🍁ကြင်နာသူ ... ရွှေမင်းသား🍁
(or)
🍁 သူ့ 'ချစ်ခြင်း' ကြောင့် 'လင်း'ပါသည်။🍁
•••••••••• Part-[ 3 ] •••••••••••
'စစ်ရန်'လည်း ညီမလေးဆီ တွေ့ဖို့လာတော့ အိမ်ထဲမှာမရှိဘဲ သူ့အစ်မနဲ့ခြံထဲဆင်းနေသည် ဆိုသောကြောင့် ခြံထဲဘက်လိုက်လာခဲ့စဥ် အဝေးတစ်နေရာ၌ လှမ်းတွေ့လိုက်ရသော မြင်ကွင်းက မသက်သာ။ အစပိုင်းမှာ လှုပ်ခတ်နေသော ကန်ရေပြင်က တဖြေးဖြေးနဲ့ငြိမ်သက်သွားကာ ထိုမြင်ကွင်းကို အပေါ်မှရပ်ကြည့်နေသူက လေညှင်းသွဲ့သာ...။
သူ အခြေအနေကို ချက်ချင်းသဘောပေါက်သွားပြီး ညီမလေးအတွက်လည်း စိုးရိမ်လွန်းသောစိတ်နဲ့အတူ အပြေးတစ်ပိုင်းခြေလှမ်းတို့က ရေကန်ဘက်သို့ ဦးတည်ကာ...
""ဗွမ်း💦""
လေညှင်း ရေကန်ထဲသို့လှမ်းကြည့်နေဆဲမှာပင် အနားမှ အရိပ်တစ်ခုဖြတ်သွားကာ ရေထဲခုန်ချသွားသူက 'စစ်ရန်မခ'ဖြစ်နေတာကြောင့် ခေါင်းမီးတောက်သွားရ၏။ သူ...သူ ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ။ ဒုက္ခပါပဲ...ငါ လုပ်လိုက်တာ သူရိပ်မိသွားပြီလား...ကျစ်! အရှုပ်မကတော့ မွှေပြန်ပြီ။
ရေထဲသို့ စူးစိုက်ကြည့်ရင်း မကျေမချမ်းတွေးနေဆဲမှာပင် သူက မုန်းမဖွဲ့ကိုကယ်ကာ ကန်ဘောင်ပေါ်ပြန်တက်လာလေ၏။ တွေးထားတာထက်အနည်းငယ် ပိုရှုပ်ထွေးသွားသော အခြေအနေကြောင့် အိမ်ထဲမှလူတွေလည်း ထွက်လာကာ...
""သခင်မလေး!!
သခင်မလေး...ရေထဲကျသွားတာလား ""
""ညီမလေး...ဖွဲ့ ...သတိထားဦးလေ
ကိုယ့်ကို ကြည့်ပါဦး...ညီမလေး!""
စိုးရိမ်တကြီးဖြင့် ပါးလေးကို ဖွဖွကိုင်ကာ ခေါ်ရင်း ရေတွေပြန်ထွက်လာစေရန် ရင်ဘတ်အောက်နားဆီ ဖိနှိပ်ပြီး mouth to mouthအသက်ကယ်နည်းသုံးလိုက်တော့ မျက်လုံးများပွင့်မလာသေးပေမယ့် ရေတွေတော့ အန်ထွက်လာတာကြောင့် စိုးရိမ်စိတ်က လျော့ပါးသွားရ၏။ တစ်ဆက်တည်းမှာပဲ သူမ ကိုယ်လေးကို ဆွဲထူပြီး ရင်ခွင်ထဲထည့်ဖက်လိုက်ကာ မျက်လုံးများကလည်း ဘေး၌ရပ်နေသည့် လေညှင်းထံသို့ စူးရဲစွာကျရောက်သွားရသည်။ ထိုမိန်းကလေးရဲ့လက်ထဲ၌ တလှုပ်လှုပ်ဖြစ်နေသော ခပ်မျှင်မျှင်အရာလေးကို မြင်လိုက်ချိန်မှာတော့ ဘာကြောင့်ဆိုသော အကြောင်းအရင်းကို သူရှာတွေ့ခဲ့ပါပြီ။
မင်းရဲ့ စိတ်ဓာတ်က သိပ်ကို သိမ်ဖျင်းလှပါလား လေညှင်းသွဲ့သာ..။ဘာမှမဟုတ်တဲ့ လက်ဆောင်ပစ္စည်းလေးအတွက်နဲ့ ပြန်ခုခံနိုင်စွမ်းမရှိတဲ့ ကလေးကို ဒီလို အသက်နဲ့နီးတဲ့လုပ်ရပ်မျိုးအထိ...မင်းကွာ!!
""တောက်!""
ဘာစကားတစ်ခွန်းမှ ပြောထွက်မလာဘဲ ခပ်စူးစူးစိုက်ကြည့်ကာ တက်ခေါက်သံပြင်းပြင်းကတော့ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့၏။ ကိုစစ် ဆီမှာ ဒီလိုအကြည့် ဒီလိုပုံစံမျိုးတစ်ခါမှ မမြင်ဖူးခဲ့သည်မို့ လေညှင်း ကိုယ်လေးတုန်တက်ကာ လန့်ဖျပ်သွားရင်း ခေါင်းကို ငုံ့ချလိုက်မိသည်။ ထိုစဥ်..
""သမီး...ငါ့သမီးလေးဘာဖြစ်တာလဲ?
ဟမ်! ဘယ်သူလုပ်တာလဲ...တစ်အိမ်လုံးရှိသမျှလူအကုန်လာခဲ့ကြစမ်း!""
ပျာပျာသလဲ အရူးမီးဝိုင်းပုံစံဖြင့် ပြေးထွက်လာရင်း ကျယ်လောင်စွာအော်လိုက်သည့် ဒေါ်ဧကရီရဲ့အသံက စံအိမ်တစ်ခုလုံးကပင် ကြားနိုင်လောက်ရဲ့ ။ အိမ်မှာလည်း စောကတည်းက ရောက်နေသည့် ဧည့်သည်တချို့ပါ သူ့အနောက်ကပါလာကြကာ စံအိမ်မှာရှိသမျှအစေခံတွေလည်း တစ်သီတစ်တန်းပြေးထွက်လာကြလေ၏။
""ပြောစမ်း..ငါ့သမီးအခုလိုဖြစ်အောင်ဘယ်သူလုပ်ရဲတာလဲ...""
မီးဝင်းဝင်းတောက်နေသည့် မျက်လုံးများဖြင့် ဒေါသတကြီးအော်ဟစ်နေသည့် ပုံစံကြောင့် အားလုံးလည်း ထိတ်လန့်နေရကာ ဖွဲ့ကတော့ ထိုမြင်ကွင်းကို မပွင့်တပွင့်မျက်လုံးတွေဖြင့် ခပ်ဝါးဝါးသာမြင်တွေ့နေရသည်။
""ဟို..ဟို..သခင်မကြီး
ခုနက သခင်မလေးနဲ့အတူရှိနေတာ မမလေးပါ
သူ...သူ...""
တစ်ဖက်ကပြောစကားမှ မဆုံးသေးခင် မေမေက လေညှင်းဘက်သို့ စူးရဲရဲမျက်လုံးများဖြင့် လှည့်ကြည့်လာလေ၏။ သို့ပေမယ့် ကိုယ့်မေမေပဲမဟုတ်လား...ဒီကလေးမကို ထိခိုက်အောင်လုပ်မိလို့ အခုလိုလူအများကြီးရှေ့မှာတော့ ဘာမှမလုပ်လောက်...
""ဖြန်း!!""
အတွေးများမဆုံးလိုက်ခင်မှာပင် ပြင်းထန်လှသော လက်ဝါးရိုက်ချက်က ပါးပြင်ဆီကျရောက်လာခဲ့၍ လေညှင်း မေမေ့ကို မယုံနိုင်စွာပြန်ကြည့်လိုက်မိသည်။ ဘေးမှာလည်း မျက်လုံးတွေအများကြီးက လေညှင်းဆီသို့သာ ဦးတည်နေသည့်အပြင် companyက ရင်းနှီးသည့်မိတ်ဆွေတွေနဲ့ အထူးသဖြင့် ကိုစစ်ရဲ့ရှေ့မှာ လေညှင်းရဲ့ပါးကို မေမေရိုက်လိုက်တာလား...
""ဘယ်သူပဲဖြစ်နေနေ...ငါ့ကလေးကို ထိခိုက်အောင်လုပ်တာမျိုး ခွင့်မလွှတ်ဘူး လေညှင်း...နင် ငါ့ရှေ့က ထွက်သွားစမ်း""
""မေမေ...သမီး တမင်ရည်ရွယ်ပြီးလုပ်တာမဟုတ်ပါဘူး...ညီမလေးကို ဒီအနားခေါ်လာရင်း ဖုန်းလာလို့ စကားပြောနေတုန်း သူက မတော်တဆပြုတ်ကျသွားတာပါ""
""တိတ်စမ်း! ဆင်ခြေတွေမကြားချင်ဘူး
နင် ငါ့ရှေ့ကထွက်သွား""
စကားအဆုံးမှာ မေမေ့မျက်လုံးက တစ်စုံတစ်ခုကို အချက်ပြလိုက်မှန်း လေညှင်းမြင်ပါသည်။ ဒီနေရာကနေ အမြန်ဆုံးရှောင်ထွက်လိုက်စေချင်သည့် သဘောကို ပြတာမို့ လေညှင်းလည်းထိုနေရာမှ ငိုယိုကာ ပြေးထွက်လာခဲ့၏။ စိတ်ထဲမှာလည်း တကယ်ကို ပေါက်ကွဲနေတာပါ။ မေမေ ဘယ်တုန်းကမှ မရိုက်ခဲ့ဖူးသော ပါးကို အခုအဲ့ဒီမိန်းမကြောင့်နဲ့ လူကြားထဲမှာ အရိုက်ခံခဲ့ရတာမဟုတ်လား...။
""တောက်!
နင်ဟာ...ငါ့အတွက်တော့ ဂြိုဟ်ဆိုးပဲ မုန်းမဖွဲ့
တကယ့်ကို နတ်ဆိုးပဲ""
~~~~🍁🍁🍁🍁🍁~~~~
""အင်း...ဟင်း!""
""သမီး...သမီးလေး နိုးလာပြီလား?
ဒေါက်တာ သမီး နိုးလာပြီ""
ထိုသို့ဆိုလိုက်သည်နှင့် ဒေါက်တာက ဖွဲ့ကို စမ်းသပ်ပေးပြီး ခေါင်းငြိမ့်ပြလေ၏။ လက်တွေမှာလည်း ဆေးပိုက်တွေက ရှုပ်ရှုပ်ထွေးထွေးရှိနေကာ ရေထဲ၌ကြောက်လန့်ခဲ့ရသည့် အရှိန်ကလည်း အခုထိတိုင် မပြယ်သေးပေ။ လေညှင်းက အတော်လေးကြောက်ဖို့ကောင်းသည်ပဲ...သူ့ပုံစံကြည့်ရတာ ဖွဲ့ကို အငြိုးကြီးကြီးထားပြီး သတ်ပစ်ဖို့အထိရည်ရွယ်နေပုံပါ။ စဥ်းစားလေလေ ရင်တွေတလှပ်လှပ်တုန်လာကာ မျက်ဝန်းတို့ကို ဖိမှိတ်ထားမိပြန်၏။
""မစိုးရိမ်ရတော့ပါဘူး
ငယ်ငယ်ကလည်း အကြောက်လွန်ပြီးအာရုံကြောတွေထိခိုက်ခဲ့ရတာဆိုတော့ အခုလည်း အဲ့လိုအသက်နဲ့နီးတဲ့အန္တရာယ်မျိုးကြုံလိုက်ရတဲ့အချိန်မှာ အတော်လေးလန့်နေတာ...အမေက အနားမှာအချိန်ပေးပြီး ဂရုစိုက်ပေးနော်""
""ဟုတ်ကဲ့...ဒေါက်တာ""
Dr.ပြန်ထွက်သွားမှ မုန်းမဖွဲ့သာဆီတစ်ချက်ပြန်ကြည့်ကာ မဲ့ပြုံးတစ်ချက်ပြုံးမိ၏။ ငယ်ငယ်က အဲ့ဒီမီးလောင်မှုကြောင့် ထိတ်လန့်ခဲ့တဲ့အရှိန်ရော သူ့မျက်စိရှေ့က အံ့အားသင့်ဖွယ်အခြေအနေရောကြောင့် လဲကျသွားခဲ့ပြီး ပြန်သတိရလာချိန်မှာ ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး မလှုပ်နိုင်တော့သည့်အနေအထားဖြစ်သွားခဲ့သည်။ အကြောက်လွန်ကာ အာရုံကြောတွေထိခိုက်သွားခဲ့တဲ့အတွက် လမ်းပြန်လျှောက်နိုင်ဖို့ အချိန်ယူရမတဲ့လေ။
အမှန်တော့ အဲ့ဒီ့နေ့ညမှာ လိုချင်သမျှပိုင်ဆိုင်မှုတစ်ချို့ကိုယူကာ ရှောင်ပြေးဖို့ကြိုးစားခဲ့ပေမယ့် မထင်မှတ်ပဲ အစီအစဥ်လွဲချော်ခဲ့ရသည်။ စံအိမ်သခင် ဦးနေရှိန်ဝါကသမီးဖြစ်တဲ့သူကိုလည်း ပိုင်ဆိုင်မှုအနည်းငယ်သာပေးပြီး အမွေပိုင်ဆိုင်မှု ပမာဏအများဆုံးက မြေးဖြစ်တဲ့'မုန်းမဖွဲ့သာ'မှန်းသိလိုက်ရကာ ထိုအမွေတွေကိုလည်း သူမ အသက်၂၀မှ ဆက်ခံခွင့်ရမည်မှန်းသိရတော့ ဒေါသကတွေက တောင်ပုံရာပုံဖြစ်ခဲ့ရသည်။
ငယ်ရွယ်သေးသည့်ကလေးမကို ရှင်းထုတ်ပစ်လို့လည်းမရတော့တာကြောင့် အသက်၂၀ထိစောင့်ဆိုင်းနိုင်မည့် ဒုတိယမြောက်အစီအစဥ်က ဒီအိမ်ရဲ့ သခင်မနေရာကို အစားထိုးဝင်ရောက်ခြင်းသာဖြစ်ခဲ့သည်။ နဂိုကတည်းက ခွဲမရအောင်တူလှသည့် ရုပ်ရည်က ဒီနေရာမှာ သိပ်ကိုအသုံးဝင်ပါသည်။ ၇နှစ်လုံးလုံး ပိရိစွာဟန်ဆောင်နေနိုင်ခဲ့ပြီး မုန်းမဖွဲ့ကတော့ အမှန်တရားကိုသိနေလည်း ထုတ်ပြောနိုင်သည့် အနေအထားမရှိ။ အချိန်တန်လို့ အမွေတွေရပြီးရင်တော့ ထိုကလေးမကိုလည်း လက်စဖျောက်လိုက်မည်သာ..။
""ဟင်း...ဟင်း!!""
အတွေးကြောင့် သဘောတကျပြုံးကာ ထိုအခန်းထဲမှထွက်လာခဲ့၏။ အနားမှာ ဂရုစိုက်ပေးတဲ့လား...သွားစမ်းပါ မသေရင်တော်ပြီပေါ့။
""......""
အခန်းထဲမှ ထွက်သွားသည့် ခြေသံကိုကြားရကာ တံခါးပိတ်သံပါ အသေအချာနားထောင်ပြီးမှ ဖွဲ့ မျက်လုံးကို ဖွင့်ရင်သ ထထိုင်လိုက်မိတော့ အံ့အားသင့်ဖွယ် အခြေအနေတစ်ခုက ပြောင်းလဲလို့နေသည်။ ခြေထောက်...။အခု ဖွဲ့ရဲ့ ခြေထောက်တွေက အထိအတွေ့ကို အာရုံခံလို့ရနေသလိုပါလား..။စောစောကတည်းက ခံစားလို့ရနေပေမယ့် ဒေါ်ဧကရီရှေ့မှာမို့ မလှုပ်ရဲသေးပေ။ အခုမှပဲ ခန္ဓာကိုယ်က စောင်ကိုဖယ်ကာ ခြေထောက်လေးတွေကို လှုပ်ကြည့်တော့ တကယ်ပင် လှုပ်လို့ရနေသည်...။
""ငါ...ငါ့ခြေထောက်က...""
စိတ်လှုပ်ရှားအံ့သြလွန်း၍ မျက်ရည်များပင်စီးကျရင်း ခြေထောက်လေးကို ကုတင်ပေါ်မှ ချကာ ကြမ်းပြင်နှင့် အထိအတွေ့ကို ခံစားကြည့်သည်။ ထိုမှတစ်ဆင့် ဖြေးဖြေးချင်းမတ်တပ်ရပ်ကြည့်ချိန်တွင်တော့ ချက်ချင်းပင် ဘေးသို့လဲကျသွားရ၏။
လမ်းမလျှောက်နိုင်တာ နှစ်နဲ့ချီခဲ့ပြီပဲ။ ချက်ချင်းတော့ ဘယ်အဆင်ပြေနိုင်မှာလဲလေ...။သို့ပေမယ့် အခုတော့ ဖွဲ့မှာ မျှော်လင့်ချက်ရှိပြီလေ...။ ဖွဲ့ ဒီအိမ်ကြီးရဲ့ အပြင်ဘက်ကို ထွက်နိုင်ပြီ။ ဟုတ်တယ်...အချိန်မရွေးသတ်ပစ်နိုင်တဲ့ လူယုတ်မာတွေလက်ထဲကနေ ဖွဲ့ လွတ်မြောက်နိုင်ပြီ။
~~~~🍁~~~~
ထိုနေ့မှစ၍ ဖွဲ့ အခန်းထဲတစ်ယောက်ထဲရှိနေချိန်တွေမှာ လမ်းလျှောက်ဖို့ကြိုးစားသည်။ အခါခါပြိုလဲနေခဲ့ရပေမယ့် မလျှော့သောစိတ်ကြောင့် မလှမ်းနိုင်ရာမှ နှစ်လှမ်း သုံးလှမ်းလောက် လျှောက်နိုင်လာသည်။ ရေနစ်တဲ့ကိစ္စပြီးကတည်းက တစ်ပတ်လုံးလုံး ဖွဲ့ ခြေထောက်တွေ အထိအတွေ့အာရုံခံစားလို့ရလာခြင်းကို ဘယ်သူ့ကိုမှပြောမပြခဲ့ပေ။ သိသွားလို့ ကောင်းတဲ့ ကိစ္စမရှိနိုင်ဘူးလေ။
ပုံမှန်အချိန်တွေမှာဆို နေမြဲအတိုင်းသာ wheelchairနဲ့နေပြီး အရင်အတိုင်းပဲပြုမူသည်။ သို့ပေမယ့် ညဘက်တွေ၊ အခန်းထဲတစ်ယောက်ထဲရှိနေချိန်တွေမှာ လမ်းလျှောက်ကြည့်သည်။ ဖွဲ့ တကယ် ဘာကိုမှမမက်မောပါ။ ပိုင်ရမယ့် အမွေတွေဘာတွေလည်း စိတ်မဝင်စားဘဲ ညှင်းပန်းနှိပ်စက်ခြယ်လှယ်ခံရသော ဘဝမှသာ ရုန်းထွက်ခွင့်ရလိုခြင်းသာ...။
ဒီလိုနဲ့ တစ်လလုံးလုံး လွန်မြောက်သွားချိန်တွင်တော့...။
~~~~🍁🍁🍁🍁🍁~~~~
""မောင်...ဒီမြို့လေးက သိပ်လှတယ်နော်""
""အင်း...ဒါပေမယ့် မောင့်ချစ်သူလောက်တော့ မလှဘူး""
""ဟင်း.!..အပိုတွေသိပ်ပြော""
""တကယ်ပါကွာ""
ပြောရင်းဖြင့် သူမရဲ့ ခန္ဓာကိုယ်လေးကို သူ့ဘက်သို့ဆွဲလှည့်ကာ ဒူးတစ်ဖက်ထောက်လျက် ထိုင်ချလိုက်ပြီး ...
""မောင့်ကို လက်ထပ်ပါနော် မုဒြာ""
ထိုစဥ် တစ်ဖက်မိန်းကလေးကလည်း အပြုံးလေးနဲ့ ခေါင်းငြိမ့်ပြလိုက်ကာ...
""ဟုတ်ကဲ့...ခွင့်ပြုပါတယ် မောင်""
လှပလွန်းသည့် နေဝင်ချိန်လေးကို နောက်ခံထား၍ ချစ်သူနှစ်ဦး ကြည်နူးစွာပွေ့ဖက်လိုက်သည့်မြင်ကွင်းလေးက တကယ့်ကို ကဗျာဆန်လွန်းနေ၏။ ခဏအကြာမှာတော့...
""Cut! Ok...""
Directorရဲ့အသံကြားသည်နှင့် အလင်းက ဖက်ထားသည့် မင်းသမီးကို ချက်ချင်းလွှတ်လိုက်ပြီးမှ ခေါင်းငြိမ့်ပြကာ တစ်ဖက်သို့ပြန်လျှောက်လာခဲ့သည်။ ဒီဇာတ်လမ်းအတွက် ရိုက်ရက်က ဒီsceneနောက်ဆုံးပါပဲ။ အခု ရာသီက ပန်းမြို့တော်လို့ တင်စားရသည့် ပြင်ဦးလွင်မှာ အလှဆုံးအချိန်ဆိုတော့ Romance ending sceneကို ဒီမှာလာရိုက်ကူးဖြစ်ခြင်းပင်။ ရန်ကုန်မှာလည်း showပွဲတွေ ဆက်တိုက်ဆိုသလို လက်ခံထားသေးတာမို့ မကြာခင် အမီပြန်ရဦးမှာပါ။
""အလင်း...hotelပြန်တော့မှာလား?""
""အင်း...ခဏဝင်နားပြီးရင် ရန်ကုန်ကိုတန်းပြန်မှာ""
""ဟမ်! Hotelမှာတစ်ညလောက်အိပ်တာမဟုတ်ဘူး""
""ရတယ်...ဟိုမှာshowပွဲတစ်ခုရှိသေးလို့
ညတွင်းချင်းပဲပြန်မယ်""
""ကဲ...ဒါဆို ကားမောင်းတာဂရုစိုက်ကြနော်
အစ်မကတော့ ဒီကိစ္စလေးတွေစစ်ပြီးမှလိုက်လာမယ်...စိတ်ချမယ်နော်""
""အင်း""
မန်နေဂျာအစ်မနဲ့စကားပြောပြီးတာနဲ့ သူ ကားပေါ်တက်လိုက်တော့ ကားလေးကလည်း တရိပ်ရိပ်မောင်းထွက်လာခဲ့လေ၏။
~~~~~~🍁~~~~~~
""ဘယ်လို ကိုစစ်...ဘာပြောလိုက်တယ်
'မုန်းမဖွဲ့'ကို လက်ထပ်ချင်တယ်ဟုတ်လား?""
နန်းတော်တမျှကြီးမားလှသည့် အိမ်ဧည့်ခန်းထဲ၌ အခြားအသံတွေ တိတ်ဆိတ်နေသလောက် ထိုင်နေရာမှ ဝုန်းခနဲထရပ်ကာ ခပ်စွာစွာလေသံဖြင့် ပြောလိုက်သောအသံက အတော်ပင်ကျယ်လောင်နေခဲ့၏။ ထိုအသံပိုင်ရှင်ရဲ့မျက်နှာသည်လည်း အတော်ပင် သွေးပျက်နေချေပြီ။
""သား..တကယ်ပြောနေတာလား?""
""ဟုတ်ပါတယ်...ကျွန်တော်က ညီမလေးအပေါ်မှာ မောင်နှမလိုထက် ပိုသာတဲ့သံယောဇဥ်မျိုးရှိခဲ့တာကြာပါပြီ...အခုညီမလေးလည်း အရွယ်ရောက်ပြီဆိုတော့ ကျွန်တော်က လက်ထပ်ခွင့်ပေးဖို့လူကြီးတွေဆီ တရားဝင်ခွင့်တောင်းချင်တာပါ""
""အို! မဖြစ်နိုင်ဘူး...ဒါ ဘယ်လိုမှမဖြစ်နိုင်ဘူး
ကိုစစ်...ရှင်စိတ်မှမှန်သေးရဲ့လား သူက...""
""လေညှင်း နင်ဝင်မပြောနဲ့
ကိုယ့်နေရာကိုယ်နေစမ်း""
သူ့အမေရဲ့ ဒေါသသံထွက်လာမှ လေညှင်းကငြိမ်ကျသွားကာ နေရာမှာပြန်ထိုင်လိုက်၏။ ညီမလေးရှိရာဆီ လှမ်းကြည့်တော့လည်း အခုအခြေအနေကို ဘာမှစိတ်မဝင်စားသလို ပုံစံဖြင့်သာထိုင်နေလေရဲ့။ ဒီအိမ်ကို အမြဲဝင်ထွက်ခဲ့သည့် ကာလတစ်လျှောက်လုံး သူသတိထားမိခဲ့တာ တစ်ခုရှိသည်။ ညီမလေးကိုကြည့်ရတာ တစ်ခုခုကိုအမြဲကြောက်လန့်စိုးရိမ်နေသည့် ပုံစံပါ။ ဘာကြောင့်မှန်းတော့လည်း သူမပြောတတ်။ အမေဖြစ်သူက ဂရုတစိုက်ရှိပေးသော်လည်း နေမကောင်းဖြစ်သွားပြီးသည့်နောက်ပိုင်းကစလို့ ညီမလေးရဲ့ပုံစံက အန်တီဧကရီအပေါ်မှာ ခပ်စိမ်းစိမ်းဖြစ်နေခဲ့သည်။ ဒီကြားထဲ မွေးစားသမီးဆိုသည့် လေညှင်းသွဲ့သာကလည်း နေရာယူလွန်းပြီး အားနည်းတဲ့သူအပေါ် အနိုင်ယူလွန်းသည်ဟုထင်မိ၏။
ဘာတွေမှန်းတော့ သူ နားမလည်နိုင်သော်လည်း ညီမလေးက ဒီစံအိမ် ဒီရပ်ဝန်းမှာ မပျော်မွေ့ဘူးလို့ ခံစားနေရသည့်အတွက် အနားကိုခေါ်ထားပြီး စောင့်ရှောက်ချင်မိသည်။ အပြင်ဘက်မှာ အရောင်အသွေးစုံဖြင့်လှပနေသည့် လောကကြီးဆီ ခေါ်ထုတ်ပေးချင်သည်။ ဒီအတွက်လည်း အခုလိုနည်းလမ်းကသာ တရားဝင်သည်မဟုတ်လား။
""သား...သေချာစဥ်းစားပါဦး
အန်တီ့အနေနဲ့ကတော့ သားကိုငြင်းစရာမရှိပါဘူးကွယ်...ပြီးတော့အခုလိုကမ်းလှမ်းချက်အတွက် ကျေးဇူးလည်းတင်ပါတယ်...ဒါပေမယ့် သမီးလေးရဲ့ အခြေအနေက...""
""ကျွန်တော်သိပါတယ်...ဒါပေမယ့် တစ်သက်လုံးအတွက်မှမဟုတ်တာပဲ အန်တီ...ဆေးကုသမှုခံယူရင်ပြန်ကောင်းနိုင်တာပဲ...အကယ်၍လက်ထပ်တာမျိုးအထိစိတ်မချနိုင်ဘူးဆိုရင် စေ့စပ်ထားချင်ပါတယ်""
""သားရဲ့မိဘတွေက...""
""မစိုးရိမ်ပါနဲ့ အန်တီ
မိဘတွေကလည်း ကျွန်တော့်သဘောအတိုင်းပါပဲပြီးတော့ ဖွဲ့နဲ့ကလည်းရင်းနှီးပြီးသားပါဆိုတော့ ပြသာနာမရှိပါဘူး""
အလို! တယ်ခက်ပါလား။ ဒေါ်ဧကရီ့အနေနဲ့ကတော့ မုန်းမဖွဲ့ကို ဒီစံအိမ်အပြင်ဘက်ကိုထုတ်လိုက်ဖို့ ဘယ်နည်းနဲ့မှမဖြစ်နိုင်ပေ။ ချစ်လွန်း၍မဟုတ်ပေမယ့် သူသိထားတဲ့တချို့သောအကြောင်းတွေက ပေါက်ကြားလို့မဖြစ်။ ပြီးတော့ စစ်ရန်မခရဲ့ နောက်ခံအင်အားသာ သူ့ဆီရောက်သွားခဲ့ရင်...အို! မဖြစ်ဘူး...ဒါကိုဘယ်နည်းနဲ့မှ အဖြစ်ခံလို့မရပေ။
""အန်တီတို့ကို အချိန်ခဏပေးပါဦး သားရယ်
သမီးလေးက အများနဲ့မတူတဲ့ကလေးမို့ အိမ်ထောင်ပြုဖို့ဆိုတာက လက်တွေ့မှာအဆင်မပြေနိုင်ပါဘူး...ဒါကြောင့် အချိန်ယူပြီးစဥ်းစားပါဦးနော်""
ထိန်းထိန်းသိမ်းသိမ်းပြောလိုက်နိုင်တာကြောင့် ဒီနေ့စကားဝိုင်းကတော့ အဆုံးသတ်သွားခဲ့သည်။ အခြေအနေကို ဘယ်လိုမှကျေနပ်မနေတာကတော့ လေညှင်းပါပဲ။ မီးထွက်မတတ်တောက်လောင်နေသော ဒေါသမျက်ဝန်းတို့က လူတစ်ကိုယ်လုံးကို ယခုပင် ပြာကျစေမည့်နှယ် စူးရဲလွန်းနေခဲ့၏။
~~~~~~~~~
ညဘက်ရောက်တော့လည်း ကိုစစ်ရဲ့ပြောစကားတို့ကို အထပ်ထပ်ကြားယောင်ကာ အိပ်မပျော်နိုင်၍ ဝိုင်ခွက်ကို ကိုင်ကာ အခန်းထဲ ဟိုဒီလျှောက်နေမိသည်။ ချစ်ရသူက ကိုယ့်ကိုပယ်ကာ ကိုယ်မုန်းတဲ့သူကိုမှ ရွေးချယ်သွားခြင်းအပေါ် အသည်းပေါက်မတတ်ကို စိတ်နာရပြီး မျက်ရည်တို့ကလည်း ပါးပြင်ထက် အလုအယက်ကြွေဆင်းနေရင်း...
""အား!""
""ခွမ်း!!""
လက်ထဲက ဝိုင်ခွက်ကိုနံရံဆီ အားကုန်ပစ်ပေါက်လိုက်တော့ နံရံထက်ဆီမှ ပြန်လည်စီးကျလာသည့် ဝိုင်နီနီတို့က အမြင်မှာ ခြောက်ခြားဖွယ်ပင်။ ကြမ်းပေါ်ကွဲကျနေသော ဖန်ကွဲစတို့ကိုငေးကြည့်နေရင်း ရုတ်ချည်းပေါ်ပေါက်လာသည့် စိတ်ရိုင်းတို့ဖြင့် ထိုနေရာမှ ထကာ...ဒယိမ်းဒယိုင်လျှောက်လှမ်းသွားသည့် ခြေလှမ်းတို့ရဲ့ ဦးတည်ရာက...။
""......""
အခန်းတံခါးကို ဖွင့်ဝင်လိုက်တော့ ကုတင်ထက် အေးဆေးစွာ အိပ်ပျော်နေသည့် ညီမငယ်လေးကို တွေ့လိုက်ရလေ၏။ အနည်းငယ်မူးဝေနေသော အာရုံနှင့် နေ့လည်က စကားသံများကနားထဲတိုးဝင်လာသည့်ခဏ...
""နင်ကတော့ အပူအပင်ကင်းကင်း အိပ်နေနိုင်တယ်ပေါ့ ..အိပ်နေ...တသက်လုံးသာအိပ်နေလိုက်တော့!!""
""....""
အိပ်ပျော်နေရာမှ ရုတ်တရက်ပဲ အသက်ရှူလမ်းကြောင်း၌ တစ်ခုခုလာရောက်ပိတ်ဆို့လိုက်သလိုခံစားချက်ကြောင့် ဖွဲ့ လန့်နိုးသွားမိချိန်တွင် ဘာဆိုဘာမှမမြင်ရဘဲ အပေါ်က တစ်ခုခုနှင့်ဖိအုပ်ထားတာကို တွေ့နေရပြီး ဘယ်လိုမှရုန်းမရနိုင်ပေ။ ဖွဲလည်း အားရှိသမျှအစွမ်းကုန်ရုန်းကာ အပေါ်ကလူကို တွန်းဖယ်လိုက်ပြီး...
""ဟင်...နင်...နင်ဒါဘာလုပ်တာလဲ""
'"သတ်မလို့...နင့်ကိုသတ်မလို့""
""အ!""
လေညှင်းက အတင်းတိုးဝင်ကာ ဖွဲ့ကလည်း အစွမ်းကုန်ရှောင်တိမ်းရင်း အခြေအနေကရှုပ်ထွေးလွန်းနေ၏။ လည်ပင်းဆီ ဦးတည်လာသည့် လက်တွေကို ပြန်ခုခံရင်း ဖွဲ့ ကုတင်အောက်သို့ရောက်သွားရပေမယ့် အရင်လိုမတူတော့သော အခြေအနေက အသက်အန္တရာယ်ကြုံလာချိန်မှာ မဖုံးကွယ်နိုင်တော့ဘဲ ထိုနေရာမှထရပ်လိုက်မိတော့ လေညှင်းက မယုံနိုင်သည့်မျက်ဝန်းများဖြင့်ကြည့်လာကာ...
""နင်...နင် လမ်းလျှောက်နိုင်တယ်?""
""ဟုတ်တယ်...ငါ လမ်းလျှောက်နိုင်ပြီ""
""မရဘူး...မရဘူး...အဲ့လိုဖြစ်လို့မရဘူး
ဒါဆို ကိုစစ်နဲ့နင်လက်ထပ်လို့ရသွားလိမ့်မယ်..ဟင့်အင်း...မဖြစ်ရဘူး...မဖြစ်ရဘူး အား!""
လေညှင်းက အသိစိတ်ကင်းမဲ့သွားသလိုပင် အော်ဟစ်ကာ ဖွဲ့ကို အန္တရာယ်ပြုဖို့ကြိုးစားလာချိန်တွင် တစ်ဖက်သို့တိမ်းရှောင်ကာ သူ့ကိုပြန်တွန်းမိလိုက်တော့ အရှိန်မထိန်းနိုင်သည့် ကိုယ်က ဘေးဘက်သို့ လဲကျသွားပြီး ခေါင်းကိုလည်း ကုတင်စောင်းဖြင့် အရှိန်ပြင်းပြင်း ဝင်တိုက်မိကာ သွေးတွေဖြာခနဲကျလာခဲ့၏။ ဒီတော့မှ ဖွဲ့လည်းလန့်ဖျပ်သွားရပြီး ခြေထောက်တွေပင် ပြန်ညွှတ်ခွေသွားမိသည်။ ဒီလိုအခြေအနေမျိုးက ဖွဲ့အတွက် လမ်းဆုံးရောက်ချေပြီ။ အခုလမ်းလျှောက်လို့ရတာလည်း ပေါ်သွားပြီဆိုတော့ ဒါတွေအားလုံးကို ဒေါ်ဧကရီသိရင်...
""သခင်မလေး...""
""သမီး!""
အထိတ်တလန့်အတွေးတို့မှမဆုံးခင် အထဲသို့အစေခံတွေရဲ့ သခင်မကြီးပါဝင်ရောက်လာလေ၏။ သူက လေညှင်းဆီတစ်ချက်ကြည့်ပြီး အတင်းကိုပွေ့ဖက်ကာ ဘေးမှာ ခွေခွေလေးထိုင်နေသည့် ဖွဲ့ကိုကြည့်တာကတော့ စူးစူးရဲရဲ။
""သမီး...ဘာဖြစ်သွားလဲ""
""မေမေ...သူက...သူက
လမ်း လျှောက်...""
""အမလေး!...ဟယ် သခင်မလေး""
လေညှင်းရဲ့စကားမဆုံးသေးခင် ခေါင်းလည်ကျသွားလေ၏။ ဖွဲ့လည်း ကြောက်အားလန့်အားဖြင့် အနားကလူတွေကို တွန်းတိုက်ကာ ထိုနေရာမှ ဇွတ်အတင်းပြေးထွက်လိုက်တော့သည်။ ရုတ်တရက်ဆန်သောအခြေအနေကြောင့် ဒေါ်ဧကရီအပါအဝင် အားလုံးလည်း အံ့အားသင့်ကာ ကြည့်နေမိရင်းမှ...
""သွား...ပြန်ခေါ်လာခဲ့စမ်း""
""ဟုတ်ကဲ့""
အနားက အားလုံးပြေးထွက်သွားသည်နှင့် သမီးကိုတောင်ဂရုမစိုက်နိုင်အားတော့ပဲ အခန်းထဲသို့ပြန်ဝင်လာကာ ဖုန်းနံပါတ်တစ်ခုကို ရှာ၍တစ်နေရာသို့ ဆက်သွယ်လိုက်သည်။
""အေး...ဟိုပြသာနာလွတ်သွားပြီ
အမြန်ပြန်ရှာလာခဲ့""
"".....""
""မသိဘူး...သူ ငါတို့ကိုလိမ်နေခဲ့တာ
ဘယ်တုန်းကပြန်ကောင်းနေမှန်းလုံးဝမရိပ်မိခဲ့ဘူး...နင့်လူတွေကိုလွှတ်ပြီးရှာ..သူလုံးဝအပြင်ရောက်သွားလို့မဖြစ်ဘူး""
"".....""
""ဘယ်မှသွားတတ်တာ မဟုတ်ဘူး
စံအိမ်အနီးတဝိုက်မှာပဲ ရှိလိမ့်မယ်
နဂိုနေရာအတိုင်းပြန်ထားဖို့လိုတယ်...ဘယ်သူနဲ့မှတွေ့မသွားစေနဲ့""
""......""
~~~~~🍁🍁🍁🍁🍁~~~~~
ဖွဲ့ကတော့ ညမှောင်မှောင်မှာ ကြောက်အားလန့်အားဖြင့် အားကုန်ပြေးနေမိသည်။ ကံကောင်း၍ ခြံတံခါးသော့ခတ်မထားတော့ ဖွဲ့ အပြင်ရောက်လာခဲ့သည်။သို့သော် မြေပြင်နဲ့အလေ့အကျင့်မရှိသေးသည့် ခြေထောက်တွေက စံအိမ်နဲ့ဝေးဝေးတော့မရောက်နိုင်သေးပေ။ ဘာအကာအကွယ်မှမပါသည့် ခြေဖဝါးနုနုလေးတွေမှာလည်း ပေါက်ပြဲကာ သွေးအလိမ်းလိမ်းဖြစ်နေပေမယ့် တရွေ့ရွေ့နဲ့သာဆက်ပြေးနေမိသည်။
!လေညှင်းက သေပြီလား
ဒေါ်ဧကရီ...သူ..သူငါ့ကိုပြန်ဖမ်းမိရင် သတ်မှာ..
ဟင့်အင်း...အိမ်ကိုပြန်လို့မရဘူး ပြန်လို့မဖြစ်ဘူး!
""ခေါင်းဆောင်...ဟိုမှာ ဟိုမှာ""
အသံကြားရာဆီသို့ လှမ်းကြည့်မိတော့ အနက်ရောင်အဝတ်တွေနဲ့ လူတစ်စုကပြေးလာနေလေ၏။ ဖွဲ့လည်း ကြောက်စိတ်ဖြင့်ရှေ့သို့ အားကုန်ပြေးနေရင်း...မခိုင်သည့်ခြေထောက်တွေက ခွေခနဲပစ်လဲကျသွားသည့် အခိုက် စောစောက လူစုက ချက်ချင်းပင်အနားရောက်လာကာ ဆွဲခေါ်ကြတော့သည်။
""ဟင့်အင်း...မလိုက်ဘူး
လွှတ်..လွှတ်""
""ဟာ...ကလန်ကဆန်လုပ်ချင်တဲ့ဟာ
ကဲကွာ!""
""ဖြောင်း!""
ပါးတစ်ဖက်ကို အရှိန်ပြင်းစွာရိုက်ချခံလိုက်ရပြီးနောက် ခန္ဓာကိုယ်ကိုလည်း ကြမ်းကြမ်းတမ်းတမ်းဆောင့်ဆွဲကာ ခေါ်နေချိန်တွင် ဖွဲ့ ထိုလူရဲ့လက်အား အသားကုန်ကိုက်ချလိုက်ပြီး တချိုးတည်းလှည့်ပြေးခဲ့ပြန်၏။
""ဟာ...မင်းတို့၂ယောက်က ဒီဟာလေးတစ်ယောက်ကိုတောင် နိုင်အောင်မထိန်းနိုင်ဘူးလား..သွားစမ်း ရအောင်ဖမ်းခေါ်လာခဲ့...မိုးလင်းတော့မယ် မြန်မြန်လှုပ်ရှား""
~~~~~~~~~~
""ရရဲ့လား...အလင်း မင်းခဏနားဦးလေ
ငါ တစ်လှည့်မောင်းပေးမယ်""
""ဟေ့ကောင်...အိပ်ငိုက်နေတာလား
အခုမှ ငါတို့မြို့ထဲကတောင်မထွက်ရသေးဘူး
အခုငါမောင်းပေးမယ် Highwayရောက်မှ မင်းမောင်းရမှာ""
""သြော်! အေး...ဟုတ်သား
ငါက ရန်ကုန်ရောက်ခါနီးပြီမှတ်နေတာ""
"".....""
မင်းရဲ့ မန်နေဂျာနဲ့stylistတွေ နောက်ကားမှာကျန်ခဲ့တော့ပျင်းလိုက်တာကွာ...ပေါက်ပေါက်ဆုပ်တွေမရှိလို့ ငါအိပ်ငိုက်နေတာ""
သူ ပြုံးသာပြုံးမိ၏။ ဟုတ်ပါတယ်...မန်နေဂျာအစ်မလောက်စကားများတတ်တဲ့သူကို အလင်းတစ်သက်မှာ တစ်ခါသာတွေ့ဖူးသည်။ မန်နေဂျာနဲ့ make-up artistတွေ stylistတွေ ဆုံမိကြရင်ဖြင့် ရပ်ကွက်ကြီးတစ်ခုလုံးစာလောက်ပင် ဆူညံတတ်သေးရဲ့ ။ အခုတော့ သူတို့က အနောက်က shootingအဖွဲ့နဲ့ကျန်နေခဲ့ပြီး အလင်းကသာ သူငယ်ချင်းဖြစ်သူနှင့် အရင်ပြန်ဖြစ်ခြင်းပင်။
""ဟင်!""
""တီ! တီ!""
""ကျွီး!""
ကားမောင်းလာရင်း မှောင်ရိပ်ရိပ်တစ်နေရာမှ အရိပ်သဏ္ဌာန်တစ်ခုပြေးဖြတ်လာသည်ကို မြင်လိုက်၍ ဘရိတ်နင်းလိုက်ပေမယ့် အချိန်မီဟန်မတူပေ။ ထိုလူရိပ်က ကားရှေ့၌ လဲကျသွားလေ၏။
""ဟာ...ဟေ့ကောင်ရေ
တိုက်မိသွားပြီလား""
""ငါလည်းမသိဘူး""
""ဆင်းကြည့်မယ်...လာ..လာ""
နှစ်ယောက်သား ကားပေါ်မှအမြန်ဆင်းကာ ပြေးကြည့်တော့ ရှေ့၌လဲကျနေသူက မိန်းကလေးတစ်ဦးပင်။ အလင်းလည်း အနားသို့ပြေးသွားကာ ထိုမိန်းကလေးအား ပွေ့ယူလိုက်ပြီး မျက်နှာကိုကြည့်မိတော့ ရင်ထဲဒိန်းခနဲဆောင့်ခုန်သွားရစဥ်...သတိမမေ့သေးတဲ့ သူမက ရုတ်တရက်မျက်လုံးများ ပွင့်လာပြီး သွေးတွေစွန်းပေနေသည့်လက်တို့ကလည်း သူ့အင်္ကျီရင်ဘတ်ကို ဆုပ်ကိုင်ကာ ခပ်တိုးတိုးပြောလာသည့်စကားသံက...
""ဖွဲ့ကို ...ကယ်ပေးပါ""
""ဟင်!""
ရုတ်တရက် သုံးနှုန်းလိုက်သော နာမ်စားနဲ့ ထူးဆန်းဖွယ်စကားသံကြောင့် အလင်း ထိုကောင်မလေးကိုသေချာငုံ့ကြည့်နေမိစဥ်...
""အိမ်ကိုပြန်လို့မရဘူး...လာနေကြပြီ..သူတို့ သူတို့သတ်လိမ့်မယ် ဖွဲ့ ကို ..ကယ်...ကယ် ပေး...""
စကားသံလေး မဆုံးသေးခင် သူ့အင်္ကျီစကို ဆုပ်ကိုင်ထားသော လက်တို့သည်လည်း ပြေလျော့သွားခဲ့သည့် အခိုက်....။
(ဘာဆက်ဖြစ်တုန်း!☺ကိုကို့ဆီရောက်သွားပါပြီနော်..)
~~~~🍁🍁🍁🍁🍁~~~~
Continue to>>>Par-4
Readers/Writersလေးတွေအားလုံးက္VIPပါ
Writer-WineSatt Cho(🍋Lëmoñ🍋)