🍁ကြင်နာသူ ... ရွှေမင်းသား🍁
(or)
🍁 သူ့ 'ချစ်ခြင်း' ကြောင့် 'လင်း'ပါသည်။🍁
••••••••••• Part-[ 20 ] •••••••••••
လေညှင်းအရှေ့မှာတော့ စိတ်တင်းကာ သူပြောသမျှစကားတိုင်းကို မျက်တောင်မခတ်ချေပနိုင်ခဲ့ပြီး အခန်းအပြင်ဘက်ရောက်လာမှ စိတ်ကိုလျှော့ချလိုက်တော့ ခြေလှမ်းက ယိုင်ချင်ချင်။ ဘဝတစ်လျှောက်မှာ သူတို့ကို ဒီလေသံ ဒီအပြောနဲ့ တုံ့ပြန်ဖူးသည်က ဤတစ်ကြိမ် ပထမဆုံးပင်။ ခေါက်ရိုးကျိုးစွာ နေသားကျနေသည့် ဘဝနဲ့ အမြဲလို အနိုင်ကျင့်သမျှ ခေါင်းငုံ့ခံခဲ့ပေမယ့် ဒီတစ်ခါမှာတော့ အရင်လိုခံစားချက်နဲ့ မတူတော့ပြီ။ ဆန့်ကျင်ပစ်လိုက်ချင်သည့် စိတ်၊ တုံ့ပြန်လိုက်ချင်သည့် စိတ်က ရင်ထဲ ရဲဝံ့စွာပြည့်နှက်နေခဲ့ပြီး တကယ်လည်း အကောင်အထည်ဖော်ခဲ့သည်။ ဒီလို ရဲရင့်ခြင်းမျိုးကို အဘယ်သူ ပေးစွမ်းခဲ့သနည်း။ အဖြေရှာဖို့မလိုအောင် သေချာသည်က 'ကိုကို'ဆိုသော ထိုလူသားတစ်ယောက်ရဲ့ ချစ်ခြင်းမှ စီးဝင်ခဲ့၍သာဖြစ်လိမ့်မည်။
သို့ပေမယ့် ပထမဆုံးပြောင်းလဲခဲ့ခြင်းမို့ အခုချိန်ထိ တလှပ်လှပ်တုန်နေသေးသော နှလုံးသားက မတည်ငြိမ်နိုင်ဘဲ လက်ဖျားလေးတွေအထိ အေးစက်နေဆဲပင်။ အလှမ်းမမှန်သောခြေထောက်တွေက လေးလံနေသည်မို့ နံရံလေးကို ကျောမီကာ ခေတ္တငြိမ်သက်နေရင်း တွေးမိသည်က အခုချိန် ကိုယ့်မျက်နှာကိုသာ မှန်ထဲပြန်ကြည့်ရင် သွေးဆုတ်ဖြူရော်နေမည်လားဆိုသည့် အမေး။
""ဟင်!""
နံရံကို ကျောကပ်ကာ မျက်လုံးလေးမှိတ် ငြိမ်သက်နေရင်းမှ ဘေးတစ်ဖက်သို့ချထားသည့် လက်ဖျားလေးတွင် နွေးထွေးသွားသည့် ခံစားချက်ကြောင့် မျက်လုံးဖွင့်ကြည့်မိတော့ လက်ဖဝါးဆီမှ နွေးထွေးခြင်းအပြင် ရှေ့၌ ပြုံးလျက်ရပ်နေသူရဲ့ အကြည့်ကလည်း ခပ်နွေးနွေး။ ဘာစကားမှ မပြောပေမယ့် လက်လေးကို ဖွဖွဆုပ်ညှစ်ရင်း အားပေးသလို ပြုံးနေပုံက စောစောကလုပ်ရပ်အတွက် ချီးကျူးနေသလိုပင်။
""ကိုကို...ကားထဲမှာပဲ စောင့်မယ်ဆို""
""အင်း...ဒါပေမယ့် အပြင်မှာနေပူလို့လေ""
ပေါ့ပေါ့ပါးပါးသာ ဖြေလိုက်သည့်အကြောင်းပြချက်က ခိုင်လုံသည်မဆိုနိုင်သော်လည်း သူမကတော့ ဘာမှဆက်တွေးပုံမပေါ်ပါ။ တကယ်တော့ အိန်ဂျယ်လ် ဆေးရုံထဲဝင်သွားပြီးနောက် လေညှင်းဆိုသည့် မိန်းကလေးရောက်လာတာတွေ့လိုက်၍ သူချက်ချင်း လိုက်လာခဲ့မိပြီး တစ်နေရာကနေအခြေအနေကို စောင့်ကြည့်ပေးခဲ့၏။ အရင်လိုပဲ တခြားသူရဲ့ ပြောစကားအောက် ပျော့ညံ့စွာငိုနေခဲ့မှာကို စိုးရိမ်ပေမယ့် သူ့ကလေးလေးက ထင်မှတ်မထားလောက်အောင် ရဲဝံ့နိုင်ခဲ့လေရဲ့ ။
""စစ်ရန်ကို တွေ့ပြီးပြီမလား...ပြန်ရအောင်လေ""
ခေါင်းလေးသာငြိမ့်ပြလိုက်ပြီး လက်တွဲခေါ်ရာနောက် လိုက်လာခဲ့မိ၏။
ထိုနေရာရဲ့ မလှမ်းမကမ်း၌ နှစ်ဦးသား အတူလျှောက်သွားသည့် မြင်ကွင်းကို မကျေချမ်းစွာ စိုက်ကြည့်နေသော မျက်ဝန်းတစ်စုံလည်းရှိနေလေသည်။
အဟင်း! သူက နင်ယုံကြည်ထားတဲ့ ကမ္ဘာကြီးပေါ့။စောင့်နေလိုက် 'မုန်းမဖွဲ့သာ'။ နင့်ကို ကာကွယ်ထားတဲ့ အဲ့ဒီ့တံတိုင်းကို ငါ ဖြိုချပစ်မယ်...။ ငါ့ အထင်တော့ လွယ်မယ့်ပုံပါပဲ...။
~~~~ 🍁🍁🍁🍁 ~~~~
""သူ ပြောင်းလဲသွားတယ် မေမေ
အရင်ကလို သမီးတို့ပြောတိုင်းကြောက်နေတတ်တဲ့ ယုန်သူငယ်လေးမဟုတ်တော့ဘူး...""
မကျေမနပ်ဟန်အပြည့်ဖြင့် စူဆောင့်ပြောကာအနားသို့ လာထိုင်သည့် လေညှင်းကြောင့် ဒေါ်ဧကရီက မဲ့ပြုံးတစ်ချက်ကို မသက်မသာပြုံး၏။ တကယ်ဆို မုန်းမဖွဲ့ ပြောင်းလဲနေသည်ကို သူမလည်း မရိပ်မိဘဲရှိပါ့မလား။ အခုနေမှာအရေးအကြီးဆုံးက ထိုမိန်းကလေးကို ထိန်းချုပ်ကိုင်တွယ်နိုင်ဖို့ပါ။ အဲ့လိုဖြစ်ဖို့ကလည်း သူ့မှာ မှီခိုအားထားစရာ ရှိမနေမှဖြစ်မှာ...။ စစ်ရန်မခတောင် အခု ကြာရှည်မေ့မြောနေသည့်အနေအထားမို့ ပူစရာတစ်ခုလျော့နည်းတာပင်။ သူ သတိရလာခဲ့ရင်လည်း ရှင်းသင့်ရင် ရှင်းရဦးမည်သာ။
""မေမေ...သမီးပြောတာကြားလား
အခု သူ့ကိုဘယ်လိုလုပ်ကြမလဲ..အားကိုးရှိလို့မာန်တက်ပြနေတဲ့ အဲ့ဒီ့မျက်နှာကို တစ်စက်မှကြည့်မရဘူး""
""ငါကရော ပျော်နေတယ်ထင်လား""
""သမီးတော့ စိတ်ပျက်တာပဲ တကယ်""
""အလင်းနှစ်ကို သတိထား!
သူ့မျက်လုံးတွေက ငါတို့ကိုအမြဲတမ်း အကဲခတ်နေသလိုပဲ...တစ်ခုခုသိနေတယ်ဆို ခက်ပြီ...ဟိုကလေးမကိုပြန်သိမ်းချင်ရင် အဲ့ဒီ့အတားအဆီးကနေစရမှာ""
""အဲ့ဒါကို သမီးလုပ်နိုင်မယ်လို့ထင်တယ်""
ထူးဆန်းစွာပြောလာသော သမီးဖြစ်သူရဲ့စကားကြောင့် ဒေါ်ဧကရီက မျက်ခုံးတစ်ချက်ပင့်ကာ ကြည့်လိုက်ရင်း...
""သေချာလို့လား""
""အလင်းနှစ်ရှိနေတာက မုန်းမဖွဲ့ရဲ့ အားသာချက်ဖြစ်သလို အားနည်းချက်ဆိုလည်းဟုတ်တယ်...သူက အဲ့ဒီ့လူကိုယုံကြည်စိတ်ကြောင့် မိုက်ရဲနေတာ...တစ်ခုခုသာမှားယွင်းသွားကြည့်! ရူးမတတ်ကိုဖြစ်မှာ သေချာတယ်""
""ကောင်းပြီလေ
သူတို့နှစ်ယောက်ကို ခွဲထုတ်နိုင်ဖို့ နည်းလမ်းကို ကောင်းကောင်းစဥ်းစားကြည့်လိုက်""
""အဟက်! ထူးထွေတဲ့ နည်းလမ်းတွေမလိုပါဘူး မေမေရယ်...ဒီရုပ်အဆင်းနဲ့ ဒီအလှအပက ဘယ်မှာသုံးဖို့လဲ...ဟိုကလေးမလောက်တော့ လေညှင်းသွဲ့သာလည်း ရုပ်ရည်ရှိပါတယ်""
""နင်ကတော့ မစရသေးခင်ကတည်းက စိတ်ကြီးဝင်နေတာပဲ...အလင်းနှစ်က ထင်သလောက်လွယ်ပါ့မလား""
""လွယ်မှာပါ...သူလည်း ယောကျ်ားထဲကယောကျ်ားပဲလေ...ဘာနှလုံးသားမို့လို့လဲ?""
ဒီလိုနဲ့ စကားသံတို့တိတ်ဆိတ်သွားရပြန်၏။ ညအချိန်ရောက်နေပြီမို့ ပြတင်းတံခါးမှလှမ်းမြင်နေရသည့် အပြင်ဘက်မြင်ကွင်းတို့ကလည်း ခပ်မှုန်မှုန်သာဖြစ်နေပေမယ့် ထိုနေရာသို့ လှမ်းကြည့်နေသူ မိန်းကလေးတစ်ဦး၏ မျက်ဝန်းတို့မှာတော့ မရိုးဖြောင့်ခြင်း အဓိပ္ပာယ်တွေဖြင့် တလက်လက်တောက်ပနေလေသည်။
~~~~ 🍁🍁🍁🍁 ~~~~
ဘေးတစ်ဖက်၌ ဆန်းပြားသည့် ပန်းနွယ်၊ပန်းခက်များဖြင့် ပုံဖော် တန်ဆာဆင်ထားသော ကျွန်းလှေကားမှ တစ်ဆင့်ချင်းဆင်းလာရင်း အိမ်ထဲဝန်းကျင်ကိုလည်း အကဲခတ်ကြည့်မိ၏။ ဒီအိမ်ကလူတွေ...ထူးလည်း ထူးဆန်းသည်။ အစေခံအလုပ်သမားတွေက အချင်းချင်းစကားလည်းမပြော၊အပြုံးအရယ်မရှိဘဲ စက်ရုပ်လိုမျက်နှာသေတွေဖြင့်သာ သွားလာလုပ်ကိုင်တတ်ကြပြီး ခြံထဲမှာလည်း စောင့်ကြည်သူတွေရှိသေး၏။ စံအိမ်ထဲ လူစိမ်း အဝင်မခံဘဲ အပြင်လောကနဲ့စည်းခြားထားသလို... နေထိုင်မှုတွေက မသက်သာ။ ဧကန္တ လူမသိအောင် လျှို့ဝှက်ထားချင်တဲ့ အရာက ဒီအိမ်ထဲမှာပဲ ရှိနေတာလား??
""📲📲📲""
တစ်ယောက်ထဲအတွေးနဲ့ အဖြေရှာနေစဥ် ဖုန်းဝင်သံကြောင့် တွေးလက်စကို ရပ်လိုက်ပြီး...
""Hello!""
""......""
""ကျွန်တော်ပြန်မလာနိုင်သေးဘူး အစ်မ
နောက်လ scheduleမှာပဲထည့်လိုက်""
""....""
""မကြာပါဘူး
အစ်မပဲစီစဥ်ထားလိုက်လေ""
""အ!""
""ခွမ်း!!""
ဖုန်းပြောပြီးမှ တစ်ဖက်သို့လှည့်လိုက်စဥ် လှေကားတစ်လျှောက် ဝရုန်းသုန်းကားဟန်ဖြင့် ပြေးဆင်းလာသည့်မိန်းကလေးက အလင်းရဲ့ ပခုံးကိုပစ်တိုက်လိုက်တော့ သူ့လက်ထဲကိုင်လာသည့် ရေဖန်ချိုင့်က လွတ်ကျသွားပြီး လူတစ်ကိုယ်လုံးကလည်း တစ်ပတ်လည်ကာ ယိမ်းထိုးသွားလေ၏။ လဲကျတော့မည့်အနေအထားကို မျက်လုံးထောင့်ကနေ ရိပ်ခနဲတွေ့လိုက်ရသည်မို့ သူလည်း မနေသာစွာ ထိုမိန်းကလေးကို ဖမ်းထိန်းပေးလိုက်စဥ်...နှစ်ဦးသားက လှေကားအလယ်မှာ ဖက်လျက်သားဖြစ်သွားရသည်။ အလင်းက သင့်တော်ရုံကူညီလိုက်ခြင်းဖြစ်ပေမယ့် သူမကတော့ အတင်းကိုဖက်ထားကာ ဝတ်ထားသည်မှာလည်း မလုံ့တလုံညဝတ်အင်္ကျီ။
ထို့ကြောင့် အလင်းလည်း လက်ကိုလျင်မြန်စွာ ရုတ်သိမ်းပြီး အကြည့်တို့ကိုလည်း ထိုမိန်းမထံမှလွှဲထားလိုက်ရသည်။ ဒါကိုပင် ထိုမိန်းကလေးက ကျေနပ်သလိုပြုံးကာ...
""ကိုကို တော်သားပဲ
လေညှင်းက နှစ်ယောက်လုံးပြုတ်ကျပြီထင်တာ""
"".....""
""ကိုကို!""
ခပ်နွဲ့နွဲ့လေသံဖြင့် ချိုမြစွာပြောလာသူကို ကျောခိုင်းလိုက်ပြီး လှေကားမှ ဆက်ဆင်းရန်ပြင်လိုက်စဥ် လက်ကိုဖမ်းဆွဲထားခြင်းခံရလေ၏။ အကြည့်တွေ ရဲတင်းကာ...အပြောအဆိုလည်းရဲပြီး အခု အမူအယာပါ ရဲတင်းလာသည့် ထိုမိန်းကလေးကို သူခပ်စူးစူးသာ လှည့်ကြည့်လိုက်ပြီး ဆွဲထားသည့် လက်ကိုပြန်စိုက်ကြည့်၍...
""လက်လွှတ်""
""သြော်! Sorry
လေညှင်းက ကိုကို ဖန်ကွဲစတွေ နင်းမိမှာစိုးလို့""
""ကျေးဇူးပဲ
နောက်တစ်ခါ အဲ့ဒီ့နာမ်စားမသုံးနဲ့""
""ဟင်! ဒါ ရှင့် fan girlတိုင်းခေါ်တာပဲမဟုတ်ဘူးလား""
မထိတထိမျက်နှာထားဖြင့် ပခုံးနှစ်ဖက်ကိုတွန့်ကာ ပြောလာသော လေညှင်းအား အလင်းက စိတ်ပျက်သလို တစ်ချက်ကြည့်ကာ..
""မင်းကတော့ မရဘူး""
မာကျောသည်မဆိုသာသော်ငြား နူးညံ့ခြင်းလည်းမမည်စွာ ခပ်ပြတ်ပြတ် ပြောလိုက်သည့်စကားက နည်းနည်းလေးပါပဲ။ ပြီးတော့ သူ လေညှင်းကို ကျောခိုင်းသွားပေမယ့် အဲ့ဒီ့ကျောပြင်ကိုပဲ တွေတွေလေး ငေးမိသွားသည့် တဒင်္ဂမှာ ရင်ထဲတစ်စုံတစ်ရာသော ခံစားချက်ရောက်ရှိလာသည်က ဆန်းဆန်းကြယ်ကြယ်။ ကိုယ့်ဘက်က လှုပ်ရှားဖို့ကြံရုံရှိသေး...တိုက်ဆိုင်စွာပင် သူ့ရင်ခွင်ထဲ တွန်းပို့လိုက်သည့် ကံတရားက လေညှင်းဘက်လိုက်ပေးခဲ့သလိုပါလား...။
နီးကပ်စွာ မြင်လိုက်ရသည့်အနေအထားမှာ အသေအချာ တွေ့လိုက်ရသော ချောမောလွန်းသည့် သူ့ရုပ်သွင်က တကယ့်ကို ထိရက်ဖွယ်မရှိ။ စူးရှညို့ငင်သည့်မျက်ဝန်းအကြည့်၊ ချိုကြည်ပြီး သြရှရှလေးဖြင့် နားထဲစွဲစေသော အသံ၊ ကြည့်ကောင်းလွန်းသည့် Body structureနဲ့ မြင့်မားသည့် အရပ်အမောင်း...။အိုးး! တကယ့်ကို perfectဖြစ်လွန်းလှချည်လား။ ဒါက မိန်းကလေးတွေရဲ့ အိပ်မက်ထဲက ရွှေမင်းသားလေး 'အလင်းနှစ်'ပေါ့။
!တကယ်ကို မက်လောက်တဲ့ အိပ်မက်ပါပဲ !
အရင်ကတော့ အနုပညာလောက,က မင်းသားတစ်ယောက်ပါပဲ ဆိုသည့် သာမန်အကြည့်မျှသာရှိသလို စိတ်အာရုံကလည်း ကိုကိုစစ်တစ်ယောက်သာ စိုးမိုးနေသည်မို့ သိပ်ပြီးထူးထွေသည့် ခံစားမှုမရှိခဲ့။ အခုတော့ ကိုကိုစစ်ကိုလည်း စွန့်လွှတ်လိုက်ပြီမို့ ငြိမ်သက်နေစ နှလုံးခုန်သံက စောစောက ဖျတ်ခနဲပွေ့ဖက်လိုက်သည့် အထိအတွေ့မှာ မျောပါသွားသလိုလို...။ မထူးပါဘူးလေ...ကိုယ်ကဝင်နှောက်ဖို့ရည်ရွယ်ထားပြီပဲဟာ...ခံစားချက်အစစ်အမှန်လေးပါတော့ ပိုပြီး ရင်ခုန်ဖို့မကောင်းဘူးလား??
""ဟား..ဟား!""
လှေကားအလယ်မှာ တစ်ယောက်ထဲရပ်ပြီး အော်ရယ်မိသည်က ခပ်ရူးရူးအသွင်နှင့်...။ 'မုန်းမဖွဲ့'ပိုင်သည့် ဘယ်အရာကိုမဆို လုလိုက်ရမှကျေနပ်တတ်သူပီပီ ဤတစ်ကြိမ် ပိုင်ဆိုင်တပ်မက်လိုစိတ်ကတော့ အရင်တစ်ချိန်ကအရာတွေထက် ပိုလို့ပင်သာလွန်ဦးမည်ကို ဘယ်သူသိနိုင်မည်နည်း။
လေညှင်းကိုယ်တိုင်ကတော့ သိနေပါသည်။
ရှင်က လေညှင်းရဲ့အပိုင်ဖြစ်ခဲ့ရင် သိပ်ကောင်းမှာပဲ ကိုကို...။
~~~~ 🍁🍁🍁🍁 ~~~~
""အိန်ဂျယ်လ်...မနက်ဖြန်ကျရင် ကိုကိုတို့အပြင်မှာလျှောက်လည်ရအောင်""
""မလည်ချင်ပါဘူး...အိန်ဂျယ်လ်တို့ ဘယ်တော့ရန်ကုန်ပြန်မှာလဲဟင်""
"" ဒီကကိစ္စတွေရှင်းပြီးရင်ပြန်မယ်လေ""
""ကိုကို့အလုပ်ကိစ္စတွေကို အကြာကြီးပစ်ထားသလို ဖြစ်နေပြီထင်တယ်""
""မနက်ကတောင် အစ်မက ဖုန်းဆက်နေသေးတယ်...မပူပါနဲ့ ကလေးရယ်...အရင်က ကိုကို့မှာအလုပ်ကိစ္စတွေကြောင့် နားရက်တောင်မရှိခဲ့ဘူး..အခုခဏလေး ခရီးထွက်လာရုံနဲ့ ဘာမှမဖြစ်ပါဘူး""
ပြေလည်စွာရှင်းပြပေမယ့် မှုန်ကုပ်ကုပ်မျက်နှာလေးက တစ်စက်မှလျော့မသွားပေ။ သူမကို ကြည့်ရတာ ဒီစံအိမ်ထဲ ခဏလေးတောင်နေချင်ပုံမပေါ်ဘဲ အပြင်ရောက်ရင် ရယ်ရယ်ပြုံးပြုံးရှိသလောက် အိမ်မှာဆို အခန်းထဲကတောင် သိပ်မထွက်သလို လူတွေရဲ့ အကြည့်ကိုလည်းရှောင်သည်။ သူကလည်း အမှုမဲ့ အမှတ်မဲ့ပုံစံသာ ဖမ်းပေမယ့် တကယ်တမ်းတော့ ဒေါ်ဧကရီရဲ့ဇာတ်ကြောင်းကို လှန်ဖို့ သက်သေကိုရှာဖွေနေခြင်းပါ။ အကြောင်းတစ်မျိုးပြကာ အပြင်ကိုထွက်လမ်းရှာသည်မှာလည်း လှုပ်ရှားရမည့် targetတစ်ခုအတွက်။ ခက်တာက ပိပိရိရိဖုံးကွယ်ထားသည့် အရာတွေက နှစ်လည်းကြာပြီဖြစ်သည့်အတွက် မလွယ်တာတော့အမှန်ပင်။ လုံးဝကို ငြင်းဆိုမရသော သက်သေထွက်လာမှကိုဖြစ်မှာ..။ ရှိနေမယ်လို့ မသေချာပေမယ့် ထူးဆန်းစွာပျောက်သွားသည့် အိန်ဂျယ်လ့်အမေကိုသာ ရှာတွေ့ခဲ့ရင်တော့ အခြေအနေက တစ်နည်းတစ်ဖုံ ပြောင်းလဲသွားနိုင်သည်။
!ကျေးဇူးပြုပြီး..အသက်ရှင်နေပါ
အသက်သာ ရှင်နေရင် ဘယ်လိုနည်းလမ်းနဲ့ပဲဖြစ်ဖြစ်၊ ဘယ်နေရာကပဲဖြစ်ဖြစ် ရအောင်ရှာမှာမို့...ကျေးဇူးပြုပြီး ရှိနေပေးပါ!
""ကိုကို!""
""....""
""ကိုကို""
""ဟင်..ပြောလေ ကလေး""
""ခေါ်တာတောင်မကြားဘူး
ဘာတွေတွေးနေလဲ""
""မဟုတ်ပါဘူးကွာ
လာ!...မနက်က ဟိုတယ်လုပ်ငန်းထဲသွားလေ့လာတာ အဆင်ပြေရဲ့လား""
စကားလေးပြောရင်းကပင် သူက ပခုံးပေါ်ခေါင်းလေးမီခိုင်းလိုက်တော့ အလိုက်သင့်လေးမီထားလေ၏။
""ပြေပါတယ်...လေ့လာတယ်ဆိုတာထက် အိန်ဂျယ်လ် မရောက်တာကြာလို့သွားကြည့်တာ...ဒါနဲ့ ကိုကိုက အတူမလိုက်ဘဲ မနက်ကဘယ်သွားတာလဲ?""
""ဘယ်မှမသွားပါဘူး""
""ကိုကို...အရင်ကကိစ္စတွေကို စုံစမ်းနေတာလား?""
ကွက်တိမှန်ကန်သွားသော အမေးကို သူ မငြင်းနိုင်ပေ။ သို့သော် သိနေသမျှပြောပြရင်လည်း စီကာပတ်ကုံးရှည်လျားနေမှာမို့ သက်ပြင်းကိုသာချလိုက်မိသည်။ ရှုပ်ထွေးတဲ့ ကိစ္စတွေထဲ မင်းဝင်မပါသင့်သေးဘူး အိန်ဂျယ်လ်...။အချိန်တန်ရင် ကိုယ်ပြောပြပါမယ်..။
""ဟုတ်လားလို့""
""နည်းနည်းပါ..သိချင်လို့ပဲလာခဲ့တာလေ""
""ကိုကို!""
""ကိုယ်သိတယ်..အန္တရာယ်မများစေရဘူး စိတ်ချ""
ဒီလိုနဲ့ နှစ်ယောက်သားပြောစကားတို့ရပ်တန့်သွားရ၏။ သူမ မျက်နှာလေးကတော့ ဒီကိစ္စတွေကို အစဖော်ခြင်းအတွက် စိတ်မချသလို၊ စိတ်ပူသလိုအရိပ်အယောင်လေးဖြင့် ကြည့်နေလေ၏။ သူကတော့ 'အဆင်ပြေတယ်'ဟူသည့်သဘောဖြင့်သာပြုံးပြလိုက်ပြီး...
""ညနက်နေပြီ
လာ..အိပ်တော့ ကလေးလေး""
ပြောလိုက်တော့လည်း လိမ္မာသည့်ကလေးက အပိုစကားထပ်မဆိုဘဲ လှဲအိပ်လိုက်လေ၏။ သူလည်း အနားမှာ အတူတူဝင်လှဲလိုက်ပြီး ခန္ဓာကိုယ်နွေးနွေးလေးကို ထွေးဖက်၍ အိပ်စက်ခြင်းဆီသို့ အတူတူ ခရီးထွက်ခဲ့ကြရင်း...။
~~~~🍁~~~~
ဘာကြောင့်ရယ်မသိ...ဤတစ်ညအတွက် အိပ်စက်ခြင်းက စနိုးစနောင့်ဖြင့် စိတ်ထဲတစ်မျိုးဖြစ်နေသည်မို့ ဖွဲ့ ကောင်းကောင်းအိပ်မပျော်နိုင်ပေ။ ကိုကိုကတော့ လူကိုလာဖက်ထားရင်း ငြိမ်သက်လျက်အိပ်ပျော်နေလေပြီ။ အချိန်အားဖြင့်လည်း သန်းခေါင်ကျော်နေပြီမို့ ပတ်ဝန်းကျင်က တိတ်ဆိတ်လို့နေ၏။ ဖွင့်လျက်သားရှိနေသည့် ဝရန်တာအထွက်တံခါးပေါက်မှ ခန်းဆီးလိုက်ကာ ဖြူဖြူက လေထဲ တလှပ်လှပ်ဝဲလွင့်နေတာတွေ့ပေမယ့် လေကတစ်ချက်တစ်ချက်သာ တိုးသည်မို့ သွားမပိတ်ဖြစ်တော့ပေ။
တစ်နာရီလောက်ကြာသည်အထိ ဒီအတိုင်းလေးသာ မျက်လုံးကြောင်နေရင်း အတွေးတွေများနေ၍ ခဏလောက်နေမှ မျက်လုံးစင်းကာ အိပ်ချင်သွားရပြီး အိပ်ပျော်လုဆဲဆဲဖြစ်သွားရစဥ်...
""အားး!""
တိတ်ဆိတ်နေသည့် ညဥ့်ယံလယ်၌ ရုတ်တရက်စူးစူးဝါးဝါးအော်လိုက်သံကြောင့် ဖွဲ့ ကိုယ်လေးဆတ်ခနဲတုန်သွားကာ မျက်လုံးတွေလည်း အလန့်တကြားဖွင့်ကြည့်လိုက်မိသည်။ ကိုကို့ကိုကြည့်တော့ နိုးသွားဟန်မတူပေ။
ဒါ...ဒါစံ အိမ် ထဲက အသံလား?
အော်လိုက်သည့် အသံနက်နက်က ကြက်သီးစဖွယ်မို့ ထမကြည့်ရဲပေမယ့် ဟုတ်မဟုတ်အတည်ပြုလိုစိတ်ကလည်းရှိပြန်သည်။ထို့ကြောင့် ဖက်ထားသည့် ကိုကို့လက်ကို ခဏလေးဖယ်ခွာလိုက်ရင်း ရင်တုန်ပမ်းတုန်ဖြင့် အိပ်ယာထက်မှထကာ ဝရန်တာဘက်ဆီလျှောက်လာခဲ့သည်။ အခုမှပဲ လေတွေက ပို၍တိုးဝှေ့လာကာ လိုက်ကာစတို့ကလည်း လေထဲ တလွင့်လွင့် ယိမ်းထိုးနေ၏။ စံအိမ်အခန်းဆောင်တွေကိုတော့ မီးတွေထွန်းထားပေမယ့် ခြံထဲဘက်မှာတော့ မီးရောင် ခပ်မှိန်မှိန်သာရှိသည့်အတွက် ခြံကျယ်ကြီးရဲ့နေရာတိုင်းကို ကောင်းစွာမမြင်နိုင်ပေ။
ထို့ကြောင့် အသေအချာအာရုံစိုက်လျက် ကြည့်နေစဥ် မြင်ကွင်းထဲသို့ ဝင်လာသည်က ခပ်ရေးရေးပုံရိပ်တစ်ချို့။ ပိုပြီး အမှောင်ကျသည့်ဘက်မှာမို့ အမဲရောင် ရိပ်ရိပ်တွေသာတွေ့နေရပြီး ထိုအရာတွေရဲ့လှုပ်ရှားမှုတွေသည်လည်း ရှုပ်ရှုပ်ထွေးထွေး။သို့သော် လျင်မြန်စွာ လှုပ်ရှားနေတာကိုတော့ မြင်ရသည်။ ရှေ့က မဲမဲသဏ္ဌာန်အရိပ်နောက်သို့ အနောက်က အရိပ်တစ်ချို့လိုက်နေသလိုပင်။
ကြည့်နေရင်းမှ ရင်တွေတလှပ်လှပ်တုန်ကာ အခုကျတော့ ကြောက်စိတ်က ဘယ်ဆီနေသည်မသိ...ချက်ချင်းပင် အပြေးတစ်ပိုင်းခြေလှမ်းတို့နဲ့ အခန်းပြင်သို့ လှမ်းထွက်ခဲ့မိ၏။ ညနက်လွန်းသည့်အချိန်မို့ အစေခံတွေလည်း အနောက်ဘက်တန်းလျားဆီ ပြန်သွားပြီဖြစ်ကာ စံအိမ်မကြီးထဲ ဘယ်သူမှရှိမနေတော့ပေ။ လှေကားအရှည်ကြီးကို ပြေးဆင်းခဲ့ပေမယ့် ခြေသံမကြားရအောင် ဖွဖွနင်းဖို့ကိုတော့မမေ့ခဲ့။ အိမ်တံခါးကိုလည်း ခပ်ဖြေးဖြေးစိတ်ထိန်းကာ ဖွင့်လိုက်ပြီး စောစောက လူရိပ်တွေ တွေ့ခဲ့သော နေရာဆီသို့ ပြေးသွားကြည့်တော့ မြင်ခဲ့ရသော ပုံရိပ်တို့က အိပ်မက်မက်လိုက်သလိုပင် ဘာဆိုဘာမှမရှိတော့ဘဲ အားလုံးက တိတ်ဆိတ်ငြိမ်သက်နေခဲ့၏။
ထိုစဥှ...
""အဟင့်..ဟင့်...ဟင့်!""
ကြားသည်..။မလှမ်းမကမ်းတစ်နေရာမှ ငိုသံလို အရာကိုလည်း ကြားမိပါသည်။ သဲ့သဲ့မျှသာကြားရသော်လည်း ထိုအသံလာရာသို့ ခြေလှမ်းကိုလိုက်ရွှေ့ရန် ပြင်လိုက်စဥ်...
""ဟင်!""
စောစောကတွေ့ရသည့် အမဲရောင်အရိပ်များက မြင်နိုင်သည့် တနေရာမှဖြတ်ပြေးသွားသည်ကို တွေ့ရပြန်သည်။ အမှောင်ရိပ်ထဲ၌ တစ်ယောက်တည်း တောင့်တောင့်လေးရပ်ကာ မျက်လုံးပြူးကြည့်ရင်း တစ်ကိုယ်လုံး ချွေးစေးတွေထွက်လာသလို စိတ်ထဲလည်း ကြောက်လန့်လာမိသည်။ အမြင်တွေ၊အကြားတွေမှားနေသည်လား..ထိုအရာတွေက တကယ်ရှိနေသည်လား မဝေခွဲနိုင်ခင်မှာပင် စံအိမ်တစ်ခုလုံးက မီးရောင်များ လုံးဝမှိတ်ကျသွားတော့၏။ထို့အတူ...
""အ!""
ဘာကိုမှ မမြင်ရတော့အောင် မှောက်မိုက်သွားသည့် အခိုက်...စမ်းတဝါးဝါးဖြင့် ခြေလှမ်းကိုရွှေ့ရန်ကြိုးစားနေချိန်တွင် အနားသို့ တစ်စုံတစ်ယောက်ရောက်လာကာ ရုတ်တရက် လက်ကို ဖမ်းဆွဲခံလိုက်ရပေမယ့် ဘယ်သူလာခဲ့မှန်းတော့ တွေ့ခွင့်မရနိုင်ပေ။
ဘေးပတ်ဝန်းကျင်အားလုံး၌ အမှောင်ထုသာရှိတော့သည် မဟုတ်လား...။
~~~~ 🍁🍁🍁🍁 ~~~~
Continue to >>>Part-21
Readers/Writersလေးတွေအားလုံးက VIPပါ
Writer- WineSatt Cho(🍋Lëmoñ🍋)