book

Index 5

Part-[ 5 ]

🍁ကြင်နာသူ ... ရွှေမင်းသား🍁
(or)
🍁 သူ့ 'ချစ်ခြင်း' ကြောင့် 'လင်း'ပါသည်။🍁

••••••••••• Part-[ 5 ] •••••••••••

မျက်ရည်အဝိုင်းသားဖြင့် ပြန်ကြည့်ကာ ကိုယ့်နာမည် ကိုယ်ပြန်မမှတ်မိ ဟုဆိုလာသည့် ကောင်မလေးကြောင့် ဘာဆက်ပြောရမှန်းပင်မသိ ။ သူမ နိုးလာရင် အားလုံးပြီးပါပြီလေလို့ ထင်မှတ်ထားခဲ့သမျှ...အားလုံးမပြီးတဲ့အပြင် ဇာတ်လမ်းက အခုမှ စ လိုက်သလိုပင်။ ဘာတွေဖြစ်ခဲ့မှန်းမသိရပေမယ့် ထိတ်လန့်လွန်းခဲ့တဲ့အရှိန်ကြောင့် ခဏတဖြုတ် shockရနေတဲ့သဘောလား။ ဒါမှမဟုတ် ဥာဏ်များစွာပဲ ဟန်ဆောင်နေလေသလား...မဝေခွဲနိုင်ပေ။ နဂိုကတည်းက 'အလင်းနှစ်'ဆိုတာ ရိုးစင်းတဲ့လမ်းစဥ်က လာခဲ့သူမဟုတ်တော့ သူတစ်ပါးကို အယုံအကြည်မလွယ်ဘဲ သံသယမျက်လုံးနဲ့ အကဲခတ်တတ်တာ စွဲမြဲနေသော အကျင့်မို့ အခုလည်း ရှေ့ကမိန်းကလေးထံ အသေအချာစိုက်ကြည့်နေမိ၏။

""မင်း...မင်း တကယ်ပဲ ဘာမှမသိတော့တာလား""

ကျောက်ရုပ်လိုထိုင်နေသူထံက ဘာစကားမှထွက်မလာတော့ဘဲ ခပ်စူးစူးသာစိုက်ကြည့်နေပြန်၏။သူ့ ဘေးက တစ်ယောက်မှာတော့ အလွန်ကို ထိတ်ထိတ်ပျာပျာ ပုံစံဖြင့် မေးခွန်းတွေထုတ်နေသည်။ တကယ်ပဲ ငါ့နာမည်က ဘာလဲ? ဘယ်ကလာခဲ့တာလဲ?

စဥ်းစားကြည့်သော်လည်း ဘာမှတွေးမရနိုင်ခြင်းအတွက် အားငယ်လာကာ ငိုချမိတော့သည်။ ဘာလို့လဲ...ဘာလို့ စဥ်းစားမရတာလဲ?

""ဟင့်...ဟင့်! ဟီး!""

""ဟာ...မင်း မငိုနဲ့လေ
မင်းကို ငါတို့ဘာမှမလုပ်ဘူးနော်""

အလင်းလည်း အခြေအနေကို စိတ်မရှည်တော့သည့်အဆုံး သူငယ်ချင်းဖြစ်တဲ့ Alexကို မျက်ရိပ်ပြ၍ လေပူတစ်ချက်ကို မှုတ်ထုတ်ကာ သူမအနားသို့ဝင်ထိုင်လိုက်ပြီး...

""မင်းနာမည်က 'ဖွဲ့'တဲ့
ဘာဖြစ်ခဲ့မှန်းမသိပေမယ့် မင်းတစ်နေရာကနေထွက်ပြေးလာတဲ့ပုံပဲ...အနောက်ကလိုက်လာတဲ့လူတွေရှိတယ်လို့ မင်းပြောခဲ့တယ်...ပြေးလာရင်း ငါတို့ကားနဲ့ တိုက်မိမလိုဖြစ်တယ် ဒါပဲ...မင်းအကုန်မှတ်မိလျက်နဲ့ ဟန်ဆောင်နေတာလား?""

မျက်လုံးချင်း ဆုံကြည့်ကာ တည်ငြိမ်နဲ့လေသံနဲ့ ရှင်းပြရင်း မေးခွန်းထုတ်လာတော့ သူ့မျက်ဝန်းတွေကို စိုက်ကြည့်ရင်း ပုံရိပ်တချို့က အာရုံမှာခပ်ဝါးဝါးလေး ထင်ဟပ်လာခဲ့၏။

