book

Index 7

Part-[ 7 ]

ကြင်နာသူ ... ရွှေမင်းသား

(or)

 သူ့ 'ချစ်ခြင်း' ကြောင့် 'လင်း'ပါသည်။


••••••••••• Part-[ 7 ] •••••••••••


အောက်မရောက်ခင် လှေကားနှစ်ထစ်လောက်အလိုမှာ ခြေစုံရပ်ရင်း သူတို့ရှိရာဆီ ငေးကြည့်နေပုံက တစ်ခုခုပြောချင်သည့် ပုံစံနှင့်..။ ကိုယ် ကြားနေကျနာမ်စားကို သုံးနှုန်းလိုက်ခြင်းပဲ ဆိုပေမယ့် ဘယ်လိုကြောင့် ဒီကလေးရဲ့ နှုတ်ဖျားက ခေါ်သံကျမှ အထူးအဆန်းလေးလို ခံစားရတာပါလိမ့်! နာမ်စားချင်းတူပေမယ့် နားထောင်ရတဲ့ ခံစားချက်က မတူသလိုလို ဘာလိုလို။ ကိုယ့်စိတ်လည်း ကိုယ်နားမလည်နိုင်တော့ပါ။


ဘာစကားမှမဆိုပဲ သူမ ရှိရာဆီလှမ်းကြည့်နေရင်းမှ ရုတ်တရက်လှေကားက ဆင်းမလို ခြေလှမ်းပြင်လိုက်တာကြောင့် သူ မျက်မှောင်ကျုံ့မိပြန်ရင်း...


""မဆင်းနဲ့...ရပ်နေ အဲ့မှာ""


""ရှင်!""


ရုတ်တရက်လှမ်းအော်လိုက်တာမို့ ကိုယ်လေးတွန့်သွားကာ ခြေလှမ်းတို့ကိုရပ်မိပြီး သူ့ထံငေးကြည့်မိတော့ တစ်နေရာကိုထထွက်သွားတာမြင်လိုက်ပါသည်။ ပြီးတော့ ရှေ့မှာလာရပ်လိုက်ပြီး ကြွေပြားခင်းထားတဲ့ ကြမ်းပြင်ပေါ်၌ ပစ်ချပေးလိုက်တာသည် အဖြူရောင်ဖိနပ်လေးတစ်ရံ..။


""ဖိနပ်စီးလိုက်!""


""သြော်..ဟုတ်!""


ပြောလာတဲ့အတိုင်း ဖိနပ်လေးကို စီးလိုက်တော့ အရမ်းပဲ နူးညံ့နေသော အထိအတွေ့လေးကြောင့် သဘောတကျ ပြုံးမိကာ ဟိုဘက် ဒီဘက်လျှောက်ကြည့်ရင်း ဖိနပ်လေးကိုငုံ့ကြည့်၍ သဘောတွေကျနေမိသည်။ ကိုယ့်ဘာသာ လုပ်ချင်ရာလုပ်နေပြီးမှ သူ့ကိုသတိတရလှမ်းကြည့်မိတော့ မျက်လုံးချင်းဆုံသွားပေမယ့် သူကချက်ချင်းပင်ရှောင်လွှဲသွားလေ၏။


""......""


ဒီလောက်တောင် စိတ်ထင်ရာလုပ်တတ်သည့် မိန်းကလေးမျိုးကို အလင်း တစ်သက်မှာ ဒီတစ်ခါသာတွေ့ဖူးသည်။ ခြေထောက်မှာဖြင့် ဒဏ်ရာနဲ့...လူက ထားရင်ထားတဲ့ နေရာမှာမနေချင်တဲ့ ကလေးမကို ပြောလို့လည်း ရမှာမဟုတ်၍ ပြောမနေတော့ပါ။သို့ပေမယ့် သာမန်ထက်ပိုပြီး နူးညံ့လွန်းလှသည့် ခြေဖဝါးနုနုကြောင့် အေးစက်သည့်ကြမ်းပြင်ကို မနင်းစေလို၍ ဖိနပ်လေးထုတ်ပေးမိတော့ ထူးဆန်းစရာကတွေ့ရပြန်၏။ ဖိနပ်လေးတစ်ရံစီးရတာကို ဘာတွေများဒီလောက်ပျော်စရာရှိနေလဲမသိ။ ပြုံးတမြမြမျက်နှာဖြင့် လမ်းတွေလျှောက်ကာ ဖိနပ်လေးကိုလည်း မကြာခဏငုံ့ကြည့်သေးသည်။ နေဦး! မင်းအရင်က လမ်းမလျှောက်ဖူးတာလား အိန်ဂျယ်(လ်)...။


""ကိုကို...

ဖိနပ်လေးက နူးညံ့နေတာပဲနော်""


""အင်း..ဒီနားကိုလာဦး""


လှမ်းခေါ်လိုက်တော့ အနားသို့ပြန်လျှောက်လာကာ မျက်နှာကို မော့ကြည့်နေပြန်၏။


""မင်းငါ့ကို အဲ့လိုခေါ်ဖို့ဘယ်သူကခွင့်ပြုလို့လဲ?""


""ဟင်! ခွင့်ပြုပေးဖို့လိုတာလား?""


""အင်း""


""သြော်! ဒါဆို ကိုကိုလို့ခေါ်ချင်တယ်

ခွင့်ပြုပေးပါနော်""


""အဟက်!!

ဟဲ့..ခွင့်တောင်းနေတယ်...ပေးလိုက်လေ""


""အလင်းရေ...ငါ မပြောချင်ဘူးနော်

မင်းတော့ မသောက်ဘဲမူးရတော့မယ်..လုပ်လိုက်ရင် အဆန်းကြီးပဲ""


""ဘာဆန်းတာလဲဟင်""


""သူ့ကို ကိုကိုခေါ်တဲ့ မိန်းကလေးတွေ ဒီနိုင်ငံမှာအများကြီး..တစ်ယောက်မှတော့ မင်းလိုခွင့်လာမတောင်းကြဘူး""


ဧည့်ခန်းထဲရှိနေသည့် နှစ်ယောက်ကလှမ်းစနေတော့လည်း နားမလည်ဟန်လေးနဲ့ပြန်ကြည့်နေပုံက အသည်းယားစရာ။ ဟုတ်ပါတယ်...မိန်းကလေးတော်တော်များများ ခေါ်နေကျနာမ်စားက ဒီအတိုင်းလွယ်လင့်တကူသာဖြစ်ပြီး အခုဒီကလေးကျမှ မူပိုင်ခွင့်ဘာတွေ အတင်ခံရတော့ မာန်တောင်တက်ချင်သား။


"" ခွင့်ပြုမှာလား ကိုကို

ဟိုအပေါ်ထပ်မှာ စာရေးထားတဲ့ကဒ်လေးတွေ့တယ် ကိုကို့နာမည်က အလင်းနှစ် ဟုတ်တယ်မလား""


""အင်း..ဟုတ်တယ်""


""စာထဲမှာ ကိုကိုလို့ရေးထားတာ တွေ့မိလို့

ခေါ်လို့ရမယ်ထင်တာ...နာမည်ကိုတိုက်ရိုက်ပဲခေါ်ရမလားဟင်?""


သြော်! လက်စသတ်တော့ fan letterထဲမှာတွေ့ခဲ့တာကိုး။ သူမ မျက်နှာကိုပြန်ငုံ့ကြည့်မိတော့ သူ့ထံမှ ခွင့်ပြုမှုကို လိုချင်တဲ့ ပုံစံလေးနဲ့ ဘာပြန်ပြောမည်ကို စောင့်နေလေရဲ့ ။


""အင်း...ခွင့်ပြုတယ်

ကိုကိုလို့ခေါ်...ရတယ်""


""ဟုတ်ကဲ့...ကျေးဇူးပါ""


အခုလိုကျတော့လည်း ပျော်သွားပုံရကာ ပြုံးပြနေပြန်၏။ မျက်နှာ အရောင်အသွေးကတော့ အရင်ထက်ပိုကောင်းလာသလိုရှိပေမယ့် အထင်ကိုသေချာသွားချင်၍ နဖူးလေးကို လှမ်းစမ်းမိပြန်သည်။


သြော်! ငါ့နှယ်...ဘယ်လိုကြောင့်များ ခဏခဏ သွားဂရုစိုက်နေမိပါလိမ့်နော်...


""ကိုယ်တွေပူနေသေးတယ်

မင်းက ဆေးသောက်ထားတာတောင်ဘာလို့ အဖျားမကျသေးတာလဲ?""


""သိပ်မပူတော့ပါဘူး""


""ဗိုက်ဆာလား..တစ်ခုခုစားမလား""


""သူတော့မသိဘူး...ငါဆာတယ် အလင်း

မင်းအိမ်မှာ တစ်ခုခုရှိလား?""


""မရှိဘူး...မင်းဘာသာ မှာစား""


""ဟင်!""


နောက်လှည့်မကြည့်ဘဲ ပြန်ပြောလိုက်ပေမယ့် အနောက်မှာဘယ်လိုမျက်နှာ ဖြစ်ပျက်နေမယ်ဆိုတာ မကြည့်လည်းဘဲသိနေတာပင်။ ဟုတ်တယ်လေ...သူက ယောကျ်ားရင့်မာ လူကောင်းကြီးဖြစ်ပြီး နေမကောင်းတဲ့ ကလေးနဲ့လိုက်ပြိုင်နေ၍ သိပ်ပြီးကြည့်မရချင်တော့ပေ။ ရှေ့က မိန်းကလေးကတော့ ခေါင်းကိုဆတ်ခနဲ ညိတ်ပြလိုက်တာကြောင့်...သူ့လက်က ဖုန်းကိုထုတ်ကာ စားစရာ မှာပေးလိုက်ပြီး ...


""လာ...မှာပြီးပြီ ခဏစောင့်နော်""


လက်လေးမှ ဆွဲခေါ်ကာ ဆိုဖာမှာထိုင်စေလိုက်တော့ ငြိမ်ငြိမ်လေးပဲ ထိုင်စောင့်နေလေ၏။ ပြီးတော့ ခြေထောက်မှာ ဝတ်ထားသည့် ဖိနပ်လေးကိုလည်း မကြာခဏ ငုံ့ကြည့်နေတာ သူမြင်ပါသည်။ အဲ့ဒီဖိနပ်လေးကို ဒီလောက်တောင်သဘောကျနေတယ်ပေါ့...။


""ဒီကိုကြည့်! အခုကစပြီး မင်းကို အိန်ဂျယ်(လ်)လို့ခေါ်မယ်မှတ်ထားနော်...""


""အိန်ဂျယ်(လ်)??

နတ်သမီးလို့ပြောတာလား?""


""ဒါတော့သိသားပဲ

အလင်းနှစ်က နာမည်အလှရွေးပေးပေမယ့် ငါထင်တာတော့လေ...မင်းကို အရှုပ်ထုပ်လေးလို့ပဲနာမည်ပေးသင့်တာ""


""ဟင့်! မလှပါဘူးနော်

ကိုကိုပေးတဲ့ နာမည်ပဲလှတယ်...နတ်သမီးပဲလုပ်မယ်""


""အင်းပါ...အရှုပ်ထုပ်နတ်သမီး""


""ဟင့်...ရှင်နော်""


""ကဲ! မစနဲ့တော့ Alex

သူ နေမကောင်းဘူးလေ""


""ဒါနဲ့လေ...ကိုကို""


""အင်း!""


""အိန်ဂျယ့်(လ်)ကို ဒီအိမ်မှာပေးမနေဘူးလားဟင်

ခုနက ပြောနေတာ...""


""အင်း..မင်းဒီမှာနေလို့တော့မရဘူး

ကိုယ်က တစ်ယောက်တည်းနေတာဆိုတော့ မသင့်တော်ဘူးလေ""


""အိန်ဂျယ်(လ်)က ဒီအိမ်ကအခန်းကိုပဲကြိုက်တာ

အပေါ်မှာလေ အရမ်းချောတဲ့ကိုကို့ဓာတ်ပုံလေး လင်းနေတဲ့အခန်း""


အလို! တကယ့်ကို ပိုင်စိုးပိုင်နင်းလေးပါလား။ သူများအိမ်ကိုလည်း လိုက်လာသေး။ ဧည့်သည်က ဧည့်သည်လိုမနေဘဲ အိမ်ရှင်ရဲ့အခန်းကိုတောင် တောင်းနေပြန်သည်။ သူစိတ်ထဲရှိတာကလွဲရင် တခြားဘာကိုမှ မစဥ်းစားတတ်တာလား...တမင်မစဥ်းစားတာလားမသိပေမယ့် မျက်စိရှေ့မှာ ရှိနေတဲ့ ဒီမိန်းကလေးက တကယ့်ကို ကလေးလေးအတိုင်းပါပဲ။


""မင်း ဒီအိမ်ကိုလာလို့ရပါတယ်

ဒါပေမယ့် နေတာကိုတော့ အစ်မဆီမှာပဲနေရမယ်""


""ဟုတ်တယ်...ညီမလေး

သူ့ပုံက အစ်မအိမ်မှာလည်း ရှိပါတယ်...ညီမလေးအခန်းမှာ ကပ်ပေးမယ် ဟုတ်ပြီလား""


""ဟုတ်""


ပြန်သာဖြေပေမယ့် မျက်နှာလေးကတော့ စူပုပ်ပုပ်ဖြစ်သွားတာ အသိသာပင်။ ဒါပေမယ့် သူလည်း ဘာမှထပ်မပြောဖြစ်ဘဲ သေချာဂရုစိုက်ပေးဖို့မှာ၍ အစ်မနဲ့ ထည့်ပေးလိုက်ပြီး အလုပ်ကိစ္စအတွက်သာ ပြင်ဆင်ရတော့၏။


~~~~~~~~


""သခင်မလေးကို တွေ့လို့မရပါဘူး အစ်ကိုလေး""


""ဘာလို့လဲ...""


""သခင်မကြီးက ဒီရက်ပိုင်းစံအိမ်ကို လူစိမ်းပေးမဝင်ရဘူးလို့ မှာထားပါတယ်""


""မင်းတို့က အစေခံအသစ်တွေလား

အရင်လူတွေရော""


""အဲ့ဒါလည်း ကျမတို့မသိပါဘူး

သခင်မလေးက နေမကောင်းလို့ အနားယူဖို့လိုတယ်လို့တော့ပြောပါတယ်""


နောက်ဆုံးတော့ ဒီတစ်ကြိမ်မှာလည်း စံအိမ်ထဲမရောက်ခဲ့ရပြန်။ အခြေအနေက တစ်ခုခုတော့ ထူးဆန်းနေသလိုပါလား။ အခုရက်ပိုင်း စံအိမ်ကိုလာတိုင်း ညီမလေးကို မတွေ့ရဘဲ နေမကောင်းလို့ အပြင်ပေးမထွက်ဘူးလို့သာ ပြောသည်။ ဘာကြောင့် မှန်းမသိ ဒီအထဲမှာ ပုံမှန်မဟုတ်သော ခံစားမှုတစ်ခုရှိနေသလိုပင်။ ပြောရရင် စစ်ရန်မခဆိုသော သူသည်လည်း မုန်းမဖွဲ့သာအပေါ် ပုံမှန်ထက်ပိုသာသော ခံစားချက်ကြောင့် ဒီလိုမျိုးခံစားမိတာလား မပြောတတ်ပေမယ့် သူ့ခံစားချက်အရတော့ ဒီအိမ်ထဲမှာ ညီမလေးရှိမနေဘူးလို့သာ ထင်မိသည်။ ဒါကိုအတည်ပြုချင်ပေမယ့် သူ့အမေကိုယ်တိုင်က ကိုယ့်ကို အိမ်ထဲအဝင်မခံလေတော့ ဘယ်လိုစဥ်းစားရမှန်းပင်မသိ။


မင်း တကယ်ပဲ ရှိနေရဲ့လား ဖွဲ့

ဒီအိမ်ထဲမှာ လျှို့ဝှက်ချက်တစ်ခုခု ရှိနေသလိုမျိုး အမြဲခံစားနေရတာ ဘာကြောင့်လဲ?


ဘာပဲဖြစ်ဖြစ် မင်းအဆင်ပြေနေရင် ရပါပြီ။


~~~~~~~~


လွန်ခဲ့တဲ့ တစ်ပါတ်လုံးလုံး showပွဲနဲ့ interviewကိစ္စတွေရော ရိုက်လက်စ ကြော်ငြာတွေရောကြောင့် အလုပ်များကာ အိန်ဂျယ်(လ်)နဲ့သူ ထပ်မဆုံဖြစ်ပေ။ အစ်မဆီကတော့ သူမအကြောင်းတွေကြားရပါသည်။ ဒါနဲ့ အဲ့ဒီ့ကောင်မလေး နေကောင်းရဲ့လား?။ အစ်မပြောတာတော့ နေကောင်းသွားပါပြီတဲ့!


တွေးမိပြန်ပါပြီ။ ထားလိုက်ပါကွာ...နေကောင်းတယ်ဆို ကောင်းတယ်ပေါ့...ဘာတွေထပ်သိချင်တာလဲ မင်းက...ဟူး!!


""ကိုကိုရေ""


""ဟင်..အိန်ဂျယ်(လ်)လား?""


အတွေးတို့မှမဆုံးသေးခင် ခေါ်သံသဲ့သဲ့လေးနားထဲတိုးဝင်လာတာကြောင့် သေချာနားစိုက်ထောင်လိုက်မိသည်။ ဟုတ်ပါတယ်...အဲ့ဒါ ဟိုကောင်မလေးအသံပဲ။ အခုပဲ အတွေးထဲရောက်နေလို့ မောင်းထုတ်ရုံရှိသေး...ဆန္ဒပြတဲ့သဘောနဲ့ လူကိုယ်တိုင်ရောက်လာပါရောလား...


""ကိုကို!""


ဒီတစ်ခါမှာတော့ သူ့ရှေ့သို့ ပန်းနုရောင်ပုံရိပ်လေးဖျတ်ခနဲပေါ်လာလေ၏။ ပန်းရောင်ဂါဝန်လေးဝတ်ထားကာ ပုခုံးကျော်သာရှိသည့် ဆံနွယ်လေးတွေကို နှစ်ဖက်ခွဲစည်းထားပြီး ဘာမှထူးထူးခြားခြား ပြင်ဆင်ခြယ်သမထားဘဲ သဘာဝအတိုင်းပန်းသွေးရောင်သမ်းတဲ့ မျက်နှာလေးနဲ့ နှုတ်ခမ်းဝိုင်းဝိုင်းလေးတွေက အသည်းယားစဖွယ်။ စတွေ့တုန်းက ပုံစံနဲ့နည်းနည်းမှမတူပဲ အခုတော့ ပျော်ရွှင်လန်းဆန်းနေသည့် ပုံစံလေးဖြင့် သူ့ထံလှမ်းကြည့်နေပါသည့် အဲ့ဒီ့ကလေးမက တကယ့်ကို အိန်ဂျယ်(လ်)ပါပဲ။


သူမ ရှိရာဆီလှမ်းကြည့်ပြီး ငေးခနဲဖြစ်သွားရစဥ် ရှေ့က ကလေးမကတော့ အလိုမကျသည့်မျက်နှာလေးဖြင့် သူ့ထံလျှောက်လာကာ...


""ကိုကို...မမနေခြည်ကလေ ဘာမှန်းလဲမသိဘူး""


အနားမှာလာထိုင်ကာ မျက်မှောင်ကျုံ့လျက်ပြောသည့် ပုံစံက တကယ်ကိုကျေနပ်မနေသည့် ပုံစံ။ တစ်ပါတ်လေးအတူနေတာ ဘာတွေဖြစ်လာပြန်ပါလိမ့်


""ဘာဖြစ်လဲ..ပြော""


"" အရင်တစ်ပါတ်က ကိုကို သီချင်းဆိုတဲ့ ပွဲကိုလေ အိန်ဂျယ်လ် လိုက်ချင်တယ်လို့ပြောတာကို မခေါ်ဘူး""


""သူ ပြောပါတယ်...ကိုယ်က မခေါ်လာခိုင်းတာ""


""ဟုတ်လား...ဘာလို့လဲ""


""လူတွေအများကြီးလေ..မင်းကိုယ့်ကိုမမြင်ဖူးတာလည်း မဟုတ်ဘူး...အဲ့လိုလူတွေကြားထဲ ဝင်ကြည့်စရာမှမလိုတာ အခုလည်းအတူရှိနေတာပဲ ""


""....""


""အခုရော ဘယ်သူနဲ့လာတာလဲ?""


""ငါတို့နဲ့လေ""


ပြောကာ နှစ်ယောက်သားအပြုံးမျက်နှာကြီးတွေဖြင့် ဝင်လာပြန်သည်။ လက်ထဲမှာလည်း အထုပ်တွေနဲ့...ကြည့်ရတာ အလုပ်လာရှုပ်ကြပြန်ပြီထင်ရဲ့။ နားရက်လေးတောင် ကောင်းကောင်းမနေရပါလားနော်...။


""မမက ပြောပြတယ်...ကိုကိုကအရမ်းနာမည်ကြီးတဲ့အနုပညာရှင်ဆို""


""အင်းလေ...မင်းအရင်က သူ့ကိုမသိဘူးလား""


""ဟင့်အင်း!""


""ဒါဆို အလင်းနှစ်မအောင်မြင်သေးဘူးပဲ

မဟုတ်သေးပါဘူး..သူ့fanတွေကလည်းအများကြီးပါ...မင်းကနည်းနည်းလေးတောင်မသိဖူး မကြားဖူးဘူးလား""


""အိန်ဂျယ်လ်...ကိုကို့ကို အရင်ကမမြင်ဖူးဘူး""


""အေးတာပဲ...""


""ဟိုနေ့ကပွဲတော့ ကြည့်လိုက်တယ်

TVထဲမှာ...ကိုကိုသီချင်းဆိုတာ အရမ်းကောင်းတယ်...ဒါပေမယ့် TVထဲမှာထက် အပြင်မှာပိုချောတယ်""


အံမယ်! ဒါက ချီးကျူးတာပေါ့လေ။ ခေါင်းလေးကို ဟိုဘက် ဒီဘက်လှည့်ကြည့်ကာ ပြောနေတော့ ဆံပင်လေးနှစ်ဖက်ကလည်း ခေါင်းလှည့်တိုင်းလိုက်ခါနေလေ၏။ အရင်ပုံစံက ဘယ်လိုလဲမသိပေမယ့် မင်းရဲ့အခုပုံစံလေးက တကယ်ချစ်ဖို့ကောင်းတယ် အိန်ဂျယ်လ်...တကယ်။


စဥ်းစားနေရင်းမှ သူတစ်စုံတစ်ခုကိုသတိရသွားကာ အပေါ်ထပ်သို့ တက်သွားလိုက်ပြီး အံဆွဲထဲက လေးထောင့်ဗူးလေးကို ယူကာ အောက်ထပ်ပြန်ဆင်းလာခဲ့သည်။ အောက်မှာတော့ ဟိုနှစ်ယောက်နဲ့အတူ စကားတပြောပြောနဲ့ မုန့်တွေစားနေလေတဲ့ ဟိုချာတိတ်မက ရယ်လို့ပြုံးလို့ပါပဲ။


""ရော့...ဒါမင်းအတွက်""


""Wow! အဲ့ဒါနောက်ဆုံးပေါ်လေး""


""လာ..လာ..အိန်ဂျယ်လ် ငါနဲ့လဲမယ်""


အနားမှာ ဂနာမငြိမ်ဖြင့်နှောက်ယှက်နေသူထံ မျက်စောင်းလှမ်းထိုးလိုက်ပြီးမှ...ကိုကို့ဘက်ပြန်လှည့်ကြည့်ကာ...


""ဖုန်းလား?""


""အင်း..ဒီထဲမှာကိုယ့်နံပါတ်ကို ထည့်ထားပေးမယ်

အကြောင်းရှိရင်ဖြစ်ဖြစ်...တစ်ခုခုစဥ်းစားလို့ရရင်ဖြစ်ဖြစ်..ခေါ်လို့ရအောင်""


""သြော်! မင်းသားက စပြီး ဖုန်းနံပါတ်ပေးတဲ့အဖြစ်...ဘယ်လိုတောင်လဲ?


ဘေးကရွဲ့သလိုပြောနေသော သူငယ်ချင်းကို ခပ်တည်တည်သာ ကြည့်လိုက်ပြီး ဖုန်းကိုတော့ သူမလက်ထဲထည့်ပေးလိုက်သည်။ ပေးတာကိုလှမ်းယူလိုက်ပေမယ့် မျက်လုံးပြူးလေးဖြင့် သူ့ထံပြန်ကြည့်လာကာ...


""ဒါကို အိန်ဂျယ်လ်မနှိပ်တတ်ဘူး

သင်ပေးဦးလေ""


""ဟေ! မင်းဒီခေတ်ကလူမှဟုတ်ရဲ့လား

ရှေးခေတ်ကနေထွက်ပြေးလာပြီး လိုက်ဖမ်းခံရတာလား""


""ဒါကို သူများကိုင်တာတော့မြင်ဖူးပါတယ်

ကိုယ်တိုင်မသုံးဖူးဘူးပြောတာ""


""သြော်! ဒါဆိုမင်းက တော်တော်ဆင်းရဲတဲ့ငမွဲလေးဖြစ်မယ်..ဖုန်းတောင်မကိုင်နိုင်တာ""


""တော်တော့..Alex

မင်းစကားသိပ်များတာပဲ""


ခပ်တည်တည်ဖြင့် ပိတ်အော်လိုက်မှ ဝေဖန်ရေးစကားများ ရပ်တန့်သွားလေ၏။ ဖုန်းလည်း မသုံးတတ်ဘူး ဆိုပဲ...။ မင်းက တကယ်ပဲ တခြားကမ္ဘာကရောက်လာခဲ့တာလား ။ ဘယ်အရပ် ဘယ်ကမ္ဘာကနေ ဒီလို မာယာပရိယာယ်ကင်းစွာ ရိုးစင်းလွန်းတဲ့ အဖြူရောင်နတ်သမီးလေး နတ်သက်ကြွေခဲ့ပါလိမ့်!


မင်းက ဖြူစင်တဲ့ကလေးတစ်ယောက်ပဲဖြစ်မှာပါ။ ကိုယ် ယုံတယ်...။အဲ့ဒီယုံကြည်မှုကြောင့်ပဲ မင်းရဲ့အတိတ်ကိုပြန်အမှတ်မရနိုင်ခင်အထိ မင်းကို ဘယ်သူမှ အန္တရာယ်မပြုနိုင်အောင် ကိုယ်စောင့်ရှောက်ပေးမယ်... အိန်ဂျယ်(လ်)။


""ဒီကိုကြည့်...သင်ပေးမယ်""


""......""


""ကိုယ့်ဘက်က ခေါ်လိုက်ရင်....

..........""


""ဟုတ်...ဒါဆိုခေါ်ကြည့်ရမလား?""


""အင်း""


""ရပြီ..ဟိုမှာအသံမြည်တယ်""


"".....""


ခေါ်လို့ရသွားတော့မှ ကျေနပ်သွားကာ ဆက်တိုက်ကို ခေါ်နေပြန်၏။ တကယ်ပါပဲနော်...လက်ထဲအသစ်အဆန်းတစ်ခုရသွားတာနဲ့ မချစတမ်းကို ကိုင်ထားပြီး လက်ဆော့နေတော့တာ..။ထားပါလေ...ကျေနပ်ရင် ပြီးတာပဲ။


""ဒါနဲ့လေ ကိုကို

Fan girlဆိုတာဘာလဲဟင်""


""သြော်!ခေတ်နောက်ကျနေတဲ့ လူသားရယ်

Fan girlဆိုတာ သူ့ကိုကြိုက်တဲ့မိန်းကလေးတွေကိုခေါ်တာလေ""


""နင်ကလည်း ကောင်းကောင်းမရှင်းပြဘူး...ဒီလို ညီမလေးရဲ့...အလင်းနှစ်က ရုပ်ရှင်ရိုက်တဲ့မင်းသားလေ..သီချင်းတွေလည်းဆိုတယ်...အဲ့လိုမျိုးသူလုပ်တဲ့အလုပ်တွေကိုသဘောကျတဲ့သူတွေ...သူ့သီချင်းတွေကို နားထောင်ပြီးအားပေးတဲ့သူတွေက သူ့ကိုချစ်ကြတယ်...အဲ့လိုချစ်ကြတဲ့သူတွေကို fanလို့ခေါ်တာ...မိန်းကလေးဆိုတော့ fan girlပေါ့...ယောကျ်ားလေးဆိုရင် fan boy""


""သြော်...ကိုကို့အလုပ်တွေကိုအားပေးပြီး ချစ်ပေးတဲ့သူတွေကို fan girlလို့ခေါ်တာပေါ့""


""အင်း..ဟုတ်တယ် ညီမလေး""


""ဒါဆို...အိန်ဂျယ်လ်လည်း ကိုကို့ရဲ့fan girlလုပ်မယ်""


မဆိုင်းမတွပြောလိုက်သောစကားသံကြောင့် ဘာမှဝင်ရှင်းမပြဘဲ အတောင့်လိုက်ထိုင်နေသည့်သူတောင် မျက်လုံးပြူးသွားရပြန်သည်။


""မင်းပြောတော့ ကိုယ့်ကိုမသိဘူးဆို...ကိုယ့်အကြောင်းလည်းမသိဘဲ ဘာလို့ ပရိတ်သတ်လုပ်မှာလဲ""


""အိန်ဂျယ်လ်လည်း ကိုကို့ကို ချစ်လို့လေ""


""အဟက်! ရှင်းစမ်း...အလင်းနှစ်ရေ

ငါ မရယ်ချင်ဘူးနော်..ဟား..ဟား!""


~~~~~~~~

Continue to >>>Part-8


Readers/Writetsလေးတွေအားလုံးကို VIPပါ


Writer-WineSatt Cho (Lëmoñ) 


See less



rate now: