🍁ကြင်နာသူ ... ရွှေမင်းသား🍁
(or)
🍁 သူ့ 'ချစ်ခြင်း' ကြောင့် 'လင်း'ပါသည်။🍁
••••••••••• Part-[ 6 ] •••••••••••
သူ့ထံမှ အဖြေစကားကြောင့် ၃ယောက်လုံးက မျက်လုံးဝိုင်းဖြင့် ပြန်ကြည့်လာလေ၏။ ဟုတ်ပါတယ်...ဘာပဲဖြစ်ဖြစ် ဒီကလေးမကို ခဏလောက်တော့ စောင့်ရှောက်ထားပေးဖို့ လိုတယ်လို့ယူဆသည့်အတွက် သူဒီလိုဆုံးဖြတ်လိုက်ခြင်းပါပဲ။ မှန်သလား မှားသလားမသိပေမယ့် ဒီလိုမှ ပြတ်ပြတ်သားသား မဆုံးဖြတ်ရင်လည်း ဒီနေရာကကို ရွေ့နိုင်မှာမဟုတ်။ နောက်ကိစ္စနောက်ရှင်း အခုပြသာနာ မြန်မြန်ပြီးဖို့သာ အရေးကြီးသည်မဟုတ်လား..
""အလင်း...မင်းတကယ်ပဲ သူ့ကိုခေါ်သွားမလို့?
သူ့အခြေအနေကို သိရဲ့သားနဲ့...ဘယ်မှာဘယ်လိုဖြစ်ခဲ့မှန်းမှ မသိနိုင်တာ""
""အင်း...မသိနိုင်ဘူးဆိုပြီး ဘာမှလည်းမေးမရတဲ့သူနဲ့ ငါတို့က မိုးလင်းမိုးချုပ် ဒီမှာသောင်တင်နေရတော့မှာလား?""
""ဒါပေမယ့် အစ်မတို့ခေါ်သွားဖို့က လွယ်ပါ့မလား သူ့မှာ မိသားစု ဆွေမျိုးတော့ရှိမှာပဲ...အခုလိုကြီးဝေးရာကို ခေါ်သွားရင် အစ်မတို့က ပြန်ပေးဆွဲရာများရောက်မလား မသိဘူး""
""အစ်မပြောမှ အမှုကြီးပြီ
အလင်း ဘယ်လိုလဲ?""
အမေးကို ပြန်မဖြေသေးဘဲ သူ့ထံငေးကြည့်နေသည့် ကောင်မလေးဘက်ပြန်လှည့်ကာ...
""မင်း တကယ်သေချာလား
ဘာမှမမှတ်မိဘူးဆိုတာ ညာနေတယ်ဆိုရင် ခွင့်မလွှတ်ဘူးနော်""
""အခု ဘာကိုမှစဥ်းစားလို့မရသေးတာ တကယ်ပါ
ရှင့်ကို မညာပါဘူး...""
""Ok! ဒါဆို မင်း တစ်ခုခုကိုစဥ်းစားလို့ရလာတဲ့အထိ အန္တရာယ်မဖြစ်ရအောင် ကာကွယ်ပေးမယ်""
"".....""
ထိုစကားလေးကြောင့် သူ့မျက်နှာကို တငေးတမောကြည့်မိပြန်၏။ 'ကာကွယ်ပေးမယ်'တဲ့။ ဘာလို့မှန်းမသိ ဒီစကားလေးနဲ့တင် စိတ်ထဲလုံခြုံသွားသလိုပါလား။ မျက်နှာတည်ပေမယ့် ရှင့်စိတ်ထားလေးက နွေးထွေးတတ်တာပဲ...ရှင်က လူကောင်းလေးပဲဖြစ်မှာပါ...
""ဒါပေမယ့် အချိန်တော့မကြာစေနဲ့နော်
မင်းက ဘာဖြစ်လာမှန်းလည်းမသိဘဲ ငါတို့က ငြိထားတဲ့ကိစ္စအတွက် တာဝန်ရှိလို့ကူညီတာ...မင်းက လူကောင်းဖြစ်ဖို့တော့ မျှော်လင့်ရတာပဲ။ မဟုတ်ရင် ငါတို့ပါ ကြံရာပါဖြစ်လိမ့်မယ်""
ဟင်! ဒီလိုကျတော့လည်း ထင်သလောက်သဘောမကောင်းပါဘူး။ သူက ကားတိုက်မိတဲ့ကိစ္စကို အရှုပ်အရှင်းဖြစ်မှာစိုးလို့ ကူညီမယ်ပြောတာကိုး။ ဘယ်လိုပဲဖြစ်ဖြစ်ပါ အခု ဒီကနေထွက်သွားမှဖြစ်မှာ။ ကိုယ့်ကိုကိုယ်လည်း ဘယ်ကလာတဲ့ ဘယ်သူမှန်း ရေရေရာရာမသိပေမယ့် သူတို့ပြောပုံအရရော ကိုယ့်အာရုံထဲ မသဲမကွဲမှတ်မိတာရော ပေါင်းလိုက်ရင် ကိုယ်ဟာ လူဆိုးမကြီးဖြစ်ချင်ဖြစ်နေနိုင်သည်။ ကိုယ့်ကြောင့် သွေးထွက်သံယိုဖြစ်ခဲ့ရတာလည်း ဘယ်သူမှန်းမသိပေမယ့် သူက သေသွားရင်ရော!!