လူနှစ်ယောက်..။အတိအကျဆို မိန်းကလေးနှစ်ယောက် ရုန်းရင်းဆန်ခတ်ရှုပ်ထွေးနေကြရင်း တစ်ယောက်က ဘေးသို့လဲကျကာ တစ်စုံတစ်ရာနဲ့ အရှိန်ပြင်းပြင်းစောင့်မိပြီး သွေးတွေမြင်မကောင်းအောင် စီးကျနေခဲ့သည့်မြင်ကွင်း...။ဟုတ်တယ်...အဲ့ဒီ့နှစ်ယောက်မှာ တစ်ယောက်ကငါပဲ...ဒါဆို နောက်တစ်ယောက်ကရော ဘယ်သူလဲ..ငါနဲ့ဘာပတ်သက်တာလဲ? ဒီလူပြောတာ ငါ့နောက်ကို လူတွေလိုက်လာတယ်တဲ့...ဒါဆို ငါကထွက်ပြေးလာတာပေါ့။ မဟုတ်မှ...ငါ လူသတ်ခဲ့မိတာတော့မဟုတ်ပါဘူးနော်...

တွေးရင်း တွေးရင်းမှ နှလုံးတွေ တဒုန်းဒုန်းဆောင့်ခုန်ကာ အမြင်တွေဝေဝါးလာရသည်။ အာရုံထဲမှာလည်း အပ်ကြောင်းထပ်လာသည့် ပုံရိပ်တွေက မသဲကွဲတော့စွာ ရှုပ်ထွေးနေ၏။ အလန့်တကြား စိုးရိမ်စိတ်ဖြင့် မျက်လုံးတွေကိုမှိတ်ချလိုက်တော့ မီးလောင်နေတဲ့ အခန်းမှာ ရန်ဖြစ်နေသည့် လူနှစ်ယောက်ကိုမြင်ရပြီးနောက် ရေပြင်ကျယ်မှာနစ်မွန်းသွားရသလို ခံစားချက်...ထို့နောက် ညအမှောင်ထဲ မောဟိုက်ပင်ပန်းစွာ ပြေးလွှားနေပြန်ရင်း ကြမ်းတမ်းစွာ ဆွဲခေါ်နေကြသည့်လူတွေ...ပြီးတော့ မျက်စိထဲ စူးရဲစွာတိုးဝင်လာသည့် ကားမီးရောင်တွေ...။

တဖျတ်ဖျတ်သာမြင်ယောင်နေပေမယ့် ဘာတွေ ဘယ်သူတွေမှန်း မသဲကွဲနိုင်သော အသိတို့ကြောင့် နားနှစ်ဖက်ကို လက်ဖြင့်အုပ်ကိုင်ကာ ခေါင်းကိုလည်း တွင်တွင်ခါယမ်းလိုက်မိပြီး...

""အ!..အား!!
မသိဘူး...အရမ်းရှုပ်ထွေးနေတယ် စဥ်းစားလို့မရတော့ဘူး""

နားနှစ်ဖက်ကိုပိတ်ကာ ငိုယိုနေလေတော့ တကယ်ကိုအကျပ်ရိုက်ရပါပြီ။ တကယ်မမှတ်မိတာပဲဖြစ်ဖြစ် ဟန်ဆောင်နေတာပဲဖြစ်ဖြစ် ဒီပုံအတိုင်းဆို ဘာမှဆက်မေးလို့ရမှာမဟုတ်။ ခက်တာပဲ။

ရှုပ်ထွေးသော အတွေးတို့ဖြင့် ဖုန်းကိုထုတ်ကာ နံပါတ်တစ်ခုကို နှိပ်ကာ ဆက်သွယ်လိုက်သည်။ ကိစ္စက လွယ်လွယ်ဖြေရှင်းမရနိုင်၍ အကူအညီတောင်းဖို့ရန်လိုအပ်နေပြီမို့ သူ့မန်နေဂျာကို အသိပေးရတော့မှာပေါ့...

""Hello! အစ်မ...ကျွန်တော်ပြောတာ နားထောင်
ဒီမှာ ရှင်းရခက်တဲ့ ပြသာနာတစ်ခုတက်နေလို့ ""

"".....""

""အင်း...ပြင်ဦးလွင်မှာပဲ
အစ်မ ခဏ ပြန်လာခဲ့""

"".....""

""အင်း...ok!""

ဖုန်းပြောပြီး သူမထံ ပြန်ကြည့်တော့ မျက်ရည်တွေစီးကျလျက် ငြိမ်သက်နေပြန်သည်။ တစ်ချက်တစ်ချက်မှာလည်း သနားစဖွယ် မျက်လုံးဝိုင်းတို့က သူ့ထံသို့ မဝံ့မရဲ ရွှေ့လာသေးပေမယ့် ဘာမှထပ်မပြောပေ။ ဒီတော့ သူလည်း စိတ်ကိုလျှော့ကာ သက်ပြင်းချလိုက်ရင်း..

""မင်းကိုဘာမှထပ်မမေးတော့ဘူး ဟုတ်ပြီလား
ခဏနားလိုက်ဦး...ပြီးမှ စိတ်အေးအေးထားပြီး စဥ်းစားကြည့်""

"".....""

