🍁ကြင်နာသူ ... ရွှေမင်းသား🍁
(or)
🍁 သူ့ 'ချစ်ခြင်း' ကြောင့် 'လင်း'ပါသည်။🍁
••••••••••• Part-[ 4 ] •••••••••••
စကားသံ တိုးလျလျလေး မဆုံးလိုက်ခင်မှာပင် မျက်လုံးတို့ မှိတ်ကျသွားကာ အင်္ကျီကိုလာရောက် ဆုပ်ကိုင်ထားသည့် လက်တို့ကလည်း ဘေးတစ်ဖက်သို့ ကျသွားလေတော့ ဘေးနားက သူငယ်ချင်းဖြစ်သူမှာ အလန့်တကြားဖြင့် လှုပ်နှိုးနေသော်လည်း အကြောင်းမထူးပေ။ အလင်းကတော့ ရုတ်တရက်အကြည့်မှာ သူ့ရင်ထဲက တမ်းတခြင်းနဲ့ ဆင်သလိုရှိသည့် အသွင်သဏ္ဌာန်နဲ့ သုံးနှုန်းသွားသည့် နာမ်စားကအစ တစ်ထပ်တည်းတူနေသည့် မိန်းကလေးကို ပွေ့ထားလျက်ဖြင့် ဒီအတိုင်းသာ ငုံ့ကြည့်နေမိစဥ်...
""ပြသာနာပဲ...ခေါ်လို့မရတော့ဘူး
အသက်..အသက်တော့ရှိသေးတယ်...ငါတို့ကားနဲ့တိုက်မိလိုက်လား""
""မသိဘူး...ငါ ဘရိတ်တော့နင်းလိုက်တာပဲ
တိုက်မိလား မသေချာဘူး""
""ဒါဆို သွားမယ် လာ လာ
ကားပေါ်တက်""
""ဟမ်!...သူ့ကို ဒီမှာဘယ်လိုလုပ်ထားခဲ့မလဲ?""
""ဟာ...အဲ့ဒါငါတို့နဲ့မဆိုင်ဘူးလေ
ကြည့်ဦး! တစ်ကိုယ်လုံးလည်းဒဏ်ရာတွေနဲ့။ ဘယ်ကဘယ်လို အသက်လုပြေးလာမှန်း မသိဘူး...ဇာတ်ရှုပ်တစ်ခုခုပဲဖြစ်မယ်""
အလင်း ပြန်ငုံ့ကြည့်လိုက်တော့လည်း ဟုတ်သည်။ မျက်နှာပေါ်မှာရော လက်တွေအပြင် ဖိနပ်မပါသည့်ခြေထောက်တွေမှာလည်း သွေးသံရဲရဲဖြစ်နေလေ၏။ 'သတ်လိမ့်မယ်' 'ကယ်ပါ'လို့လည်း ပြောသွားသေးတော့ ဒီကောင်မလေးမှာ အသက်အန္တရာယ်ရှိသည့်အခြေအနေပဲမဟုတ်လား။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအတိုင်းထားပစ်ခဲ့ဖို့ မသင့်တာတော့အမှန်။ ထိုအတွေးကြောင့် အလင်း လက်ထဲရှိနေသည့် ခန္ဓာကိုယ်လေးကို ပွေ့ချီလိုက်တော့ သူငယ်ချင်းဖြစ်သူမှာ အလန့်တကြားအမူအရာဖြင့်...
""ဟေ့ကောင်! မင်းဘာလုပ်မလို့လဲ?""
""ဒီလောက်ဒဏ်ရာတွေအများကြီးကို...ဆေးရုံပို့မှဖြစ်မှာပေါ့""
""မရဘူးလေ..အားလုံးရှုပ်ကုန်မှာပေါ့
ငါတို့ကားနဲ့ accidentဖြစ်ထားတာ...သူကလည်း နောက်ကြောင်းရှင်းပုံမရဘူး...ပြီးတော့မင်းက သာမန်လူမဟုတ်ဘူး...ဒီကိစ္စ အပြင်ကိုပေါက်ကြားပြီး mediaတွေပါလိုက်လာရင် အားလုံးရှင်းရခက်ကုန်မယ်""
""ဒါပေမယ့် လူ့အသက်ကပိုအရေးကြီးတယ်လေ
တော်ကြာသေသွားမှဖြင့်...""
""မဟုတ်ဘူး...မဟုတ်ဘူး ခဏလေး
ငါစဥြးစားပါရစေဦး""
မိုးလင်းလုဆဲဆဲ ကောင်းကင်က အမှောင်တော့မပြယ်သေးသည့်အတွက် ဘေးပတ်ဝန်းကျင်တွေမှာ အလင်းရောင်တို့ရှိမနေဘဲ သူတို့ကားရဲ့ မီးရောင်ကသာ တစ်ကွက်တည်းလင်းနေတာကြောင့် Alexက မီးကို ပြေးပိတ်ကာ အနားသို့ကပျာကယာ ပြန်လျှောက်လာပြန်၏။
""ဒီမှာ ကြာနေလို့မဖြစ်ဘူး
မင်းစဥ်းစားတာနောက်မှ စဥ်းစား""
ခပ်တည်တည်အကြည့်နဲ့ ပြောလိုက်ပြီးမှ ထိုကောင်မလေးကို ပွေ့ကာ ကားနောက်ခန်းထဲထည့်ပေးလိုက်ပြီး မောင်းထွက်လာခဲ့သည်။ အနားမှာတော့ ဂနာမငြိမ်နိုင်ဖြစ်နေသူက Alex။ သူစိတ်ပူတာ ကိုယ့်အတွက်မှန်းသိပေမယ့် ဒါ လူ့အသက်နဲ့ဆိုင်တဲ့ ကိစ္စမို့ သူ ဥပေက္ခာမပြုရက်နိုင်ပေ။ တကယ်ပဲ ရှုပ်ထွေးတဲ့အခြေအနေမှန်း တွေးမိပေမယ့် ဒီတစ်ခဏလေးမှာပဲဖြစ်ဖြစ် သူမကို အန္တရာယ်မှ လွတ်မြောက်စေချင်သည်။ ကယ်တင်ပေးနိုင်ဖို့ အခွင့်အရေးကိုလည်း လက်ရှိမှာ ကိုယ် အပြည့်အဝပိုင်နေသည် မဟုတ်လား။ ပြီးတော့ သူမနှုတ်ဖျားမှ ထွက်လာခဲ့သည့် နာမည်လေးကြောင့်လည်း အားကိုးစွာ ဆုပ်ကိုင်လာသည့် ထိုလက်တို့ကို နှလုံးသားက မငြင်းဆန်နိုင်ခဲ့တာဆို ပိုမှန်မည်။
'ဖွဲ့'ဆိုတဲ့ နာမည်နဲ့ပတ်သက်လာရင် သူ့နှလုံးသားက အလိုလို တုံ့ပြန်မှုရှိနေတတ်တာ စွဲမြဲနေတဲ့ အလေ့အထလို့ပဲ ဆိုရမလား...။ဒါမှမဟုတ် မပျောက်ကင်းနိုင်တဲ့ ဒဏ်ရာပဲလားတော့ သဲသဲကဲကွဲမသိနိုင်ပေ။
""ဆေးရုံကို မမောင်းနဲ့...အလင်း
မင်း မျက်နှာကိုပြလို့မဖြစ်ဘူး...ဒီလိုလုပ် ငါ့ဦးလေးပိုင်တဲ့ ခြံမှာ အိမ်အလွတ်တစ်လုံးရှိတယ်...အဲ့ဒီမှာ ကြည့် စီစဥ်မယ်""
""ဒါပေမယ့် သူ့မှာ ဒဏ်ရာတွေ...""
""ဆရာဝန်!...ဆရာဝန်ခေါ်ရင်ရပြီမလား
သူ မသေနိုင်ပါဘူး""
""အင်း...ပြီးရော""
ဒီလိုနဲ့ ကားလေးရဲ့ ဦးတည်ရာက ခြံတစ်ခြံဘက်သို့ ဦးတည်လာခဲ့သည်။ လတ်တလောတော့ ဒီပြသာနာကို ဘယ်လိုရှင်းရမယ်မသိ။ မကြာခင်လည်း မိုးလင်းတော့မည်။ ဒီကောင်မလေး သတိရလာရင်တော့ မေးသင့်တာ မေးပြီး ညှိနှိုင်းလို့ရမယ် ထင်တာပါပဲ။
~~~~🍁🍁🍁🍁🍁~~~~
'ရွှေပတ္တမြား'စံအိမ်မှာတော့ သခင်မလေးထွက်ပြေးသွားသည့် ကိစ္စအတွက် အတော်လေး ဂယက်ရိုက်နေလေ၏။ အဓိက ကတော့ ဒေါသတွေအစိုးမရ ပေါက်ကွဲနေသည့် သခင်မကြီးပင်။ အခုဆို မိုးစင်စင်လင်းနေချေပြီ။ လွှတ်ထားသည့် လူတွေဆီက ရှာမတွေ့ဘူးဆိုသည့် စကားကိုသာ ကြားနေရသည့်အတွက် ဒေါသစိတ်တို့က ပိုလို့ပင်ပေါက်ကွဲနေရကာ ဖြစ်နိုင်ရင် စံအိမ်တစ်ခုလုံးရော၊ တစ်မြို့လုံးကိုပါ မြေလှန်ပစ်လိုက်ချင်၏။ ဝေးဝေးလည်း ပြေးနိုင်မှာမဟုတ်သည့် ဒုက္ခိတတစ်ယောက်က ဘယ်လိုအတတ်ပညာနဲ့များ ကိုယ်ယောင်ဖျောက်သွားနိုင်ရပါသနည်း။ ကူညီပေးမယ့်သူရှိနေ၍ပဲလား...။ဒါကလည်း စဥ်းစားစရာပင်။ ၇နှစ်လုံးလုံး ဒုက္ခိတဖြစ်လာခဲ့ပြီး စံအိမ်ကလူတွေမှလွဲရင် တခြားသူကို စကားတောင်မပြောခဲ့ဖူးသလို အိမ်ကိုဝင်ထွက်သည့် လူတွေကလွဲလို့ သူ့ကိုမြင်ဖူးတဲ့သူတောင် ခပ်ရှားရှားရယ်။ ဒီတော့ အခုလိုရုတ်တရက်ပျောက်ဆုံးသွားတာက ထူးဆန်းလွန်းနေပြီ။
တုံးအသလိုနဲ့ စဥ်းစားဥာဏ်လေးတော့လည်း ရှိရှာသား။ သူ့ခြေထောက်တွေပြန်ကောင်းနေတာကို ပိပိရိရိဟန်ဆောင်ပြထားလေရဲ့ ။ ညာနေမှန်းဘယ်လိုမှကို မရိပ်မိခဲ့ရသည့်အတွက် ဒီနေရာမှာတော့ တစ်ကွက်လိုသွားခဲ့သလို အဓိကတရားခံကတော့ လေညှင်းသွဲ့သာပါပဲ။ သူ ရေထဲတွန်းချပြီး သေကြောင်းကြံတဲ့ကိစ္စမှာ မုန်းမဖွဲ့က မသေတဲ့အပြင် အလန့်တကြားရုန်းကန်ခဲ့သည့် အရှိန်ကြောင့် အခုလိုပြန်ဖြစ်သွားခဲ့တာဖြစ်နိုင်သည်။ လေညှင်း...မိလေညှင်း...တရားခံက နင်ပဲ။
"" တောက်! မြန်မြန်ပြန်ရှာလာခဲ့စမ်း
အခုချက်ချင်း သူ့ကို ငါ့ရှေ့ခေါ်လာတာမြင်ချင်တယ်""
""ဒီအနီးအနားတစ်ဝိုက်မှာ လုံးဝရှာမတွေ့တော့ဘူး""
""ခက်နေပါပြီ...ဒီကိစ္စကအပြင်ကိုပေါက်ကြားလို့လုံးဝမဖြစ်ဘူး...အားလုံးနားထောင်စမ်း! မုန်းမဖွဲ့ ပျောက်နေတဲ့ကိစ္စကို ဘယ်သူမှထုတ်မပြောရဘူး..ဒီသတင်း စံအိမ်အပြင်ဘက်ရောက်လို့ကတော့ အားလုံးငါ့လက်မှာသေမယ် ကြားလား?""
""ဟုတ်...ဟုတ်ကဲ့""
""မမလေး နိုးလာပါပြီ သခင်မကြီး""
အစေခံတစ်ယောက်က ပြေးလာကာ ပြောလိုက်တော့ ဒေါ်ဧကရီက ခြေလှမ်းကျဲများဖြင့် အပေါ်ထပ်သို့တက်သွားလေ၏။ သမီးတစ်ယောက်လုံးပျောက်တာကို သက်ဆိုင်ရာသို့အကြောင်းမကြားသည့်အပြင် စိုးရိမ်တာထက် ဒေါသကြီးနေသည့် ပုံစံသာရှိတဲ့ မိခင်။ သမီးအရင်းက ထွက်ပြေးပြီး မွေးစားသမီးက ဒဏ်ရာဒဏ်ချက်ဖြင့် ကျန်နေခဲ့ကာ သူက သခင်မလေးကို အန္တရာယ်ပြုဖို့ကြိုးစားခဲ့တာမဟုတ်လား? ဒါကို အပြစ်တစ်ခွန်းမှမဆို ၊ အခြေအနေကိုမမေးမြန်းဘဲ ဒီအတိုင်း ရှိနေတဲ့သဘောက ဘာများလဲ?သေချာသည်က ဒီအရှုပ်အထွေးကို ဘယ်သူမှနားမလည်နိုင်သေးပေ။
~~~~~~🍁~~~~~~
လေညှင်းရဲ့ဒဏ်ရာက ပြင်းပေမယ့် အသက်အန္တရာယ်မစိုးရိမ်ရတာတော်သေးသည်။ ဒီတစ်ပူငြိမ်းရသော်လည်း မငြိမ်းနိုင်သည့်စိတ်က ဟိုကလေးမကို ရှာမတွေ့ခြင်းပင်။ သူသိထားတဲ့ကိစ္စတစ်ချို့အတွက် ဒီလိုလွတ်မြောက်သွားခြင်းဟာ အန္တရာယ်များလှသည်။ ဒါကြောင့်လည်းသေတဲ့အထိ ဒီစံအိမ်ထဲမှာပဲ ပိတ်လှောင်ထားချင်ခဲ့တာကို...အခုတော့ ရအောင်လွတ်သွားသေးသည့်အဖြစ်။ ဒီနှစ်တွေအတွင်း အမည်ခံသာရှိပေမယ့် သူ့ကျန်းမာရေးအတွက် ထိရောက်တဲ့ကုသမှုလည်း မလုပ်ပေးခဲ့ပါဘဲ ဘယ်လိုကြောင့်များ အဲ့ဒီခြေထောက်တွေက ရပ်နိုင်သွားရပါလိမ့်။
""ရွှီ!""
မအေးနိုင်သည့်စိတ်နဲ့အတူ အခန်းထဲ ဟို ဒီ လျှောက်နေရင်းမှ အချက်ပေးလေချွန်သံသဲ့သဲ့ကြောင့် လျှို့ဝှက်အခန်းရဲ့ တံခါးကို ဖွင့်ကာဝင်လာခဲ့သည်။ မှောင်ရိပ်ရိပ်အခန်းထဲ၌ တရွေ့ရွေ့တိုးလာနေသည့် အရိပ်သဏ္ဌာန်က အကြောင်းကိစ္စရှိတိုင်း ရောက်လာတတ်သူပင်။
""အခုထိ ဘာမှမထူးသေးဘူးလား
ကျမ စိတ်မရှည်တော့ဘူး""
""ဒါကြောင့် အစကတည်းက ကိုယ်ပြောတယ်လေ
အဲ့ဒီကလေးကို ရှင်းလိုက်ပါလို့...အခုတော့ အသက်ရှင်ခွင့်ပေးထားလို့ ရှုပ်ကုန်တော့မယ်""
""ရှင်သာ တွေ့အောင်ရှာစမ်းပါ
သူက ဘယ်လောက်ဝေးဝေးသွားတတ်မှာလဲ
စံအိမ်တံတိုင်းကို ကျော်ပြီးအပြင်မထွက်တာ နှစ်ချီနေပြီ သူဘာမှသိမှာမဟုတ်ဘူး..တစ်နေရာမှာပုန်းနေတာပဲဖြစ်လိမ့်မယ်""
""မင်းပြောသလောက်မလွယ်ဘူး ဧကရီ
အခုနေ သူ့ကိုတွေ့ထားတဲ့သူတစ်ယောက်ယောက်ရှိနေမလားတောင်မသိဘူး""
""မရဘူး...သူက ကျမအကြောင်းကိုသိထားတယ်
သူအပြင်ရောက်သွားတာ အန္တရာယ်များတယ်""
""ကိုယ်တွေ့အောင် ရှာပေးပါမယ်
စိတ်အေးအေးထား""
""သူ့အသက် ၂၀ပြည့်တော့မှာ...ဒီကြားထဲတစ်ခုခုလွဲချော်သွားလို့မဖြစ်ဘူး""
""အဘိုးကြီးကသိပ်ပါးနပ်တာပဲ
အမွေပမာဏအများဆုံးကို သူ့မြေးအတွက်အနာဂါတ်စီမံကိန်းလုပ်ပေးသွားတယ်...ငါတို့ကို လာမရှုပ်ဖို့ သတိပေးသွားတာလေ""
""ဟုတ်တယ်...သမီးလုပ်တဲ့သူကိုတောင်နည်းနည်းလေးပေးခဲ့တာ...ကျမကတော့ ဒီစံအိမ်နဲ့ပိုင်ဆိုင်မှုမှန်သမျှအကုန်လိုချင်တယ် မုန်းမဖွဲ့ပိုင်ရမယ့်အမွေတွေရော အားလုံးပဲ...ဒါကြောင့်လည်း အပင်ပန်းခံပြီး ဒီအချိန်ထိစောင့်လာတာ...အခု အချိန်ပြည့်ခါနီးကျမှ...""
""ကဲပါ...သည်းခံပြီး ခဏစောင့်""
""စောင့်နေတဲ့ အချိန်မှာ အောက်ထပ်က အစေခံတွေကိုလည်း တစ်ခါတည်းရှင်းသွားလိုက်...ညကကိစ္စကို မြင်ထားတဲ့သူတွေ...။သူတို့ပါးစပ်တွေ မယုံရဘူး""
""Ok Ok!""
ပြောပြီးတာနဲ့ အမှောင်ရိပ်ထဲမှ ထိုလူက တဖြေးဖြေးဝေးကွာသွားခဲ့ပြန်၏။ လျှို့ဝှက်ခန်းက ဒေါ်ဧကရီရဲ့ အိပ်ခန်းကနေ ခြံရဲ့အနောက်ဘက်အထိ ဆက်ထားတာမို့ ဝင်သာတဲ့ လျှို့ဝှက်လမ်းတစ်ခုသဖွယ်ဖြစ်ကာ ဤလမ်းကိုလည်း စောစောကလူတစ်ယောက်သာ ဝင်ထွက်ခြင်းပြုသည်။ တခြားသူတွေ အသွားအလာမရှိသလို ဘယ်သူကမှလည်း မသိခဲ့ကြချေ။
~~~~🍁🍁🍁🍁🍁~~~~
မိုးသာလင်းလာပေမယ့် ညက ဒုက္ခသည်မလေးရဲ့မျက်လုံးများကတော့ အခုထိတိုင်ပွင့်မလာပေ။ ဒီတော့ ဘယ်လိုဆက်လုပ်ရမည်မသိသေးတဲ့ အခြေအနေမှာ အလင်းနှစ်ရော သူငယ်ချင်းဖြစ်သူပါ ထိုကလေးမကို ဒီအတိုင်း ထိုင်ကြည့်နေရသည့် အဖြစ်။ အခုရောက်နေသည့် ခြံရဲ့အစောင့်ဖြစ်သူ အကူအညီဖြင့် ဆရာဝန်တစ်ယောက်ခေါ်ကာ သူမရဲ့ ဒဏ်ရာတွေကိုဆေးထည့်ပေးပြီး ထိုအချိန်၌ အလင်းက ခဏရှောင်နေခဲ့သည်။ Alexကတော့ audio settingဘက်ကမို့ သူ့မျက်နှာအတွေ့ခံတာက ပြသာနာသိပ်မရှိပေ။ ခြံစောင့်ကိုလည်း သူ့ဦးလေးကို ပြန်မပြောရန် အပီအပြင်ကို နှုတ်ပိတ်ထားလေရဲ့။
ခဏလေးပါ။ ဒီကောင်မလေးသာ သတိရလာရင် အားလုံးပြီးပါပြီလေ။ ဘာကြောင့်များ မင်းက အခုထိ နိုးမလာရသေးတာလဲ? ဘယ်လိုဒုက္ခတွေဆီကနေ ရုန်းထွက်ပြေးလာခဲ့ရတာလဲ?မင်းကို သတ်မယ့်သူတွေ တကယ်ပဲရှိတာလား?
အနားမှာထိုင်ကြည့်ရင်း မေးခွန်းပေါင်းများစွာနဲ့ သူ့မျက်လုံးတို့ရဲ့ ဦးတည်ရာကတော့ ထိုကလေးမဆီသို့သာ ရောက်ရှိနေခဲ့၏။ မှိတ်ယှက်ထားတဲ့ မျက်ဝန်းလေးတွေက တစ်ချက် တစ်ချက်မှာ လှုပ်ခတ်သလိုဖြစ်သွားပေမယ့် လုံးဝတော့ ပွင့်မလာပေ။ ညက မှောင်လွန်းနေ၍ မျက်နှာကို အသေအချာမမြင်ရပေမယ့် အဲ့ဒီ သဲကွဲစွာ မမြင်ရသည့်အသွင်ကပင် တစ်ချိန်က သူ့ရဲ့အမှတ်တရနဲ့ ဆင်တူနေခဲ့ပြီး အခုတော့အလင်းရောင်အောက်မှာ သူမ မျက်နှာကို သေသေချာချာမြင်နေရပါ၏။
တူတယ်...။ မသဲကွဲစွာမြင်လိုက်ရသည့် မျက်ဝန်းညိုညိုလေးတွေမှာ ကော့ညွှတ်နေတဲ့ မျက်တောင်လေးတွေ ဝိုင်းရံနေပြီး ဖြောင့်စင်းကာ အဖျားလေးချွန်သည့် နှာတံသွယ်သွယ်နဲ့ ပါးမို့မို့လေးမှာတော့ ဒဏ်ရာကြောင့် အနည်းငယ် ပိုပြီးဖောင်းနေသလိုရှိပေမယ့် ခြုံပြောရရင် ဒီမိန်းကလေးက 'နှောင်ဖွဲ့ကြိုး'နဲ့ တော်တော်လေးအနီးစပ်ဆုံးတူသည်။ မတူတာတစ်ခုတော့ ရှိပါသေးရဲ့။ နှုတ်ခမ်း...။ ဆိုးဆေးတွေရှိမနေတဲ့ ထူထူဝိုင်းဝိုင်း ခပ်ပြည့်ပြည့်နှုတ်ခမ်းသားလေးတွေကတော့ ဖွဲ့လေးရဲ့ နဂိုနီ နှုတ်ခမ်းပါးရဲရဲလေးထက် အနည်းငယ်ပို၍ ဆွဲဆောင်မှုရှိနေသယောင်ပါလား။
နာမည်ကလည်း 'ဖွဲ့'တဲ့!
ဒီနာမည်နဲ့မိန်းကလေးတွေက ကိုယ်နဲ့တွေ့ဆုံရမယ့် သတ်မှတ်ချက်တွေပဲ ထင်ပါရဲ့။ ဒါပေမယ့် အချိန်တန်တော့လည်း....
ရှည်လျားတဲ့ အတွေးက လွင့်မျောကာ တော်တော်လေးခရီးရောက်သွားရစဥ် လက်ရှိအချိန်ကို ပြန်သတိဝင်သွားမှ ခေါင်းကိုခါယမ်းထုတ်ပစ်လိုက်၏။ ဘယ်လိုကြောင့် ဒီကောင်မလေးကို စေစေ့စပ်စပ်ကြည့်ကာ ဝေဖန်နှိုင်းယှဥ်ချက်တွေထုတ်နေမိပါလိမ့်! တကယ်ဆို ဒီနှစ်တွေအတွင်း အလုပ်သဘောအရကလွဲရင် ဘယ်မိန်းကလေးနဲ့မှ အရှုပ်အရှင်းမလုပ်ခဲ့သလို ကိုယ်ပိုင်ခံစားချက်နဲ့ စေစေ့ကြည့်တာမျိုးတောင် သူ မလုပ်ခဲ့။ အခုတော့ ဒီကောင်မလေးကိုကျမှ အသေအချာစူးစိုက်ထိုင်ကြည့်နေခဲ့တာ နာရီပေါင်းများစွာကြာနေပြီ။
ဟင်း!! မင်းကြောင့် ငါ့ရဲ့ ၄နှစ်တာ စောင့်ထိန်းမှုတွေ ပျက်ချေပြီကော...မိန်းကလေးရေ။
""ဟင်!""
ကြည့်နေဆဲမှာပင် လဲလျောင်းနေသည့် ခန္ဓာကိုယ်လေးက တစ်ချက်လူးလွန့်သွားကာ မျက်လုံးတွေကပါ ဖျတ်ခနဲပွင့်လာလေ၏။ ပြီးတော့ ချက်ချင်းပင် ထထိုင်လိုက်ကာ အနားကလူတွေကိုလည်း အထူးအဆန်းသဖွယ် မျက်လုံးဝိုင်းဖြင့် လိုက်ကြည့်ရင်း...
""ရှင်တို့ ဘယ်သူတွေလဲ?""
""မင်းကရော ဘယ်သူလဲ?""
""ကျမက ဘယ်ကိုရောက်နေတာ?""
သူမက အမေးကိုမဖြေဘဲ ပြန်ပြီးမေးခွန်းထုတ်ရင်း ကိုယ့်ကိုကိုယ်ပြန်ငုံကြည့်လိုက် မျက်နှာနဲ့လက်တွေကို စမ်းကြည့်လိုက်ဖြင့် အလုပ်တွေရှုပ်နေရင်းမှ အခြေအနေကို နားလည်သွားသလိုဟန်နဲ့ သူတို့နှစ်ယောက်ရှိရာဘက်ဆီသို့ လက်ညှိုးထိုးကာ...
""ကား...ဟုတ်တယ်
ကျမ ကားနဲ့တိုက်မိတာလား?
ရှင်တို့ကားနဲ့...""
""ဟာ! မဟုတ်ဘူး..မဟုတ်ဘူး
မင်းကို ငါတို့ကားနဲ့မတိုက်မိဘူးနော် ထိရုံလေးပဲထိမိတာ...မင်းဘာသာ ကားရှေ့လဲကျတာ""
""ဟမ်! ထိရုံလေးပဲထိမိတာ ဒဏ်ရာတွေ ဒီလောက်များရသလား? ကြည့်ဦး! ဒီမှာ ဒီမှာရော...အများကြီးပဲ""
""အဲ့ဒါတွေက မင်းဘာသာမင်း နဂိုကတည်းက...""
""တော်တော့ Alex""
ဒဏ်ရာတွေပြကာ စွပ်စွဲသူက စွဲ၊ အကြောက်အကန်ငြင်းသူက ငြင်းဖြင့် ရှုပ်ယှတ်ခတ်နေစဥ် အနားမှာ တောင့်တောင့်ကြီးထိုင်ကာ ကြည့်နေသူထံမှ အေးစက်စက် ဟန့်တားသံထွက်ပေါ်လာတော့ နှစ်ယောက်စလုံးငြိမ်ကျသွားလေ၏။
""မင်း..!""
ခပ်တည်တည် မျက်နှာထားဖြင့် ကျောက်ရုပ်လို အတောင့်လိုက် ထိုင်နေသူကို သတိရလာကတည်းကမြင်ပါသည်။ ဘေးကလူနဲ့ငြင်းခုံနေရသလောက် သူကတော့ဘာစကားမှထွက်မလာဘဲ ဒီအတိုင်းထိုင်ကြည့်နေပြီး အခုမှသာ မာထန်ထန်အသံကြီးနဲ့ မျက်နှာဆီလက်ညှိုးပြန်ထိုးကာ 'မင်း'ဟုတစ်ခွန်းတည်း ထွက်လာသည့် ထိုလူသားက အတော်လေးတော့ကြည့်ကောင်းချောမောနေတာအမှန်။ ကိုယ့်ကို စိတ်မရှည်သလိုကြည့်နေသော်ငြား စူးတောက်နေသည့် မျက်ဝန်းများကိုမြင်လိုက်ရသည့်ခဏ...ထိုမျက်ဝန်းနက်နက်ထဲသို့ အသေအချာ ငေးစိုက်ကြည့်နေမိ၏။ ပြီးတော့ လက်လေးတွေကလည်း တဖြေးဖြေးရွေ့လာကာ လှမ်းမိသည်က သူ့မျက်နှာချောချောလေးဆီသို့...။
"".....""
အလင်းလည်း တစ်စုံတစ်ရာပြောဖို့ရန် ရည်ရွယ်ပြီး သူမအနားသို့တိုးကာ ထရပ်လိုက်ပေမယ့် ကိုယ့်ကို အထူးအဆန်းသတ္တဝါတွေ့လိုက်သလို မျက်လုံးပြူးလေးနဲ့ပြန်ကြည့်နေကာ တရွေ့ရွေ့လှမ်းလာသည့်လက်တို့ကလည်း ပါးပြင်ဆီထိကပ်လာပြီး ပါးပြင်ကတစ်ဆင့် မျက်နှာအနှံ့ကိုလိုက်စမ်းကြည့်နေလေ၏။ ပြီးတော့ မျက်နှာလေးပြုံးမြမြဖြင့် ပြောလာသည့် စကားသံက...
""ချောလိုက်တာ""
သူမရဲ့ အပြုအမူကြောင့် ရုတ်တရက်ကြောင်သွားကာ သူလည်း ထိုမျက်လုံးဝိုင်းလေးတွေကိုပြန်ကြည့်မိပြီးမှ ချက်ချင်းမျက်နှာလွှဲလိုက်ရင်း သူမဘက် ငုံ့မိုးထားမိသည့် ခန္ဓာကိုယ်ကိုလည်း ဖယ်ခွာကာ နေရာရွှေ့ရပ်လိုက်ပြီး...
""နာမည်ပြော...
ဘယ်သူလဲ...ဘယ်ကလဲ?""
""ကျမ ရှင့်ကိုမသိပါဘူး
ရှင့်နာမည်လည်းမသိဘူးလေ...ဘယ်ကမှန်းလဲမသိဘူး""
""ဟင်! မင်း သူ့ကိုမသိဘူး
ဟေ့ကောင်! သူက မင်းကို အလင်းနှစ်မှန်းမသိဘူးတဲ့! မင်းရဲ့fan girlမဟုတ်ဘူး""
နှစ်ယောက်လုံးကို တစ်လှည့်စီကြည့်ကာ အလုပ်ရှုပ်နေသည့် သူငယ်ချင်းကိုဘာမှပြန်မပြောဘဲ မကြည်ကြည့်သာ ပို့လွှတ်လိုက်မိသည်။ အရေးထဲ fan girl ဟုတ်မဟုတ်ပြောနေနိုင်ရသေးတယ်လို့..။ ပြီးမှ ထိုကလေးမထံသို့ အကြည့်ကိုရွှေ့ကာ...
""ငါ့နာမည်မဟုတ်ဘူး
မင်းနာမည်ကိုမေးတာ...မင်းဘယ်သူလဲ ဘယ်ကလဲ
အိမ်ကိုဆက်သွယ်ရမယ့် လိပ်စာနဲ့ဖုန်းနံပါတ်ပြော...ငါတို့ကားနဲ့မင်းကိုတိုက်မိမလိုဖြစ်ခဲ့တယ်။အခု မင်းဘာမှမဖြစ်တော့ပေမယ့် ငါ့ဘက်က မင်းကိုလျှော်ကြေးပေးမယ် ok!""
""အင်း...o k!""
သူက လက်မနဲ့လက်ညှိုးကိုကွေးကာ 'ok'ဆိုသည့် သင်္ကေတကိုပြတော့ သူမက လိုက်ကြည့်ကာ တစ်ပုံစံတည်းပြန်လုပ်ပြလေ၏။ အခု သူမရဲ့ပုံစံကိုကြည့်ရတာ ညကသေပြေးရှင်ပြေး ပြေးလာခဲ့သည့် မိန်းကလေးနဲ့လုံးဝကိုမတူတော့ဘဲ ဘာမှမသိတဲ့ ကလေးလေးတစ်ယောက်သဖွယ်ပင်။ နေဦး! အခြေအနေက တစ်ခုခုထူးနေသလိုပါလား။
""မင်း..နာမည် ပြောတော့လေ""
သူပြောမှပဲ သတိထားမိသည်။ နိုးလာကတည်းက ဒီနေရာကို ရောက်နေတဲ့ အသိအပြင် တခြားခံစားချက်တို့ စိတ်ထဲမရှိ။ ဘာမှတွေးလို့မရဘဲ ဦးနှောက်ထဲမှာလည်း အကုန်လွတ်နေသလို ဗလာကျင်းဖြစ်နေသည်။ အခုမှပဲ ကိုယ်ဘယ်သူမှန်းတွေးတောမရသည့်စိတ်ကြောင့် စိုးရိမ်ပူပန်သွားကာ မျက်ရည်တွေရစ်ဝိုင်းလာရပြီး...
""မသိဘူး...နာမည်ကဘာပါလိမ့်
စဥြးစားလို့မရဘူး""
""ဘယ်လို!!""
ဒီတစ်ခါမှာတော့ သူငယ်ချင်းနှစ်ယောက်လုံးမျက်လုံးပြူးသွားကာ သူမထံပြန်ကြည့်တော့လည်း မျက်လုံးအဝိုင်းသားနှင့် တကယ်ပဲ ဘာမှမသိတဲ့အသွင်...။
ဒုက္ခရေ! မဟုတ်မှ...မင်း မင်းအတိတ်မေ့သွားတာများလား?
~~~~🍁🍁🍁🍁🍁~~~~
Continue to>>>Part-5
Readers/Writersလေးတွေအားလုံးက VIPပါ
Writer-WineSatt Cho(🍋Lëmoñ🍋)