အဲ့ဒါတွေကိုရော ဘာလို့စဥ်းစားမရတာပါလိမ့်!
ဖြစ်ခဲ့သမျှကို အလုံးစုံမှတ်မိဖို့ ကြိုးစားပြီး စဥ်းစားတာပါပဲ။ သို့ပေမယ့် မသဲမကွဲ ပုံရိပ်တွေကလွဲရင်တခြားအရာတွေက blankတစ်ခုလို လွတ်နေပြီး စဥ်းစားမရနိုင်ပေ။ သူပြောတော့ နာမည်က 'ဖွဲ့'တဲ့...ပြီးတော့ ဘာရှိသေးပါလိမ့်!
အတွေးပေါင်းများစွာနဲ့ အခြေအနေအားလုံးအတွက် သင့်တော်တဲ့အဖြေက ဒီနေရာမှာ ရှိမနေသင့်တော့ပြီ။ ပြီးတော့ မျက်စိရှေ့က ထိုလူသားကို လူကောင်းတစ်ယောက်ဟုတွေးထင်သည်။ တခြားကိုလည်း မသွားတတ်တော့ သူ့ဆီမှာပဲတွယ်ကပ်နေရမယ့်အဖြစ်။ အနည်းဆုံးတော့ သူက ကြင်နာတတ်တဲ့ နှလုံးသားရှိသူမို့ သူကယ်တင်ပေးရင် အန္တရာယ်ကင်းမယ်လို့လည်း တစ်ထစ်ချယုံပါသည်။ ထို့ကြောင့်...
""ကြံရာပါမဖြစ်စေရပါဘူး...အဲ့လောက်တော့မဆိုးဘူးထင်ပါတယ်""
""Ok! ဒါဆို ခဏစောင့်...ကုတင်ပေါ်ကမဆင်းနဲ့နော်...ငြိမ်ငြိမ်နေ
အစ်မ နဲ့ Alex ကျွန်တော်နဲ့လိုက်ခဲ့
ပြောစရာရှိတယ်""
ဒီလိုနဲ့ သုံးယောက်သား ထွက်သွားတာ အတော်လေးကြာနေသည်အထိ ပြန်မလာတော့ ရင်ထိတ်လာရသည်။
!သူတို့ ငါ့ကိုထားပြီး ထွက်များထွက်သွားကြပြီလား...!
အတွေးကြောင့် ဝမ်းနည်းစိုးရိမ်လာကာ ခြေထောက်လေးကို အောက်ချပြီးထရပ်လိုက်မိပြန်၏။ ထောနဲ့နဲ့ဖြင့်လျှောက်ရင်း တစ်ခန်းဝင်တစ်ခန်းထွက် တံခါးတွေဖွင့်ကြည့်ပေမယ့် သုံးယောက်လုံးအရိပ်အယောင် မမြင်ရတာကြောင့် မျက်ရည်အဝိုင်းသားဖြစ်လာရကာ...
""သေချာပါပြီ
ငါ့ကိုထားခဲ့ကြပြီ...အင့် ဟင့် ဟင့်!""
ငိုနေရင်းကပင် ဆက်လျှောက်လာရင်း အိမ်အဝင်တံခါးပေါက်ကိုရောက်လာတော့ အပြင်သို့လှမ်းကြည့်မိစဥ် ကားနှစ်စီးကိုတွေ့လိုက်ရသည်မို့ ပျော်သွားရပြန်သည်။
""အဲ့ဒါ သူတို့ကားတွေလား?""
တွေးကာ 'ဆ'ကာဖြင့် ထိုအနားလေးသို့ တရွေ့ရွေ့လျှောက်သွားရင်း ကားမှန်ကနေအထဲသို့ ချောင်းကြည့်လိုက်ပေမယ့် အထဲမှာဘယ်သူမှမတွေ့။ တံခါးlockကိုဆွဲကြည့်တော့လည်း ပွင့်မလာ၍ စိတ်တွေရှုပ်ရင်း ကားကိုမီချကာ ထိုင်နေလိုက်သည်။သူတို့ကားရော ဟုတ်ရဲ့လားမသိပါဘူး? ဟုတ်ရင်တော့ သူတို့ကျိန်းသေဒီအနားကို လာမှာပဲ...
~~~~🍁~~~~
""အလင်းရေ...မောင်လေး
အခန်းထဲမှာ ဟိုကလေး မရှိတော့ဘူး""
""ဗျာ! သူကဘယ်ရောက်သွားတာလဲ?""
""မသိဘူး..အိမ်ထဲမှာမရှိတော့ဘူး""
""ဟာ...ထွက်ပြေးသွားတာလားမသိဘူး
တွေ့လား အလင်းနှစ်..ငါပြောပါတယ် အဲ့ကောင်မလေးက ဇာတ်ရှုပ်ပါဆို..အခုလစ်သွားပြီထင်တယ်""
""ကျစ်! နေစမ်းပါကွာ
ငါ ခြံထဲသွားကြည့်ဦးမယ်..""
ပြောပြီးတော့ သူ ခြံထဲဘက်ပြေးထွက်လာခဲ့သည်။ အောက်မဆင်းဖို့မှာထားလျက်နဲ့ မင်းက စကားနားမထောင်ပြန်ဘူးပဲ..။ တွေ့ဖူးတာ အချိန်ခဏလေးပဲ ရှိသေးပေမယ့် ဘာလို့မှန်းမသိ သူ့စိတ်က ထိုကလေးအပေါ် စိုးရိမ်တတ်နေသည်။ ဆန်းကြယ်လိုက်သည့်ဖြစ်ခြင်း...'နှောင်ဖွဲ့ကြိုး'မရှိတော့ကတည်းက သူ့နှလုံးသားမှာ မိန်းကလေးတစ်ယောက်နဲ့ပတ်သက်ပြီး တုံ့ပြန်မှုခံစားချက်တွေ ပျောက်ဆုံးခဲ့တာ ကြာပြီပဲ။ အခု ခဏတဖြုတ်လေးဆုံရတဲ့ ဒီကောင်မလေးက ဘာကြောင့်များ သူ့စိတ်ကို ဒီလိုလွှမ်းမိုးနိုင်နေပါလိမ့်!
""ဟင်!..ဟိုမှာ""
ကားရပ်ထားသည့်နေရာကို မရောက်ခင်လှမ်းတွေ့လိုက်ရသော မြင်ကွင်းကြောင့် သုံးယောက်လုံးခြေလှမ်းတို့ တန့်သွားရသည်။ ထားရာမှာမနေဘဲ ပျောက်နေသူ ထိုကလေးမကတော့ ကားကိုမီလျက် မြေပြင်ပေါ် ဒီအတိုင်းထိုင်နေလေ၏။ ညနေအချိန်ဖြစ်ပေမယ့် နေရောင်ကရှိနေဆဲမို့ သူမ ထိုင်နေသည့် နေရာမှာ နေရောင်ကျနေသေးတာကို တုပ်တုပ်မှမလှုပ်ဘဲ ရှိနေလေရဲ့။
ထိုမြင်ကွင်းကို တွေ့လိုက်သည်နှင့် သူ့ခြေလှမ်းတွေကလည်း သူမ ရှိသည့်နေရာသို့ လျင်မြန်စွာဦးတည်သွားရကာ...
""မင်း ဒီမှာဘာလုပ်နေတာလဲ?""
လူရောက်လာသော်လည်း မော့မကြည့်ဘဲ ခေါင်းငုံ့လျက်သာ ထိုင်နေလေ၏။ စိတ်တွေလည်း ရှည်ပါတယ်နော်..ဘယ်လိုပြောရဆိုရခက်တဲ့ လူဆိုးမနဲ့လာတွေ့နေမှန်းမသိတော့ပါချေ။
""ဟင်း!""
စိတ်မရှည်စွာပဲ သက်ပြင်းချရင်း သူမ အနားသို့ဒူးတစ်ဖက်ထောက်ကာ ထိုင်လိုက်ပြီး...
""မေးနေတယ်လေ...မင်းကို အောက်မဆင်းနဲ့လို့ ကိုယ်ပြောခဲ့လား...မပြောခဲ့ဘူးလား""
""ပြောခဲ့တယ်""
အခုမှပဲ ပြန်ဖြေဖော်ရကာ မျက်နှာမော့လာတော့ ငိုထားပုံရသည့် မျက်လုံးလေးတွေက မှေးစင်းကာ မျက်နှာကလည်း ခပ်နွမ်းနွမ်းဖြစ်နေပြန်သည်။ ဒါနဲ့ပဲ နဖူးကို လက်နဲ့လှမ်းစမ်းလိုက်တော့ နဂိုကတည်းက ခပ်နွေးနွေးရှိသည့် ကိုယ်အပူချိန်ကထင်သည့်အတိုင်း ဒီဂရီတက်နေလေပြီ။
"" ပြောခဲ့တာကို နားမထောင်ဘူး
နေမကောင်းတာကို အခုနေပူထဲထိုင်နေတော့ ပိုဖျားနေပြီ...ဒီမှာလေတွေလည်းတိုက်နေတာကို""
""ခဏဆိုပြီး သွားတာအရမ်းကြာနေပြီလေ
အဲ့ဒါကြောင့် ပစ်ထားခဲ့ပြီလားလို့ ဆင်းကြည့်တာ..ဘယ်မှာမှလည်း ရှာမတွေ့ဘူး..အဲ့ဒါကြောင့် ကားနားမှာလာထိုင်စောင့်တာ""
လေသံလေးတိုးလျလျနဲ့ အရှည်သဖြင့် ရှင်းပြလာတော့လည်း သူစိတ်မဆိုးနိုင်ပါ။ တကယ်ပဲ...မင်းရဲ့အတွေးလေးတွေက ကလေးဆန်လှချည်လား? ဘယ်လိုကောင်မလေးလဲကွာ...
""ခေါ်သွားမယ်လို့ပြောပြီးပြီပဲ
ကိုယ့်ကို မယုံလို့လား?""
"".....""
လေသံအေးအေးနဲ့ပဲပြောလိုက်တော့ ဖျတ်ခနဲမော့ကြည့်လိုက်သည့် မျက်လုံးလေးတွေက ပျော်ရွှင်ခြင်း အရိပ်အရောင်လေးတွေ ယှက်သန်းလို့..။ အဲ့ဒီ့မျက်လုံးလေးတွေကတော့ ရိုးသားဖြူစင်မှု အပြည့်ရှိတာ သူ အစကတည်းကသတိထားမိပါရဲ့ ။
!မင်း လိမ်ညာနေတာမဟုတ်ဘူးလို့ ကိုယ်ယုံလိုက်မယ်...အိန်ဂျယ်(လ်)!
""ဒဏ်ရာက သွေးထွက်နေပြီလား
ပြဦး...ကိုယ့်ကို""
ပြဦးဆိုလည်း မလှုပ်တာကြောင့် စိတ်မြန်လက်မြန်နဲ့ ကိုယ့်ဘာသာ ဒဏ်ရာကို ကြည့်လိုက်ပြီးမှ...
""နာနေသေးလား?""
""ဟုတ်...နည်းနည်းပါ""
""အစ်မ...အခန်းထဲက ဆေးယူလာခဲ့လိုက်နော်
Alex ပြန်မယ်...ကားပေါ်တက်!""
နှစ်ယောက်လုံးကို တစ်မျိုးဆီ ခိုင်းလိုက်ပြီး သူကတော့ ရှေ့ကကောင်မလေးကို ဆတ်ခနဲ ကောက်ပွေ့ကာ ကားနောက်ခန်းထဲသို့ထည့်ပေးလိုက်သည်။ ပြီးမှ သူပါ ဘေးမှာဝင်ထိုင်ပြီး သူစိမ်းလေးတစ်ယောက်ပါဝင်တဲ့ အိမ်အပြန်လမ်းကို စတင်ခဲ့တော့၏။
~~~~🍁🍁🍁🍁🍁~~~~
ညရောက်နေပြီမို့ ကားလမ်းတစ်လျှောက် ဘေးတစ်ဖက်တစ်ချက်မှာလည်း အမှောင်ထုသာရှိတော့သည်။ နေမကောင်းတဲ့ ကလေးကတော့ ခရီးပမ်းပြီး ပိုအခြေအနေဆိုးမှာကို နားလည်သော်လည်း အလုပ်ကိစ္စရှိနေ၍ မပြန်လို့က မဖြစ်။ ဘေးနားကို လှမ်းကြည့်တော့ မျက်နှာက ထွက်လာစကထက် ပိုပြီးဖြူရော်ရော်ဖြစ်နေတဲ့ ကောင်မလေးကြောင့် အာရုံစိုက်မိပြန်သည်။ သူမက ဘာစကားမှမပြောသလောက် ကိုယ်ကသာ ခဏခဏအာရုံထားနေမိပြန်တာပဲ...တော်လောက်ပြီ! အလင်းနှစ်...မင်းဘာတွေဖြစ်နေတာလဲ?
ကိုယ့်စိတ်ကိုယ် သတိပေးချက်ထုတ်ရင်း မျက်နှာလွှဲနေလိုက်တော့ ခဏအကြာမှာ အေးစက်စက်လက်ဖျားတို့က သူ့လက်ကို လာရောက်ထိတွေ့သည့်ခံစားချက်ကြောင့် ဘေးသို့ပြန်ကြည့်မိပြန်၏။
""လက်တွေက အရမ်းအေးစက်နေတာပဲ...မင်းရရဲ့လား?""
""မရတော့ဘူး..မူးတယ်
အန်ချင်တယ်""
""ဟမ်! အန်ချင်တာလား
အစကတည်းက မပြောဘူးကွာ...Alex ကားရပ်!""
""....""
ကားတံခါးကို ဖွင့်ပေး၍ အပြင်လေအနည်းငယ်ရှူခိုင်းပြီးမှ အမူးပြေအောင်ဆေးတိုက်ရပြန်သည်။ ကိုယ်ပူကလည်း မကျသေးတော့ ဆက်သွားလို့တောင်ဖြစ်ပါ့မလားဘဲ...
""အဆင်ပြေရဲ့လား
ဆက်မသွားနိုင်ရင် ပြော""
""ရတယ်...ဆေးသောက်လိုက်ပြီလေ
ကောင်းသွားမှာပါ""
""အင်း..ဒါဆို ခဏအိပ်လိုက်""
""မအိပ်ပါဘူး ရတယ်""
""ဘာလို့လဲ...ဆေးသောက်ထားပြီး အိပ်မှဖြစ်မယ်လေ...ဒီမှာ! မင်း ငါ့ကိုမယုံလို့ဆိုရင်လည်း နောက်ကားမှာ ပြောင်းလိုက်လို့ရတယ်နော်...Alex ကားရပ်လိုက် အနောက်မှာ အစ်မကားနဲ့လိုက်ပါစေ""
"".....""
အရင်ထက် အနည်းငယ် မာသွားတဲ့လေသံကြောင့် သူ့မျက်နှာကို သေချာပြန်ငေးကြည့်မိ၏။သူ စိတ်ဆိုးသွားတာလား? မျက်နှာတည်နဲ့ကြည့်ပြီး လိုအပ်တာပဲပြောကာ တစ်ဖက်သို့လွှဲသွားတဲ့မျက်နှာက အလိုမကျစွာ။ ကြည့်ရတာ ငါက သူ့ဘေးရှိနေတာ ရှုပ်လို့ထင်ပါတယ်...အင်းလေ! ငါနဲ့သူက သိမှမသိတာ...သူ ငါ့ကိုစိတ်မရှည်တာဖြစ်သင့်ပါတယ်...
အတွေးတို့ဆုံးသည်နှင့် ခေါင်းလေးကို ဆတ်ခနဲညိတ်ချကာ...
""ဟုတ်..ဒါဆို မမနဲ့ပဲလိုက်တော့မယ်နော်""
ပြန်ဖြေတဲ့စကားကြားပေမယ့် သူလှည့်မကြည့်မိပေ။ ဒီလိုလုပ်တဲ့ သဘောက ကိုယ့်ကိုမယုံတာ အမှန်ပဲပေါ့...။ ကားရပ်ပေးပြီး အနောက်က အစ်မရဲ့ ကားကိုစောင့်ကာ changeပေးလိုက်ပြီးမှ ခရီးဆက်လာခဲ့ရင်း...နောက်ဆုံးတော့ ရန်ကုန်အိမ်သို့ ရောက်လာခဲ့ကြသည်။ လမ်းတစ်လျှောက်လုံးတော့ အေးအေးဆေးဆေးရှိတာ ကံကောင်းပါသည်။ ဆေးရှိန်ကြောင့်ပဲ ထင်ရဲ့ ...နောက်ကားရောက်မှတစ်လမ်းလုံးကို အိပ်ပျော်လျက်ပါလာပုံက...၁၀နှစ်လောက်မအိပ်ထားရသည့် ပုံစံနှင့်...။နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်နေတော့တာပါပဲ။
""ညီမလေး...ညီမလေး ထတော့
ဆင်းလို့ရပြီ""
"".....""
သူ ကားပေါ်ကဆင်းလာရင်း နောက်ကားကအခြေအနေကို လှမ်းကြည့်တော့ အစ်မက အခုထိတိုင်မနိုးသေးတဲ့ ကလေးမကို အတင်းနှိုးနေလေ၏။ လှုပ်နှိုးပေမယ့် ခန္ဓာကိုယ်ကသာ လူးလွန့်သွားပြီး မျက်လုံးမဖွင့်တဲ့ အဲ့ဒီ့ဟာလေးက တကယ့်ကိုစိတ်မရှည်ချင်စရာ။
""တော်တော်လည်း အိပ်နိုင်ပါလား
အလင်း...ဒီမှာမင်းရဲ့အရှုပ်ထုပ်လေးကို လာနှိုးဦး""
ရပ်ကြည့်နေရင်းမှ မျက်နှာရှုံ့မဲ့ကာ စစ်ကူတောင်းသလို လှမ်းခေါ်လာသည့် သူငယ်ချင်းကြောင့် သူခေါင်းကို ယမ်းလိုက်ပြီး ခြေလှမ်းကျဲတို့ဖြင့် ထိုကားအနား ဆက်လျှောက်သွားကာ...
""ဘေးဖယ်!""
""ဟယ်!
ဟာ!..""
အာမေဍိတ်သံနှစ်ခုအားကျောခိုင်း၍ ကားထဲအိပ်ပျော်လျက်ရှိနေသည့် သူမကို ပွေ့ချီခေါ်ထုတ်ပြီး အိမ်ထဲဝင်လာခဲ့၏။ အခန်းထဲရောက်မှ ကုတင်ပေါ်တင်ပေးကာ ပြန်ထွက်လာခဲ့တော့ ဟိုနှစ်ယောက်က အကဲခတ်သော မျက်လုံးတွေဖြင့်...
""ဘာလဲ...အဲ့ဒီအပြုအမူက?""
""ဘာကိုလဲ?""
""ငါကြည့်နေတယ်နော် အလင်း
မင်း သူ့ကို တွေ့ကတည်းက နေရာတကာဂရုစိုက်လွန်းသလိုပဲ...တခြားမိန်းကလေးတွေ အပေါ်ဆက်ဆံတာနဲ့ မတူပါလား""
""အေးဟေ့! အစ်မလည်းအဲ့ဒါပြောမလို့ပဲ
ရုပ်ကသာ မျက်နှာသေ...လုပ်နေတာက အင်း!...မပြောချင်ဘူး""
ခပ်ပြုံးပြုံးမျက်နှာတွေဖြင့် စနောက်သလို ဆိုလာတဲ့စကားတွေကို သူ ငြင်းချက်မထုတ်ဖြစ်ပါ။ ဟုတ်တာပဲလေ...ကိုယ်က နေရာတကာပါမိနေတော့ သူများပြောစရာဖြစ်ရပြီပေါ့...။ ဒီအာရုံက ဘာဖြစ်လို့များ အဲ့ကောင်မလေးကို ဥပေက္ခာမပြုနိုင်ရပါလိမ့်!
""မင်းရဲ့ Fan girlတွေ ငိုတော့မှာပဲ
အရင်က ချိုချိုသာသာလေးပြုံးနေတတ်တဲ့ သူတို့idol...ဒီနှစ်တွေမှာ ရုတ်တရက်ကြီး အချေမျက်နှာထားနဲ့ ရေခဲတုံးရှုံးအောင် အေးစက်သွားတယ်...ဟော! အခုကျတော့ ဘယ်ကမှန်းမသိတဲ့ အရှုပ်ထုပ်မလေးကို ဂရုတစိုက်လုပ်နေပြန်တယ်""
""အိန်ဂျယ်(လ်)က အဲ့လောက်လည်းဆိုးပုံမရပါဘူးကွာ""
""ဘာ...ဘာ! သူ့ကိုဘယ်လိုခေါ်လိုက်တယ်""
စိတ်ထဲမှာ ပေးထားသောနာမည်က ရုတ်တရက်ကြီး နှုတ်ဖျားမှအသားကျစွာ ခုန်ထွက်သွားလေတော့ ကိုယ့်ကိုကိုယ်တောင် အံ့သြသွားမိပေမယ့် ပြောင်းလဲခြင်းမရှိတဲ့ မျက်နှာထားကတော့ တည်နေမြဲဖြစ်ကာ...ချောင်းတွေဘာတွေဟန့်လိုက်ရင်း...
""အဟမ်း!...ဟိုဟာ..သူ့ကို အလွယ်ခေါ်ဖို့ နာမ်စားတော့ရှိသင့်တာပဲလေ...သူ့နာမည်ကိုမေးလို့မှမရတာ""
""မင်းပြောတော့ သူ့နာမည်က 'ဖွဲ့' ဆို""
""အဲ့ဒီတစ်လုံးပဲ သိတာလေ
ပြီးတော့ အဲ့နာမည် ငါမခေါ်ချင်ဘူး""
""ရပြီ..အဲ့လောက်ဆိုသိပါပြီ
ကဲ! မနက်ဖြန် showပွဲအတွက် ပြင်ဆင်ရဦးမယ်..ခဏနားဦး""
အရင်က ကိစ္စတစ်ချို့ကိုသူတို့လည်းပဲ သိနေ၍ ဒီလောက်ပဲပြောဖြစ်ပါသည်။ အိန်ဂျယ်(လ်)ဆိုလည်း အိန်ဂျယ်(လ်)ပေါ့..။ဒီလောက်ပေးစရာ နာမည်အများကြီးထဲမှာမှ ဒုက္ခပေးမလား မသိတဲ့အရှုပ်ထုပ်လေးကို 'နတ်မိမယ်'လို့တင်စားလိုက်တာလား အလင်းနှစ်ရေ...။ မင်းကတော့ ဒုတိယဝေဒနာ အစပျိုးတော့မယ်ထင်ပါရဲ့ ။
""အဟက်!""
""Alex...မင်းဘာတွေ ရယ်နေတာလဲ
ပြောတာကြားလား?""
""ဟမ်...ဟမ်! မင်းဘာပြောလိုက်တာလဲ အလင်း""
""ကားထဲက ပစ္စည်းတွေချဦးလို့""
""သြော်! အေး အေး!""
~~~~🍁🍁🍁🍁🍁~~~~
"လာစမ်း!"
"ဟင့်အင်း! မလိုက်ဘူး
လွှတ်...လွှတ်!"
"သမီး...မေမေ ဒီမှာလေ
လာခဲ့..."
"ဟင့်အင်း..မဟုတ်ဘူး
မေမေ မဟုတ်ဘူး..မဟုတ်ဘူး..အား!!"
ကြောက်စရာကောင်းစွာ ရှုပ်ထွေးလွန်းနေသည့် ပုံရိပ်တွေကြားမှ အသည်းအသန်ရုန်းထွက်လိုက်တော့ အမှောင်ထုထဲမှ လွတ်မြောက်သွားလေ၏။ ပင်ပန်း မောဟိုက်ပြီး လည်ချောင်းတစ်လျှောက်လည်း ခြောက်ကပ်ကာ တစ်ကိုယ်လုံးကလည်း အပူငွေ့တွေ ထွက်နေသလိုပင်။
အိပ်မက်မက်ခဲ့တာပဲ။ ကြောက်စရာကောင်းလိုက်တဲ့ အိပ်မက်...
""ဟင်""
အခုမှပဲ ရောက်နေသည့် နေရာကို မျက်လုံးဝေ့ကြည့်တော့ တစ်ခန်းလုံးက အပြာရင့်ရောင်ခြယ်ထားကာ သပ်ရပ်သန့်ရှင်းနေလေ၏။
""ငါ ကားပေါ်မှာရှိနေခဲ့တာ မဟုတ်ဘူးလား
ဒါက ဘယ်နေရာပါလိမ့်""
ဟိုငေးဒီငေးဖြင့် ကုတင်ပေါ်မှဆင်းကာ ထရပ်မိပြန်၏။ ခြေထောက်ကအနည်းငယ်တော့ နာပေမယ့် ဘာလို့မှန်းမသိ တစ်နေရာမှာ ထိုင်မနေချင်ပဲ လမ်းလျှောက်ချင်မိသည်။ မသိရင် လမ်းမလျှောက်ဖူးတဲ့ လူလို...ခြေထောက်နဲ့ကြမ်းပြင် ထိပြီး လိုရာသွားနိုင်တဲ့ ခံစားချက်လေးကို တကယ်သဘောကျနေမိသည်။ အခုလည်း အပြာရောင်အခန်းလေးထဲ လှည့်ပတ်သွားနေရင်းမှ အခန်းရဲ့ထွက်ပေါက်တံခါးလေးအနားသို့ အရောက်...တွေ့လိုက်ရသောအရာအား တအံ့တသြလေး မော့ငေးမိပြန်သည်။
သူပဲ...။ဒါဆို ငါရောက်နေတာ သူ့အိမ်ပေါ့...
တကယ်ပင် ရှေ့မှာတွေ့လိုက်ရသည့် နံရံကပ်ပိုစတာက လူအရပ်လောက်ပင်ရှိမည်။ အဖြူရောင် ရှပ်အင်္ကျီကို ရင်ဘတ်အလယ်နားအထိ ကြယ်သီးတွေ ဖြုတ်ထားတော့ ရင်ဘတ်နဲ့ ဝမ်းဗိုက်ကြွက်သားတွေက အထင်းသားပေါ်ကာ ဘေးတစ်စောင်းလှည့်ထားတဲ့ မျက်နှာကလည်း ခပ်တည်တည်ပါပဲ။ ဒါနဲ့...ဒီအနောက်က ဘာလို့လင်းနေတာပါလိမ့်! မီးထွန်းထားတာလား? ဓာတ်ပုံထဲမှာ မီးလုံးထည့်ထားလို့လား?
မမြင်ဖူးတဲ့အရာကို အထူးအဆန်းလိုရပ်ကြည့်တာ အတော်ကြာသွားပြီးနောက် သူ့ကိုတွေ့မှ မေးကြည့်မယ်လို့ ဆုံးဖြတ်ပြီး ထိုနေရာမှလှည့်ထွက်လာခဲ့သည်။ အခန်းထဲမှာ သူ့ပုံတွေအများကြီးပဲကိုး...။ photo standနဲ့ ထည့်ထားတာတွေရော အရုပ်လေးတွေလည်း ရှိသေးရဲ့
""အ လင်း နှစ်!အတွက်...အမှတ်တရ
သူ့နာမည်က အလင်းနှစ်လား?
လှလိုက်တာ""
နံရံထောင့်က စင်တစ်ခုပေါ်တင်ထားသော ကဒ်လေးတွေကို တစ်ခုချင်းဆွဲထုတ်ယူကြည့်ကာ ဖတ်နေရင်း ကဒ်တစ်ခုကို ကြည့်မိတော့ မျက်မှောင်ကျုံ့မိသွားရပြန်သည်။ စာထဲမှာ ရေးထားတာက...
""ကိုကို့အတွက်...အမှတ်တရ
ခုနကကျ အလင်းနှစ်ဆို...အခု ကိုကိုတဲ့
တူတူပဲလား...အလင်းနှစ်က ကိုကို...ကိုကိုကအလင်းနှစ်ပေါ့""
ခေါင်းတငြိမ့်ငြိမ့်လုပ်ကာ အခန်းလေးထဲမှထွက်လိုက်ပြီး တွေ့တဲ့လှေကားကနေ ဖြေးဖြေးချင်း ဆင်းလာခဲ့တော့...အောက်ထပ်မှ စကားသံတစ်ချို့က ခပ်သဲ့သဲ့....
~~~🍁~~~
""ကဲ! ခေါ်လာပြီးတော့ အခုသူ့ကိုဘယ်မှာနေခိုင်းမှာလဲ?ဒီမှာပဲ ထားလို့တော့မရဘူးနော်...အလင်း တော်ကြာ mediaကသိပြီး သတင်းထွက်သွားရင်မကောင်းဘူး...""
""ငါ့ဆီမပို့နဲ့နော်...အလင်း
ငါက ယောကျ်ားလေး...မသင့်တော်ဘူး""
""မင်းဆီလည်း မပို့ပါဘူးကွာ
အဲ့လောက်လည်းဖြစ်မနေနဲ့""
""ဒါဆို ဘယ်မှာထားရမှာလဲ""
မိန်းကလေးတစ်ယောက်နဲ့ တစ်အိမ်တည်းအတူနေလို့ မဖြစ်တာတော့ သူလည်းသိပါသည်။ အိန်ဂျယ်(လ်)အတွက်လည်း အဆင်မပြေနိုင်ဘူးလေ။ ဒီတော့ တစ်ခုတည်းသော အပူကပ်စရာက ဒီမန်နေဂျာ အစ်မနေခြည်ပဲဖြစ်သည်။ သူက ရန်ကုန်မှာ ကွန်ဒိုတိုက်ခန်းနဲ့တစ်ယောက်တည်းနေပြီး မိဘတွေက နိုင်ငံခြားမှာမို့ အချိန်ခဏလောက်တော့ အိန်ဂျယ့်(လ်)ကို ခေါ်ထားပေးရင်ရနိုင်သည်။ ဟိုကလေးနဲ့ကလည်း မစိမ်းတော့ဘူးမို့ ဒီနည်းလမ်းကသာ အဆင်ပြေနိုင်မယ်လို့ ထင်မိပါ၏။
""အစ်မ အိမ်ကို ခေါ်သွားပေး
ခဏလောက်ပါပဲ...ကျွန်တော်နဲ့အတူဒီမှာထားလို့တော့မရဘူး...သူ့အတွက်လည်းအဆင်မပြေဘူးလေ...ပြောချင်တာသိတယ်မလား""
""အင်း...သူက မိန်းကလေးဆိုတော့ ဒီနည်းလမ်းပဲရှိတာပေါ့ သူနိုးလာရင်...""
""ကိုကို!""
စကားပြောနေရင်းမှ ရုတ်တရက်ထွက်ပေါ်လာသော ခေါ်သံလေးကြောင့် လှေကားဘက်ကျောခိုင်းထိုင်နေရင်းမှ ယောင်ရမ်းကာ လှည့်ကြည့်လိုက်မိတော့ လှေကားအဝမှာ မျက်နှာငယ်နဲ့ ရပ်နေပြန်သည့် သူမ...
အဲ့ဒီမျက်နှာငယ်က ဘာဖြစ်ရပြန်ပါလိမ့်!
နေပါဦး! သူက ငါ့ကိုဘယ်လိုခေါ်လိုက်တာ..??
'ကိုကို'တဲ့လား...။
(ဟုတ်ပါတယ်ရှင့်...အခုချိန်ကစပြီး ရေခဲတုံးဘွဲ့ထူးခံ ရှင် 'အလင်းနှစ်' အရည်ပျော်ဖို့ပြင်ထား😜😜)
~~~~🍁🍁🍁🍁🍁~~~~
Continue to >>>Part-7
Readers/Writersလေးတွေအားလုံးက VIPပါ
Writer- WineSatt Cho(🍋Lëmoñ🍋)