အကြမ်းနည်းသုံးရင်လည်း ပိုဆိုးသွားဖို့ပဲရှိတာကြောင့် အချိန်ခဏပေးထားလိုက်လည်း ကောင်းတာပါပဲ။ တကယ်ဆို ဖြစ်ခဲ့သမျှ ဘာကိုမှသူသိစရာမလိုပါ။ သူတို့နဲ့သက်ဆိုင်သည်က ကားတိုက်မိတဲ့ကိစ္စပဲလေ။ ဒါကိုကျေနပ်လောက်တဲ့ အနေအထားနဲ့ညှိနှိုင်းပေးခဲ့ရင် ရပြီပဲ။ သို့ပေမယ့် ဘာမှမသိဘူးလို့ တွင်တွင်ငြင်းနေသည့်ကလေးမက ဘယ်ကိုဆက်သွားလိမ့်မလဲ?။ ဘာဆက်ဖြစ်မလဲ?။ တကယ်ပဲ အသတ်ခံရနိုင်လား?...သူမက လူကောင်းရောဟုတ်ရဲ့လား?...ဥပေဒေနဲ့ငြိစွန်းမယ့် ရာဇဝတ်မှုတစ်ခုခုများ ကျူးလွန်ထွက်ပြေးလာခဲ့သလား?

ကိုယ်နဲ့မဆိုင်သည့် မေးခွန်းပေါင်းများစွာက ရင်ထဲတိုးဝင်နေပေမယ့် အဖြေကမရှိ။ ကိုယ်သိတဲ့ ကိုယ်ပိုင်ခံစားချက်ရဲ့အဖြေကတော့ လက်လွတ်စပယ်ပစ်မထားခဲ့လိုခြင်းပင်။ တကယ်ပဲ ဒုက္ခရောက်နေတာလည်း ဖြစ်နိုင်သည်မဟုတ်လား...။

~~~~🍁🍁🍁🍁🍁~~~~

""သူ့ကို အခုထိရှာမတွေ့သေးဘူးလား မေမေ""

""အေး! ဘယ်နားမှာ သွားပုန်းနေမှန်းကိုမသိတာ
အခုထိ ပြန်မတွေ့သေးဘူး""

""ကိုစစ်..သိသွားပြီလား
သူသိသွားရင်...တွေ့အောင်လိုက်ရှာလိမ့်မယ်
သူ့ဆီရောက်သွားလို့မဖြစ်ဘူး""

""အခုမှငိုမနေနဲ့...အဲ့ဒါနင့်ကြောင့်ပဲ လေညှင်းသွဲ့သာ...အားလုံးရှုပ်ကုန်တော့မယ်""

""သက်ဆိုင်ရာကနေပဲ ရှာလိုက်ပါလား မေမေ
ဘယ်လိုပဲဖြစ်ဖြစ် အများအမြင်မှာ သူကမေမေ့သမီးအရင်းပဲလေ...အရင်ဆုံးသူ့ကိုပြန်တွေ့မှ..""

""ဘယ်ဖြစ်မလဲ...ရဲနဲ့သွားပြီးပတ်သတ်ရင်ပိုရှုပ်မှာပေါ့...ပတ်ဝန်းကျင်မှာလည်း မေးခွန်းထုတ်စရာဖြစ်လိမ့်မယ်...ပြီးတော့ ငါကသူ့အမေမဟုတ်မှန်း သူပါးစပ်ဟလိုက်ရင်...""

တကယ်ပဲ ထိုအကြောင်းကိုတွေးလိုက်တာနဲ့ ပူလောင်လှပါသည်။ အသေအချာ အကွက်ချစီစဥ်ခဲ့သမျှ အခုမဝေးတော့တဲ့ ကာလအတွင်း အရာအားလုံးပိုင်ဆိုင်ရခါနီး အချိန်ကျမှ လွဲချော်ဖို့ကို အဖြစ်မခံနိုင်ပေ။

လောလောဆယ်မှာတော့ မုန်းမဖွဲ့ ပျောက်နေတဲ့အကြောင်းကိုဘယ်သူမှ မသိကြသေးပေ။ နဂိုကတည်းက စံအိမ်အပြင်ထွက်ဖူးသူမဟုတ်၍ အပြင်ဘက် အသွားအလာမရှိတော့ ဘယ်သူမှအလွယ်တကူ ရိပ်မိနိုင်မှာမဟုတ်ဘူးလေ။ ဒါပေမယ့် ကြာကြာဖုံးကွယ်လို့တော့ ရမှာမဟုတ်။ အကောင်းဆုံးက အဲ့ဒီပြသာနာထုပ်ကို မြန်မြန်ရှာတွေ့ပြီး နှုတ်ပိတ်ထားနိုင်မှပါပဲ။

~~~~🍁🍁🍁🍁🍁~~~~

""ဒါဆို အခု သူ့ကိုဘယ်လိုလုပ်ကြမလဲ
ဘာမှလည်းမေးလို့မရဘူး""

""ကျွန်တော်တော့ သိပ်မယုံဘူး
သူ ဟန်ဆောင်နေတာလည်းဖြစ်နိုင်တယ်""

လှမ်းအသိပေးထားတဲ့ မန်နေဂျာဖြစ်သူရောက်လာတော့လည်း အခြေအနေက ထူးမလာ။ စောစောက ယောကျ်ားလေးတွေရှေ့မို့ ရှိန်ပြီး မပြောရဲတာလားထင်မိ၍ မိန်းကလေးဖြစ်တဲ့ အစ်မကို ခေါ်လိုက်ခြင်းပါ။ မိန်းကလေးချင်းဆို ချော့မော့မေးမြန်းကြည့်လို့ရနိုင်မည်မဟုတ်လား...

သို့သော်လည်း လက်တွေ့က အတွေးလောက်အဆင်ပြေမလာဘဲ ချာတိတ်မက ငိုမြဲတိုင်း ငို၊ သူတို့လည်း စိတ်ညစ်မြဲ ညစ်ပေါ့။ အခုဆိုနောက်မှရောက်လာတဲ့ မန်နေဂျာ အစ်မက အပိုပါလာသေးရဲ့။ ဒုက္ခပါနော်..ဒီအခြေအနေက တကယ့်ကိုရှင်းရခက်ကြီးပါပဲလား။

""အခု အဲ့ပြသာနာလေး ဘာလုပ်နေလဲ""

""ငိုပြီး အိပ်ပျော်သွားပြီထင်တယ်""

""ခက်တာပဲ..
အလင်းနှစ်...မင်းကရော သူလိမ်နေတယ်လို့ ဘာကြောင့်ထင်တာလဲ""

""ငါက ဖြစ်နိုင်ချေကို တွေးကြည့်ရုံပါ
သူတကယ်မသိတော့တာလည်း ဖြစ်ရင်ဖြစ်မှာပေါ့""

""ဟန်ဆောင်တာတော့မဟုတ်လောက်ဘူး...မင်းတို့ပြောပုံအရ သူကတကယ် အန္တရာယ်ရှိနေတယ်လို့ အစ်မစိတ်ထဲထင်မိတယ်..ကြောက်လန့်ပြီး ဘာကိုမှမတွေးနိုင်တော့တာထင်တယ်""

"" မင်းအကြာကြီးပျောက်နေလို့လည်းမရဘူး အလင်း...ရန်ကုန်မှာရိုက်ကူးရေးလက်စသတ်ဖို့တွေရှိသေးတယ်""

""Agencyကိုတော့အသိပေးလို့မဖြစ်ဘူး
သူနဲ့ပဲ ရအောင်ညှိနှိုင်းပြီး ရှင်းပြတောင်းပန်မှဖြစ်မယ်""

""ဟုတ်တယ်လေ...အဲ့ဒါကြောင့်ပဲ ဒီကိုခေါ်လာပေးတာ..အလင်းက သရုပ်ဆောင်ဆိုတော့ မလိုအပ်တဲ့အရှုပ်အရှင်း သတင်းတွေထွက်လို့မကောင်းဘူး""

""ဒါဆို သူ့ကိုဘယ်မှာထားခဲ့ရမလဲ""

အဖြေရှာမရသေးတဲ့ အမေးကြောင့် သုံးယောက်သားကြား နှုတ်ဆိတ်သွားရပြန်၏။ အစကတည်းက လိုအပ်တာထက်ပိုမပြောဘဲ အသံတိတ်နေသည့် အလင်းကတော့ အဝေးတစ်နေရာသို့သာ ငေးကြည့်နေမိသည်။ ခြံကျယ်ကြီးရဲ့ အိမ်ပေါ်ထပ် ဝရန်တာမှာရှိနေခြင်းမို့ ခပ်စိမ်းစိမ်းအပင်တွေနဲ့ သဘာဝရှုခင်းလေးက သာယာသော်လည်း ဘယ်နားထားခဲ့ရမှန်းမသိတဲ့ အရှုပ်ထုပ်လေးကြောင့် ခံစားချက်တို့ကတော့ မသာယာနိုင်ပေ။

ဟူး!! စိတ်တွေညစ်လိုက်တာ...

""ဒေါက်...ဒေါက်""

သက်ပြင်းလေးမှ ဖြောင့်ဖြောင့်မချရသေးခင် တံခါးခေါက်သံ ထွက်ပေါ်လာတာကြောင့် သုံးယောက်လုံး ချာခနဲလှည့်ကြည့်မိပြန်၏။ အိမ်ထဲမှာ လူလေးယောက်ပဲ ရှိနေတာလေ...အခုသုံးယောက်လုံး ဒီမှာဆိုတော့ အသံပေးသူက ကျိန်းသေဟိုကလေးမပဲပေါ့။

လှည့်ကြည့်လိုက်တော့လည်း တကယ်ပဲဟုတ်ပါသည်။ ဖွင့်ထားတဲ့ ဝရန်တာ တံခါးချပ်မှာ ခန္ဓာကိုယ်လေး တခြမ်းကွယ်ကာ မျက်နှာလေးပဲပြပြီး သူတို့ရှိရာဆီ ချောင်းကြည့်နေလေ၏။ အခန်းထဲကနေ ဘယ်လိုလုပ် ဒီကိုရောက်လာပြန်ပါလိမ့်! တော်တော်ခြေရှည်တဲ့ ကောင်မလေး...ကိုယ့်နေရာကိုယ်မနေတတ်တဲ့ မင်းက ပြသာနာရှာတတ်မယ်ဆိုတာလည်း တကယ်ယုံရလောက်ပါရဲ့ ။

""မင်း...ဒီကိုဘာလို့ထွက်လာတာလဲ?
ငိုလို့ပြီးပြီလား?""

""Alexရယ် နင့်အသံကြီးကို လျှော့ပါဦး
ဟိုမှာကလေးလန့်သွားမယ်""

ဘေးနားကနှစ်ယောက်ထံသို့ တစ်ချက်ကြည့်ပြီး မျက်လုံးတို့က တဖြေးဖြေးနဲ့ သူ့ဘက်ရွှေ့လာပြန်သည်။ သူလည်း ခပ်တည်တည်ပဲလှမ်းကြည့်ရင်း ဘာလဲ ဆိုသည့် ပုံစံမျိုးဖြင့် မေးဆတ်ပြလိုက်တော့ တံခါးအကွယ်လေးမှ လူတစ်ကိုယ်လုံးထွက်လာလေ၏။ ပြီးတော့ ဒဏ်ရာရှိသည့်ခြေထောက် ထော့နဲ့နဲ့ဖြင့် တရွေ့ရွေ့လှမ်းထွက်လာသည့် ခြေလှမ်းတို့က 'အလင်းနှစ်'ဆိုသော ဒီလူသားဆီ...။

ဘာလဲ? သူ့ကို လှမ်းခေါ်တယ်များ ထင်လိုက်သလားမသိ။ ဒီကောင်မလေးကြည့်ရတာ လူအရိပ်အကဲလည်း နားလည်ပုံမရပါလား..။

""ညီမလေး...ဘာဖြစ်လို့လဲ
ဘာလိုချင်လို့လဲဟင်""

""မင်းတစ်ခုခုစဥ်းစားမိလာလို့လား?""

""ဟင့်အင်း!""

အနားသို့ အပြေးအလွှားရောက်သွားကာ မေးမြန်းနေကြသူတွေကတော့ ထုံးစံအတိုင်းအငြင်းစကားသာကြားရပြန်သည်။ ပြီးတော့ မျက်လုံးတို့က သူ့ထံ ဆက်ရွှေ့လာပြန်ကာ ခြေလှမ်းကပါ တစ်ထပ်တည်းရွှေ့လာပြန်သည်မို့ စိတ်မရှည်တော့စွာ နေရာမှထရပ်လိုက်ပြီး ထိုအနားသို့ ခြေလှမ်းကျဲဖြင့်လျှောက်သွားကာ သူမရဲ့ခါးလေးမှ လက်တစ်ဖက်ဖြင့် ဆတ်ခနဲ 'မ'ချီ၍ အိမ်ထဲဘက်ပြန်ဝင်လာခဲ့သည်။ လက်ထဲက ကလေးမကတော့ လေထဲလွတ်နေသည့် ခြေထောက်တွေကို ဟိုဘက်ဒီဘက်လွှဲရင်း ယက်ကန် ယက်ကန်ဖြစ်နေလေ၏။

""ဟို...ဘာလို့လဲ
ကျမ လမ်းလျှောက်နိုင်ပါတယ်..အောက်ချပေး""

ဘာပဲပြောပြော သူကလည်း အလျှော့မပေးတတ်သူမို့ တုံ့ပြန်စကားမဆိုဘဲ အခန်းထဲသို့သာရောက်အောင် လျှောက်လာခဲ့ပြီး ကုတင်ထက်သို့တင်ပေးကာ သူလည်းအနားမှာဝင်ထိုင်လိုက်သည်။ ခြေထောက်ကဒဏ်ရာတွေကို ကြည့်မိတော့ သွေးတွေ ပြန်ထွက်နေ၍ စားပွဲပေါ်ရှိ ဆေးကိုယူကာ သူမရဲ့ ခြေထောက်ကိုလည်း ပေါင်ပေါ်ဆွဲတင်လိုက်ပြီး ဆေးထည့်ပေးမိပြန်၏။



""......""

ဘာစကားတစ်ခွန်းမှမပြောမှပဲ မျက်နှာတည်လွန်းတော့ အစက သူ့ကိုကြောက်မိပေမယ့် မရက်စက်တတ်တဲ့ မျက်ဝန်းတို့ကြောင့် အနည်းငယ်တော့စိတ်အေးရပါသည်။ သူကလူဆိုးတော့ မဟုတ်နိုင်မှန်း ခံစားမိ၍ စိတ်ချထားနိုင်ခြင်းပါ။

ခြေထောက်ကဒဏ်ရာကိုပဲ စိုက်ကြည့်ကာ တည်ငြိမ်လွန်းနေသည့် ဟန်ပန်နဲ့ မျက်လုံးတို့ကလည်း ဘယ်ကိုမှမရွှေ့။ ဘေးတစောင်းအနေအထားဖြင့် တွေ့နေရသည့်မျက်နှာကလည်း ကြည့်ကောင်း ချောမောနေပြန်၏။ နှာခေါင်းလုံးလုံးလေးရယ် ၊ မထူမပါးနဲ့ သေသပ်တဲ့နှုတ်ခမ်းပါးရဲရဲလေးတွေက မိန်းကလေးတွေထွက်တောင် ပိုပြီးနူးညံ့နေမည့်ပုံစံဖြစ်ကာ လေးထောင့်ဆန်ဆန် အချိုးကျသည့် မေးရိုးရှိတော့ အတော်လေးကို ယောကျ်ားပီသစွာချောမောသူပင်။

ခုနက ကြားမိတာ သူက သရုပ်ဆောင်ဆိုလားပဲ
သရုပ်ဆောင်ဆိုတာ ရုပ်ရှင်ရိုက်တဲ့မင်းသားကိုပြောတာဖြစ်မယ်...။ မင်းသား...။သူကမင်းသားလေးပဲ။

သူများအကြောင်းတွေးနေရင်းမှ ကိုယ့်အဖြစ်ကိုယ်သတိရမိပြန်တော့ စိတ်မအေးစွာသက်ပြင်းချမိသည်။ ဒါနဲ့...ငါက ဘယ်ကိုဆက်သွားရမှာလဲ
ဒီမှာအမြဲနေလို့မှမရတာ...။ ဘယ်သူတွေမှန်းမသိပေမယ့် ဒီမှာ ငါ့ကိုလိုက်ဖမ်းမယ့်သူတွေရှိတာဆိုတော့ ဒီအနီးအနားမှာဆက်နေလို့တော့မဖြစ်ဘူး။ ဘယ်ကိုသွားရမလဲ...ငါ့မှာအိမ်ရောရှိလား?

""ပြောလေ...မင်းခုနက ကြိုးစားပမ်းစားနဲ့ငါ့ဆီလျှောက်လာတာ ပြောစရာရှိလို့လား?""

""ဟင့်အင်း...မရှိပါဘူး
တကယ်တော့လေ...""

""အင်း...""

""ဗိုက်ဆာနေတယ်""

သြော်! ဟုတ်သား။ သတိရလာကတည်းက ကိုယ့်အတွေးနဲ့ကိုယ် စိတ်များပြီး သူ့ကိုဘာမှမကျွေးရသေးဘူးပဲ။

""အင်း...ခဏစောင့်""

ပြောလိုက်ပြီးတော့ ဆေးထည့်ခြင်းအလုပ်ကိုပဲ ပြီးအောင်ဆက်လုပ်နေလိုက်သည်။ ဖိနပ်မပါဘဲ ပြေးလာခဲ့တော့ ခြေဖဝါးတွေမှာ ပွန်းပဲ့ဒဏ်ရာတွေ ဗရပွဖြစ်ကာ စောစောက နင်းလျှောက်လာခဲ့သည့်အရှိန်ကြောင့် သွေးလေးတွေစို့နေသေးရဲ့။ ကိုယ်ကသာ ဒဏ်ရာရဖူးပေမယ့် သူများဒဏ်ရာကို တစ်ခါမှဆေးထည့်တာမျိုးမလုပ်ခဲ့ဖူးတော့ နာသွားမှာစိုးစိတ်ဖြင့် ဆေးကို ဖြေးဖြေးချင်းလိမ်းပေးရသည့်အတွက် တော်တော်နဲ့မပြီးနိုင်ပေ။ ဆေးလိမ်းနေရင်းမှ လက်ကတစ်နေရာအရောက် သူမက မျက်နှာလေးတွန့်သွားပြီး ခြေထောက်ကိုရုန်းကာ..

""အ! အ! နာတယ်""

""Sorry!""

""ရပြီ...ရပြီ စပ်နေပြီ""

""ကျစ်! မရုန်းနဲ့လေကွာ
ဒီမှာ သွေးပြန်ထွက်နေပြီ... မြင်လား?""

""....""

ပြောလိုက်တော့လည်း ငြိမ်ကျသွားလေ၏။ သူသတိထားမိတာတစ်ခုက ဒီကောင်မလေးရဲ ခြေဖဝါးတွေ လိုအပ်တာထက်ပိုပြီးနူးညံ့လွန်းနေခြင်းပင် ။ ပြောရရင် ခြေထောက်ကို နေ့စဥ်အသုံးပြုပြီး လမ်းလျှောက်ရဲ့လားတောင်မသိ။ လူပုံစံကလည်း ပျော့ဖတ်ဖတ်နဲ့ အသားအရည်ကလည်း အထိအခိုက်မခံလောက်အောင် နူးညံ့လွန်းနေသည်။ ဒါကြောင့်လည်း ဒဏ်ရာတွေရလွယ်တာပေါ့။ ကြည့်ရတာ မင်းက ကြမ်းတမ်းတဲ့ဘဝကနေ လာခဲ့တာတော့ မဟုတ်ဘူးပဲ ။ မင်းကို အန္တရာယ်ပြုချင်တဲ့သူတွေကရော ဘာကိုလိုချင်နေတာလဲ?

ခက်နေပါပြီ။ သိဖို့မလိုသော မေးခွန်းကို သူခဏခဏပဲ သိချင်နေမိသည်။ ဘာကြောင့်လဲ အလင်းနှစ်! သူက မင်းနဲ့မဆိုင်ဘူးလေ။ ဒီအတိုင်း ခဏတဖြုတ်ဆုံမိရုံပဲ...ဒီအတိုင်း အမှတ်မထင်တွေ့ဆုံမှုလေးပါပဲ။ သိပ်ပြီးအာရုံမထားရအောင်...

ကိုယ့်ကိုကိုယ် ဖြေသိမ့်တွေးကာ သက်ပြင်းချရင်း ခေါင်းကိုသာ တွင်တွင်ခါယမ်းမိတော့၏။

တစ်ဖက်မှာတော့ အခန်းထဲကမြင်ကွင်းကို တအံ့တသြလေးငေးကြည့်နေသူနှစ်ယောက်...

""အစ်မ..အစ်မ ကျွန်တော်ဘာမြင်လိုက်တာလဲ
ကျွန်တော်မြင်တဲ့အတိုင်း အစ်မရောမြင်လား?""

""အေး...မြင်တယ်လေ""

""အလင်းက ကောင်မလေးခြေထောက်ကိုဆေးထည့်ပေးနေတယ်""

""အေး..ထူးထူးဆန်းဆန်းပဲ
ငါတို့မင်းသား ခပ်ချေချေရေခဲတုံးဖြစ်သွားပြီးကတည်းက ဂရုတစိုက်အကြည့်ခံရတဲ့မိန်းကလေးက သူပထမဆုံးပဲ""

""ဟုတ်ပါ့""

~~~~🍁🍁🍁🍁🍁~~~~

ဒီလိုနဲ့ ညနေစောင်းသာရောက်သွားခဲ့သည်။ ဟိုကလေးမကို ဘယ်လိုစီစဥ်ရမယ်မှန်းအခုထိမသိနိုင်သေးပေ။ သူ့ကိုမေးတော့လည်း သွားစရာမရှိဘူးတဲ့! ဟုတ်ပါပြီ။ ဒီလိုဆို စိတ်ချရမယ့်တစ်နေရာမှာ အပ်ထားပေးခဲ့မယ်ဆိုတော့လည်း လိုက်ဖမ်းမယ့်သူကို ကြောက်ပြန်တယ်တဲ့! ဖမ်းမယ့်သူဆိုတာလည်း ကိုယ်ပြောပြထားလို့သာသိတာ သူ့ကိုဘယ်သူကသတ်ချင်မှန်းတောင် မသိပါဘဲ စကားနဲ့တင်ကြောက်နေသည့်အဖြစ်။ ခဏလေးအိပ်ပျော်သွားရင်လည်း အိပ်မက်ဆိုးမက်ကာ လန့်ငိုတတ်သေးသည်။ ဒီလိုဆိုတော့ တကယ်ပဲစိတ်မချစရာအခြေအနေမို့ ဘယ်နားမှထားစရာမရှိပေ။

""မင်းကဘာလုပ်ချင်လဲ
ဘယ်သွားချင်လဲဆိုတာပြော...ငါတို့ဘက်က တာဝန်ရှိတယ်ဆိုတော့ မင်းတောင်းဆိုတာကိုလုပ်ပေးမယ်""

""အလင်း...အစ်မတို့ရန်ကုန်ပြန်မှဖြစ်တော့မယ်
Showပွဲက ၃ရက်ပဲလိုတော့တာ...rehearsalနှစ်ချိန်လည်းလွတ်ထားတော့ နက်ဖြန်ကို ရှိမှဖြစ်မယ်
ဟိုမှာ ရိုက်လက်စ ကြော်ငြာ...""

""ရှင်တို့နဲ့အတူလိုက်ချင်တယ်
ရမလားဟင်""

""ဘယ်လို!""

ရုတ်တရက်ထွက်ပေါ်လာသည့် တောင်းဆိုမှုကြောင့် သုံးယောက်လုံး ဆွံ့အသွားရသည်။ ဒါကိုတော့ သူလည်း တွေးမထားမိ၍ ဒီတောင်းဆိုချက်မှာ အနည်းငယ်တော့အံ့အားသင့်မိရင်း...

""မင်းက ဒီမြို့ကလူလေ
ဒီမှာနေမှ မင်းမိသားစုနဲ့ဆက်သွယ်လို့ရမှာပေါ့
အခုခေတ်က လူရှာလို့လွယ်ပါတယ် မင်းရဲ့ပုံကို socialမှာတင်လိုက်ရင် မင်းမိသားစုကတွေ့တဲ့အခါဆက်သွယ်လိမ့်မယ်""

""Social? အဲ့ဒါဘာကိုပြောတာလဲ?""

""ဗုဒ္ဓေါ! ဒါလည်းမင်းမသိပြန်ဘူးလား...အလင်းရေ.. မဟုတ်မှသူ ဒီလောက ကမှဟုတ်ရဲ့လားမသိဘူး""

သူငယ်ချင်းဖြစ်သူရဲ့အပြောကြောင့် အလင်းလည်း ပြုံးသားပြုံးမိရင်း...

""အင်း...နားလည်အောင်ပြောရရင် မင်းရဲ့ဓာတ်ပုံကို အများသိအောင်တင်လိုက်တာမျိုးလေ""

""ဟင်..ရှင်ပြောတော့ ကျမကလိုက်ဖမ်းတဲ့သူတွေဆီကနေ ထွက်ပြေးလာတာဆို..ဘာမှသေချာမသိဘဲဒီလိုလုပ်ရင် ကျမကိုအဲ့ဒီလူတွေရှာတွေ့သွားရင်ရော""

သိပါတယ်။ ဒါကို သူ မသိလို့မဟုတ်ပေမယ့် လုပ်နိုင်မယ့် နည်းလမ်းကို သဘာဝကျကျပြောပြခြင်းပါ။ ဒီလိုလုပ်တာက သူမရဲ့အတိတ်နဲ့ မိသားစုကိုပြန်ရှာတွေ့နိုင်ပေမယ့် ပုံမှန်လောက်မရိုးရှင်းတဲ့ ဟိုလူတွေကို အသိပေးသလိုဖြစ်ပြီး အရင်ရှာတွေ့သွားမှာလည်း ပူရပြန်၏။

""အလင်း..မင်းအဲ့လိုလုပ်ရင် ငါတို့ကားနဲ့တိုက်မိတဲ့ကိစ္စလည်း ရှင်းရလိမ့်မယ်...တိုက်မိလားမသေချာပေမယ့် ငါတို့နဲ့သူ အတူရှိတာ ၂၄နာရီကျော်တော့မယ် ...ဒီတော့ ငါတို့ကသူ့ကိုလက်ခံခေါ်ထားတာပဲလေ...သူ့အနောက်က ဘာအရှုပ်တွေရှိမှန်းလည်းငါတို့မသိရဘူး...ခက်တယ်ကွာ""

""အဲ့ဒါကြောင့် ကျမရှင်တို့နဲ့ခဏလေးလိုက်ပါရစေနော်...အားလုံးကိုမှတ်မိအောင် စဥ်းစားပါ့မယ် ဒီမှာဆက်နေတာ ကျမအတွက်မလုံခြုံဘူးလို့ခံစားရတယ်...ကယ်ပေးပါ...မထားခဲ့ပါနဲ့နော်""

""ဒါပေမယ့် ညီမလေး အစ်မတို့ဘက်ကလည်း
အဆင်မပြေတဲ့အခြေအနေလေးတွေရှိတယ်""

""ဟုတ်တယ်...လိုက်ပြီးတော့ မင်းကဘယ်မှာနေမှာလဲ""

ဟိုနှစ်ယောက်ရဲ့အပြောတွေကို ဘာမှပြန်မဖြေတော့ဘဲ ခေါင်းငုံ့ကာ မျက်ရည်ကကျသွားပြန်သည်။ သူလည်း ထိုကောင်မလေးဆီတစ်ချက်လှမ်းကြည့်ရင်း ဆုံးဖြတ်ချက်တစ်ခုကိုချကာ နေရာမှထရပ်လိုက်ပြီး...

""ပြန်မယ်...အခုချက်ချင်း""

""ဒါဆိုသူ့ကိုရော..""

""ခေါ်သွားမယ်""

""ဟင်!!

~~~~🍁🍁🍁🍁🍁~~~~
Continue to >>>Part-6

Readers/WritersလေးတွေအားလုံးကVIPပါ

Writer-WineSatt Cho(🍋Lëmoñ🍋)


rate now: