရှိုက်လိုက်မိ၏။ တော်သေးတာပေါ့...မဟုတ်ရင်ဖုန်းလေးသိမ်းသွားတော့မလားလို့။


တွေးနေရင်းမှ မင်းသမီးဆိုသော မိန်းကလေးက မြင်ကွင်းထဲရောက်လာ၍ အသေအချာစိုက်ကြည့်ပြီးမှ မျက်စောင်းကြီးကြီးရွယ်လိုက်မိပြန်သည်။ ဒါကို ဘေးက မမနေခြည်မြင်သွားကာ တအံ့တသြဟန်ပန်ဖြင့်...


""အိန်ဂျယ်လ်..ဘာလို့နေရင်းထိုင်ရင်း သူများကိုမျက်စောင်းထိုးနေတာလဲ?""


""အဲ့ဒီ့မင်းသမီး...ဟန်နီဆွိပေါ့ မမရဲ့

အိန်ဂျယ်လ်...ဟိုနေ့ကကြည့်တဲ့ဇာတ်လမ်းထဲမှာ ကိုကို့ပါးကိုရိုက်လိုက်တယ် သူ""


""အဲ့ဒါက ဇာတ်လမ်းအရလေ

စိတ်ဆိုးလို့ရမလား""


""သိပါတယ်...ဇာတ်လမ်းအရပေမယ့် တကယ်ကြီးရိုက်လိုက်သလိုပဲ...သူကဖြင့်သစ္စာဖောက်သေးတယ်...တော်သေးတာပေါ့ ဇာတ်သိမ်းပိုင်းမှာ သူသေသွားလို့ မဟုတ်ရင် အိန်ဂျယ်လ်ဒေါသဖြစ်လို့ဆုံးမှာမဟုတ်ဘူး""


ဒီတစ်ခါမှာတော့ နေခြည်အသံထွက်ပြီးကို ရယ်မိပါ၏။ ကြည့်ပါဦး! ဘယ်လိုကလေးနဲ့လာတွေ့နေရပါလိမ့်။ အဲ့လို ချစ်စဖွယ်အမူအရာနဲ့စကားသံလေးတွေကြောင့် အချိန်ခဏလေးအတွင်း သံယောဇဥ်က တရိပ်ရိပ်တိုးနေရတာပေါ့။ မိန်းကလေးချင်းဖြစ်တဲ့ နေခြည်တောင် ဒီလိုချစ်နေရင် ပုံမှန်ထက်ပိုပြီး ဂရုတစိုက်ရှိနေတဲ့ အလင်းနှစ်ကရော...ဘယ်လိုနေလိမ့်မလဲ။ သူ့မျက်လုံးတွေထဲမှာ ချစ်ခြင်းရဲ့အရိပ်အယောင်တွေ ကွယ်ဝှက်ထားတာကိုလည်း ဘေးက မြင်နေရတာလေ။


ထပ်ပြီး မနာကျင်ရစေဖို့ပဲဆုတောင်းပေးပါတယ်။ အိန်ဂျယ်လ်လေး အားလုံးကိုပြန်မှတ်မိသွားတဲ့အခါလည်း မင်းတို့အတွက်ကောင်းတဲ့ပြောင်းလဲခြင်းပဲ ဖြစ်ပါစေကွယ်။


~~~~~~~~


""အလင်း...မင်း ဆေးခန်းမသွားလို့ဖြစ်ပါ့မလား""


""ဖြစ်တယ်...အဖျားနည်းနည်းရှိရုံပဲ

အသက်နဲ့အဝေးကြီး""


ပြောပြီးတော့ အိပ်ရာထက်ပြန်လှဲချကာ ငြိမ်သက်နေမိ၏။ နယ်showပွဲကို တစ်ရက်လေးသွားတာ ပြန်လာတော့ အဖျားကဝင်လာရသည်။ ဒါကြောင့်ပေါ့...ဟိုကလေးမကို ခေါ်မသွားချင်တာ...။ ဟင်း! ဒီလိုဆိုတော့ ပြန်လာကတည်းက အိန်ဂျယ့်လ်ကို မတွေ့ရသေးပါလား။ ဒီမှာ လူပြန်ရောက်နေတာကို သိတာလား...မသိတာလား။ ဖုန်းလေးတောင်မဆက်ဘူး...ဂိမ်းပဲဆော့နေတယ်ထင်ပါရဲ့။


""ကိုကို""


တွေးနေရင်းကပဲ အခန်းပြင်က ခေါ်သံကိုကြားလိုက်ရတော့ မှိတ်ထားတဲ့ မျက်လုံးတွေတောင် ဖျတ်ခနဲပွင့်သွားရသည်။ စိတ်ကတမ်းတနေတုန်း တကယ်ပဲ ရောက်လာခဲ့တော့ ပျော်ရွှင်ခြင်းက ဒီဂရီနှစ်ဆ။ တစ်ရက်လေး ခွဲသွားလိုက်တာကို အဲ့လောက်တောင် လွမ်းရတယ်လို့...။


""ဟိုမှာ မင်းရဲ့အရှုပ်ထုပ်အသံကြားတယ်

လာပြန်ပြီ""


ပြောနေရင်းမှ တံခါးလေး ချပ်ခနဲပွင့်သွားကာ လွမ်းနေသည့် မျက်နှာလေးက အခန်းဝမှာပေါ်လာလေ၏။


""ဘာလာလုပ်တာလဲ အရှုပ်ထုပ်

သူများနေမကောင်းဘူးလေ""


""အင်းလေ...အဲ့ဒါကြောင့်လာခဲ့တဲ့ဟာကို""


""ငါ အလုပ်ကိစ္စရှိလို့သွားတော့မယ်

မင်း...ငါ့သူငယ်ချင်းကို ရောဂါမဆိုးစေနဲ့နော် အဟက်!""


""ဟုတ်ကဲ့...အိန်ဂျယ်လ် ဂရုစိုက်လိုက်ပါမယ်""


ဟော! သူ့အဖြေနဲ့သူဟုတ်နေပြန်ပါသည်။ တကယ်တော့ Alexပြောလိုက်တာ ဘာသဘောမှန်း အလင်းကတော့ သိနေတာပင်။ တားလည်း အချိန်မမီတော့ပါဘူး...အဲ့လိုအပြစ်ကင်းတဲ့ပုံစံလေးတွေကြောင့်ပဲ ရောဂါက ပိုပိုဆိုးနေရတာ။ မင်းကြောင့်တော့ ခက်နေပါပြီ...ကလေးရယ်။


""ကိုကို...ဆေးသောက်ပြီးပြီလား

မမက အပြင်မှာ ဆန်ပြုတ်ထည့်ပေးနေတယ်...ခဏနေ စားလိုက်နော်""


""အင်း""


""ကိုယ်ရော ပူလား""


ကုတင်ဘေး နေရာလွတ်လေးမှာ ဝင်ထိုင်ရင်း လက်ဖျားကို စမ်းလိုက်၊ နဖူးကို လာစမ်းလိုက်..ပြီးတော့ ကိုယ့်နဖူးကိုပြန်စမ်းလိုက်ဖြင့် အလုပ်တွေရှုပ်နေလေ၏။ စောစောက ဘာမှမဖြစ်သလောက် အနားမှာ ဂရုလာစိုက်သူရှိမှပဲ ကိုယ်ပူချင်သလိုတောင် ဖြစ်သွားရပြန်သည်။


""အလင်း...အစ်မ ဆန်ပြုတ်ပြင်ထားပေးခဲ့တယ်..စားလိုက်ဦး

အိန်ဂျယ်လ် လာသွားမယ်လေ""


လာဆိုတော့ ချက်ချင်းပဲထရပ်လိုက်လေတဲ့ အိန်ဂျယ့်လ်လက်ကို သူလှမ်းဆွဲထားမိကာ...


""ဘယ်ကိုခေါ်သွားမလို့လဲ

အစ်မ PDဆီသွားရဦးမယ်ဆို""


""အင်း...သူ့ကိုအိမ်ကိုပြန်ပို့ထားမယ်လေ

နင် နေမကောင်းဘူးဆို အေးဆေးနားပေါ့""


""ရတယ်..မခေါ်သွားနဲ့ဦး

အစ်မ အလုပ်ပြီးမှလာခေါ်""


"".....""


""မင်း ခဏလောက်နေခဲ့မယ် မလား?""


မနေခဲ့လည်း ခေါ်ထားမှာဆိုပေမယ့် မေးတော့မေးဖြစ်လိုက်ပါ၏။ ထိုစကားကိုကြားတော့ သူမက ချက်ချင်းပဲ ခေါင်းလေးညိတ်လိုက်ကာ..


""ကိုကို ခေါ်ထားရင် နေမှာပေါ့""


ကြားရတဲ့ စကားသံကြောင့် ဟန်မဆောင်နိုင်စွာပြုံးမိရပြန်သည်။ ဒါက ဘယ်လိုအဖြေစကားကိုပြောလိုက်ပြန်တာလဲ? နေခဲ့မယ်လို့ ရိုးရိုးလေးဖြေရင်ရပါလျက် ကိုကိုခေါ်ထားရင် နေမယ်တဲ့! တကယ်ပဲ...ဒီကောင်မလေးကတော့လေ...။


""ကဲ! ကျိတ်ပြုံးမနေနဲ့ အကုန်မြင်တယ်

အဲ့လိုဆိုလည်း ခဏထားခဲ့လိုက်မယ်..ငါသွားပြီ""


""အင်း ရတယ် ထားခဲ့""


""မမ တာ့တာ""


~~~~~~~~


""ကိုကို...လာ

ဆန်ပြုတ်သွားစားရအောင်""


""ခဏနေဦး..ဒီမှာခဏထိုင်နေနော်""


ပြောပြီးတော့ သူက တစ်နေရာကို ထထွက်သွားလေ၏။ အိန်ဂျယ်လ်ကတော့ သူ့ကုတင်ပြာပြာလေးပေါ်မှာထိုင်ကာ လင်းနေသည့် ဓာတ်ပုံလေးဆီလှမ်းငေးနေမိပြန်သည်။ စတွေ့ကတည်းက အဲ့ဒီ့ပုံလေးကို တကယ်သဘောကျခဲ့ရတာလေ။ သူ့အခန်းလေးကတော့ အမြဲတမ်း သပ်ရပ်သန့်ရှင်းနေတာပဲ။


""အဲ့ဒီ့ပုံကို တော်တော်ကြိုက်တယ်ပေါ့""


အသံနဲ့အတူ အခန်းထဲပြန်လျှောက်လာကာ လက်ထဲမှာလည်း တစ်စုံတစ်ခုကို ကိုင်ထားတာမို့ လှမ်းကြည့်နေရင်းကပင် သူက ကုတင်ရဲ့ခြေရင်း၌ ကိုင်ထားသည့် အရာလေးကို ညင်သာစွာချပေးလိုက်တော့...အိန်ဂျယ်လ်လည်း ငုံ့ကြည့်မိစဥ်...


""ခြေထောက်ချလေ

ရာသီဥတုက အေးတယ်""


""ဟယ်...ဒါလေးက အသစ်လား

ချစ်ဖို့ကောင်းတယ်""


ကုတင်ထက်မှ ဆင်းကာ ဖိနပ်လေးကိုစီးလိုက်တော့ အရင်ထက် နူးညံ့တဲ့အထိအတွေ့လေးခံစားရတဲ့အပြင် ဝက်ဝံရုပ်လှလှလေးနဲ့မို့ တကယ်ကို ချစ်စရာကောင်းလွန်းပါရဲ့။ ဖိနပ်လေးရဲ့ အိစက်တဲ့အထိအတွေ့လိုပဲ ရင်ထဲမှာလည်း ပျော်လွန်း၍တဒိတ်ဒိတ်နဲ့ ခုန်နေလေ၏။ အိန်ဂျယ်လ်ဒီလို ဖိနပ်မျိုးလေးကို သဘောကျတာ ကိုကို မှတ်မိနေသည်ပဲ။


""လာ...ဆန်ပြုတ်သွားစားတော့မယ်""


""ကိုကို...ဒါလေးဘယ်တုန်းက ဝယ်ထားတာလဲ""


""မမှတ်မိတော့ဘူး""


""ချစ်စရာလေး""


""ကြိုက်ရင်ပြီးတာပဲ...""


လက်ဆွဲခေါ်လာရာနောက် စကားတွေတွတ်တွတ်ပြောလျက် ပါလာပြန်သည်။ သူမ အဲ့ဒီအရာလေးတွေကို ကြိုက်တာ အိမ်ကိုစရောက်တဲ့နေ့ကတည်းက သူသိခဲ့တာပင်။ အဲ့ဒီ့နောက်ပိုင်းကစလို့ ချစ်ဖို့ကောင်းတဲ့ သိုးမွေးဖိနပ်လေးတွေမြင်မိရင် ရည်ရွယ်သူကို ပေးဖြစ်မလား မသိသော်လည်း အိမ်မှာတော့ တစ်နေရာပေးထားမိခဲ့၏။ အဲ့လောက်ထိတောင် အာရုံမစိုက်မိရင် မဖြစ်ဘူးလား...?


ကိုယ့်ကိုကိုယ် အကြိမ်တရာမက မေးခဲ့ဖူးသော မေးခွန်းက ယနေ့ထက်တိုင် ရေရာတဲ့ အဖြေမရှိ။


~~~~~~~~~~


""ကိုကိုက ပန်းချီဆွဲတတ်တာလား""


""အရင်က တစ်ခါတစ်လေပါ""


အိမ်ထဲလှည့်ပတ်ကြည့်ကာ ပန်းချီတွေရှိတဲ့အခန်းထဲရောက်သွားရပြန်တော့ ပန်းချီဆွဲချင်တယ်လုပ်ပြန်သည်မို့ အခုတော့ ဧည့်ခန်းထဲက မှန်စားပွဲထက် စာရွက်တွေပြန့်ကျဲနေပြန်သည်။ လက်ရာကတော့ ခေသူမဟုတ်တာမို့ သူတောင် ဘေးကနေစိတ်ဝင်တစားလိုက်ကြည့်နေမိရင်း...


""မင်း အရင်က ပန်းချီဆွဲတော်တယ်ထင်တယ်..ပုံကလှသားပဲ

ဒီနားမှာ အပြာရောင်လေးထည့်လေ""


ပန်းချီလေးကို အာရုံစိုက်နေရင်းမှ ရုတ်တရက်ကြားလိုက်ရသော စကားကြောင့် လက်တို့တန့်သွားရ၏။ ဒီစကား..။ဒီစကားကို ငါကြားဖူးသလိုပဲ။


!ဒီနားမှာ အပြာရောင်လေးထည့်လေ


သတ်မလို့...နင့်ကိုသတ်မလို့


အ!!


နင်...နင် လမ်းလျှောက်နိုင်တယ်


ဟုတ်တယ်...ငါလမ်းလျှောက်နိုင်ပြီ


မရဘူး...အဲ့လိုဖြစ်လို့မရဘူး!


ရုတ်တရက်အာရုံမှာပေါ်လာသည့် မသဲမကွဲပုံရိပ်တွေကြား ခေါင်းတွေကိုက်လာကာ မျက်လုံးကိုစုံမှိတ်ချလိုက်ရင်း...


""အား!!""


""အိန်ဂျယ်လ်..ဘာဖြစ်လို့လဲ""


""ခေါင်းကိုက်တယ်...ကိုကို""


ပုံလေးကို လိုက်ကြည့်ပေးနေရင်းမှ တစ်ခုခုထူးဆန်းသွားတဲ့ အိန်ဂျယ့်လ်ကြောင့် သူ စိုးရိမ်သွားရသည်။ ဒါ တစ်ခုခုကို မှတ်မိချင်တဲ့ အဓိပ္ပာယ်များလား?


""အဆင်ပြေရဲ့လား""


""ဟုတ်...ရတယ်

အရမ်းကြီးမဆိုးပါဘူး...အိန်ဂျယ်လ် ဗိုက်ဆာလို့နေမယ်""


""မဆိုင်တာကွာ!""


"'ဟီး! ဆိုင်လိုက်ပါ ကိုကိုရယ်

အိန်ဂျယ်လ် ပန်းသီးစားချင်တယ်""


""ဒါဆိုလည်း ခဏစောင့်""


ကိုကိုထွက်သွားတော့မှ စောစောက ပုံရိပ်တွေအကြောင်း ပြန်စဥ်းစားနေမိ၏။ ခေါင်းတွေလည်း အရမ်းကိုက်နေတုန်းပါပဲ။ အတိတ်အကြောင်းတွေက မရိုးရှင်းခဲ့ဖူးထင်တယ်...။ အမြဲတမ်းလည်း ကြောက်စရာကောင်းတဲ့ အိပ်မက်တွေပဲမက်နေခဲ့တာ...ဘာတွေကို ငါမေ့နေခဲ့တာလဲ???


""ပေးလေ...ကိုကို အိန်ဂျယ်လ် အခွံနွှာတတ်ပါတယ်""


""မင်းလက်ထိသွားမှာပေါ့""


""မထိပါဘူး""


တကယ်ပင် အသီးနဲ့ဓားကိုယူသွားကာ အခွံနွှာနေပြန်၏။ စိတ်တိုင်းကျ မလုပ်ခိုင်းပြန်ရင်လည်း နှုတ်ခမ်းစူဦးမှာမို့ ခဏလေးပေးထားလိုက်ပြီး ဒီအတိုင်းလှမ်းကြည့်ကာ လက်နှစ်လုံးစာလောက်ခွာပြီးချိန်မှ..


""ရပြီ...လာ ပေး

ကိုကို လုပ်ပေးမယ်""


ပေးဆိုတော့ ချက်ချင်းပင်လက်ထဲပြန်ထည့်ပေးလေ၏။ သူစိတ်ကျေနပ်သွားပြီလေ...။ ပြီးတော့ ဆွဲလက်စ ပန်းချီကိုဆက်ဆွဲနေလေရဲ့။ အိန်ဂျယ်လ်နဲ့အတူနေရတာလည်း ကလေးထိန်းနေရသလိုပါပဲ။


""ရော့..!""


""လက်မအားဘူးလေ..ခွံ့ကျွေး""


""ဒီမှာ နေမကောင်းတဲ့သူကို အလုပ်လာပေးနေတာလား""


""သြော်..ဟုတ်သား

ကိုကိုနေမကောင်းဘူး....ပေး ပေး

ကိုယ့်ဘာသာစားတော့မယ်""


""နေပါတော့...ပုံဆက်ဆွဲလေ""


ဒီလိုနဲ့ ပန်းသီးလေးတစ်လုံးကုန်သွားချိန်မှာ ပန်းချီပုံလေးလည်း ပြီးသွားလေ၏။ လက်ရာလေးကတော့ တော်တော်အသက်ဝင်သားပင်။


""တော်တယ်""


""လာ...ဒီတစ်ခါ ကိုကိုနဲ့အတူတူဆွဲမယ်""


စာရွက်ဖြူလေးနောက်တစ်ရွက်ကိုထုတ်ကာ နှစ်ယောက်အတူ ရေးဆွဲသောပန်းချီကတော့ တစ်ခြမ်းသာပုံပေါ်လာလေရဲ့။ စုတ်တံကိုကိုင်ထားပေမယ့် စာရွက်ဆီမရောက်သော သူ့မျက်လုံးတို့က ဘေးက ချစ်စဖွယ်လေးကိုပဲငေးမိနေရင်း ဘေးတိုက်အနေအထားဖြင့် မြင်နေရသော အသည်းယားစရာ ပါးဖောင်းဖောင်းလေးဆီ အကြည့်ရောက်မိစဥ် လက်ကလည်း ထိုနေရာသို့ဦးတည်သွားရတော့...


""ဟာ...ကိုကိုဘာလို့မျက်နှာကိုလာသုတ်တာလဲ

ဒီမှာဆွဲလေ""


""မင်းရဲ့ပါးပေါ်ပဲ ခြယ်ပေးချင်တာ

ဒီမှာကြည့်...နောက်တစ်ရောင်""


""ဟ! ပေကုန်ပြီ

အင်း..ရန်လာစတယ်ပေါ့...တွေ့မယ်""


"".....""


နှစ်ယောက်သား လိုက်စသူကစ ရှောင်သူကရှောင်ဖြင့် ဧည့်ခန်းလေးထဲရယ်သံလွင်လွင်လေးများပျံ့လွင့်နေကာ မျက်နှာပေါ်မှာလည်း ဆေးရောင်လေးတွေကိုယ်စီနှင့်...


""ကိုကို...လာခဲ့နော်""


""မလာဘူး...""


""အ! နာလိုက်တာ""


ခပ်လှမ်းလှမ်းမှာ သွားရပ်နေရင်းမှ ရုတ်တရက်မျက်နှာလေးရှုံ့မဲ့ကာ ထိုင်ချလိုက်လေတော့ သူလည်း စိုးရိမ်သွားကာ အနားသို့ပြေးသွားမိပြန်၏။


""ခြေထောက်နာသွားလို့လား""


""ယုံတယ်ပေါ့...အဟက်

ရော့...ဆုချမယ်""


""ဟာ..လူလည်မလေး""


တကယ်မနာဘဲ လူလည်ကျသွားကာ ထွက်ပြေးသွားပြန်ရင်း တစ်နေရာအရောက်...


""အ!""


""ကိုကို!!""


ပြေးနေရင်းမှ လက်လေးကိုနောက်ပြန်လှမ်းဆွဲခံလိုက်ရတော့ ကြမ်းပေါ်က ပန်းချီးဆေးခွက်လေးကို ခလုတ်တိုက်မိသွားရကာ ဆေးတွေပြန့်ကျဲသွားလေ၏။ ပြေးနေသည့်အရှိန်ကြောင့် ခန္ဓာကိုယ်ကို မထိန်းလိုက်နိုင်ဘဲ နင်းမိမလိုဖြစ်သွားရစဥ် လူက လေထဲသို့ မြောက်တက်သွားရပြီးမှ တစ်နေရာသို့ပြုတ်ကျသွားရသည်။ လန့်စိတ်ကြောင့် မှိတ်ထားမိသည့် မျက်ဝန်းများကို ပြန်ဖွင့်ကြည့်ချိန်မှာတော့...


""ကိုကို""


တကယ်ပင် အောက်မှာရှိနေတာက ကိုကိုဖြစ်နေတာကြောင့် မျက်လုံးပြူးသွားရကာ...


""ဆောရီးနော်..ကိုကို""


ခပ်ပြုံးပြုံးလေးနှင့်ပင် ပြောလာပေမယ့် တုံ့ပြန်စကားတို့မရှိ။ ရှေ့ကအတင်းပြေးနေသောကလေးကို လဲကျသွားမှာစိုး၍ ဖမ်းထိန်းပေးလိုက်ခါမှ ကိုယ်ပါလဲကျရသည့် အဖြစ်။ နှစ်ယောက်လုံး အရှိန်လွန်ကာ ဆိုဖာထက်ဆီလဲကျသွားရပြီး ကပ်ပါးလေးကတော့ သူ့ရင်ဘတ်ပေါ် မှောက်လျက်လေးတင်နေတာမို့ အကျမနာခဲ့တာ တော်သေးရဲ့။


နီးကပ်လွန်းစွာ မြင်နေရသည့်မျက်နှာလေးကို ကြည့်ရင်း နှလုံးသားဆီမှလည်း အချက်ပေးသံတို့ကျယ်လောင်နေရရင်း အသက်ရှူနှုန်းတွေကတောင် မူမမှန်ချင်သလိုပါ။ ကိုယ့်မှာသာ ဒီလိုကမ္ဘာပျက်နေသလောက် သူမကဖြင့် အောင်နိုင်သူပုံစံဖြင့် ရယ်မောကာ လက်ထဲပါလာသည့် စုတ်တံလေးဖြင့် လိုက်တို့နေပြန်သည်။


"" ကိုကို ရှုံးသွားပြီနော်""


ရှုံးသွားပါပြီ။ တကယ်ကို ရှုံးသွားခဲ့ပြီ။ သူ့ဘဝမှာ အချစ်ဆိုတဲ့ ထိုအရာကို ထပ်မတွေ့နိုင်တော့ဘူးလို့ ထင်နေခဲ့သမျှ အခုတော့ မျက်စိရှေ့က ဒီကလေးမဆီမှာ သူ့နှလုံးသားက ထပ်ပြီးကျရှုံးသွားတာလား။


""....""


အိန်ဂျယ်လ်လည်း လက်ရှိအခြေအနေအတိုင်းလေး ကိုကို့ရင်ခွင်ထဲ ငြိမ်သက်နေမိရင်းမှ သူ့မျက်ဝန်းနက်နက်တွေထဲ ပြန်ငေးနေမိရသည်။ ကိုကို့မျက်ဝန်းတွေက တစ်ခါကြည့်မိရင် ပြန်မလွှဲဖယ်နိုင်အောင် ညို့ယူထားသလိုလိုနဲ့ အခုလည်း အိန်ဂျယ့်ထံ လှမ်းကြည့်နေသည့်မျက်ဝန်းများက စကားတွေပြောနေသလိုပင်။ ရင်ထဲမှာလည်း ပုံမမှန်ခံစားချက်တွေကြောင့် ချက်ချင်းပြန်ထရန် ပြင်လိုက်စဥ် ရုတ်တရက်ပဲ ရင်ခွင်ထဲပြန်ဆွဲဖက်လိုက်လေတော့ ရည်ရွယ်ချက်ကမအောင်မြင်။


""ဘယ်လဲ..အဲ့ဒါက?""


""ကိုကို...အိန်ဂျယ်လ်လေ...""


""အင်း...ဆက်ပြောလေ

ကိုကိုနားထောင်နေတယ်""


""အိန်ဂျယ်လ်..ကိုကို့fan girlဖြစ်တာကြာလို့လားမသိဘူး""


""အင်း...ဘာဖြစ်လဲ""


""ကိုကို့ကို အရင်ကထက်ပိုချစ်တယ်""


နူးညံ့လွန်းသည့်နှုတ်ခမ်းပါးလေးကို ငေးနေစဥ်မှာပင် ထိုနှုတ်ခမ်းလေးမှထွက်လာသော ပျားရည်လိုစကားသံလေးက နှလုံးသားထဲသို့ချိုမြစွာ စီးဝင်သွားခဲ့၏။ ထိုစကားလေးကြောင့် သူပြုံးလိုက်ကာ ပါးနုနုလေးပေါ်က အပြာရောင်ဆေးစက်လေးကိုလက်ဖြင့်ဖွဖွလှမ်းသုတ်ပေးရင်း...


""မင်းစိတ်ထဲမှာ ကိုကို့အပေါ်ဘယ်လိုခံစားရတာမျိုးကို ချစ်တယ်လို့သတ်မှတ်တာလဲ...ဥပမာပြော""


""အင်း...အိန်ဂျယ်လ်က ကိုကိုနဲ့အတူရှိရင်အရမ်းပျော်တယ်...ကိုကိုပြုံးလိုက်တာမြင်ရင် ရင်ထဲမှာ အရမ်းခုန်တာပဲ...ကိုကိုနဲ့နီးနီးလေးမှာပဲနေချင်တယ်...မတွေ့ရရင်အရမ်းသတိရတယ်...ကိုကိုအမြဲမြင်နိုင်မယ့်နေရာလေးမှာ ရှိချင်တယ်...ပြီးတော့ကိုကို့ဆီကောင်မလေးတွေလာတာ မကြိုက်ဘူး""


"".....""


""အဲ့ဒါ ချစ်လို့ဖြစ်တာ အမှန်ပဲလားဟင်""


""အင်း..အမှန်ပဲ

မင်း တကယ် ကိုယ့်ကိုချစ်နေတယ်""


ထိုစကားလေး ခပ်တိုးတိုးဆိုပြီးနောက် ပန်းနုရောင်နှုတ်ခမ်းလေးဆီသို့ အကြည့်ကိုဦးတည်သွားရကာ တဖြေးဖြေးတိုးကပ်သွားမိချိန်တွင်...


""""


""ကိုကို ဖုန်းလာတယ်""


မှန်စားပွဲထက်က ဖုန်းလေးကိုလှမ်းယူပေးတော့ သူသက်ပြင်းချကာ ဖုန်းကိုဖွင့်ကိုင်လိုက်ရ၏။ အလစ်မှာ ထပြေးရန်ကြံရွယ်သည့် ကလေးမကိုတော့ လုံးဝမလွှတ်ပေးဘဲ ကိုယ်လုံးသွယ်သွယ်လေးကို လက်တစ်ဖက်နဲ့ သိမ်းဖက်ထားလိုက်သဖြင့် မလှုပ်နိုင်ဘဲ သူ့ကိုယ်ပေါ်မှောက်လျက်လေးတင်နေဆဲပင်။ အစမှာတော့ ကိုယ်လေးတွန့်ကာ ရုန်းပေမယ့် နောက်တော့လည်း အာရုံပြောင်းသွားကာ မျက်နှာပေါ် ဆေးတွေလာခြယ်ပြန်လေ၏။


""အင်း...မနက်ဖြန်မှလာမယ်

Ok!""


""အ! ကိုကို""


ဖုန်းကိုချလိုက်ပြီးသည်နှင့် ခါးကိုဖက်ထားသည့်လက်တို့က တင်းကျပ်သွားကာ လူကလည်းတစ်ပတ်လည်သွားရတာကြောင့် လန့်ဖျပ်သွားရ၏။ အခုတော့ စောစောကအနေအထားနဲ့ ဆန့်ကျင်စွာ အိန်ဂျယ်လ်က ကိုကို့ရင်ခွင်အောက် ရောက်သွားရသည်မို့...


""ဘယ်လိုလုပ်တာလဲ

ပြုတ်ကျတော့မှာပဲ""


""အိန်ဂျယ်လ်...ကိုယ့်ကိုချစ်တယ်လို့ တစ်ခါလောက်ပြောပါလား""


""ရှင်..ခုနကပြောပြီးပြီလေ""


""အခုပြန်ပြောပေး

ပြန်ကြားချင်တယ်""


""အိန်ဂျယ်လ်...ကိုကို့ကိုချစ်တယ်""


""ကိုကိုက အတ္တကြီးတဲ့ idolနော်

ကိုယ့်ကို ချစ်တယ်ပြောပြီးရင် တခြားဘယ်သူ့ရဲ့fan grilမှမလုပ်ရဘူး...ခွင့်မပြုဘူး""


""မပြောပါဘူး အိန်ဂျယ်လ်ချစ်တာ ကိုကိုတစ်ယောက်တည်း""


""ကိုကိုလည်း မင်းကိုချစ်တယ်

မင်းကိုချစ်ဖို့ရော ခွင့်ပြုချက်တင်ရမှာပဲလား""


""အဟက်..ကိုကိုကလည်း

အိန်ဂျယ်လ်က မင်းသမီးမှမဟုတ်တဲ့ဟာ...""


ပြုံးစစလေးဖြင့် ပြန်ပြောလာလေတော့ သူရယ်မိသွားရကာ နဖူးလေးထက် ခပ်ဖွဖွနမ်းရှိုက်လိုက်ပြီး အသည်းယားစရာပါးဖောင်းဖောင်းလေးကိုလည်း အကြင်နာ တံဆိပ်ခတ်လိုက်မိပေမယ့် နူးညံ့လွန်းတဲ့ နှုတ်ခမ်းနုနုလေးကိုတော့ မနမ်းရက်စွာချန်လှပ်ထားပေးခဲ့ပါ၏။


အဆုံးသတ်က ရင်နာစရာနဲ့ကြုံရလေမလား မဝေခွဲနိုင်သော်လည်း...


အဲ့ဒီ့လောက်တောင် ရင်မှာမြတ်နိုးခဲ့ပါ၍...။


(နှုတ်ခမ်းလေးတောင် မနမ်းရက်သေးဘူးဆိုပဲ

ဒါနဲ့သူတို့ချစ်သူတွေဖြစ်သွားတာလား အခု

စောများစောသွားလား သိဝူးနော်)


~~~~~~~~

Continue to >>>Part-10


Readers/WritersလေးတွေအားလုံးကVIPပါ


Writer-WineSatt Cho(Lëmoñ) 


See less



rate now: