book

Index 8

Part-[ 8 ]

ကြင်နာသူ ... ရွှေမင်းသား

(or)

 သူ့ 'ချစ်ခြင်း' ကြောင့် 'လင်း'ပါသည်။


••••••••••• Part-[ 8 ] •••••••••••


မျက်လုံးဝိုင်းလေးနဲ့ မော့ကြည့်ကာ ပြတ်ပြတ်သားသားပဲ ဖြေလိုက်သည့်စကားက 'ကိုကို့ ကို ချစ်လို့'တဲ့! ။ ထိုစကားကြားသည်နှင့် ဘေးကနှစ်ယောက်က ဟက်ခနဲရယ်ချလိုက်ပေမယ့် တကယ်တမ်း အပြောခံလိုက်ရသူကတော့ ထင်မှတ်မထားသည့် အဖြေစကားလေးမှာ ရုတ်တရက် မှင်သက်သွားမိရင်း ထိုစကားလေး လွင့်ပျံလာစေသော နှုတ်ခမ်းပိုင်ရှင်ထံ ငေးမောနေမိသည်။ ထိုကလေးကတော့ ဘာမှကိုမဖြစ်ပါဘူး...အခုပဲ 'ချစ်တယ်'လို့ပြောလိုက်တာ သူ မဟုတ်တဲ့အတိုင်း သူ့စကားမှားလား?...မှန်သလား? ဘယ်လိုသဘောကို သက်ရောက်သလဲ? ဒီစကားကြောင့် ဘေးကလူတွေဘာလို့ ရယ်လိုက်သလဲ?...ထို ထိုသော အကြောင်းအရာတွေကို ဘာမှ မေးခွန်းမထုတ်၊ ဂရုမထားစွာပင် တစ်စုံတစ်ရာ ပြောင်းလဲခြင်း အလျဥ်းမရှိတဲ့ မျက်နှာနဲ့ မုန့်တွေဆက်စားနေလေ၏။ သဘောက သူပြောတာအမှန်...ပြောသင့်ပြောထိုက်တဲ့စကားကို ရိုးရိုးလေးပြောမိခြင်းလို့ပဲ ယူဆတယ်ပေါ့လေ။


ဒီလိုဆိုတော့လည်း ရုတ်ချည်း မြင့်တက်မြန်ဆန်သွားတဲ့ ကိုယ့်ရင်ခုန်သံတောင် ကိုယ်နှမြောမိသား။ မှန်ပါတယ်...idolတစ်ယောက်ကို fan girlတစ်ယောက်က 'ချစ်တယ်'လို့ပြောတာ အဆန်းမှမဟုတ်တာလေ။ 'အလင်းနှစ်'ဆိုတဲ့ ရပ်တည်မှု တစ်လျှောက်မှာ မိန်းကလေးတစ်ယောက်ဆီကနေ ဒီလိုစကားမျိုးကို မကြုံဖူးတာလည်း မဟုတ်ဘဲ ဘယ့်နှယ်ကြောင့် ဒီချာတိတ်မ နှုတ်ဖျားက ထွက်လာမှ ရင်ဘတ်ထဲဗြောင်းဆန်သွားရပါလိမ့်! နှုတ်ကလည်း ဘာစကားမှထွက်မလာတော့ဘဲ အဲ့ဒီ့ fan girlအသစ်စက်စက်ကိုသာ ထိုင်ကြည့်နေမိရင်း နှလုံးခုန်သံတို့ကလည်း အခုထိတိုင် ပုံမှန်အနေအထားသို့ ပြန်မရောက်သေးပေ။


""မမ ဖုန်းနံပါတ်လည်း ထည့်ပေး

ခေါ်ကြည့်မယ်""


ကြည့်! ကိုယ့်မှာ ရင်ခုန်လို့မှမဆုံးသေး...ဟိုကဖြင့် သူ့အာရုံနဲ့သူ ဖုန်းဖွင့်ကာ မွှေနေပြန်သည်။ ဒုက္ခပါပဲနော်...သူမက ဘာကိုမှ ရေရေရာရာမတွေးတတ်၊ နားမလည်တတ်သည့် ကလေးသာသာမှန်းသိပါလျက် ဒီနှလုံးသားမှာ ပုံမမှန်တုံ့ပြန်ချက်တွေ အဘယ်အတွက် ရှိနေရပါသလဲ? အနာတရဖြစ်ခဲ့ဖူးတဲ့ ရင်ဘတ်ထဲမှာ ချစ်ခြင်းခံစားချက်တို့ ပျောက်ဆုံးခဲ့တာကြာပြီပဲ။ အဲ့ဒီ့ခံစားချက်ကို ဘယ်မိန်းကလေးကမှ သူ့ရင်ထဲ ပြန်မထည့်ပေးနိုင်ခဲ့သမျှ အခု ဒီကောင်မလေးကြောင့် ရင်ခုန်မိနေတာလား?


ကိုယ်တကယ် နားမလည်နိုင်တော့ဘူး အိန်ဂျယ်လ်...။ 'မင်း' ဆိုတဲ့ကောင်မလေးက ကိုယ့်အတွက် ထူးခြားတာတော့ အမှန်ပဲ။ စတွေ့ကတည်းက ဒိန်းခနဲ ဆောင့်ခုန်ခဲ့သော ရင်ခုန်သံ၊ အန္တရာယ်ကိုစိုးရိမ်စွာ တစ်ယောက်ထဲ ပစ်မထားနိုင်ခဲ့သော နှလုံးသားနဲ့ အရင်ကတည်းက သိကျွမ်းဖူးခဲ့သလို ရင်းနှီးနေသည့်ခံစားချက်...။ပြောရရင် အိန်ဂျယ်လ်က သူ့အတွက် သူစိမ်းလေးတစ်ယောက်နဲ့ကို မတူပေ။ ဒါတွေဘာကြောင့်ဖြစ်လဲ မသိပေမယ့် တစ်ခါမှမခံစားဖူးသေးတဲ့ ခံစားချက်တွေ ရင်ထဲရောက်နေသလိုပါပဲ။ ဆန်းကြယ်တယ်..။မင်းက ကိုယ့်အတွက် ဆန်းကြယ်မှုလေးပဲ...အိန်ဂျယ်လ်။


""အလင်း...အလင်းနှစ်

မင်း ဘာဖြစ်သွားတာလဲ?""


ရှည်လျားစွာ နယ်ချဲ့နေသည့်အတွေးလေးများက ဘေးနားက လာခေါ်နေသည့် အသံကြီးကြောင့် လွင့်ပြယ်သွားရကာ အခုမှပဲ အိန်ဂျယ့်လ်ထံ စိုက်ကြည့်နေမိသည့် မျက်လုံးတို့ကို လွှဲဖယ်ဖို့ သတိဝင်သွားရ၏။


""မင်းဘာလို့ သူ့ကို ဒီလောက်ကြည့်နေတာလဲ

ဘာမကျေနပ်လို့လဲ?ဟိုမှာ မင်းရဲ့fan girlအသစ်ကို ကြိုဆိုလိုက်ဦးလေကွာ""


ထိုစကားသံကြောင့် အိန်ဂျယ်လ်လည်း ကိုကို့ကိုပြန်ကြည့်မိတော့ ဘာစကားမှမပြောဘဲ လှမ်းကြည့်နေ၍ ရင်ထိတ်သွားရပြန်သည်။ စကားမှားသွားလို့လား? ငါပြောတာ မှန်တယ်လေ...သူ့fanက သူ့ကို ချစ်တဲ့သူလို့ မမကပြောတာပဲဟာကို...။


""အိန်ဂျယ်လ်""


လှမ်းကြည့်လိုက်တော့ တစ်ခုခုကိုစဥ်းစားနေဟန်နဲ့ မျက်မှောင်လေးကျုံ့နေပြန်သည်။ ခေါ်တော့လည်း လှည့်မကြည့်။ အဲ့ဒီ့စိတ်က ဘာတွေတွေးပြီး ဘယ်ကိုထွက်ပြေးသွားရပါလိမ့်! ဟင်း...စိတ်မရှည်လိုက်တာနော်...


""အိန်ဂျယ်လ်...""


""ရှင်! ကိုကို...""


""အောက်မှာထိုင်နေတာ မအေးဘူးလား

ဒီနားကိုလာဦး""


ရောက်ကတည်းက ဆိုဖာပေါ်မထိုင်ဘဲ ကြမ်းပေါ်ဆင်းထိုင်ကာ မှန်စားပွဲလေးပေါ်လက်ထောက်လိုက် မေးတင်လိုက်ဖြင့် မုန့်စားမပျက်သည့် ကလေးက ခေါ်လိုက်တော့လည်း ချက်ချင်းအနားသို့လာထိုင်ပါသည်။ သို့ပေမယ့် မျက်လုံးလေးတွေက တစ်စုံတစ်ရာကို တွေးနေဟန်ရှိကာ တစ်ခုခုမေးချင်သည့် ပုံစံနှင့်မို့ သူ ပြုံးမိရပြန်ရင်း...


""ပြော...ဘာပြောချင်တာလဲ""


""ကိုကို့ကို ချစ်ဖို့က ခွင့်ပြုမှရတာပဲလား?""


""အဟမ်း! မေးခွန်းတွေကသတ်ပြီဟေ့

အလင်း...ဖြေလိုက်လေ...မေးနေတာကို""


""ရှင့်လေသံကနော်! စသလိုလို နောက်သလိုလိုနဲ့

ခုနက အိန်ဂျယ်လ် ကို့ကိုကိုချစ်တယ်လို့ပြောတော့ ကိုကို့မျက်နှာက တည်သွားတယ်...အိန်ဂျယ့်လ်ကိုစိုက်ကြည့်တယ်..အဲ့ဒါကြောင့် သူ မကြိုက်လို့များလားလို့ မေးကြည့်တာကို...မှားလို့လား?""


ချက်ချင်းပင် ချေပစကားဆိုလိုက်လေတော့ ဒီတစ်ခါ သဘောတကျရယ်မိသွားရတာ အလင်း ကိုယ်တိုင်ပါပဲ။ အခုလိုကျတော့လည်း တကယ့်ကို စွာတေးလေးပါလား။ နှုတ်ခမ်းလေး တထော်ထော်နဲ့ အချက်ကျစွာ ရန်ပြန်တွေ့ခံလိုက်ရတော့ Alexခမျာလည်း ဆွံ့အသွားကာ ပါးစပ်ပိတ်ကျိတ်ရယ်နေတော့၏။ အစ်မကတော့ မနိုင်စိန်လေးဆိုသည့် သဘောနှင့် သူ့ထံမျက်စပစ်ပြနေလေရဲ့။


""အိန်ဂျယ်လ်...ဒီကိုကြည့်""


တစ်ဖက်ကိုရန်စွာနေရင်းမှ ခေါ်သံကြားတော့ ဖျတ်ခနဲလှည့်ကြည့်ပါ၏။ ပြီးတော့ မေးပြီးသားမေးခွန်းက တစ်ပတ်လည်လာပြန်သည်။


""ကိုကိုလို့ ခေါ်ဖို့လည်း ခွင့်ပြုမှရတာဆိုတော့ အခု ကိစ္စကိုလည်း...""


ဆက်ပြောမယ့် စကားသံလေးက နှုတ်ခမ်းဖျားတင်ရပ်တန့်သွားရကာ အနားသို့ တိုးကပ်လာသည့်မျက်နှာချောချောကို ငေးမိသွားရပြန်သည်။ သူက အိန်ဂျယ့်လ်မျက်နှာကို အသေအချာစိုက်ကြည့်လိုက်ပြီးနောက် လက်လေးက နှုတ်ခမ်းပေါ်သို့ ဖွဖွလေးဖိပွတ်သွားလေ၏။ ထိုခဏ၌ အိန်ဂျယ်လ်ရှိနေသည့် ပတ်ဝန်းကျင်က ရုတ်တရက် တိတ်ဆိတ်သွားပြီး ကမ္ဘာကြီးတစ်ခုလုံးထဲ ကိုကိုနဲ့ အိန်ဂျယ်လ်နှစ်ယောက်ထဲပဲ ရှိတော့သလို ခံစားရကာ ရင်ထဲမှာလည်း တဒုန်းဒုန်းနဲ့ ဆူညံကာ ဘာတွေဖြစ်ကုန်တယ်မသိ။


!ငါ ဘာဖြစ်တာပါလိမ့်!


အမည်မဖော်နိုင်သော ခံစားချက်ကို ရင်ထဲ ဖော်ထုတ်တွေးဆရင်း မလွှဲဖယ်သော မျက်လုံးလေးတွေကတော့ ရှေ့က ကိုကို့ထံသို့သာ...။


"" မင်းက ကလေးလား?

မုန့်စားတာ အဲ့လိုပေအောင်လုပ်ရလား?""


""ဟင်!""


တကယ်ပင် နှုတ်ခမ်းလေးပေါ်မှာ ခရင်မ်တွေပေနေတာ မြင်လိုက်၍ မနေနိုင်စွာ သုတ်ပေးမိပြန်တာပါ။ နူးညံ့လိုက်တဲ့ နှုတ်ခမ်းလေးပဲ။ အနီးကပ်ကြည့်မှမျက်နှာလေးကလည်း ထိရက်စရာမရှိအောင် နူးညံ့လွန်းပါလား...။ ဘယ်လိုဘဝမျိုးကလာခဲ့တာလဲ အိန်ဂျယ်လ်... ။နေမထိ၊လေမထိတဲ့ မှန်လုံအိမ်ထဲက ပန်းပွင့်လေးလို နူးညံ့နေတဲ့ မင်းက ဘယ်လိုကြောင့်များ ကိုယ့်ရှေ့ကို ဒဏ်ရာဒဏ်ချက်တွေနဲ့ ရောက်လာခဲ့တာလဲ? တကယ်ပဲ မင်းရဲ့ဘဝအမှန်က ဘာလဲ?


""ကိုကို...""


""ဟင်!""


""ဖြေလေ""


သြော်! ကဲ...ဒီခွင့်ပြုချက် ကိစ္စက အခုထိမပြီးနိုင်သေးဘဲကိုး။ တကယ်ပဲ...လိုချင်တဲ့ အဖြေ တိတိကျကျကျမရမချင်း ဇွဲမလျှော့စတမ်း မေးနေတော့တာ...။တကယ့်ကို တဇွတ်ထိုးလေးပဲ။


အတွေးကြောင့် ထပ်ပြုံးမိရပြန်ကာ သူမ နဖူးလေးကို လက်နဲ့ဖွဖွလှမ်းတောက်လိုက်ပြီး...


"" မင်းသဘောပဲ...ကိုယ်ခွင့်ပြုတယ် ဟုတ်ပြီလား

ထပ်မမေးနဲ့တော့""


""....""


""လာ...လက်ခဏပေး""


""အိန်ဂျယ်လ်...ငါ့fanရော မလုပ်ချင်ဘူးလား

ငါ ခွင့်ပြုတယ်လေ""


ပြေလည်သည့် အဖြေစကားကိုပေးပြီး စားပွဲပေါ်က တစ်ရှူးလှမ်းယူကာ လက်လေးကို သုတ်ပေးနေစဥ် ရယ်ကျဲကျဲဖြင့် လှမ်းစလာသော သူငယ်ချင်းကြောင့် သူ မျက်နှာတည်ဖြင့်လှမ်းကြည့်မိပြန်တော့ အစ်မကပါ ဝင်ရယ်လေ၏။ အဲ!..ဟိုကောင်မလေးကလည်း ရောယောင်ပြီး သဘောတကျလိုက်ရယ်နေလေရဲ့...။ရယ်ရင်း ပြန်ပြောသေးတာက ရုပ်မချောတဲ့သူကို အားမပေးဘူးတဲ့လေ။


ဘယ်လိုလေးမှန်းကို မသိဘူး...တကယ်။


~~~~~~~~


""""


MTV shootingတစ်ခုအတွက် ပြင်ဆင်ကာ အဝတ်လဲခန်းမှ ထွက်လာစဥ် ဖုန်းဝင်လာသံကြောင့် ဖွင့်ကိုင်လိုက်မိ၏။ ပုံမှန်ရက်တွေမှာ သူ့အတွက် scheduleကအပြည့်ဖြစ်ကာ အလုပ်များရသည်လေ။ အခုလည်း Studioကဆက်လာတာပင်။


""Hello!""


"".....""


""အင်း..ငါအခုပြီးရင်လာခဲ့မယ်

နောက်၁နာရီလောက်တော့ကြာဦးမယ်""


""....""


""အင်း...ok!""


""""


ဖုန်းပြောပြီး ခြေနှစ်လှမ်းစာလောက်သာ လျှောက်ရသေးသော အနေအထားမှာ ဖုန်းကထပ်ဝင်လာပြန်သည်။ Contact listကိုကြည့်တော့ ဟိုကောင်မလေးကို ပေးထားသည့် နံပါတ်မို့ မကိုင်ပဲ မနေဖြစ်ပြန်။


""Hello!

တစ်ခုခုသတိရလို့လား ဖုန်းဆက်တာ""


"".....""


""ပြောတာကြားလား

ပြန်ပြောလေ""


"".....""


""ကိုကို""


နှစ်ခါပြောသော်လည်း ဘာစကားသံမှမကြားရတာကြောင့် ဖုန်းချတော့မည်အပြု တစ်ဖက်မှ အသံတိုးတိုးလေး ပျံ့လွင့်လာလေ၏။ ခေါ်သံကိုကြားမှ ဖုန်းကို နားသို့ပြန်ကပ်ကာ...


""အင်း...ပြော

မင်းအကြောင်းတွေ သတိရပြီလား""


""ဟင့်အင်း""


""ဒါဆိုလည်း စဥ်းစားဦး

ဖုန်းချပြီ""


ပြောပြီး ဖုန်းကိုပိတ်လိုက်တော့ ချက်ချင်းပင် ပြန်ဝင်လာသည့် ခေါ်ဆိုခြင်းကြောင့် သူ စိတ်မရှည်တော့ကာ..ဖုန်းကိုပြန်ကိုင်လိုက်ပြီး..


""မင်း အပျော်ကစားမနေနဲ့ အိန်ဂျယ်လ်...ငါအလုပ်များနေတယ်...ဘာလို့ ခဏခဏခေါ်နေလဲ""


""သတိရလို့လေ...အဲ့ဒါကိုကို့အသံလေးကို ဖုန်းထဲကနားထောင်ကြည့်ချင်လို့..""


ကြားလိုက်ရသည့် စကားသံကြောင့် အမြန်လျှောက်နေသည့် ခြေလှမ်းတို့က တန့်ခနဲ။ လူကို shockရစေမယ့် အဖြေစကားသာပေးတတ်သော အဲ့ဒီကလေးမကြောင့် ခဏခဏလည်း shockဖြစ်ပေါင်းများပါပြီ။ မင်းဘယ်လိုကလေးလဲ အိန်ဂျယ်လ်။ မင်းက ကိုယ့်အတွက်ဧည့်သည်ပါ။ အချိန်တန်ရင် မင်းဘဝအမှန်ကို ပြန်သွားတဲ့အခါ ကိုယ့်ကိုကျောခိုင်းသွားမယ့် သူပါ။ ဒါကြောင့် အခုခဏလေး ကိုယ့်ဆီလမ်းမှားဝင်ရောက်လာချိန်မှာ ဒီအတိုင်းအေးအေးဆေးဆေးလေးပဲ နေသွားရင် မဖြစ်ဘူးလား...။ ဘာလို့ တွယ်ငြိမိအောင် သံယောဇဥ်ပေးနေရတာလဲ?


""ကိုကို...အလုပ်များနေတယ်ဆိုလည်း နောက်မှခေါ်တော့မယ်နော်...အသံကြားရဖို့က ကိုကို့သီချင်းနားထောင်လည်းဖြစ်တယ်""


""အင်း...ကိုယ်အားရင်ပြန်ဆက်လိုက်မယ်နော်

လိလိမ္မာမ္မာနေ""


အခုတော့လည်း လေသံကပျော့ခွေကာ နှုတ်ခမ်းထက် ပြုံးယောင်သမ်းသွားရပြန်၏။ အသံကြားရဖို့ သီချင်းနားထောင်မယ်တဲ့လား။ စကားတွေကလည်း သိပ်တတ်တာပဲ...သူ့ကိုစိတ်မဆိုးရက်အောင်ပြောနိုင်တယ်...လူလည်မလေး။


""အလင်း...ရောက်နေတာကြာပြီလား

ဆွိ နောက်ကျသွားတယ်""


""မကြာသေးဘူး ရတယ်""


""သြော်..နောက်ရက်ကျ စရိုက်မယ့်seriesအတွက် အလင်းနဲ့တိုင်ပင်စရာရှိသေးတယ်...ခဏနေမှပြောမယ်နော်""


""အင်း""


တစ်ခွန်းတည်းပဲ ပြန်ပြောကာ ဆက်လျှောက်လာခဲ့သည်။ 'ဟန်နီဆွိ' ဆိုတဲ့ အဲ့ဒီမင်းသမီးကလည်း နာမည်ရအနုပညာရှင်တစ်ယောက်ပါပဲ။ အရင်က ဇာတ်လမ်းနှစ်ခုလောက် တွဲရိုက်ဖူးပြီး အနေအထိုင်ရဲတင်းမှုကြောင့် အလင်းနဲ့ဆွိက ချစ်သူတွေဆိုတဲ့ dating rumorတွေလည်းထွက်ခဲ့ဖူးသည်။ ဒါ့အပြင် တစ်ချို့မော်ဒယ်လ်မင်းသားတွေနဲ့လည်း အရောတဝင်နေတတ်လွန်းပါရဲ့။ ဒီအတွက် အလင်းကတော့ သူမနဲ့အလုပ်ကိစ္စဆုံလာတိုင်း မေးထူးခေါ်ပြောလောက်ကလွဲရင် ခပ်ခွာခွာပဲနေတတ်သည်။ မကြာခင်လည်း ဇာတ်လမ်းတွဲတစ်ခုမှာ အတူတွဲပြီးသရုပ်ဆောင်ဖို့ confirmထားပြီးသားပင်။ Cameraထဲရောက်ရင်တော့ တစ်မျိုးပေါ့လေ။


~~~~~~~~


Shootingပြီးတော့ သီချင်းrecordingအတွက် studioကိုသွားရပြန်သည်။ ကားပေါ်ထိုင်နေရင်း...လမ်းတစ်လျှောက်မှာတော့ မျက်လုံးမှိတ်ကာ ခဏလေး အနားယူလာခိုက် ဖုန်း notiသံကမကြာခဏထွက်ပေါ်လာနေ၍ အာရုံရောက်ရပြန်သည်။ ဖုန်းကိုထုတ်ကြည့်တော့ တန်းစီနေအောင် ပို့ထားသည့် stickerလေးတွေက ပလူပျံနေတာပါပဲ။ ကြည့်နေဆဲမှာလည်း ဆက်ဝင်နေတုန်းပင်။


""အဟက်! လက်မညောင်းဘူးလားကွာ""


တစ်ယောက်ထဲရယ်မိရင်း စကားပြောမိလိုက်တော့ ဘေးနားရှိနေသည့် မန်နေဂျာအစ်မကပါ လိုက်ကြည့်နေလေ၏။


""သူလည်း တစ်ယောက်ထဲပျင်းနေလို့နေမှာပေါ့""


""အစ်မသင်ပေးထားတာလား""


""အင်းလေ...မနက်က ငါ့ဆီလည်းပို့သေးတယ်""


စကားပြောနေဆဲမှာပင် အရုပ်လေးတွေ ပုံစံမျိုးစုံနဲ့ stickerဆယ်ခုလောက် တက်သွားလေရဲ့ ။ကဲ! စိတ်ကြိုက်သာ ပို့နေလိုက်ပါတော့...။


~~~~~~~~


""အင်း...ဒီတစ်ခု

ပြီးတော့...ဒါလေးရောပဲ""


အိန်ဂျယ်လ် တစ်ယောက်ထဲ အိပ်ရာပေါ်လူးလှိမ့်ကာ ချစ်စရာကောင်းတဲ့ အရုပ်လေးတွေကြည့်နေမိရင်း ကိုကိုနဲ့ မမဆီလည်း ပို့လိုက်သေးသည်။ ပုံစံမျိုးစုံနဲ့ အရုပ်လေးတွေက ကြည့်လို့တောင် မကုန်နိုင်အောင်ပင်။ တကယ် ချစ်စရာလေးတွေပဲ။


""Ring""


ဖုန်းလေးကို ကြည့်နေစဥ် ရုတ်တရက်စာသားလေးတစ်ခုက ပေါ်လာတော့ အိပ်ရာပေါ်ထထိုင်ကာ ဖတ်ကြည့်လိုက်မိသည်။


""ဟယ်..ကိုကို့ဆီကပဲ""


ဘယ်နှလုံးမှမရှိတဲ့စာသားလေးကို ၅မိနစ်လောက်ကြာအောင် ထိုင်ကြည့်ပြီးမှ သတိရသွားကာ ဖုန်းနံပါတ်တစ်ခုအား ခေါ်လိုက်ပြန်၏။ ဖုန်းထဲမှာ နံပါတ်က ၃ခုပဲမို့ သေချာလေးကြည့်ပြီးမှ ခေါင်းကို ငြိမ့်လိုက်ကာ ပြန်ဖြေမယ့်အသံကိုနားစွင့်နေမိသည်။


""......""


""""


""ခဏလေး...အစ်မ ဖုန်းလာလို့""


အစ်မက စကားပြောနေရင်းမှ ဖုန်းဝင်သံကြောင့် ထုတ်ကိုင်လိုက်ရင်း မျက်လုံးကလည်း စကားပြောသွားသည်။ အိန်ဂျယ်လ်တဲ့! ဖုန်းမဆက်ရရင်မနေနိုင်ဘူးလားမသိ။ တစ်ယောက်မဟုတ်တစ်ယောက် လျှောက်ခေါ်နေတော့တာပဲ။ ဖုန်းပေးထားမိတာ မှားပြီ ထင်ရဲ့။


""အင်း...ညီမလေးပြော""


""မမ...မမ

အိန်ဂျယ်လ် အရုပ်လေးတွေပို့တာကိုလေ..ကိုကိုကစာပြန်ပို့တယ်သိလား""


Phone speakerဖွင့်ထားတာမို့ တစ်ဖက်ကအသံလေးကို အတိုင်းသားကြားနေရပါ၏။ ကြံကြံဖန်ဖန်ကို ပျော်တတ်သူပါ။ ဒါလည်းပျော်နေပြန်တာလား..။အသံလေးက မုန့်စားပြိုင်ပွဲမှာ ပထမရထားတဲ့ကလေးလို လေသံနဲ့မို့ သူ ရယ်မိသွားရတော့ အစ်မကလည်း မျက်ခုံးပင့်ပြသွားကာ...တစ်ဖက်ကိုလည်း..


""ဟုတ်လား..ဘာတဲ့လဲ?""


""လက်မညောင်းဘူးလားတဲ့!

လက်ညောင်းရင် ရပ်လိုက်တော့တဲ့!""


""အဟက်! ပေး ပေး

ကျွန်တော် ပြောမယ်""


ဘေးကနေ ဒီအတိုင်းထိုင်မနေနိုင်တော့၍ ဖုန်းကိုလက်ပြောင်းယူကာ စကားပြောပေးရပြန်သည်။ တကယ်ပဲ...ကိုယ့်ဘာသာမနေနိုင်တော့ဘူးလား အလင်းနှစ်ရေ...ဟူး!!


"".....""


""အင်း...မမ မဟုတ်တော့ဘူး

ကိုကိုနဲ့ပြောမယ်""


"".....""


""မနက်ဖြန်ကျရင်လား

ဘာဖြစ်လို့လဲ""


"".....""


""မဟုတ်ပါဘူး...အဲ့ဒါက...

..............""


ဒီလိုနဲ့ studioမရောက်ခင် ခဏလေးမှေးရင်းလိုက်မလို့ ရည်ရွယ်ထားသော လမ်းတစ်လျှောက်လုံးသည် တစ်ဖက်က ကြက်တူရွေးလေးရဲ့ မရပ်မနား ထုတ်နေသော မေးခွန်းများကို နားထောင်ရင်း...ပြန်ဖြေရင်းဖြင့်သာ။


~~~~~~~~


အခုဆို အိန်ဂျယ်(လ်)လေး အလင်းတို့ဆီရောက်တာ တစ်လကျော်ခဲ့လေပြီ။ အချိန်အားဖြင့် တိုတောင်းသော်လည်း သံယောဇဥ်ဖြစ်အောင်နေနိုင်လွန်းလို့ပဲ ထင်ပါရဲ့။ အတူနေတဲ့ အစ်မနေခြည်ကတော့ 'ညီမလေး'ဆိုသည့် နာမ်စားကို ပါးစပ်ဖျားက မချ...အသည်းအသန်ကိုချစ်နေလေ၏။ စနောက်လွန်းလို့ မျက်နှာချင်းဆိုင်တိုင်း ရန်ဖြစ်တတ်ပေမယ့် တကယ်တော့ Alexကလည်း အိန်ဂျယ့်လ်ကို ခင်တွယ်ပါသည်။ ဒါဖြင့် 'အလင်းနှစ်'ဆိုတဲ့ သူကရော...??


အဖြေမထုတ်ချင်ပါ။ တစ်ကြိမ်တစ်ခါ ကွဲအက်ဖူးသော နှလုံးသားက အကောင်းအတိုင်းပြန်မဖြစ်ခင် မှာ ဝေဒနာအသစ်ကို သူမဖန်တီးလိုပေ။ ဒါကြောင့် အဲ့ဒီ့ကလေးအပေါ် တွယ်ငြိနေသော ခံစားချက် အတိမ်အနက်ကိုလည်း သူ မဆန်းစစ်ခဲ့။ အလင်းနှစ်ရဲ့ဘဝမှာ တစ်စုံတစ်ယောက်ကို နောက်တကြိမ်ထပ်ချစ်မိသွားဖို့ဆိုတာ ရည်ရွယ်မထားဖူးသော အရာပင်။ တစ်ချိန်က ပထမဆုံးအချစ်သည်လည်း ကိုယ့်အတွက်မဟုတ်ခဲ့တော့ စွန့်လွှတ်ခြင်းနဲ့သာ အဆုံးသတ်ခဲ့သလို အိန်ဂျယ်လ်ကလည်း ကိုယ်နဲ့မဆိုင်သည့် ဖြစ်တည်မှုလေးရယ်ပါ။ အချိန်တန်ရင် ခွဲခွာကြရမှာ...။


""ကိုကို""


""ဟင်...အရှုပ်ထုပ်

မင်းဘာလို့ studioအထိလိုက်လာတာလဲ?""


""ကိုကို သီချင်းသွင်းတာ ကြည့်မလို့လေ..ဘာဖြစ်လဲ""


အခုတော့ အိန်ဂျယ်လ်က သိပ်ပြီးလူမကြောက်တတ်တော့ပါ။ ဒါကြောင့် shootingကိုလည်း လိုက်လာတတ်သလို...studioကိုလည်းလာတတ်တာပင်။ တခြားသူတွေကတော့ သူမကို အစ်မနေခြည်ရဲ့ ညီမဝမ်းကွဲလို့ပဲ သိကြပြီး အစ်မကလည်း ကိုယ့်မန်နေဂျာဆိုတော့ အချိန်ပြည့် ကိုယ့်နောက်ပဲလိုက်နေရ၍ အိန်ဂျယ်လ်က အမြဲ တစ်ယောက်ထဲကျန်နေခဲ့တာ ပျင်းနေမှာပဲ..သနားတယ်ဆိုပြီး ခေါ်လာတော့ အဲ့ဒီကလေးကို နေ့တိုင်းလို မြင်တွေ့နေရ၏။ ဒါလည်း ကောင်းပါတယ်...မျက်စိရှေ့ရှိနေတော့ စိတ်ချရတာပေါ့လေ။


"" ကိုကို..ဒီကို ခဏကြည့်""


အလုပ်ကိစ္စပြောနေတုန်း မလှမ်းမကမ်းမှာထိုင်နေသူက တစ်မျိုးအလုပ်ပေးပြန်သည်မို့ သူစကားပြောရင်းမှ တစ်ချက်လှမ်းကြည့်ပေးလိုက်ပြီး ပြန်ငုံ့ကာ အလုပ်လုပ်နေမိစဥ်...


""အိန်ဂျယ်လ်...မင်း ဓာတ်ပုံခိုးရိုက်နေတာလား

ဒါ အလင်းရဲ့ private timeနော်..ပုံရိုက်လို့မရဘူး""


""ဟင်..တခြားshootingမှာလည်း ကောင်မလေးတွေက ဒီလိုပဲရိုက်ကြတာလေ""


""အဲ့ဒါက public areaလေ

အခုမင်းက သူများရဲ့ ကိုယ်ပိုင်အချိန်ကိုနှောင့်ယှက်နေတာ""


""ဟင့်..ရှင်ကလည်း အိန်ဂျယ်လ်က ကိုကို့တစ်ယောက်တည်းပုံလေး နည်းနည်းပဲရိုက်တာပါနော်...သူများတွေဆို အတူတူတွဲရိုက်ကြတယ်..ကိုကိုက အိန်ဂျယ်လ်နဲ့ကျ တစ်ခါမှအတူတူရိုက်ပေးတာမဟုတ်ဘူး""


""မင်း...လာခဲ့ ဒီကို""


နေရာကလှမ်းပေမယ့် စကားသံတို့ကို ပီသစွာကြားနေရ၍ လက်ပြကာ လှမ်းခေါ်လိုက်တော့ ချက်ချင်းထလာကာ အနားသို့လျှောက်လာပြီး...


""ကိုကို ဘာပြောမို့လဲ""


""မင်း..ဖုန်းပေး""


""ဟမ်!""


""ပေးလေ...

လာ...ဒီနားတိုး""


သူမလက်ထဲက ဖုန်းကိုယူကာ နှစ်ယောက်တွဲ ပုံလေးရိုက်ပေးလိုက်တော့ ပြုံးသွားတဲ့ မျက်နှာလေးက ကလေးလေးလိုပင်။ ဒီအတိုင်းလေး စကားအဖြစ် ပြောလိုက်တာကို ချက်ချင်း အာရုံစိုက်မိပြန်တဲ့ ကိုယ်က overများဖြစ်နေပြီလားမသိ။ ဘေးက သူငယ်ချင်းတွေကတော့ ချောင်းတဟန့်ဟန့်ဖြင့် အဟင်း! အဟမ်း!ဖြစ်နေလေပြီ။


""ဟီး! ကိုကိုနဲ့စုံတွဲပုံရပြီ..ပျော်လိုက်တာ

အပြင်မှာ မမ ဖုန်းပြောနေတယ် သွားပြလိုက်ဦးမယ်နော်...""


ပြေလွှားကာ အပြင်ဘက်သို့ထွက်သွားလေတဲ့ ကလေးမကို ကြည့်ရင်း Alexကတော့ သူ့ကိုမေးခွန်းထုတ်သလို ကြည့်လာလေ၏။ပြီးမှ...


""အလင်း..မင်း မဟုတ်မှလွဲရော

အိန်ဂျယ့်လ်ကို ကြွေနေတာလား?""


""မဟုတ်ပါဘူးကွာ...ငါကဒီအတိုင်း သူစိတ်ချမ်းသာအောင်ပါ""


""အေးလေ...အဲ့ဒါဘာကြောင့်လဲလို့

ငါကြည့်နေတယ် မင်း သူ့ကိုဆို အများနဲ့မတူပဲ အလေးပေးဆက်ဆံတယ်...ဘာပြောပြော မျက်နှာတစ်ချက်အညိုးမခံဘဲ စိတ်ရှည်တယ်...မင်းကိုကြည့်ရတာ..ဟိုအရင် အချစ်ကို တွေ့ခဲ့ဖူးတုန်းကလို ပုံစံပဲ""


""ဟုတ်လို့လား?""


""အစစ်ပဲ..ပြောရရင် အဲ့တုန်းကထက်ကို ပိုသည်းနေသလိုပဲ...မင်းကွာ ဒီနှစ်တွေတစ်လျှောက် ဘယ်မိန်းကလေးကိုမှစိတ်မဝင်စားဘဲ တည်ငြိမ်လာသလောက် ဒီကလေးသာသာကိုမှစိတ်ယိုင်လိမ့်မယ်လို့ ထင်တောင်မထင်ဘူး""


"".....""


""သူက ချစ်စရာကောင်းတာငါလက်ခံပါတယ်...ချစ်မိသွားလည်း မင်းမမှားဘူး..ဒါပေမယ့် သူ့အခြေအနေကိုတော့ မင်းသိတယ်မလား...သူကငါတို့အတွက် ဧည့်သည်...လိုအပ်တာထက်ပိုသာတဲ့ ရင်းနှီးမှုမျိုးထားရင်...""


""ငါ သိပါတယ်""


""ငါက မင်း ထပ်ပြီး ခံစားရမှာစိုးလို့ပါ""


သက်ပြင်းသာချမိပြန်၏။ တကယ်ပါ...အဲ့ဒီကောင်မလေးဘာပဲ ပြောလိုက်ပါစေ..သူ့စိတ်ကငြင်းဆန်နိုင်စွမ်းတို့မရှိ။ အမြဲတမ်း လိုက်လျောဖြည့်ဆည်းပေးမိသည်ချည်းပင်။


အိန်ဂျယ်လ့်ကို ချစ်မိသွားတာလား? အချစ်ဆိုရင်ရော...ဒီခံစားချက်က နှောင်ဖွဲ့ကြိုးအပေါ်ထားခဲ့ဖူးတဲ့ ခံစားချက်နဲ့ဘာလို့မတူတာပါလိမ့်။


မဟုတ်ပါဘူး..ကိုယ်ကမင်းကို ချစ်နေတာမဟုတ်ဘဲ ဒီအတိုင်း...။ဒီအတိုင်းလေး...မင်းကို မပစ်ပယ်နိုင်ရုံပါပဲ။ဟုတ်တယ်...တကယ် အဲ့ဒီလောက်ပဲ။


(ဟတ်လား...သေချာလို့လား ခိုခို

ရေခဲတုန်းက အရည်မပျော့်တပျော်ဖြစ်နေပါတယ်

ဆက်ပြီးရေစိမ်ပေးကြရအောင်)


~~~~~~~~

Continue to >>>Part-9


Readers/WritersလေးတွေအားလုံးကVIPပါ


Writer-WineSatt Cho(Lëmoñ) 


See less


rate now: